နိုင်ငံတကာရောက် မြန်မာပြည်ဖွားတွေကို အတော်ဂယက်ရိုက်စေတဲ့ ကြေငြာချက်တခုကို မြန်မာ အစိုးရက ပြည်ပမြန်မာသံရုံးတွေကတဆင့် အရေးကြီးတဲ့ကြေငြာချက်တခုကိုထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကြေငြာချက်အနှစ်ချုပ်ကတော့ နိုင်ငံသားများနဲ့နိုင်ငံသားဟောင်းများကို နိုင်ငံထူထောင်ရေးကိစ္စ တွေမှာ ပူးပေါင်းပါဝင်ကြဘို့ ဖိတ်ခေါ်တဲ့စာပါဘဲ။ ဒီဖိတ်ခေါ်ချက်ဟာ ကြိုဆိုသင့်တဲ့ အရေးကြီးတဲ့ လက်ရှိ မြန်မာအစိုးရရဲ့ ရင်ထဲကဆန္ဒသဘောထားအမှန်ကိုရောင်ပြန်ဟပ်တဲ့ကိစ္စလို့ ဆိုနိုင်ပေမဲ့ များစွာသော အခြေခံသဘောထားတွေ၊ ဆွေးနွေးငြင်းခုံစရာတွေရှိနေတာမို့၊ မီဒီယာလောက၊ ပညာရှင်လောကနဲ့ ပြည်တွင်းပြည်ပလေ့လာသူတွေကြားမှာ အကောင်းမြင်စိတ်နဲ့တုန့်ပြန်ကြသလို၊ အဆိုးမြင်စိတ်နဲ့ဝေဖန်ကြသူတွေအများကြီးရှိပါတယ်။ ကိုယ်မွေးဖွားကြီးပြင်းရာအမိမြေရဲ့လိုအပ်ချက် ကို ကိုယ်တတ်ကျွမ်းရာပညာနဲ့ ပြည်ပံ့ပိုးကူညီရတာဟာ ကုသိုလ်လဲရ၀မ်းလဲဝတဲ့ကိစ္စမို့ ဘာအပြစ်မြင် စရာရှိနိုင်လို့လဲ ဒါကစောဒကပိုင်းပါ။ ဒါပေမဲ့ ဒီကိစ္စပေါက်မြောက်အောင်မြင်ရေးဟာ ထင်သလောက် မလွယ်ပါဘူး။ တော်တော်လေးအချိန်ယူရမဲ့အပိုင်းဖြစ်သလို၊ အစိုးရရော၊ ပြည်တွင်းကနိုင်ငံသားတွေနဲ့ အထူးသဖြင့် စီးပွားရေးနဲ့အစိုးရဌာနဆိုင်ရာပိုင်းတရပ်လုံးက စိတ်ဓါတ်ပြောင်းလဲကြဘို့က အခရာ ကျတဲ့ကိစ္စကြီးဖြစ်နေလို့ပါဘဲ။ တခါ သွားရောက်ကြလိုတဲ့သူတွေ (ပညာရှင်တွေ လို့ဆိုကြရအောင်) ဘက်ကလဲ သဘောထားကြီးဘို့နဲ့ ဘ၀အခြေအနေအပြောင်းအလဲတွေကိုကြိုတင်တွက်ချက်ပြီး ရေရေ လည်လည်နားလည်လက်ခံကျင့်သုံးနိုင်တဲ့စိတ်ဓါတ်မွေးမြူကြဘို့ကလည်းအရေးကြီးလွန်းတဲ့ကိစ္စဖြစ် နေပါတယ်။ ခါတိုင်းလိုသွားလည်ပါတ်တာမဟုတ်တော့ပါဘူး။ လည်ပါတ်ယုံသွားချိန်က ကျွေးမွေးပြုစု ကြတာတွေ ၀ိုင်းဝိုင်းလည်ခဲ့တာတွေကို ပြန်တမ်းတလို့မရပါဘူး။
မြန်မာနိုင်ငံကအကြောင်းကြောင်းနဲ့ထွက်ခွာကြသူတွေသမိုင်းကြောင်းမှာအမျိုးမျိုးရှိတဲ့အထဲက လက်လှမ်းမှီသလောက် ကိစ္စတွေကိုပြန်လေ့လာကြည့်ကြရအောင်။
အများဆုံးထွက်ကြတဲ့ကာလစခဲ့တာကတော့ တော်လှန်ရေးကောင်စီက (၁၉၆၂) နိုင်ငံတော် အာဏာသိမ်းယူပြီးပြည်သူပိုင်သိမ်းရာမှာ စီးပွားရေးလုပ်ငန်းရှင် အတော်များများ(အထူးသဖြင့်တရုတ်နဲ့ ကုလားလူမျိုးအများစု) တို့ဆိုင်ရာနိုင်ငံရပ်ခြားတွေကိုပြောင်းရွှေ့အခြေချကြပါတယ်။ အဲ့ဒီနည်းတူ အရင် “ဖဆပလ”နဲ့ “ပထစ”အစိုးရလက်ထက်နိုင်ငံခေါင်းဆောင်အချို့နဲ့မိသားစုဝင်အချို့တွေလည်း ရရာနည်းနဲ့ထွက်ကြတာတွေကိုမှတ်မိကြမှာပါ။ မိမိတို့ရဲ့ကိုယ်ပိုင်လုံခြုံရေး၊ စီးပွားပျက်ဘ၀ပျက်ကြတာ တွေကို နောက်မှာထားပြီး၊ ပြည်ပနဲ့တကွ၊ အဆက်အသွယ်ရှိကြသူတွေကလည်းအမေရိကနဲ့ဥရောပ အထိခြေဆန့်အခြေချခဲ့ကြပါတယ်။ လူ့သမိုင်းဟာ “ရေသစ်မြေသစ်ရှာဖွေ” (Finding a greener Pasteur) မှုနဲ့စခဲ့တာခုထိမဆုံးပါဘူး။ ဒါဟာ ငြင်းလို့မရတဲ့သဘာဝကျတဲ့ လူ့အဖွဲ့အစည်းရဲ့ သဘော သဘာဝပါ။ အဲ့ဒီအချိန်ကအာဏာသိမ်းခေါင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းယူပြီး နှစ်အနည်းငယ်အတွင်းမှာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် မူရင်းကနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ် ကလည်ပင်းဖက်ခဲ့တဲ့ (မူဝါဒချင်းမတူလို့တောခိုကြသူတွေ၊ ပြည်ပမှာထွက်ပြေးခိုလှုံကြသူတွေ) တော် လှန်ရေးရဲဘော်ရဲဘက်တွေကိုဖိတ်ကြားဆွေးနွေးပေမဲ့၊ အဲ့ဒီ ဆွေးနွေးပွဲဟာ ပုဂ္ဂိုလ်ရေးအာဃာတ တွေကြောင့် အရာမထင်ခဲ့ပါဘူး။ အဲ့ဒီကတည်းကနိုင်ငံကိုမြန်မာ့ဆိုရှယ်လစ်စနစ်နဲ့ချီတက်မယ်ဆိုပြီး၊ တံခါးပိတ်ဝါဒကိုတစိုက်မတ်မတ်ကျင့်သုံးခဲ့တဲ့အတွက်၊ အာရှထိပ်တန်းကျားတစ်ဦးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ ဟာ နိုင်ငံတကာမပြောနဲ့ ဒေသတွင်းမှာတောင် လူမှုစီးပွားရေးအဖက်ဖက်မှာအောက်တန်းနောက်တန်း ကျခဲ့တာ၊ ဒီကနေ့အထိပါဘဲ။ “ပြည်တွင်းရဲ့အား၊ ပြည်တွင်းမှာရှိသည်”ဆိုတဲ့ကြွေးကြော်ချက်ကိုတနိုင်ငံ လုံးခါးစီးခံကြရတာသက်သေပါ။ နောက် အထွေထွေမကြေနပ်မှုတွေနဲ့အတူ လူထုအုံကြွမှုကြီးကြောင့် တချိန်ကဘုန်းမီးနေလ တောက်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီး ဘုန်းဘုန်းလဲပြီး (၁၉၈၈) တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်းမှာ၊ ပါတီစုံစနစ်နဲ့ “စီးပွားရေးတံခါးဖွင့်”စနစ်ကို(၁၉၉၀) နောက်ပိုင်းမှာပြဌာန်းပေမဲ့လဲ၊ စစ်အာဏာရှင်များကကြိုးကိုင်တဲ့စီးပွားရေးနဲ့အုပ်ချုပ်ရေးစနစ်တွေ ကြောင့်ပြည်ပရောက်မြန်မာတွေ အလည်တခေါက်လောက်လာရောက်ကြပေမဲ့ နည်းပညာ၊ အတတ်ပညာ နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထင်သလို မအောင်မြင်ခဲ့ပါဘူး။ ဖြစ်သမျှစီးပွားတွေဟာ လည်း၊ အုပ်ချုပ်သူ ဗိုလ်ချုပ်တစ်စုနဲ့လက်ဝေခံလူတဆုပ်စာလက်ထဲမှာဘဲရှိခဲ့တာဒီနေ့အထိပါဘဲ။ ပြည်ပနည်းပညာရင်းနှီးမြှုပ်နှံမှုတွေ လက်ကမ်းကြိုတယ်လို့တဖက်ကပြောပြီး “ပြည်ပအားကိုးပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီတွေကိုဆန့်ကျင်ကြ”ဆိုတဲ့ မီးစာတဖက်ရေမှုတ်တဖက်ဝါဒ ကြောင့် ပြည်ပရင်းနှီးလိုကြသူ တွေကိုဒွိဟစိတ်ဖြစ်ယုံမက ယုံကြည်မှုကင်းမဲ့စေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့လူထု ထောက်ခံမှုအပြည့်အ၀ရရှိတဲ့အစိုးရတက်လာအချိန် မှာတော့ ပြည်တွင်းသာမကပြည်ပရောက်မြန်မာ နိုင်ငံသားမိ သားစုတွေထဲမှာ ကြီးမားတဲ့မျှော်လင့်ချက်ရောင်နီသမ်းခဲ့ပါတယ်။ လူထုနှစ်ချိုက်တဲ့ ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီးဖြစ်တာကတကြောင်း၊ အရေးအခင်းကာလမှာသူမရဲ့ရဲရဲတောက် လူထု ဘက် မှခုခံကာ ကွယ်ခဲ့တဲ့သူမရဲ့ ကြိုးပမ်းချက်၊ အနစ်နာခံမှုတွေဟာ နိုင်ငံဖွံ့ဖြိုးမှုအရာထင်လာလိမ့် မယ်ဆိုတဲ့ လူထုရဲ့ အိပ်မက်ကိုနိုးထစေတာအမှန်ပါဘဲ။ သူမရရှိခဲ့တဲ့ Nobel ငြိမ်းချမ်းရေးဆုဟာလဲ ကမ္ဘာ့နိုင်ငံတွေကို အသိပေးစေယုံမကလေးစားဂရုပြုမှုဆိုတဲ့ အရေးကြီးတဲ့နိုင်ငံကာအဆင့်တက်လှမ်း ရေး တံခါးပေါက်ကို ဖွင့်လှစ်စေခဲ့တာအမှန်ပါဘဲ။ ဒါပေမဲ့ ပြည်သူထောက်ခံမှုအပြည့်အ၀ရရှိခဲ့တဲ့ အစိုးရသက်တမ်း ခုလို (၅)နှစ်ပြည့်ခါနီးအထိ နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်ရင်းနှီးမြှုပ်နှံမှုတွေဟာ ထင်သလို ၀င်ရောက်လာခြင်း မရှိခဲ့ပါဘူး။ ဒီလိုဖြစ်ရတဲ့များစွာသောအကြောင်းအချင်းရာတွေထဲမှာ အဓိကအတားအဆီးအချို့က တော့ ပြည်တွင်းငြိမ်းချမ်းတည်ငြိမ်မှုနဲ့ရာသက်ပန်အပစ်အခတ်ကင်းစင် မှုမရှိသေးတာ၊ အလွန် အကျွံသောအမျိုးသားရေးဝါဒလူထုအတွင်းကိန်းအောင်းနေသေးတာ၊ လူမျိုး ရေး ၀ါဒကြီးထွားနေသေး တာ၊ လွတ်လပ်မှုမရှိသေးတဲ့သူမရဲ့အစိုးရအုပ်ချုပ်ရေးစနစ်၊ ယခင်စနစ် ဟောင်း လုပ်နည်းလုပ်ဟန်များ စွဲကပ်နေသေးတာ စတဲ့ ပြည်တွင်းကအဖြစ်တွေကြောင့် ပါဘဲ။ ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ ဟာလည်းဒီးဆိုးကျိုးကိုသက်ရောက်စေတာအမှန်ပါဘဲ။ နည်းပညာနဲ့ရင်းနှီးမြှုပ်နှံမှုဟာ အခရာကျ တဲ့နိုင်ငံတိုးတက်ရေးသော့ချက်ဖြစ်တာနဲ့အညီ၊ အဲ့ဒီလို အပ်ချက်ကို တိုက်ရိုက်ဖြည့်စွမ်း ပေးနိုင်တဲ့ အမေရိကနဲ့ဥရောပအပါအ၀င်၊ အာရှနိုင်ငံကြီးများက မိမိနိုင်ငံအရေးကိုသာဦးစားပေးမဲ့ America First လိုမူဝါဒပြောင်းလဲမှုတွေက မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးနိုင်ချေအခွင့်အလမ်း ရဲ့အရှိုက်ကိုတိုက်ရိုက် ထိုးနှက်ခံနေရတဲ့အခြေအနေမှာရှိနေပါတယ်။ အဲ့ဒီနိုင်ငံတွေကပေးခဲ့ရင် (သို့မဟုတ်) ပေးဘို့အစီအစဉ် တွေ ပေါ်ပေါက်ရင်တောင်မှ အရင်ကလို ဥစ္စာရင်လိုဥစ္စာရင်ခဲ ရနိုင်မဲ့အခွင့်အလမ်းလုံးဝမရှိနိုင်တော့ပါ ဘူး။
