“Solo Agers are lonely but not alone” ဆိုတဲ့စကားနဲ့ ဒီဆောင်းပါးကို အစပြုကြရအောင်။ သက် ကြီးပိုင်းရောက်ရင်သားသမီးများ (ဖြစ်နိုင်နိုင်မြေးမြစ်တွေအထိ) အားကိုးကြတဲ့ သက်ကြီးဘ၀ ဟာ သမရိုးကျအရိုးစွဲနေတဲ့ စရိုက်တခုပါ။ အပြစ်တင်လိုပေမဲ့ ကိစ္စများမြောင်ကြတဲ့ ဒီနေ့ (မြို့နေ) လူမှုဘဝ မှာ တခြားသူတယောက်ယောက်ကိုအားကိုးကြရတယ်ဆိုတာမလွယ်ပါဘူး။ “ဒို့ကိုတော့ ဘိုးဘွားရိပ် သာ senior home မပို့ကြပါနဲ့”ဆိုတဲ့ စကားကိုကြားဖူးကြပါမှာပါ။ Senior home ဟာ အမေရိကားလို တိုးတက်တဲ့နိုင်ငံတွေမှာ စရိတ်စကအလွန်ကြီးမားပါတယ်။ ကြွယ်ဝချမ်းသာသူတွေသာ သုံးနိုင်ကြတာ ကို သတိပြုကြပါ။ ကိုယ်နေချင်တဲ့အခြေအနေပေါ်မူတည်ပြီး နှုန်းထားတက်သွားပါတယ်။ Senior home ဆိုတိုင်း ကိုယ့်မွေးရပ်မြေက ဘိုးဘွားရိပ်သာ၊ စွန့်ပြစ်ခံအဖိုးအဖွားအိုတွေရဲ့ လူအိုရုံတွေ လိုသွား မြင်ကြတတ်ပါတယ်။ ဒီမှာဒီလိုမဟုတ်ပါ။ တင်းကြပ်တဲ့ စိစစ်မှုတွေကို ဥပဒေနဲ့ ပုံမှန်စစ်ဆေး မှုရှိသလို၊ မဟုတ်တာလုပ်ရင် အရေးယူမှုတွေရှိကြပါတယ်။ ဘယ်လောက်ကောင်းတယ်ပြောပြော senior abuse ဆိုတာရှိတတ်ပါတယ်။ မကြာခဏသတင်းတွေကြားဖူးမှာပါ။ ကာယကံရှင်သားသမီး မိသားစု သွားလည်ပတ်ကြချိန်မှာ ကိုယ့်အမိအဖအဖိုးအဖွားတို့ရဲ့ အခြေအနေ ကိုရိပ်စားမိလို့ “ကြေးကြီး ပေးပြီး ဖြစ်ရလေ” ဆိုပြီး၊ ပြဿနာတက်ကြတာတွေရှိပါတယ်။ ဥပဒေတွေကဘယ်လိုဘဲပညတ်ထား ပေမဲ့ ယိုပေါက်တွေကရှိစမြဲပါ။ နားလည်ကြဘို့က သက်ကြီးပိုင်းရောက်ရင် ဆီးချို၊ သွေးတိုးလိုရောဂါ သာမက မှတ်ညဏ်ချို့ယွင်းမှုတွေဟာ တွေ့ကြုံကြရတတ်တဲ့ ရောဂါတွေမို့ ကင်းသူ သက်ကြီးရှားပါ တယ်။ ဒေါင်ဒေါင်မြည်ကျန်းမာတယ်ဘဲထားတော့ အာဂံတုရောဂါလောက်ကတော့ဖြစ်တတ်ကြပါ တယ်။ professional caring/caregiver ဟာ မရှိမဖြစ်လိုအပ်ကြပါတယ်။ အစိုးရက In-home health support (IHSS) လိုအစီအမံအထောက်အပံ့တွေရှိပေမဲ့လည်း၊ မျက်စေ့ဒေါက်ထောက်ကြည့် နိုင်သူ (၂၄-နာရီပတ်လုံး) ကရှားမှရှားပါ။ “မြန်မာဂဇက်”ကြော်ငြာကဏ္ဍမှာ လူခေါ်/ရှာတာတွေ အများ ကြီးတွေ့နိုင်ပါတယ်။
