Monday, May 29, 2017

လိုင်စင်

“လိုင်စင်”ဟုဆိုလိုက်လျင် စာရေးသူတို့မြန်မာအများစုက မျက်စေ့ထဲပြေးမြင်လိုက်သော အရာကား ယာဉ် မောင်းလိုင်စင်ဖြစ်သည်။ လွတ်လပ်လှပါသည်ဟုဆိုသောအမေရိကပြည်ထောင်စုကြီးတွင် ဆရာဝန်လိုင်စင်၊ ရှေ့နေလိုင်စင်၊ အင်ဂျင်နီယာလိုင်စင်၊ အာမခံရောင်းဝယ်ခွင့်၊ စတောရှယ်ရာ၊ ကုန်ပစ္စည်း၊ ဆေးဝါး၊ တားမြစ် ကုန်များ၊ ကုန်သွယ်ကူးသန်းရောင်းဝယ်ခွင့်ကစပြီး၊ ယုတ်စွအဆုံး ငါးမျှားခွင့်၊ ငှက်နှင့်သားကောင် ပြစ်ခတ်ခွင့်၊ တိရိစ္ဆာဖမ်းဆီးထိမ်းသိမ်းခွင့်၊ စိုက်ပျိုးပင်အချို့စိုက်ပျိုးခွင့်ပါမကျန် လိုင်စင်အကန့်အသတ်ပြုသည် အထိရှိသည် ဟုနားလည်လိုက်သော အခါ၊ ဘယ်မှာလဲ လွတ်လပ်မှု ဟုစောဒကတက်ချင်စိတ်ပေါက်သွားသည်။ ထိုမျှသာ မက လက်ထပ်ခွင့်လိုင်စင်ဆိုသည်လည်းရှိပါသေးသည်။ တစ်မျက်နှာလက်ထပ်စာချုပ်ကိုကြည့်ပြီး၊ ဘုရား ကျောင်း (သို့မဟုတ်) တရားသူကြီးရှေ့တွင်လက်မှတ်ထိုးလိုက်ရုံဖြင့် တရားဝင်လင်မယားအရာမြောက်သည်ဟု နားလည်လျင်တက်တက်စင်အောင်လွဲပါလိမ့်မည်။ မိမိကိုယ်တိုလူပျိုလူလွတ်လွတ်လပ်အဖြစ် ကျမ်းကြိမ်သက် သေထွက်ပြီးမှလိုင်စင်ခွင့်ပြုချက်ရသည်။ လွတ်လပ်မှုခံစားခွင့်များအလျှံပယ်ခံစားနေရသည်ကို ကမ္ဘာကအပေါ် ယံကြောလောက်သာသိကြသော်လည်း၊ လွတ်လပ် မှုနှင့်အတူတာဝန်ယူမှု (freedom comes with responsibility) ၏အထာသဘောကိုစောကြောမိဘို့လိုပါသည်။ ဟုတ်ပါသည်။ ယင်းတာဝန်ယူတတ်မှုအမူ အကျင့်တို့အရည်လည်၍ လုပ်ရိုးလုပ်စဉ်အဖြစ်အကျင့်ကောင်းတခုကိုမွေးယူရပြီးပါမှ၊ ထိုအကျင့်အပေါ် အခြေပြု၍ ခံစားခွင့်တည်းဟူသော အခွင့်ကြီးကိုရယူရသည့်သဘောမှာ နိုင်ငံကြီးသားတို့ မလွဲမသွေလျှောက် ကြရသောခရီးများပင်။
