Thursday, March 14, 2013

နှစ်ပြည်ထောင်ရွှေလမ်းငွေလမ်းဖေါက်ပြီးနောက်ဝယ်…



နိုဝင်ဘာ၊ ၂၀၁၂အတွင်း သမ္မတအိုဘားမား၏သမိုင်းဝင်ကနဦးခရီးစဉ်နှင့်၊ ယင်း၏ မရှေးမနှောင်းကာလအတွင်း ဥပဒေပြုထုတ်ပြန်ခဲ့သော ရက်သားကာလသက်တမ်းမျှသာရှိသေးသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ တို့က မြန်မာနိုင်ငံ၏အနာဂါတ် မျှော်လင့်ချက် အလင်းတံခါးကိုစင်ပြိုင်ဖွင့်နိုင်ခဲ့သည်။ FDI (Foreign Direct Investment) ကိုပြည်တွင်းတွင်သာမက၊ ပြည်ပ မြန်မာလူမျိုးတိုင်း (အထူးသဖြင့်စီးပွားရေး ရွှေလမ်းငွေလမ်းဖေါက်ပြီးသူတွေ၊ ဖေါက်ကြဆဲသူတွေ နှင့်နောင်လည်းလမ်းဖေါက်လတ္တံ့သောသူအားလုံး) အတွက် ကြီးစွာသောမြှော်လင့်ချက်ကြီး တခုဖြစ်ခဲ့ပါသည်။ အမှန်ဆိုရလျင်(၂၀၁၂) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ သည်မြန်မာနိုင်ငံအတွက်ပထမဥိးဆုံးအကြိမ်ပြဌာန်းခဲ့သော ဥပဒေမဟုတ်သကဲ့သို့၊ နိုင်ငံတကာ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတို့နှင့်မစိမ်းတော့သော ဥပဒေတခုပင်ဖြစ်ပါသည်။ အင်္ဂလိပ်အစိုးရလက်ထက် ပြဌာန်းခဲ့သော (1914) Burma Companies Act, ပါလီမန်ဒီမိုကရေစီစနစ် အုပ်ချုပ်ရေးကာလ၏ (၁၉၅၀)ပြည့်နှစ် အထူးကုမ္ပဏီအက်တ် (အက်ဥပဒေအမှတ်-၅၄)၊ Burma Companies Regulation (1957), 1955 Burma Companies (Amendment) Act၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော (၁၉၈၈) မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ၊ (၁၉၈၉) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ၊ (၁၉၉၀) ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းဥပဒေ နှင့် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများဥပဒေ၊  (၁၉၉၀-၁၉၉၁) ကုန်သွယ်ခွန် လုပ်ငန်းဥပဒေ၊ (၁၉၉၄) မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စသည်တို့ကား လက်ရှိဥပဒေမတိုင်မှီ ကတည်းက ပေါ်ထွက်ကျင့်သုံးခဲ့သော၊ ကျင့်သုံးဆဲဖြစ်သော ဥပဒေပြဌာန်းချက်များဖြစ်ကြသည်။ ယင်းဥပဒေ တို့တွင် ကုန်သွယ်ခွန်လုပ်ငန်းဥပဒေ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ များကိုသာ ပြန်လည်ပြုပြင် ရေးဆွဲအသစ် ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိပြဌာန်းလိုက်သောဥပဒေပါပြဌာန်းချက်များနှင့်မဆန့်ကျင်သရွေ့၊ မူလက ပြဌာန်းခဲ့သောဥပဒေများအရ ပေါ်ထွက်ခဲ့သော စီးပွားရေးလုပ်ငန်းအားလုံးတို့က မူရင်းပြဌာန်းချက်များ ၏ခံစားခွင့် အခွင့်အရေးများ ဆက်လက်တည်ရှိခံစားခွင့်လည်းပေးထားပေသည်။ သက်ဆိုင်ရာအစိုးရအဖွဲ့ အစည်းများနှင့်ပြည်ထောင်စု လွတ်တော်မှ ဤFDI ဥပဒေသစ်အတွက်လုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာခြင်း မရှိသေးမှီ၊ မူလဥပဒေလုပ်ထုံးလုပ်နည်းများကိုဆက်လက်ကျင့်သုံးလိုက်နာကြရန်လိုအပ်ကြောင်း လည်းဥပဒေ သစ်ကညွှန်ပြထားပေသည်။ နောင်ဆက်တိုက်ထွက်ပေါ်လာမည့်လုပ်ထုံးလုပ်နည်းများကလည်း၊ မူလခံစားခွင့် များပျက်ပျယ်သွားခြင်းမရှိစေရန်၊ အကာအကွယ်ပေးမည်ု့အာမခံချက်များလည်း မကြာမှီ ပေါ်ထွက်လာမည် ဖြစ်ကြောင်းကြားသိရသည်။
