ပြီးခဲ့သော
ယခုနှစ်မေလအတွင်းကနယူးယောက်မြို့သို့ရောက်ရှိစဉ် Ellis Island ခေါ် ကမ္ဘာ့နိုင်ငံသားတို့စတင်
ခြေချရောက်ရှိခဲ့ရာ အမေရိကနိုင်ငံသမိုင်းဝင်ကျွန်း၏စိတ်ဝင်စားဘွယ်ပြကွင်းနှင့်သမိုင်းကြောင်းကိုလေ့လာခွင့်
ရခဲ့ပါသည်။ နယ်ပယ်သစ်ရှာဖွေကြသူ မြောက်အမေရိကသို့ (၁၅)ရာစုတွင်စတင်ရောက်ရှိအခြေချခဲ့ကြသည်ဟု
သမိုင်းကဆိုခဲ့သည်။ သို့သော်ထိုကျွန်းသို့ ဥရောပနှင့်နောင်အခါအာရှ ဒေသသားတို့(၁၉၀၀)
နှစ်ဦးပိုင်း တွင် စတင်ရောက်ရှိခဲ့ကြလျက်တရားဝင်အမေရိကန်နိုင်ငံသားအဖြစ်သို့ပြောင်းလဲခံယူခဲ့ကြသည်ဟုအဆိုရှိပါသည်။
နှစ်ပရိစ္ဆေဒအဆက်ဆက်ပြောင်းလဲခဲ့သောလူဝင်မှုကြီးကြပ်ရေးဥပဒေများသက်ဝင်မှုအပေါ် မူတည်၍
နိုင်ငံသား ပြုခြင်းဖြစ်ခြင်းဆိုင်ရာ အစီအမံများမည်သို့ပင်ပြောင်းလဲခဲ့သော်လည်း၊ ဤကျွန်း၏သမိုင်းကပျောက်ကွယ်သွား
ခြင်းမရှိခဲ့ပါ။ immigrants ခေါ်ဒေသပြောင်းလဲအခြေချသူဦးရေ(၁၉၀၁)ခုနှစ်မှ (၁၉၁၀)ဆယ်စုနှစ်အတွင်းပင်
(၈.၈ သန်း)ရှိခဲ့ပြီး ဤကျွန်းတွင်ပင် (၆)သန်းခန့် အမေရိကန်နိုင်ငံသားဖြစ်ခဲ့ကြသည်ဟုမှတ်တမ်း
ကဆိုထား သည်။ အမေရိကအစိုးရပြည်ဝင်ခွင့်ပေးခဲ့သူဦးရေအများဆုံးခုနှစ်များကား၊ (၁၉၉၁)
ခုနှစ်တစ်နှစ်ထဲတွင် (၁.၈၃ သန်း)၊ (၂၀၀၆) တွင် (၁.၂၇ သန်) နှင့် (၂၀၁၂) တွင် (၁.၀၃
သန်း) ဖြစ်ခဲ့သည်။ အန္တရာယ်ထူပြောသော ပင်လယ်/ကုန်းကြောင်းခရီးရှည်များအတွင်းဤမျှလောက်ပမာဏများပြားသော
ပြောင်းရွှေ့အခြေချသူတို့ ရောက်ရှိလာကြသည်ကိုအံ့သြဘွယ်တွေ့ရသည်။ ယနေ့အခါ၌အမေရိက ပြည်ထောင်စုတ၀ှမ်းတွင်
ကမ္ဘာ အနှံ့မှတိုင်းရင်းသားလူမျိုးပေါင်းစုံမရေမတွက်နိုင်အောင်ရောက်ရှိနေကြပြီဖြစ် သည်။
အမေရိက၏ မူရင်းစွဲ ဒေသခံ Native Indians လူမျိုးစုများကိုမကွယ်ပျောက်အောင်အစိုးရမှအစီအမံများ
အကျအနသတ်မှတ် ထားရှိ ပြီးကာကွယ်စောင့်ရှောက်မှုများပေးထားပြီးဖြစ်သည်။
ကမ္ဘာ့သမိုင်းဆရာတို့အဆိုအရ
လူမျိုးစုများ၏ပျံ့နှံ့စီးဝင်မှုကို “ရေကိုဓါးနှင့်ခြားသကဲ့သို့”ကန်ု့သတ်ပိုင်းခြားမှု
ပြု၍မရဟူ၍တညီတညွတ်တည်းသဘောတူထားကြသည်။ ရာစုနှစ်နှစ်ခုကျော်ခဲ့ပြီဖြစ်သော အမေရိကပြည်