တံခါးဖွင့်မူဝါဒအရ ကမ္ဘာ့လူနေမှုစနစ်ကိုအတုယူစပြုနေပြီဖြစ်သော မြန်မာနိုင်ငံကြီးသည်လည်း၊ လိုင်စင်စနစ် ကိုအသက်သွင်းရန်ကြိုးစားနေသော၊ ကာလကြီးတခုကိုဖြတ်ကျော်နေပြီဖြစ်သည်။ လိုင်စင်ကို မိမိတို့လွတ် လပ်ခွင့်၏အကန့်အသတ်ကြီးတခုဟုယူဆသူတို့မှိုလိုပေါက်လာချိန်လည်းဖြစ်သည်။ ဒီမိုကရေစီဝေါဟာရ အလွန်ခေတ်စားသောကာလကြီးမို့၊ “လိုင်စင်”ကိုလက်ညှိုးငေါက်ငေါက်ထိုးကြသူတွေ နေရာအနှံ့တွေ့လာရ သည်။ ကျွန်တော်တို့မြန်မာတွေနားလည်သင့်သောအချက်တခုကား၊ လွတ်လပ်မှုတိုင်းသည် ပေးဆပ်မှုတခုခု နှင့်အမြဲဒွန်တွဲနေတတ်သည် ဆိုသည့်အချက်ကိုပင်။ (freedom is not always free) လွတ်လပ်မှုနှင့်အတူ ရောထွေးပါလာလေ့ရှိသော၊ အကျင့်ပျက်စည်းကမ်းဖေါက်ဖျက်မှုများကိုကြိုတင်ဇက်သတ်ရန်၊ စည်းသား ကန့်သတ်ချက်တို့သည်ရှိတတ်ကြစမြဲဖြစ်သည်။ ရှိဘို့လည်းလိုသည်။
တလောကဖြစ်ခဲ့သောရန်ကုန်မြို့ကြီးတွင်ဖြစ်ပျက်ခဲ့သောသူနာပြုများမှဘွဲ့ရကျောင်းပြီးနောက်အစိုးရထံတွင်၊ သင့်တင့်သောနှစ်ကာလများတာဝန်ထမ်းပြီးကာမှသာ လိုင်စင်ထုတ်ပေးမည့်ကန့်သတ်ချက်သည်၊ တရားမျှ တမှုမရှိဟုဆိုကာ၊ စီတန်းလှည့်လည်ဆန္ဒပြမှုများဆက်တိုက်ဖြစ်ခဲ့သည်၊ ကျန်းမာရေးဌာနကြီးမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကိုယ်တိုင်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ပြေလည်သွားသည့်အတွက်၊ ယင်းကိစ္စကြီး
သက်တမ်းနုနုအတွင်းပြေလည်သွားကြောင်းကြားရသဖြင့် ၀မ်းသာမိသည်။ အမေရိကအပါအ၀င် တိုးတက် သောနိုင်ငံကြီးများတွင်၊ တက္ကသိုလ်ပညာ (အစိုးရဘတ်ဂျက်နှင့်ဖွင့်လှစ်ပို့ချသောတက္ကသိုလ်ကြီးများအပါအ၀င်) သင်ကြားစရိတ်ကို ကျောင်းသားများမှအိပ်သွန်ဖာမှောက်ပေးရသည်။ တက္ကသိုလ်ဘွဲ့ရအားလုံးလိုလို ဘွဲ့ရသည် နှင့် ဘဏ်ကိုအကြွေးတင်ကြသည်။ အကြွေးကိုနှစ်များစွာအတွင်းကြေအောင်ပြန်ဆပ်ကြရသည်။ သို့အတွက် ကြောင့် ဘွဲ့ရပြီးသည်နှင့်အလုပ်ရရှိရေးအပြေးအလွှားအလုပ်ရှာကြရသည်။ ထိုအလုပ်ရှာရာတွင်အသက်မွေးဝမ်း ကြောင်းလုပ်ငန်းဆိုပါက လိုင်စင်ရအောင်ယူကြရသည်။ လိုင်စင်မရှိက အလုပ်မရကြ။ နိုင်ငံတကာမှာလိုင်စင်ကို အသက်မွေးဝမ်းကြောင်းလုပ်ခွင့်နှင့်ဇက်သတ်ထားသလို၊ စာရေးသူတို့မြန်မာပြည်ကြီးတွင်၊ နိုင်ငံကိုပြန်အလုပ် ဖြင့်အကြွေးဆပ်ကြရသည်။ မြန်မာနိုင်ငံတွင်တက္ကသိုလ်ပညာ (အသက်မွေးဝမ်းကျောင်းဆေး/အင်ဂျင်နီယာ တက္ကသိုလ်ကြီးများအပါအ၀င်)တက်ရောက်ကြရသူတို့လစဉ်သင်တန်းကြေးကြီးလေးစွာပေးရသည်ဟုယနေ့အထိမကြားမိသေးပါ။ မဆိုစလောက်သော သင်တန်းကြေးကိုပေးရသဖြင့်၊ ယင်း tuition fees များကိုမြန်မာ တက္ကသိုလ်ကျောင်းသားတို့မေ့လျော့လောက်အောင်ပင်ရှိနေကြသည်။ ယင်းသင်တန်းကြေးကိုအစိုးရဘတ် ဂျက်ကကျခံထားပေသည်။ အစိုးရဘတ်ဂျက်ဟုဆိုသဖြင့်၊ မြန်မာပြည်တွင်းလှည်းနေလှေအောင်းပြည်သူ အပေါင်းတို့၏အခွန်ဘဏ္ဍာဖြင့်ဆိုရအောင်ကလည်းအလွန်ခဲယဉ်းလှသည်။ သို့သော် တက္ကသိုလ်တက်သူတိုင်း ကျောင်းဝင်ခွင့်လျှောက်ထားကြရာတွင်၊ သင်တန်းအောင်မြင်ပြီးဆုံးပါက နိုင်ငံတာဝန်ကျရာထမ်းပါမည် (သို့မ ဟုတ်ပါက)ပျက်ကွက်မှုအတွက်ဒါဏ်ကြေးပေးဆောင်ပါမည်ဟူသောကတိက၀တ်လက်မှတ်ရေးထိုးခဲ့သည်တို့ ကို မေ့လျော့ကြရော့ထင်မိသည်။
လိုင်စင်ဟူသောဝေါဟာရရည်ညွှန်းလိုရင်းအချက်ကား၊ ယင်းခွင့်ပြုမိန့်ကိုလက်ဝယ်ရရှိထားသူသည်၊ မိမိနှင့် ထိုက်တန်သောအသက်မွေးဝမ်းကျောင်းမှုကိုကန့်သတ်ကာလတခုအတွင်းတရားဝင်ထမ်းဆောင်ခွင့်ပေးထား ခြင်းသဘောဖြစ်သည်။ ယင်းကားထမင်းစားလက်မှတ်ပင်ဖြစ်သည်။ ဥပမာ- အမေရိကပြည်ထောင်စုမှ ဆရာ ၀န်ဘွဲ့ M.D. (Doctor of Medicine) ရရှိထားသူသည်၊ မိမိအသက်မွေးဝမ်းကျောင်းမည့်ဒေသ ပြည်နယ်အတွင်း လိုင်စင်စာမေးပွဲဖြေဆိုအောင်မြင်ရန်လိုသည်။ ထိုလိုင်စင်မရှိပါကအလုပ်လုပ်ခွင့်မရှိ။ ထိုစာမေးပွဲအောင်မြင်ရေး မှာလည်းကိစ္စကြီးတခုဖြစ်သည်။ လွယ်လွယ်နှင့်မအောင်။ အောင်ပြီးပါကလည်းနှစ်ကာလတခုပြည့်တိုင်း သင် တန်းများတက်၍လိုင်စင်သက်ဆက်ရန်ပြန်ဖြေကြရသည်။ ထိုနည်းတူ M.R.C.S./M.R.C.P. ဘွဲ့တခုရတိုင်း လည်းအင်္ဂံလန်နိုင်ငံတွင်အလုပ်လုပ်ခွင့်တိုက်ရိုက်မရှိနိုင်သေး။ ယုတ်စွအဆုံး ဤနိုင်ငံကြီးများမှဘွဲ့လွန်ဒီကရီ ရပြီးတိုင်းလည်းအလုပ်လုပ်ခွင့်မရှိ။
