ပြီးခဲ့တဲ့ သောကြာနေ့ထုတ်စ အစိုးရသတင်းစာရှေ့မျက်နှာဖုံးတွေမှာ သမ္မတ နဲ့ ဒုတိယသမ္မတများ အဖြစ်အရွေးချယ်ခံကြသူတွေရဲ့ ဓါတ်ပုံတွေအပေါ်ထိပ်ဆုံးကနေ စစ်ဝတ်စစ်စားခန့်ငြားထည်ဝါစွာ ဝတ်ဆင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဓါတ်ပုံကိုအပေါ်စီးက ဖေါ်ပြထားတာကိုမြင်ရတော့ တယ်ပြီးလွတ်လပ်တရားမျှတတဲ့ဒီမိုကရေစီကြီးပါလား လို့ မောင်မိုးညိုနဲ့တကွ ပြည်တွင်းပြည်ပ မြန်မာတိုင်းရင်းသားတို့က ဥဒါန်းကြူးရင့်မိပါတယ်။ ဒါနဲ့ပါတ်သက်လို့ ဒုတိယကမ္ဘာစစ်ကြိးမတိုင်ခင် ဂျာမနီနိုင်ငံမှာ ဟစ်တလာအာဏာအထွတ်အထိပ်ရောက်ချိန်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုကိုသတိရမိပါတယ်။ အဘိုးကြီးနဲ့အဘွားကြီး(၂)ယောက်ကတနေ့ အိမ်ဒေါင့်တခုမှာထိုင်ရင်း အိမ်နံရံမှာချိတ်ဆွဲထားထဲ့ ခေါင်းဆောင်ကြီးဟစ်တလာရဲ့ဓါတ်ပုံကိုကြည့်ပြီး တယောက်နဲ့တယောက်မျက်စပြစ်ပြီးပြုံးကြတယ်ဆိုသတဲ့။ အဲါဒီအချိန်က ရုပ်ရှင်လောကမှာနာမည်ကြီးခဲ့တဲ့လူရွှင်တော် Charlie Chaplin နဲ့အတော်တူဆိုဘဲ။ ဒါကိုမြင်တော့အိမ်တနေရာကထိုင်နေတဲ့ ဟစ်တလာလူငယ်အဖွဲ့ဝင်ဖြစ်တဲ့မြေးဖြစ်သူက မြင်သွားလို့ နာမယ်ကြီးSS လျှ့ိဝှက်ထောက်လှမ်းရေးကိုသွာတိုင်လိုက်ပါတယ်။ အဘိုးကြီးနဲ့အဘွားကြီးကို စစ်စုံထောက်တွေကဖမ်းပြီးနှိပ်စက်ကြလို့အတော်ခံလိုက်ကြရတယ်လို့ဆိုပါတယ်။ ခုလဲတပ်ချုပ်ကြီးရဲ့ အရှိန်အဝါကို နိုင်ငံဥသြောင်တွေကတောင်မကျော်လွန်နိုင်ကြပါကလား။ ခုလဲသမ္မတလို့သာဆိုကြတယ်၊ တပ်ချုပ်ကြီးရဲ့လောင်းရိပ်အောက်ကမလွတ်နိုင်ကြသေးပါလားလို့။
မောင်မိုးညိုလေ့လာမိသလောက်ပြောမယ်နော်။
· ဗိုလ်နေဝင်း (၁၉၈၈) ရာထူးကထွက်ပြီးချိန်မှာ နိုင်ငံရေးလောကကို သူလုံးဝကျောခိုင်းလိုက်ပါပြီ လို့ကြေငြာသွာပြီးတဲ့တိုင်အောင်၊ နောက်တက်တဲ့ ဗိုလ်စောမောင် ရဲ့ “နဝတ” အဖွဲ့ဟာ ဗိုလ်နေဝင်း ဆီသွားအမိန့်ခံသေးတဲ့ ကောဠာဟလတွေ ရှိခဲ့ပါတယ်။ ဘယ်လောက်မှန်မမှန်တော့မသိရဘာဘူး။ ဗိုလ်နေဝင်းကနေသတင်းစာတိုက်တွေကိုအကြောင်းကြားပြီး