ဒီဆောင်းပါးရဲ့ရည်ရွယ်ရင်းက သက်ကြီးပိုင်းထဲချင်းနင်းရောက်သူတွေအနေနဲ့ မိမိတို့ရဲ့ agers/super-agers တွေအနေနဲ့ သတိပြုပြီး မိမိကိုယ်ပေါ် (တတ်နိုင်သမျှ) ရပ်တည်နိုင်ရေးအစီအမံများကို ကြိုးစား ထူထောင်နိုင်တဲ့ ဘဝအနေအထားကို ရှာသင့်ပါတယ်။ ရှာရပါမယ်။ lifestyle ပြောင်းသင့်ပါတယ်။ လူ လတ်ပိုင်းကတည်းက မိမိခြေပေါ်ရပ်တည်နိုင်မဲ့ အလေ့အထကို ကြံဖန်မွေးကြဘို့လိုပါတယ်။ ကြို တင် ပြင်ဆင်ရဘို့လိုတယ်ဆိုတဲ့စကားကိုသုံးရင်ပိုမှန်မယ်ထင်ပါတယ်။ ဒီထက်ပိုအလေးထားသင့်တာက ကိုယ်ကိုယ်တိုင်က လူ့လောကထဲတယောက်ထဲယောက်လာသလို၊ ကိုယ့်ရဲ့သက်ကြီးပိုင်းဘဝဟာလည်း တကိုယ်တည်းဘဝနဲ့ ထူထောင်ကြရမယ်ဆိုတဲ့ အသိတရားကို မျက်ခြေမပြတ်သတိရှိကြရပါမယ်။ (Embracing independence and redefining what it means to age alone!) ပါ။ ကိုယ်မလုပ်၊ မပြင်ဆင်ထားရင် ကိုယ်ကခံသွားရပါလိမ့်မယ်။ ဘယ်သူကမှလာဝင် ခံစားမပေးသလို၊ အကူအညီကို အမျှော်ကြီးမမျှော်ကြပါနဲ့။ သားသမီးကလာကူညီကြတယ်ဆိုတာ ခန ပါ။ နေ့တဓူ၀ ကာလရှည်ကြာ မလုပ်ပါ။ လုပ်နိုင်တဲ့အသိုင်းအဝိုင်းမိသားစုတွေရှိပါတယ်။ တွေ့ဖူးပါ တယ်။ သိပ်ကံကောင်းတယ် မထင်ပါနဲ့။ ငြူစူမှုတွေရဲ့အသံကို အပြင်လူတွေက မကြားနိုင်ပါ။ လူတိုင်း ဟာ မိမိတို့ရဲ့ဘ၀၀န်းကျင်ကို ဖန်တီးပြီး အခက်အခဲစုံကိုရင်ဆိုင်နေကြရတာပါ။ ကိုယ့်ကိုစောင့်ရှောက် ကြည့်ရှုမှုဟာ စောင့်ရှောက်သူအပေါ်မှာ ဝန်ထုပ်ဝန်ပိုးတခုဆိုတာကို ကိုယ်ကမြင်အောင်ကြည့်ကြပါ။ ကြိုတင်ပြင်ဆင်နိုင်မှုအတိုင်းအတာပေါ်မှာအတော်ကြီးမူတည်ပါတယ်။ “ငါ့အမွေစည်းစိမ်ကိုပေးထား တာမို့ ငါ့ကိုသေသည့်တိုင် ငြူစူမှုတချက်မရှိလုပ်ပေါ်ရမယ်” ဆိုတဲ့ စိတ်မွေးရင်တော့ တက်တက်စင် အောင်မှားပါမယ်။
ကဲ-လေ့လာကြည့်ကြရအောင်ပါ။
နောက်ကြောင်းခံ
အမေရိကနိုင်ငံ သန်းခေါင်စာရင်းမှတ်တမ်းများအရ၊ (၁၉၅၀)ခုနှစ်က အသက်(၇၅)နှစ်အထက် (၉ %)သာ solo agers ဖြစ်ခဲ့ကြပေမဲ့၊ ခုချိန်မှာ ထက်ဝက်လောက်သော (၇၅)နှစ်အထက်တွေဟာ မိမိ တကိုယ်တည်းဘဝနဲ့ solo agers ဘဝတွေကိုဖြတ်သန်းနေကြရပါပြီ။ (၂၀၃၈)ခုနှစ်လောက်မှာ (၁၀) သန်းလောက်သော အသက်(၈၀)အထက်သက်ကြီးတွေဟာ solo agers ဘဝကို တကိုယ်တည်း ဖြတ် သန်းကြရလိမ့်မယ်လို့ခန့်မှန်ကြပါတယ်။
သူတို့ဘာတွေ ပြောကြသလဲ?
