Wednesday, December 23, 2015

လူသည်စနစ်၏သားကောင်ဖြစ်သည် (မောင်မိုးညို)


အသက်အရွယ်ရလာသည်နှင့်အမျှ မိမိကြီးပြင်းကျင်လယ်ရာပတ်ဝန်းကျင်/အချိန်အခါ ကာလ တို့အပေါ်မူတည်၍၊ မိမိတို့၏နေထိုင်ပြုမူမှု၊ တွေးခေါ်ကြံစည်မှုတို့ လိုက်လျောညီစွာပြောင်းလဲ တတ်မှုကို မောင်မိုးညို တို့မြန်မာတွေသတိထားမိကြဟန်မတူ။ သုတေသီပညာရှင်များစွာတို့ ကလေ့လာ ရှာဖွေတွေ့ရှိချက် အတည်ပြုချက်များစွာရှိခဲ့သည်ကိုသမိုင်းကမီးမောင်း ထိုးပြ ထား ပြီးသည်။ အထင်ရှားဆုံးသာဓကကားဇီဝပညာရှင် Charles Darwin ၏ဆင့်ကဲဖြစ်ပ်ါမှု သီဝရီ (theory of evolution of mankind) ကို ထိုစဉ်ကငြင်းခုန်မှုများစွာရှိခဲ့သော်လည်း၊ ယခုချိန်ခါ တွင်မှီငြမ်းပြု applied theory အဖြစ်လက်ခံကျင့်သုံးနေကြပေပြီ။

မိမိနေထိုင်ကြရာဒေသပေါ်မူတည်၍မြန်မာဟူသောလူမျိုးတို့၏စိတ်နေစိတ်ထား၊ နေထိုင်ပြုမူပုံ၊ တွေးခေါ်မြှော်မြင်ပုံတို့မသိမသာမှသိသိသာသာကြီးကွာခြားနေပြီဆိုသောမှတ်ကျောက်ကို ကျွန်ုပ်တို့အားလုံးမငြင်းနိုင်တော့ပြီ။ ပြယုဂ်အခြေအနေနေအရပ်ရပ်လေ့လာကြပါစို့။

ပြယုဂ်(၁) - အဟုန်နှင့်ပြောင်းလဲနေသောမြန်မာ့ယဉ်ကျေးမှုကွာဟချက်သည်တစ်မိသားစုပေါက်အတွင်း ပင်၊ မိဘနှင့်သားသမီးအကြား တံတိုင်းကြီးသဖွယ်ပေါ်ပေါက်နေပေပြီ။ မောင်မိုးညိုတို့ငယ် စဉ် လူပျိုကျောင်းသား (ကောလိပ်ကျောင်းသားဘ၀အပါအ၀င်)ကမိဘမျက်ရိပ်မျက်ခြေကြည့် နေရသောဘ၀သည်၊ ဆယ်စုနှစ်ခုလောက်အတွင်းပင်ပြောင်းပြန်လှန်သောအဖြစ်သို့ ရောက် သွားပေပြီ။ သားသမီးမျက်ရိပ်မျက်ခြေကိုကြည့်၍၊ သားသမီးလိုအင်ကိုလိုက်လျောကြရသော ခေတ်သို့ရောက်နေပြီဟုဆိုလျင်လွန်အံ့မထင်။ Generation gap cultural alignment ကို အံတု၍တွန်းလှန်ရန်ကားဖြစ်နိုင်ဖွယ်ရာမရှိသောကိစ္စကြီးပင်။