သူ့ဓါတ်ပုံတွေကိုရုံဌာနတွေအိမ်တွေမှာ ချိတ်ဆွဲခြင်းမပြုကြဘို့ပြောမှ၊ ဗိုလ်စောမောင်အဖွဲ့သဘောပေါက်ပုံရပါတယ်။ အဲ့ဒီကတည်းက ထင်ရာစိုင်းကြတော့တာပါဘဲ။ ဗိုလ်နေဝင်းအနားယူစဉ်က သူဟာနိုင်ငံရေးသြဇာကြီးရုံမကပါဘူး။ သမိုင်းအစဉ်အလာလဲကြီးခဲ့တဲ့သူဆိုတာမမေ့ကြဘို့လိုပါတယ်။ သူ့ကြောင့်တိုင်းပြည်က ကမ္ဘာ့အမွဲဆုံးစာရင်းဝင်သွားတယ်ဆိုပေမဲ့၊ သူ့ဟာအစဉ်အလာကြီးခဲ့တဲ့သမိုင်းဝင်တယောက်ပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအာဏာရှိဘဝကဘဲဖြစ်ဖြစ်၊ အစိုးရဝန်ထမ်းရာထူးကြီးငယ်ဘဝကဘဲဖြစ်ဖြစ် အနားယူတဲ့လူတွေဟာ၊ သူတို့ရဲ့ အရေးပါအရာရောက်မှုတွေဟာ အနားယူပြီးနောက်တနေ့မှာဘဲ ပျောက်ချင်းမလှပျောက်လေ့ရှိတာ ဓမ္မတာပါ။ တချို့ဆိုရင်ကိုယ်အနားယူတဲ့ဘဝမှာတောင် အချိမ်းခြောက်ခံရတဲ့သာဓကတွေ အများကြီးရှိပါတယ်။ ရှင်းရှင်းပြောရရင် အနားယူပြီးတာနဲ့ ဘဝပျက်ကြရပါတယ်။ ဒါကိုကြည့်ပြီးဗိုလ်သန်းရွှေဟာ သူ့နိုင်ငံရေးသြဇာဆက်လက် တည်နေဘို့လိုတယ် ဆိုတာကောင်းကောင်းကြီးရိပ်စားမိမှာပါ။ ဒီအတွက်သူနောက်အဆုတ်မှာ သူ့ကိုတသက်တာအကာအကွယ်ကောင်းကောင်းကြီးလုပ်နိုင်မဲ့သူတွေ လိုပါတယ်။ ခုတက်လာတဲ့သူတွေအားလုံးဟာ သူနဲ့ contemporary တွေမဟုတ်ပါဘူး။ သူနဲ့တန်းတူရှီခဲ့တာက ဗိုလ်ချုပ်မောင်အေးဘဲရှိပါတယ်။ သူရရွှေမန်းဟာလည်း (၈၈) အာဏာသိမ်းချိန်မှာ ဗိုလ်ကြီးအဆင့်သာရှိသေးတာမို့ ကျန်ဗိုလ်ချုပ်တွေဆိုရင် တပ်အစဉ်အလာကို ပိုလို့တောင်သိဘို့ခက်နေပါလိမ့်မယ်။ စစ်တပ်မှာစစ်ရေးအာဏာရှိတဲ့ရာထူးကြီးတွေကို (၂)နှစ်စီလောက်ဘဲထားတာကိုကြည့်ပါ။ လက်ရှိတိုင်းတပ်မမှူးတွေဟာစစ်ကျောင်းသား ဘဝဘဲရှိကြပါအုံးမယ်။ ပြီးခဲ့တဲ့ (၂)နှစ်လောက်ကစပြီးတပ်မတောိသည်အမြဲနုပျိုနေရမည်ဆိုပြီး၊ အသက်(၅၀) ပြည်လို့မှ ဗိုလ်မှူးကြီးအဆင့်မရှိကြသူတွေတပ်ကနေအရပ်ဘက်ပြောင်းကြရပါတယ်။ ဆိုလိုတာကစစ်လုပ်သက်နဲလေ၊ သူ့အတွင်လုံခြုံစိတ်ချရလေပါဘဲ။ ဒါဟာသူ့ရဲ့ အကွက်စိလှတဲ့ကြိုတင်စီစဉ်ထားတဲ့ ပရိယာယ်တွေပါဘဲ။