မှတ်ညဏ်အားနဲယုတ်လျော့ခြင်း၊ ချို့ယွင်းခြင်းဟာ solo agers တွေအတွင်းအများဆုံးတွေ့နေရတယ် လို့ လေ့လာကြသူတွေကဆိုကြပါတယ်။ ဒီအဖြစ်ကို မမြင်ကြသူတွေရှိသလို၊ ဒီအဖြစ်တွေရဲ့အတိမ်အ နက်ကို သိရှိနားလည်ကြသူ မိသားစုဝင်ထဲတောင်နည်းပါးပါတယ်။ ဒီထက်ဆိုးတာက ဒီလိုခံစားနေကြ ရသူ လူအိုများကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အယူအဆမှားယွင်းမှုတွေ၊ စောင့်ရှောက်ပုံမှားယွင်းမှု တွေဟာ အထင်အရှားရှိနေဆဲပါ။
သူတို့ရဲ့ လိုအင်ဆန္ဒနဲ့ အာသီသများ (AARP အဖွဲ့ကြီး၏စစ်တမ်း)
o မိမိဖာသာသီးသန့်နေလိုခြင်းအာသီသ (၃၅%)
o အမှီအခိုကင်းကင်းနေလိုခြင်းအာသီသ (၁၆%)
o မိမိဖာသာဆုံးဖြတ်ကိုယ်တွယ်ဖြေရှင်းလိုသောအာသီသ (၁၄%)
o အခြားသူတယောက်ယောက်အပေါ်တာဝန်ရှိနေမှုကင်းလိုသည့် အာသီသ (၉%)
o မိမိ၏ဝန်းကျင်နှင့်သက်တောင့်သက်သာရှိမှုကို ဖန်တီးနေလိုခြင်းအာသီသ (၇%)
“Freedom to live” ဟာ သူတို့တတွေရဲ့ အိပ်မက်ပါ။ ဒါပေမဲ့ နားလည်ကြဘို့က ဒါတွေဟာ အာသီသ ပါ။ အာရှပြည်ဖွားအများစုက အားကိုးအားထောက်ပြုရမှုကိုရှာကြမျှော်လင့်ကြတာကို သတိပြုကြပါ။ မိမိတို့နေထိုင်ရာရပ်ကွက်ထဲ လူမျိုးခြားလူဖြူသက်ကြီးရွယ်အိုများဟာ အမှီအခိုကင်းစွာ နေထိုင်ကြပုံ ကို မြင်ကြရလို့ ဒီလိုဘဝတွေကိုရင်သပ်ရှုမောကြရတဲ့ အာရှတိုက်သားတွေထဲ ကျွန်တော်တို့ မြန်မာ တွေလည်းပါပါတယ်။ နားလည်ကြဘို့က ဒီ independency ဟာ အတုခိုးသင့်တယ်ဆိုတဲ့အချက်ပါ။
သူတို့တွေရဲ့အဆိုးရွားဆုံးခံစားကြရတဲ့ စိတ်ဖိစီးမှု/မလိုလားအပ်ဆုံးတွေ (“Fordham University Tracking 2025” စစ်တမ်း)
o အထီးကျန်ဆန်မှု (၂၂%)
o စိုးရိမ်ပူပန်ရမှု (၉%)
o စိတ်ရှုတ်ထွေးမှု (၈%)
o ဝမ်းနည်းစိတ်ထိခိုက်မှု (၇%)
အဲ့ဒီအတွက် သက်ကြီးရွယ်အိုများရဲ့ဘဝမှာ အထီးကျန်မှုကိုကုစားနိုင်ဘို့ (socially connected) ဘဝတွေကိုဖန်တီးပေးနိုင်ဘို့က အခရာကျလာပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လူမှုဆက်ဆံရေးအားကောင်းကြတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ လူမှုဆက်ဆံရေးဆိုတဲ့ကျယ်ပြန့် လှတဲ့ အခြေအနေကိုလေ့လာကြဘို့လိုပါတယ်။ ပွင့်လင်းမြင်သာတဲ့ လူမှုဆက်ဆံရေးနယ်ပယ်ရှိတဲ့ (open society and social connection) အားကောင်းတဲ့ အနောက်နိုင်ငံတွေမှာ သက်ကြီးပိုင်းတွေ ထဲ အချစ်ဇာတ်လမ်းများလည်းရှိတတ်တဲ့သဘာဝကို မြင်တတ်လက်ခံတတ်ကြရပါမယ်။ လူမှုကျင့် ဝတ်လွှမ်းမိုးတဲ့ အာရှတိုင်းသားတွေအတွက်ရေးကြီးခွင်ကျယ်အရာပေမဲ့ အမေရိကလိုနိုင်ငံမှု၊ မုဆိုးဖို၊ မုဆိုးမ မိဘများ အချစ်သစ်တဖန်မွေးဖွားကြတာတွေကို တားဆီးလေ့မရှိသလို၊ ကာယကံရှင်ရဲ့ပိုင်ခွင့် အနေနဲ့သဘောထားကြလေ့ရှိပါတယ်။ အောင်သွယ်ပေးတာမျိုးတောင်ရှိတတ်ကြပါတယ်။ “Live your life” ဆိုတဲ့အယူအဆလွှမ်းမိုးတဲ့ နိုင်ငံများမှာ ဒီလိုလူမှုဆက်ဆံရေးဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ မိမိတို့ရဲ့ အယူသီးမှုကို ခဝါချနိုင်ဘို့နဲ့ သမူဟကျတဲ့အမြင်ကိုထားကြဘို့လိုလာပါတယ်။ (၂၀၂၃)ခုနှစ် PEW Research စစ်တမ်းအရ (၂-၅%)သော သက်ကြီးများဟာ (dating apps) တွေကိုတွင်ကျယ်စွာ သုံးနေကြပါပြီ။ တချို့ဆို apps အမျိုးမျိုးတောင်သုံးကြကြောင်းပါ။ ယဉ်ကျေးမှုအရံအတားအနေနဲ့ အချေအတင်ဖြစ်ကြချိန်မှာ လက်တွေ့ (လှို့ဝှက်ဘဲဖြစ်ဖြစ်) သုံးနေကြသူတွေထဲ မြန်မာတွေလည်းပါပါ တယ်။ အငယ်အမြှောင်ထားခြင်းမရိုးဆန်းတော့တဲ့ ကိစ္စဆိုတာကို မေ့ထားလို့မရပါ။ (transparency will make your lives in a family smoother!) ဆိုတဲ့ စကားချပ်ကို သတိရကြရပါမယ်။ (၁၃%) သောလူဦးရေဟာ “ချစ်ခြင်းမေတ္တာ”နဲ့ကင်းကင်းနေခြင်းဟာ မုဆိုးဖို/မတို့ရဲ့ အဆိုးရွားဆုံး အထီးကျန် ဆန်ဘဝတွေလို့ ပြတ်ပြတ်သားသားမြင်နေကြပါတယ်။
သူတို့အပျော်ရွှင်ရဆုံးအခါကာလများ
o သူငယ်ချင်းများနဲ့ပေါင်းဖေါ်စကားလက်ဆုံကျကြရချိန် (၆၃%)
o မိမိဝါသနာပါစိတ်ဝင်စားရသည်တို့နှင့်အချိန်ကုန်လွန်ချိန် (၅၉%)
o မိမိမိသားစုတို့နှင့်ကုန်လွန်ရချိန် (၅၇%)
o ဘာသာရေးနှင့်နှီးနွှယ်ရချိန် (၄၁%)
o အိမ်မွေးတိရစ္ဆာန်များအပါအဝင် တိရစ္ဆာန်တို့နှင့်ကုန်လွန်ရချိန် (၃၇%)
o အခြားသူတို့ကိုကူညီလုပ်အားပေးထောက်ပံ့ရချိန် (၂၇%)
o ကွန်မြူနီတီအတွင်းကုန်လွန်ရချိန် (၂၂%)
