Wednesday, March 26, 2014

အဂတိ



ပြီးခဲ့သောနှစ် (၂၀၁၃) သြဂုတ်(၇) ရက်က မြန်မာနိုင်ငံတော်အစိုးရ၏အမိန့်ကြော်ငြာချက်အရ အာဏာသက်ဝင် လာသော “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ”ကိုပြည်ပပညာ ရှင်များသာမက မြန်မာပြည်သူတစ်ရပ် လုံးက၊ ကြီးစွာသော သံသယဖြင့်ကြိုဆိုခဲ့ကြသည်။ ဥပဒေအာဏာသက်ရောက်မှုမည်မျှကြီးမားကျယ်ပျံ့မည်ကို မည်သူမျှ မသိကြသော်လည်း၊ အဆက်ဆက်သော မြန်မာအစိုးရက၀န်ခံ ခြင်းမရှိခဲ့သော အုပ်ချုပ်ရေးစနစ်ကြီး ၏ပျက်စီးယို့ယွင်းမှုကို ဤကြေငြာချက်ဖြင့်ကမ္ဘာသို့တရားဝင် ကြေငြာလိုက်ရာရောက်သွားပေသည်။ ဤဥပဒေ ကြီးကိုအုပ်ချုပ်ရေးအ၀န်းအ၀ိုက်ပြင်ပရှိပညာရှင်များနှင့်လူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့်ချပြ၍ အပြန်အလှန် အထက်အောက်ဆွေးနွေးခြင်းအလျင်းမရှိခဲ့ဘဲ၊ လွှတ်တော်(၂)ရပ်လုံး အတွင်း လျင်လျင်မြန်မြန် ဖြတ်သန်းအ တည်ပြုလိုက်သည့် ဥပဒေအတည်ပြုရာလမ်းကြောင်းကို ကြည့်ခြင်း အားဖြင့်၊ ဥပဒေ၏သက်ရောက်နိုင်မှု အတိုင်းအတာကိုသံသယပွားစေသည်။ ဤဥပဒေကို နိုင်ငံတော်သမ္မတမှ လည်းတဆက်တည်းအမိန့် ထုတ်ပြန် ၍အာဏာတည်ကြောင်းကြေငြာခဲ့သည်ကိုတွေ့ရသည်။ ဥပဒေစတင်ရုပ် လုံးဖေါ်စဉ်က “လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး”ဟူသောဝေါဟာရကိုအသုံးပြုခဲ့သော်လည်း၊ ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော်သမ္မတရုံး တို့ နောက်ဆုံးအဆင့်အပြန်အလှန်ဆက်သွယ်ချိန်တွင်မှ “အဂတိလိုက်စားမှုတိုက်ဖျက်ရေး” ဟူသောဝေါဟာရ ဖြင့်အစားထိုးလိုက်ကြောင်းကြားသိသည်။
အဂတိ ဟူသောဝေါဟာရကို မြန်မာစာအဖွဲ့ဦးစီးဌာနမှထုတ်ဝေသော “မြန်မာ-အင်္ဂလိပ် အဘိဓါန်” တွင် “partiality in the dispensation of justice” ဟုတိုက်ရိုက်ပြန်ဆိုထားသည်ကိုတွေ့ရသည်။ အကျင့်ပျက်ချ စားမှု၊ အာဏာအလွဲသုံးစားမှု၊ ရာထူးအရှိန်အ၀ါကိုသုံးလျက်မိမိနှင့်တကွနီးစပ်သူများအကျိုးအမြတ်ရယူမှု၊ ဘက်လိုက်၍အရေးယူမှု၊ တံဆိုးလက်ဆောင်လာဘ်ရယူမှု၊ ပေးကမ်းမှု၊ အားထုတ်အားပေးမှု၊ ပုဂ္ဂိုလ်ရေး အာဃာတကြီးမှု၊ အကျိုးမျှော်ကိုး၍ ပေးကမ်းခြင်း၊ရယူခြင်းနည်းများဖြင့်၊ တိုက်ရိုက် (သို့မဟုတ်)သွယ်ဝိုက်သော နည်းမျိုးသုံးစွဲလျက်အားထုတ်မှု စသည်ဖြင့် ပုံစံအမျိုးမျိုးတွေ့ရသည်။ ထိုမျှသာမက လုပ်ငန်း (သို့မဟုတ်) ကိစ္စတခုခုကိုဥပဒေနည်း လမ်း ကြောင်းအရ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် ပြီးမြောက်အောင်မြင်အောင်လုပ် နိုင်သော်လည်း၊ မိမိအကျိုးပြုခြင်း ကြောင့်ကိစ္စပြီးမြောက်အောင်မြင်ဘိသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေလျက်၊ အကျိုးလာဘ်လာဘရယူ ခြင်းသည် လည်းအကြုံးဝင်နေပေသည်။ ထို့အပြင် ဤသို့ကျူးလွန်ကြ သူများတွင် အစိုးရဌာနဆိုင်ရာများ သာမက၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အမြတ်အစွန်းကိုအဓိကမထားသည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အပြင် ပြင်ပနေမြန်မာနိုင်ငံသားများသည်လည်းအကြုံးဝင်သည် ဆိုသည့်အချက် ကိုနားလည်ကြဘို့လိုပေသည်။
