Friday, April 25, 2014

အိုဘယ့် - “နိုင်ငံခြား”



သမိုင်းဆရာတို့အဆိုအရ (၁၈၅၈)ခုနှစ်တွင် မြန်မာတိုင်းရင်းသားထဲမှ ပြည်ပမြေအမေရိကတွင်ပထမဆုံး ရောက်ရှိခဲ့သူမှာ မော်လမြိုင်သား မောင်ရှောလူ(နောင်- ဒေါက်တာရှောလူ)ဟုသိရှိရသည်။ မောင်ရှောလူ ဒေါက်တာဘွဲ့ကိုရယူပြီးသည်နှင့် ပြည်တော်ပြန်၍နေရင်းဒေသတွင်ပြန်လည် အလုပ်လုပ်ကိုင်သည်ဟု ဆိုသည်။ ယခုအခါ မောင်မိုးညိုတို့အပါအ၀င် ပြည်ပသို့အပြီးအပိုင်ပြောင်းရွှေ့ နေထိုင်ကြသူတွေ ဒုနှင့်ဒေးဖြစ်နေပေပြီ။ လွန်ခဲ့သော ရာစုတ၀က်ကျော်လောက်က ဆရာဝန်/အင်ဂျင်နီယာ စသောသက်မွေးဝမ်း ကျောင်းပညာ အရင်းခံရှိကြသူတွေသာ၊ ပြည်ပ (အထူးသဖြင့်) အမေရိက၊ အနောက်ဥရောပ နှင့် ဒေသတွင်း နိုင်ငံများ ဖြစ်သော ထိုင်း၊ စင်္ကာပူ စသည်တို့သို့ရောက်ရှိအခြေချနေထိုင်လျက် မိမိအတတ်ပညာ ကိုဆက်လက် လုပ်ကိုင်ခွင့်တွေရကြလျက်၊ ၀င်ငွေကောင်းကောင်းရရှိကြ၊ အဆင့်မြင့်သောလူနေမှုဘ၀များ သို့ရောက်ရှိကြ သည်။ ယင်းနောက်မြေကြည်ရာ မြက်နုရာ ပိုမိုခေတ်မှီတိုးတက်သောအနောက်တိုင်းပညာရှာရင်း၊ ပြည်ပတွင် ပင်အခြေချနေထိုင်ကြသူတွေ ပေါများလာသည်။
ခေတ်တို့သည် ဒီရေအလားအလျင်အဟုန်ပြင်းစွာဖြင့်ပြောင်းလဲခဲ့ပေပြီ။ ပညာတတ်ဘွဲ့ရများသာ ပြည်ပ သို့ထွက်ခွာကြသောခေတ်မှ၊ ပညာတတ်သူတွေရော၊ အလုပ်ကြမ်းသာလုပ်နိုင်သူ တောရောမြို့နေ လူတန်းစား အလွှာအသီးသီးတို့ ပြည်ပမြေသို့အခြေချကြသူတွေအလျှိုလျှိုပေါ်လာသည်။ ဆိုခဲ့သောရာစု ထက်ဝက်ခန့်က ပြည်ပထွက်ခွာခွင့်ဥပဒေကန့်သတ်ချက်တို့သည် တိကျရေရာခြင်းအလျင်းမရှိခဲ့သော မြန်မာအစိုးရ၏ပညတ် ချက်များသည်၊ ယခုခေတ်အခါတွင် တင်းကြပ်ချင်တိုင်းတင်းကြပ်နေပြီဖြစ်သည်။ ပြည်ပထွက်ခွာခွင့်သတ်မှတ် စာရွက်စာတမ်းများပြီးပြည့်စုံရုံသက်သက်နှင့်တိုင်းတပါးမြေသို့ရောက်နိုင်သောခေတ်မှသည်၊ ပါတ်စပို့၊ အခွန်၊ ပညာရေးကျန်းမာရေး၊ အလုပ်ထွက်ခွင့် သာမက ရောက်ရှိနိုင်ငံတွင် ဗီဇာရရှိရေးကိစ္စအ၀၀ကို ငွေလမ်းခင်းနေ ကြရပေပြီ။ ငွေမှ သိန်းသန်းချီ၍ မိမိစည်းစိမ်ပြုတ်သုံးကြရသည်မှာ ထူးသော်လည်းမဆန်းသောခေတ်သို့ရောက် ရောက်ခဲ့ပြီ။ ထွက်ခွာကြသူတွေထဲတွင် သက်မွေးဝမ်း ကျောင်းဘွဲ့ရကြသူတွေသာမက၊ ကျောင်းဆရာ၊ အနုပညာရှင်၊ စီးပွားရေးအသက်မွေးဝမ်းကျောင်း ကြသူတွေ၊ ကျောင်းသား/သူများ သာမက၊ နိုင်ငံရေးသမား၊ လယ်ယာကိုင်းကျွန်းစိုက်ကြသူတွေအဆုံးပါသည်။ တရားဝင်ရော၊ နယ်စပ်ကိုလမ်းရှောက်ဖြတ်ကျော်ပြီး၊ တတိယနိုင်ငံများမှတဆင့် ပြောင်းရွှေ့ခိုလှုံကြသူ ဒုက္ခသည်များ၊ ရွှေ့ပြောင်းအလုပ်သမား များပါပါသည်မို့၊ တိကျသော ပြည်ပရောက်လူဦးရေကိန်းဂဏန်းကိုမည်သူကမျှ မခန့်မှန်းနိုင်သော်လည်း၊ (၃) သန်းမှ(၅) သန်းအတွင်းပြေးမလွတ်နိုင်ဟုလေ့လာသူတို့ကဆိုကြသည်။ သန်း(၆၀)သော လက်ရှိမြန်မာ့လူဦးရေအရ၊  (၅%)ထက်မနည်းသောလူဦးရေတို့သည် ပြည်ပမြေတွင်အခြေချနေထိုင်ကြပြီဖြစ်သည်။ (၂၀၁၀) အမေရိက ၏တရားဝင်သန်းခေါင်စားရင်းကိန်းညွှန်ပြချက်အရ မြန်မာ (တစ်သိန်းကျော်) ရှိကြောင်းဆိုသော် လည်း၊ အမှန်တကယ်တွင် မြန်မာလူဦးရေသည်ထိုထက်များစွာမက အမေရိကတွင်ရှိနေကြောင်းသိထားကြသည်။
လွတ်လပ်ပြီးစမြန်မာနိုင်ငံတွင် ခေတ်ပညာတတ်များကို ယင်းတို့နှင့်စပ်အပ်သော အလုပ်နေရာမပေးနိုင်ဟူသော ဆင်ချေဖြင့် ပြည်ပပြောင်းရွှေ့ကြသူတွေရှိသောခေတ်မှ၊ တရိပ်ရိပ်ကျဆင်းလာသောစီးပွားရေး၊ ပြောင်းလဲလာ သော အစိုးရအဆက်ဆက်၏ဖိနှိပ်ချုတ်ချယ်မှု၊ဒါဏ်ကိုမခံရပ်နိုင်ကြသူတွေပါ ပြည်ပရောက်လာကြသည်။
“နိုင်ငံခြား” ဟူသောစိတ်ကူးအိပ်မက်တို့သည်၊ မိမိတို့နေရင်းဒေသတွင်ခံစားခဲ့ရသော အထွေထွေအဆင်မပြေ ကြပ်တည်းဖိနှိပ်ခံရမှုတည်းဟူသော ဝေဒနာဆိုးကြီးကို ကုစားနိုင်မည့်ဆေးလက်နက်ဟု တထစ်ချထင်မှတ် ကြသူက အများစု ရာနှုန်းဟုဆိုလျင်မှားမည်မထင်။ ဆွေပြစ်မျိုးပြစ်၊ သူငယ်ချင်းရင်းနှီးကြသူတွေ (သူတို့ကို အသိပင် မပေးနိုင်ဘဲ) ကိုသာမက မိမိ မိသားစုအရင်းအခြာများကိုပင်ပြစ်ပြီး ပြောင်းကြရသူတွေရှိရသလို၊ နိုင်ငံရေးအရ တိမ်းရှောင်ကြသူများဆိုလျင်ရင်ကွဲဘွယ်အဖြစ်များပင်ကြုံကြရသည်။ ခေတ်စနစ်၏ဆိုးမွေကို ခံစားကြရသော ထိုထိုသော လူတန်းစားများရှိခဲ့၊ ရှိဆဲဖြစ်နေကြသလို၊ တည်ခဲ့သော၊ တည်နေဆဲဖြစ်သော စနစ်၏အဆီအနှစ်ခံစားခွင့်ကို အကြွင်းမဲ့ခံစားနေကြရသူတို့ကလည်း “ပြည်ပအားကိုးပုဆိန်ရိုး” ဟူသော ၀ါဒလက်နက်ကိုကိုင်စွဲလျက်ပြည်ပရောက်များကိုရှုံ့ချ နေနိုင်ကြသည်ကို မယုံနိုင်ဘွယ်မြင်နေရဆဲပင်။ စနစ်ပေါ်ဖင်ခုထိုင်လျက် စနစ်၏အဆီအနှစ်ကိုအလျံပယ် စားသုံးနေကြသူတွေက ကိုယ့်တမြေထဲဖွား သားချင်းများအဘယ်သောအကြောင်းရင်း တွေကြောင့် ပြည်ပသို့ရောက်ချင်းမကရောက်နေကြရသလဲဟူသော မေးခွန်းထုတ်ကြရန်လိုသလို၊ ငါတို့ပြည်ပမြေရောက် ရသည့်ဘ၀သည် မိမိ မိသားစုဘ၀အတွက်အဘယ်မျှ အဓိပ္ပါယ်တန်ဘိုးရှိကြောင်းသုံးသပ်ကြရန်၊ အဖြေရှာကြရန် လိုသောအချိန်ဆိုက်ရောက်ပြီဖြစ်သည်။
အမှန်ဆိုရလျင် နေ့စဉ်နှင့်အမျှမိမိဘ၀နှင့်စပ်အပ်သည်ဖြစ်စေ၊ မစပ်အပ်သည်ဖြစ်စေ၊ ကုန်းရုံးလုပ်ကြရသော ပြည်ပနေများ၏ဘ၀သည် “နိဗ္ဗာန်” မဟုတ်ဆိုသည်ကိုတော့ စာဖတ်သူတို့လက်ခံစေချင်သည်။ ကွာခြားခြင်း မက ကွာခြားသော ယဉ်ကျေးမှုသည် မိမိနဂိုရှိရင်းစွဲဓလေ့ထုံးတမ်းကို စိမ်ခေါ်ခြင်းမက စိမ်ခေါ်နေပေသည်။ ထိုမျှသာမက မိမိမှပေါက်ဖွားသောသားသမီးများအတွင်းသို့ အထိုက်အလျောက်သာမက ထဲထဲဝင်ဝင် ၀င် ရောက်အနုကြမ်းစီးချင်းခံနေကြရသည်ကို ရင်နင့်ခြင်းကြီးစွာဖြင့်ကြည့်နေကြရသည် ဟုဆိုလျင်လွန်အံ့မထင်။ သေခြာသည့် အချက်ကား တပါးနိုင်ငံသို့ပြောင်းရွှေ့ကြရန်ထိုလက်ခံနိုင်ငံတို့ကအတင်းဓါးမိုးခေါ်ယူခြင်း မဟုတ် ဘဲ၊ မိမိတို့ကိုယ်တိုင်က “လာချင်ပါချည်ရဲ”့ ဟုကြွေးကြော်ကြိုးစားလာကြသူတွေချည့်ဖြစ်သည်။ မြန်မာ့မြေတွင် ကျန်ရစ်သော ဆွေမျိုးညာတကာမိတ်ဆွေများနှင့်ပြန်ဆုံတိုင်းသွားဖြဲဖြီးဖြန်း၍ ပြန်ကြွားလုံးထုတ်၍၊ မိမိနေထိုင် ရာဒီမိုကရေနိုင်ငံကြီး၏အံ့သြဘွယ်ကောင်းချက်များနှင့်သာမိုးလုံးပြည့်ပြန်ပြောကြသည်။ တဟုန်ထိုးပြောင်းလဲ လာသော မီဒီယာလောကကြီးသည်ယခုအခါ မြန်မာ့မြေတွင်မြို့ကြီးများသာမက၊ တောရောတောင်တန်းဒေသ အထိပေါက်ရောက်နေပြီမို့၊ အမေရိကကဲ့သို့သော ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများ၏အဖြစ်သနစ်စုံကို မြန်မာ တိုင်းရင်းသားတို့ ရိပ်မိသင့်သလောက်ရိပ်မိနေကြပြီဖြစ်သည်။ သို့သော် “နိုင်ငံခြား”ဟူသော မြန်မာ တိုင်း ရင်းသားတို့အတွက်ကုသရခက်သောဝေဒနာကို၊ ယင်းတိုင်တပါးနေဒုက္ခအခက်အခဲဘ၀စိတ်ဖိစီးမှုဟူသော သိ/ကြားသတင်းတို့က အလဲမထိုးနိုင်သေးပေ။
