Tuesday, November 26, 2013

သက်ဝင်လာသည့် ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ် Covered California



ကာလီဖိုးနီးယားပြည်နယ် သည်အမေရိကား တနိုင်ငံလုံး ၏ မျက်စေ့ဒေါက်ထောက် ကြည့်နေခြင်းခံရသော နံပါတ်တစ်ပြည်နယ်တစ်ခုဆိုလျင်မှားမည်မထင်ပါ။ အမေရိကပြည်ထောင်စုတွင်းရှိ ကာလီဖိုးနီးယားပြည်နယ် အပါအ၀င်၊ ပြည်နယ် (၁၄) နယ်သာ မိမိပြည်နယ်အလိုက် ကျန်းမာရေးအာမခံဈေးကွက်ကို ဆောင်ရွက်မည် ဖြစ်သော် လည်း၊ ကျန်ပြည်နယ်(၃၆)ခုက ဗဟိုအစိုးရအစီအစဉ်ဖြင့်သာ ဆောင်ရွက်မည်ဟူသောအချက်က မီးမောင်းထိုးပြစရာဖြစ်နေပေသည်။ (၂၀၁၀) ခုနှစ်တွင်သက်ဝင်လာသော အမေရိကဗဟိုအစိုးရ ၏ Obamacare ခေါ် Patient Protection & Affordable Care Act (ACA) ၏ website ကြီးဖြစ်သည့် www.healthcare.gov ၏ ပွဲမ၀င်ခင်ကတည်းက နည်းပညာပိုင်းဆိုင်ရာ ပြဿနာပေါင်းစုံတက်နေသော အခြေအနေ၊ စာရင်းပေးသွင်းရန်စောင့်ဆိုင်းကြသူတွေ အခက်အခဲ တွေ့ကြသော ပြဿနာတွေတပွေ့တပိုက် ကြီး အတွက်တာဝန်ရှိသူများ ခေါင်းခဲရချိန်တွင်၊ ကာလီဖိုးနီးယားပြည်နယ်က၊ သာမာန်အသေးစားပြဿနာ အချို့မှလွဲ၍ ဗွေဆော်ဦး စင်ပေါ်တက်လာနိုင်သည်ကိုတွေ့ကြရသည်။ ယနေ့အထိအနေအထားအရ စာရင်းပေးသွင်းသူများ အခက်အခဲအနည်းငယ်မျှနှင့် အလုပ်စနိုင်သည်ကိုတွေ့ရသည်။ သီးသန့်လေ့လာ စောင့်ကြည့်ကြသော ပညာရှင်ပိုင်းဆိုင်ရာအဖွဲ့အစည်းများ၏အဆိုအရ၊ နည်းပညာပိုင်းကြောင့် Covered California က ကျရှုံးမှုဖြစ်နိုင်ဘွယ်မရှိဟု ပဏာမသုံးသပ်ကြသည်။ နေ့စဉ်နှင့်အမျှ တိုးတက်မှုအဟုန်နှင့် ပြည့်စုံသော ကွန်ပြူတာကွန်ယက်နည်းပညာ (networking) လောကတွင် ချွတ်ယွင်းမှုမရှိသော လုပ်ခွင်ဟူ၍ မရှိသေးဟူသောအချက်ကို ဝေဖန်ကြသူများက သတိပြုမိကြဘို့လိုပါသည်။ ကိုယ့်လုပ်ငန်းခွင်၊ ကိုယ့်စီးပွားရေး၊ ကိုယ်ကျောင်း၊ ရုံးများတွင် networking ကြောင့် အခက်အခဲမရှိသော နေရာဟူ၍ မတွေ့ဘူးသေးပေ။ ယုတ်စွအဆုံး ကိုယ့်အိမ်တွင် ကိုယ့်ဖာသာ ဆင်ထားသော ကွန်ပြူတာကဖေါက်ပြန်၍ ဒေါကန်ရသော အဖြစ်တွေမနည်းတော့ပြီ။
လက်ရှိကျန်းမာရေးအာမခံမဲ့သောလူဦးရေ အနေအထား
(၂၀၁၀) လူဦးရေစစ်တမ်းအရ အသက်(၁၈)မှ (၆၄)အတွင်းအာမခံမဲ့သူ ကာလီဖိုးနီးယားပြည်နယ်သူ (၂၄.၉%)ရှိသည်ဟုဆိုထားသည်။ Kaiser Healthcare ၏စစ်တမ်းအရ စုစုပေါင်းလူဦးရေအားလုံး၏(၇၇%)က ကျန်းမာရေးအာမခံရှိရန်လိုကြောင်းဝန်ခံကြသည်။ ယင်းအထဲတွင် CCထဲသို့ဝင်ရောက်လာမည့် စာရင်းဝင်ဦးရေ အများစုမှာ မူလရောဂါအခံရှိသူများ ဒုနှင့်ဒေးရှိမည်ဟု တွက်ချက်မိကြသည်။ ယင်းတို့အတွက် ကုန်ကျမည့် စရိတ်စကအားလုံးကို၊ ဒီဇင်ဘာ(၂၀၁၄)နှောင်းပိုင်းတွင်ဝင်ရောက်လာမည့်ပရီမီယံကြေးများက ဖာထေးနိုင်ပါ မည်လားဟု၊ စိုးရိမ်မိကြသည်မှာအမှန်ဖြစ်သည်။ သို့အတွက် CC အတွင်းသို့ အသက်(၂၆)နှစ်အောက် ကျန်းမာသောလူငယ်လူရွယ်များ၊ များနိုင်သလောက်များအောင်ကြုံးသွင်းနိုင်ရန်၊ ဆိုင်ရာတို့ကတာစူနေ ကြပေပြီ။ လက်ရှိအခြေအနေတွင် ကာလီဖိုးနီးယားပြည်နယ်ရှိအသက်(၂၆)နှစ်အောက် လူငယ်(၄၃၀၀၀၀) သည်မိမိတို့၏ မိဘ၏အောက်တွင်တနည်းမဟုတ်တနည်း အာမခံရှိထားကြကြောင်းသိရသည်။