ပုဂ္ဂိုလ်ရေးအာဃာတတယူသန်စနစ်လွှမ်းမိုးသော ပါလီမန်ဒီမိုကရေစီခေတ် ခေတ်သစ်မြန်မာ့သမိုင်းကြောင်းကိုပြန်ကြည့်ပါက လာဘ်ပေးယူအကျင့်ပျက်စီးမှုကို အစိုးရအဆက်ဆက်တွင် မမြင်ချင်အဆုံးတွေ့ရသည်ဆိုလျင် လွန်အံ့မထင်။ ပါလီမန်ဒီမိုကရေစီလက်ထက်က ၀န်ကြီးဝန်ကလေးများ၏ အကျင့်ပျက်လာဘ်စားမှုကိုလွှတ်တော်စသည်တို့တွင်၊ ရေးကြီးခွင်ကျယ်ကန့်ကွက်ကြသော်လည်း၊ လုပ်မြဲလုပ် သူတွေရှိခဲ့သလို၊ ရာထူးကျ ထောင်ထဲဝင်ကြရသူတွေတွေ့ရသည်။ လာဘ်ပေးယူမှုကိုအိမ်နောက်ဖေးမှဇနီး မယားလုပ်သူက တိတ်တဆိတ်လုပ်ရာမှဗူးပေါ်သလိုပေါ်သဖြင့်၊ သတင်းစာများတွင်ဟိုးလေးတကြော်ဖြစ်ရာမှ၊ ရာထူးမှနှုတ်ထွက်ရန်အရေးဆိုခံရသော ဖဆပလခေတ် ဒုတိယ၀န်ကြီးချုပ်တစ်ဦး၏ဖြစ်အင် အကြောင်းကို လည်းကြားဘူးရသည်။ အိမ်ရှေ့မှ ‘ငါ’နှင့်ကိုင်တုပ်ခံရသူ ၀န်ကြီးများလည်းမနည်းခဲ့ပြီ။ အဆိုးဆုံးကားမိမိ ယုံကြည်ရာကိစ္စကိုအတင်းမျက်စေ့မှိတ်လျက်၊ လူထုအကျိုးဆောင်သယောင်ထင်ယောင်ထင်မှာဖြစ်အောင် လုပ်လျက်၊ တဖက်အတိုက်အခံများကိုပုတ်ခတ်ဝေဖန်ရန်စိတ်ထက်သန်မှု ပြင်းပြသော နိုင်ငံရေးခေါင်းဆောင် အချို့ကြောင့် ဖဆပလအဖွဲံကြီး (၂)ခြမ်းကွဲကာ၊ နိုင်ငံအ၀ှမ်းတရားဥပဒေကင်းမဲ့မှုနှင့်ကြုံခဲ့ရခြင်းပင်။
အခွင့်ထူးခံလူတန်းစားတစ်ရပ်ပေါ်ထွန်းစေခဲ့ပြီးနိုင်ငံချွတ်ခြုံကျစေခဲ့သော လမ်းစဉ်ပါတီခေတ် (၁၉၆၂)ခုနှစ်တော်လှန်ရေးအစိုးရတက်လာစဉ်က ဖဆပလအစိုးရ၏တကိုယ်ကောင်းဆန်အကျင့် ပျက်မှုအပါ အ၀င် အထွေထွေ ညံ့ဖျင်းမှု၊ နိုင်ငံမငြိမ်သက်မှုများကိုအော့နှလုံးနာကြသူပြည်သူတွေက “ဗိုလ်ချုပ်အစိုးရ”ဆိုပြီး သောင်းသောင်း ဖျဖျကြိုဆိုခဲ့ကြသည်။ နိုင်ငံစည်းလုံးရေးပြိုကွဲပြီး၊ လွတ်လပ်ရေးဆုံးရှုံးမှုအခြေရောက်ရ တော့မည့်အခြေကို ထိမ်းသိမ်းရန်ဟူသောကြွေးကြော်ချက်ဖြင့် နိုင်ငံအာဏာရယူခဲ့သော ဗိုလ်နေ၀င်း စစ်အစိုးရ တက်ခါစတွင်၊ ရန်ကုန်မြို့ကြီးအပါအ၀င်မြိုကြီးများတွင် ရှင်းလင်းသုတ်သင်ရေးများဆောင်ရွက်ခဲ့ သည်ကို တွေ့ရသည်။ အောက်ခြေလူတန်းစားများဖြင့် ဖွဲ့စည်းသော စွမ်းအားရှင်အဖွဲ့များပေါ်ပေါက်လာသည်။ သို့သော် ယင်းအောင်မြင်မှုသည် သက်ဇိုးရှေခဲ့ပုံမရခဲ့ပေ။ နိုင်ငံတော်ကိုတစ်ပါတီစနစ်ဖြင့်တည်ထောင်ပြီး ဆိုရှယ်လစ် လမ်းစဉ်ကိုမြန်မာ့နည်းမြန်မာ့ဟန်ဖြင့်ချီတက်မည်ဟုနှစ်အနည်းအတွင်းကြေငြာခဲ့သည်။ (၁၉၇၄)တွင်ပေါ်ပေါက် လာသော ပြည်သူ့ပါတီခေါ်လမ်းစဉ်ပါတီမှတဆင့်၊ ဒေသအလိုက်မြို့နယ်အလိုက် ပါတီကော်မတီနှင့်ယူနစ် ကော်မတီအသီးသီးတွင်အဖွဲ့ဝင် အဖြစ်ပါဝင်ကြသူများအာဏာတန်ခိုးထွားလာခဲ့သည်။ ယင်းတို့နှင့်အတူပေါ် ပေါက်လာသောအဆင့်ဆင့်သော ပြည်သူ့ကောင်စီများနှင့်ယင်းတို့၏အခြေခံအဖွဲ့အစည်းများသည်လည်း၊ ဦးဆောင်ပါတီအဆင့်ဆင့်၏ လမ်းညွှန်မှုကိုခံယူသည်ဟူသောစကားလုံးလှလှတို့ကို သုံလျက်မိမိတို့ ဆိုင်ရာ ပိုင်ရာနယ်နမိတ်အတွင်း၊ လူထုအတွက်ရလာသမျှသောစားသောက်ကုန်အပါအ၀င်၊ လူသုံးကုန် မျိုးစုံတို့ကို ကိုယ်ပိုင်ပစ္စည်းသဖွယ်ခွဲဝေယူကြသည်။ ပို၍ဆိုးသည်မှာယင်းအဆင့်ဆင့်သောပါတီ နှင့်အာဏာ ပိုင်အဖွဲ့ အစည်းဝင်အများစုကား၊ ပညာတတ်နည်းပါးမှုကြောင့် “ဆိုက္ကားသမားတရားသူကြီး” ဖြစ်သောခေတ်ဟု သမုတ်ခြင်းခံခဲ့ရသော ခေတ်ဖြစ်ခဲ့သည်။ သက်ဆိုင်ရာပါတီကောင်စီတို့နှင့်မီးသေကြသူတွေ လူသတ်မှုမှပင် ကွင်းလုံးကျွတ် လွတ်နိုင်သည်ဟု ဆိုစမှတ်ပြုကြရသည်။ ရသမျှသောအခွင့်အရေးပိုင်ခွင့်များကို ယင်းအာဏာ ပိုင်များက အရင်ဦးဆုံးရယူပြီးမှ၊ လက်ကျန်ကိုလူထုကမြင်ခွင့်၊ ရယူခွင့်ရှိကြရသည်။ လမ်းစဉ်ပါတီ တက်ခါစ ပထမ(၄)နှစ်သက်တမ်းတွင် ဟုတ်မယောင်ရှိခဲ့သည်။ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် ပြည်သူ့လွှတ် တော်တွင်ရှိသည်ဟု(၁၉၇၄) အခြေခံဥပဒေကဆိုထားသော်လည်း၊ ထိုလွှတ်တော်တွင် တင်သွင်းဆွေးနွေးဆုံး ဖြတ်မည့်ကိစ္စအ၀၀တို့ကိုယင်းနေ့မတိုင်မှီကျင်းပပြုလုပ်သော၊ ပါတီဗဟိုကော်မတီ ကဆုံးဖြတ်လမ်းညွှန်ပြီးမှသာ အဆုံးအဖြတ်ပြု၍ရသည်။ ပါတီဗဟိုကော်မတီကိုစတင်ပေါ်ပေါက်စဉ်က