ဒီအချက်တွေဟာ မြန်မာအစိုးရရဲ့နိုင်ငံစီးပွားဖွံ့ဖြိုးရေးထွက်ပေါက်ရရှိရေးကိုအဟန့်အတားဖြစ်စေယုံ မက မသေခြာတဲ့မြန်မာ့အနာဂါတ်ဖြစ်လာနိုင်ဖွယ်ရှိနေပြီ ဆိုတဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့မြန်မာအစိုးရအနေနဲ့ရိပ်စားမိပုံရပါတယ်။ အဲ့ဒီအတွက်ကြောင့် ပြည်ပရောက်မြန်မာပြည် ဖွား ပညာရှင်အသီးသီးကို နိုင်ငံတွင်းဖိတ်ခေါ်ဘို့လိုလာပြီဆိုတဲ့အချိန် ကိုမလွဲမသွေရောက်လာပါပြီ။
ဒါဆိုဒီမျှော်မှန်းချက်ကြီးရုပ်လုံးပေါ်လာအောင်ဘယ်လိုအခင်းအကျင်းတွေလိုမလဲ ဆိုတာကိုလေ့လာ ကြရအောင်ပါ။ ဒီနေရာမှာ ဖိတ်ခေါ်တဲ့မြန်မာနိုင်ငံဘက်ကပြင်ဆင်သင့်တာတွေရှိသလို၊ သွားဘို့ပြင်ကြ သူ ပြည်ပရောက်မြန်မာပြည်ဖွားတွေ ဘက်ကလည်းနားလည်ရမဲ့၊ လိုက်နာကြရမဲ့အချက်တွေရှိနေ ပါတယ်။
(က) တလောကအမေရိကကိုတာဝန်နဲ့ ရောက်လာတဲ့ မြန်မာအစိုးရအဖွဲ့ဝင်တဦးရဲ့ ညီးတွားသံကို ပြန်ကြားယောင်မိပါတယ်။ အမေရိကားမှာအခြေကျနေတဲ့အောင်မြင်နေသူဆရာဝန်ကြီးတစ်ဥိးဖြစ်တဲ့ သူ့သူငယ်ချင်းကို မြန်မာပြည်မှာပြန်အလုပ်အကြွေးပြုပါလားလို့ဖိတ်ခေါ်တော့၊ အဲ့ဒီသူငယ်ချင်းက သူ့ကို ပြန်မေးတဲ့မေးခွန်းက မြန်မာနိုင်ငံမှာပြန်အလုပ်လုပ်ရင် အမေရိကနဲ့ညီတဲ့မိသားစုနေထိုင်မှု ကိုအပြည့်အ၀ပေးနိုင်မလား ဆိုတဲ့မေးခွန်းပါ။ တကယ်တော့ “အမိမြေကိုပြန်အလုပ်အကြွေးပြုဘို့ဖိတ် ခေါ်ပါတယ်။” ဆိုတဲ့ စကားဟာ ပဋိသန္တာရစကားတခုအဖြစ်သာ ခုခေတ်မှာရှိပါတော့တယ်။ “နိုင်ငံအကျိုးပြုကြပါ။” ဆိုတဲ့ဝေါဟာရဟာ ခေတ်ကုန်မှန်းမသိကုန်နေပြီဖြစ်တဲ့ (window dressing word)အနေနဲ့ ခေတ်နောက်ကျကျန်ခဲ့မှန်းမသိကျန်နေပြီ ဆိုတာကို၊ မြန်မာအစိုးရတာဝန်ရှိသူများ မျက်ခြေပြတ်နေကြပြီထင်ပါရဲ့။ ဝေါဟာရတခုကိုသုံးရာမှာ အထူးသတိထားသင့်တာက လက်တွေ့ (နွေးထွေးတဲ့) မသိပေးသတင်းစကား(warm message)ရှိမရှိဆိုတာကို သတိထားကြဘို့ လိုပါတယ်။ တခါ ပြည်ပရောက်မြန်မာတွေအနေနဲ့လည်း မိမိလိုဘ တခုတည်းကိုကြည့်ပြီး၊ မြန်မာပြည့်မှာ ဘယ်လိုမှ မရှိနိုင်သေးတဲ့ လူနေမှုအဆင့်အတန်းကို မတရားတောင်းဆိုခြင်းမပြုသင့်ပါဘူး။ ကိုယ်စိတ်ကိုယ်နိုင်ပြီး လက်တွေ့ သွားနိုင်လုပ်နိုင်မှ ပြောသင့်ပါတယ်။ သေခြာတာတခုကတော့၊ ဘယ်ခေတ်အခါကကြည့်ကြည့် မိမိမွေးရပ်မြေကိုပြန်အခြေချအလုပ်လုပ်ကိုင်လိုသူများဟာ၊ ကိုယ့်ရဲ့ အကျိုးစီးပွားကိုနံပါတ်(၁)ဦးစားမပေးဘဲ မသွားကြပါဘူး။ အနစ်နာခံပြီး နိုင်ငံအကျိုးပြုဘို့ပြောင်းရွှေ့ တယ်ဆိုတာ ဘယ်တုံးကမှ မရှိခဲ့သလို၊ နောင်လဲမရှိခဲ့ပါဘူး။ ဒါဟာ ငြင်းကွယ်လို့မရတဲ့ လူ့သဘာဝပါ။
(ခ) သံရုံးအသီးသီးကနေထုတ်ပြန်တဲ့ ကြေငြာချက်တွေမှာ “မြန်မာနိုင်ငံသားဟောင်း”လို့ဆိုထားတဲ့ အတွက်ကြောင့်၊ (လက်ရှိတရားဝင်သက်တမ်းမကုန်သေးတဲ့မြန်မာပါတ်စ်ပို့ကိုင်ဆောင်ထားသူများမှ အပ) ကျန်မြန်မာပြည်ဖွားပြီး (အချို့ဆိုရင်မြန်မာပြည်မှာပညာသင်ကြီးပြင်းပြီး အစိုးရ၀န်ထမ်းအဖြစ်နှစ် ရှည်လများလုပ်ကြသူတွေ) အပါအ၀င်တွေဟားလုံးဟာ မြန်မာနိုင်ငံသားများမဟုတ်ကြဘူးဆိုတဲ့အ ချက်ကိုဖေါ်ပြရာရောက်ပါတယ်။ ဒီကိစ္စက sensitive issueအဖြစ်မြန်မာနိုင်ငံမှာကြီးစိုးအရိပ်ထိုးနေဆဲ ပါ။ ဒီနေ့ဒီချိန်အထိ မြန်မာပြည်ဖွားများဟာ မြန်မာနိုင်ငံကိုပြန်လည်တာတောင် များစွာသော ဗီဇာကန့်သတ်ချက်တွေရှိနေဆဲ၊ ဆက်ပြီးလည်းရှိနေဘွယ်ရှိပါတယ်။ Green Cardနဲ့ အဆင့်တူတဲ့ နေထိုင်ခွင့်permenant residentအဖြစ်ရရှိဘို့ကို အစိုးရအဖွဲ့ဝင်တစ်ဦးကဦးဆောင်တဲ့ အဖွဲ့က တစ်ဦးချင်းအလိုက်သာတင်းကျပ်စွာစိစစ်(case-by-case)ကြဆဲပါ။
(ဂ) မြန်မာပြည်ကအကြောင်းအမျိုးမျိုးနဲ့ပြည်ပကိုထွက်ခွာသွားကြသူတွေ၊ (၁၉၉၀) အလွန်တံခါးဖွင့် စီးပွားရေးဝါဒအရ စစ်ဗိုလ်ချုပ်ကြီးများနဲ့အလွမ်းသင့်ကြသူငယ်ဟောင်းသူငယ်ချင်းတွေ မြန်မာနိုင်ငံကို ပြန်လာလည်ကြတော့ (ဆိုခဲ့တဲ့စစ်ဗိုလ်ချုပ်များရဲ့အစီအစဉ်နဲ့) သူတို့တတွေကို နိုင်ငံတော်ဧည့်ဂေဟာ (ဟောင်း) လိုနေရာမျိုးမှာ တခမ်းတနားဧည့်ဝတ်ပြုပြီး၊ မြန်မာပြည်အစုံအဆန်လည်ပါတ်ကြတာတွေ ကိုစီစဉ်ပေးကြရတော့၊ တာဝန်ရှိကြသူတွေက မကြေနိုင်မချမ်းနိုင်ဖြစ်ကြတာတွေကိုသွားသတိရမိ ပါတယ်။ အဲ့ဒီအချိန်က စာရေးသူကိုယ်တိုင်က အစိုးရရာထူးတခုမှာရှိနေတာမို့၊ “နိုင်ငံကထွက်တုန်း ကကိုယ့်ဖာသာခြေစုံကန်ထွက်သွားကြသူတွေကိုပြန်ပြုစုနေရတာ”ရင်နာတယ် ဆိုတဲ့ စကားသံတွေ ဟာ နားမဆန့်အောင်ကြားခဲ့ရတာပါ။ ခုတော့ ၀ဋ်တပါတ်လည်နေပြီပေါ့။ ကိုယ်မွေးရာဇာတိကို လာလည်တာတောင် ဘ၀င်မကျနိုင်တဲ့အတွေးအခေါ်တွေအရိပ်ထိုးနေသေးတဲ့ အစိုးရယန္တရားကြီး ဟာ ဒီဖိတ်ခေါ်မှုကို များစွာစိမ်ခေါ်နေဦးမယ်ဆိုတာအသေအခြာပါဘဲ။
