Wednesday, June 28, 2017

တော်လှန်ရေးကောင်စီခေတ် (၃၃)ဦးအဖွဲ့မှသည် ယနေ့ခေတ် ကိုယ်တိုင်ပြဌာန်းခွင့် တန်းတူရည်တူရေးဆီသို့



ယခုလက်ရှိလျှောက်လှမ်းနေတဲ့ ဒုတိယပင်လုံဟာ ခေတ်ရဲ့တောင်းဆိုချက်တခုထက် ပိုမိုအရေးပါတဲ့ မြန်မာ တိုင်းရင်းသားပေါင်စုံတို့ရဲ့ အန္တိမမျှော်မှန်းချက် အိပ်မက်ကြီးတခုပါ။ ပြီးခဲ့တဲ့လကထုတ်ဝေတဲ့သတင်းစာတွေမှာ ဖတ်လိုက်ရတဲ့သတင်းဟာ မြန်မာ့သမိုင်းစာမျက်နှာသစ်ကိုဖွင့်လှစ်လိုက်တဲ့နိုင်ငံရေး ပြောင်းလဲမှုတခုဆိုရင် မမှားပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်တဲ့ငြိမ်းချမ်းရေးဦးဆောင် အစည်းအဝေးကြီးက မြန်မာ့သမိုင်းမှာ တကြိမ်တခါမျှမရရှိခဲ့ဘူးတဲ့ (အလွန်အရေးပါတဲ့) တိုင်းရင်းသားခေါင်း ဆောင်စုံပွင့်ပွင့်လင်းလင်းချပြဆွေးနွေးကြဘို့သဘောတူညီချက်တခုကိုရရှိလိုက်ခြင်းဘဲဖြစ်ပါတယ်။
အဲ့ဒါကတော့ - "ကိုယ်ပိုင်ပြဌာန်းခွင့်တန်းတူရေး နဲ့ ဖက်ဒရယ်မူ"ပါဘဲ။ ဒီဆွေးနွေးမှုခေါင်းစဉ်ဟာ အရင်က လူသိရှင်ကြား ထုတ်ဖေါ်မပြောရဲလောက်အောင် ကန့်သတ်ချက်များစွာတို့ကြားကနေလူးလွန့်ပေါ်ထွက်လာတဲ့၊ တိုင်းရင်းသားကြီးငယ်မဟူတို့ရဲ့ ရင်ထဲကဆန္ဒကြီးတခုပါ။
တကယ်တော့ အဲ့ဒီဆွေးနွေးရေးသဘောတူညီမှုမူဘောင် (framework) ဟာမြန်မာ့တိုင်းရင်းသားနဲ့လက်နက် ကိုင်အဖွဲ့အစည်းတိုင်းအတွက် ထူးခြားပြီးလေးနက်မှုရှိသလို သမိုင်းရဲ့လမ်းမဆုံကြီးတခုကိုရောက်ပြီဆိုတဲ့ နမိတ်လက္ခဏာကြီးတခုဖြစ်သွားပါတယ်။
ဒီသဘောတူညီချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အနောက်နဲ့ဥရောပခရီးစဉ်ကပြန်ရောက်ပြီးချင်း၊ ရရှိခဲ့တဲ့ ပြည်နယ်ပြည်မ သဘောတူညီမှုတခုဖြစ်တာကြောင့်၊ သူမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်ကအပြန် ပင်လုံစာချုပ်ကို အလျင်အမြန်ချုပ်ဆိုနိုင်ခဲ့တဲ့ သမိုင်းဝင်အဖြစ်အပျက်နဲ့အလား တူနေပါတယ်။
ပင်လုံမှသည် သက်သေတည်
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့(၁၉၄၇)ခုနှစ်ပင်လုံစာချုပ် သဘောတူညီချက်တခုဖြစ်တဲ့၊ ပြည်နယ်များခွဲထွက်ခွင့်ကို လူမျိုးစုငယ်တိုင်းရင်းသားများအားလုံးတို့က အခွင့်အရေးတရပ်အဖြစ် ဒီကနေ့မှာ ကိုင်စွဲနေကြဆဲအခြေအနေပါ။ လွတ်လပ်ရေးသည်သာပဓါနဆိုတဲ့အချက်ကိုမျက်ခြေမပြတ်ဖို့ တိုင်းရင်းသား