ပြယုဂ် (၂) –

အုပ်ချုပ်သူအစိုးရ၏မတရားဖိနှိပ်အနိုင်ကျင့်မှကိုသိကြသူတွေသည်၊ အဖိနှိပ်ခံပြည်သူတွေ ဟုတ်ချင်မှဟုတ်မည်။ သို့သော်ထိုမတရားဖိနှိပ်မှုကိုကောင်းစွာလေ့လာမိသော လူတန်းစား တစ်ရပ်သည်စံနစ်တစ်ခု/ခေတ်တစ်ခုတိုင်းတွင်ရှိတတ်/ပေါ်ပေါက်တတ်စမြဲပင်။ ထိုနည်းတူ အစိုးရကိုဆန့်ကျင်သော အတိုက်အခံအင်အားစုဆိုတိုင်း၊ နိုင်ငံပြန်လည်ထူထောင်ရေးကိုစွမ်း ဆောင်နိုင်သော nation builder or nation re-unification အင်အားစုဟုတိုက်ရိုက်အဓိပ္ပါယ် ဖွင့်နားလည်မိလျင်၊ တက်တက်စင်အောင်မှားယွင်းသွားနိုင်သည်။ အုပ်ချုပ်သူ လူတန်းစား၏ မတရားအမြတ်ထုတ်၍လူထုအပေါ်နိုင့်ထက်စီးနင်းမှုကိုမကျေနပ်သော၊ အခွင့်ထူးခံနေမှုကို မရှုစိမ့်နိုင်သော (၀ါ)မနာလိုစိတ်ပြင်းထန်လာသော စိတ်ဓါတ်ကြောင့်လည်း ဖြစ်နိုင်သည်။ မိမိအာဏာလက်ဝယ်ရရှိလာသောအခါ၊ ယခင်အုပ်ချုပ်သူလူတန်းစားခဲ့သို့လုပ်ကိုင်ပြုမူပုံအ တိုင်းလိုက်၍၊အဓမ္မအုပ်ချုပ်မှုကိုဆက်လက်ကျင့်သုံးခေတ်ဟောင်းစနစ်ဟောင်းကို”တော်လှန်သူ”အမည်ခံအုပ်ချုပ်သူအစိုးရအဆက်ဆက်ကို မြန်မာ့သမိုင်းဖြစ်စဉ်တွင်တွေ့မြင်ကြရပြီးဖြစ် သည်။

ပြယုဂ် (၃)

မြန်မာပြည်မှမျိုးစုံသောအကြောင်းပြချက်ဖြင့်ပြည်ပနိုင်ငံများတွင်ပြောင်းရွှေ့အခြေချနေထိုင်သူတို့၊ နှစ်အနည်းငယ်အတွင်းပင်နေထိုင်တွေးခေါ်ပြုမူမှုအားလုံးတို့သည်၊ မသိမသာအခြေ မှသိ သိသာသာအခြေသို့ပြောင်းလဲနေကြသည်ကို မိမိတို့ကိုယ်တိုင်မသိရှိ၊ သတိမထားမိကြပေ။ နေရာဌာနသစ်တို့၏ယဉ်ကျေးမှုဓလေ့သည် မိမိတို့အတွင်းအလုံအရင်းနှင့်ဝင်ရောက်နေရာယူ ကြသည်ကိုသတိထားမိသူတို့အလွန်နည်းပါးသည်။ ထိုပြောင်းရွှေ့ကြသူတို့ထံ၊ မြန်မာပြည် တွင်းမှမိဘသားချင်းနှင့်ရောင်းရင်းမိတ်ဆွေတို့လာ ရောက်လည်ပါတ်ကြသောအခါတို့တွင်၊ ထိုရောက်ရှိလာကြသူတို့၏၊ ကွာခြားသော (သို့)ရှေးရိုး ကျသော (ဟုခေါ်ရမည်လော) အတွေး အခေါ်အပြုမူတို့ကိုမြင်တွေ့ရသောအခါ၊ သည်းမခံနိုင်မှု မှစတင်၍၊ ၀ိရောဓိမှတဆင့်ပဋိပက္ခမှု များပေါ်ထွက်လာသည်။ ငယ်ရွယ်စဉ်ရောက်လာသူတို့ဆိုလျင် ဆိုဘွယ်မရှိ၊ ကွာခြားချင်တိုင်း ကွာခြားသွားပေပြီ။ သက်ကြားအိုမိဘများသားသမီးထံလည်ပါတ်နေထိုင်ချိန်နည်းပါးရခြင်း ကား ဤစနစ်၏ရိုက်ခါတ်မှုကြောင့်စိတ်ဓါတ်လူမှုဆက်ဆံရေးပိုင်းပြောင်းလဲနေသောသားသမီး ရင်းခြာတို့၏အခြေအနေကိုကြုံတွေ့ရခြင်းဟုဘဲခေါ်ရမည်လော။