စာရေးသူတို့မြန်မာပြည်တွင်ဆရာဝန်၊ အင်္ဂျံင်နီယာလိုင်စင်များကို အစိုးရဌာနကြီးများ (သို့မဟုတ်) အစိုးရ ကတိုက်ရိုက်ခန့်ထားဖွဲ့စည်းသောပုဂ္ဂိုလ်ကြီးများနှင့်အဖွဲ့များက ကြိကြပ်စီမံသည်။ သို့အတွက်ကြောင့်၊ လိုင်စင် ရရှိသူတို့၏အရည်အသွေးသတ်မှတ်အကဲဖြတ်မှုကား သမာသမတ်ကျ၍၊ နိုင်ငံတကာစံချိန်မှီနိုင်မှုအတိုင်း အတာကားများစွာသံသယဖြစ်ဘွယ်ရှိနေသည်။ ဤအချက်ကိုနိုင်ငံတကာထွက်လေ့လာကြသောအစိုးရ အရာရှိမင်းအဆင့်ဆင့်တို့က၊ ကောင်းစွာသိကြသော်လည်း၊ ဘယ်တစ်ဦးတယောက်ကမျှ ပါးစပ်ဖွင့်ဟ၍ပြင်ဆင်
ကြရန်ကြိုးပမ်းသည်ကိုယနေ့အထိမတွေ့ရသည်မှာ လွန်စွာဝမ်းနည်းဘွယ်ကောင်းသည်။ နိုင်ငံတကာမှာ Human Resource ဟူသောဝေါဟာရမှသည် Human Capital ဟုပြောင်းလဲ၍၊ လူ့စွမ်းအားအရင်းအမြစ်ကို ပိုမိုအဆင့်မြင့်၍လူသားတို့အတွက်ကောင်းစွာထိရောက်အောင်စွမ်းရည်မြှင့်နိုင်အောင်ကြိုးစားနေကြချိန်တွင်၊ မြန်မာအစိုးရဌာနကြီးတိုင်းက ထိုကိစ္စကြီးပေါ်တွင်ဖင်ခုထိုင်လျက်၊ လုပ်ပိုင်ခွင့်အခွင့်ထူးကြီးကိုလက် မလွှတ် ချင်ကြ။ ယင်းလုပ်ပိုင်ခွင့်ကြီးကိုအလုအယက်လိုချင်ကြသူတွေတန်းစီနေကြသည်။ ထို Firing and hiring အခွင့်အာဏာသည်၊ မိမိတို့ရာထူးကိုများစွာဂုဏ်တင့်တယ်စေသည်သာမက တန်ခိုးထွားစေသည် မဟုတ်ပါ လား။ ဖြစ်သင့်သောကိစ္စကား၊ ထိုထို လိုင်စင်ထုတ်ပေးသော(၀ါ)အရေးယူစီမံခန့်ခွဲသောပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဌာနတို့သည်၊ အစိုးရ၏၀င်ရောက်စွက်ဖက်မှုမှလုံးဝကင်းစင်ကြဘို့လိုပါသည်။ ထိုလွတ်လပ်သော စီမံခန့်ခွဲပိုင်ခွင့် မကျင့်သုံးနိုင်သမျှကာလပါတ်လုံး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သောရာထူး၊ အလုပ်အကိုင်တို့ သည်၊ နိုင်ငံတကာ၏အသိအမှတ်ပြုခြင်းကိုမရရှိကြယုံမက၊ အရည်အသွေးအဆင့်အတန်းထိမ်းသိမ်းမှုသည် လည်းနလံထူနိုင်ဘွယ်မမြင်ပေ။ ကိုယ်ရသည့်ဘွဲ့၊ပညာနှင့်လိုင်စင်ကိုကိုယ်ကိုယ်တိုင်က သံသယရှိသော ဘ၀များကလွတ်ဘွယ်လမ်းမမြင်ပေ။ ဘွဲ့ရပြီးသည်နှင့်ပြည်ပနိုင်ငံကြီးများသို့ထွက်ပြီးနောက်ထပ်ဘွဲ့တခုရရန် ကြိုးစားသူတွေပိုမိုများလာဘွယ်သာရှိသည်။ M.B.,B.S. ရပြီး F.R.C.S./M.D. (အမှန်တော့ဆေးပညာဘွဲ့တူခြင်း သာဖြစ်ပါလျက်နှင့်) ရရန်ခြေလှမ်းကြသူတွေသာတွေ့ရမည်။ F.R.C.S./M.D.