ပြီးခဲ့တဲ့ ဧပြီ (၂၀၁၉ )မှာဖြန့်ချိခဲ့တဲ့ မြန်မာဂဇက်မှာ လာမဲ့ (၂၀၂၀)မတ်လမှာအမေရိကနိုင်ငံတ၀ှမ်း အမျိုးသားရေးအသွင်ကောက်ခံမဲ့ သန်းခေါင်စာရင်းကောက်ယူမှုကြီးမှာ၊ (One Myanmar) ဆိုတဲ့လှုံ့ ဆော်မှုကြီးနဲ့ ရှေ့ပြေးဆောင်းပါးတခုကိုရေးသားခဲ့ပါတယ်။ အမေရိကနိုင်ငံအတွင်းပြောင်းရွှေ့ အခြေချနေထိုင်ကြသူ မြန်မာတိုင်းရင်းသားဦးရေဟာ၊ လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များ အရ (၂၀၀၇)နောက်ပိုင်းအဆများစွာ တိုးပွားလာတာကို လေ့လာကြသူတွေ သတိပြုမိကြမယ်လို့ထင် ပါတယ်။ ဒီသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ အမေရိကနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တောင်ထဲ့သွင်းထားရတာကို ကြည့်ခြင်းအားဖြင့်၊ နိုင့်ငံနဲ့ချီတဲ့ အလွန်အရေးကြီးတဲ့ ကိစ္စဆိုတာကို အများကရိပ်မိကြမယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းများအတွင်း လက်ရှိသမ္မတထရမ့်ရဲ့ သန်းခေါင် စာရင်းမေးခွန်းလွှာမှာ အမေရိကန်နိုင်ငံသားဟုတ်မဟုတ်ဆိုတဲ့ မေးခွန်းထဲ့သွင်းခွင့်ပြုခြင်း၊ မပြုခြင်း အထိတောင် အချေအတင်ဖြစ်ကြတာကိုကြည့်ရင်၊ အမေရိကနိုင်ငံရဲ့ အနာဂါတ်နိုင်ငံရေးပုံဖေါ်မှု ဟာ သန်းခေါင်စာရင်းကိန်းဂဏန်းကရရှိလာတဲ့ အခြေခံအချက်အလက်တွေပေါ်မှာ များစွာအမှီသဟဲပြုနေ တယ် ဆိုတာငြင်းနိုင်ဘွယ်မရှိပါဘူး။ ၀မ်းနဲစရာကောင်းတာကတော့၊ လက်ရှိပကတိအခြေအနေတွေ ကို နိုင်ငံရေးလောင်းရိပ်က လွှမ်းမိုးချယ်လှယ်ဘို့ ကြိုးစားလာခြင်းကို ကမ္ဘာ့ဒီမိုကရေစီအရှိဆုံးလို့ အသတ်မှတ်ခံရတဲ့ အမေရိကလိုနိုင်ငံမျိုးမှာ ပေါ်ပေါက်လာရခြင်းဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါ ဘူး။ အထူးသဖြင့် လွတ်လပ်ခြင်း၊ ညီညွှတ်မျှတခြင်းစတဲ့ကောင်းသောစရိုက်လက္ခဏာတွေ ပြီးပြည့်စုံ ပြီး လောကပါလတရားကြီးစိုးတဲ့နိုင်ငံရဲ့ တည်ငြိမ်ဧချမ်းမှု၊ ဘ၀လူမှုပါတ်ဝန်းကျင်လုံခြုံစိတ်ချမှုကို မက်မောပြီး နိုင်ငံစွန့်ပြီး ပြောင်းရွှေ့အခြေချကြသူ ကျွန်တော်တို့မြန်မာတိုင်းရင်းသားပေါင်းစုံတို့ရဲ့ အနာဂါတ်မျှော်မှန်းချက်ကြီးကို ကြီးစွာသောစိုးရိမ်ပူပန်မှုတွေကို မွေးဖွားလာစေနေတာအမှန်ပါဘဲ။ လက်ရှိသမ္မတရဲ့ America First ဆိုတဲ့ကြွေးကြော်မှုကို မက်မောကြသူတွေအထဲ၊ ကျွန်တော်တို့မြန်မာ အချို့လည်းပါဝင်ကြလိမ့်မယ် ဆိုတာယုံမှားဘွယ်မရှိပါဘူး။ မိမိနဲ့နီးစပ်ရာ၊ စည်းရုံးသိမ်းသွင်းခံရတာတို့ ပေါ်မှာများစွာမူတည်ပါလိမ့်မယ်။ နှုတ်ကထုတ်ဖေါ်မပြောသော်ငြားလည်း၊ မိမိတို့လူဖြူလူများရဲ့အကျိုး သက်သက်ကိုသာဦးတည်လိုလားပါတယ် ဆိုတဲ့ လူမျိုးကြီးဝါဒ ဟာ အမေရိကနိုင်ငံမှာ ခေါင်းထောင် ကြီးစိုးလာတာ ငြင်းလို့မရတဲ့ ကိစ္စကြီးဖြစ်မှန်းမသိဖြစ်နေပါပြီ။ မိမိရဲ့ ရုပ်သွင်ကိုမြင်လိုက်ရယုံနဲ့ မိမိဟာ အဖြူလူမျိုးမဟုတ်မှန်းသိသိကြီးနဲ့ America First ဟာ ငါတို့ပါဘဲလို့ မျက်စေ့မှိတ်ပြီး၊ ဘယ်လိုဘဲ ကြွေးကြော်ကြသည်ဖြစ်စေ၊ immigrants ဟာ immigrants ပါဘဲ။ ကျီးကန်းဟာ ကိုယ့်ကိုယ်ကို ဗျိုင်းပါလို့ အော်နေကြရတာနဲ့တူပါတယ်။
အရေးကြီးတဲ့အချက်ကတော့ မိမိတို့မြန်မာပြည်ဖွား (သို့မဟုတ်) မြန်မာနိုင်ငံသားမှတဆင့်ပေါက်ဖွား လာကြသူတွေဟာ အမေရိကနိုင်ငံမှာ Naturalized Citizens များပင်ဖြစ်သော်ငြားလည်း၊ မိမိဘ၀ လုံခြုံရေး၊ ဖူလုံပြည့်ဝစေရေး၊ ဒီထက်ပိုအရေးကြီးတာ က အောင်မြင်ပေါက်ရောက်စေရေးဟာ တိုးပွား လာတဲ့ မြန်မာဦးရေ ရေစီးကြောင်းမှာ တနှစ်ထက်တ နှစ် ပိုမိုအရေးကြီးလာပါတယ်။ ဒီလိုအရေးကြီးတဲ့ ခံစားပိုင်ခွင့်ရပိုင်ခွင့်တွေ ထိုက်ထိုက်တန်တန်ရလာမှ သာ ကိုယ့်မွေးရာဇာတိဖြစ်တဲ့ အမိမြန်မာပြည်က ပြောင်းရွှေ့အခြေချရကျိုးနပ်မယ် မဟုတ်ပါလား။ ဒီလို အကျိုးအမြတ်တွေကို လက်ရှိ အလျှံပယ်ရရှိနေ ကြတဲ့ အာရှသားတွေဟာ ဘယ်သူတွေလဲဆိုတာ အထင်အရှားမြင်ကြရမှာပါ။ တရုတ်၊ အိန္ဒိယ/ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ကိုရီးယန်း၊ ဗီယက်နမ်၊ ထိုင်း လူမျိုးတွေကိုကြည့်ပါ။ သူတို့လူမျိုးတွေရဲ့ တရားဝင်လူဦး ရေကိန်ဂဏန်းဟာ သိသာထင်ရှားတဲ့အတွက်ကြောင့်၊ ကိုယ့်နိုင်ငံမဟုတ်ပေမဲ့၊ ကိုယ့်နိုင်ငံထဲမှာလို နေထိုင်စားသောက်သွားလာ၊ ဆက်ဆံနိုင်ကြပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုး များဟာ ကွဲပြားတဲ့ လူမျိုးစုနဲ့ လူမျိုးစုငယ်များ၊ အသွင်မတူတဲ့ယဉ်ကျေးမှုဓလေ့ကိုးကွယ်ရာဘာသာနဲ့ ခြားနားလှတဲ့ ဘာသာစကားတွေက၊ လူမျိုးကွဲများရှိတဲ့အတွက်ကြောင့်“မြန်မာ” ဆိုတဲ့ လူမျိုးတစ်မျိုး သီးသန့်အဖြစ် စလုံးရေ မစခင်ကတည်းက လူနည်းစုအဖြစ်ဆုံး လူမျိုးစုဘ၀အဆင့်ကနေတက်ဖို့ အတော် လေး ခက်ခဲနေတာ ကိုလေ့လာတွေ့ရပါတယ်။ အချုပ်အခြာနိုင်ငံတခုတည်းကနေ ရောက်ရှိ လာကြ ပေမဲ့လည်း မိမိကိုယ်ကို မိမိ မြန်မာဖြစ်လျက်နဲ့ မြန်မာလို့ ဖေါ်ထုတ်ပြောဆိုအသိအမှတ်ပြုခံဘို့ ငြင်း ဆန်တဲ့၊ ၀န်လေးတဲ့ အဖြစ် တွေ ကြီးစိုးနေဆဲပါ။ အတိပ်က တိုင်းရင်းသားအချင်းချင်းကြား မှာကင်းမဲ့ ဆိတ်သုဉ်းခဲ့တဲ့၊ (တနည်း) အုပ်ချုပ်သူအဆက်ဆက်က သွေးခွဲဆက်ဆံအုပ်ချုပ်ခဲ့တဲ့ အရိပ်မဲကြီးထိုး နေဆဲပါ။ အဲ့ဒီ မယုံကြည်မှု၊ စတာတွေကို အမေရိကအထိရောက်ခေါ်ဆောင်လာ ကြပါတယ်။ အဲ့ဒီရဲ့အ ကျိုးဆက်ကတော့ မြန်မာ ဆိုတဲ့လူမျိုး သီးသန့်တခုထူထောင်ရေးဆိုတဲ့ အရေးကြီးလွန်းလှတဲ့ ကိစ္စ ကြီးကိုတားဆီး ပိတ်ဆို့နေ စေတာကို မြင်အောင်ကြည့်ရင်မြင်ရမှာပါ။ ဘယ်နေရာသွားသွား အာရှ သားချင်းအတူတူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့ ယုတ်စွအဆုံး ထိုင်းလူမျိုးတွေ ထက်တောင် မျက်နှာ ငယ်ကြရတာကိုကြည့်ကြပါ။
အဲ့ဒီအတွက်ကြောင့် ပြီးခဲ့တဲ့ဆောင်းပါးမှာ (One Myanmar) ဆိုတဲ့လှုံ့ဆော်ရေးဝေါဟာရကို အသုံးပြု ပြီးတပ်လှန့်ရေးသားခဲ့ပါတယ်။ လာမဲ့ (၂၀၂၀)မှာ ပြုလုပ်မဲ့ သန်းခေါင်စာရင်းကောက်ခံမှုကြီးမှာ ကျွန်တော်တို့မြန်မာတွေ အသိမှန်စွာနဲ့ အဖြေလွှာပြန်ကြားကြဘို့လိုပါတယ်။ (၂၀၂၀)သန်းခေါင်စာရင်း ကြီးရဲ့ထူးခြားချက်တခုကတော့၊ အမေရိကနိုင်ငံတ၀ှမ်းနေထိုင်ကြသူ (တရားဝင်ရော၊ တရားမ၀င်) အိမ်ထောင်စု (မိမိနေထိုင်ရာလိပ်စာအပေါ်အခြေပြုတဲ့) တိုင်းဟာ internet ပေါ်ကနေပြန်ကြားလွှာကို မဖြစ်မနေ ပြန်ကြားကြရပါမယ်။ မိမိကိုယ်တိုင်ဟာ ဗမာစစ်စစ်ပါလို့ကိုယ်ရည်သွေးကြသူတွေဘဲဖြစ် ဖြစ်၊ ရှမ်းလူမျိုးဘဲဆိုဆို၊ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကယား၊ ရခိုင် လို့ဘဲသတ်မှတ်ချင်သတ်မှတ်၊ “မြန်မာ” (Burmese)ဆိုတဲ့ စကားလုံးလေးတော့သုံးပြီးဖြည့်စွက်ကြဘို့အလွန်အရေးကြီးပါတယ်။ (၁၀)နှစ် မှတစ်ကြိမ်ရတဲ့အခွင့်အရေးပါ။