ဤနေရာတွင်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟူသောဝေါဟာရကိုနားလည်ကြရန်လိုအပ်လာပါသည်။ အစိုးရသစ်မပေါ်ပေါက်မှီကမြန်မာနိုင်ငံတွင်းလာရောက်ရင်းနှီးမြှုပ်နှံကြသော၊ ပြည်ပလုပ်ငန်းရှင်အများစုမှာ ပင်ရင်းစီးပွားရေးလုပ်ငန်းရှင်များ (principle investors) မဟုတ်ကြဘဲ၊ ပွဲစား (သို့မဟုတ်) လုပ်ငန်းခွဲ (brokerage or regional branch) များသာဖြစ်ပါသည်။ ထိုခေတ်ကာလ၏နိုင်ငံရေးမတည်ငြိမ်မှု၊ စာရွက်ပေါ်တွင်သာရှိပြီး၊ အာမခံချက်မရှိ ရှင်းလင်းတိကျမှုကင်းသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြဌာန်းချက်များ၊ တည်ငြိမ်မှုမရှိသောငွေရေးကြေးရေးလည်ပါတ်မှုစနစ်၊ အပြောင်းအလဲမြန်သောလုပ်ထုံးလုပ်နည်းများ၊ လက်သင့်ရာခွင့်ပြုမိန်ု့ချပေးသော (cronyism) စနစ်ကြီးစိုးခဲ့ခြင်း နှင့်အဆိုးရွားဆုံးဖြစ်သည့် လာဘ်ပေး လာဘ်ယူမှုများကြောင့် principle investors များမရှိသလောက်ကင်းမဲ့ခဲ့ပေသည်။ သွေးတိုးစမ်းသည့် အနေဖြင့်ရောက်ရှိလာကြသော ယင်း direct investorsလူနည်းစု များမှာလည်း သက်ဇိုးမရှည်ဘဲ ပြန်ထွက်သွားခဲ့ကြသည်။ နေ့မြင်ညပျောက်ပြည်ပရင်းနှီးမြှုပ်နှံမှုများ ကြီးစိုးခဲ့သော အချိန်ဖြစ်ပေသည်။ ၁၉၈၈/၈၉ ကာလစတင်အစပျိုးခဲ့သောရင်းနှီးမြှုပ်နှံမှုတို့သည် (၁၉၉၄/၉၅) ခန့်လောက်တွင်အတုံးအရုံးနှင့် ဘုံးဘုံးလဲကုန်ကြသည်။ ယင်းခေတ်ကာလကပြည်ပရင်းနှီးကြသူများအတွက် ဥပဒေကပေးထားသော အကျိုးခံစားခွင့်များကိုသေသေခြာခြာလေ့လာကြည့်မည်ဆိုပါက၊ ဒေသတွင်းအိမ်နီးချင်းနိုင်ငံများထက်ပင် ပိုမိုသာလွန်ကောင်းမွန်ကြောင်းတွေ့ရမည်ဖြစ်သည်။ သို့သော်လည်းဥပဒေသည်စာရွက်ပေါ်တွင်ရှိခဲ့သော ခေတ်ကာလအဖြစ်သမိုင်းတွင်ခဲ့သည်ကားအမှန်။  မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲ (၀ါ) ဖွံ့ဖြိုးမှုတွင် ခေတ်နောက်ကျကျန်ခဲ့သောနိုင်ငံများအနေဖြင့် နိုင်ငံသားများလူနေမှုစနစ်မြှင့်တင်ရေး၊ အနည်းဆုံးအိမ်နီးချင်း နိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်ရေးအတွက် အဓိကလိုအပ်ချက်ကား၊ နိုင်ငံတိုးတက်မှုကို တိုက်ရိုက်အကျိုးပြုနိုင်မည့် ပြည်ပအကူအညီရရှိရေးပင်ဖြစ်ပေသည်။ ယင်းအကူအညီဆိုရာတွင် ငွေပင်ငွေရင်းသာမက၊ အတတ်ပညာပါသယ်ဆောင်လာပြီးပြည်တွင်းတွင်အခြေချကုန်ထုတ်လုပ်သော နည်းလမ်းသည်သာအထိရောက်ဆုံးဖြစ်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။ ဤနေရာတွင် ထုတ်ကုန်ပစ္စည်းကိုအများပြည်သူက၀ယ်ယူသုံးစွဲနိုင်မှုလည်းရှိပြီး (domestic commodity distribution)၊ ရောင်းချရရှိငွေကို ယင်းလုပ်ငန်းတွင်ပြန်လည်ရင်းနှီးသော (re-investment) တို့ကားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အနှစ်သာရများပင်ဖြစ်ပေသည်။ GDP (Gross Domestic Product index) ဟူ၍နိုင်ငံတနိုင်ငံ၏ဖွံ့ဖြိုးမှုကို တိုင်းတာသောညွှန်ပြကိန်းကိုတိုက်ရိုက်မြှင့်တင်ပေးသော တွန်းအားတွက် FDI ကိုအဓိကမဏ္ဍိုင်အဖြစ် သတ်မှတ်ထားကြသည်။ ပြည်ပမှစက်ရုံတခုလာဆောက်၍လည်ပါတ်ရုံမျှလောက်နှင့် direct investment ဟုဆို၍မရဟူသောအချက်ကိုပြည်သူအများကနားလည်လာကြသောခေတ်ဖြစ်နေပေပြီ။လက်ရှိတွင်ကား၊  ကုန်ကြမ်းပေး ကုန်ချောလည်းယူ၊ ယင်းကုန်ချောအားလုံးကို ပြည်ပတွင်ပြန်လည်တင်ပို့ရောင်းချ၍ရသမျှသော ဒေါ်လာငွေကိုလည်းပြည်ပသို့ပြန်လည်သယ်ထုတ်သော repatriation စနစ်ကိုသာအခြေပြုသောရင်းနှီးမြှုပ်နှံမှု များသာများနေပေသေးသည်။(CMP ခေါ် Cutting, Making & Production) စနစ်သည် အဆုံးတွင်၊ နိုင်ငံအတွက်အကျိုးအမြတ်မကျန်လိုက်ရသော ကုန်ထုတ်လုပ်မှုစနစ်တခုသာဖြစ်နေသဖြင့်၊ ရေရှည်အခြေပြု ၍မရနိုင်တော့ဟူသောအချက်ကိုကောင်းစွာသဘောပေါက်ကြဘို့လိုပေပြီ။ ယင်းစနစ်က ပေးသောတခု တည်းသောအကျိုးအမြတ်ကားပြည်တွင်းအလုပ်သမားများအလုပ်အကိုင်ရရှိရုံသာဟူသောအချက်ပင်။ နိုင်ငံတကာစံနှုန်းများအရ FDI တခုအဖြစ်သတ်မှတ်နိုင်သောညွှန်ပြချက်များကား - ဆန်းသစ်၍နိုင်ငံအတွက် တိုက်ရိုက်အကျိုးပြုနိုင်၍အသုံးတဲ့သောနည်းပညာကိုအခြေခံသည့်ကုန်ထုတ်မှုစနစ်ကိုသယ်ဆောင်လာခြင်း၊ ထိုမှထွက်ပေါ်လာသော ထုတ်ကုန်ပစ္စည်းကိုနိုင်ငံနှင့်ဒေသတွင်းလူများစုက ကောင်းစွာအသုံးပြုနိုင်ခြင်း၊ အနဲဆုံး(၁၀)ရာခိုင်နှုန်းထက်မကသော စီမံခန့်ခွဲမှုဆိုင်ရာရင်းနှီးမှုရာနှုန်း ကျန်ရှိစေခြင်း၊ ရေရှည်အတွက် မျှော်မှန်းသောအကျိုးရှိမှုရှိခြင်း၊ ရင်းနှီးမှုအကျိုးအမြတ်ကရရှိသော အထွက် (out-flow) ထက်အ၀င်(in-flow)ကိုဦးစားပေးသော net-inflow ကောင်းမွန်သာလွန်ခြင်း၊ နည်းပညာလက်ဆင့် ကမ်းပြောင်းပေးမှု စနစ်ရှိခြင်း၊ စသည်တို့အပေါ်များစွာအခြေပြုထားသည်ဆိုသည့်အချက်ပင်။
မြန်မာနိုင်ငံအားလက်ရှိရင်းနှီးမြှုပ်နှံသောနိုင်ငံကြီးများတွင်၊ စင်္ကါပူ နှင့်ဂျပန်နိုင်ငံတို့ကဥိးဆောင်နေသော်လည်း၊ တရုတ်၊ အိန္ဒိယနှင့် အခြားအိမ်နီးချင်းနိုင်ငံအတော်များများက နယ်စပ်ကုန်သွယ်စီးဆင်းမှုနည်းဖြင့် ကျောထောက်နောက်ခံပြုမှုကိုတွေ့ရသည်။
လက်ရှိမြန်မာနိုင်ငံ၏အနေအထား - (extract from Asian Development Bank Report, 2011, pub. Apr. 2012) & International Monetary Fund Report 2012)
စုစုပေါင်းလူဦးရေ -  ၆၀.၆၂ သန်း
မြို့ပေါ်နေလူဥိးရေ - ၃၃.၉%
စာတတ်မြောက်မှုနှုန်း - ၉၂%
ဆင်းရဲမွဲတေမှုနှုန်း (တနေ့လုပ်အားခ $1.25 ထက်လျော်နဲရရှိသူ) - ၂၅.၆%
မွေးဖွားသူကလေးဥိးရေ(၁၀၀၀)တွင်(၅)နှစ်အောက်သေဆုံးသူ - ၆၆ ဦး
သန့်စင်သောသောက်သုံးရေရရှိသူ - ၈၃%
နှစ်စဉ် GDP Growth % - ၅.၅% (အစိုးရကိန်းဂဏန်းများက ၁၀%ဟုဆိုထားသည်)
နှစ်စဉ် CPI (Consumer Price Index/Inflation rate) - ၄.၂ မှ ၅.၀ %
အလုပ်လက်မဲ့နှုန်း - ၄.၀%
ပျမ်းမျှ သက်တမ်း (Life expectancy at birth) - ၆၂ နှစ်
ရေခံမြေခံကောင်းသော FDI ကိုစတင်အကောင်ထည်ဖေါ်ကြရာတွင် မြန်မာဘက်မှအထူး သတိထား ဦးစားပေးဆောင်ရွက်သင့်သောအချက်များကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့ကမီးမောင်းထိုးပြထားသည်။ ယင်းအချက်များကား၊ ရင်းနှီးမြှုပ်နှံမှုမဏ္ဍိုင်နိုင်ငံကြီးများဖြစ်သည်. အမေရိကနှင့်ဥရောပကိုသွေးဆောင်နိုင်မှု ကောင်းစွာပြုနိုင်စေသောအခြေခံများကြိုတင်ခင်းကျင်းထားရန်လိုကြောင်းဖေါ်ညွှန်းပြဆိုထားပေသည်။
