Saturday, April 25, 2015

လုပ်ခွင်ပျော် မြန်မာများ အဖြစ်သို့ (အပိုင်း-က)



အမေရိကပြည်ထောင်စုပြည်နယ်အားလုံးအတွက် အလုပ်လက်မဲ့နှုန်း (၅.၅%)အထိကျဆင်းသွားပြီဖြစ်ကြောင်း ယခင်အပါတ်က အစိုးရအလုပ်သမားဝန်ကြီးဌာနမှကြေငြာသောအခါ၊ နိုင်ငံစီးပွားရေးပြန်လည်ဦးမော့လာပြီဖြစ် ကြောင်းအများကယူဆကြသည်။ ထိုသတင်းအရအမေရိကရောက်မြန်မာများအတွက်ကောင်းသတင်းတခုဟု ရုတ်တရက် ထင်မြင်မိစရာရှိသည်။ တည်ငြိမ်၍ပုံမှန်ရှိသောဝင်ငွေရရှိရေးသည် ပြည်ပရောက်မြန်မာများအတွက် အရေးကြီးဆုံးသောဘ၀ရှင်သန်ရေးလိုအပ်ချက်တခုဖြစ်သည်။ ပြောင်းလဲလာသောစီးပွားရေးစနစ်ကြီးနှင့် အလုပ်သမားရပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများသည်၊ နှစ်ကာလနှင့်အမျှပြောင်းလဲမှုများရှိလာသည်ကို အထင် အရှားတွေ့နိုင် သည်။ အလုပ်ရှင်အများစုက တိုးတက်လာ သောသတင်းအချက်အလက်ဆက်သွယ်မှု (data processing, service technology and information networking) အဟုန်မြင့်မားလာမှုကိုအခွင့်ကောင်းယူ လျက် အလုပ်သမားအသစ်ခန့်ထားမှုကိုကြီးစွာ သတိထားလာကြသည်ကိုတွေ့ရသည်။ ယခင်ကကဲ့သို့အလုပ် မနိုင်နင်းတိုင်း ၀န်ထမ်းအသစ်ခန့်ထားခြင်းကိုတတ်နိုင်သမျှလျှော့ချလျက်၊ ယာယီနေ့စား (သို့မဟုတ်)ပုတ်ပြတ် ၀န်ထမ်းများကိုသာ၊ ၀န်ထမ်းရှာဖွေပေးသော agencies များမှတဆင့်ခေါ်ယူခန့်ထားသောအလေ့အထ ပေါများလာသည်။ အမြဲတမ်းဝန်ထမ်း (permanent employee) ခန့်ထားခြင်းကိုမရှိမဖြစ်အမှန်တကယ်လိုအပ် လာမှပြုလုပ်လာကြသည်။ ၀န်ထမ်းများ အတွက်တာဝန်ယူထောက်ပံ့ရသော လစာအပြင်၊ ကျန်းမာရေးအာမခံ အပြင်၊ အခြားကာကွယ်စောင့်ရှောက်မှု ခံစားခွင့်မျိုးစုံတို့အတွက် ပံ့ပိုးမှုများသည် ကုမ္ပဏီများအတွက်ဝန်ထုပ် ၀န်ပိုးများအဖြစ်မြင်ကြသလို၊ယင်းစရိတ်ကို ဖြတ်တောက်နိုင်သောနည်းလမ်းများကိုအလုပ်ရှင်များအပြင်းအထန် ရှာဖွေလာကြသည်။ ယခင်ကလူကလုပ် ဆောင်ပေးရသောကုန်ထုတ်လုပ်မှုများကိုတိုးတက်လာသော စက်ပစ္စည်းယန္တရားများကနေရာဝင်ယူလာကြသည်။ ယခင်ကလူများစွာကအချိန်ယူတွက်ချက်ရေးဆွဲရသော စာရင်းဇယားကိန်းဂဏန်းဆိုင်ရာအချက်အလက်များ ကို ကွန်ပြူတာစက်ဦးနှောက်များကစက္ကန့်/မိနစ်အတွင်း အတိအကျတွက်ချက်ထုတ်လုပ်ပေးနိုင်သောအဆင့် သို့ရောက်လာပေပြီ။ စက်ပစ္စည်းကိရိယာများကို ပုံမှန်စေရန်ကျွမ်းကျင်သောပညာတတ်လူနည်းစုအကူအညီဖြင့် ထိန်းကျောင်းလမ်းညွှန်ပေးယုံဖြင့်၊ အချိန်ကုန်၊ စရိတ်သက်သာ၊ ပံ့ပိုးထောက်ပံ့ကာကွယ်မှုကင်းစွာဖြင့် မိမိတို့စီးပွားရေးလုပ်ငန်းများတွင်ကျယ်ချဲ့ထွင် လာနိုင်ကြသည်ကိုစီးပွားရေးလုပ်ငန်းရှင်များမြင်လာကြသည်။ ထိုမျှသာမက စက်ပစ္စည်းများဖြစ်သဖြင့် လူကဲ့သို့အကြောင်းစုံကြောင့်အလုပ်ပျက်ကွက်ခြင်း၊ ပြဿနာ ရှာခြင်းကင်းမဲ့သောအကျိုးထူးများကိုမြင်လာ ကြသည်။ လူ၏စွမ်းရည်ကိုယှဉ်နိုင်သောအရည်အသွေးများ (အထူးသဖြင့် တွေးခေါ်ဆင်ချင်မှုမျိုး)ကိုစက်များ တွင်မတွေ့နိုင်သေးသော်လည်း၊ မကြာလှသောအနာဂါတ်တွင် ဤစွမ်းဆောင်ရည်များကိုစက်များတွင်တွေ့လာ နိုင်သောအလားအလာများစတင်တွေ့လာရပြီဖြစ်သည်။
အမေရိကအပါအ၀င်နိုင်ငံအသီးသီးတွင်ရောက်ရှိအခြေချနေထိုင်ကြသောမြန်မာများအနေဖြင့်အလုပ်အကိုင် ရရှိရန်အခက်အခဲရှိမှု၊ ရရှိဆဲအလုပ်အကိုင်ရာထူးတည်မြဲရန်ခက်ခက်ခဲခဲကြိုးပမ်းနေရမှုများက၊ ကျဆင်းလာ သော အလုပ်လက်မဲ့နှုန်းထားများနှင်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက် ကြီးထွားလာသောအနေအထားကို တွေ့မြင်နေရသည်မှာဝမ်းနည်းဘွယ်ပင်။ အလုပ်အကိုင်ရှားပါးသောခေတ်နှင့်ကြုံကြိုက်ချိန်ဆိုလျင်ပို၍ပင်ဆိုး သေးသည်။ ကိုယ်တိုင်ကအလုပ်ကိုမရွေးတမ်းလုပ်ပါမည်ဟူသောကြွေးကြော်ချက်ဖြင့်အလုပ်ရှာကြသူ၊ မြန်မာပြည်ဖွားပညာတတ်များပင်လျင်လက်မြှောက်နေရသော အလုပ်ရှာဖွေရေးလောက (labor market) ကြီးပင်။ ဤအခက်အခဲများကြုံတွေ့ကြရသောအကြောင်းရင်းများကိုဆန်းစစ်ရာတွင်အောက်ပါအကြောင်း အချက်များကိုတွေ့ရသည်။
(၁) မိမိဘာသာစကားနှင့်မတူညီသောသောလူမျိုးခြားများဖြစ်နေခြင်း၊
(၂) လူမျိုးခြားများနှင့်ဆက်ဆံရသောဓလေ့မြန်မာတို့တွင်အလွန်နည်းပါးခြင်း၊
(၃) မိမိ၏ဘာသာစကားနှင့်လူမှုဆက်ဆံရေးမတူညီမှုများကလူမျိုးခြားများနှင့်ဆက်ဆံရာတွင်မှားယွင်းမိမည်ကို အစိုးရိမ်လွန်ခြင်း၊ အထူးသဖြင့်ဖုံးဖြင့်စကားပြောဆိုဆက်သွယ်၍အလုပ်နှင့်ပါတ်သက်သည်များပြောဆို ဆွေးနွေးရာတွင်နောက်ကောက်ကျလျက်ရှိနေသည်မှာထင်ရှားလှပေသည်။ ဖုံးပေါ်တွင်ဘာသာခြားစကား ဖြင့်ပြောရမည်ကိုများစွာဝန်လေးကြလေသည်။