ထောင်စုအတွင်း လူမှုဝင်မှုကြိကြပ်ရေးဆိုင်ရာဥပဒေပြောင်းလဲပြင်ဆင်မှုကြီး အကြိမ်(၂၀)ထက်မနည်းပြုခဲ့ပြီး
ဖြစ်သည်။ အစောဆုံး Naturalization Act ကို (၁၇၉၀) တွင်ပြဌာန်းခဲ့ပြီး၊ မျက်နှာဖြူလူမျိုးတစ်ဦးအနေဖြင့်
အမေရိကတွင်နေထိုင်ပြီး(၂)နှစ်အပြစ်ကင်းစင်ကြောင်းသက်သေထူနိုင်လျင်အမေရိကနိုင်ငံသားအဖြစ်ခံယူခွင့်ရခဲ့သည်။
သို့သော် လူမဲများအနေဖြင့်ယင်းခံစားခွင့်ကိုနောင်အနှစ်(၈၀) ကြာမှ ရှိခဲ့ကြသည်။ စိတ်ဝင်စားဘွယ်အ
ချက်ကား (၁၈၈၂)ခုနှစ်တွင် တရားမ၀င် အဆမတန်တိုးတက်ရောက်ရှိ လာကြသော တရုတ်လူမျိုးများကို
Chinese Exclusion Act ဖြင့်ဝင်ရောက်ခွင့်ပိတ်ပင်ယုံမကနေရင်းနိုင်ငံ သို့ပြန်ပို့ပေးခဲ့သည်မှာ
(၁၉၀၂) တိုင် အောင်ပင်ဖြစ်ကြောင်းဝမ်းနဲဘွယ်လေ့လာတွေ့ရသည်။ ပထမကမ္ဘာ စစ်ကြီးအပြီး ပညာမဲ့နှင့်ဥပဒေမဲ့များအဆ
မတန်ရောက်ရှိလာမှုကိုစိုးရိမ်သော အမေရိကန်ကွန်ဂရက်က (၁၉၂၄) တွင်အရှေ့ဥရောပ၊ ရုရှားနိုင်ငံနှင့်ဂျပန်
နိုင်ငံသားများဝင်ရောက်လာမှုကိုဥပဒေပြုတားဆီးခဲ့သည်။ ယနေ့အထိ ပြောင်းလဲခဲ့သောဥပဒေအဆက်ဆက်တို့
တွင် အသားအရောင်လူမျိုးခွဲခြားမှု၊ မူရင်းနိုင်ငံသား အခြေခံအလိုက် ခွဲတမ်းချထားမှု၊
နိုင်ငံသားပြုခြင်းအဆင့် များတွင်ကျန်းမာရေးစစ်ဆေးမှု၊ အင်္ဂလိပ်စာရေးဖတ်နိုင်မှုစစ်ဆေး
အကဲဖြတ်ခြင်း၊ ပြစ်ဒါဏ်အရေးယူခြင်းဆိုင်ရာ ပြဌာန်းချက်များသတ်မှတ်ပြဌာန်းခြင်းများ၊
ဗီဇာသတ်မှတ်ချက် များပြုပြင်ပြောင်းလဲမှုများအဆင့်ဆင့် ပြုလုပ် ခဲ့ကြောင်းတွေ့ရှိရသည်။
ဥပဒေသတ်မှတ်ချက်များနှစ်အလိုက်ပြောင်းလဲခဲ့သော်လည်း၊
ယင်းပြဌာန်းချက်များအသက်ဝင်လှုပ်ရှားမှုကို ဆန့်ကျင်ကြသူတွေယနေ့တိုင်တွေ့ရဆဲပင်ဖြစ်သည်။
လူမျိုးရေးနှင့်အသားအရောင်ခွဲခြားမှုကား ဒီမိုကရေစီ ဘိုးအေ အမေရိကနိုင်ငံတွင်ပင် အလုပ်ခွင်များအတွင်း၊
လူများစုတည်ရှိရာနေရာဒေသ၀န်းကျင်တို့တွင် ထင်ထင်ပေါ်ပေါ်မဟုတ်သော်လည်း၊ တွေ့ရှိခံစားကြရဆဲဖြစ်သည်။
Ellis Islandဟူသော လူဝင်မှုကြိကြပ်မှု သမိုင်းကြောင်စတင်ရာနေရာတွင်စတင်ရောက်ရှိသူတို့