(၁) ပွင့်လင်းထင်သာသော စီးပွားရေးစီမံခန့်ခွဲမှုစနစ်အခြေတကျ ဖေါ်ထုတ်နိုင်ခြင်း၊ (transparency)
(၂) မှန်ကန်တည်ငြိမ်သောငွေကြေးလည်ပါတ်မှု နှင့်ဘဏ်လုပ်ငန်းစနစ်ရှိခြင်း၊ (cash flow and banking systems)
(၃) မြေယာကိုအဆင်သင့်အသုံးပြုနိုင်သော land development ရေ/မီး အဆင်သင့်ရရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးဖြောင့်ဖြူးအဆင်ပြေစေခြင်း (navigation and infra-structure development) ၊ စသည့်အခြေခံကောင်းများဖန်တီးထားပေးခြင်း၊
(၄) တည်ငြိမ်သောနိုင်ငံရေးအခြေအနေရှိခြင်း၊ ဥပဒေများ၏ရှင်းလင်းပြတ်သားတိကျမှု၊ အကျိုးသက်ရောက်မှု၊ အပြောင်းအလဲနည်းပါးမှု ရှိခြင်း၊ (stability of the country’s political and legal systems)
(၅) ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်းတသွေမတိမ်းဆောင်ရွက်ခြင်း၊ လက်သင့်ရာလုပ်ပိုင်ခွင့်နှင့်အခွင့်အရေးများ ကင်းစင်ခြင်း၊ လဘ်ပေးလာဘ်ယူမှုကိုထိန်းကြောင်း အရေးယူနိုင်သော ဥပဒေများတိတိကျကျရှိနေခြင်း၊ (business protection and contract binding authority)
(၆) စီးပွားရေးဆိုင်ရာညွှန်ပြကိန်းများစစ်မှန်တိကျခြင်း၊ ယင်းကိန်းဂဏန်းများ တည်ငြိမ်ခြင်း၊ (stability of economic indicators which reflect the reality)
ဤအချက်ကြီးများက principle investors များကိုအဓိကဆွဲဆောင်စေနိုင်မည့်ရေခံမြေခံကောင်းများ ပင်ဖြစ်ပါသည်။
ယခုအသစ်ပြဌာန်လိုက်သောဥပဒေကိုလေ့လာကြည့်ပါကနိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ပြီးဈေးကွက်စနစ်ကိုကောင်းစွာဝင်ဆံ့နိုင်မည့်၊ စီးပွားရေးအကျိုးအမြတ်များ (investment incentives) တွေ့ရသည်။ ယင်းတို့အထဲတွင် -
(၁)  ပြည်ပinvestors များကိုကောင်းစွာမက်လုံးပေးနိုင်မည့် tax holidays ခေါ်အခွန်လွတ်ငြိမ်းခွင့် ကိုကနဦး(၅)နှစ်ပေးထားသည်သာမက၊
(၂)  ပြည်တွင်းသို့သွင်းယူလာမည့်၊ စက်ကိရိယာနှင့်ကုန်ကြမ်းပစ္စည်း အတွက်အခွန်ကင်းလွတ်ခွင့်ပေးထားခြင်း၊ (၃) ယခင်ကပြည်ပရင်းနှီးသူများကို မြေကြီးငှားရမ်းခွင့်ကန်ု့သတ်ချက်များ ကိုပယ်ဖျက်လိုက်ခြင်း၊
(၄) ပြည်ပသို့ပြန်တင်ပို့ရောင်းချလျင်ရရှိသောအမြတ်ငွေပေါ်တွင် သက်သာခွင့်(၅၀%)ပေးထားခြင်း၊
(၅) မိမိလုပ်ငန်းတိုးတက်မှုအတွင်သုတေသနပြုမှု၊ ဖွံ့ဖြိုးမှုလုပ်ငန်းဆောင်ရွက်ပါက အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ (၆) ရင်းနှီးမြှုပ်နှံမှုပမာဏထည့်ဝင်မှုရာနှုန်းကို ပြည်တွင်း၊ ပြည်ပ(၂)ဖက်လုံးကလွတ်လပ်စွာညှိနှိုင်း သတ်မှတ်နိုင်ခြင်း၊
(၇) ခွင့်ပြုထားသောစီးပွားရေးလုပ်ငန်းအမျိုးအစားအချို့တွင့်ပြည်ပရင်းနှီးမှုရာနှုန်းပြည့်မြှုပ်နှံခွင့်ပြုခြင်း၊
(၈) ရင်းနှီးမြှုပ်နှံမှုစာချုပ်တွင် arbitration အချက်ကိုထဲ့သွင်းခွင့်ပြုခြင်းကြောင့်၊ ပိုင်ဆိုင်သူများကြား အငြင်းပွားမှုကို အချင်းချင်းညှိနှိုင်းဖြေရှင်းခွင့်ရခြင်း၊ အဆိုပြုချက် နှင့် ခွင့်ပြုမိန့်တို့ကိုလက်ခံခြင်း၊ လက်မခံခြင်းကိုအချိန်ကာလတိတိကျကျ သတ်မှတ် အကြောင်းပြန်ခြင်း၊ အဆိုပြုခြင်းကိုလက်ခံကြောင်း (၁၅)ရက်အတွင်းကြေငြာပေးခြင်း၊ ခွင့်ပြုမိန့်ကို ရက်(၉၀)အတွင်းထုတ်ပြန်ပေးခြင်း၊