ထို့ပြင်(၂၀၁၄)ဇန္န၀ါရီ(၁)ရက်တွင် ၀င်ငွေမဲ့(သို့)နည်းပါးလွန်းသူ (၉ သန်း)ခန့်ကာလီဖိုးနီးယားတွင် Medi-Cal ခေါ် အခမဲ့ကျန်းမာရေးအာမခံစနစ်အောက်ရောက်ရှိခံစားခွင့်ရကြမည့်ဖြစ်ပါသည်။
CoveredCA ၏နောက်ဆုံးရရှိသော ကိန်းဂဏန်းများ
အောက်တိုဘာ (၂၂) ရက်နေ့ ထုတ်ပြန်ချက်အရ၊ အောက်တိုဘာ ပထမ(၃)ပါတ်အတွင်း www.coveredca.com ကိုတက်ရောက်လေ့လာသူဦးရေ (၂၂၃၂၀၉၁)ဦး၊ 800 နံပါတ်သို့ဖုံးခေါ်မေးမြန်းသူ (၁၅၆၇၇၉) ဦး၊ စာရင်းအပြည့်ပေးသွင်းပြီးစီးသူ (၁၂၅၉၂၉) ဦး ရှိကြောင်းသိရသည်။ စာရင်းပေးသွင်းကြသူတို့ ပျမ်းမျှစောင့်ဆိုင်းရချိန် (၄) မိနစ် နှင့် ပျမ်းမျှစာရင်းအပြီးပေးသွင်းရန်ကြာချိန် (၁၅) မိနစ်ခန့်ရှိကြောင်း သိရသည်။ ယင်းလုပ်ငန်းအားလုံးကို စာရင်းလက်ခံပေးသော ၀န်ထမ်းများ (enrollment entities)၊ ရှင်းလင်း ဖြေကြားပေးသော (counselors)၊ ပြင်ပ agency များ နှင့် ခရိုင်များအလိုက် ပြည်နယ်ဝန်ထမ်း (eligibility workers) စုစုပေါင်း (၁၃၀၀) ကျော်ကပါဝင်ဆောင်ရွက်ပေးခဲ့သည်။ နောက်ထပ်အင်အားသစ်အနေဖြင့် ဦးရေပေါင်း (၂၆၀၀)ကျော်ကိုလည်းမကြာမှီ၊ CC ထဲသို့သွတ်သွင်းမည်ဟု၊ ဆိုင်ရာတို့ကစီစဉ်ထားသည်။ သတိပြုရမည့်အချက်ကား၊ စာရင်းသွင်း(enroll) လုပ်ပြီးတိုင်းစာရင်သွင်းသူတို့က အာမခံပေါ်လစီများကို ၀ယ်ယူမည်ဟုတထစ်ချမပြောနိုင်ပါ။ application ကိုအတည်ပြုပြီး၊ ဆိုင်ရာကလျှောက်ထားသူထံပြန်ချပြီး၊ လျှောက်ထားသူတွေက ငွေစတင်ပေးသွင်းရမည့်အချိန်ကား ၂၀၁၃၊ ဒီဇင်ဘာ (၁၅) ရက်နောက်ပိုင်းမှ ရှိလာမည်ဖြစ်သဖြင့်၊ လက်ရှိ အချိန်တွင် ၀င်ငွေ သုညအဆင့်သာရှိသေးသည်ဟူသောအချက်ပင်။
CoveredCA (CC) နှင့် Obamacare (ACA) ဘာကွာသလဲ?
CC အနေဖြင့် ACA ကပြဌာန်းထားပြီးဖြစ်သော၊ ပြဌာန်းချက်များစွာထဲမှ အချက်တရပ်ဖြစ်သည့် ကျန်းမာရေး စောင့်ရှောက်မှုအာမခံများ ကိုကာလီဖိုးနီးယားပြည်နယ်သူ/သား အသက်(၁၈)နှစ်မှ (၆၅)နှစ်အတွင်းရှိသူ အားလုံးကစိတ်ကြိုက်ဝယ်ယူနိုင်ရန်ရောင်းချပေးမည့်ဈေးကွက်စနစ် (marketplace) တခုပင်ဖြစ်သည်။
Obamacare ခေါ် ACA သည် ကျန်းမာရေးစနစ်ကြီးတခုလုံးကိုလွှမ်းခြုံပြုပြင်ပြောင်းလည်းသော ဥပဒေသစ်ကြီးဖြစ်ပြီး၊ အချိန်နှင့်တပြေးညီ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ ဆောင်ရွက်ရန် ပြဌာန်းထားပြီး၊ အသက်ဝင်နေပြီဖြစ်သော ဥပဒေတခုဖြစ်ပါသည်။ (individual mandate policy)တခုဖြစ်ပါသည်။
ဘယ်အချိန်စာရင်းသွင်းနိုင်မည်လဲ။ အချိန်ကန့်သတ်ချက်ရှိမရှိ?
