Saturday, August 27, 2016

REUNION

ဆောင်းကာလကုန်ဆုံး၍ ပွင့်လင်းနွေဦးကာလမှစတင်ပြီး၊ မြန်မာပြည်တွင်းနှင့်ပြည်ပနိုင်ငံအသီးသီးတို့တွင် မိသားစု (သို့မဟုတ်) ကျောင်းဆင်းဖေါ်များပြန်လည်တွေ့ဆုံပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပချိန်ကာလဖြစ်သည်။ တွေ့ဆုံပွဲ အတွက်ဖိတ်ကြားစာများစတင်ရရှိချိန်မှစ၍၊ စိတ်လှုပ်ရှားမှုအနည်းနှင့်အများဆိုသလို ပါဝင်ကြသူတိုင်း ခံစားကြရသည်မှာဓမ္မတာဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးများတွင် reunion များခေတ်စားခဲ့သည်မှာ အတော်အတန်ကြာခဲ့ပြီဖြစ်သော်လည်း၊ ပြင်ပကမ္ဘာသို့ မကြာမှီကမှတံခါးဖွင့်ခဲ့သောမြန်မာလူမျိုးများ နှင့် ပြည်တွင်းဒေသ အနှံ့တို့တွင်၊ မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းများနှင့် ကျောင်းသွားဖေါ်များတွေ့ဆုံပွဲများ (family and classes reunions) ကျင်းပနေကြသည်မှာပလူပျံနေလေပြီ။ အထက်တန်းကျောင်းဆင်း၊ တက္ကသိုလ်ဆင်း၊ ဌာနဆိုင်ရာပင်စင်စား များ၊ ဘွဲ့ရများ၊ ကာလတိုသင်တန်းဆင်းဖေါ်များ၊ စစ်တက္ကသိုလ်အပါတ်စဉ်လိုက်ဆင်းကြ သူများပင်ပါကြလေ သည်။ ပညာသင်စဉ်၊ သင်းတန်းကာလအတွင်းအဖေါ်များ၏ဘ၀အခြေအနေသည်ထူးခြား သောကွာဟမှုများမရှိကြချေ။
သို့သော်…….
ကာလတို့ပြောင်း၊ ခေတ်တွေအဆင့်ဆင့်ပြောင်းလဲခဲ့သောအချိန်တွင်း၊ အထက်ဖေါ်ပြပါအဖေါ်အသင်းတို့၏ ဘ၀သည်၊ မိမိတို့လျှောက်လှမ်းခဲ့သောဘ၀၊ မိသားစုအခြေအနေ၊ နေထိုင်ကျက်စားလုပ်ကိုင်ကြရာပါတ်ဝန်း ကျင်တို့အပေါ်မူတည်၍အပြောင်းလဲကြီးပြောင်းလဲခဲ့ကြပေပြီ။ လက်ရှိရောက်ရှိနေသောဘ၀နှင့်ရှင်သန် ရပ်တည်မှုသည်၎င်း၊ ဖြတ်သန်းရသောအခက်အခဲတို့သည်၎င်း၊ မိမိတို့ပစ္စုပ္ပါန်ဘ၀အခြေအနေကိုပြောင်းလဲခြင်း မက ပြောင်းလဲသွားစေပြီဖြစ်သည်။ မိမိတို့လက်ရှိရောက်ရှိနေသောဘ၀ကိုမိမိကိုယ်တိုင်သတိမထားမိသော် လည်း၊ ပါတ်ဝန်းကျင်ကသော်၎င်း၊ မိမိနှင့်နီးစပ်ဆဲကျောင်းနေဖေါ်တို့ကကောင်းစွာသတိပြုမိကြသည်။
ကျောင်းနေစဉ်ကာလကစာပေထူးချွန်သူတို့ရာထူးဌာနန္တရနှင့်စီးပွားဥစ္စာပြည့်စုံကြတတ်သော်လည်း၊ ဤအချက် သည်အမြဲမမှန်ကန်ဟူသောလောကဓံတို့၏သဘာဝကိုနားလည်ကြဘို့လိုသည်။ ထူးချွန်ထက်မြက်ကြသူတို့၊ အရွယ်ရောက်ပြီး၊ အကြောင်းကြောင်းကြောင့် မိမိတို့ဘ၀အလုံးစုံကိုခြေရာဖျောက်ကြသူတွေလည်းရှိကြသည်။ ကျောင်းသင်တန်းစသည်တို့တွင်၊ အတင်းအကြပ်ရုန်းကြကန်ကြရသော်လည်း၊ ဘ၀အကျိုးပေးထက်သန်မှု ကြောင့်၎င်း၊ မိမိတို့ကြိုးစားအားထုတ်ကြမှုတို့ကြောင့်၎င်း၊ ရာထူးအဆင့်အတန်းမြင့်မားကြပြီး၊ စီးပွားလာဘ် လာဘများအဆမတန်ကြွယ်ဝကြသူတွေလည်းရှိလာတတ်ကြမြဲပင်။ ကျောင်းသင်တန်းကာလများအတွင်း၊ စကား ပြောနည်းကြသူတွေလည်း၊ ဆယ်စုနှစ်တစ်ခုလောက်အတွင်း၊ တဖက်လူကိုကျလောက်အောင် စည်းရုံး ပြောဆိုနိုင်သော ကိုယ်ရည် ကိုယ်သွေးများနှင့်ပြီးပြည့်စုံသူများအဖြစ်အသွင်ပြောင်းကြလေပြီ။ မိမိအကျိုး ကိုသာကြည့်တတ်ကြပြီး၊ ဆက်ဆံရေးမပြေပြစ်တတ်ကြသူတွေကလည်း အများအကျိုးကိုအားတက်သရော်
ပံ့ပိုးနိုင်ကြသောနေရာရာထူး၊ ဂုဏ်ထူးကြီများဆောင်ယောင်လျက်၊ အရေးပါအရာရောက်ကြသူတွေ ဖြစ်ကြ လေပြီ။ စနစ်နှင့်လူနေမှုကအတန်းဖေါ်တို့၏ဘ၀သရုပ်ကိုချယ်မှုန်းသွားကြလေပြီ။
ဤနေရာတွင်အစစအဆင်ပြေနေသားကျလျက်မိမိ မိသားစုသားသမီးများအောင်မြင်ကြသူတို့အတွက်၊ ပြောဘွယ်ရာမရှိသေည်လည်း၊ အခက်အခဲမျိုးစုံရုံးကန်ကြလျက်၊ လက်ရှိဘ၀ကြမ်းတမ်းနေကြဆဲကျောင်း နေဖေါ်မျာအတွက်ကားဆိုဘွယ်ကိစ္စများရှိလာပေပြီ။ မိမိတို့ကိုဖိတ်ကြားလာသောအခါတွင် reunion သွားသင့်မသွားသင့်ကားများစွာလွန်ဆွဲနေပေပြီ။ အခန်းအနားတွေ့ဆုံပွဲကိုစီစဉ်ကြိကြပ်ကြသူတွေနှင့် အဖိတ် ကြားခံများအကြားနွေးထွေးသောဆက်ဆံမှုသံခင်းတမန်ခင်းကအစကောင်းမှ reunion အောင်မြင် နိုင်ပေမည်။ တွေ့ဆုံပွဲသည်ကျောင်းသင်တန်းကာလတွင်းရှိခဲ့သောခင်မင်ရင်နှီးမှုကိုပြန်လည်းအသစ်မွေးဖွား ပေးသောအခင်း အကျင်းအဖြစ်သာရှိဘို့လိုသည်။ ယင်းတွေ့ဆုံမှုသည်ကျောင်းတော်ကရန်စကိုပြန်လည် ဖေါ်ထုတ်စကားနာထိုး ကြရမည့်အခြေသို့မရောက်စေသင့်။ တွေ့ဆုံပွဲပြီးမှတယောက်နှင့်တယောက်မခေါ်နိုင် မပြောနိုင်ဘ၀အခြေသို့ မရောက်စေရအောင်တားဆီးနိုင်သမျှတားဆီးရမည်။ ယင်းအချက်ကားများစွာအရေးကြီး လှပေသည်။
Reunion နှင့်ပါတ်သက်၍ဆောင်ရန်ရှောင်ရန်ဟူသော စောင့်စည်းအပ်သော အချက်များကိုစာဖတ်သူများစွာ တို့က၊ သိနားလည်ကြသော်လည်း၊ အသိသာရှိပြီးသတိမရှိသောလူသားတို့၏ဓမ္မတာအတိုင်း၊ ပြောမှားဆိုမှား၊ ပြုမူမိမှားသည်များစွာတို့ကြောင့်၊ အခင်အမင်ပျက်ကြရသူတွေအများအပြားရှိသည်။ အထူးသဖြင့်မြန်မာပရိ ဿတ်အတွင်းလိုက်နာစောင့်စည်းအပ်သောလူမှုကျင့်ဝတ်တို့ကိုနားလည်လိုက်နာကြဘို့လိုပါသည်။