o မိမိကြိုက်နှစ်သက်ရာအလုပ်ခွင်တွင်ပျော်မွေ့ခွင့်ရချိန် (၁၈%)
တခါတရံမိမိတို့ဘဝတခုလုံးအချိန်ကုန်လွန်ခဲ့သော ဝန်းကျင်အတွင်းက ခနတာဖြစ်ဖြစ်ဖယ်ခွာထွက် လျက် ခက်ခဲကြမ်းတမ်းသော/မတူညီသော ဝန်းကျင်တွင် ခနတာနေထိုင်ကျင်လည်ရသည်တို့ကိုလည်း ကြိုက်နှစ်သက်တတ်ကြသော လူ့သဘာဝကို သက်ကြီးတို့အတွင်း မြင်တွေ့တတ်ကြရပါတယ်။ ဒါဟာ ခရီးသွားခြင်းအပါအဝင်၊ မိမိတို့ မွေးဖွားကြီးပြင်းရာ ဇာတိမြေသို့ပြန်လည် လည်ပါတ်ခွင့်ရချိန်တို့ဟာ လည်း တန်ဘိုးမဖြတ်နိုင်တဲ့၊ သက်ကြီးတို့ရဲ့ ဘဝတဖန်မွေးဖွားမှုကိုဖြစ်စေတယ်လို့ဆိုကြပါတယ်။ မိမိတို့တသက်တာလုပ်ချင်ကြတဲ့ စွန့်စားမှုကိုလည်း စမ်းသပ်လုပ်ချင်စိတ်ကို “သူငယ်ပြန်နေပြီ” ဆိုပြီး ကင်းပွန်းတပ်မစောမိကြဘို့လိုပါတယ်။ “မသေခင်၊ ဒါလေးတွေတော့ လုပ်ချင်၊ ဖြစ်ချင်လိုက်တာ” ဆို တဲ့ (bucket list) ကိုကြားဖူးကြမှာပါ။ ဒါတွေဟာ ရိုရှင်းပွင့်လင်းတဲ့ သက်ကြီးရွယ်အိုတို့မှာ ကြုံတတ် ကြရသလို၊ solo agers တွေမှာ ပိုမိုထင်ရှားစွာတွေ့နိုင်တတ်ပါတယ်။ မိမိတို့ရဲ့ ကြင်ယာရှိချိန်မှာ အချင်းချင်းငဲ့ကွက်ရလို့ မလုပ်ဖြစ်တာတွေဟာ၊ ကျန်ရစ်သူတို့စိတ်အတွင်း ငုတ်သျှိုး ရာကနေပေါ် ပေါက်လာတတ်ပါတယ်။ အခြေအနေတွေကိုလေ့လာပြီး ဆောင်ကျဉ်းပေးသင့်ပါတယ်။
သူတို့ရယူလေ့ရှိတဲ့အကူအညီတွေ
o သူငယ်ချင်းများ (၅၇%)
o သားသမီးများ (၃၈%)
o အခြားမိသားစုဝင်များ (၃၅%)
o ဘာသာရေးပုဂ္ဂိုလ်/အဖွဲံအစည်းများ (၂၁%)
o ပညာရှင်အကူအညီပေးသူများ (၁၈%)
o လူမှုကွန်ယက် (၆%)
ခန္ဓာကိုယ်ချို့ယွင်းမှုကြောင့်လှေခါးအတက်အဆင်းတောင်ခက်ခဲကြသူတွေဟာ သူတို့နေထိုင်ရာအ ဆောက်အဦ(သို့မဟုတ်)အတွင်း ရုတ်တရက်ပျက်စီးမှုဖြစ်ရင်တောင် ဘေးကင်းရာကိုရောက်အောင် သွားဘို့ခက်ခဲတတ်ကြပါတယ်။ ဒီနေရာမှာ အကူအညီ၊ စိတ်ချရသူဟာ အခရာကျလာပါတယ်။ စိတ် ပိုင်းဆိုင်ရာချို့ယွင်းကြသူတွေဆို ပိုဆိုးပါတယ်။