(၉) ပဋိညဉ်ချုပ်ဆိုသောကာလအတွင်းနိုင်ငံပိုင်မပြုလုပ်ခြင်း၊ ရပိုင်ခွင့်ကိုထည့်ဝင်ခဲ့သောနိုင်ငံခြားငွေဖြင့် ထုတ်ပေးရန်အာမခံချက်ပြုခြင်း၊
(၁၀) ယင်းသို့အဆိုပြုလွှာတင်သွင်းလာကြသူများကို၊ ရှင်းလင်းပြတ်သားသောစနစ်သုံး၍၊ ခွင့်ပြုမိန်ထုတ်ပေးခြင်း၊ ခွင့်ပြုရွေးချယ်ခြင်းလုပ်ရပ်ကိုလူသိရှင်ကြားထုတ်ပြန်ပေးခြင်း၊
ဤဥပဒေ၏နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းပြဌာန်းချက်များပေါ်ထွက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍရုပ်လုံးပီပြင်နိုင်မည်ဖြစ်သည်။ ဆွဲဆောင်မှုများရှိသော incentives များရှိသကဲ့သို့၊ မြေစမ်းခရမ်းပျိုးသွားရဥိးမည့်ပြဌာန်းချက်အချို့ကိုလည်းတွေ့ရသည်။ ကျွမ်းကျင်မှုဆိုင်ရာဝန်ထမ်းနေရာများတွင်၊ မြန်မာနိုင်ငံသားပညာရှင်များကိုနှစ်အလိုက်အချိုးကျတိုးတက်နေရာ ပေးသည့်နေရာတွင်၊ ၃-၄ နှစ်လောက် အတွင်း(၇၅%)ကျော်အထိတိုးတက်နေရာပေး၍ရနိုင်မရနိုင်ဟူသော အချက်သည်သံသယဖြစ်ဘွယ် ဖြစ်နေကြောင်း၊ နိုင်ငံတကာဘောဂဗေဒကျွမ်းကျင်သူတို့ကမှတ်ချက်ပြုကြသည်။ ထို့အပြင်ပြည်ပကျွမ်းကျင်သူ များအတွက်သတ်မှတ်လစာအပြင်ခံစားခွင့်များပေးရာတွင်၊ နေထိုင်စားသောက်စရိတ်အပြင်၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှု၊ အာမခံစနစ်မည်မျှအတိုင်းအတာအထိ၊ ပေါက်ရောက်အောင်ပံ့ပိုးပေး နိုင်မည်ဆိုသည့်အချက်ကိုစိတ်ပူပန်သူတို့ကပူပန်ကြသည်။ ယခုချိန်တိုင် ပြည်ပကျွမ်းကျင်သူများအတွက် အဆမတန်သော လစာများသာမက၊ အပန်းဖြေစရိတ်စသည်တို့ကအစ၊ ပြည့်စုံအောင် ပံ့ပိုးပေးရသည့်အတွက်၊ ပြည်ပပညာရှင်များကိုခန့်ထားရန်၊ ပြည်တွင်းစီးပွားရေးလုပန်ငန်းများက လက်တွန့်နေကြသေးသည်။ မိမိစီးပွားရေးနိုင်ငံတကာအဆင့်အတန်းမှီရေးအတွက် ကိုယ်ထူကိုယ်ထ ကြိုးစားနည်းလမ်းရှာနေရသည့် အဆင့်လောက်သာရှိသေးသည်။ မိမိနှင့်နီးစပ်ရာ (သို့မဟုတ်) သားသမီးများထဲမှ နိုင်ငံခြားပညာသင်ကြား တတ်မြောက်သူများကိုပြန်လည်ခေါ်ယူပြီး၊ လုပ်ငန်းကိုဥိးစီးလုပ်စေသည့်အခြေနေမျိုးကို အချို့ လုပ်ငန်းများ တွင်တွေ့ရသည်။ အလုပ်ခန့်ထားသူအလုပ်သမားများအတွက်၊ မကြာမှီကပြဌာန်းခဲ့သော လူမှုဖူလုံရေးဥပဒေ တွင်အကြုံးဝင်စေရေးအတွက် စနစ်တကျ မှတ်ပုံတင်ခြင်း၊ ခံစားခွင့်များကို ကျယ်ကျယ်ပြန့်ပြန့်ထိထိ ရောက်ရောက်လုပ်ပေးနိုင်သောအခွင့်အလမ်းများဖန်တီးပေးနိုင်ရန်လိုအပ်ပါသည်။ ၀င်ရောက်လာသော ရင်းနှီးမြှုပ်နှံသူတို့၏ရိုးသားဖြောင့်မတ်မှုကို မည်သည့်နည်းနှင့်တိုင်းတာမည်၊ ဥပဒေအရအရေးယူရာတွင် နိုင်ငံ၏အကျိုးကိုယုတ်လျော့စေမှုမှကာကွယ်နိုင်အောင်၊ မည်သည့်အတိုင်းအတာ အထိမြန်မြန်ဆောင်ရွက် အရေးယူနိုင်မည် ဆိုသည့်အချက်ကလည်းအဓိကစိမ်ခေါ်နေမည့်ကိစ္စဖြစ်နေပေသည်။  ဥပဒေ၏ တားမြစ်ချက်များဖြစ်သည့် နိုင်ငံယဉ်ကျေးမှုဓလေ့ကိုထိခိုက်စေမည့်၊ ပါတ်ဝန်းကျင်ဂေဟစနစ် ကို ပျက်စီးစေမည့်၊ တည်ဆဲနိုင်ငံသားတို့၏စီးပွားရေးကိုဆန့်ကျင်လွှမ်းမိုးပျက်ပျယ်နိုင်မည်ဆိုပါက၊ ပြစ်မှု စီရင်ထုံးများဖြင့်အရေးယူမည်လား၊ စီးပွားရေးကန့်သတ်ပိတ်ပင်မှုလောက်နှင့်ပြီးသွားမည်လားဆိုသည့် အချက်ကိုမေးခွန်းထုတ်စရာရှိလာနိုင်ပါသည်။