· ဒုတိသမ္မတရာထူး(၃)နေရာအနက် စစ်တပ်ကိုကိုယ်စားပြုတဲ့ နေရာကိုအနားကပ်မှ၊ ယူနီဖေါင်းချွတ်ပြီးဖြစ်တဲ့ ဗိုလ်တင်အောင်မြင့်ဦးကိုတင်ပေးလိုက်ပုံရပါတယ်။ လွှတ်တော်တွေမကျင်းပမှီ ရက်ပိုင်းအထိ သူဘဲဆက်ပြီးလုပ်မလိုလိုကောဠာဟလတွေဖြစ်ခဲ့တာကိုကြည့်ပါ။ တပ်ကိုယ်စားပြု လွှတ်တော်အမတ်တွေ ကိုလည်း ဗိုလ်ကြီး/ဗိုလ်မှူးအဆင့်တွေကိုသာပေးတာကြည့်ပါ။ နိုင်ငံထူထောင်ရေး၊ နိုင်ငံအရေးအရာစီမံခန့်ခွဲရေးမှာ အတွေ့အကြုံရှိသူတွေ၊ ပညာတတ်တွေသာ နေရာယူသင့်ပါတယ်။ ဒီဗိုလ်ကြီးအဆင့်တွေက ဘယ်လိုအရေးကြီးတဲ့နိုင်ငံရဲ့အရေးကိစ္စတွေမှာ တာဝန်ယူနိုင်ကြမှာလဲ။ အမိန့်စနစ်နဲ့ တသက်လုံးလုပ်လာကြသူတွေ (လွှတ်တော်ရဲ့ ၂၅%) ကနိုင်ငံအတွက်ဘယ်လိုအကျိုးရှီတဲ့ အစီအစဉ်တွေထွက်လာနိုင်မှာလဲ။
· အခြေခံဥပဒေမှာ ပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူ့လွှတ်တော်ရဲံအထက်မှာရှိလို့ လက်ရှိ ယဉ်ကျေးမှုဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ခင်အောင်မြင့် ဟာ သူရရွှေမန်းရဲ့အထက်ကိုရောက်သွားပါတယ်။ ဒါဟာလည်းဗိုလ်သန်းရွှေရဲ့အကွက်ကျကျစီမံခဲ့မှုတွေပါ။ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူးလို့ခေါ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့နေ့တဓူဝကိစ္စတွေကိုလက်တွေ့အကောင်အထည်ဖေါ်ပေးရတဲ့ ရာထူးကိုနှစ်ရှည်ကြာကိုင်ခဲ့သူသာမက မိသားစုစီးပွားရေးလုပ်ငန်းတွေမှာလက်ရဲဇက်ရဲရှိလာသူမို့၊ သူ့ကိုစစ်သြဇာရှိတဲ့နေရာကရွေးကောက်ပွဲမတိုင်ခင် လများစွာကတည်းကဖယ်ရှားခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဌဆိုတဲ့ရာထူးနဲ့ ချွေးသိပ်ခဲ့ပါတယ်။
· ဗိုလ်သိန်းစိန်ဟာ ပြည်တွင်းသာမက၊ ပြည်ပမှာသာအတွေ့အကြုံရှိပေမဲ့၊ “ဟေ့ -မင်းဒီနေ့ရာထူးကထွက်ကွာ” လို့ပြောရင်၊ “ကျွန်တော်အဆင်သင့်ပါဘဲ” လို့ဖြေမဲ့သူမျိုးပါ။ ရှင်းရှင်းပြောရရင် ထားရာနေစေရာသွားမဲ့လူတန်းစာမျိုးပါ။ ဒါပေမဲ့သူလဲလေ လောကီသားဘဲ။ အာဏာနဲ့ပါတ်သက်လာရင်ခံနိုင်ရေရှိသူရှားသားကလား။ ကိုယ်ဆရာသမားကို ကိုယ်ပြန်ဆော်တဲ့သာဓကတွေမြန်မာနိုင်ငံရေးဇာတ်ခုံမှာအများကြီးပါဘဲ။ ဒါပေမဲ့လက်ရှိအာဏာတက်လာကြသူတွေနဲ့ တပ်ချုပ်ကြီးတို့ကြားမှာ အပေးအယူတွေတော့ တော်တော်ကြီးရှိကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။