ယဉ်ကျေးမှုဘာသာစကားကွာဟမှုကြောင့် စိတ်ဖိစီးမှုဝေဒနာခံစားကြရသဖြင့်မိမိဝေဒနာကိုဖြေဖျောက်ခြင်းငှာ၊
နီးရာအုတ်နံရံကဲ့သို့သောနေရာတွင် မိမိတို့မကြေနပ်ချက်၊ ခံစားရချက်တို့ကိုရေးချစ်ထားခဲ့သောစာတိုပေစများကိုယခုတိုင်တွေ့ရှိရသလို၊
ယင်းအထောက်အထားများကို အမေရိကအစိုးရက မချွင်းမချန်ပြသထားသည်။ ထိုခေတ်အခါကတည်ခဲ့သော
ဥပဒေသတ်မှတ်ချက်အရဆေးအဆင့်မမှီသူများ၊ အနိမ့်ဆုံးသတ်မှတ်ချက်ပညာအရည်အသွေးကြောင့် မိသားစုတစုအတွင်းပင်သားကွဲမယားကွဲဖြစ်ကြရသောဖြစ်အင်များကို
ရင်နင့်ဘွယ်လေ့လာခဲ့ရသည်။
ဂျာမန်လူမျိုး
Martha Kohlroser (၇)နှစ်အရွယ်(၁၉၂၇)ခုနှစ်၊ ဤကျွန်းတွင်အခြေချခွင့်ရသော်လည်း ဖခင်နှင့်
ရှင်ကွဲ ကွဲခဲ့ရသောရင်နင့်ဘွယ်ဖြစ်အင်ကိုပြန်ပြောင်းပြောပြခဲ့သည်မှာ -“I have a
vivid memory of Pa Pa holding us by hands through iron fence. He was not
permitted in the room with us. With tears running down his cheeks, he asked me
(at seven years of my age) to take care of children as best I could.” အဆိုးဆုံးကား
ရောက်ရှိခါစသူတွေထဲမှ သေကြောင်းကြံမှုအထိအဖြစ်ဆိုးများရှိခဲ့ကြောင်း ကိုလည်းပြကွင်းများတွင်ဖေါ်ပြထားသည်။
ယင်းအဖြစ်ဆိုးများကိုယခု(၂၁)ရာစုသို့ဦးတည်နေသော ကာလ များအတွင်းပင်ဝမ်းနည်းဘွယ်ကြားသိနေရသေးသည်။
အမေရိကနိုင်ငံကိုစတင်ထူထောင်ခဲ့သော
founding fathers တို့၏အန္တိမမျှော်မှန်းချက်ဖြစ်သည့် land of the immigrants ဟူသောကမ္ဘာအနှံ့မှရောက်ရှိအခြေချသူအားလုံးတို့အတွက်အမေရိကနိုင်ငံတည်းဟူသောနိုင်ငံ
ပေါ်ထွန်းလာခြင်းနှင့်၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းအရည်အသွေးပြည့်ဝမှုကိုအစဉ် တစိုက်အလေးဂရုပြုလိုမှု
ဆန္ဒကို၊ ခေတ်အဆက်ဆက်အစိုးရများနှင့်နိုင်ငံသားတို့ကအလေးဂရုပြုကြရသည်။ အခြေခံဥပဒေကလည်း (၁၇၉၁)ခုနှစ် ကပြဌာန်းခဲ့သော
Bill of Rights တွင် Amendments များဖြင့် ယင်းအခြေချပြောင်းရွှေ့လာကြသူ များဖြင့်ထူ
ထောင်ထားသောနိုင်ငံ၏မရေမတွက်နိုင်သောတိုင်းရင်းသားလူမျိုးပေါင်စုံတို့၏အကျိုးစားပွားလုံခြုံမှု၊