ဒေသအလိုက်ပါတီညီလာခံကိုယ်စား လှယ်များကရွေးချယ်ပြီးဒီမိုကရေစီနည်းကျကျဖွဲ့စည်းခဲ့သော်လည်းနောက်ပိုင်းသက်တမ်းများတွင်၊ ဗိုလ်နေ၀င်း အပါအ၀င်ထိပ်ဆုံးပိုင်းခေါင်းဆောင်များကသာလက်ညှိုးထိုးခေါင်းခေါက် ရွေးချယ်ခဲ့သည်။ ထိုခေတ်ကတစ်ပါတီ ဆိုရှယ်လစ်စီးပွားရေးခေတ်ဖြစ်သဖြင့်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များမျက်နှာ ငယ်သောအချိန် ဖြစ်သော် လည်း၊ နီးစပ်ရာ စီးပွားရေးလုပ်ငန်းရှင်အနည်းငယ်မျှကငွေစီသောကာလဖြစ်သည်။ အထူးသဖြင့်ထုတ်ကုန်သွင်း ကုန်၊ ကုန်သွယ်ရေးလုပ်ငန်းရှင်များသာများသည်။ ပြောရမည်ဆိုလျင် လာဘ်ပေးလာဘ်ယူကိစ္စထက် အခွင့် အရေးကိုပိုမိုဦးစားပေးသော “အခွင့်ထူးခံ”ခေတ်ကြီးဟုဆိုရမည်ဖြစ်သည်။ အထက်ဖားအောက်ဖိကြီးစိုးပြီး၊ နိုင်ငံချစ်ကြသည်ဟုမနားတမ်းပြောနိုင်ကြသူများ၊ ဆိုရှယ်လစ်စနစ်ကို ဖက်လျက်သေချင်သေပါစေဟု ကြွေး ကျော်ကြသူများ နေရာရကြ၊ မျက်နှာပန်းပွင့်ကြသောခေတ်ဟု ဆိုလျင်မှားမည်မထင်။ “တင်းပြည့်ပါတီဝင်” အဆင့်သို့ရောက်ရှိကြသူပါတီဝင်များအနေဖြင့်ပါတီ၏အချက်အခြာ ကျသောရာထူးများတွင်ထမ်းဆောင်ခွင့် ရခြင်းသည်ပင်လျင် ဆိုခဲ့သောအခွင့်ထူးများရရှိနိုင်ရေးအတွက် လမ်းစ ပွင့်သွားသည်ဟု ဆိုနိုင်သည်။ ကိစ္စ၀ိစ္စ များပြီးမြောက်စေရေး၊ ဌာနဆိုင်ရာစာရေးစာချီများကိုလဘက်ရေဆိုင် (အများအားဖြင့် ရုံးပြင်ကမ်းနားနီးရာတွင် တွေ့ရတတ်သည်) များသို့ပင်ခေါ်လျက်လဖက်ရေတိုက်လိုက်ခြင်းဖြင့်၊ မိမိအခက်အခဲကိစ္စတို့ပြီးမြောက် သွားနိုင်သည်။ တရားရုံးဖြစ်ပါကလည်းရှေ့ဖတ်နောက်ဖတ် စာရေးများကို ထိုနည်းတူချီးမြှောက်ခြင်းဖြင့် အမှုသွားအမှုလာတို့အတွက်လမ်းကြောင်းပွင့်သွားနိုင်စေသည်။ “လဖက်ရေဖိုး”ဟူသော ဝေါဟာရသည်၊ လူလူ ချင်းဆက်သွယ်လုပ်ကိုင်ရာကိစ္စအ၀၀တို့တွင် လွန်စွာတွင်ကျယ်ခရီးရောက်နိုင်သော “ချောဆီ”တခုဖြစ်မှန်းမသိ ဖြစ်ခဲ့သည်။ ထိုခေတ်မှတဆင့် “လဖက်ရေဖိုး” သည် သမိုင်းတွင်၍မြန်မာ့လူ့ဘောင် လောကတွင်ရေးကြီး ခွင်ကျယ်ကိစ္စတရပ်ဖြစ်လာသည်။ “လဖက်ရေဖိုး” သည် လူတိုင်းအတွက်မရှိမနေ မဖြစ်မနေ ခါးပိုက်ဆောင် ထားရသော၊ အကြံအောင်ဂါထာကြီးဖြစ်ခဲ့သည် မှာယနေ့တိုင်ပင်။ “လဖက်ရေဖိုး” ကိုမြန်မာတို့ယဉ်ပါးရသော နေ့စဉ်သုံး၊ အိမ်ထောင်စုတိုင်းသုံးရသော၊ ဓလေ့ထုံးတမ်းကြီးဖြစ်လာသည်။ ထိုခေတ်ကရှိခဲ့သော အမှတ်(၁) စက်မှုဝန်ကြီးဌာနကဖွင့်လှစ်ထားခဲ့သော “ပဒုမ္မာပြခန်း”၊ “မေတ္တာမွန်အရောင်းဆိုင်” တို့တွင်ဝယ်ယူခွင့် ကတ်ပြားကိုင်ဆောင်ခွင့်ရှိကြသူတွေ ကားဝန်ကြီးဝန်ကလေး များသာဖြစ်သည်။ သာမာန်အရာရှိမင်းများ ပင်လျင်ကပ်ခွင့်မရှိ။ ရာထူးအလိုက် Mazda (၃၂၃) စီးခွင့်ရကြသူတွေကို ယာဉ်ထိန်းရဲကအရိုအသေ ပြုကြရသည်။ Mazda(၉၂၉)စီးခွင့်ရှိကြသူတွေဆိုလျင် အနည်းဆုံးပါတီဌာန ချုပ်ထိပ်တန်းခေါင်းဆောင် ကြီးများနှင့် ၀န်ကြီးများနှင့်အခြားအာဏာပိုင်အဖွဲ့အစည်းဝင်များအတွက်ဖြစ်သည့်အတွက် ပို၍ပင်ဆိုးသေး သည်။ ယင်းအခွင့်အရေးမျိုးရလို့ကတော့ ငါ့်ထက်ပိုပြီးတိုင်းပြည်ကို ချစ်သူမရှိပြီ ဟုကြွေးကြော် လိုက်ချင်ကြသူ တွေ ဒုနှင့်ဒေးပင်။ ပါတီ၏လက်စွဲစာတမ်းပါ “ဝေဖန်ရေးနှင့်မိမိကိုယ်ကိုဝေဖန်ရေး” ဆောင်ပုဒ်ကို ပါတီ၏ ဗဟိုနိုင်ငံရေးတက္ကသိုလ်ပရ၀ုဏ်အတွင်းသာတွေ့ရပြီးတကယ် လက်တွေ့တွင်အဝေဖန်ခံနိုင်ရည်မရှိကြသူ တွေကို ထိပ်ပိုင်းပါတီခေါင်းဆောင်များအတွင်းပင် ဒုနှင့်ဒေးတွေ့ ရသည်။ အဆိုးဆုံအချက်ကား လူထုနှင့် တဖြေးဖြေး ကင်းကွာလာသော ပါတီခေါင်းဆောင်အဆင့်ဆင့်တို့၏ အဖြစ်မှန်ကိုအထက်အဆင့်ဆင့်သို့အမှန်ကို အမှန်အတိုင်း မတင်ပြဘဲဖုံးဖိခဲ့သော အားနည်းချက်များက နိုင်ငံကိုကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်သို့ ဆွဲချသွားခဲ့ခြင်းပင်ဖြစ်သည်။ (၁၉၈၈)စက်မှုတက္ကသိုလ်လဘက်ရေဆိုင်တွင် သီချင်းခွေရွေးရင်းအရပ်သားနှင့် ကျောင်းသားစခဲ့သည့်ရန်ပွဲမှသည် (၂၆)နှစ်တာကာလဘုန်းမီးနေလ တောက်ပခဲ့သော လမ်းစဉ်ပါတီကြီး ဘုံးဘုံးလဲခဲ့ခြင်းကိုကြည့်ခြင်းဖြင့်လူထုကြားတွင်းကြီးမားစွာကိန်းအောင်းခဲ့သောမကြေနပ်မှုအစိုင်အခဲကိုမြင်နိုင်သည်။ ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံတခုအဖြစ်ကမ္ဘာကနားလည်ထားသောမြန်မာနိုင်ငံအတွင်း တောရော မြို့ပါအနှံ့ ခေါင်းဖြတ်သတ်ပွဲများမယုံကြည်နိုင်စရာရှက်ဖွယ်လိလိဖြစ်ခဲ့သည်။ လမ်းစဉ်ပါတီ၏ဂျူလိုင်လ အရေးပေါ်အစည်းအဝေးကြီးတွင်၊ ပါတီထိပ်တန်းခေါင်းဆောင်များက နိုင်ငံချွတ်ခြုံကျမှုကိုကုစားနိုင်မည့်တံခါး ဖွင့် စီးပွားရေးမူဝါဒကိုတင်သွင်းရန်ကြံရွယ်ခဲ့သော် လည်းပါတီဥက္ကဌဗိုလ်နေ၀င်းမှကြားဖြတ်ဝင်ရောက်၍၊ သူနှင့်တကွထိပ်ပိုင်းခေါင်းဆောင်များရာထူးမှထွက်ပြီး နိုင်ငံရေးကိုကျောခိုင်းတော့မည်ဖြစ်ကြောင်းကြေငြာရင်း၊ ပါတီစုံစနစ်ကိုလမ်းဖွင့်ပေးခဲ့သည်။ သူ့အားနိုင်ငံအ ဖက်ဖက်မှယိုယွင်းမှုများကိုအသိမပေးဘဲ၊ နိုင်ငံချစ်သည် သူသောစကားတန်ဆာကိုရေလဲနှင့်သုံးလျက် “အခွင့်အရေး”ဇာတ်ခုံပေါ်တွင်မိန်းမောနေကြသော ပါတီခေါင်း ဆောင်များကိုလည်းအပြစ်တင်ပြီး၊ လူထုကိုလည်း ”နောက်ဆူရင်သေနတ်ဆိုတာမိုးပေါ် ထောင်ပစ်ဖို့မဟုတ်ဖူး” ဟုခြိမ်းခြောက်သွားခဲ့သည်။ သို့သော်လူထု၏ မကြေနပ်မှုအဆောက်အအုံက ပိုမိုကြီးထွားလာကာ၊ နိုင်ငံအ၀ှမ်း အုပ်ချုပ်ရေးယန္တရားကြီး တခုလုံးရပ်သွား ခဲ့လေသည်။ ယင်းလမ်းစဉ်ပါတီခေါင်းဆောင်အဆင့်ဆင့်အမည်ခံ လျက်၊ ပြည်တွင်း၏အားပြည်တွင်းမှာရှိသည် ဟုဆိုကြသူ တွေ၊ ပြည်ပသို့တိုင်းခန်းလှည့်လည်ချိန်တွင်၊ နိုင်ငံခြား ဖြစ်ပစ္စည်းများတွေ့ကြသောအခါအရှက်တမ်း မကြောက် တမ်းဝယ်ယူအသုံးပြုကြသူပါတီခေါင်းဆောင်အမည်ခံ အခွင့်ထူးခံလူတန်းစားတခု ပေါ်မှန်းမသိပေါ် လာသည်ကိုလူထုကမျက်ဝါ်းထင်ထင်တွေ့လာကြသည်။ သို့သော် လည်း နိုင်ငံခြားဖြစ်ကိုမက်မောသောစိတ် ကိုထင်ထင်ပေါ်ပေါ်မပြသရဲကြသေးပေ။ မြန်မာ့ဆိုရှယ်လစ်စနစ် ဟုကြွေးကျော်ထားသည့်အတွက် လည်းဖြစ် ကောင်းဖြစ်နိုင်ပေသည်။ ယမန်နှစ်က လမ်းစဉ်ပါတီ၏နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင်မကွယ်လွန်မှီက ရေးသားခဲ့သောလက်ရေးမူကိုစာအုပ်အဖြစ်ထုတ်ဝေခဲ့သော (၁၉၈၈)အရေးအခင်းမှတ်တမ်းပထမတွဲတွင်၊ မိမိပါတီနှင့်နိုင်ငံ့အရေးဆိုကြသှူဆန္ဒပြဆန့်ကျင်ကြသူများ နှစ်ဘက်လုံးကိုမျှမျှတတဖြစ်အောင်ဆန်းစစ် ရေးသားမည်ဟုကနဦးတွင်ဆိုခဲ့သော်လည်း၊ မိမိပါတီ၏ အား နည်းချက်၊ ပျော့ညံ့ချက်၊ မရိုးသားမှု၊ အခွင့်ထူးခံမှု၊ အောက်ခြေအခြေအနေမှန်များကိုထိမ်ချန်မှု၊ လူထုဘဏ္ဍာ ကိုပါတီဘဏ္ဍာအဖြစ်စာရင်းမရှိအင်းမရှိ သုံးစွဲခဲ့မှုတို့ကို၊ ခပ်တည်တည်အစဖျောက်ပြီး၊ ဆန့်ကျင်ကြသူများ၏ ပြည်ပအားကိုးမှု၊ ဒီမိုကရေစီရေးတောင်း ဆိုမှုတို့ကို အပြစ်ဖို့ခဲ့သည်။ ဒေါက်တာမောင်မောင်ကို ပါတီထိပ်ပိုင်း အတွင်းပညာတတ်လူတဆုပ်စာထဲက သဘောထားကောင်းပြီး၊ အခွင့်အရေးတတ်နိုင်သမျှရှောင်တတ်သူဟု သိထားကြသည်။ သိုသော်လည်း မိမိကိုယ်ကိုဝေဖန်ခြင်းအလျင်း မရှိခဲ့သော(၂၆)နှစ်တာကာလအတွင်း၊ ပါတီ ခေါင်းဆောင်အဆင့်ဆင့် တို့၏အရေခွံတို့သည်၊ ပြည်သူတို့၏ဆန့်ကျင်ဝေဖန်မှုတို့ကို ခံနိုင်ရည်မရှိအောင်ပါးလွှာ ခဲ့သည်ကတော့ အမှန်ဖြစ်ကြောင်းမျက်ဝါး ထင်ထင်မြင်ရပေသည်။