· ဒုသမ္မတတစ်ဦးဖြစ်တဲ့ဒေါက်တာစိုင်းမောက်ခမ်းဆိုသူဟာ သူနေတဲ့လာရှိုးတဝိုက်မှာ ရှမ်းရိုးရာယဉ်ကျေးမှုတည်တန်ူခိုင်မြဲရေး နဲ့ရောက်လာသမျှတိုင်းမှူးတွေနဲ့ဂေါက်ရိုက်ခြင်းအတွေ့အကြုံ ရှိတာကလွဲပြီး၊ နိုင်ငံအတွက်အကျိုးရှိအောင်လုပ်ခဲ့တဲ့သာဓကတွေကို၊ ခါးတောင်ကျိုက်ပြီးမီးထွန်းရှာရမလိုဖြစ်နေပါတယ်။ အရေးပါတဲ့ဒုသမ္မတရာထူးမှာ နိုင်ငံက”ဝ”တလုံးတောင်မသိဘူးမကြားဘူးတဲ့သူကိုပေးလိုက်ခြင်းအားဖြင့်၊ နိုင်ငံရဲ့ရှေ့ရေးအတွက် ရတက်မအေးစရာဖြစ်သွားပါတယ်။ ရခိုင်တိုင်းရင်းသားထဲက တိမွေးကုဆရာဝန်လုပ်နေတဲ့ ဒေါက်တာအေးမောင်ကတော့ လူနဲစုအတိုက်အခံတွေကဝိုင်းတင်ကြပေမဲ့၊ ကြံ့ဖွံ့ပါတီဝင်ကြီးစိုးတဲ့အချက် တခုတည်းနဲ့ ဒုသမ္မတရာထူးနဲ့လွဲခဲ့ရပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာလဲ လူတိုင်းကသိပြီးသား ကိစ္စကြီးပါ။
· အရင် လမ်းစဉ်ပါတီ (မဆလ)ခေတ် ကအရာရာကိုပါတီကဦးဆောင်တယ်လို့အခြေခံဥပဒေက တောင်ဆိုထားတဲ့အတွက်ရှင်းပါတယ်။ ဘာလုပ်လုပ် သက်ဆိုင်ရာ ပါတီစိတ်ကော်မီတီ၊ ပါတီယူနစ်၊ ဒေသပါတီ၊ ပါတီဗဟိုကော်မီတီ အဆင့်ဆင့်က ဆန်ဆီစားကုန်။ထီးဖိနပ်ခွဲတမ်းကအစ၊ ပဒုမ္မာပြခန်းလို့ခေါ်တဲ့ရှားပါးကုန်ပစ္စည်းများကို အဆမတန်သက်သာတဲ့ဈေးနှုန်းနဲ့ရတဲ့ အခွင့်အရေးရှိတဲ့ ပါတီနဲ့နိုင်ငံတော်ထိပ်ပိုင်းခေါင်းဆောင်တွေအတွက် ခွဲတမ်းစာရင်းကို ပါတီကိုအရင်တင်ပြီး ခွဲတမ်းအတည်ပြုရပါတယ်။ ဘာလုပ်လုပ်၊ ဘာအမိန့်ချချ၊ ပါတီဦးဆောင်မှုကိုခံယူတယ်ဆိုပြီးမှ အမိန့်အတည်ဖြစ်ပါတယ်။ ပါတီရုံးကိုလမ်းသလားနိုင်ကြသူတွေ၊ ဟန်ကျကြတဲ့ခေတ်ဆိုပါတော့။ စစ်တပ်ကတော့ ခွဲတမ်းစာရင်းရဲ့အရိုးအရင်းတွေကိုရကြစားကြရလို့ အဲ့ဒိကတည်းကမကျေနိုင်မချမ်းနိုင် ဖြစ်ကြတာ၊ အရေးအခင်းပြီးလို့ ဗိုလ်နေဝင်းနိုင်ငံရေးဇာတ်ခုံကလုံးဝအနားယူသွားချိန်မှာ၊ မဆလမကောင်းကြောင်း