လူသား ဂုဏ်အင်များကိုကာကွယ်ပေးထားသည်။ ဥပဒေများကမည်သို့ပညတ်ထားစေကာမူလက်တွေ့ဘ၀တွင်ခံစားခွင့်၊
ကာကွယ်စောင့်ရှောက်ခြင်းခံစားရခွင့်တို့သည်ကင်းမဲ့လျော့နည်းမှုများရှိနေသေးသည်ကိုယနေ့တိုင်တွေ့နေရဆဲ
ဖြစ်သည်။ သေခြာသည့်အချက်ကား၊ ယင်းဥပဒေများကပေးထားသောအခွင့်အလမ်းများ၏အသီးအပွင့်များကို
ကမ္ဘာ့နိုင်ငံအသီးသီးထဲတွင်၊ အမေရိကသို့ရောက်ရှိအခြေချနေထိုင်ကြသူတွေ အဆင့်အမြင့်ဆုံးခံစားခွင့်ရ
နေရသည်မှာအမှန်ဆုံးဆိုသည်ကားငြင်းဘွယ်မရှိ။ အမေရိကနိုင်ငံသားခံယူပြီးမှ၊ မိမိမူရင်းမွေးရပ်နိုင်ငံသို့
အပြီးရာသက်ပန်ပြန်ကြသူတွေအတော်ရှားပါးသည်ဆိုသည့်အချက်ကိုစိတ်ဝင်စားဘွယ်သာဓကအဖြစ်တွေ့ကြရသည်။
နောက်အချက်ကြီးတခုကား၊ ၀င်လာမစဲတသဲသဲသောကမ္ဘာ့တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ကို၊
လူမျိုးစု အရေအတွက်မည်မျှသာရှိရမည်ဟု’လှေနံဓါးထစ်’ကန်ု့သတ်ချုတ်ချယ်ထားခြင်းအလျင်းမရှိဘဲ၊
မိမိလူမျိုးစု အမည်ကိုရပ်တည်ပိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ ဤအချက်ကြီးများကိုကြည့်ခြင်းဖြင့်
ကမ္ဘာ့ကုလသမဂ္ဂ ပဋိဥာဉ်စာတမ်း (Charter of the United Nations) နှင့် လူ့အခွင့်အရေးကြေငြာစာတမ်းပါ
လူသားတစ်ဦးအနေ ဖြင့်နေရာဒေသမရွေး၊ ရွေးချယ်အခြေချခွင့် သာမကနိုင်ငံသားအဖြစ်ခံယူခွင့်ပြဌာန်းချက်ပါ
မိမိပေါက်ဖွားရာ လူမျိုး၊ ယုံကြည်ရာဘာသာကိုအလေးဂရုပြုဆက်ခံခွင့် ဟူသော လူ့မွေးရာပါအခွင့်အရေးအပြည့်ရရှိခွင့်
ကို ထောက်ခံလိုက်နာကြောင်းကိုပြသထားခြင်းဖြစ်သည်။ အသားအရောင်၊ဘာသာစကား၊လူမျိုး၊ဒေသ
မည်သို့ပင် ကွာခြားစေကာမူ၊ ကမ္ဘာ့ဒေသတိုင်းနေ၊မည်သူမဆိုကမ္ဘာ့မိသားစုဝင်လူသားများပင်အရင်းစင်စစ်ဖြစ်တော့သည်။
(၂၁)ရာစုအတွင်းအလျင်အဟုန်ဖြင့်ဝင်ရောက်နိုင်ရန်ကြိုးစားနေသောနိုင်ငံများထဲတွင်မြန်မာသည်လည်းတနိုင်ငံအပါအ၀င်ဖြစ်သည်။
မြန်မာတိုင်းရင်းသားအဖြစ် “တိဗက်မြန်မာ” (ပျူ၊ ကမ်းယံ၊ သက်) ဟုနောင်အခါ သမိုင်း ဆရာတို့က
ကင်ပွန်း တပ်ထားသောလူမျိုးနွယ်စုကမြန်မာပြည်မြောက်ဖျားမှစတင်ဝင်ရောက်ခဲ့သော နိုင်ငံတွင်း