(၄) ရောက်ရှိရာနိုင်ငံ၏စနစ်နှင့်ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်ပါတ်သက်၍ဗဟုသုတနည်းပါးခြင်း၊
(၅) အလုပ်ခွင်ရပ်ဝန်း (work environment) တည်ဆောက်ပုံကွာခြားလွန်းသည်ဟုထင်မြင်ယူဆကြခြင်း၊
(၆) စကားပြောဆိုရာတွင် sense of humor နှင့်ဝေါဟာရကြွယ်ဝမှုသဘောမရှိခြင်းနှင့် စကားများများ ပြောသောအလေ့အထမြန်မာတို့တွင်နည်းပါးခြင်း၊
(၇) တိုးတက်သောနည်းပညာ၊ကွန်ပျူတာအပါအ၀င်အချက်အလက်စက်ပစ္စည်းတို့နှင့်အကျွမ်းဝင်မှု ခေါင်းပါးခြင်း၊
ပြီးခဲ့သော American Community Survey (ACS 2011-2013)စာရင်းထုတ်ပြန်ချက်ကိုလေ့လာကြည့်ပါက မြန်မာတို့၏အလုပ်လုပ်ကိုင်ရာအလုပ်အမျိုးအစားအလိုက်ကိုပိုင်းခြားဝေဖန်လေ့လာရာတွင်စုစုပေါင်းမြန်မာလူဦးရေအပေါ်တွင် အလုပ်လုပ်သူ (၆၃%)ရှိသည်ဟုတွေ့ရသည်။သို့အတွက်ကြောင့် အလုပ်မလုပ်သူဦးရေ (၃၇%)ရှိသည်ဟုအကြမ်းဖျဉ်းခန့်မှန်းနိုင်သည်။
(က) စီမံခန့်ခွဲမှုအဆင့်၊ စီးပွားရေးလုပ်ငန်း၊ နည်းပညာလုပ်ငန်းလုပ်ကိုင်သူ (၂၂%)
(ခ) ၀န်ဆောင်မှုလုပ်ငန်းတွင်လုပ်ကိုင်သူ (၂၂%)
(ဂ) အရောင်းအ၀ယ်နှင့်သာမာန်ရုံးလုပ်ငန်းလုပ်ကိုင်သူ (၁၅%)
(ဃ) သဘာဝထွက်ကုန်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်ထိန်းသိမ်းရေး လုပ်ငန်း (၃%)
(င) စက်ရုံကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး နှင့် ကုန်စည်ဖြန့်ဖြူးရေး လုပ်ငန်းတွင် (၃၇%)
စသဖြင့်တွေ့ရသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်မြန်မာတို့အများဆုံးဝင်ရောက်လုပ်ကိုင်ကြကြောင်းတွေ့ ရသည်။ ဓါတ်ဆီဆိုင်၊ ကုန်အရောင်းဆိုင်တို့တွင်အရောင်းစာရေးဘ၀နှင့်ဘ၀အခြေစခဲ့ကြသော၊ မြန်မာပြည် မှရောက်ရှိလာကြသူ (နိုင်ငံကျော်အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အထည်ကြီးပျက်အစိုးရ ၀န်ထမ်းများပင်ပါဝင်ကြသည်။) မြန်မာ့အလုပ်အကိုင်ခေတ်ကြီးသည်ယခုအခါစက်ရုံကုန်ထုတ်လုပ်ငန်းပေါ် တွင်မှီခိုရသောလောကသို့ရောက်မှန်းမသိပြောင်းလဲရောက်ရှိသွားပြီဖြစ်သည်။ ဓါတ်ဆီဆိုင်လိုအလုပ်မျိုး ကားရှားပါးအလုပ်အကိုင်စားရင်ဝင်သွားပေပြီ။