ပြောကြသူတွေထဲမှာခုစစ်ဗိုလ်ချုုပ်တွေကအဆိုးဆုံးဘဲလို့ထင်ပါတယ်။ ကဲ- အခုစစ်တပ်နဲ့ အရပ်ဘက်အုပ်ချုပ်ရေးဘယ်လိုစီးခြားမလဲ။ လက်ရှိစစ်တိုင်းမှူးတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဥက္ကဌတွေမို့ သူတို့ရာထူးတွေကို အဲ့ဒီဒေသတွေရဲ့ ဝန်ကြီးချုပ်တွေဆီမကြာမှီလွဲကြရပါတော့မယ်။ အခွင့်အရေး နဲ့ လုပ်ပိုင်ခွင့်တွေ အလုအယက်ဖြစ်ကြအုံးမှာမြင်ယောင်ပါတယ်။ လူထုသန်း (၆၀)ကတော့ မျက်စိနားသူငယ်နဲ့ အရိုးအရင်းတွေနဲ့သာဆက်ကျေနပ်ကြရအုံးမဲ့ပုံပါ။
· ဗိုလ်သန်းရွှေ က ကာကွယ်ရေးဦးစီးချုပ်အသစ်တစ်ဦးကိုရွေးရင်တော့အထူးသတိပြုရမှာက၊ သူ့ရဲ့နောင်ရေးစိတ်အေးလောက်နိုင်မဲ့သူ၊ သူမတန်တဆရရှိခဲ့တဲ့ ဥစ္စာပစ္စည်းချွေရံသင်းပင်းတွေ ကိုကာကွယ်ဘို့နဲ့၊ လူထုအပေါ်မတရားနိုင်းထက်စီးနင်းပြုမှုတွေ၊ သတ်ဖြတ်ခဲ့မှုတွေကို၊ သင်ပုန်းချေနိုင်မဲ့သူဖြစ်ဖို့သိပ်အရေးကြီးပါတယ်။ အရေးအခင်းတခုခုဖြစ်ခဲ့ရင်လဲ အာဏာသိမ်းရာမှာလက်မနှေးကြဘို့ တလောစစ်အခမ်းအနားတခုမှာအငယ်တန်း စစ်ဗိုလ်မြှောက်ပင့်သွေးထိုးစကားတွေပြောခဲ့တာကိုကြည့်ရင်၊ အစီအမံတွေတတ်နိုင်သလောက် လုပ်ခဲ့တာကိုမြင်ရပါတယ်။ လက်ရှိအာဏာရလာကြသူတွေကြည့်ရင် အပြစ်ကင်းကြသူတွေမရှိပါဘူး။ ဘဝတူတွေမို့ ကိုယ့် ကုလားထိုင်လှုပ်မယ့်အခြေရှိရင်စစ်တပ်အာဏာသိမ်းခြင်းနည်းက အတော်ခေတ်စားလာမဲ့ပုံပါဘဲ။ သူသာကာကွယ်ရေးဦးစီးချုပ်တာဝန်ကို လက်လွှတ်ခဲ့ရင်၊ ဒီလွှတ်တော်မှာ နောက်တက်တဲ့ သမ္မတကိုတရားဝင်အာဏာလွှဲပေးရမှာဖြစ်ပါတယ်။ လွှတ်တော်ကလဲ၊ နဝတ တဖြစ်လဲ နအဖရဲ့ ဂုဏ်ပုဒ်တွေကိုချီးကျူးထောပနာပြုရင်း နအဖရဲ့ လုပ်ဆောင်ခဲ့သမျှ (ပြည်သူတွေကိုသတ် ဖြတ်ညှင်းဆဲဒုက္ခအမျိုးမျိုးပေးခဲ့တာအပါအဝင်) အားလုံးကိုချွင်းချက်မရှိ ထောက်ခံအတည်ပြုခြင်း၊ ကျေးဇူးကြီးလှပုံတွေကိုတခမ်းတနားဖေါ်ပြဘို့အဆင်သင့်ရှိပြီးသားပါ။ ဘယ်ပုံနဲ့ အာဏာလွဲမှာလဲ။ ဗိုလ်သန်းရွှေဟာဘယ်နည်းနဲ့ကုလားကာနောက်ကွယ်ကိုဝင်မှာလဲ။ အဲ့ဒါကတော့ စိတ်ဝင်စားစရာပါဘဲ။ သေခြာတာကတော့ လူထုကသူ့ကို