အမေရိကနှင့်နိုင်ငံတကာသို့လက်ရှိပြောင်းရွှေ့နေထိုင်ကြသူတွေ၏စိတ်နေစိတ်ထားခံစားရမှုကိုလေ့လာကြည့်ပါက အသက်အရွယ်ပေါ်မူတည်၍ကွာခြားကြောင်းတွေ့ရသည်။ ယေဘူယျအားဖြင့် အသက်(၁၈)အောက် ရောက်ရှိလာကြသူတွေ ဒေသယဉ်ကျေးမှု၊ ဘာသာစကားပြောဆိုမှုတွင်းစိမ့်ဝင်မှုလျင်မြန်သည်ဟုဆိုနိုင် သော်လည်း၊ ထိုထက်ကြီးသူတွေ ရုန်းကန်ကြရ၊ အခက်အခဲရှိကြသည်ကများသည်။ အသက်ကြီးလေပိုမို ခက်ခဲလေဖြစ်သည်။ ဤနေရာတွင် ခက်ခဲသည်ဟူသောစကားရပ်ကိုဝေါဟာရအဓိပ္ပါယ်ဖြင့် ပွင့်ပွင့်လင်းလင်း ဖေါ်ပြရပါက၊ နိုင်ငံခြားကို “မကြိုက်ခြင်း” ပင်။ ထိုမကြိုက်သူများထဲတွင် ဆရာဝန်/အင်ဂျင်နီယာအလုပ်အကိုင် ကြီးများရရှိပြီး၊ ၀င်ငွေကောင်းကြသူတွေပင်ပါသည်ဟုဆိုလျင် မှားမည်မထင်။ သေခြာသည့်လေ့လာတွေ့ ရှိချက်ကား၊ နိုင်ငံမြေခြားကိုမကြိုက်ကြသူများသည်မိမိအသက်မွေးဝမ်းကျောင်းနှင့်လားလားမှမဆိုင်၊ မိမိစတင်ရောက်ရှိအခြေချနေထိုင်သော အသက်အပိုင်းအခြားပေါ်သာမူတည်သည် ဆိုသည့်အချက်ပင်။ မိမိရှိရင်းစွဲဘ၀ကိုကိုခုံမင်ပါသည်ဟုဆိုပြီးရင်ထဲကကြိတ်၍၊ မြန်မာ့မြေနှင့် မြန်မာ့ဓလေ့ကိုလွမ်းကြသူတွေ ဒုနှင့်ဒေးပင်။ ပြည်ပနေမြန်မာတို့ ဟန်ဆောင်ကောင်းကြလေပြီလော။ ဒီအထဲ ပြည်တော်ပြန်လည်ပါတ်ကြသူ တွေက မိမိခင်မင်ကြသူတွေကို “ငါတို့အမေရိက က၀င်ငွေနဲ့လူနေမှုအဆင့်အတန်းပေးမည်ဆိုလျင် မြန်မာပြည် ပြန်လုပ်ကိုင်ရင်း တိုင်းပြည်အကျိုးပြုမည်” ဟု အားမနာလျှာမကြိုး ဆိုကြသူတွေလည်းတွေဘူးကြားဘူသည်။ အံ့ဘွယ်ကောင်းပေစွ။ အဆီစား၍ ခေတ်၏အခွင့်ထူးခံစားနေကြသူမြန်မာတွေကိုဂရုမစိုက်ချင်နေ၊ ဘ၀တူတွေ ထဲက တ၀မ်းတခါးအတွက်ရုန်းကန်နေကြရသူတွေရဲ့မျက်နှာကိုထောက်ထားရန်မေ့လျော့နေကြလျော့ထင်။ ပြည်တော်ပြန်လည်ကြသူချင်းတူသော်လည်း၊ မိမိနှင့်သက်ဆိုင်သော ဆွေမျိုးညာတကာတို့၏လူနေမှုအဆင့် အတန်းစီးပွားတောင့်တင်းမှုပေါ်မူတည်၍၊ တည်းခိုနေထိုင်စဉ် လိုလေသေးမရှိခြေမွှေးမီးမလောင်၊ လက်မွှေး မီးမလောင် သူဌေးလိုဝိုင်းဝိုင်းလည်နေကြသူတွေ မြန်မာပြည်သို့ချက်ချင်းပြောင်းနေကြလိုသူစိတ်ကူးယဉ် အထင်ကြီးကြသူ တွေရှိကြသော်လည်း၊ သတိထားရန်အချက်ကား၊ မိမိလည်ပါတ်စဉ်ကာလသည် ခေတ္တရက် ပိုင်းသာမျှဖြစ်သည် ဆိုသည့်အချက်ကိုပင်။ မိမိသွားရောက်လည်ပါတ်စဉ် အချက်အခဲပြဿနာပေါင်းစုံတို့ကို နဖူးတွေ့ကြုံကြသူ တွေကလည်း တခေါက်တည်းနှင့် တပ်ခေါက်ပြန်ကြသူတွေလည်းဒုနှင့်ဒေးပင်။
မိမိသားသမီးများကမိမိတို့ကို (မိမိက မိမိတို့မိဘများကိုကြည့်ရှုစောင့်စားမှု၊ လေးစားလိုက်နာမှုရှိသကဲ့သို့) ပြန်လည်ကြည့်ရှုလိုက်နာမည်ဟုထင်ကြေးရှိကြသူတွေ ထင်တိုင်းမပေါက်ကြ၍ ရင်ကွဲနာကျကြသူမိဘများ တွေ့ဘူးသည်။ သတိပြုရမည့်အချက်တခုကား ခေတ်ရေစီးကြောင်း၏ပြောင်းလဲမှု နှင့် အတားအဆီးမရှိသော လူ့ယဉ်ကျေးမှုးကူးသန်းမှုကို ထိုထိုမိဘတို့မျက်ခြေပြတ်ခြင်းမကပြတ်ခဲ့ကြသည်။ ဤပြောင်းလဲမှုအဟုန်သည်၊ အမေရိကကဲ့သို့နိုင်ငံများသာမက မြန်မာပြည်တွင်းတောရောမြို့ပါမကျန် ရိုက်ခတ်ချင်တိုင်းရိုက်ခတ်နေပြီ ဆိုသည့်အချက်ကိုပင်။ (၁၈)နှစ်ပြည့်သည်နှင့်မိမိတကိုယ်ရည်ပိုင်ခွင့် ဟူသော privacy တံတိုင်းကြီးက မိဘ နှင့်သားသမီးများကြားတွင် အခြားကြီးခြားခဲ့သည်။ ဤအချက်ကိုလက်ခံရန်ပျက်ကွက်ခဲ့ပါက ခံစားရသူတွေမှာ မိဘများသာဖြစ်သည် ဆိုသည်ကိုပင်။ ကြိမ်မိုး၍ သားသမီးကိုဆုံးမသော ခေတ်သည် ခေတ်လူငယ်များ၏ အသိနယ်တွင် ယုံတမ်းပုံပြင်များအဖြစ်သာကျန်နေသည်။ ခေတ်တို့သည်ပြောင်းလဲချင်းမက ပြောင်းလဲခဲ့လေပြီ။ သားသမီးများ၏ဘ၀ဖြစ်ထွန်းအောင်မြင်မှုများသည် မိမိတို့သက်ကြီးပိုင်းဘ၀လိုအပ်ချက်ကို အထောက်အကူ ပြုမည်ဟုတွက်ချက်ကြသူတွေတွက်ကိန်းမှားချင်းမကမှားကြလေပြီ။ မိမိဘ၀မိမိဖန်တီးခွင့်၊ မိမိဘ၀အနာဂါတ်ပုံ ဖေါ်လိုမှုဆန္ဒကိုမိဘများအားထုတ်ဖေါ်အသိပေးခြင်းသည်၊ “အသိပေးခြင်း”သက်သက်သာ ဖြစ်သည်ဆိုသည် ကို လက်ခံရသော ခေတ်ကြီးကိုခေတ်ဆိုးကြီးဟုဆိုကြမည်လော။ ယင်းသို့ထင်လိုက်သည်နှင့် မိမိတို့ခေတ် နောက်သို့ကျန်ချင်းမကကျန်ခဲ့ပြီဆိုသည်ကိုနားလည်ကြလိုပေပြီ။ ကိုယ်ကမပြင်ချင်နေ၊ သူတို့က ပြင်ပြီးသော ခေတ်သို့ရောက်နေနှင့်လေပြီ။