တွေကိုစည်းရုံးစေ့ဆော်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြိုးပမ်းမှုကို မြင်အောင်ကြည့်တတ်ကြဘို့လိုပါတယ်။ သူ့ကိုအကွက်ကျော်မြင်တတ်သူတစ်ဦးအဖြစ်၊ တိုင်းရင်းသားခေါင်းဆောင်အားလုံးလိုလိုကို နားချနိုင်ခဲ့တာက သာဓကကြီးတခုအဖြစ်ထင်ထင်ရှားရှားတွေ့ရနိုင်ပါတယ်။ အဲ့ဒီဖြစ်စဉ်ကို သမိုင်းရဲ့ပျော့ကွက်အဖြစ် တချို့သော သူတွေက လက်ညှိုးထိုချင်ကြပါတယ်။ နားလည်ထားကြဘို့က သမိုင်းရေစီးကြောင်းရဲ့ပြောင်းလဲမှုဖြစ်စဉ်၊ နိုင်ငံသားနဲ့အချုပ်အခြာအာဏာတို့ရဲ့တောင်းဆိုမှုတွေအရ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေ ကို အမျှော်အမြင် ကြီးသူ နိုင်ငံခေါင်းဆောင်တွေက ဦးဆောင်လမ်းနဲ့ပုံဖေါ်ပေးကြရပါတယ်။ ဦးဆောင်သူတွေက လမ်းလွဲခဲ့ရင် ပြည်သူ တရပ်လုံးက ရာစုမဟုတ်တောင်ဆယ်စုတွေနဲ့ချီပြီး၊ ခံစားကြရပါတယ်။ တကယ်တော့ ယဉ်ကျေးမှု၊ ပထ၀ီသဘာဝနဲ့ အရင်းအမြစ်များရဲ့ဆက်စပ်နေမှုတွေက လက်ရှိ မြောက်မြားလှစွာသော လူမျိုးစုကြီးငယ် အားလုံးကို အခုအချိန်မှာ စုစည်းနေစေတဲ့ရှည်လျားတဲ့သမိုင်းကြောင်းကြီးကိုထွင်ခဲ့ပြီးပါပကောလား။ တိုင်းရင်းသားအားလုံးတို့ရဲ့ ဘ၀လိုအပ်ချက်က မျိုးကွဲတိုင်းရင်းသားဘာသာခြားတို့နဲ့အပြန်အလှန်မှီတင်းနေ ထိုင်ကြဘို့၊ လွတ်လပ်စွာကူးလူးဆက်ဆံကြဘို့ လိုအပ်တာနဲ့အညီ၊ မိမိဖာသာတသီးတသန့်နေထိုင်ကြဘို့ဆိုတဲ့ ခေတ်နောက်ပြန်သမိုင်းပြောင်းပြန်လှန်ဘို့ သိပ်ပြီးမလွယ်တော့တဲ့ခေတ်အခါကိုရောက်နေကြပါပြီ။
တော်လှန်ရေးကောင်စီခေတ် ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းချက်
(၁၉၆၂) တော်လှန်ရေးကောင်စီအာဏာရယူစဉ်က မြန်မာလွတ်လပ်ရေးသမိုင်းစာမျက်နှာတိုင်းမှာ အတူလက် တွဲခဲ့ကြတဲ့ ရဲဘော်ရဲဘက်များရဲ့ နိုင်ငံထူထောင်ရေးအကြံကောင်းညဏ်ကောင်းများ၊ သဘောထားများကိုတီး ခေါက်ကြည့်လိုတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဇန္န၀ါရီ ၁၉၆၃ မှာ နိုင်ငံရေးအကျဉ်းသားတော်တော်များများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး၊ ထိုစဉ်ကအင်အားအကြီးဆုံးလက်နက်ကိုင်ဆန့်ကျင်သူ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကိုသူ့ထံဖိတ်ကြားခဲ့ပါတယ်။ အဲ့ဒီဖိတ်ကြားချက်တွေမှာ သခင်စိုးဦးဆောင်တဲ့အဖွဲ့၊ ရှမ်းလွတ် မြောက်ရေး၊ ရခိုင်ကွန်မြူနစ်ပါတီ၊ ကချင်လွတ်လပ်ရေးကောင်စီ၊ ကေအင်ယူ၊ မွန်ပြည်သစ်၊ မဒညတအဖွဲ့ စသည်တို့ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က လွတ်လပ်ရေးရပြီး၊ အယူဝါဒကြောင့်တယောက်နဲ့တယောက်ကျောခိုင်း ကြပေမဲ့လည်း၊ တယောက်နဲ့တယောက်ပြန်ဆုံကြတဲ့အခါ၊ မျက်ရေမဆယ်နိုင်အောင်ဖက်လှဲတကင်း နှုတ်ဆက် ကြ၊ လက်ဆောင်တွေအပြန်အလှန်ဖလှယ်ကြနဲ့၊ တနိုင်ငံလုံးက မျှော်လင့်ချက်ကြီးစွာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို တောင်တခဲ့ကြတာပါ။ (၁၉၆၃) နိုဝင်ဘာ မှာ သခင်နုအပါအ၀င်၊ ခေတ်အဆက်ဆက်ကအထင်ကရနိုင်ငံရေး ခေါင်းဆောင်ကြီး (၃၃) ဦးကိုလည်းဖိတ်ခေါ်ပြီး၊ ဆွေးနွေးပွဲတွေဆွေးနွေးလိုက်ပါတယ်။ ထင်သလိုနိုင်ငံအကျိုး ပြုတည်ဆောက်ရေး ကိစ္စတွေအရာမထင်ခဲ့ပါဘူး။ အရင်ကပုဂ္ဂိုလ်ရေးအာဃာတတွေ၊ ငယ်ကြိုးငယ်နာတွေ ပြောင်သလိုပျက်သလိုပြောရင်းက၊ ကတောက်ကဆတွေအတော်ဖြစ်ခဲ့တယ်လို့ လက်လှမ်းမှီသူတွေဆီက တဆင့်ကြားခဲ့ပါတယ်။ တည်မြဲ ဖဆပလ ဦးကျော်ငြိမ်းအဖွဲ့က ပြည်နယ်ခွဲထွက်ရေးလုံးဝလက်မခံဘဲ ဗီယက်နမ်၊ ထိုင်းနိုင်တို့လို နိုင်ငံကိုဈေးကွက်စီးပွားရေးစနစ်နဲ့ထူထောင်ဘို့အဆိုပြုပါတယ်။ သခင်နုကတော့ သူ့ဆီဗိုလ်ချုပ် ကြီးနေ၀င်းက အာဏာပြန်အပ်ပြီးသူကနေတရားဝင်လွှတ်တော်ခေါ်ပြီး ဗိုလ်ချုပ်နေ၀င်းကိုအာဏာ ပြန်လွှဲပေး မယ်လို့ဆိုပါတယ်။ (၁၁)ဦးသောပုဂ္ဂိုလ်တွေက နိုင်ငံကိုဆိုရှယ်လစ်စနစ်ထူထောင်ပြီးစီမံကိန်းစီးပွားရေးစနစ်ကို အကြံပြုပါတယ်။ (၁၈)ဦးသောသူတစုကတော့ ပါတီစုံစနစ်နဲ့အမေရိကပြည်ထောင်စုကဲ့သို့ ခရီးသွားချင်တဲ့ သဘောထားကိုပေးကြပါတယ်။
လွတ်လပ်းရေးရပြီးပထမဆုံးသမိုင်းဝင်အဲ့ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဟာသက်ဆိုးမရှည်ခဲ့ပါဘူး။ လူညီပြီးလက် တွေ့ကျတဲ့ ဘုံသဘောတူညီချက်မချမှတ်နိုင်ခဲ့ယုံမက၊ အရင်ကဆိုးတူကောင်းဖက် လက်တွဲပြီး နိုင်ငံလွတ်လပ် ရေးကြိုးပမ်းမခဲ့တာတွေ ဘေးချိတ်ပြီး၊ တယောက်နဲ့တယောက်အပြီးတိုင်ကျော်ခိုင်းခဲ့ကြပါတယ်။ အဲ့ဒီပျက်ပြား ခဲ့တဲ့ငြိမ်းချမ်းရေးကြိုးပမ်းချက်ကနေ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ သင်္ခန်းစာတခုကိုရလိုက်ပုံရှိပါတယ်။ အဲ့ဒီသင်္ခန်းစာ ကတော့ ဆိုရှယ်လစ်လမ်းစဉ်ကိုမြန်မာ့နည်းမြန်မာ့ဟန်လို့ခေါ်တဲ့ မိမိတို့နိုင်ငံ လိုအပ်ချက်နဲ့လိုက်လျောညီထွေမဲ့ နိုင်ငံရေးစနစ်ကို မိမိဖာသာမိမိဘဲ ဖေါ်ထုတ်တော့မယ်ဆိုတဲ့ အချက်ကြီးပါဘဲ။