(က) မြန်မာ တိုင်းရင်းသားတွေ အင်အားပြည့် (တစ်ဦးချင်းတိုင်း ကလေးပါမကျန်) စာရင်းမှာ မကျန်ခဲ့စေရေး၊ နိုင်ငံအနှံ့မှာရှိတဲ့ grass-root community organizations တွေက Complete Count Committee (CCC) တွေဖွဲ့စည်းလှုံဆော်ကြဘို့အချိန်တန်ပါပြီ။
(ခ) မြန်မာပြည်ဖွားဘဲဖြစ်ဖြစ်၊ အမိ (သို့မဟုတ်) အဖ တစ်ဦးဦးက မြန်မာလူမျိုး (သို့မဟုတ်) တိုင်းရင်းသားလူမျိုးစု တခုခုဖြစ်ခဲ့ပါက “မြန်မာ” (Burmese) ဆိုတာလေးကိုဖြည့်စွက်ပြန်ကြားကြဘို့ တိုက်တွန်းလိုပါတယ်။
အမေရိကရဲ့ လူဦးရေသန်းခေါင်စာရင်းဆိုင်ရာ ဌာနကြီး ဖြစ်တဲ့ Census Bureau က (၁၀)နှစ်တကြိမ်၊ သန်းခေါင်စာရင်းကောက်ခံရေးအမျိုးသားရေးကိစ္စကိုဦးဆောင်ပြုလုပ်သလို၊ ကြားကာလဖြစ်တဲ့ (၁)နှစ်တစ်ကြိမ်၊ (၃)နှစ်တစ်ကြိမ်၊ (၅)နှစ်တစ်ကြိမ် ကောက်သင်းကောက်စာရင်းကောက်ခံမှုတွေ ပြုလုပ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက (၂၀၁၇) အတွင်းကောက်ခံခဲ့တဲ့ပြီးပြည့်စုံတဲ့ သန်းခေါင် စာရင်းဆိုင်ရာကိန်းဂဏန်းများကိုထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ခုဆောင်းပါးရေးသားချိန်မှာ နောက် ဆုံထုတ်ပြန်ခဲ့တဲ့တရားဝင် ကိန်းဂဏန်းတွေပါ။ ဒီနေရာမှာ သိကြဘို့လိုတဲ့အချက်ကတော့ ဒီကောက်ခံ မှုဟာ ကောက်သင်းကောက်ကောက်ခံမှုဖြစ်တဲ့အတွက်ကြောင့် သန်းခေါင်စားရင်းကြီးလိုတော့ ဖြန့်ကျက်အလုံးစုံပါဝင်မှုမရှိပါဘူး။ ဒါပေမဲ့ လာမဲ့ (၂၀၂၀)သန်းခေါင်စာရင်းကောက်ခံမှုကြီးကိုကောင်း စွာရောင်ပြန်ဟပ်မဲ့ စာရင်းဇယားတခုလို့အသိပေးပါရစေ။ ဒီစာရင်းကို American Community Survey (ACS) လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ အချိန်များက ကောက်ယူခဲ့တဲ့ မြန်မာနှင့်တကွလူမျိုးစပ်ပေါင်းစု မြန်မာလူဦးရေ အခြေပြတွေကို ကြည့်ကြရအောင်။
(က) (၂၀၁၀)လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုစစ်တမ်းချုပ်အရ မြန်မာလူမျိုး = (၁၀၀၂၀၀) ဦး
(ခ) (၂၀၁၂-၂၀၁၆) 5-Year ACS အရ မြန်မာလူမျိုး လူဦးရေ ခန့်မှန်းစုစုပေါင်း = (၁၅၀၀၈၇) ဦး
(ဂ) (၂၀၁၇) 1-Year ACS အရ မြန်မာလူမျိုး လူဦးရေ ခန့်မှန်းစုစုပေါင်း = (၁၉၃၀၃၆) ဦး (နောက်ဆုံးထုတ်ပြန်ချက်)