အမေရိကသို့ရောက်ရှိအခြေချခါစမြန်မာများပထမဆုံးရှာဖွေရရှိကြသောအလုပ်အမျိုးအစားကိုပြပါဟုဆိုလျင် စက်ရုံကုန်ထုတ်လုပ်ငန်းများကိုပြရမည်ဖြစ်သည်။ မြန်မာအများစုအလုပ်လုပ်ကြ၊ အလုပ်ရလွယ်ကြသော နေရာကား (လက်ရှိလုပ်နေဆဲမြန်မာအလုပ်သမားဝန်ထမ်းများရှိနေခြင်းကြောင့်) စက်ရုံလုပ်ရုံများဟု ဆိုလျင်မှားမည်မထင်။ ထိုစက်ရုံများမှာလည်းအလုပ်အပ်ထားမှုအပေါ်အခြေခံ၍အလုပ် သမားခန့်ထားခြင်း ဖြစ်ခြင်းကြောင့် အမြဲတမ်း (permanent) ၀န်ထမ်းဟူ၍မရှိသလောက်ရှားပါးပြီး၊ ပြင်ပအလုပ်ရှာပေးသော အလုပ်ပွဲစားကုမ္ပဏီများ (employment agencies)အကူအညီဖြင့်သာပုတ်ပြတ်ပေးခန့်ထားကြသည်။ အလုပ်မရှိချိန်အလုပ် မဆင်း ကြရသဖြင့်၊ ၀င်ငွေပုံမှန်မရှိကြပါ။ လပေါက်သာမကနှစ်ပေါက်ပင်အလုပ် မဆင်းကြရသောမြန်မာများဒုနှင့် ဒေးပင်။ ကံကောင်းထောက်မကြသူမြန်မာအချို့ permanent အလုပ် ရကြသည်။ ယင်းရာထူးရကြသူ များကနှစ်ကြီးသမားဆရာကြီးများအရာကိုရောက်ကြသလိုနောက် ပေါက်မြန်မာများကို၊လမ်းညွှန်ကြသည်။ အလုပ်ရရှိရေးရေလာမြောင်းပေးလုပ်နိုင်ကြသည်။ မြန်မာစကား ပြောသူနည်းပါးသောအရပ်ဒေသလုပ်ခွင်တွင်အလုပ်လုပ်ကြသူမြန်မာတို့အလွန်မျက်နှာငယ်ကြရသည်။ လူမျိုးခြားတို့၏နိုင့်ထက်စီးနင်းမှုကိုခံကြရသည်။ ထိုလူမျိုးခြားဆိုသူတို့ကားမက္ကဆီကန်နှင့်အချို့အာရှသား တို့ပင်ပါဝင်ကြသည်။ မြန်မာတို့ကြီးစိုးရာလုပ်ခွင်များတွင်မူ မြန်မာလုပ်ငန်းအဆိုင်းခေါင်းဆောင်ကပင်ကိုယ့် လူမျိုးချင်းဖြစ်သဖြင့်မျက်နှာသာပေးနိုင်ကြသဖြင့်၊ ထိုလုပ်ခွင့်မျိုးရှိမြန်မာတို့ ခေါင်းမော့ နိုင်ကြသည်။
မြန်မာအများစုတို့အခြားလုပ်ကိုင်ခွင့်ရကြသောလုပ်ငန်းမျိုးများကား - စားသောက်ဆိုင်များ၊ သားသတ်ရုံကဲ့ သို့စက်ရုံများ၊ လက်ကားနှင့်လက်လီအရောင်းဆိုင်မျိုးစုံ(အများအားဖြင့်လက္ကားဆိုင်များ) နှင့်ဝန်ဆောင်မှု ပေးသောစက်မှုလက်မှုနှင့်အသုံးအဆောင်ပံ့ပိုးရေးလုပ်ငန်းမျိုးများ (လုံခြုံရေး၊ ဖြန့်ချိရေး၊ ဓါတ်ဆီဆိုင်စသည် ဖြင့်) က ဒုတိယတန်းစားအများစုရှိသည်ကိုတွေ့ရသည်။
ရုံးလုပ်ငန်းကဲ့သို့သောလုပ်ခွင်မျိုးတွင်စားပွဲထိုင်လုပ်ရသောအလုပ်မျိုး၊ စီမံခန့်ခွဲမှုရာထူးများနှင့် သိပ္ပံ/စက်မှု နည်းပညာ နှင့်ကျန်းမာရေးပညာရေးကဏ္ဍတွင်လုပ်ခွင့်ရကြသူမြန်မာများကားအသက်ငယ်ရွယ်စဉ်ရောက် ရှိကြသူများ၊ ပညာသင်ကြားခွင့်ရကြသူများသာများသည်။ အရွယ်ရောက်မှပြောင်းရွှေ့နေထိုင်ကြသူမြန်မာများ အနားမကပ်နိုင်ကြ။ ဤအတန်းစားအလုပ်အကိုင်များကိုတတိယတန်းလူနည်းစုအဖြစ်မြန်မာတို့လုပ်ကိုင်ခွင့်ရကြ သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ဤနိုင်ငံ၏ပညာရေးကိုသင်ယူခွင့်ရကြသူလူငယ်များနှင့်ပခုန်းချင်းယှဉ် လျက် မြန်မာသက်လတ်/ကြီးပိုင်းတို့မယှဉ်နိုင်ကြ။ အတွေးအခေါ်ဖြတ်လတ်မှု၊ စကားပေါက်ရောက်မှု၊ အသိပညာကျွယ်ဝမှုဟူသောစံနှုန်းတိုင်းတာမှုပေတံကိုကျော်လွှားရန်ခက်ခဲလှပေစွ။ အလုပ်ရှင်တို့က ဤအား နည်းချက်များကိုမျက်ကွယ်ပြုလျက်၊ စွန်စားပြီးမိမိတို့ကိုကျော်လွှားနေရာပေးပြီးအလုပ်ခန့်နိုင်ရန်အခြေကား လွန်စွာနည်းလှဘိသည်။ ကြားရဖန်များသောဆင်ခြေကား “လုပ်ခွင်ဘေးကင်းရေး” (work safety reason) ဟူသောအကြောင်းပြချက်ကားမြန်မာတို့လှိမ့်ခံနေရသော အလုပ်ရှင်တို့၏၀ါးလုံးရှည်ကြီးတခုဖြစ်မှန်းမသိဖြစ် နေပေသည်။ ယင်းတချိန်တည်းတွင်ပင်၊ ထိုလုပ်ခွင်၌အင်္ဂလိပ်စကားတလုံးတလေမှပင်မပြောနိုင်သူအခြား ဘာသာခြားစကားပြောသူတို့အပြုံးမပျက် ပန်းပန်နေကြသောဖြစ်အင်မျိုးများတွေ့နေရသည်။ ခံပြင်းဘွယ် ကောင်းပေစွ။
ထို့အပြင် အလုပ်စတင်ရရှိကြသူတို့ကြိုတင်သိထားကြသင့်သောအချက်ကား၊ စတင်အလုပ် ၀င်လျင် ၀င်ချင်း လုပ်ရမည့်အလုပ်ကား၊ လုပ်သက်ရင့်သူတို့မလုပ်ချင်သောအလုပ်မျိုး၊ ထိုသူတို့မလုပ်ချင် သောအချိန် ပိုင်းတို့ကိုသာလုပ်ရမည်မှာကြိမ်းသေပေါက်နီးပါးဖြစ်သည်ဆိုသည့်အချက်ကြီးကိုပင်။ ယင်းအချက် ကိုသီးခံခြင်း မရှိနိုင်လေ၊ ထိုအလုပ်တွင်မြဲမြံရန်ခက်ခဲလေပင်ဆိုသည်ကိုပင်။
မြန်မာအများစုတို့၏အလုပ်ရရှိရေးနှင့်ပါတ်သက်၍မှားယွင်းသောအသိတခုကား အလုပ်တွင်းရှိအတွင်းလူအား အစ၊အလယ် အဆုံး မှီခိုအားကိုးလိုကြခြင်းဖြစ်သည်။ အတွင်းလူ၏သတင်းပေးချက်အရအလုပ်သစ်ပေါ် ကြောင်းသိနိုင်သော်လည်း၊ ထိုအလုပ်ခန့်ထားခွင့်ရရှိရေးမှစပြီး၊ အလုပ်မြဲရေးစသည်တို့အားလုံးသည်၊ ကာယ ကံရှင်မိမိတို့ အပေါ်၌သာလုံးဝတည်မှီသည်ဆိုသည့်အချက်ကိုပင်။ အလုပ်တွင်မိမိကိုအလုပ်ရှင်ကကြိုက် နှစ်သက်ရေး၊ မျက်နှာသာပေးရေးကို လက်ဆောင်ပဏာပေးခြင်းဖြင့်စည်းရုံးနိုင်ရန်မြန်မာတို့ကြိုးစားကြသည်။ မြန်မာပြည်တွင်ယဉ်ပါးခဲ့သော ထိုလာဘ်ပေးခြင်းနည်းစနစ်ကိုမြန်မာတို့အမေရိကသို့အရောက် ပါအောင်ယူ ဆောင်လာကြဟန်တူသည်။ ခေတ်၏စနစ်ဆိုးကိုမြန်မာတို့ခ၀ါချရန်မေ့လျော့ကြရော့ထင့်။