(၂၁)ရာစု ဒုတိယပင်လုံ၏စိမ်ခေါ်မှုများ
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲအောင်နိုင်မှုဟာ (၂၀၁၆) မှာ လွတ်လပ်ပြီးအမျှတဆုံးဒီမိုကရေစီအစိုးရပေါ်ထွန်းခဲ့ပါတယ်။ ဒီလမ်းစပေါ်ထွန်းလာစေမှုကို မရောက်ရောက် အောင် ဆောင်ကျဉ်းပေးနိုင်ခဲ့တဲ့စစ်တပ်တဖြစ်လဲ ဗိုလ်ချုပ်ကြီးသိန်းစိန်အစိုးရရဲ့ လမ်းဖွင့်ပေးမှုကို လည်း မလွဲမသွေ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ (၂၀၀၈)အခြေခံဥပဒေရဲ့ပြဌာန်းချက်များက အရပ်သား စစ်စစ်အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးအခွင့်အာဏာကိုအကြီးအကျယ်ကန့်သတ်လို့နေပါတယ်။ လွှတ်တော်အဆင့် ဆင့်နဲ့အစိုးရအဖွဲ့အဆင့်ဆင့်တို့မှာ တပ်မတော်က (၂၅%)ပါဝင်နေရာယူနေမှု၊ အခြေခံဥပဒေရဲ့အဓိက ပြဌာန်းချက်များကို၊ တပ်မတော်က သဘောမတူသရွေ့ပြင်ဆင်ခွင့်မရရှိမှု၊ တပ်မတော်ရဲ့ နိုင်ငံအရေးအရာကို ထိန်းသိမ်းခွင့်ကိုတရားဝင်ပြာဌာန်းထားမှု နဲ့ တပ်မတော်ကိုသီးခြားလွတ်လပ်စွာလည်ပါတ်လှုပ်ရှားခွင့်အခွင့်ထူး ကြီးတရပ်တရားဝင်တည်နေမှု တို့ဟာ၊ နိုင်ငံသား၊ တိုင်းရင်းသားပေါင်းစုံ နဲ့ လက်နက်ကိုင်များအကြား ယုံကြည်မှုတံတိုင်းကြီးခြားရံနေဆဲဖြစ်နေပါတယ်။ ပိုမိုးဆိုးရွားစေတဲ့အခြေအနေတွေကတော့ ရိုဟင်ဂျာတိုင်း ရင်းသားများအဖြစ်တရားဝင်လက်ခံရန် နိုင်ငံသားအများအပြားကငြင်းဆန်နေသေးတာတွေ၊ ဘာသာရေး နှင့်လူမျိုးရေးအစွန်းရောက်ဝါဒီများရဲ့သွေးထိုးပုန်ကန်မှုများ ကနိုင်ငံတကာနိုင်ငံရေးမျက်နှာစာမှာ၊ မျက်နှာမလှ စရာ အမဲကွက်ကြီးများအဖြစ်ကြီးထွားနေခြင်းဟာ၊ နိုင်ငံထူထောင်ရေးမှာ ကြီးစွာသော အနှောက်အရှက်များ ဖြစ်နေဆဲပါ။ လူမျိုးစု (၁၃၅)စုလို့မျက်စေ့ပိတ်ပြီး၊ ကျန်တိုင်းရင်းသားမျိုးနွယ်သစ်များကို လက်ခံရန် ငြင်းဆန် နေတဲ့ လူမျိုးကြီးတရားသေ၀ါဒီများဟာလည်း၊ အတားအဆီးများအဖြစ်ကြံ့ကြံ့ခံနေကြဆဲပါ။
နိုင်ငံတကာက၀င်ရောက်နိုင်မဲ့ တတ်သိနည်းပညာနှင့်ပံ့ပိုးမှုအထောက်အပံ့တွေဟာ လည်းအဲ့ဒီအစွန်းရောက် အယူဝါဒီတွေရဲ့လက်ချက်တွေနဲ့ ‘က’ကြီးရေ ‘က’ အဆင့်ကနေမတက်သေးတာအထင်အရှားပါ။ မငြိမ်းချမ်းသေး သရွေ့၊ ကိုယ့်ပိုက်ဆံကိုယ်မပေးချင်၊ မရင်းနှီးမမြှုပ်နှံကြတာတွေကို အပြစ်ပြောလို့မရပါဘူး။ “ကိုယ်ထူကိုယ်ထ” ကြွေးကြော်ချက်နဲ့ ကမ္ဘာ့အဆင်းရဲ့ဆုံးနိုင်ငံဘ၀အထိဈန်လျှောခဲ့ရတဲ့ သမိုင်းနောက်ကြောင်းခံကို လူထုက မေ့စပြုနေကြပုံပါဘဲ။