(၂၀၁၃) အောက်တိုဘာ(၁) ရက်နေ့မှစ၍၊ (၂၀၁၄) မတ် (၃၁) ရက်ထိစာရင်းလက်ခံသောကာလဟု သတ်မှတ်ထားသော်ငြားလည်း၊ ကျန်းမာရေးအာမခံအကျိုး (effective date of coverage) စတင်သက် ရောက်မည့် ရက်စွဲကား (၂၀၁၄) ဇန်န၀ါရီ (၁) ရက်နေ့ဖြစ်သည်ဆိုသည်ကိုသတိချပ်ကြဘို့လိုသည်။ ဤနေရာတွင် အရေးကြီးသောအချက်ကား အောက်တိုဘာမှစတင်ပြီး မတ်လကုန်အထိ စာရင်းသွင်းခွင့်ရသော ကာလသည်၊ ဗဟိုအစိုးရမှပံ့ပိုးမည် ပရီမီယံအာမခံနှုန်းထား (premium rate) လျှော့ဈေးအတွက်ရည်ရွယ်ထား ခြင်းဖြစ်ပြီး၊ ကျန်းမာရေးအာမခံအကျိုး (coverage) နှင့်မသက်ဆိုင်သလို၊ စတင်ခံစားခွင့်ကာလလည်း ပြောင်းလဲမည်ဆိုသည်ကိုသတိပြုရမည်ဖြစ်သည်။ ဒီဇင်ဘာ(၁၅)ရက်မတိုင်မှီစာရင်းအပြီးသွင်းနိုင်သူများသာ၊ ဇန်န၀ါရီ(၁)ရက်နေ့အကျိုးခံစားခွင့်ကိုရရှိနိုင်မည်ဖြစ်သည်။
Affordable healthcare သက်သာသောကျန်းမရေးအာမခံစနစ် ဟုဘာ့ကြောင့်ဆိုနိုင်သလဲ
အခွန်သက်သာခွင့်ကို အာမခံပေါ်လစီဝယ်ယူလိုက်ပြီဆိုသည်နှင့်ချက်ချင်း သက်သာခွင့်ရသွားမည်ဖြစ်သည်။ သို့အတွက် လစဉ်ပေးသွင်းရမည့် လစဉ်ကြေးပရီမီယံလျော့နည်းသွားမည်ဖြစ်ပါသည်။ Medi-Cal ရရှိသူတွေ အနေဖြင့် အခမဲ့အာမခံဖြစ်သဖြင့် ပရီမီယံပေးစရာလုံးဝမလိုတော့ပါ။ ရရှိနိုင်မည့် ပေါ်လစီအတန်းအစား များကို ၀င်ငွေအလိုက်နှီုင်းယှဉ်ကြည့်ပါက -
တစ်ဦးတည်းဝင်ငွေ $၁၅၄၁၅ အောက် (သို့)
မိသားစုဝင်(၄)ဦးအတွက် $၃၁၈၁၀ အောက်
Medi-Cal အခမဲ့ကျန်းမာရေးအာမခံ
တစ်ဦးတည်းဝင်ငွေ $၁၅၄၁၅ မှ ၂၇၉၃၅ (သို့)
မိသားစုဝင်(၄)ဦးအတွက် $၃၁၈၁၀ မှ ၅၇၆၃၅
အခွန်သက်သာခွင့်အပြင်၊ အိပ်မှစိုက်ပေးရသော အခကြေး ကိုအစိုးရမှအချို့တ၀က်ကျခံပေးပါမည်
တစ်ဦးတည်းဝင်ငွေ $၂၇၉၃၅ မှ ၄၄၆၈၀ (သို့)
မိသားစုဝင်(၄)ဦးအတွက် $၅၇၆၃၅ မှ ၉၂၂၀၀
အခွန်သက်သာခွင့်ရပါမည်
တစ်ဦးတည်းဝင်ငွေ $၄၄၆၈၀ အထက်ရပါက (သို့)
မိသားစုဝင်(၄)ဦးအတွက် ၉၂၂၀၀ အထက်ရပါက
CoveredCA တွင်စာရင်းစသွင်းခွင့်ရှိသော်လည်း၊ အခွန်သက်သာခွင့်မရှိတော့ပါ

Medi-Cal
သိုသော် ဆင်းရဲနွမ်းပါးလွန်းသူ (သို့) ၀င်ငွေလုံးဝမရှိသူတို့အတွက် ပြည်နယ်၏တည်ဆဲ အစီအစဉ်ဖြစ်သည့် (Medi-Cal) အနေဖြင့်ချွင်းချက်ပြုထားသည်။ ဤ Medi-Cal ကိုလည်းချဲ့ထွင်လွှမ်းခြုံမှုပေးရန် စီစဉ်ပြီးဖြစ်ပါသည်။ တစ်ဦးချင်းနှစ်စဉ်ဝင်ငွေ ($ 15,856) ထက်နည်းသူတွေလျှောက်ထားနိုင်သည်။
အာမခံမရှိသူများကိုဒဏ်ရိုက်မည့်ကိစ္စ?
ACA နှင့် CC (၂)ခုလုံးသည်၊ နှစ်စဉ် အလုပ်လုပ်သူ၊ ၀င်ငွေရှိသူတိုင်း၏ နှစ်ပါတ်လည် အခွန်ဆောင်ခြင်း tax filing ပေါ်တွင် အတော်အတန်တည်မှီနေပေရာ၊ ယေဘူယျအားဖြင့် အခွန်ဆောင်ရန်မလိုအပ်သူများအတွက် စိုးရိမ်ဘွယ်သိပ်မရှိလှပေ။ ၀င်ငွေရှိသူတိုင်း (၂၀၁၄) အတွင်းအာမခံဆောင်ခံထားခြင်းမရှိပါက (၂၀၁၅) tax filing လုပ်ချိန်တွင်ဒါဏ်ရိုက်ခံရမည်ဖြစ်ပါသည်။ tax return လုပ်ပြီး အစိုးရထံမှပြန်ရရန်ရှိသော်လည်း၊ အာမခံမရှိကြသူတွေလျော့နည်းရကြမည်ဖြစ်သလို၊ အစိုးရကိုပြန်ပေးရန် (tax owe)ဖြစ်ကြသူတွေ အနေဖြင့်၊ အာမခံမဲ့ခြင်းအတွက်ဒါဏ်ကြေးပါတပေါင်းတည်းပေးသွင်းကြရမည်ဖြစ်သည်။ (၂၀၁၄) အတွက် (၂၀၁၅)တွင်ပေးသွင်းရမည့်ဒါဏ်ကြေးကား၊ လူတစ်ဦးချင်းအတွက် (၉၅ ဒေါ်လာ) (သို့) ၀င်ငွေ၏(၁%) (များရာတန်ဘိုးအလိုက်)ပေးဆောင်ရမည်ဖြစ်သည်။ မိသားစုဖြစ်ပါက တစ်ဦးချင်းအတွက် (လူကြီး ၉၅ ဒေါ်လာ / ကလေး ၄၇.၅၀ ဒေါ်လာ)၊ စုစုပေါင်း (၂၈၅ ဒေါ်လာထက်မများ)သော (သို့) ၀င်ငွေစုစုပေါင်း၏ (၁%) (များရာတန်ဘိုးအလိုက်) ကုန်ကျကြမည်ဖြစ်သည်။ (၂၀၁၅) အတွက်မူ လူကြီးတစ်ဦးချင်းအတွက် (၃၂၅ ဒေါ်လာ)၊ ကလေးအတွက် (၁၆၂.၅၀ ဒေါ်လာ) (သို့) ၀င်ငွေ၏ (၂%) (များရာတန်ဘိုးအလိုက်) ဒါဏ်ကြေး တက်သွားမည်ဖြစ်ပြီး၊ နှစ်စဉ်ဒါဏ်ကြေးအဆတက်သွားမည်ဖြစ်သည်။
တဖန် (၂၀၁၄) ခုနှစ်မှစတင်၍ tax return များတွင် အခွန်လျော့နည်းလွတ်ငြိမ်းခွင့် အတွက်အပိုစာရင်း (itemized deductions) ကိုယခင်ကလိုပြချင်တိုင်းပြ၍မရတော့ဆိုသည်ကိုကြိုတင်သိထားကြဘို့လိုပါသည်။ ဆိုလိုသည်မှာ ကျန်းမာရေးအာမခံဝယ်ယူထားမှုအပေါ် အခွန်လျောနည်းခွင့်ကို အမှန်တကယ်တင်ပြသော ကျန်းမာရေးအသုံးစရိတ်ပေါ်မူတည်တွက်ချက်တော့မည်ဖြစ်ပါသည်။
ဆိုခဲ့သည့်အတိုင်း၊ ၀င်ငွေနည်းလွန်းသဖြင့်tax file လုပ်ရန်မလိုသူများ၊ မိမိဝင်ငွေ၏ (၈%) ထက်မနည်း အာမခံပေးဆောင်ရမည့်သူများ၊ ဘာသာရေးအရချွင်းချက်ရထားသူများ၊ ဒေသခံ Indian/Alaskan tribes များ၊ ထောင်ကျများ နှင့် တရားမ၀င်ရောက်ရှိနေထိုင်ကြသူများက ဒါဏ်ကြေးကင်းလွတ်ခွင့်ရှိကြမည်ဖြစ်သည်။
အာမခံကြေး ပရီမီယံ ဘယ်လောက်ကျမလဲ?