(၂၀)ရာစုအတွင်း မိမိတို့ရောက်ရှိရာအမေရိကအပါအ၀င်နိုင်ငံတကာရောက်ကြသူတွေ၊ မိမိတို့မိဘသားချင်းများ ကိုခေါ်ယူနေထိုင်ကြရာမှ၊ မြန်မာ့မြေတွင် မိမိသားချင်းမကျန်တော့ဟုဆိုနိုင်ကြသူတွေ၊ ဒုနှင့်ဒေးဖြစ်လာနေပြီ။ ရောက်လာကြသူတွေအခြေကျကြသူတွေ ရှိသလိုအသက်ကြီးပင်စင်စားဘ၀ရောက်မှရောက်လာကြသူတွေ၏ ဒုက္ခသည်လည်းမသေးလှပါ။ သားသမီးများကိုထားတော့၊ မြေးမြစ်များ၏ပြောင်းလဲချင်းမကပြောင်းလဲနေသော ပြောဆိုနေထိုင်မှုကို၊ လက်မခံနိုင်သော ဒုက္ခကကြီးများလှသည်။ အဘိုးအဖွားများရောက်ရှိနေထိုင်ကြရခြင်း အကြောင်းရင်းကား၊ မြေးများထိမ်းကျောင်းရင်းအိမ်ကိုစောင့်ရှောက်ရန်ဆိုသော အဓိကအကြောင်းမှလွဲ၍ အခြားမရှိလှ။ နေ့တဓူဝ စကားပြောဆိုရမည့်သူမရှိ (အိမ်နေအားလုံး အလုပ်သွားကြသဖြင့်)၊ ကိုယ့်ဖာသာကိုယ် မသွားနိုင်၊ စကားမပြောတတ်၊ မလုပ်တတ်မကိုင်တတ်၊ စသော အထွေထွေသော “မတတ်” နိုင်မှုတို့ကသူတို့၏ ပျော်ရွှင်လိုသောဆန္ဒကိုခြိမ်းချောက်နေပေသည်။ တနေ့တာလုပ်ခွင်အတွင်း ပင်ပမ်းစိတ်ဖိစီးမှုမှပြန်ရောက် လာကြသူ သားသမီးများကလည်း၊ အိမ်ပြန်ရောက်သည်နှင့်၊ စားရေးသောက်ရေး နှင့် အခြားအခြား မကုန်နိုင် သောစာရွက်စာတမ်း ကိစ္စအ၀၀ကို တဖန်နပန်းလုံးကြရချိန် တွင်၊ ဖိုးဖွားသက်ကြီးပိုင်းများကို မာကြောင်းသာ ကြောင်းပဋိသန္တာရစကားပြောနိုင်သည်ကပင်လျင်အဆုံးစွန်။ မိမိသားသမီးများကို အလုပ်မှပြန်လာလျင်မိမိ ပြောချင်တာတွေ၊ ရင်ထဲကပြောစရာရှိတာ တွေပြောမည်ဟု မောင်းတင်ကြသူ၊ အိမ်နေဖိုးဖွား သက်ကြားအိုများ ၏ “နဖူနဆာ”ပြောလိုသောစကားတို့သည် သူတို့ပါးစပ် ပေါက်ဝများတွင်အာစေးခြောက်လျက်ကွယ်ပျောက် ကြကုန်၏။ တင်းကြပ်လာသော လူဝင်မှုကြီကြပ်ရေးဥပဒေများက သက်ကြီး ပိုင်းများ၏နေထိုင်ခွင့်/ခံစားခွင့် အခွင့်အရေးများကို တဖက်က လည်းခြိမ်းချောက်နေသည်။ တနေ့နေ၍မိမိတို့နှင့်စကားပြောရမည့်သူဟူ၍မရှိ။ မိမိတို့နှင့်ဤဒေသသစ်သည် လားလားမှမဆိုင်ဟု အတွေးသဘောပေါက်ကြသူတွေဖြစ်လာ ကြသည်။ မြန်မာ ပြည်သို့အပြီးပြန်ပြီ။ နောက်မလာတော့ဟုကြေငြာမောင်းခတ်၍ နောက်ကြောင်း ပြန်မလှည့်ကြ သူတွေလည်း တဖြေးဖြေးကြားလာ ရသည်။ Las Vegas လိုနေရာမျိုးကိုတောင် မမက်မောနိုင် ကြတော့ဟူကုန်။