မြန်မာနိုင်ငံ၏လျင်မြန်လှသောနိုင်ငံရေးဖြစ်ပေါ်မှုအပေါ်ကမ္ဘာက တအံ့တသြဖြစ်နေသည်မှာ ငြင်းဘွယ် ကားမဟုတ်။ တခုအရေးကြီးသည်ကား ဤပြောင်းလဲမှုများသည် နိုင်ငံနှင့်နိုင်ငံသားများအားလုံးအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းမှုရှိမရှိ၊ ယင်းဖြစ်ထွန်းမှုများသည်တည်ငြိမ်သော ရေရှည် အကျိုးဆက်များ ဖြစ်နိုင်မဖြစ်နိုင်၊ စသည်တို့ကိုနိုင်ငံတကာက စိတ်ဝင်စားမှုအထူးရှိနေကြသည်။ အထူးသဖြင့် အနောက်နိုင်ငံများအပါအ၀င် အမေရိကား၏ စိတ်ဝင်တစားစောင်ကြည့်မုကအရေးအပါဆုံးဖြစ်လာနေသည်။ မည်သို့ဆိုစေ ထောက်ပံ့ကူညီမှုများအပါအ၀င်၊ အလုံးအရင်းနှင့်ဝင်ရောက်လာမည့် ပင်တိုင်စီးပွားရေး မြှုပ်နှံလိုသူတို့အတွက် စိတ်အားထက်သန်စေမည့် အခြေအနေကောင်းများ ဖန်တီးနေသည်မှာအမှန်ပင်။ သို့သော် ယင်းပြောင်းလဲမှုတို့မည်၍မည်မျှအာမခံချက်ရှိသည်ဆိုသောအချက်ကို သက်သေထူ နိုင်သောပုဂ္ဂိုလ်တစ်ဦးဦး၏ ထောက်ခံအားမှု၏ကဏ္ဍကအရေးပါလာပါသည်။ ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏အခန်းကဏ္ဍသည် အထူးအရေးပါရုံမက တာသွားနေသည်မှာအထင်အရှားပင်။ သမ္မတဦးသိန်းစိန် နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ နှစ်ဦးနှစ်ဘက်နားလည်သဘောတူညီမှုက ကောင်းစွာအထောက် အကူပြုနေပေသည်။ ၎င်းတို့နှစ်ဦး၏သဘောထား တူညီမှုခိုင်မာမှုအတိုင်းအတာ အပေါ်မူတည်၍၊ မြန်မာအစိုးရ၏နိုင်ငံရေးပြုပြင်မှု အရိပ်အကဲကိုနိုင်ငံတကာ နှင့်အထူးသဖြင့်အနောက်က တွက်ချက်ခန့်မှန်းကြမည်မှာအသေအခြာဖြစ်ပါသည်။ ထူးခြားချက်ကား နေ့စဉ်ရက်ဆက်ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ဘက်စုံတိုးတက်နေမှုများကို တည်ငြိမ်နိုင်သမျှတည်ငြိမ်အောင်ထိန်းသိမ်းနိုင်သော သမ္မတဥိးသိန်းစိန်၏ အရည်အသွေးကို မကွယ်မထောက် မြင်တွေ့နေရသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများ (အထူးသဖြင့်) စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လုပ်ငန်း ဌာနကြီးများတွင် တာဝန်ယူနေကြသူများ အနေဖြင့်မြန်မာနိုင်ငံသို့ သွားရောက်လည်ပါတ်မှုများ၊ နေ့စဉ်ရက်ဆက်တိုးပွားလာသည်။ နိုင်ငံခြားသို့ထွက်ခွာလိုကြသူတွေ၊ တိုးတက်ရာတိုးတက်ကြောင်း အကြံအစည်ကြီးကြသူတွေ ဒုနှင့်ဒေးဖြစ်ခဲ့သောကာလ၊ နိုင်ငံမှမည်သည့်နည်းနှင့်မဆိုထွက်ခွာကြရန် ကြိုးပမ်းကြသူတွေ “ဘရိတ်အုတ်”သောခေတ်သို့တမဟုတ်ခြင်းရောက်လာနေပေပြီ။ ပြည်ပရောက်အဆင်ပြေ၍ ရာထူးကောင်းဝင်ငွေကောင်းကြသူတိုင်းလိုလိုက မြန်မာနိုင်ငံသို့အနည်းဆုံးအလည်လောက်သွားချင်စိတ်တွေ ပြင်းပြလာကြသည်။ ယခင်က မြန်မာဆိုလျင် (မြန်မာဖြစ်လျက်နှင့်) နှာခေါင်းရှုံချင်ကြသူတွေ ကပြည်တော်ပြန်ရေးကိစ္စကိုမသိမသာ (တချို့ကဆိုလျင် သိသိသာသာ) မေးကြမြန်းကြဖြစ်လာကြသည်။ ယခင်က