(ဃ) မကြာသေးခင်ကာလက လက်ရှိအာဏာရပါတီရဲ့ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့အမျိုးရင်းခြာတစ်ဦး ကမြန်မာနိုင်ငံကိုပြန်လာမဲ့အရေးဆွေးနွေးတော့ “နင်တို့နိုင်ငံခြားမှာအဆင်ပြေနေကြတာဘဲ။ ဒီမှာပြန်မလာနဲ့။ အဆင်ပြေမှာမဟုတ်ပါဘူး။”ဆိုတဲ့စကားရဲ့နောက်ကွယ်မှာ တာဝန်မယူလိုတဲ့ အတွက် ဘဲလား။ ဒါမှမဟုတ် ရေခင်းမြေခင်းကထင်သလိုမကောင်းသေးဘူးဆိုတဲ့သတင်းစကားကိုပေးတာ လားဆိုတာသံသယဖြစ်ဘွယ်ရှိနေပါတယ်။ လက်ရှိအစိုးရအဖွဲ့ဝင်ထဲမှာလည်းအချို့ဆိုရင် မိမိမိသားစု ၀င်၊ ဒါမှာမဟုတ် အနီးစပ်ဆုံးဆွေမျိုးသားချင်းတွေဟာ နိုင်ငံတကာမှာအခြေချနေထိုင်အဆင်ပြေနေ ကြသူတွေ အများကြီးပါဘဲ။ အဲ့ဒီနိုင်ငံသားများအဖြစ်တောင်ခံယူပြီးနေကြပါပြီ။ ပိုဆိုးတာက ပြည်တော် ပြန်ဖိတ်ခေါ်ရေးအစီအစဉ်လုပ်ကြသူတာဝန်ရှိကြသူတွေကိုယ်တိုင် မိမိမိသားစုဝင်တွေကို အမေရိကလို နိုင်ငံတွေမှာ ပညာသင်ကြားရေးထက်ကျော်လွန်ပြီး၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နဲ့ဖြစ်နိုင်ရင်နေ ထိုင်ခွင့်ရရှိရေးတွေကိုတောင်ကျိုးစားနေကြတာတွေမြင်ရတော့၊ ဒီဖိတ်ခေါ်ရေးအစီအစဉ် ရဲ့အောင် မြင် ပေါက်ရောက်နိုင်မှုအတိုင်းအတာကို များစွာသံသယ၀င်သွားမိပါတယ်။ ဒါတွေကတကယ် ဖြစ် နေတာတွေပါ။
(င) ခက်တာကမြန်မာနိုင်ငံမှာ အစိုးရ၀န်ထမ်းလောကအပြင်ဘက်ကိုရောက်သွားရင် (အငြိမ်းစားယူ တာမျိုးအပါအ၀င်) ကိုယ်လုပ်ကိုင်ခဲ့တဲ့ဌာန ဟာတစိမ်းဖြစ်သွားပါပြီ။ ဌာနတခုကအငြိမ်းစားယူသွားသူ တစ်ယောက် (ဥပမာ-ညွှန်ကြားရေးမှူးချုပ်လိုအဆင့်ဆိုပါတော့) ကနောက်တနေ့ ကိုယ်လုပ်ခဲ့တဲ့ဌာန ကိုသွားလည်ရင်တောင်၊ မကောင်းတတ်လို့သွားဖြီးပြပြီး ကြိုဆိုပဋိသန္တာရစကားဆိုကြပေမဲ့၊ မျက်ကွယ် မှာတော့ ချက်ချင်း “’ဒီအဖိုးကြီးက ဒီမှာဘာလာလုပ်နေတာလဲမသိဘူး။ ကိုယ်နဲ့မဆိုင်တော့ တာကို။” ဆိုတဲ့အဖြစ်ဟာ တကယ်ရှိဆဲအဖြစ်တွေပါ။ အစိုးရဌာနကြီးတခုမှာနှစ်ရှည်လများအလုပ်လုပ် သွားပြီး၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတခုမှာပြောင်းရွှေ့လုပ်ကိုင်သူတစ်အလုပ်က ပင်စင်ယူတော့၊ မြန်မာပြည်ပြန်ပြီးသူတတ်ထားတဲ့ပညာနဲ့အကျိုးပြုမယ်ဆိုတဲ့စကား နားနဲ့ဆတ်ဆတ်ကြားဘူးပါတယ်။ ဟိုရောက်တော့ သက်ဆိုင်ရာဝန်ကြီးမင်းရဲ့ချီးမြှောက်မှုကြောင့် အကြံပေးရာထူးနဲ့ ရုံးခန်းပေးထားပေမဲ့ ကိုယ့်ရဲ့တပည့်တပမ်းများကရေရှည်မှာဧည့်လဲဝမ်းသာမရှိကြတော့ယုံမက၊ “ဒီအဖိုးကြီးက ဟိုစာရွက် တောင်း၊ ဒီမှတ်တမ်းတောင်းနဲ့” ဆိုတဲ့အမနာပစကားတဆင့်ပြန်ကြားရတော့၊ ရုံးကိုခေါ်မှသွားတယ်၊ ကိစ္စကြီးငယ်တိုက်ရိုက်ဆိုင်တာမျိုးမရှိရင်မသွားတော့ဘူးဆိုတဲ့ စကားပြန်ကြားရပါတယ်။ ဒါမြန်မာ့ ၀န်ထမ်းလောကရဲ့လက်ရှိဖြစ်ပျက်နေတဲ့ပကတိအခြေအနေတွေပါ။ ဘာတဲ့- “ပင်စင်ယူအလုပ်ထွက်ပြီး ရင်၊ လမ်းဘေးရောက်တာဘဲ” - တဲ့။ ဒီကိစ္စဟာအလွန်အရေးကြီးပါတယ်။ တလောက အစိုးရအဖွဲ့မှာ ပြည်ပပညာရှင်မြန်မာတစ်ဦးကိုအစိုးရအဖွဲ့မှာ ဒုတိယ၀န်ကြီးအဆင့်ခန့်အပ်တော့၊ မကြေနပ်တဲ့ လေသံ တွေ အတော်ထွက်လာပါတယ်။ ပြည်ပရောက်ပညာရှင်များကိုပြန်ခေါ်ယူတာဝန်ပေးရင် အဲ့ဒီလိုအဆင့် မျိုးရာထူးတွေမှာတာဝန်ပေးဘို့နဲ့ ပေါ်ပေါက်လာမဲ့အတိုက်အခိုက်တွေကို တာဝန်ယူဖြေရှင်းနိုင်မဲ့ အစီ အမံတွေအခိုင်အခံ့ချမှတ်ထားပြီလား။
(စ) စီးပွားရေးလောကဘက်ကိုတစေ့တစောင်းကြည့်မယ်ဆိုရင်၊ လက်ရှိမြန်မာ့စီးပွားရေးပရ၀ုဏ်ဟာ၊ (၁၉၉၀)လွန်တံခါးဖွင့်ဝါဒနဲ့အတူ၊ ဗိုလ်ချုပ်ကြီးများရဲ့ မျာစွာသောကျေးဇူးတွေကြောင့် ကြီးပွားချမ်း သာနေကြတဲ့စီးပွားရေးလုပ်ငန်ရှင်ကြီးတစုရဲ့လက်ထဲမှဘဲရှိ ပါသေးတယ်။ အဲ့ဒီစီးပွားရေးလုပ်ငန်းရှင် များရဲ့ လက်ထဲကလျှံကျလာတဲ့ စီးပွားရေးလုပ်ငန်းအဆွယ်အပွားများကို၊ သူတို့နဲ့နီးစပ်တဲ့စီးပွားငယ် တွေကသာလက်ဝေခံစားကြရပါတယ်။ အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်ကြီးများကိုကျော်ပြီး၊ မြန်မာနိုင်ငံမှာ စီးပွားရေးမလုပ်နိုင်သေးပါဘူး။ လုပ်ချင်ရင်သူတို့ကိုချဉ်းကပ်ကြရပါမယ်။ အရင်အစိုးရနဲ့အလွမ်းသင့်ခဲ့ တဲ့ လက်ရှိစီးပွားရေးလုပ်ငန်းရှင်ကြီးများကို၊ မျက်မုန်းကျိုးခဲ့တဲ့ လက်ရှိအာဏာရပါတီအစိုးရကိုယ်တိုင် မချစ်သော်လည်းအောင့်နမ်းနေကြရပါသေးတယ်။ အဲ့ဒီစီးပွားဖက်စပ်စနစ်နဲ့လုပ်နည်းလုပ်ဟန် ကို ပြည်ပပညာရှင်/လုပ်ငန်းရှင်တွေယှဉ်နိုင်မလား။ ထိုးဖေါက်နိုင်ပါ့မလား။ မေးစရာပါ။
(ဆ) မြန်မာနိုင်ငံရဲ့ရင်းနှီး မြှုပ်နှံမှုဆိုင်ရာဥပဒေဟာတကယ်ပြောရရင်တော့ ကမ္ဘာမှအကောင်းဆုံးထိပ် တန်းဝင်လို့ဆိုနိုင်ပါတယ်။ ကောင်းလွန်းတဲ့အတွက်ကြောင့် ဥပဒေဟာ လက်တွေ့မှာ အင်ပြည့်အား ပြည့်အသက်မ၀င်သေးပါဘူး။ ဒါ (၁၉၉၀) ကတည်းလောက်ကပါ။ ဘာဖြစ်လို့လဲဆိုတော့ လူပြောင်း လို့မူပြောင်းတာတွေရှိသလို၊ နေ့မြင်ညပျောက်ဥပဒေအပြောင်းအလဲမြန်ဆန်မှုတွေ၊ အထက်လူကြီး ပိုင်းက၊ ဥပဒေကဆိုပေမဲ့ အမိန့်နဲ့ပါယ်ဖျက်တာတွေများတာကြောင့်(very volatile) အယုံအကြည် မရှိပါဘူး။