နေထိုင်ရာမြို့ Zip code၊ အသက်အရွယ်၊ ရွေးချယ်လိုသော plan အမျိုးအစား ပေါ်မူတည်၍ဈေးကွာမည် ဖြစ်သည်။ www.coveredca.com တွင်၊ မူရင်းစာမျက်နှာ အောက်ခြေပိုင်း “shop and compare Tools” ၌ကိုယ်တိုင်ဝင်ရောက်လေ့လာတွက်ချက်နိုင်ပါသည်။ အလွန်လွယ်ကူ၍ plan (၄) မျိုး (၅) မျိုးခန့်ကိုဘေးချင်း ဆိုင်ယှဉ်တွဲပြသထားသည်ကိုတွေ့ရမည်။ ကနဦးမေးခွန်းအနည်းငယ်ဖြင့် အဖြေထွက်နိုင်ပါသည်။ အရေးကြီး သောအချက်ကား နောက်ဆုံး tax file စာရွက်စာတမ်းများရှိဘို့တော့လိုပါသည်။ ၀င်ငွေကို Adjusted Gross Income (AGI) (သို့) Modified Adjusted Gross Income (MAGI) ပေါ်အခြေခံထားပါသည်။ ဗဟိုအစိုးရသို့ tax file လုပ်သော ပုံစံ များမှရယူနိုင်ပါသည်။
ပုံစံ 1040EZ
လိုင်းနံပါတ် (၄)
ပုံစံ 1040A
လိုင်းနံပါတ် (၂၁)
ပုံစံ 1040
လိုင်းနံပါတ် (၃၇)
အရေးကြီးသည့်အချက်ကား မိသားစုတစုလုံးအတွက်အစိုးရ၏ premium ထောက်ပံ့ကူညီမှုရရန် လင်ရော မယားပါ အခွန်ပူးတွဲဆောင်ရမည်ဖြစ်သည်။ တစ်ဦးထဲကအခွန်ဆောင်ပြီးကျန်တစ်ဥိးက မဆောင်ဘဲ နေခွင့်မရှိပေ။
ဖုံးနံပါတ်သုံးခေါ်နိုင်မလား?
(800) 300-1506 ကိုခေါ်ပါက အချိန်စောင့်ဆိုင်းရမှုရှိသော်လည်း၊ တဖက်မှဖြေဆိုသူကိုတိုက်ရိုက် မေးမြန်းနိုင်သည်။ သို့သော်ယနေ့အထိ မြန်မာဘာသာဖြင့် ဖြေဆိုစာရင်းသွင်းနိုင်သော enrollee မရှိသေး ကြောင်းသိရသည်။ သို့သော် မြန်မာစကားပြောနိုင်သော၊ လက်ရှိဈေးကွက်အတွင်း စီးပွားရေးလုပ်ကိုင် နေသော coveredCA မှအသိအမှတ်ပြုလက်မှတ်ရ agents များရှိနေပြီဖြစ်သည်။
အာမခံပေါ်လစီ ကိုအစိုးရကစီမံခန့်ခွဲလား၊ Insurance Carriers ကုမ္ပဏီကြီးများက စီမံခန့်ခွဲလား?
ဤနေရာတွင် အတော်များများကမျက်စေ့လည်ယုံမက၊ သတင်းစာ media   လောကတွင်ပွက်လော ရိုက်နေသော နိုင်ငံရေးတိုက်ခိုက်ငြင်းခုံမှုများက၊ စားသုံးသူပြည်သူများကို မျက်စေ့လည်ခြင်းမကလည်စေသည်။ ACA ရော CC ရော ကကြီးကြပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကား၊ သတ်မှတ်ထားသောစံနှုန်းမှီ ဆေးဝါးကုသခွင့်အပြည့်ရရှိစေရေးအရည်အသွေးနှင့်၊ ဈေးနှုန်းများထိန်းချုပ်ပြီး၊ ပရီမီယံအထောက်အပံ့ အကူအညီကို၊ လိုအပ်သူထံတိုက်ရိုက်ကူညီနိုင်ရေးကြားဝင်ပေးသောအစီအမံတရပ်သာဖြစ်သည် ဆိုသည့် အချက်ကိုပင်။ မူလကလွတ်လပ်စွာလည်ပါတ်နေသော insurance နှင့် health care စနစ်ကြီး(၂) ရပ်ကိုကိုယ်တိုင်ဝင်ရောက်ချယ်လှယ်ဆောင်ရွက်ခြင်းအလျင်းမရှိသည် ဆိုသည်ကိုကြိုတင်သိထားကြဘို့ လိုပါသည်။ ဈေးကွက်တွင်ဝယ်ယူပြီးသည့်နောက်၊ insurance carrier ကုမ္ပဏီ ကြီး၏ကြီးကြပ်ကွပ်ကဲမှု အောက်တွက်ရောက်ရှိသွားပြီဖြစ်သည်နှင့် အညီ၊ ယင်း carrier များ၏အစီအမံစည်းကမ်းများကို လိုက်နာကြရဘို့ရှိပါသည်။
အခြား  ကျန်းမာရေးအာမခံ ပေါ်လစီရှိလျင်၊ CoveredCA မှာဝယ်ဘို့လိုမလို?