အကြွင်းမဲ့အာဏာရှင်စနစ်အဆုံးစွန်သောအခြေသို့ရောက်သည့်အမှောင်ခေတ်ဖုံးသောစစ်အုပ်ချုပ်ရေးခေတ်
(၁၉၈၈)ကျောင်းသားထု၏ဆန့်ကျင်ဆန္ဒပြမှုမှသည် လူတန်းစားပေါင်းစုံ အထွေထွေသပိတ်ကြီးအဖြစ် အသွင်ပြောင်းသွားသောလူထုတရပ်လုံး၏ရာစုနှစ်၏အကြီးမားဆုံးဆန့်ကျင်အံတုမှုကို မိုးမမြင်လေမမြင်၊ အခွင့်ထူးခံလူတန်းစားတရပ်အဖြစ်ရောက်ရှိနေသော လမ်းစဉ်ပါတီကြီးကနဖူးတွေဒူးတွေ့ရင်ဆိုင် လိုက်ကြ ရသည်။ မှတ်သားလောက်ဘွယ်မြင်ကွင်းတခုကားစက်တင်ဘာ(၁၈)ရက်နေ့မတိုင်မှီ၊ ရန်ကုန်အလံပြဘုရား လမ်းစစ်ရုံးကြီးဝင်းကိုဝိုင်းရံသောလူထုအင်အားသည် သန်းနှင့်ချီလောက်သည့်အတွက် မြန်မာ့သမိုင်းတွင် လူထု အင်အားအကြီးမားဆုံးသောအင်အားပြမှုဖြစ်ခဲ့ကြောင်း၊ ရှေ့မှီနောက်မှီ နိုင်ငံရေးလေ့လာကြသူအားလုံးက၊ တညီတညွတ်ထဲ သဘောတူခဲ့ကြခြင်းပင်။ အမှန်ဆိုရလျင်ထိုဆန္ဒပြ ကြသူနိုင်ငံသားအတော်များများထဲ တွင်လည်း၊ လမ်းစဉ်ပါတီဝင်များရှိနေကြခြင်းပင်။ သို့သော်လည်း ပါတီတွင်းအကျင့်ပျက်ချစားမှုအခွင့်ထူး ခံမှုတို့က လူထုတရပ်လုံး၏ရင်ဝယ် ဒေါသအစိုင်အခဲအဖြစ်ကြီး ထွားနေပြီဆိုသည့်အချက်ကို၊ ထိုခေတ်က ပါတီခေါင်းဆောင်အဆင့်ဆင့်က မသိကြိုးကျွံပြုခဲ့သည်။ လွတ်လပ်ရေးရှိခါစက “အာရှထမင်းအိုးကြီး” အဖြစ်ကမ္ဘာဇာတ်ခုံတွင်ရှေ့တန်းရောက်ခဲ့သောမြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံအဖြစ် ဆွဲချနိုင်ခဲ့သော လမ်းစဉ်ပါတီ (ခေတ်အခေါ် “မဆလ”ပါတီ)၏ မိမိအားနည်းချက်ကိုအမှန်အတိုင်းလျင်လျင် မြန်မြန်ဝန်ခံရန်ပျက်ကွက်ခဲ့မှ၊ု ပြူပြင်ပြောင်းလဲမှုများချက်ချင်းလုပ်ရန်ပျက်ကွက်မှုတို့ကိုလူထုတစ်ရပ်လုံးက နာကျည်းခြင်းမကနာကျည်းခဲ့သည်။ မြန်မာ့သမိုင်းအဆက်ဆက်၏အဓိကအကျဆုံးနိုင်ငံရေး အခန်းကဏ္ဍ တိုင်းတွင် လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်အတူယှဉ်တွဲပါလေ့ရှိခဲ့သော ဗိုလ်နေ၀င်း သည်သေဆုံးသည် အထိ မိမိ၏အားနည်းချက်ကိုတိပ်တဆိပ်ဆင်းရဲပင်ပမ်းကြီးစွာခံစားသွားရမည်ဆို သည်ကို ကားငြင်းဘွယ်မရှိပါ။ မိမိလက်အောက်ငယ်သားများ၏လက်လွတ်စပယ်အခွင့်ထူးခံစားခဲ့ကြသော သမိုင်း၏ အပစ်ကြွေးကိုခံစားသွား ခဲ့ရရှာသည်။ ထိုနှစ်စက်တင်ဘာ(၁၈)ရက်နေ့တွင် နိုင်ငံအာဏာကို ပြည်ထောင်စုကြီး “ချောက်ထဲကျရန်လက် တလုံးအလို”ဟူသော လက်သုံးစကားဟောင်းဖြင့်၊ မြန်မာတနိုင်ငံလုံးကို ခေတ်သစ် မြန်မာ့သမိုင်း၏အမိုက်တကာ့အမှောင်ဆုံးကာလကြီးထဲသို့ဆွဲသွင်းသွားခဲ့သည်။ ထိုနှစ်မှစတင်ပြီး(၂၀၁၀) လက်ရှိအစိုးရသစ်ပေါ် ပေါက်ချိန်အထိကာလကို လမ်းစဉ်ပါတီခေတ်ခေါင်းဆောင်များကပင် အောချရသော အကျင်ပျက်ချ စားမှုခေတ်အဖြစ်လူထုက မျက်ဝါးထင်ထင်မြင်လိုက်ကြရသည်။ အထက်တန်းအရာရှိကြီး တစ်ဦး၏အဆိုအရ၊ လမ်းစဉ်ပါတီခေတ်ခေါင်းဆောင်များကို စစ်ဗိုလ်ချုပ်များ၏အဂတိလိုက်စားမှု နှင့်ယှဉ်လိုက်ပါက saint များဟုပင်ခေါ်လောက်နိုင်သည်ဟူ၍ပင်။ ပါတီခေတ် ၀န်ကြီးများသုံးစွဲနေထိုင် မှုကိုသိမှီလိုက်ကြသူများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သော စစ်ဗိုလ်ချုပ်များ၏အတိုင်းအဆမရှိသော အာဏာအလွဲသုံးစားမှု၊ စည်းစိမ်ကျွယ်ဝချမ်းသာလာမှုကို မယုံကြည်နိုင်ဘွယ်ရင်သပ်ရှုမောမြင်တွေ့ လိုက်ကြရသည်။ အထက်လူကြီးအဆင့်ဆင့်ကိုချဉ်းကပ်လျက်မယုံနိုင်လောက်ဘွယ်လာဘ် တံစိုး လက်ဆောင် များပေးကမ်းနိုင်သူတို့ အဆင်ပြေရာထူးတက်ကြ၍၊ မပေးနိုင်သူတို့လမ်းဘေးရောက်သောခေတ်သို့တမဟုတ် ခြင်းရောက်သွား သည်။ စစ်တိုင်းမှူးအဆင့်လောက်ကို (၂)နှစ်လောက်လုပ်ခွင့်ရကြသူတွေ မိမိမိသားစုသာမက နီးစပ်ရာဆွေမျိုးသား ချင်းများပါတသက်စားမကုန်အောင်ကြွယ်ဝကြကုန်သည်ဟုဆို၏။ အိမ်ခြံ၊မြေကွက်၊ငွေကို ထားစရာမရှိအောင် ကြီးပွားလာကြသော စစ်ဗိုလ်ချုပ်များရာထူးမြဲရေးကားပို၍အရေးကြီးလာသည်နှင့်အညီ၊ အဆက်အဆင့်ဆင့်သို့ “အဘ” ခေါ်ရသောခေတ်ကြီးပေါ်ပေါက်လာသည်။ ပေးသူဝိုင်းနေသောခေတ်ကြီးတွင် အပေးနိုင်ဆုံးသူတွေက လုပ်ငန်းလိုင်စင်၊ စီးပွားရေးလိုင်စင်စသည့် လုပ်ပိုင်ခွင့်များရလာကြသည်။ ချမ်းသာသူ တွေချမ်းသာမဆုံးဖြစ် နေချိန်၊ ဆင်းရဲ၍ကုန်းကောက်စရာပင်မရှိသော ဆင်းရဲသားဒုက္ခသည်များတနေ့ တခြားတိုးပွားလာသည်။ အံ့သြဘွယ်ကောင်းသည်ကား၊ နိုင်ငံ့ဝန်ထမ်းအုပ်ချုပ်သူလူတန်းစားအကျင့်ပျက်၊ စာရိတ္တပျက်ပြားမှုကို၊ စစ်အစိုးရက မိမိနှင့်မဆိုင်သလို နေနိုင်ခြင်းမှာအံ့သြစရာပင်။ အစိုးရမှဥပဒေများချပြီး စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ပေးသောတံခါးဖွင့်စီးပွားရေးမူဝါဒကိုထိပ်ပိုင်းခေါင်းဆောင်ကြီးများ၏ တချက် လွှတ်အမိန့်ဖြင့် နေ့ချင်းညချင်းပြောင်းလဲပြီး မိမိစိတ်တိုင်းကျဥပဒေကိုကိုယ်တိုင်လက်တလုံးခြားလုပ်မှုများ ပြုလုပ် လာခြင်းကြောင့်၊ ရင်းနှီးမြှုပ်နှံမှုပြုရန်အိမ်နီးချင်းနိုင်ငံများကလက်တွံ့ကြသည်။ မုရင်း principal ပြည်ပ ရင်းနှီးမြှုပ်နှံမှုနည်းပါးပြီး၊ ပွဲစားရင်းနှီးမြှုပ်နှံမှုများသာပေါများခဲ့သောခေတ်ဖြစ်သည်။ သက်ဆိုင်ရာအာဏာပိုင် ၀န်ကြီးကိုတွေ့ခွင့်ရရှိရေး အတွက်ပင်(လုပ်ငန်းလုပ်ခွင့်ပါမစ်ရ, မရ ပင်မသိရခင်) နင့်နေအောင်ပေးကမ်းရသည် ဟုဆိုကြသည်။ ဒေါ်လာငွေစက္ကူနှင့်တန်ဘိုးတူသတ်မှတ်ထားသော၊ FEC ငွေလက်မှတ်ကိုပင် ၀န်ကြီးမင်း များကလက်မခံနိုင်ကြဘဲ၊ ဒေါ်လာငွေစစ်စစ်ကိုမှလက်ခံသည်ဟူသောသတင်းများ နေရာအနှံ့ကြားရသည်။ ဒေါ်လာမပေးဘဲ၊ “အထုပ်သေး” (လက်ဝတ်ရတနာကို ဆိုလိုသည်)ပစ္စည်းဥစ္စာ ပေးကြသူတွေ တွေမျက်နှာရ ကြသည်။ ဗိုလ်ချုပ်များနှင့်နီးစပ်သော လုပ်ငန်းရှင်တစုသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပါမစ်ကို တခုပြီးတခုရနေကြ သည့်အတွက် ခရိုနီများကြီးစိုးသော (Cronyism) ခေတ် ဟုလည်းဆိုနိုင်သည်။ နိုင်ငံခြားသို့အပြိုင်ဈေးဝယ် ထွက်နိုင်ကြသော ဗိုလ်ချုပ်ကတော်များ၏ ဂုဏ်ပြိုင်မှုကြောင့်၊ မိသားစုချင်း၊ သားသမီးချင်း၊ အပြိုင်အဆိုင်မှု တွေဖြစ်လာသည်။ ပညာရေးလောကတွင် ပညာသင်ကြားရေး ထက်ပညာကိုငွေနှ့င်လဲနိုင်လျင်ဆရာဝန်၊ အင်ဂျင်နီယာများပင်လွယ်လွယ်ဖြစ်နိုင် သည်ဟုဆိုသည်။ ကျန်းမာရေးလောကတွင်ဆရာဝန်များ၏ကျင့်ဝတ် ပျက်ပြားမှုကြောင့်၊ အစိုးရဆေးရုံများကို၊ (လူထုကဝေးရော) ကျန်းမာရေးလောကနှင့်နီးစပ်သောရာထူး အကြီးအကဲများကပင် အားမကိုးကြတော့သောအချိန်ဖြစ်သည်။
Good governance ဟုကြွေးကြော်၍တက်လာသော စစ်ယူနီဖေါင်းတဖြစ်လဲလက်ရှိအရပ်သားအစိုးရ (၂၀၁၀)ရွေးကောက်ပွဲကြီးတွင်ကမ္ဘာက ယုံချင်ယုံမယုံချင်နေ ”ကြိုတင်မဲ”ခေါ်မည်သည့်နေရာကမည့်သည့်နည်း နှင့်ရောက်လာခြင်းမသိရသော မဲပေးစနစ်ဖြင့်ရွေးချယ်ခွင့်ရကြသော အာဏာရစစ်အစိုးရပါတီကြီး ပြည်ခိုင်ဖြိုး (အများခေါ် “ကြံ့ဖွံ့”) မှ (၂၀၁၁)တွင် လူဝတ်လဲစစ်ဗိုလ်ချုပ်များဦးဆောင်သောအစိုးရတက်လာသည်။ ဗိုလ်ချုပ်ကြီးသိန်းစိန်အစိုးရမှ သန့်ရှင်းသောအစိုးရ (good governance) ဆိုသောဆောင်ပုဒ်ကိုဦးစားပေးကြွေး ကြော်လာသည်။ မည်သည့်ကိစ္စမဆို ထင်သာမြင်သာ (transparency)ဖြစ်ရမည်ဟူသောကတိတွေထပ် ခါတ လဲလဲပေးသော်လည်း၊ လက်ရှိအခြေအနေတွင် မူလ ခရိုနီဟောင်းများသာ အခွင့်အရေးတွေရပြီးရင်းရရင်း ဖြစ်နေကြသည် ကိုလူထုကမျက်မြင်တွေ့နေရသည်။ အစိုးရအဖွဲ့ဝင်ထိပ်ပိုင်း စီနီယာသမ္မတရုံးဝန်ကြီးများ (သာမာန်ပြည်ထောင်စုဝန်ကြီးများပင်ထားတော့) ပင်လျင် good governance ၏အဓိပ္ပယ်ကိုကောင်းစွာ သိပါလေစဟု သံသယကြီးစွာဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော်၎င်းတို့အတွင်း မူလအကျင့်ဟောင်းများ ဆက်လက်တွေ့နေရယုံမက၊ ၎င်းတို့ပိုင်စည်းစိမ်ဥစ္စာများကိုခ၀ါချရန်အရိပ်အယောင်များ မတွေ့ရသေးခြင်းပင်။ မီဒီိယာလောကပညတ်ချက်များကိုအပြီးတိုင်နီးပါးဖြေ လျှော့ပေးမှုကြောင့်အစိုးရကိုစာနယ်ဇင်းများတွင် ဝေဖန်မှုများ၊ အဂတိလိုက်စားမှုများဖေါ်ထုတ်ရေးသားလာ ခြင်းကြောင့် အာဏာပိုင်အစိုးရနှင့် စစ်ဗိုလ်ချုပ်များ တဖြစ်လဲအကြီးအကဲများဆတ်ဆတ်ထိမခံနိုင်ဖြစ်လာ ကြသည်။ ယခင်ကတီးတိုးပင်ဝေဖန်ခွင့်မရှိသောခေတ်မှ သည်၊ ဝေဖန်ဆန်းစစ်နိုင်သောမီဒီယာအားကိုရှိသော ခေတ်သို့တမဟုတ်ချင်းရောက်ရှိလာသဖြင့်၊ အဝေဖန်ခံနိုင် ရည်ကင်းမဲ့သော နိုင်ငံခေါင်းဆောင်အမည်ခံများ ဒုက္ခဆိုက်သောခေတ်ဖြစ်သည်။ လွှတ်တော်အမတ်အများစု မှလည်းယခင်က မိမိနယ်ပယ်များတွင်မင်းမူခဲ့၍ မော်ကြည့်ခွင့်ပင်မရခဲ့သောအချိန်မှ internet blogs များ၊ လူမှုဆက်ဆံရေးကွန်ယက် Facebook တို့တွင်ပယ်ပယ်နယ်နယ်ဝေဖန်ခြင်းခံရချိန်မို့ အနာပေါ်ဒုတ်ကျဆတ် ဆတ်ထိမခံဖြစ်ကြရသည်။ ယင်းအထဲတွင်လွှတ်တော်အမတ်နေရာကိုမရလိုက်ကြရသည့် (လစ်လပ်သွားသော မဲဆန္ဒနယ်များအတွက်) အတိုက်အခံနိုင်ငံရေးပါတီကြီးအတွင်းအပေးအယူမတဲ့ အငြင်းပွားမှုများဗူးပေါ် သလိုပေါ်လာသည် (အဏာပိုင်အဖွဲ့အစည်းရာထူးမျိုးပင်မဟုတ်သေး)။ အတိုက်အခံပါတီများအတွင်း မိမိပါတီထိပ်တန်းခေါင်းဆောင်ပိုင်းတွင် အတွေ့အကြုံရှိပညာတတ်သောနေရာများများပေးနိုင်ရေး၊ မိမိကိုယ် ကိုနိုင်ငံတကာအတွေ့အကြုံများရင့်သန်လာအောင်လေ့ကျင့်နိုင်ရေးထက် (၂၀၁၅)ခုအစိုးရနေရာ ရရှိရေးကို ပိုဦးစားပေးနေသယောင်တွေ့ရသည်။ အတွေ့အကြုံတခုတွင် (၁၉၈၈) နိုင်ငံတ၀ှမ်းအုပ်ချုပ်ရေးအာဏာကင်း မဲ့ပြီး၊ အမြို့မြို့အနယ်နယ်သပတ်စခန်းများဖွင့်လျက် သပိတ်ကော်မတီများမြို့အုပ်ချုပ်ရေးနေရာယူချိန်တွင်၊ စားသုံးသူခွဲတမ်း၊ ၀န်ထမ်းလစာပေးဝေမှုစသောကိစ္စကို၊ ယင်းသပိတ်ကော်မတီများက၊ ယခင်လမ်းစဉ် ပါတီ ခေတ်စနစ်ကကဲ့သို့ဆက်လျက်ကျင့်သုံးကြခြင်းကိုမယုံနိုင်ဘွယ်တွေ့ကြုံခဲ့ရသည်။ ဒီမိုကရေစီစကားမိုးမွှန်အောင် ပြောကြသူအချင်းချင်းရန်ဖြစ်ကြရင်း (တာဝန်ခံရာထူးလုကြရင်း)၊ ဖျာလုသော “ဖျာလုပွဲခေတ်”သို့ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ခဲ့သည်။ ရင်လေးဘွယ်ပင်။ မြန်မာပြည်သူတို့အတွက်အရေးတကြီးလိုအပ်နေသောအချက်ကား လူတိုင်းတင့်တောင့်တင့်တယ်သောလုံခြုံသည့် မိသားစုဘ၀တည်ဆောက်ရေးပင်ဖြစ်သည်။ နိုင်ငံကိုချစ်သည်၊ အမျိုးသားရေးဟုကြွေးကြော်နေရမည့်ခေတ်မဟုတ်တော့ ဆိုသည့်အချက်ကိုမေ့လျော့နေကြပုံရသည်။
“အဂတိ”ကိုသရုပ်ခွဲကြည့်ခြင်း
အဂတိလိုက်အကျင့်ပျက်ခြင်း၏သရုပ်ကိုသေသေချာချာလေ့လာကြည့်ပါက၊ အခွင့်အရေးပေးပိုင်ခွင့်အာဏာရှိ ကြသူတွေကို ငွေကြေးတတ်နိုင်သူ စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့စီးပွားရေး အကျိုးအမြတ်အမြန်ပေါ် ပေါက်ပြီး အစစအဆင်ပြေချောမွေ့စေရေးအတွက်လာဘ်လာဘတံစိုးလက်ဆောင်ပေးရာမှစတင်ခြင်းဖြစ်သည်။ ရိုးသားသော အာဏာပိုင်များကို ကြိမ်ဖန်များစွာ ချဉ်းကပ်ခြင်းနည်းဖြင့်လည်း၊ စာရိတ္တမဏ္ဍိုင်ကိုယိမ်းယိုင် စေလေသည်။ လာဘ်လာဘကိုရှောင်ရှားရန်ကြိုးစားကြသူများကိုလည်း “မင်းလူကြီးမှာပါးစပ်ပါရင်၊ ဘာကောင် မို့လဲ” ဟုကြွေးကြော်ပြီးစာရိတ္တကိုယိမ်းယိုင်အောင်ဖျက်ဆီးကြသူတွေကြောင့်လည်းပါသည်။ သည်ကြားထဲ ငွေကြေးဥစ္စာဓနမက်မောကြသူတွေ၊ အဂတိဝဲသြဂညွန်ထဲနစ်ကြရသည်။