(က) တွေ့ဆုံပွဲများသည် ဘာသာလူမျိုး၊ ကိုးကွယ်ရာနှင့်ဆူကြုံနိမ့်မြင့်ဘ၀ကွာဟမှုများကို ဆက်ဆံတွေ့ဆုံကြရာ တွင်၊ ခ၀ါချခဲ့ကြရန်လိုသည်။
(ခ) မြန်မာတို့၏ဓလေ့နှင့်အညီ ဆရာ/မများကန်တော့ရာတွင်၊ ဘာသာခြားများပါသည်မို့၊ ဗုဒ္ဓဘာသာအများစုဘဲ ဟူသောအယူအဆဖြင့်၊ အတင်းအကြပ်ကန်တော့ခိုင်းခြင်း၊ မပြုလုပ်မိစေရန်လိုအပ်သလို၊ အစားအသောက်များ အတွက်လည်း၊ သီးသန့်စီစဉ်ထားရန်လိုအပ်သည်။
(ဂ) မိမိကဖိတ်ကြားခံရပါက၊ မိမိတို့နှင့်နီးစပ်သူများစာရင်းကို၊ သက်ဆိုင်ရာပွဲစီစဉ်သူတို့ထံအသိပေးရန် လိုအပ် သည်။ မိမိအတန်းဖေါ်ကဖိတ်ကြားခံရတိုင်းမိမိလည်း အဖိတ်ကြားခံရမည်ဟု အလိုအလျောက် ယူဆ ၍မရပါ။ စီးပွားရေးချို့တဲ့သူဆရာ/မများသာမကသင်းတန်းဖေါ်ကျောင်းသားဟောင်းများအတွက်လည်း၊ လူတိုင်းစေ့ပါဝင် လာစေရေးအစီအမံများဖန်တီးထားရန်လိုသည်။
(ဃ) အခန်းအနားအချိန်အတွင်းပွဲကြကြပ်သူတစ်ဦး/တစ်စုတည်းကစင်မြင့်တွင်အချိန်ပြည့်နေရာယူခြင်းကို ရှောင်ရှားကြရန်လိုသည်။ မိမိတို့နေရာယူပျော်ရွှင်ကြသလိုလူတိုင်းကိုလက်ကမ်းရန်လိုသည်။
(စ) များသောအားဖြင့်၊ ပါဝင်တက်ရောက်ဆင်နွှဲနိုင်ရေးအတွက်တစ်ဦးချင်းကုန်ကျစရိတ်သတ်မှတ်ရာတွင်၊ ပွဲစီစဉ်သူတို့က၊ အသင်တော်ဆုံးနှင့်အသက်သာဆုံးဖြစ်အောင်စီစဉ်သတ်မှတ်ကြလေ့ရှိသဖြင့်၊ စားသောက် ရသောအစားအသောက်၊ လက်ဆောင်တို့အပေါ်တန်ဘိုးမဖြတ်မိကြဘို့လိုသည်။
(ဆ) ပွဲစီစဉ်ကြသူတွေကငွေကောက်ခံရာတွင်ကောက်ခံရရှိသောပြေစာ (သို့မဟုတ်) ရရှိကြောင်း၊ email/text message တို့ကို၊ မိမိတို့ကမည်မျှပင်ရင်းနှီးနေပါစေ၊ အကြောင်းပြန်ကြားပေးကြရန်လိုသည်။ ငွေစာရင်းရှင်း တမ်းကိုလည်းအချိန်နှင့်တပြေးညီရှင်းလင်းထုတ်ပြန်ရန်လိုသည်။
(ဇ) အခန်းအနားအစီအစဉ်မတိုင်မှီနှင့်ပြီးနောက်၊ ခင်မင်ရင်းစွဲရှိကြသူတွေ အချိန်ပိုယူကာ၊ တွေ့ဆုံကြခြင်း သည်လည်း၊ အကောင်းဆုံးဖြစ်သည်။
(ဈ) ပလွှားသောဝတ်စားဆင်ယဉ်မှု၊ မိမိအရွယ်ဂုဏ်ဒြပ်နှင့်ဆန့်ကျင်သောအပြုအမူတို့ကြောင့်၊ အဖေါ်များက မေးငေါ့စရာမဖြစ်အောင်ရှောင်ကြဘို့လိုသည်။
(ည) အခန်းအနားသို့၊ မိမိခင်ပွန်းသားသမီးများ၏ဓါတ်ပုံများယူသွားကြပြီးဖလှယ်ခြင်းသည်လည်း၊ အလွန် တန်ဘိုးရှိသောခင်မင်မှုကိုပြခြင်းဖြစ်သည်။ သို့သော် လူသုံးကုန်ပစ္စည်းများဝယ်ယူသောနေရာ၊ အပမ်းဖြေ ခရီးစဉ်၊ စားသောက်ဆိုင်တို့တွင်ရိုက်ကူးသောဓါတ်ပုံများမပါမိရန်အထူးအရေးကြီးသည်။ ၀ါကြွားမှုကို ရှောင်ရှားပါ။