မေ့လောက်ရှိအောင် နိုင်ငံရေးနဲ့ပြည်သူတွေရဲ့မျက်နှာစာကနေ ပျောက်သွားအောင် သူဘယ်လိုဘဲကြိုးစားကြိုးစား၊ သူ့နောက်ကိုတော့ကောက်ကောက်ပါအောင် လိုက်ကြမဲ့သူတွေဒုနဲ့ဒေးပါ။ ပြည်တွင်းသာမက၊ ပြည်ပမှာ ဒီလိုအတွေင်းရေးကိစ္စတွေကို အနံ့ခံကောင်းတဲ့ သူတွေ အများကြီးဆိုတာအထင်အရှားပါ။ ခုတလောပေါ်ပေါက်လာတဲ့ Wikileak အပါအဝင်တနေ့တခြားကျယ်ပြန့်လာတဲ့ media နဲ့ infotech တိုးတက်မှုတွေက သူ့ကိုမေ့သွားစေမှာ မဟုတ်ပါဘူး။ ဗိုလ်နေဝင်းသေသွားပေမဲ့ သူ့ရဲ့သမီးနဲ့သမက်မြေး များဟာ ခုချိန်ထိအာဏာမဲ့ခြင်းရဲ့ ဒုက္ခတွေကိုခါးဆီးခံနေရဆဲပါ။ ဒါတောင်သူတို့တတွေခံစားခဲ့တဲ့ စည်းစိမ်ဟာ ခုဗိုလ်သန်းရွှေနဲ့ စာလိုက်ရင်မယှဉ်နိုင်အောင်နဲပါသေးတယ်။
· အတိုက်အခံအမတ်မင်းများဘက်ကြည့်ကြရအောင်။ လွှတ်တော်ထဲရောက်ရင် ဘယ်လိုလုပ်လိုက်ကြမယ်ဆိုတဲ့ အဲ့ဒီအမတ်တွေရဲ့ မဲဆွယ်ဟောပြောမှုတွေနောက် သံယောင်လိုက်ကြသူတွေထဲမှာ ပထမဆုံးဒုက္ခရောက်ကြသူတွေကတော့ မဲဆန္ဒရှင်တွေပါဘဲ။ ကြံ့ဖွံ့ကိုမဲထဲ့မိရင်တောင် လမ်းခင်းပေးသေးတယ်။ အခွင့်အရေးလေးရသေးတယ် လို့ဆိုတဲ့သူတွေကဆိုနေကြပါပြီ။ သူတို့ရွေးလိုက်တဲ့အမတ်မင်းများကတော့၊ လွှတ်တော်မှာဘာလုပ်မယ်၊ ဘာဆွေးနွေးမယ်၊စတဲ့အစီအစဉ်ဆိုတာဝေးရော၊ ဖိတ်စာတောင်ရရ မရရရ လာပါဆိုပြီးတာဝန်ကျေဖိတ်ကြားတာတွေခံနေရပါတယ်။ ကြံ့ဖွံ့အရွေးခံ စီးပွားရေးလုပ်ငန်းရှင်များ လွှတ်တော်ထဲကြွားကြွားဝါဝါနဲ့ပြောကြဆွေးနွေးကြ၊ ဟိုတယ်ကြီးတွေမှာတည်းကြ လုပ်နေကြချိန်မှာ၊ အတိုက်အခံအမတ်မင်းများကတော့ အစိုးရကနေ့ချင်းပြီးဆောက်ပေးတဲ့အဆောင်တွေမှာ ရေမီးမပြည့်မစုံနဲ့ တယောက်မျက်နှာတယောက်ကြည့်နေကြရတဲ့အဖြစ်ပါ။ လွှတ်တော်ထဲကျရင်တင်မယ်လို့ လူကြားကောင်းအောင်ပြင်ဆင်ခဲ့တဲ့ ဥပဒေကြမ်းတွေကို အချငိးချင်းဆွေးနွေးဘို့ဆိုတာဝေးစွ၊ ဘယ်လိုတင်သွင်းရမလဲဆိုတာတောင် နည်းလမ်းရှာမရဖြစ်နေကြရပါတယ်။ အများစုကတော့ခုချိန်မှာအစိုးရကချပေးလာမဲ့ တိုက်ခန်း၊ ကား၊ လိုင်စဉ်၊ လုပ်ပိုင်ခွင့်၊ ခွဲတမ်းစတဲ့ အခွင့်အလမ်းလေးများအတွက်စိတ်ကူးစယဉ်နေကြပြီဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။