ပြယုဂ်(၄)

လွန်ခဲ့သောလအနည်းငယ်ကမြန်မာနိုင်ငံကျန်းမာရေးဌာနတွင်းစစ်ဘက်ဆိုင်ရာများဝင်ရောက်နေရာယူမှုအတွက်၊ ဆရာဝန်လောကအတွင်း ဖဲကြိုးနက်လှုပ်ရှားမှု (Black Ribbon Movement) နိုင်ငံအ၀ှမ်းဂယက်ရိုက်ခဲ့သည်။ နှစ်ပရစ္ဆေဒများစွာကတည်းကအခြေခိုင်ခဲ့သော၊ အစိုးရအဆက်ဆက်တို့၏စစ်တပ်အပေါ်သာယုံကြည်ကိုးစားမှုကို၊ ယင်းလှုပ်ရှားမှုတို့ကဖြိုခွင်း ရန်ကြိုးပမ်းခဲ့သည်။ ထိုလှုပ်ရှားမှုဂယက်ကတရားရေး၊လုံခြုံရေးစသောအုပ်ချုပ်ရေးနယ်ပယ် အတွင်းပင်ဝင်ရောက်ပျံ့နှံ့ခဲ့သည်။ အာဏာရှိအစိုးရတဆက်ပြောင်းတိုင်းမိမိနှင့် အလိုက်သင့်ပြီး အမိန့်ကိုသာနာခံနိုင်မည့်လက်အောက်ငယ်သားခန့်အပ်မှုအစဉ်အလာမှာ၊ ဒီမိုကရေစီဘိုးအေ ကြီးဟုဆိုရမည့်အမေရိကနိုင်ငံအိမ်ဖြူတော်သမ္မတအပြောင်းအလဲတွင်ပင်တွေ့ရမည်။ ဒီမိုက ရေစီထွန်းကားသောနိုင်ငံကြီးများတွင်မိမိစိတ်ကြိုက်ခန့်အပ်မည့်ုသူမှာ၊ ထိုလုပ်ငန်းသဘာဝကို ကျွမ်းဝင်သောပညာရှင်များဖြစ်သဖြင့် မထောင်းတာလှသော်လည်း၊ ဆေးလောကနှင့်မည် သည့်နည်းနှင့်မျှဆက်စပ်ခြင်းအလျင်းမရှိသူတို့ကိုခန့်ထားပေးသော၊ ထို “မိုးကျရွှေကိုယ်” ရာထူးခန့်ထားခြင်းစနစ်ကိုမြန်မာ့အုပ်ချုပ်ရေးစနစ်အဆက်ဆက်တွင် လွတ်လပ်ရေးရက တည်းကတွေ့ရသည်။ လက်ရှိအစိုးရ၀န်ကြီးဌာနအသီးသီးတွင် အမြဲတမ်းအတွင်းဝန်များအဖြစ် ခန့်ထားခံနေကြရသူအများစုကား၊ စစ်တပ်နှင့်တိုက်ရိုက်သော်၎င်း၊ အစိုးရအကြီးအကဲများနှင့် တိုက်ရိုက်ဆက်နွယ်ကြသူတွေချည့်ဖြစ်နေသည်ကိုကြည့်ကြပါကုန်။

ပြယုဂ်(၅)