(၂၀၁၇) 1-Year ACS အရ အမေရိကနိုင်ငံတ၀ှမ်းမြန်မာလူဦးရေ (မြှော်မှန်းခန့်မှန်းချက်) (၁၉၃၀၃၆) ဦး ပေါ်တွင်လေ့လာဆန်းစစ်တွေ့ရှိချက်များ
(က) ကျား/မဦးရေ % = (၅၁.၅%/၄၈.၅%)
(ခ) အိမ်ခြေ = (၄၆၈၅၇) အိမ်
(ဂ) ပျမ်းမျှမိသားစုဝင်ဦးရေ = (၄.၄၆)ဦး
(ဃ) ပျမ်းမျှ အိမ်ထောင်စုဝင်ဦးရေ = (၄.၁၄)ဦး
(င) အိမ်ထောင်ကျ% = ၆၂.၂%
(စ) မုဆိုးဖို/မ% = ၂.၉ %
(ဆ) အိမ်ထောင်ပျက်(Divorced)% = ၂.၉ %
(ဇ) အိမ်ထောင်ကွဲ (Separated))% = ၁.၃%
(ဈ) အိမ်ထောင်မရှိ အပျို/လူပျို% = ၃၀.၆%
(ည) အခြေခံပညာမပြီးဆုံးသူ% = ၅၁.၄%
(ဋ) အခြေခံပညာ (၁၂) တန်းအောင်% = ၁၅.၁%
(ဌ) ဒေသကောလိပ် (၂)နှစ်ဘွဲ့ကြို% = ၁၀.၃%
(ဍ) အခြေခံဘွဲ့ဒီဂရီ(၄)နှစ်ဘွဲ့ရ% = ၁၆%
(ဎ) ဘွဲ့လွန်/ပါရဂူဘွဲ့ရ% = ၇.၂%
(ဏ) စုစုပေါင်း မသန်မစွမ်းဖြစ်သူ% = ၅.၉ %
(တ) အသက်(၆၅)နှစ်အထက် မသန်မစွမ်းဖြစ်သူ% = ၃၂.၅%
(ထ) မြန်မာနိုင်ငံနှင့်အခြားနိုင်ငံများမှ မွေးဖွားသူမြန်မာလူဦးရေ = (၁၅၂၈၁၀)ဦး
(ဒ) အမေရိကနိုင်ငံသားခံယူသူဦးရေ = (၄၅၈၈၂)ဦး
(ဓ) အမေရိကနိုင်ငံသားမခံယူသေးသူ/မခံယူရသေးသူ ဦးရေ = (၁၀၆၉၂၈)ဦး
(န) အင်္ဂလိပ်ဘာသာစကားသက်သက်ကိုသာအိမ်တွင်ပြောဆိုသောမြန်မာ% = ၈%
(ပ) အင်္ဂလိပ်ဘာသာစကားထက်မြန်မာဘာသာစကားကိုသာအိမ်တွင်ပြောဆိုသောမြန်မာ% =၉ ၂%
(ဖ) အသက်(၁၆)နှစ်အထက် အလုပ်လက်ရှိလုပ်ကိုင်သူ% = ၅၈.၈%
(ဗ) အသက်(၁၆)နှစ်အထက် အလုပ်မလုပ်သူ% = ၃၈%
(ဘ) အလုပ်လက်မဲ့ခံစားခွင့်ရရှိနေသူ% = ၃.၁%
(မ) ကိုယ်ပိုင်ယာဉ်ဖြင့် အလုပ်တက်ဆင်းသူ% = ၆၁.၄%
(ယ) ဘတ်စ်အပါအ၀င်ယာဉ်ရထားဖြင့်အလုပ်ဆင်းတက်သူ% = ၅.၆%်
(ရ) လမ်းရှောက်အလုပ်ဆင်းတက်သူ% = ၁.၃%
(လ) အိမ်မှအလုပ်လုပ်သူ% = ၂.၁%
(၀) တတ်ကျွမ်းမှုဆိုင်ရာအဆင့်မြင့်အသက်မွေးဝမ်းကြောင်းလုပ်ကိုင်သူ% = ၁၆.၅%
(သ) ရုံးလုပ်ငန်းတို့တွင်လုပ်ကိုင်သူ% = ၂၁%
(ဟ) အရောင်းနှင့်တကွအခြားစက်ရုံအလုပ်ရုံ၊ လက်မှုပညာလုပ်ကိုင်သူ% = ၆၂.၅%
(ဠ) ပျမ်မျှ မိသားစုဝင်ငွေ = ဒေါ်လာ (၄၀၆၁၀)
(အ) တစ်ဦးချင်းဝင်ငွေ = ဒေါ်လာ (၁၅၇၀၈)
(ကက) အလုပ်(သို့မဟုတ်) ကိုယ်ပိုင် ကျန်းမာရေးအာမခံ လက်ဝယ်ရှိသူ% = ၃၈%
(ခခ) အစိုးရမှတဆင့် ထောက်ပံ့သောကျန်းမာရေးအာမခံ လက်ဝယ်ရှိသူ% = ၅၂.၄%
(ဂဂ) ကျန်းမာရေး အာမခံလုံးဝမရှိသူ% = ၁၃.၂%