မိမိတို့ကိုယ်တိုင်မလာကြသော်လည်း တတ်နိုင်သူစီးပွားရေးလုပ်ငန်းရှင်ကြီးများ အပါအ၀င် အချို့မြန်မာမိဘများ ကလည်းမိမိသားသမီးများကို ယခင်ကစင်္ကာပူ/ဘန်ကောက်လောက်ပို့ရာမှ၊ ယင်းအဆင့်များကိုခုန်ပြန်ကျော် လွှားပြီး၊ အနောက်နိုင်ငံများသို့ပညာသင်စေလွှတ်ကြလေကုန်သောခေတ်သို့ဆိုက်ဆိုက် မြိုက်မြိုက်ကြီးရောက် လေပြီ။ ပညာအတွက်ကုန်ချင်သလောက်ကုန် ဆိုယုံမက၊ ကျောင်းသွားရန်စီးသောယာဉ်ကိုပင်တန်ဘိုးကြီး ပေးဝယ်၍၎င်း၊ နေထိုင်စားသောက်ရေးကိုဟိုတယ်နီးပါးကောင်းသော အိမ်များပင်ငှားရမ်းပေးနိုင် ကြသည်ဟူ သတတ်။ထိုကံကောင်းထောက်မလှကြသော သားကောင်းသမီးများထဲတွင်၊ ပညာတတ်ဘွဲ့ရပြီး မြန်မာပြည်သို့ ပြန်ရောက်၍ မိဘစီးပွားရေးလုပ်ငန်းများတွင်ပြန်လည်ဦးဆောင်ကြသူတွေတွေ့ရသဖြင့်၊ စိတ်ထဲအတိုင်းမသိပီတိ ဖြစ်မိသည်။ ရင်းနှီးမြှုပ်နှံရကျိုးနပ်လေစွ။ သို့ပါသော်လည်း ပညာတပိုင်းတစနှင့် ပြည်တော်ပြန်ကြသူတွေလည်း တွေ့ရသည်။ ရင်ကျိုးလေစွ။ ယင်းအထဲတွင် မိမိသားသမီးပညာထွန်းတောက်လောက်နိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်ပြင်းပြစွာဖြင့်၊ မိမိပိုင်ဆိုင်သမျှစည်းစိမ်ရွှေငွေအိမ်ယာတို့ကို ပေါင်နှံရောင်းချခြင်းပြုလျက် သြစတြေလျ/အမေရိက/အင်္ဂလန်တို့သို့ပို့လွှတ်ကြသူတွေလည်းတွေ့ရသည်။ ထိုသို့ဆွေမျိုးသင်္ဂဟအပေါင်းထံ တောင်းပန်ခယျလျက်သားမီးများကိုပို့လွှတ်ကြသူတွေ၊ မိမိသားသမီးများဘွဲ့ယူ ကြထူးချွန်ကြသော ဘွဲ့နှင်း သဘင်များတွင်လာရောက်ကြသော မိဘများရင်ထဲမည်မျှပီတိဝမ်းသာကြမည်ဆို သည်ကိုစာဖတ်သူတို့ ခံစားကြည့်ကြပါကုန်။ သေခြာသည့်အချက်တခုကား ထိုထိုသားသမီးတို့သည်၊ မိမိတို့ (ပါရှိသည်ဖြစ်စေ၊ မပါရှိသည်ဖြစ်စေ) ရလာခဲ့သော ဘွဲ့ဒီဂရီတို့နှင့်အတူ၊ “ဒီမိုကရေစီ” ယဉ်ကျေးမှုပါသယ်ယူ သွားသည် ဆိုသည့် အချက်ကိုပင်။ မြန်မာပြည်မှမိဘများလက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ယင်းယဉ်ကျေးမှုကူးစက် ပျံ့နှံ့မှုကို မိမိတို့သားသမီးများရရှိလာကြသည်ကိုအသိအမှတ်ပြုကြရန်လိုပါသည်။ ယင်းရေစီးကြောင်းသို့ပျံ့နှံ့ဝင် ရောက်ရာတွင် လူငယ်လူရွယ်များကအများဆုံးခံစားကြရသလို၊ တိုတောင်းသောအချိန်သာယူသည်။ ယင်းဖြစ်အင်များကိုပြန်လည်အသိပေးလိုသူ အမေရိကရောက်မိတ်ဆွေ သားချင်းများ၏အတွေးတွင် “သူ့မိဘ တွေကိုပြန်အသိပေးရင်ကောင်းမလား၊ မကောင်းဘူးလား” ဟူသော စိမ်ခေါ်မှုသည် တနေ့တခြားကြီးထွား လာချေပြီ။ “ဆုံးမစရာရှိရင်စိတ်တိုင်းကျဆုံးမပါ” ဟူသောထိုထိုသားသမီးများ၏ မိဘတို့၏ကြိုတင်တောင်း ပန်စကား တို့သည် ဘယ်ရောက်ချေပြီမသိ။ သေချာသည့်အချက်ကား ဘယ်မိဘမဆို မိမိသားသမီးကို မိမိကလွဲ၍တခြား မည်သူကမှဝေဖန်ပြောဆိုသည်ကိုမကြိုက်ဆိုသည့်အချက်ကိုပင်။ အမုန်းခံနိုင်လျင် ပြဿနာမရှိ။ သို့မဟုတ်လျင်ကျော်မကောင်းကြားမကောင်းဖြစ်နိုင်သည်။ အရေးကြီးသည်ကားခေတ်သား သမီးပျိုများနှင့်ပါတ်သက်လျင် သူတို့မှာ မိမိကြမ္မာကိုယ်ဖန်တီးခံစားခွင့်လွတ်လပ်ခွင့်ကို လိုလိုချင်ချင်လက်ခံ ကြဘို့ မြန်မာမိဘများအလွန်အရေး ကြီးလှပေသည်။
ပြည်ပရောက်မြန်မာများလက်ခံသင့်သောအချက်ကား (အထူးသဖြင့်ဒီမိုကရေစီဘိုးအေဟုဆိုနိုင်သော အမေရိကလိုနိုင်ငံမှာပင်လျင်) ထိုနေရင်းနိုင်ငံအကြောင်းကို အနည်းဆုံး (၅) နှစ်မှ(၁၀)နှစ်လောက်မှ ရေးရေးလောက်အပေါ်ယံရှပ်မြင်နိုင်သိနိုင်ပါသည် ဆိုသည်ကိုပင်။ လူရွယ်ပိုင်း(၁၈)ကျော်မှတိုင်းတပါးတွင် အခြေချ ပြောင်းရွှေ့နေထိုင်မည်ဆိုပါက အနည်းဆုံးနှစ်ခါလောက်တော့ပြန်စဉ်းစားကြဘို့လိုသောခေတ်အခါ ကြီးသို့ ရောက်နေပါပြီ။ ကိုယ့်သားသမီးကအခြေကျဝင်ငွေကောင်းပြီး၊ “လာနေရန်ခေါ်လို့”ဟူသောအကြောင်း ပြဆင်ချေပေးရတော့မည့်ခေတ်ကားကုန်မှန်းမသိကုန်ခဲ့ချေပြီ။ လွန်ခဲ့သောရာစုတ၀က်လောက်က အမေရိကကဲ့ သို့နိုင်ငံကြီးများတွင် ၀င်ငွေကောင်းရာထူးရပြီးချမ်းသာကြွယ်ဝသူမြန်မာတို့ ယခုအခါမြန်မာနိုင်ငံသို့ပြန်ပြောင်း ရွှေ့အခြေချရန်အကြီးအကျယ် စိတ်ကူးနေသောခေတ်ရောက်ချိန်တွင်၊ ဘုမသိဘမသိနှင့် ဖေါင်ဖျက်လာကြသူ တွေ မိမိဘ၀နေ၀င်ချိန်တွင်အတိဒုက္ခလှလှရောက် နိုင်သည်ဆိုသည်ကိုမြဲမြန်စွာသတိထားကြပါကုန်ဟူ၍။   
ဧပြီ-မေ၊ ၂၀၁၄ ထုတ် "မြန်မာဂေဇက်" တွင်ဖေါ်ပြပြီးဖြစ်။