မောင်မိုးညိုတို့အမေရိကနိုင်ငံကြီးသို့ရောက်ရှိစက၊ လမ်းများတွင့်အမှိုက်ပြစ်သူလုံးဝမတွေ့ရ ခြင်း၊ ယာဉ်များမိမိယာဉ်ကြောအတွင်းသာမောင်းနှင်ခြင်း၊ ရပ်မျဉ်းနောက်တွင်အမြဲတစေ ရပ်ကြရခြင်း စသည်တို့ကိုနိုင်ငံတနံတလျားတွေ့ရသည်။ အမှိုက်ကိုလူလစ်သည်ဖြစ်စေ/မလစ်သည်ဖြစ်စေပြစ်ရန်ဝန်မလေးသော၊ ယာဉ်အချင်းချင်း အတင်းယာဉ်ကြောလုမောင်းခြင်းနှင့်ယဉ်ပါးခဲ့သော မောင်မိုးညိုတို့မျက်စိ ကိုတိုးတက်ထွန်း ကားသောနိုင်ငံတို့၏စရိုက်ကအမြင်ဆန်းစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်တိုက် တွန်းချက် အရ အပါတ်စဉ်အမှိုက်ကောက်သည့်မြင်ကွင်းများသည်မြိုရွာတိုင်းတွင် အပြိုင် တွေ့ရသည်။ (၁၉၆၂)တော်လှန်ရေးကောင်စီအာဏာထိမ်းသိမ်းပြီးစ၊ မြို့တော်ဝန်ဗိုလ်မှူးကြီး ထွန်းစိန်၏မြို့ တော်သန့်ရှင်းရေးစီမံချက်ကိုပြန်ပြောင်းသတိရမိသည်။ “ဗိုလ်ချုပ်အစိုးရ”ဟု လူထုကသောင်း သောင်းဖျဖျကြိုခဲ့သောခေတ်သည်၊ ဆယ်စု(၂)ခုအတွင်းပြောင်းပြန်ဖြစ် သွားသည်။ ဤမြင် ကွင်းတို့သည် အများပြည်သူတို့၏အတွင်းသဏ္ဍာန်စိတ်ဓါတ်ကိုမည်သည့် အတိုင်းအထိထိုး ဖေါက်နိုင်ခဲ့သည်၊ ပြောင်းလဲပစ်နိုင်မည်၊ ကောက်ရိုးမီး ဓလေ့မဟုတ်တော့ဟူ သည်ကိုမည်သို့ သက်သေထူနိုင်မည်ဆိုသည်တို့ကိုစောင့်ကြည့်ကြရပေမည်။

ပြယုဂ် (၆)

စစ်အစိုးရ၏ထိုးစစ်ကြောင့်တဖက်ထိုင်းနိုင်ငံတွင်းထွက်ပြေးခိုလှုံကြသူကရင်လူမျိုးနှင့်လူနည်းစုတိုင်းရင်းသားများ၊ ရာစုနှစ်များစွာမြန်မာနယ်နမိတ်တွင်းမှီတင်းနေထိုင်သော ဘင်္ဂလီ(ခေါ်) ရိုဟင်ဂျာ တိုင်းရင်းသားများ နှင့်မလေးရှားစသောအိမ်နီးချင်းနိုင်ငံများသို့မိမိဆန္ဒ အရရေကြည် ရာမြက်နု ရာသွားရောက်လုပ်ကိုင်သူမြန်မာတိုင်းရင်းသားတို့သည်၊ အုပ်ချုပ်သူအစိုးရအဆက် ဆက်တို့၏ ပြင်းထန်သောတယူသန်လူမျိုးကြီးဝါဒတို့ကြောင့်နိုင်ငံမဲ့ဘ၀သို့ရောက်သွား ကြသူ တွေ သန်းနှင့်ချီသည်ဟုဆိုရလျင်ယုံအံ့မထင်။ refugee နှင့် နိုင်ငံဖြတ်ကျော်လူကုန်ကူးမှု (human trafficking) တို့ကိုရောထွေးအသုံးပြုသောနိုင်ငံရေးသမားအချို့နှင့်အဆက်ဆက် သော အာဏာရှင်အစိုးရတို့ကြောင့်၊ ထိုထိုလူသားတို့နိုင်ငံမဲ့ဖြစ်ခဲ့ကြသည်မှာ ရာစုတိုင်ခဲ့ပြီး၊ ယခုအချိန် အထိကယ်ရာမဲ့သောလူသားများအဖြစ်၊ တတိယနိုင်ငံများ၏သနားကူညီမှုကို စောင့်ကြဆဲပင်။ အသားအရောင်၊ ကိုးကွယ်ရာဘာသာကိုလက်ညှိုးထိုးသောလူတို့၏စရိုက်က၊ လူသားချင်း စာနာစိတ်ဟူသောအကျင့်ကိုအမှောင်ရိပ်ကြီးဖုံးနေခဲ့သည်မှာအထူး ၀န်းနည်း ဘွယ်ပင်။