မိမိကိုယ်ပိုင်ဝယ်ယူပြီး   ပုဂ္ဂလိကအာမခံ(private insurance) (သို့) အလုပ်ရှင်များမှဝယ်ဟူသော အာမခံ (group insurance plan through employer) (သို့) Medi-Cal (သို့) Medicare/Gap coverage (သို့) ကျောင်းသား/သူဖြစ်၍  ကျောင်းမှရှိပါက CoveredCA ၀ယ်ရန်မလိုပါ။ ယင်း insurance အမျိုးအစားအားလုံး သည် ACA ဗဟိုအစိုးရမှပြဌာန်းထားသော စည်းကမ်းသတ်မှတ်ချက်ကို လိုက်နာကြရမည်ဖြစ်သဖြင့် ဥပဒေအရ၊ အရည်အသွေးတသားတည်းဖြစ်နေကြရမည်ဖြစ်ပါသည်။ အကယ်၍၀ယ်ချင်လျင်ဝယ်လို့ရသော်လည်း၊ အစိုးရကထောက်ပံ့မည့် ပရီမီယံပံ့ပို့းမှု (၀ါ) အခွန်သက်သာခွင့်ကိုရဘို့အခွင့်အလမ်းမရှိနိုင်ပါ။
သို့သော် မိမိအလုပ်ရှင်ကဖြတ်ယူထားမည့်ပရီမီယံကြေး (မိမိတစ်ဦးတည်းဖြစ်ပါက ၉.၅%)ထက်ပိုများပါက (သို့) အလုပ်ရှင်၏လုပ်ခွင်ဝမ်းထမ်းအားလုံးအတွက်ကျန်းမာရေးဝန်ဆောင်စရိတ် (၆၀%) ထက်လျော့နည်းသောပံ့ပိုးမှု (contribution) သာပေးနိုင်ပါက CoveredCA တွင်စရင်းသွင်းခွင့်ရှိနိုင်ပါသည်။
ယျေဘူယျအားဖြင့် အလုပ်ရှင်မှဆောင်ရွက်ပေးသော group plans များသည် CoveredCA ထက်ပရီမီယံ စရိတ်သက်သာနိုင်စရာရှိကြပါသည်။ မူလက Medi-Cal ရှိသူများဝင်ငွေတိုးလာသောကြောင့်၎င်း၊ အခြား အကြောင်းတခုခုကြောင့်၎င်း၊ ယင်းကိုဆက်လက်မရရှိဘဲ (သို့) ငြင်းပယ်ခြင်းခံရပါက၊ CoveredCA တွင်စာရင်း သွင်းခွင့်ရကြမည်ဖြစ်ပါသည်။ယင်းသို့ငြင်းပယ်ခံရပြီးရက်ပေါင်း(၆၀)အတွင်းစာရင်းသွင်းကြရန်သာလိုပါသည်။
အာမခံ ပေါ်လစီအတန်းအစား (၄) မျိုး -
ပေါ်လစီအတန်းအစား
ပေါ်လစီမှကျခံပေးမည့် (%)
မိမိအိပ်မှကျခံရမည့် (%)
Platinum
၉၀
၁၀
Gold
၈၀
၂၀
Silver
၇၀
၃၀
Bronze
၆၀
၄၀
CoveredCA မှ အနိမ့်ဆုံးပေါ်လစီအတန်းအစား (၁) မျိုးကိုလည်းရောင်းချပေးမည်ဖြစ်ပါသည်။ ယင်းပေါ်လစီအနေဖြင့် အရေးပေါ်ဖြစ်ပေါ်သော ကျန်းမာရေးစောင်ရှောက်မှုလုပ်ငန်းများအတွက် အကာအကွယ်ပေးနိုင်မည်ဖြစ်ပါသည်။
သို့သော် ဤပေါ်လစီအတန်းစားအားလုံးသည် အဓိကကျန်းမာရေးစောင်ရှောက်မှုလိုအပ်ချက်(၁) ချက်ဖြစ်သည် - ဆေးခန်းပြသမှု၊ အရေးပေါ်ကုသမှု၊ ဆေးရုံကုသမှု၊ မိခင်နျင့်ကလေးစောင့်ရှောက်ရေး၊ စိတ်ကျန်းမာရေး၊ ဆေးဝါး၊ ပြန်လည်ထူထောင်မှုနာလန်ထကုသမှု၊ ဓါတ်ခွဲခန်းနှင့်ဓါတ်မှန်၊ ရောဂါကြို တင်ကာကွယ်မှု၊ နှင့်ကလေးသူငယ်ကျန်းမာရေး တို့ပါဝင်သည်။
ကလေးသူငယ်များမတွက် မျက်စေ့နှင့် သွားခံတွင်းကုသရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်သော် လည်းလူကြီး များအတွက် CoveredCA တွင်မပါဝင်ဆိုသည့်အချက်ကိုကြိုတင်သိရှိဘို့လိုပါသည်။ သို့သော်လည်း (၂၀၁၄)ခုနှစ်အတွင်း လူကြီးများအတွက် မျက်စေ့ နှင့် သွားခံတွင်းကုသရေးကိုသီးသန့်ရောင်းချရန် အစီအစဉ်ရှိကြောင်းသိရပါသည်။ CC မှလက်ရှိအသိအမှတ်ပြုထားသော အာမခံပေါ်လစီရောင်းထုတ်ပေးမည့် insurance carrier ကုမ္ပဏီ (၁၁) ခုရှိပြီးဖြစ်ပါသည်။ မိမိနေထိုင်ရာ Zip Code ပေါ်မူတည်ပြီး ဖေါ်ပြပေး မည်ဖြစ်ပြီး၊ မိမိတို့ကနှစ်သက်ရာရွေးချယ်ကြရန်ဖြစ်သည်။
လွှမ်းခြုံကာကွယ်မှုအကျိုးသက်ရောက်ခြင်း (coverage effective date)