ခက်ခဲလွန်းလှတဲ့ စာရွက်စာတမ်းထိမ်းသိမ်းအသုံးပြုမှုနဲ့ ငွေရေးကြေးရေးဆိုင်ရာစီမံခန့်ခွဲမှု စတာတွေ ဟာ စိမ်အခေါ်ခံရဆုံးအဖြစ်တွေပါ။ နည်းပညာတိုးတက်လာချိန်မှာ သက်ကြီးတွေဟာ ဒီတိုးတက် မှုရေစီးကြောင်းမှာ ပါဝင်နိုင်တဲ့အင်အားနည်းလာပါတယ်။ ဒီလိုနည်းလေ နောက်ကလိုက်မမှီ လေဖြစ် လာပါတယ်။ ဒီလိုကနေတမျက်ချေပြတ်ပြီး ကိုယ့်ကိစ္စကိုယ်စီမံခန့်ခွဲနိုင်မှု ဆုံးရှုံးလာခြင်းဟာ ဖြစ်လေ့ ဖြစ်ထရှိသလို၊ နဂိုကရုံးပြင်ကန္နားစာရွက်စာတမ်းကြောက်ကြသူ မြန်မာတွေ ပိုဆိုးရွားတဲ့ဘ၀တွေဖြစ် လာပါတယ်။ ကိုယ့်သားသမီးကဝင်မကူလို့ကတော့ ကိုယ့်ငွေရှိလျက်နဲ့ ကယ်သူမဲ့တဲ့ဘဝကို ရောက်မှန်း မသိရောက်ကြရသူတွေများပါတယ်။ ရှက်လို့၊ လူသိမခံလိုတာကြောင့် ဒူးနဲ့မျက်ရေသုတ် ကြရသူ (ငွေချမ်းသာသူ) မြန်မာသက်ကြီးတွေအများကြီးပါ။ Financial planning before aging ဟာ ဆောင် ရွက်ရကောင်းမှန်း (ကြိုတင်) မသိကြရခြင်းရဲ့ ဆိုးကျိုးတွေပါ။
Solo agers တို့အတွက် လမ်းပြမြေပုံ
(က) ကျန်းမာသန်စွမ်းသမျှ အလုပ်ကိုဆက်လုပ်ပါ။
(ခ) Long-term Care (LTC) ဟာ agers တွေအတွက် (အထူးသဖြင့် solo agers) အလွန်အရေးပါပါ တယ်။ မရှိမဖြစ်ပါ။ ဘယ်အာမခံမှာမျှ မရှိတာကိုသတိချပ်ပါ။ သီးသန့်ဝယ်ယူရလေ့ရှိပြီး၊ ဈေးကြီးပါ တယ်။ Medicaid လို့ ကျန်းမာရေးအာမခံမှာတော့ အကန့်အသတ်နဲ့ပါပါတယ်။
(ဂ) ကျန်းမာရေးနဲ့ပတ်သက်ပြီး healthcare proxy (မိမိကျန်းမာရေးနဲ့ပတ်သက်ပြီး အာဏာကုန်လွဲ ပေးထားသူတဦး)ရှိရပါမယ်။
(ဃ) Trust (revocable or irrevocable) ကိုရေးဆွဲပြီး၊ တဦးတယောက်စိတ်ချရသူတဦးဦး ခန့်ထား ပါ။
(င) မိမိရာသက်ပန်နေထိုင်မည့်အိမ်လိပ်စာရှိပါစေ။ အရေးကြီးသော ဆေးရုံဆေးခန်း၊ စာတိုက်၊ ဈေးတို့ နဲ့နီးပါစေ။ အချက်အချာကျပါစေ။
(စ) မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ခိုင်ခိုင်မာမာရှိပါစေ။ ဒါဟာသိပ်အရေးကြီးပါတယ်။
(ဆ) ကျန်းမာခြင်းနဲ့ညီညွတ်တဲ့ အလေ့အထ၊ နေထိုင်စားသောက် လေ့ကျင့်ခန်းလုပ်မှု ပုံမှန်စနစ်ကို ဖေါ်ထုတ်ထူထောင်ပါ။
အချုပ်ဆိုရရင် အထက်ပါ အစီအမံတွေကိုဖေါ်ထုတ်ပြီးရင် ကိုယ့်ကိုယ်ကိုမေးပါ။ “မိမိဘဝကိုကြေနပ် လောက်ဘွယ်ရှိပြီလား” လို့?
မမေ့ကြဘို့ကတော့ “socially connected” ဟာ ချောမွေ့တဲ့ senior (solo) ager တွေပိုင်ဆိုင်ကြဘို့ အတွက် လုံခြုံစေတဲ့ အောင်မြင်မှု သော့ချက်ပါလို့….။