ပြယုဂ် (၇)

အရှေ့အာရှသားမြန်များတို့၏ရှေးရိုးဆန်သောဓလေ့သည်၊ အခြားအာရှသားများနှင့်တန်းတူ လောက်ရှိသည်ဟုသမိုင်းဆရာတို့ကဆိုကြသည်။ Conservatism ကိုလေ့လာရာတွင်၊ မိမိတို့၏မိရိုးဖလာအစဉ်အလာကိုရိုးရိုးသားသားထိမ်းသိမ်းလိုသောအမူအကျင့်ထက်လွန်ကဲ၍ မိမိသားသမီးများအပေါ်တွင် တရားမဲ့အနိုင်ကျင့်စီမံခန့်ခွဲလိုသောစရိုက်သည်၊ ယခုလိုပွင့် လင်းသော (တနည်း)လျင်မြန်သောအင်တာနက်ကွန်ယက်လောကကြီးတွင်အကျိုးထက် အပြစ်ကို ပိုဖြစ်စေကြောင်း၊ မြန်မာမိဘတို့တဖြေးဖြေးမြင်လာကြသည်။ သားသမီးကိုဆင်စီးပြီး မြင်းရံလိုစေသောစိတ်သည်မိဘတိုင်းတွင်အတိုင်းမသိရှိကြမည်ဆိုသည်ကားငြင်းဘွယ်မရှိ။ ခက်သည်ကားချစ်ပုံမှားကချစ်ရာမရောက်နှစ်ရာသို့တမဟုတ်ချင်းရောက်နိုင်သောခေတ်ကြီးသို့ ချင်းနင်းဝင်နေပေပြီ။ ထိုနည်းတူအမေရိကရောက်မြန်မာတို့က မိမိတို့ကိုမိမိ conservative ဖြစ် သူများဟုယုံကြည်ကြသည့်နည်းတူ၊ ရှေးရိုးနိုင်ငံရေးဝါဒစွဲကိုင်သော Republican Party ၀င်များအဖြစ်မိမိတို့ကိုယ်ကိုသတ်မှတ်ကြသည်။ သို့သော် Great Old Party ကြီး၏ရှေးရိုး ဆန်မှုသည်မိမိတို့လူမျိုးတူများကိုသာဂုဏ်တူရည်တူသတ်မှတ်လျက်၊ မိမိတို့နိုင်ငံရပ်ခြားမှ ပြောင်းရွှေ့အခြေချလျက်၊ လာရောက်နေထိုင်ကြသူတွေကိုမသတ်မှတ်သည့်အပြင်၊ မိမိတို့ ၏အလုပ်အကိုင်နေရာခံစားခွင့်တို့ကိုဝင်ရောက်ခံစားနေကြသူများဟုသတ်မှတ်ကြကြောင်း တဖြေးဖြေးသိလာကြသောအခါ၊ ရင်ထုမနာဖြစ်ကြရသည်။ Conservative ဟုမိမိကိုယ်ကို ကြွေးကြော်ကြသူတို့မြင်အောင်ကြည့်တတ်သင့်သောနိုင်ငံရေး/လူမျိုးရေးအယူအဆပင်။