တကယ်တော့ ယခင်သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြင်ပပုဂ္ဂိုလ်ပညာရှင်တွေ၊ ပြည်ပအကူအညီ တွေစတင် ဖိတ်ခေါ်ပြီး၊ တပြည်လုံးအပြစ်အခတ်ရပ်စဲရေး စခဲ့တာဟာ မြန်မာ့သမိုင်းမှာအကြီးမားအကျယ်ပြန့်ဆုံး ရင်ကြား စေ့ရေးကြိုးပမ်းမှုဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ စစ်တပ်တဖြစ်လဲ အစိုးရကဦးဆောင်တဲ့ ဆွေးနွေးပွဲမို့ ပါဝင်ကြသူ stakeholders တွေကြားမှာမယုံတ၀က်ယုံတ၀က်နဲ့ ငြိမ်းချမ်းရေးခရီးစဉ်ထင်သ လောက် ခရီးမပေါက်ခဲ့ပါဘူး။ ဒါပေမဲ့အခြေခိုင်တဲ့ ဆွေးနွေးရေးလမ်းကြောင်းကိုတော့အသေအခြာ ချပေးနိုင်ခဲ့ပုံရပါတယ်။
သမ္မတဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လက်ထက် မှာတော့ ဆိုခဲ့တဲ့လမ်းကြောင်းပေါ်ကနေ ပိုမိုလက်တွေ့ကျနိုင်မဲ့၊ တိုင်းရင်းသားခေါင်းဆောင်တွေကြားအားမနာတမ်းဆန္ဒထုတ်ဖေါ်ခွင့်၊ ဆွေးနွေးခွင့်တွေ ချပေးတာတွေကိုကြည့်ရင်၊ အစိုးရသစ်ရဲ့ရင်ထဲကသဘောထားထပ်တူမှုကိုပြညွှန်းနေပါတယ်။ အလွန်ကျယ် ပြန့်ပြီး၊ sensitive ဖြစ်တဲ့ကိစ္စတွေကိုတောင်ဘွင်းဘွင်းဆွေးနွေးခွင့်တွေပေးတဲ့အချိန်မှာ၊ ပြည်နယ်များခွဲထွက် ရေးကိစ္စဟာ နောက်တန်းကိုရောက်သွားပုံရပါတယ်။ ဒါပေမဲ့ မယုံကြည်နိုင်သေးတဲ့အဖြစ်ကတော့၊ တပ်မတော် ရဲ့ နိုင်ငံတော်အာဏာပေါ်အတားအဆီးမဲ့လွှမ်းမိုးချုတ်ကိုင်နိုင်မှု ဆိုတဲ့ အချက်ကြီးပါဘဲ။ Trust လို့ခေါ်တဲ့အပြန် အလှန်ယုံကြည်လမ်းစတံခါးဝတော့ရောက်မှန်မသိရောက်သွားပါပြီ။ အဲ့ဒီဆွေးနွေးပွဲမှာ သဘောတူညီချက်မူ (၃၇)ခုလက်မှတ်ထိုးနိုင်ခဲ့တယ်လို့ဆိုပေမဲ့ အဲ့ဒီသဘောတူညီချက်များဟာယေဘူယျကျပြီးတော်များများသော အချက်များဟာ၊ သာမာန်အချက်များဘဲဖြစ်နေပါသေးတယ်။ အဓိကကျတဲ့ “ကိုယ်ပိုင်ပြဌာန်းခွင့်တန်းတူရည်တူမှု နဲ့ ဖက်ဒရယ်မူ” ကို သဘောတူမှုမရခဲ့ကြပါဘူး။ သက်ဆိုင်ရာအစိုးရပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များရဲ့ထုတ်ဖေါ် ပြော ပြချက်များအရ၊ ပြည်နယ်များအလိုက်မိမိဖာသာအခြေခံဥပဒေများရေးဆွဲခွင့်ဆိုတဲ့မဟာအခွင့် အရေးခံစားခွင့် ကြီးဟာ၊ ပြည်နယ် များခွဲထွက်ရေးကိစ္စရပ်ကြီးဇီဝိန်ချုတ်ရေးနဲ့ဆက်စပ်နေတာမို့၊ တိုင်းရင်းသားလူမျိုးစုအချို့က လက်နယ်သဖွယ် ဆက်လက်ကိုင်ဆောင်ထားချင်သေးတဲ့အာသီသလက္ခဏာတွေပြနေသေးပါတယ်။