မတ်(၃၁) ၂၀၁၄ အထိ စရင်းတင်သွင်းခွင့်ပြုထားသော်လည်း၊ ဒီဇင်ဘာ(၁၅) ရက်နောက်ပိုင်းစာရင်းအပြည့် တင်သွင်းပြီးသူများ (ငွေသွင်းပြီးဖြစ်ရမည်) အနေဖြင့်၊ ဖေဖေါ်ဝါရီ(၁)ရက်တွင်မှ coverage ရရှိနိုင်ကြမည်ဖြစ် ပါသည်။ လစဉ် (၁၅) ရက်မတိုင်မှီစာရင်းငွေပေးသွင်းပြီးသူများ၊ နောက်လဆန်း(၁)ရက်နေ့မှစတင် ခံစားခွင့်ရကြပါမည်။
လိုအပ်မည့်စာရွက်စာတမ်းအထောက်အထားများ
လျှောက်ထားသူနှင့်မိသားစုဝင်တစ်ဦးချင်းအလိုက်-
(၁) Social Security number/s
(၂) နောက်ဆုံးတင်သွင်းသော tax return
အသေးစားစီးပွားရေးလုပ်ငန်း များရှိ ၀န်ထမ်းများအတွက် ကျန်းမာရေးအာမခံစနစ်
ACA ဥပဒေကြီးက မိမိဝန်ထမ်းများအားလုံးကိုကျန်းမာရေးအာမခံရရှိအောင်ပံ့ပိုးရမည်ဟူသော ပြဌာန်းချက် ရှိသည်ဆိုသော်ငြားလည်း၊ (၂၀၁၅) ခုနှစ်မှစတင်၍၊ ၀န်ထမ်းဦးရေ (၅၀) ထက်မနည်းရှိမှသာ လိုက်နာရမည်ဟု အချိန်လျှော့ပေါ့ သတ်မှတ်ခဲ့သည်။ ကိန်းဂဏန်းပြဆိုချက်များအရ ၀န်ထမ်းအင်အား(၅၀)အောက်ရှိသော စီးပွားရေးလုပ်ငန်းအရေအတွက်မှာ (၄%)သာရှိသဖြင့်၊ (၉၆%)သော လုပ်ငန်းကြီးများသည်၊ ဆိုင်ရာအာမခံများ ကိုပံ့ပိုးထားပြီးဖြစ်သည်ဟုဆိုနိုင်ပါသည်။ သို့သော်လည်း ၀န်ထမ်း(၅၀)အောက်ရှိသော (ဥပမာ -၄၉ဦးသာရှိ သော) လုပ်ငန်းများအနေဖြင့် နောက်ထပ်ဝန်ထမ်းတစ်ဦးထပ်ခန့်လိုက်သည်နှင့်တပြိုင်နက်၊ ဥပဒေပြဌာန်းချက် အရ၊ အာမခံစီစဉ်မပေးလျင်၊ ဒါဏ်ရိုက်ခံရမည်မှာသေခြာသွားသည်ဆိုသောအချက်ပင်ဖြစ်သည်။ ဒါဏ်ကြေး အဖြစ် ၀န်ထမ်းတစ်ဦးလျင် ($၂၀၀၀)နှုန်းဖြစ်သဖြင့်၊ ၀န်ထမ်း(၅၀)အတိရှိသော ကုမ္ပဏီတခုအနေဖြင့် နှစ်လည်ဒါဏ်ကြေး ($၄၀၀၀၀) ပေးဆောင်ရမည်ဖြစ်နေပါသည်။ သို့အတွက်ဒါဏ်အရိုက်ခံပြီး၊ မိမိဝန်ထမ်းများ ကို ထိုက်သင့်သော၊ ပံ့ပိုးထောက်ပံ့ကြေးကိုပေးရန်အချို့ လုပ်ငန်းများကကြံစည်လာကြသည်။ ထိုနည်းကရေတို အဖြစ်၎င်း၊ ငွေကြေးချိုးခြံမှုပိုင်းမှ၎င်း၊ တွက်ခြေကိုက်ကြောင်းသုံးသပ်ကြသည်။ ဤနေရာတွင် မိမိကုမ္ပဏီ လုပ်ငန်းများ၏ နေ့စဉ်လုပ်ငန်းများအတွက်၊ ၀န်ထမ်းများကိုဆွဲဆောင်မှုပေးနိုင်သော၊ အင်အားရုတ်လျော့သွား နိုင်သည် ဟုတွက်ချက်ကြသည်။ သို့တည်းမဟုတ် အချိန်ပြည့်ဝန်ထမ်းဟူ၍ မခန့်တော့ဘဲ၊ အချိန်ပိုင်းဝန်ထမ်း များသာရှေ့ရှောက်ခန့်ထားကြရန် စီစဉ်ကြသူတွေလည်းရှိသည်။ ရေရှည်တွင် ဒါဏ်အရိုက်ခံသောနည်းက မိမိစီးပွားရေးပြယုဂ်ကို ထိခိုက်နိုင်ကြောင်း၊ ကျွမ်းကျင်သူများက တွက်ဆကြသည်။ မိမိဝန်ထမ်းကိုဆွဲဆောင် နိုင်သော အင်အား ကား ၀န်ထမ်းအတွက် ကျန်းမာရေးအာမခံအပါအ၀င် အခြားမိသားစုခံစားခွင့်မည်မျှ ပံ့ပိုးပေးနိုင်မည် ဆိုသည့်အချက်အပေါ်များစွာမူတည်ကြောင်း သတိပြုမိကြသူတွေရှိကြသည်။ အချိန်ပြည့်ဝန်ထမ်းကို ရက်သတ္တ (၁)ပါတ်အတွင်း နာရီ(၃၀)ထက်မနည်းအလုပ်လုပ်သူကို ဆိုလိုခြင်းဖြစ်သဖြင့်၊ အချိန်ပိုင်း ၀န်ထမ်းကိုသာခန့်ထားမည့် service/manufacturing လုပ်ငန်းများအဖြစ်အသွင် ပြောင်းသွား နိုင်ပါသည်။ CC မှ အသေးစားစီးပွားရေးလုပ်ငန်းများပါ မိမိဝန်ထမ်းများအတွက် အာမခံဝယ်ယူနိုင်ရန် SHOP (Small Business Health Options Program) ကိုလည်းခုနှစ်မကုန်မှီ ရောင်းချပေးနိုင်ရန်စီစဉ်ထားပြီး ဖြစ်သည်။ ယင်းအတွက် အာမခံကုမ္ပဏီကြီး (၆) ခုလက်ရှိတန်းစီစာရင်းတွင်ပါပြီးဖြစ်သည်။