ပြယုဂ် (၈)

လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသော တိုင်းရင်းသားလက်နက်ကိုင်ထကြွပုန်ကန်မှုသည် နိုင်ငံဖွံဖြိုးမှုကိုများစွာနှောင့်နှေးစေသည်မှာ လက်ရှိမြန်မာနိုင်ငံ၏စာမျက်နှာကအထင်အရှား ပြနေသည်။ မြန်မာ့သမိုင်းတွင်နိုင်ငံရေးလူမျိုးရေးဝိ၀ါဒကွဲမှုကိုရင်ကြားစေ့နိုင်အောင်ကြိုးပမ်းခဲ့ သောသမိုင်းဝင်ဆွေးနွေးပွဲ(၂)ကြိမ်ရှိခဲ့သည်။ ပထမတကြိမ်အဖြစ်တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးများမကြာမှီနှစ်များအတွင်း ဗိုလ်ချုပ်ကြီးနေ၀င်းမှမိမိနှင့်အတူလွတ်လပ်ရေး ကြိုးပမ်းမှုများစွာတို့တွင်သေအတူရှင်အတူဆင်းရဲဒုက္ခကြီးစွာလက်တွဲခဲ့ကြပြီး၊ နိုင်ငံရေးခံ ယူချက်ကွဲပြားမှုကြောင့်လမ်းခွဲခဲ့ကြသောရောင်းရင်းများကိုခေါ်ယူဆွေးနွေးခဲ့သော (၃၃)ဦး ဆွေးနွေးပွဲတွင်၊ မိမိတို့ပုဂ္ဂိုလ်ရေးအာဃာတကိုရှေ့တန်းတင်ဆွေးနွေးမှုတို့ကြောင့်၊ ယင်းရင် ကြားစေ့မှုပျက်ပြားခဲ့ရသည်။ ယခုသမ္မတဦးသိန်းစိန်လက်ထက်တွင်လည်းပြင်ပပညာရှင်များ စွာတို့၏အကူအညီဖြင့်တိုင်းရင်းသားလက်နက်ကိုင်များကိုတွေ့ဆုံ၍နှောင်ကြိုးမဲ့ဆွေးနွေးပွဲများ လုပ်နေဆဲဖြစ်သည်။ အောင်မြင်မှုများ၊ လက်တွဲနိုင်မည့်အဓိကရနိုင်ငံရေး အင်အားစု လက် နက်ကိုင်များရှိလာသော်လည်းအလုံးစုံသောအာမခံချက်ကိုအပြည့် အ၀ ပေးနိုင်သော တပြည် လုံး ချွင်းချက်မဲ့ရာသက်ပန်အပစ်အခတ်ရပ်စဲရေးပန်းတိုင် ကားမမြင် ရသေးပေ။ နောင်တက် လာမည့်အစိုးရကယင်းကိစ္စကြီးကိုပခုန်းပြောင်းတာဝန်ယူကြရ ပေဦး မည်။ မငြိမ်းချမ်းနိုင်သော နိုင်ငံရေးဝိ၀ါဒကွဲပြားမှုကသန်းပေါင်းများစွာသောတိုင်းရင်းသား အပြစ်မဲ့များစွာတို့၏အနာဂါတ် သည်ပျောက်ဆုံးနေဆဲပင်။ မိမိကြမ္မာမိမိဖန်တီးခွင့်ဟူသော ပင်လုံစာချုပ်ကြီး၏မျှော်မှန်းချက် သည်ယနေ့အထိအရာမထင်သေးပါ။

ပြယုဂ် (၉)