အကြီးမားဆုံး လူဦးရေရွေ့လျားမှုအဖြစ်ရှိခဲ့သည်။ တောင်ဖက်တွင်”မွန်-ခမာ”နွယ်ဖွားများနှင့်
အရှေ့ဖက်ပိုင်းမှ တိဗက်-တရုတ် နွယ်ဝင်များကရှမ်းမျိုးနွယ်စုအဖြစ်အနည်းငယ်ရောက်လာကြသည်ဟုအဆိုရှိသည်။
“မြန်မာ အစ၊ တကောင်းက” ဟူသောလွန်ခဲ့သောရာစုထက်ဝက်ခန့်ကရှေးရာဇ၀င်ပညာရှင်တို့၏လေ့လာအဆို
ပြုချက်ကိုစိမ်ခေါ်သော၊ ခေတ်သစ်သမိုင်းသုတေသီနှင့်မနုဿဗေဒပညာရှင်များ၏တွေ့ရှိချက်အသစ်များကို
ဧရာဝတီမြစ်ကျော တလျှောက်တို့တွင်နှစ်သန်းနှင့်ချီသောလူသားအခြေချမှုကိုတွေ့ရပြီဖြစ်သည်။
ထိုတွေ့ရှိချက် များကယင်းလူသား တို့မည်သည့်လမ်းကျောဖြင့်စတင်ဝင်ရောက်လာသည့်အချက်ကိုအတိအကျမဆိုနိုင်သေး
သော်လည်း၊ မြန်မာ့သမိုင်းဦးဖြစ်တည်မှုစနစ်ကြီး၏အစပထမသည်၊
အဆိုပါအခြားအာရှဒေသကြီးမှစတင်သော လူဦးရေရွေ့လျားမှု ကြောင့် (population
migration) ဟူသောပဓါနကျသောအချက်ကိုတညီတညွတ်တည်း သဘောတူပြီး ဖြစ်သည်။ နောက်ဆုံးမှဝင်ရောက်လာသော
ယနေ့မြန်မာနိုင်ငံလူမျိုးစုအကြီးဆုံးဖြစ်သော ဗမာတိုင်းရင်းသား လူမျိုးစုက မြန်မာပြည်အလယ်ပိုင်းမှစတင်ပြီးရေကြည်ရာမြက်နုရာတောင်ပိုင်းသို့ရွေ့လျား
အခြေချကြကြောင်း သိရသည်။
ဤသမိုင်းစဉ်ဆက်ကမ္ဘာ့လူဦးရေရွေ့လျားမှုသဘာဝတရားနှင့်ဖီလာဆန့်ကျင်သော
လူမျိုးရေးဆိုင်ရာကန့်သတ် ချုတ်ချယ်မှုကိုမြန်မာအစိုးရမှပြန်လည်အသက်သွင်းရန်ကြိုးပမ်းလာသောခြေလှမ်းများကိုဝမ်းနည်းဘွယ်တွေ့ရှိလာရသည်။
ယခု(၂၀၁၄)နှစ်အတွင်းဆောင်ရွက်ဆဲဖြစ်သော လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုပိုင်းတွင်
ရှိဆဲလူမျိုးစုကြီး (၁၃၅)မျိုးနှင့်ပါတ်သက်၍လူဝင်မှုကြိကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဒုတိဝန်ကြီးအဆင့်
ရှိသူတစ်ဦးက၊ (၂၀၁၄)ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်းကျင်းပသောအမျိုးသားလွှတ်တော်အစည်းအဝေးတွင်
တ ရားသေဆုတ်ကိုင် ထားခြင်းမရှိကြောင်းဖြေကြားခဲ့သည်။ သို့သော်လည်း နောက်ဒုတိယ၀န်ကြီးတစ်ဦးကလွှတ်
တော်တွင် မြန်မာနိုင်ငံ၌ဘင်္ဂါလီသာရှိပြီး၊ ရိုဟင်ဂျာကိုမြန်မာနိုင်ငံသားအဖြစ်အသိအမှတ်မပြုနိုင်ကြောင်း