(ဋ္ဋ) ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးကင်းသောစကားများသာဖလှယ်ကြပါ။
(ဌ) တွေ့သူတိုင်းကိုသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေအနည်းဆုံး ပြုံးပြပါ။
(ဍ) မိမိနှင့်ကျောင်းတော်ကရန်စရှိသူတွေကို၊ ခင်မင်ရာအတန်းဖေါ်မှတဆင့်၊ လက်ကမ်းသောစကားကိုဆိုပါ။
(ဎ) မိမိခင်ပွန်း၊ တွဲနေကျသူများကိုခေါ်သွားခြင်းက၊ အိမ်ထောင်အဆင်မပြေကြသူတွေကို၊ စိတ်ထိခိုက် စေနိုင်သဖြင့်၊ မိမိတဦးတည်းသာသွားခြင်းသည်အကောင်းဆုံးဖြစ်သည်။
(ဏ) ငယ်စဉ်ကအတန်းဖေါ်များရိုက်ကူးထားသောဓါတ်ပုံ၊ လက်ဆောင်ဖလှယ်မှုများကိုယူဆောင်ပြသခြင်း သည်၊ မိတ်ဖက်မှုကိုတဖန်အသစ်မွေးဖွားစေသည်။
(တ) အဝေဖန်မစောပါနှင့်။ လူမှုကွန်ယက်ခေတ်စားလာသောခေတ်သစ်ကြီးတွင်၊ မိမိတက်ရောက်ခဲ့သော အခန်းအနားကို အကျိုးရှိစွာအသုံးချပါ။
(ထ) မိမိတို့ရာထူး/စီးပွားအလျောက်အကူအညီပေးနိုင်သောအတိုင်းအတာထက်ကျော်လွန်ပြီးပဋိသန္တာရ စကားဆန်သောလောကွတ်စကားကိုရှောင်ပါ။
(ဒ) ကျန်းမာရေး၊ မိသားစုရေးကိစ္စကိုနှုတ်အားဖြင့်အကြံပြုခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းတို့ဖြင့် အားပေး နှစ်သိမ့်ခြင်းတို့ကိုပြုလုပ်ကြရန်မမေ့သင့်ပါ။
(ဓ) ပွဲကြည့်ကြပ်ကြသူတိုင်းကအခန်အနားတက်ရောက်ကြသူတစ်ဥိးချင်းကအပေါင်းအဖေါ်မိတ်ဆွေတွေနှင့် ၀ိုင်းဖွဲ့နေစေနိုင်သောအစီအမံများပြုလုပ်ကြရန်လိုသည်။ တစ်ဦးတည်းခေါ်ပြောသူမဲ့အထီးကျန်ဖြစ်သူမရှိရန် လိုသည်။
(န) လူမှုရေးအတွင်းရေးကိစ္စများကိုတိုက်ရိုက်ဖြစ်စေ၊ အခြားသူတစ်ဦးဦးဆီမှဖြစ်စေမေးမြန်းခြင်းကိုရှောင်ပါ။ (ပ) ခင်မင်ရင်းနှီးလွန်း၍ သီးသန့်လက်ဆောင်များပေးခြင်းမျိုးကိုရှောင်ရှားရန်လိုသည်။ နောင်မှသီးသန့်ပေးသင့် သည်။
Reunion ဟူသည်ကားအသက်အရွယ်ကြီးပိုင်းတို့တွင်သာဆောင်ရွက်လေ့ရှိကြသဖြင့်၊ ယခင်ကရှိခဲ့သော အမြင်မှားမှုများ၊ အဆင်မပြေမှုတို့ကိုအပြန်အလှန်လေးစားသမှုဖြင့်၊ ခ၀ါချကြရန်အချိန်အခါကောင်းကြီးဖြစ် သည်။ တနည်းဆိုရသော် ဘ၀၏ကျန်ရှိသောအနည်းငယ်မျှသောသက်တမ်းအတွင်း အပြန်အလှန်ဖေးမ ကြရမည့်အချိန် ကောင်းလည်းဖြစ်သည်။
တချိန်ကမြန်မာနိုင်ငံဆေးတက္ကသိုလ်အသီးသီးတွင် ဒိုးတူဘောင်ဖက်ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသော …ရောင်ရင်းအတန်းဖေါ်အားလုံးအား သတိတယရှိစွာဖြင့်…..။
မျှဝေခံစားနိုင်ကြပါစေ။