မိမိတို့နိုင်ငံသားတို့၏နေ့တဓူဝစားဝတ်နေမှုဘ၀သည်၊ အစိုးရအုပ်ချုပ်သူတို့၏ကြီးမားလှသော အုပ်ချုပ်မှုယန္တရားဝန်ထုပ်ကြီးအောက်တွက်ပိပြားလာခဲ့သည်မှာ၊ ယခုအခါတွင်မရှူနိုင်မကယ် နိုင်ဘ၀သို့ရောက်နေပေပြီ။ မိမိကိုအုပ်ချုပ်နေမှန်းမသိအောင်အုပ်ချုပ်ရေးစွမ်းဆောင်နိုင်သော အစိုးရသာလျင် စစ်မှန်သောအစိုးရအုပ်ချုပ်ရေးနည်းဗျူဟာဖြစ်သည်ဟု၊ စီမ့ခန့်ခွဲမှုပညာရှင် ကြီးအားလုံးတို့ကတညီတညွတ်တည်းသဘောတူထားကြသည်။ မွေးသည့်အချိန်မှစ၍သေဆုံး သည်အထိအစိုးရရုံးပြင်ဌာနများနှင့်အဆက်အသွယ်ရှာ၍ပေးနိုင်ကမ်းနိုင်မှအမွေးဖြောင့်အသေဖြောင့်ကြရသောလူနေမှုဟုဆိုလျင်၊ အခြားကိစ္စရပ်များတွင် ပိုဆိုးမည်မှာအသေအခြာပင်။ အစိုးရကရှိရှိသမျှလက်ဝါးကြီးအုပ်လျက်၊ စီးပွားရေးဝင်လုပ်ယုံမက၊ လူမှုရေး၊ ဘာသာရေး နှင့်အရေးမကြီးသည့်ကိစ္စများတွင်ပါဝင်ရောက်စွက်ဖက်လုပ်ကိုင်နေခြင်းသည်၊ အများလူထု အတွက်လုပ်စရာမရှိတော့အောင်ဖြစ်နေပေပြီ။ အစိုးရဟူသည်ကားအများလူထုအတွက်အကျိုး ရှိမည့်ဥပဒေများထွက်ပေါ်လာရေးနှင့်ပေါ်ပေါက်ပြီးသောဥပဒေများသက်ဝင်အာဏာသက် ရောက်ရေးအတွက်တွန်းအားပေးရန်တာဝန်သာရှိသည်ဟူသောအုပ်ချုပ်ရေးမဏ္ဍိုင်ပဋိညာဉ်ကိုမေ့လျော့ကြရော့ထင်။ နေ့စဉ်ထုတ်သတင်းနှင့်မီဒီယာတို့တွင်သံဃာတော်ကြီးများထံ သွား ရောက် ခြင်းကအစ၊ စီးပွားရေးလုပ်ငန်းများတို့တွင်ကိုယ်တိုင်ဆောင်ရွက်နေကြမှုတွေ ကိုဝေ ဝေဆာဆာ ဖေါ်ပြနေခြင်းသာ၊ ကိစ္စမှန်သမျှအစိုးရနှင့်ဆိုင်သည်၊ အစိုးရကဘာမဆိုတာဝန်ယူ ကိုင်တွယ် စီမံခန့်ခွဲနေသည်၊ အစိုးရနှင့်ဆက်ဆံမှသာနိုင်ငံသားတို့ဘ၀အနေဖြောင့် အသေ ဖြောင့်မည် ဟူသောနမိတ်စကားများမီးမောင်းထိုးပြနေသည့်သဖွယ်ဖြစ်နေသည်။

 