လက်ရှိမိမိ အာမခံရရှိထားသောကုမ္ပဏီကြီးများက နောင်နှစ်အတွက်ငြင်းပါယ်ခြင်းခံကြရသူများ(termination of coverage as of Jan 1, 2014) ဟုကြေငြာထားသောကိစ္စ
ဤပြဿနာကား ACA ကိုကောင်းစွာစိမ်ခေါ်နေသော (တနည်း) အတိုက်အခံများ၏အဓိထိုးနှက်ခြင်းကို ခံနေရသည့် နောက်ဖက်တွဲပေါ်ထွက်လာသော ပြဿနာကြီးဟုဆိုနိုင်ပါသည်။ အစိုးရအနေဖြင့်ခေါင်းခဲရမည့် ပြဿနာတခုဟုဆိုနိုင်ပါသည်။ လက်ရှိ (အထူးသဖြင့်)သက်ကြီးပိုင်းများက individual health plan များကိုဝယ်ထားကြသည်။ မိမိနှင့်သက်ဆိုင်သော ရောဂါပေါ်မူတည်၍coverage အချို့သာပါသော plan မျိုးကိုသာတမင်ဝယ်ထားကြခြင်းဖြစ်သည်။ ACA ဥပဒေအရပြဌာန်းထားသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် (၁၀) မျိုးမပါမနေရဟူသောပညတ်ချက်ကြောင့်၊ ယင်း coverage ကိုဝယ်ထားသူတွေ ဒုက္ခရောက် ကြမည်ဖြစ်သည်။ ယင်းလူနာမျိုး ကာလီဖိုးနီးယားတွင် (၉ သိန်း) ခန်ရှိမည်ဟု ခန့်မှန်းထားသည်။ (၆)သိန်း ခန့်မှာ လက်ရှိထက်ပိုဈေးကြီးသော ပရီမီယံပေးသွင်းကြရတော့မည်ဖြစ်သော်လည်း၊ ကျန်း (၃) သိန်းခန့်သည် လက်ရှိထက်လျော့နည်းသောပရီမီယံပေးနိုင်မည့်အပြင်၊ပိုမိုကျယ်ပြန့်သော စောင့်ရှောက်မှုများကို ရရှိကြမည် ဖြစ်သည်။ ACA ဥပဒေအရ (မတ် ၂၃ရက်၊ ၂၀၁၀) မတိုင်မှီplan ရှိသူများသာယင်းပြဌာန်းချက်မှကင်းလွတ်ခွင့် ရကြ မည်ဖြစ်သည် (grandfathering of the plan)။ နောက်ဆုံးရရှိသော မင်္ဂံလာသတင်းကား -သမ္မတက ၎င်း၏အခွင့်အာဏာကိုသုံးလျက် လက်ရှိငြင်းပါယ်ခံကြရသူများအားလုံး၏ မိမိတို့လက်ဝယ်ရှိ အာမခံများကို နောက်ထပ်တစ်နှစ်ဆက်လက်ခံစားခွင့်ရှိမည်ဖြစ်ကြောင်း (နိုဝင်ဘာ ၁၄ ရက်နေ့) ကအမိန့်ထုတ်ကြေငြာခဲ့သည်။   Health Access ခေါ်ကာလီဖိုးနီးယားပြည်နယ်၏ အကြီးဆုံး ကျန်းမာရေးစီမံကိန်းစောင့်ရှောက်မှု စောင့်ကြည့် သော အဖွဲ့အစည်းမှကျွမ်းကျင်သူများ၏ လေ့လာမှတ်ချက်ပြုခြင်းအရ၊ ပရီမီယံဈေးနှုန်းများတိုးမြှင့်ခြင်း၊ အာမခံ၏အစိတ်အပိုင်းအချို့ကိုဖြတ်တောက် ခြင်း၊ အချို့အစိတ်အပိုင်းပံ့ပိုးမှုများကိုလှျော့ချခြင်း စသည် တို့မှာနှစ်စဉ် လုပ်နေကြလုပ်ရိုးလုပ်စဉ်ဖြစ်သဖြင့်၊ ယခု ACA နှင့် CC တို့၏ဆောင်ရွက်ချက်များကို ထိုးနှက်အပြစ်ဖို့စရာအကြောင်းရပ်ကြီးများအဖြစ် အသုံးချကြခြင်းဖြစ်သည် ဟုဆိုပါသည်။
(၁၉၃၅) တွင်စတင်ပေါ်ပေါက်ခဲ့သော၊ “လူမှုဖူလုံရေးအာမခံစနစ်” social security သည် များစွာသော အခက်အခဲအကြပ်အတည်းများဖြင့်ကြုံတွေ့ခဲ့ရသည်။ ယခုအခါသက်တမ်း (၈၀)နီးပါးရှိလုပြီဖြစ်သော၊ ယင်းစနစ်ကိုအာဏာရများသာမကအတိုက်အခံများရော၊ လူထုတစ်ရပ်လုံးကပါ၊ အထိမခံ “ပျိုတိုင်းကြိုက်” အစီအစဉ်ကြီးဖြစ်မှန်းမသိဖြစ်နေပေပြီ။ သမ္မတရုစဘက်အစိုးရကို “ဒါ-ဆိုရှယ်လစ် စနစ်လား” ဟုအထက်လွှတ်တော်အမတ်တစ်ဦးကလွှတ်တော် တွင်မေးခွန်းထုတ်ခဲ့သော အဖြစ်မျိုး ယခုတခါကြုံတွေု့ရ ပြန်ပြီဖြစ်သည်။ သမိုင်းက Obamacare ၏ အရည် အသွေးကို မှတ်ကျောက်တင်မည်ဖြစ်သည် ဆိုသည်ကားငြင်းဘွယ်မရှိ။ အမေရိကား ၏ခေတ်အဆက်ဆက် ကမောက်ကမဖြစ်နေသောကျန်းမာရေး စောင့်ရှောက်မှု လောကကြီး ကိုပြုပြင်ရန်မှာ၊ ထိုင်နေ၍မဖြစ်၊ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန်၊ လုပ်ရဲရန်လိုသော အချိန်ဖြစ်သည် ဆိုသည့်အချက် ကိုမျက်ချေမပြတ်ကြဘို့လိုပေပြီ။ အချင်းချင်းမတူညီသော ၀ိဝါဒများ ခ၀ါချ၍ ညှိနှိုင်းရမည့်အချိန်ဖြစ်သည်။ မဖြစ်သေးတာတွေကိုတွေးပြီး၊ အပြစ်တင်မစောကြဘို့၊ ရေရှည်ကိုကြည့်တတ်ကြ ဘို့ လိုသောအချိန်ရောက်နေပြီဖြစ်သည် ဆိုလျင်မှားမည်မထင်။