ဆိုသည်ကားဘွဲ့လွန်မဟုတ်။ အခြေခံပညာဘွဲ့တခုသာဖြစ်သည် ဆိုသည်ကိုသိလျက်နှင့် ထိုဘွဲ့တွေကိုခတ်တည်တည်ဘွဲ့လွန်လိုကြသူတွေ မှိုလိုပေါက်နေသေးသည်။ စဉ်ဆက်မပြတ်သက်မွေးဝမ်းကျောင်း refresher သင်တန်းများသည်၊ ဟန်ပြ သက်သက်အဆင့်ကမတက်သေးပါ။ အခြေခံဘွဲ့ကိုနိုင်ငံတကာပေမှီဒေါက်မှီအထူးအာရုံစိုက်အဆင့်မြှင့်ရမည့် အစား၊ ပြည်တွင်းတွင်ပင် Ph.D ကဲ့သို့ဘွဲ့တွေကိုအပြေးအလွှားတီထွင်လျက်ဌာနအကြီးအကဲ၊ပါမောက္ခ အဆင့်များကိုအတင်းနသားပါရလုပ်သင်တန်းတက်ရောက်အောင်မြင်စေခြင်းဖြင့်၊ လူမြင်ကောင်းသောပညာရေး အဆင့်မြှင့်မှုများကိုဇောက်ချလုပ်လာသည်မှာဝမ်းနည်းဘွယ်ပင်။ မည်သူတွေမည်သို့နည်းနှင့်ဖြေဆိုဘွဲ့လွန်ရ ကြ၍၊ မည်သို့သောအဆင့်မြင့်နိုင်ငံတကာပညာရည်အကဲဖြတ်ပညာရှင်အဖွဲ့အစည်းများကသတ်မှတ်သည် (Accreditation) လုပ်သည်ကိုတရားဝင်ထုတ်ပြန်ခြင်းမရှိ။ အံ့ဘွယ်ကောင်းပေစွ။
နိုင်ငံတနိုင်ငံ၏လူနေမှုအဆင့်အတန်းကိုမြှင့်တင်နိုင်သောသူတွေမှာ၊ ပညာရှင်များသာဖြစ်သည်ဆိုသည်ကား ငြင်းခုံစရာကိစ္စတခုမဟုတ်တော့။ ဤသို့သောအချိန်တွင်ပညာရှင်အသက်မွေးဝမ်းကျောင်းလုပ်သူများ၏ လုပ်ရည်ကိုင်ရည်အဆင့်မြင့်မားလာရေးမှာ ပဓါနကျလာသောကိစ္စကြီးတခုဖြစ်နေပေပြီ။ မြင်သူ၊သိသူတွေ အများအပြားရှိသည်မှာလူတိုင်းအသိဖြစ်သည်။ ခက်သည်ကား ယင်းကိစ္စကိုရှေ့တန်းတင်ရန်ဝန်လေးကြသည်။ နိုင်ငံကိုတိုက်ရိုက်အကျိုးပြု၍၊ စွက်ဖက်ခြင်းအပေါင်းမှလုံးဝကင်းစင်သည့်၊ လိုင်စင်ကြီကြပ်အဖွဲ့များ (Licensing authorities) များအမြန်ပေါ်ထွက်လာရေးလွန်စွာအရေးကြီးကောအချိန်သို့ရောက်နေပါပြီ ဟူ၍ရေးသား တိုက်တွန်းလိုက်ပါသည်။                      ။

No comments:

Post a Comment