မောင်မိုးညို၏ကိုယ်တွေ့ဖြစ်ရပ်တခုကိုပြန်ပြောင်းအမှတ်ရသဖြင့်၊ တင်ပြလိုပါသည်။ (၁၉၈၈) အထွေထွေအရေးအခင်းကြောင့်မြန်မာဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီစနစ်ဘုံးဘုံးလဲ၍၊ အမြို့မြို့ တွင်အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းနေချိန်ကာလဖြစ်သည်။ မောင်မိုးညိုမှ ယခုနေပြည်တော် အစိုးရရုံးစိုက်ရာပျဉ်းမနားတွင်တာဝန်ကျစဉ်ကဖြစ်သည်။ မြို့အုပ်ချုပ်ရေးကိုအထွေထွေသပိတ် ကော်မတီကြီးကတာဝန်ယူစဉ်လည်းဖြစ်သည်။ ထုံးစံအတိုင်း ယခင် ပါတီယူနစ်နှင့်မြို့နယ် ပြည်သူု့ကောင်စီတို့မှတာဝန်ယူကိုင်တွယ်ခဲ့သော ဘဏ်လုပ်ငန်းကိစ္စ၊ ဆန်/ဆီ/လူသုံးကုန်၊ စက်သုံးဆီ၊ ဓါတ်ဆီ၊ ဆေးဝါးခွဲတမ်းကိစ္စအားလုံတို့ကို သပိတ်ကော်မတီမှဆိုင်းမပါ ဘုံမဆင့်၊မည်သူတစ်တယောက် ၏သဘောတူညီချက်မပါဘဲခတ်တည်တည် သိမ်းယူလိုက် သည်။ ယင်းခွဲတမ်းလုပ်ပိုင်ခွင့်တည်းဟူသောအခွင့်အရေးကြီးကိုမြင်တွေ့ကြသော၊ ထိုထို ဒီမိုကရေစီနိုးကြားကြသူအမည်ခံ သပိတ်ခေါင်းဆောင်များကြားအဝေမတဲ့ဖြစ်ကြသတတ်။ သပိတ်စခန်းတည်ရာမြို့ဦးဓမ္မာရုံတွင်းလက်သီးလက်မောင်းတန်းရန်ဖြစ်ကြသံ၊ ဓမ္မရုံအပြင် ထွက်လျက်နပန်းလုံးကြသောအသံကိုမြို့လူထုတို့နားမဆံ့ကြားကြမြင်ကြရသည်။ အဆိုပါ ”ဖျာလုပွဲ” များကြောင့်နေ့စဉ်အချိန်မဆိုင်းသပိတ်ကော်မတီပြင်ဆင်ဖွဲ့စည်းမှုအမိန့်စာများလည်း တသဲသဲပင်။

စနစ်၏လောင်းရိပ်ကြောင့်စနစ်ဟောင်း၏အုပ်ချုပ်ပုံစနစ်ကိုသာမြင်ဖူးကြ၍၊ ယင်းစနစ်မျိုးမှလွဲ၍ စစ်မှန်သောဒီမိုကရေစီကျင့်စဉ်တရားနှင့်လူလူချင်းအပြန်အလှန်လေးစားမှု၊ နိုင်ငံတကာ နှင့်ရင်ဘောင်တန်းနိုင်သော/စကားပြောနိုင်သောဝိသေသလက္ခဏာဆိတ်သုဉ်းခဲ့ သောမြန်မာ တို့၏စရိုက်သည်နိုင်ငံထူထောင်ရေးဖြစ်စဉ်ကြီးကိုကာလအတိုင်းအတာတခုတော့ကြာအောင်အချိန်ယူနေပေဦးမည်။ အုပ်ချုပ်ရေးစနစ်ကိုအမှန် တကယ်တတ်ကျွမ်းသောပညာရှင်များ အစိုးရအဖွဲ့တွင်နေရာမပေးနိုင်သေးသရွေ့၊ သန်းပေါင်း (၅၀)သောမြန်မာတိုင်းရင်းသားပေါင်းစုံ တို့သည်၊ ကြမ်းတမ်းသောခရီး ကြီးကိုလျှောက်ကြရ ပေဦးမည်။ စနစ်ဟောင်းကြိမ်စာအတွင်း နစ်မွန်းဆဲမြန်မာတို့အနာဂါတ်လှပ သာယာလုံခြုံရေး ကား၊ အုပ်ချုပ်သူလူတန်းစားများအတွင်း ပညာရှင်များနေရာယူလာရေးပေါ်များ စွာမူတည်နေ သည်မဟုတ်ပါလား။