(ဃဃ) Social Security Income ရရှိခံစားနေသူ% = ၈.၄%
(ငင) Supplemental Security Income (SSI) ရရှိခံစားနေသူ% - ၆%
(စစ) အငြိမ်းစား% = ၃.၈%
(ဆဆ) အစိုးရထောက်ပံ့သော Food Stamp/SNAP ခံစားနေသူ% = ၃၇.၄%
(ဇဇ) ကွန်ပြူတာနှင့်အဆင့်မြင့် အီလက်ထရွန်နစ်ပိုင်ဆိုင်မှု% = ၉ ၅.၆%
(စ်စ်) အင်တာနက်အသုံးပြုနိုင်မှု% = ၈၇.၂%
သန်းခေါင်စာရင်းကောက်ခံမှုစတင်ဘို့အချိန်ကာလ မတ်၊ ၂၀၂၀ မတိုင်ခင်လောက်မှာ အမေရိက နိုင်ငံ တ၀ှမ်း နေထိုင်ကြသူအိမ်ခြေတိုင်းဟာ၊ အင်တာနက်မှတဆင့် သန်းခေါင်စာရင်းပြန်ကြားဘို့၊ အသိပေးကတ်ပြားတွေ ရရှိကြပါလိမ့်မယ်။ အိမ်ခြေတိုင်းလို့ဆိုတဲ့အတွက်ကြောင့်၊ မြို့ရွာစာရင်း မပေါက်တဲ့ (un-incorporated territories) တွေကိုတော့ အိမ်တိုင်ရာရောက်ကောက်ခံမှုတွေပြုလုပ် ပါလိမ့်မယ်။ စောစောကပြောတဲ့မြို့ရွာစာရင်းပေါက်ဒေသတွေမှာရှိတဲ့ အိမ်ထောင့်စုအိမ်ခြေများက စာရင်းပြန်ကြားမှုမပြုခဲ့ရင်လည်း၊ အိမ်တိုင်ရာရောက်ကောက်ခံခြင်းခံကြရမှာဖြစ်တဲ့အတွက်ကြောင့်၊ အမေရိကနိုင်ငံအတွင်း ရောက်ရှိနေကြသူတွေ (တရားဝင်ရော၊ တရားမ၀င်သော်လည်းတရားဝင်နေ ထိုင်ကြဘို့ပြင်ဆင်ကြသူမြန်မာတွေ) အားလုံး (အားလုံး) က အားတက်သရော်စာရင်းပြန်ကြားကြဘို့ အထူးလိုအပ်ပါတယ်။ မိမိရဲ့တည်ဆဲ နိုင်ငံသားဖြစ်နေမှုမဖြစ်မှုကို စိုးရိမ်ပူပန်ခြင်းကင်းစွာဖြည့်ကြဘို့ လိုပါတယ်။ ဒီနေရာမှာ အထူးမီးမောင်းထိုးပြလိုတဲ့အချက်ကတော့၊ အရပ်ထဲမှာ တဆင့်စကား တဆင့် ပြောကြရာက သန်းခေါင်စာရင်းပြန်ကြားလွှာ ဖြည့်စွက်ပြန်ကြားခြင်းမပြုဘို့ တားဆီး။ ကန့်ကွက်ကြတဲ့ ကောလာဟဠ စကားတွေကို နားမယောင်မိကြဘို့အရေးကြီးပါတယ်။ အမေရိကနိုင်ငံ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက သန်းခေါင်စားရင်းကောက်ခံမှုမှာ ပြန်ကြားဘို့ပျက်ကွက်ခြင်းကို၊ ပြစ်မှုတရပ်အဖြစ်သတ်မှတ်ထားတယ်ဆိုတဲ့အချက်ကို အမှတ်ရကြဘို့လိုပါလိမ့်မယ်။ မြန်မာတွေ လူမျိုးရေးစိတ်ကင်းတဲ့ (One Myanmar) စိတ်နဲ့ လာမဲ့ Census 2020 မှာ မြန်မာလူဦးရေ အစစ်အမှန် ပေါ်ထွက်လာတာနဲ့အမျှ၊ တန်းတူရည်တူရှိတဲ့ လူမှုဘ၀ခံစားခွင့်တွေရရှိရေးကို ကြိုးစားကြပါစို့လား။
No comments:
Post a Comment