ဖြေကြားခဲ့သည့်အတွက်၊ အစိုးရတဖွဲ့တည်းမှအဓိပ္ပါယ်(၂)မျိုးထွက်သော၊ သမိုင်းတွင်မည့်အမဲစက်ကြီးတခု
ပေါ်ပေါက်ခဲ့ရသည်။ ထို့အပြင်ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ တစ်လင်တစ်မယား
စနစ် နှင့် လူဦးရေထိန်းညှိရေးဆိုင်ရာ၊ မူဝါဒ၀ိဝါဒကွဲပြားနိုင်သော ဥပဒေမျိုးများကိုပြဌာန်းနိုင်ရန်
ကြိုးပမ်းလာ သောခြေလှမ်းများကိုတွေ့ရသည်။ ဤလူမျိုးစုကြီး(၁၃၅)မျိုးကို (၁၉၇၂)နှစ်က၊
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါ်တစ်ပါတီ အာဏာရှင်စနစ် (အမြုတေပါတီ)ကာလက ထိပ်ဆုံးအာဏာရှိသူတစုလောက်ကမိမိစိတ်ကြိုက်
ခေါင်းခေါက် ရွေးချယ်ထားသော၊ အလိုတော်ရိသမိုင်းပညာရှင်များဖြင့်ပြုစုထားသောစာရင်းသာဖြစ်ပြီး၊
မည်သူ တစ်ဦးတစ်ယောက်ကမျှစစ်ဆေးမေးမြန်းဝေဖန်ခြင်းအလျင်းမရှိခဲ့သောစာရင်းဖြစ်သည်။ ထိုခေတ်ကပင်
စစ်တိုင်းမှူး အဆင့်ရှိသူတစ်ဦးကဆိုလျင်၊ တဖက်နိုင်ငံတွင်းစီးနင်းဝင်ရောက်ပြီး လမ်းစဉ်ပါတီဥက္ကဌထံ၊
ထိုတဖက်နိုင်ငံတွင်း မြို့တော်မှတယ်လီဖုံးဆက်မည်ဟုကြွေးကြော်သော၊ အစွန်းရောက်လူမျိုးရေးဝါဒီပြင်းထန်သူ
တို့ကြီးစိုးချိန်ကာလ ဖြစ်သည်။ သမိုင်းသုတေသီတို့သဘောတူသည့်အချက်ကားထို ရိုဟင်ဂျာလူမျိုးများသည်
မြန်မာ့မြေသို့ အခြားတိဗက်-မြန်မာ၊ မွန်-ခမာများထက်နောက်ကျသော်လည်း၊ အေဒီ(၆)ရာစုကတည်းကစတင်
အခြေချနေထိုင်ခဲ့သည်ဆိုသောအချက်ကိုပင်။ အေဒီ(၁၃)ရာစုမှစ၍ရခိုင်တိုင်းတွင်မွတ်ဆလင်ဘာသာဝင်
မင်းဆက်(၉) ဆက်ခန့်ရှိခဲ့ကြောင်းကိုလည်း၊(၁၉၆၂)ခုနှစ်၊ ထိုလမ်းစဉ်ပါတီထုတ် ‘အခြေပြုမြန်မာ့နိုင်ငံရေး
သမိုင်း’စာအုပ် တွင်အတိအကျပြဆိုထားသည်။ သေခြာသည်
ကားဤကဲ့သို့သော လူမျိုးရေးခွဲခြားသောအယူသီး လူမျိုး တဖက်စွန်းရောက်ဝါဒသည်မြန်မာနိုင်ငံတွင်တနေ့သော
အခါ၌ဆိတ်သုဉ်းသွားမည်မှာမုချအမှန်ဖြစ်သည်။ ပွင့်လင်းမြင်သာ၍ကောင်းမွန်သန့်ရှင်းသောအစိုးရတက်လာပြီဟူသောလက်သုံးစကားဖြင့်ကြိမ်ဖန်များစွာ
ကြွေးကြော်လျက်ရှိသော၊ စစ်ဝတ်လဲလက်ရှိအစိုးရအနေဖြင့်၊ ‘မီးစတဖက်ရေမှုတ်တဖက်’ ကင်းစင်သော၊