အမေရိကအပါအ၀င်၊ တိုးတက်သောနိုင်ငံကြီးများရှေ့တွင်ဗီဇာရရေးငွေထုပ်ပိုက်ကြသူတွေတန်း စီသောခေတ်မှ၊ ယခုအခါမြန်မာသံရုံးရှေ့တွင်ပြည်တော်ပြန်ရေးကိစ္စလုံးပန်းကြသူတွေ မှိုလိုပေါက်လာ သောခေတ်သို့ရောက်မှန်းမသိရောက်သွားပေပြီ။ မြန်မာနိုင်ငံသို့ပြန်လည်စီးပွားလုပ်ချင်ကြသူတွေက ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များတွင် သူ့နားတွင်ဝိုင်းဝိုင်းလည်ကြသလို၊ သမ္မတဦးသိန်းစိန်ရောက်ရာခရိးစဉ်တွင်နားချိန်စက္ကန့်ပိုင်းပင်နားခွင့်မရအောင် တွေ့ချင်ကြသူတွေ တန်းစီနေကြသည်။ ယခင်က နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ၊ အခမ်းအနားများတွင် တက်ရောက်ရန် ဖိတ်ကြားတိုင်း၊ “ဆောရီး” ကြသူတွေ၊ “ဓါတ်ပုံရိုက်မယ်ဆိုရင်မလာဘူးနော်”၊ “ဘာကြွေးမှာလဲ” ဟုကွန့်ကြတွန့်ကြသူတွေ၊ ယခုအချိန် ဒေါ်စုနားကပ်နိုင်သမျှကပ်နိုင်အောင်ကြိုးစားနေကြချိန်ဖြစ်သည်။ နေပြည်တော်ရုံးကြီးရုံးငယ်များတွင်ခြေချင်းလိမ်နေကြသောအချိန် ဟုဆိုပါက ယုံနိုင်ကြပါမည်လော။ သို့သော်ယင်းတို့ကအဖြစ်မှန်ပင်။ ပြည်တွင်းသို့သွားရောက်စီးပွားလုပ်ကိုင်ကြသူတွေ၏ ပထမဆုံးမေးခွန်းကား (၀ါ) စီးပွားရေးစတင်လုပ်ရန်တာစူကြသူတွေဆီးကပထမဆုံးကြားရသောမေးခွန်းစကားကား - “ဘယ်ဝန်ကြီးနဲ့အဆက်အသွယ်ရှိသလဲ” ဟူသောအကြီးမားဆုံးမေးခွန်းပင်။ အသေအခြာကြည့်ပါက ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍကြီးတခုလုံးကိုလွှမ်းမိုးချုတ်ကိုင်ခဲ့သည်ကား စစ်ဗိုလ်ချုပ်များပင်ဖြစ်သည်။ ယင်းတို့နှင့်နီးစပ်ခဲ့သောသူလက်တဆုပ်စာတို့ကသာလက်သင့်ရာ အခွင့်ထူးကြီးများရခဲ့ကြသဖြင့်၊ cronyism ကြီးစိုးခဲ့သောကာလကားရာစုတ၀က်နီးပါးပင်။ အထက်ကို မော်ကြည့်ပြီး အဆင့်ဆင့်ပေးကမ်းရသော ခေတ်ကကြီးစိုးခဲ့သဖြင့် ဤသို့သောမေးခွန်းမေးသည်မှာမဆန်း။ “မင်း-၀န်ကြီးမှာပါးစပ်ပါရင်၊ ဘာသားနဲ့ထုထားတာမို့လဲ“ ဟုပြောင်လှောင်ကြသူတွေကဒုနှင့်ဒေး။ လက်ရှိအစိုးရအနေဖြင့် လာဘ်စားမှု၊ အကျင့်ပျက်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်မည်ဟု သန္တိဌာန်ချထားကြောင်းသမ္မတက ပြီးခဲ့သော ပြုပြင်ပြောင်းလဲမှုဆိုင်ရာမိန့်ခွန်းတရပ်တွင် အတိအလင်းကြေငြာခဲ့သည်၊ ဒုတိယသမ္မတတစ်ဦး ဦးဆောင်သောကော်မရှင်တရပ်ဖွဲ့စည်းထားသည်။ လေ့လာကြည့်ရသလောက်သမ္မတ၏သဘောထား အတိအကျကိုတကယ်ရုပ်လုံးဖေါ်နေကြသူတွေကား သမ္မတရုံးဝန်ကြီးတစုလောက်သာ ရှိသေးသည်ကိုတွေ့ရသည်။ အခြားပြည်ထောင်စုဝန်ကြီးတွေအထိ ပြုပြင်ပြောင်းလဲရေးမူဝါဒအတိအကျဘယ်အထိပြန့်နှံ့နေပြီဆိုသည့်အချက်ကိုခန့်မှန်းရအလွန်ခက်နေသေးသည်။ မြန်မာနိုင်ငံသို့သွားရောက်လေ့လာပြီး၊ နေရင်းပြည်ပသို့ပြန်ရောက်ကြသူတွေ က “သိပ်မထူးသေးပါဘူး၊ ပြင်စရာတွေဒုနဲ့ဒေးကျန်သေးတယ”် ဟူ၍စိတ်ပျက်စကားဆိုကြသူတွေကိုလည်းတွေ့ရသည်။ FDI ဥပဒေနှင့်အခြားစီးပွားရေးဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၏သက်တမ်းနုနယ်သေးမှု၊ စီမံခန့်ခွဲကြသူတွေ၏ မရိုးသားမှု၊ ရှေးရိုးစွဲအမူအကျင့်များ၊ စာအုပ်ကြီးကိုင်ချင်ကြသူများ၊ နိုင်ငံတကာ ခေတ်နှင့်မျက်ခြေပြတ်ကြသူများ၊ စသည်တို့ကကြီးစွာသောအဟန်ု့အတားများဖြစ်နေသေး သည်ကိုတွေ့ရသည်။ အကြီးမားဆုံးစိမ်ခေါ်ချက်ကား၊ အုပ်ချုပ်သူနှင့်ပြည်သူကြားအပြန်အလှန် ယုံကြည်ကိုးစားမှုအားနည်းနေသေး ခြင်းပင်။ ထိပ်ဆုံးကနိုင်ငံအကြီးအကဲအပေါ်သံသယရှင်းကြသော်လည်းဘဲ၊ လက်အောက်အဆင့်ဆင့် ဌာနအကြီးအကဲများ၏ အားနည်းချက်များ၊ ရှေးရိုးဆန်နေသေးမှုတွေကို စိတ်ပျက်နေကြသူတွေရှိနေသေးသည်။