နောက်ဆက်တွဲအတွေးစတွေထဲမှာ-
(က) မြန်မာပြည်သူအများက တန်းတူရည်တူမှုရဲ့အနက်အဓိပ္ပါယ်ကိုအတိုင်းအတာဘယ်လောက်အထိသဘော ပေါက်နိုင်မလဲ။
(ခ) တပ်မတော်ရဲ့အားတက်သရော်ပါဝင်နိုင်မှု။
(ဂ) တိုင်းရင်းသားလူမျိုးစုမျိုးစုအားလုံးက မျှတသော federal principlesများရဲ့အခြေခံသဘောတရားကိုလုံး စေ့ပါစေ့နားလည်နိုင်မှုနဲ့ ။ အကြွင်းမဲ့လိုက်နာနိုင်မှုအတိုင်းအတာ။
(ဃ) အစွန်းရောက်လူမျိုးရေးနဲ့ဘာသာရေးဝါဒီများရဲ့ ပါဝင်နိုင်မှုကဏ္ဍ။
(င) အာဏာရNLD အပါအဝင် နိုင်ငံရေးနဲ့လူထုလူတန်းစားအချေပြု အဖွဲ့အစည်းအားလုံးတို့ရဲ့ "ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်" ဆိုတဲ့ရာစုတခုနီးပါး လူထုနဲ့ (အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုငယ်တိုင်းရဲ့ အန္တိမ တောင့်တချက်ကြီး) အကြောင်းထဲထဲဝင်ဝင်နားလည်နိုင်တဲ့အတိုင်းအတာ - စသည်တို့အပေါ်အခြေတည်နေပါတယ်။
ဒီသမိုင်းမှတ်တိုင်ဟာ မြန်မာတိုင်းရင်းသားဘာသာလူမျိုးစုံအားလုံးတို့အတွက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ရဲ့ ရင်တွင်းက ပကတိစေတနာ အရင်းခံဖြစ်သလို၊ တစ်နှစ်လည်သား အစိုးရရဲ့ထူးခြားတဲ့အောင်မြင်မှု ခြေလှမ်းတခုအမှန်ပါ။
သေခြာတဲ့အချက်ကတော့ ယခင်က ဖက်ဒရယ်ဆိုတိုင်းခွဲထွက်ရေးလို့အမြင်ရှိကြသူတွေအားလုံးလိုလိုက၊ ဒီကနေ့မှာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အပေါင်းလက္ခဏာသဘောထားပြသလို့နေပါပြီ။ ဒီထက်ပိုအရေး ကြီးတဲ့အချက်က၊ တိုင်းရင်းသားကြီးငယ်မဟူနဲ့လူတန်းစားအများကလက်သင့်ခံထားတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးရင့်လာတဲ့ဘ၀သက်တမ်းကိုမျက်ခြေမပြတ်သတိချပ်ကြဘို့ဆိုတဲ့ သတိစကားပါ။                        

သူမရဲ့ခက်ခက်ကြိုးပမ်းနေတာတွေဟာ သူမတသက်တာအတွင်း ရတောင့်ရခဲတဲ့
ငြိမ်းချမ်းရေးလုပ်ဆောင်မှုကို တိုင်းရင်းသားအားလုံးနဲ့ stakeholders
အားလုံးတို့ကမြင်အောင်ကြည့်ပြီး ခရီးဆုံးတိုင် ပန်းတိုင်ထိရောက်အောင်
အတူလက်တွဲပြီး ရအောင်ယူနိုင်ကြပါစေ။