လူမျိုးရေးဝါဒကိုအပြောမဟုတ်အလုပ်လက်တွေ့ဖြင့်သက်သေပြရန်အချိန်ကျရောက်ချိန် ဖြစ်သည်။
“မြေမြို၍ လူမျိုးမပြို၊ လူမြိုမှလူမျိုးပြိုမည်”ဟူသောလမ်းလွဲသည့်လူမျိုးရေးစိတ်ဓါတ်ကိုအားပေး
သည့်ဆောင်ပုဒ်မျိုးများကို ခ၀ါချကြရန်အထူးလိုအပ်ပါသည်။ ၀မ်းနည်းစရာကောင်းသည်ကား၊ နေရာဒေသ
အနှံ့မကြာခနပေါ်ပေါက် နေသောလူမျိုးရေးအဓိကရုဏ်းများကိုကြားဝင်ဖြန်ဖြေပေးခြင်းမရှိဘဲ၊
လက်ပိုက် ကြည့်နေကြသော၊ အတိုက် အခံခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်အမည်ခံနိုင်ငံရေးသမားများ၊
အတိုက်အခံပါတီကြီးများ၊ တိုင်းရင်းသားပါတီကြီးများ၊ သမိုင်းသုတေသီပညာရှင်များအားလုံးတို့ကရေလုံနှုတ်ပိတ်နေ
ကြသည်ကို မယုံကြည်နိုင်ဘွယ်တွေ့ရသည်။ အနစ်နာခံခေါင်းဆောင်ကြီးများဟု
မိမိကိုယ်ကိုခေါ်ဝေါ်သမုတ်ကြသူ ထိုထို နိုင်ငံရေးစင်ပေါ်ရောက်များ၊
လက်ရှိအာဏာရများအဝေဖန်ခံနိုင်မှုခေါင်းပါးကြောင်း၊ အနစ်နာခံလိုမှုတိမ်ပါး ကြောင်းမိမိကိုယ်ကိုဖေါ်ထုတ်ပြသရာအဖြစ်သို့တမဟုတ်ခြင်းရောက်ရှိသွားသည်။
လူမျိုးရေးကိစ္စဆိုသည် မှာလည်း ယနေ့တိုင်ကမ္ဘာတလွှားရင်ဆိုင် တွေ့ကြုံ နေရပြီး၊ အစိုးရများကရုန်းကန်ဖြေရှင်းရဆဲဆိုသည်မှာ
အမှန်ပင်။ လူမျိုးရေးကိစ္စနှင့်ပါတ်သက်လျင်၊ လင်မယား ချင်းစကားများရန်ဖြစ်သောအဖြစ်မျိုးတွေမှာမဆန်း
တော့။ သို့သော်လူမျိုးရေးကိစ္စနှင့်ပါတ်သက်လျင် မိမိရာထူး၊ နိုင်ငံရေးတာဝန်များဆုံးပါးမည်ကိုအကြောက်ကြီး
ကြောက်ကြသောခေတ်ဖြစ်သည်။ ပို၍ဆိုးသည်မှာ လူမျိုးရေး
နှင့်ပါတ်သက်လျင် မိမိတို့၏ပုဂ္ဂိုလ်ရေးမကြိုက် နှစ်သက်မှုနှင့်နိုင်ငံရေးအခွင့်အာဏာကိုရောထွေးခြင်းပင်ဖြစ်သည်။
မိမိ၏အခွင့်အာဏာကိုသုံးလျက် ပုဂ္ဂလိက မုန်းတီးမှုကိုတိုက်ခိုက်အရေးယူခြင်းကား “အကြီးမားဆုံးအာဏာအလွဲ
သုံးစားမှု”ဖြစ်သည်။ မြန်မာနိုင်ငံသားများ ၏ဘ၀အဆင့်အတန်း လုံခြုံမြင့်မားရေးကိုလိုလားတောင့်တလျက်၊
နိုင်ငံရေးဆန့်ကျင်ဖက်များကိုလက်တွဲ ဆောင်ရွက်လိုသော စိတ်ဆန္ဒအမှန်တကယ်ပြင်းထန်သည်ဟုယူဆရသော၊
လက်ရှိ သမ္မတဦးသိန်းစိန် အနေဖြင့်၊ လူမျိုးရေးသာမက၊ ဘာသာရေးအစွန်း ရောက်စေမည့်အပြောအဆိုများ၊