အမေရိကားနိုင်ငံအပါအ၀င်အနောက်နိုင်ငံများရှိ principle investors များဖြစ်သော Pepsi Cola, Coca Cola, GE, Google စသော စီးပွားရေးလုပ်ငန်းများအနေဖြင့်လေ့လာနေသောအဆင့်တွင်ပင်ရှိနေသေးသည်။ အမေရိကအစိုးရက စီးပွားရေးပိတ်ဆို့မှု (sanctions)ကိုအချို့တ၀က်သာ ရုတ်သိမ်းသေးသည်။ အဓိက ပြဌာန်းချက်များဖြစ်သော၊ စီးပွားရေးဆိုင်ရာအပြန်အလှန်ကန့်သတ်ချက်များလုံးဝရုတ်သိမ်းရေး၊ (တနည်းဆိုရလျင်) preferred စီးပွားဘက်အဆင့်အထိရောက်ရန်အထူးလိုနေပေးသေးသည်။ ခေတ်နောက်ကျကျန်ခဲ့သောနိုင်ငံသားတို့၏လူနေမှုကိုမြှင့်တင်နိုင်သောတခုတည်းသော နည်းလမ်းကားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှတခြားမရှိပေ။ ယင်းစီးပွားရေးလုပ်ငန်းရှင်များကအဓိက စောင့်ကြည့်နေသောအချက်ကား အမေရိကား၏ USAID အပါအ၀င် ကမ္ဘာ့ဘဏ်၊ ADB, IDB နှင့်EURO တို့၏ခြေလှမ်းသစ်များကိုပင်။ ယင်းတို့ကစတင်တော့မည့် နိုင်ငံထူထောင်ရေးဆိုင်ရာမဟာဗျူဟာ ကျစီမံကိန်းကြီးများအတွက် ကနဦး contract များကိုစောင့်နေကြပြီဖြစ်သည်။ ယင်းcontract များကပေါ်ထွက်လာမည့် infra-structure development အပေါ်တွင်အမှိပြုလျက်၎င်း၊ အစိုးရ၏ လုပ်နည်းဟန်မှန်ကန်တည်ငြိမ်မှုကို၎င်း၊ လေ့လာပြီးနောက် ယင်းစီးပွားရေးလုပ်ငန်းကြီးများက နောက်မှလိုက်ကြမည့်ပုံပေါ်နေသည်။ လေ့လာကြည့်ရသလောက် ယင်းဖြစ်ပေါ်မှုများအဟုန် နှင့်ပေါ်ထွက်လာနိုင်စရာရှိနေပေသည်။ ယင်းအချက်မှာလည်း၊ အစိုးရနှင့်ပြည်သူများအကြားအပြန်အလှန် ယုံကြည်ကိုးစားမှုခိုင်မာသည်ထက်ခိုင်မာလာမှုအပေါ်မူတည်နေပေသည်။
ပြည်တော်ပြန်စီးပွားရေးလုပ်လိုသူတို့အတွက် ရေခံမြေခံကောင်းများမြန်မာပြည်တွင်းတနေ့တခြားခိုင်မာ လာရေးကား၊ ထိုရင်းနှီးမြှုပ်နှံကြမည့်သူတွေ စစ်မှန်သော စီးပွားရေးလုပ်နည်းလုပ်ရပ်များ အပေါ် များစွာမူတည်နေပေသည်။ ထိုနည်းတူစွာပင် ပြည်တွင်းရှိအစိုးရတာဝန်ရှိသူများအပိုင်းကလည်း၊ ဟန်ချက်ညီသော ပြုပြင်ရင်းစိတ်ဓါတ်သစ်များများနှင့်မြန်မြန်မွေးဖွားနိုင်ဘို့လိုပေသည်။ စီးပွားရေးလုပ်ခွင့်အခွင့်အလမ်းဟူသည်နောက်ကျသည်၊စောသည်ဟူ၍မရှိဘဲ၊ ကိုယ်တည် ဆောက်မည့်စီးပွားရေးလုပ်ငန်း၏ ရုပ်လုံး model ပေါ်တွင်များစွာတည်နေပေသည်။ မိမိအဓိကထားရမည့်စားသုံးသူသည်လူများစုနှင့်အလွှာစုံကိုအကျိုးပြုနိုင်မည့်၊ အသုံးပြုနိုင်မည့် လုပ်ငန်းမျိုးသာဖြစ်ရန်လိုပေသည်။ “နိုင်ငံအတွက်” ဟုလျှာအရိုးမရှိတိုင်းကြွေးကြော်ရမည့်ခေတ်မဟုတ် တော့ပေ ဆိုသည်ကိုကောင်းစွာသဘောပေါက်ကြရမည့်ခေတ်သို့ရောက်ပေပြီ။

မတ်၊ ၂၀၁၃ ထုတ်ဝေဖြန့်ချိသော "မန္တလေးရတနာပုံနေပြည်တော်သတင်းစာ" တွင်ဖေါ်ပြပါရှိပြီး။