လက်ရှိအစိုးရထိပ်ဆုံးပိုင်းခေါင်းဆောင် (အထူးသဖြင့်နိုင်ငံတော်သမ္မတဦးသိန်းစိန်)၏နိုင်ငံပြုပြင်ပြောင်းလဲလို သောစိတ်စေတနာသန့်ကို လူထုကသတိပြုမိသည်မှာအမှန်ပင်။ တိုင်းရင်သားများအကြားနှစ်ပရစ္ဆေဒကြာ ကိန်းအောင်းနေသောအချင်းချင်းမယုံကြည်မှုကိုဖြေဖျောက်လိုသောစိတ်ရင်းစေတနာကို အတိုက်အခံ ခေါင်းဆောင်များသာမက၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်ပိုင်းကပါလက်ခံကြသည်။ ခေတ်အဆက် ဆက် တယောက်နှင့်တယောက်မမြင်ချင်အောင် အပုတ်ချအပြစ်တင်ခဲ့ကြသော မတူညီသော နိုင်ငံရေး အမြင်များကို ဘေးချပြီး၊ နိုင်ငံတည်ဆောက်ရေးကိစ္စကိုဇောက်ချလုပ်ပေးလိုသောဆန္ဒ၊ နိုင်ငံရေးသင်ပုန်းချေ လိုသော ဆန္ဒတွေပြည့်နေသည်ကိုသတိပြုမိကြသည်။ ခက်သည်ကား မိမိတို့ရရှိခဲ့သော၊ ရရှိဆဲဖြစ်သော အခွင့်အာဏာ၊ စည်းစိမ်ကို နိုင်ငံကောင်းစားရေးနှင့်မလဲလိုသော ၊ အယူသီးနိုင်ငံရေးခေါင်းဆောင်များက၊ နိုင်ငံပြုပြင်တိုးတက်ကိုများစွာအဟန့်အတားဖြစ်နေစေလေသည်။ အဆိုးဆုံးကား နိုင်ငံရေးအာဃာတ များကြီးစိုးနေသေးခြင်းပင်ဖြစ်သည်။ လျင်မြန်သောနိုင်ငံရေးပြောင်းလဲရေးရေစီးကြောင်းတွင် ဆရာမွေးတပည့် မွေးစနစ်ကိုသက်ဇိုးရှေရန်ကြံရွယ်ကြသူတွေရှိတုံးပင်။ ယခင်ကလို ထင်ထင်ပေါ်ပေါ်တံစိုးလက်ဆောင်ပေးခွင့် မရတော့ပြီမို့၊ လာဘ်ကြေးပိုမိုကြီးလာကြောင်းပြောကြသူတွေရှိလာသည်။ အဂတိမလိုက်စားသော်လည်း၊ လိုက်စားသယောင်သပုပ်လေလွင့်ပြောရန်ဝန်မလေးသောခေတ်အခါကြီးမို့၊ “ဘာကြီးတွေ၊ ဘယ်လောက် တောင် ပေးကမ်းလိုက်ရတာ” ဟူသောစကားကို မျက်စေ့မှိတ်ယုံကြသူတွေများလာပြီဖြစ်သည်။ (မည်သူက သိတာ မှတ်လို့။) မြန်မာအစိုးရက လက်ရှိပြဌာန်းထားသော အဂတိလိုက်စားမှူတိုက်ဖျက်ရေးဥပဒေက နိုင်ငံရေးရာထူး ရှိကြသူတွေကျူးလွန်လျင် ပြစ်ဒါဏ် (၁၅)နှစ်အထိချမှတ်နိုင်ကြောင်းဆိုထားသော်လည်း၊ ဤပြစ်ဒါဏ်မြောက် ကြောင်းကိုသက်သေမထူနိုင်သေးသရွေ့ အဂတိပြစ်မှုမမြောက်နိုင်ဆိုသည့်အချက်ကို ဥပဒေပညာရှင်တို့က သတိပြုမိကြသည်။ အထူးသဖြင့်၊ ဥပဒေပြဆိုချက်ကိုမိမိလိုရာဆွဲအဓိပ္ပါ်ယ်ပြန်လေ့ရှိသော မြန်မာ့တရားစီရင်ရေး လောက၏အားနည်းချက်ကို လက်တလုံးခြားလုပ်မည့်သူတွေဒုနှင့်ဒေးရှိနိုင် ကြောင်းလေ့လာမိသည်။
အမေရိကကဲ့သို့ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွင်ပင် တံစိုးလက်ဆောင်ပေးချဉ်းကပ်မှုရှိသည်ဆိုသော်ငြားလည်း၊ lobbying laws များဖြင့် စနစ်တကျတင်းကြပ်သောစောင့်ကြပ်ကြည်မှုရှိနေသောကြောင့်၊ ထင်တိုင်းကြဲမရဆို သည့်အချက်ကိုသတိပြုမိကြဘို့လိုပါသည်။ rule of law ဆိုသည့်ဝေါဟာရ၏အနှစ်သာရကို အစိုးရသာမက လူထုကပါနားလည်ကြဘို့လိုပြီ။ ပွင့်လင်းမြင်သာသော နိုင်ငံရေးအခင်းအကျင်းလွင်ပြင်သစ်သို့ မြေစမ်းခရမ်းပျိုး ၀င်နေပြီဖြစ်သော၊ မြန်မာနိုင်ငံအနေဖြင့် မိမိချမှတ်သောဥပဒေမည်မျှအတိုင်းအတာအထိ သက်ဝင်အာဏာ တည်မည်ကို အထက်အောက်၊ အများပြည်သူကြားအပြန်အလှန်သိနားလည်အောင် ပညာပေးယုံမက၊ လက်ရှိ ကျင့်သုံးတတ်လာအောင် အစိုးရအနေဖြင့် လူထုကြားတိုက်ရိုက်ဝင်ရောက်ရန် လိုအပ်သောအချိန်ဖြစ်သည်။ တဖက်မှလည်းလူထုလူတန်စားမရွေး တန်းတူရည်တူရှိသော ဖူလုံသော မိသားစုဘ၀ရပ်တည်နိုင်ခွင့်ရှိသော အခွင့်အလမ်းများကိုဖန်တီးပေးရန်အစိုးရတွင်တိုက်ရိုက်တာဝန် ရှိသည်ဟူ၍သာ။