· လွှတ်တော်မှာကြံ့ဖွံ့ နဲ့ စစ်တပ်က (၈၀ %) ယူထားပြီးပြီမို့ ဘာဥပဒေလာလာ၊ ကြံ့ဖွံ့ကတင်တာဆိုရင်အလိုအလျောက်အနိုင်ထောက်ခံမဲရပြီးသားဆိုတာအများသိကြပြီးသားပါ။ ကျန်(၂၀%) ထဲမှာလဲစစ်တပ်နဲ့အလွမ်းသင့်ပြီးသားနဲ့ အလွမ်းမသင့်ရင်မဖြစ်ချေဘူးဆိုတာကို အဖြေးဖြေးသဘောပေါက်လာကြပြီးဖြစ်တဲ့ တိုင်းရင်းသားပါတီများနဲ့အတိုက်အခံအချို့ကလဲ မထူးဇာတ်ခင်းဘို့လမ်းသာနေကြောင်းထင်ရှားလာပါတယ်။ လွှတ်တော်အစည်းအဝေးကျင်းပတဲ့ ဓါတ်ပုံတွေကိုလေ့လာကြည်ကြပါ။ စက်ရုပ်များနဲ့တူမနေဘူးလား။ ဒီလိုကြံ့ဖွံ့လူများစုလွှမ်းမိုးတဲ့ လွှတ်တော်ဖြစ်ရေးကိုလည်းဗိုလ်သန်းရွှေက သေသေခြာခြာအကွက်ရိုက်စီစဉ်ခဲ့တဲ့အတွက်၊ ဘာလုပ်ချင်လုပ်ချင် ထောက်ခံမဲအသာစီးရရေးရေရှည်စီမံကိန်းကအတော်ခရီးပေါက်မဲ့ ဒီမိုကရေစီနည်းကြီးပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလတုံးကလည်း ဘယ်ကမှန်းမသိတဖွဲဖွဲရောက်လာတဲ့ ကြိုတင်မဲစနစ် ဟာကြံ့ဖွံ့ ကိုအပြတ်အသတ်အနိုင်ရစေခဲ့တာအမှတ်ရကြမယ်ထင်ပါတယ်။
အချုပ်ပြောရရင် စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီစနစ် ဆိုပြီး ကမ္ဘာ့နိုင်ငံရေးဝေဟာရကျမ်းမှာ ဘယ်မှာမှရှာလို့မရတဲ့ စကားလုံးနဲ့ နိုင်ငံကိုဆက်ပြီး စစ်ပုံစံနဲ့အုပ်ချုပ်သွားမဲ့အစီအစဉ်ကို စတင်အသက်သွင်းနေပါပြီ။ နိုင်ငံတကာစံနှူန်းမမှီတဲ့ဖွဲ့စည်းပုံစနစ်နဲ့ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးစနစ်သစ်မို့ သက်ဇိုးရှည်မယ်လို့မထင်ပါဘူး။ ဘယ်လောက်ကြာကြာခံမလဲဆိုတာလဲပြောရခက်ပါတယ်။ တခုဆိုးတာက ဒီဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်အာဏာသိမ်းတာကိုခွင့်ပြုရုံမက အားပေးတဲ့အခြေအနေမှာရှိတာကြောင့်၊ စစ်ဘိနပ်အောက်ကပြည်သူတွေ ဘယ်တော့လွတ်နိုင်ပါ့မလဲဆိုတာကိုရင်လေးစွာနဲ့စောင့်ကြည်ကြရဦးမှာပါ။
(၂၀၁၁၊ ဖေဖေါ်ဝါရီ ၆ ရက်၊ မန္တလေးဂေဇက် blog တွင်ဖေါ်ပြပါရှိပါသည်။)

No comments:
Post a Comment