(Covered California ဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ ပိုချချက်များ၊ Orange County Register တို့မှအချက်အလက်များရှာဖွေလေ့လာသုတေသနပြုချက်အပေါ်မူတည်၍ တင်ပြထားခြင်းဖြစ်ပါသည်။ ဆွေးနွေးမေးမြန်းလိုပါက “မြန်မာဂဇက်” သတင်းစာအယ်ဒီတာမှတဆင့် ဆက်သွယ်နိုင်ပါကြောင်း။)
 (၂၀၁၃၊ နိုဝင်ဘာ-ဒီဇင်ဘာ ထုတ် "မြန်မာ့ဂဇက်"တွင်ဖေါ်ပြပြီး ဖြစ်ပါသည်။)

နောက်ဆက်တွဲ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
(၁) နိုဝင်ဘာ (၂၈) CoveredCA ထုတ်ပြန်ချက်အရ SHOP ခေါ် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် အင်တာနက်တွင် စာရင်းသွင်းနိုင်သော နေ့ရက်ကို(၁)နှစ်တိတိနောက်ဆုတ် လိုက်ကြောင်း ကြေငြာချက်ထွက်ပေါ်လာသည်။ ဗဟိုအစိုးရမှလည်းစောစောပိုင်းကတည်းက ယင်းကြေငြာချက်ကိုထုတ်ပြန်ပြီးဖြစ်ပါသည်။ 
(၂) ထို့အပြင် ဇန္န၀ါရီ(၁) ရက် (၂၀၁၄)တွက်အကျိုးသက်ရောက် ခံစားမှုစတင်ရမည့်နေ့အတွက် နောက်ဆုံးစာရင်းသွင်းရမည့်ရက်ကို ဒီဇင်ဘာ (၂၃)ရက်အထိရက်ဆန့်ပေးခဲ့လေသည်။
(၃) စိတ်ဝင်စားဘွယ်ပြဌာန်းချက်တခုကို အခွန်ဌာနကြီးမှလည်းထုတ်ပြန်ထားသည်ကိုတွေ့ရပါသည်။ ပြည်ပရောက်ခရီးလွန်အမေရိကန် နိုင်ငံသားမြန်မာများအတွက်မူ အာမခံကင်းမဲ့ခြင်းအတွက် ဒါဏ်ရိုက်ခြင်းမှကင်းလွတ်ရန်မှာ၊ ပြည်ပတွင် (၁၂)လတာနှစ်တခုအတွင်း ရက်ပေါင်း (၃၃၀)ထက်မနည်း ရောက်ရှိနေကြောင်းသက်သေထူနိုင်ရမည်ဖြစ်ပါသည်။
(၄) အသက်(၃၀)ထက်လည်းငယ်ရွယ်ပြီး၊ ဥပဒေကမရှိမနေရှိနေရမည့် ကျန်းမာရေးစောင့်ရှောက်မှု အာမခံ ကာကွယ်ကုသခြင်းလုပ်ငန်း(၁၀)ရပ်စလုံးဝယ်ယူနိုင်ခြင်းမပြုပါက၊ ထိုသူများအတွက် အရေးပေါ်ကုသရေး အာမခံစနစ်တခုကို CoveredCA ကိုထူထောင်ထားကြောင်းကြားသိရပါသည်။ Catastrophic အရေးပေါ်နာမကျန်းမှုများအတွက်အာမခံစနစ်ကို လူသိနည်းကြသေးကြောင်းသိရပါသည်။ စုစုပေါင်းအာမခံစာရင်းသွင်းမည့်သူ (၇) သန်းအနက်မှ၊ ယင်းအသက်အပိုင်းအခြားအတွင်းရှိသူ (၂.၇ သန်း - ၃၉%) တို့ ကအာမခံဝယ်ယူနိုင်ကြမည်ဟု ဗဟိုအစိုးရကခန့်မှန်းထားသည်။ သို့မှသာ ဤစီမံကိန်းကြီးတစ်ရပ်လုံးအတွက်ကုန်ကျစရိတ်ကိုကာနိုင်မည်ဟုတွက်ချက်ကြသည်။ အောက်ပါပုဂ္ဂိုလ်များ အနေဖြင့် catastrophic အစီအမံအောက်သို့ရောက်ရှိနိုင်ဘွယ်ရှိပါသည်။ သို့သော် သတိထားရန်အချက်မှာ အစိုးရကပံ့ပိုးမည့် အခွန်သက်သာခွင့်နှင့် အထောက်အပံ့များရရှိနိုင်တော့မည်မဟုတ်ပါ။
            - အသက်(၃၀)အောက်ရှိပြီး အသက်(၃၀)ကျော်သူ တစ်ဦးဦးနှင့်အတူတွဲလျက်အာမခံ မလျှောက်ထားသူ၊
            - မည်သည့်အသက်အရွယ်မဆို မိမိဝင်ငွေစုစုပေါင်း၏(၈%) ထက်တန်ဘိုးမများသော အာမခံနစ်ကိုရှာမရသူ၊
            - အိမ်ခြေမဲ့ homelessness၊ အိမ်ဥပစာမဥပဒေကြောင်းအရနှင်ထုတ်ခံရသူ၊ (၆)လအတွင်းလူမွဲစာရင်းကြေငြာထားသူ၊ ဆေးဝါးကုသစရိတ်ပေးရန်မရှိသူဟူသက်သေထူထားသူ၊