သတင်းဓါတ်ပုံများ ကိုမိမိ သာမက၊ ကျန်အစိုးရအဖွဲ့ဝင်အားလုံးကပါ ရှောင်ရှားကြရန်အထူးလိုအပ်ချိန်
ဖြစ်ပါသည်။ မြန်မာလူထုသာမက၊ ကမ္ဘာ့နိုင်ငံကြီးများကပါ (၂၀၁၁)ခုနှစ်တွင် တက်လာသောအစိုးရ၏ညင်သာ
ပြီးအရှိန်အဟုန်မြင့်မားသောဒီမို ကရေစီရေးပြုပြင်ပြောင်းလဲမှုကိုဝမ်းမြောက် ၀မ်းသာကြိုဆိုကြသည်မှာ
အမှန်ပင်။ အဘက်ဘက်ကယိုယွင်းဆုတ်ယုတ်ချင်းမကဆုတ်ယုတ်နေသောနိုင်ငံကိုထူထောင်ရန်ဦးစားပေး
ရမည့်အစား၊ ရှင်းလင်းရခက်ခဲသောလူမျိုး/ဘာသာရေးပြဿနာကိုအချိန်ပေးဖြေရှင်းနေရသည့်အချိန်ဖြစ်သည်။
နိုင်ငံ၏ဂုဏ် သိက္ခာအနေဖြင့်လည်းကမ္ဘာ့အလယ်တွင်အနှုတ်လက္ခဏာပြပြီးရင်းပြရင်းဖြစ်နေရသည်။
နိုင်ငံနှင့် တိုင်းရင်းသား လူနည်းစုများအားလုံး၏ဘ၀ထူထောင်ရေးအတွက်ကုန်ကျမည့်အချိန်နှင့်ငွေကြေးများကို၊
ယင်းပြဿနာက ကြားဝင်ကုန်ကျနေစေသည်။
အမေရိကနိုင်ငံ
Ellis Island နှင့် Washington DC တို့တွင်ပြတိုက်သမိုင်းအဖြစ်သာကျန်ရှိတော့သောလူမျိုးရေး
ပြဿနာသမိုင်းကြောင်းအထောက်အထားတို့သည်၊ လက်ရှိမြန်မာနိုင်ငံတွင်မီးမွှေးအရှိန်အဟုန်မြင့်စပြုနေပြီ
ဖြစ်သည်။ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံနောက်ကြောင်းခံသမိုင်းချင်းမတူညီဟူသောစောဒကဖြင့်၊
ပြဿနာကို ရှောင်လွှဲမည့် အစား၊ ဘက်ပေါင်းစုံက၀ိုင်းဝန်းဖြေရှင်းကြရမည့်အချိန်ဖြစ်သည်။
ကမ္ဘာ့မည်သည့်နေရာဒေသမဆို လူဦးရေရွေ့လျားမှု (population migration) ဖြင့်တည်ဆောက်ထားသည်ဆိုသော
သမိုင်းဖြစ်စဉ်ကိုမသိချင် ယောင်ဆောင်ရမည့်အချိန်မဟုတ်တော့ပါ။ မီးမောင်းထိုးပြလိုသောအကြံ
ပြုချက်တခုကား၊ အခြေခံဥပဒေတွင် ပြယုဒ်တခုအဖြစ်သာရှိနေသော လူမျိုးရေး၊ ဘာသာရေးတန်းတူမှုဟူသော
ပြဌာန်းချက်မှ သည်၊ အစိုးရက စေတနာသန့်သန့်ထား၍လူမျိုးရေးအာဃာတများခ၀ါချရန်လိုသလို၊
အတိုက် အခံအားလုံးနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ လူတန်းစားပေါင်းစုံတို့က တူညီ၍
“တစ်သံတည်းထွက်သော” လူမျိုးရေးဝါဒကိုထူ
ထောင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း။ ။