(ဇ) မြန်မာနိုင်ငံမှာမွေးဖွားချိန်ကစပြီးသေသည်အထိ အစိုးရနဲ့ကင်းလို့မရပါဘူး။ နေ့တဓူဝဘ၀မှာ အစိုးရနဲ့ကင်းပြီးနေလို့မရပါဘူး။ အစိုးရယန္တရားကြီးတခုလုံးဟာ နိုင်ငံသားတစ်ဦးချင်းရဲ့ဘ၀ကို အရိပ်ကြီးတခုလို အုပ်စီးထားပါတယ်။ အစိုးရဟာ လူထုတစ်ရပ်လုံးရဲ့ပခုံးပေါ်မှာကောင်းစွာအကျအန ခိုစီးနေဆဲပါ။ ဘာဘဲလုပ်လုပ် “အဆက်အသွယ်လေးများရှိသလား” ဆိုတဲ့ စကားဟာ ရေလဲသုံးစကား ပါ။ မြန်မာနိုင်ငံသားတိုင်းအတွက်ထူးပေမဲ့ကျင့်သားရနေတဲ့ မဆန်းတဲ့အဖြစ်တွေပါ။ ဒီစရိုက်လက္ခဏာ တွေကိုကိုပြန်လက်ခံနိုင်ကြမလား။ အစိုးရက e-Governmentလိုကိစ္စတွေကိုဇောက်ချအကောင်အ ထည်ဖေါ်ပြီး “အဂတိတိုက်ဖျက်ရေး” အရှိန်မြှင့်ဆောင်ရွက်နေပေမဲ့၊ ရာစုထက်ဝက်ကျော်အရိုးစွဲနေတဲ့ ဌာနဆိုင်ရာများရဲ့ အကျင့်ဟာ သိသာထင်ရှားနေဆဲပါ။ အရင်က မလုံလောက်လို့လာဘ်စားတဲ့ဘ၀ ကနေ (ရာထူးကြီးများ)တချို့ဆိုရင်သားသမီးတွေကိုပြည်ပအကောင်းဆုံးတက္ကသိုလ်တွေမှာ ကုန်ကုန် ခန်းခန်းငွေသုးံနိုင်ကြသလို၊ နိုင်ငံတကာရောက်မြန်မာတွေကပါသြချရအောင် သုံးနိုင်စွဲလည်နိုင်ပါတ် နိုင်ကြတာ တွေဟာမမြင်ချင်အဆုံးပါ။ အခုအစိုးရလက်ထက်မှာ လာဘ်ပေးလာဘ်ယူကိစ္စတင်းတင်း ကြပ်ကြပ်ရှိလာတာတွေကြောင့် ဆိုခဲ့တဲ့အရာရှိမင်းများဟာ၊ နေ့ချင်းညချင်း ဘာမှ မလုပ်ကြတော့ဘဲ၊ “မလုပ်၊မရှုပ်၊ မပြုတ်”ဘ၀ကိုကူးပြောင်းသွားကြပါတယ်။ ရလာဒ်ကတော့ အစိုးရယန္တရားရပ်တန့်သွားမ လောက်ထိအောင်ပါ။ တလောကမီဒီယာကာတွန်းတခုမှာ လက်ရှိအစိုးရ၀န်ကြီးများဟာခု(၅)နှစ်သက် တမ်းကို “အလုပ်သင်ဘ၀”ကနေဘဲပြီးဆုံးသွားမဲ့ပုံပေါက်နေပါတယ် ဆိုတာကိုသွားသတိရမိပါတယ်။
(ဈ) အထက်ကဆိုခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ စီးပွားဖြစ်ထွန်းရေးရဲ့သော့ချက်ပါဘဲ။ ပြည်တွင်းမ ငြိမ်းချမ်းသရွေ့၊ စီးပွားတက်တယ်ဆိုရင်လည်းယာယီအဆင့်ဘဲရှိမှာပါ။ လက်ရှိမှာ ဒုတိယပင်လုံဟာ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေပါတယ်။ တိုင်းရင်းသားငယ်တွေရဲ့ဘ၀လုံခြုံရေးနဲ့ စည်ပင်ဝပြော ရေးကို အာဏာအပြည့်အ၀မရှိသေးတဲ့ အာဏာရအစိုးရပေါ်မှာသံသယရှိနေကြဆဲပါ။ သမိုင်းနဲ့ချီတဲ့ လူမျိုးစုငယ်တွေအပေါ်ဖိနှိပ်လူတန်းစားခွဲခြားခဲ့တဲ့ယခင်အစိုးရလုပ်ရပ်တွေက၊ ယုံကြည်မှုကိုတည် ဆောက်နိုင်ဘို့အလှမ်းဝေးနေသေးဆဲပါ။ ငြိမ်းချမ်းမှုမရှိသေးတဲ့အချက်က မြန်မာပြည်ကိုပြန်ပြီး ရင်းနှီး မြှုပ်နှံလိုကြသူမြန်ပြည်ဖွားတွေကို များစွာအဟန့်အတားဖြစ်နေစေတာအမှန်ပါဘဲ။ နိုင်ငံတကာမှာ စီးပွားရေးအကြီးအကျယ်အောင်မြင်နေကြတဲ့မြန်မာပြည်ဖွားတွေ တုပ်တုပ်မလှုပ်ကြသေးတာကထင် ရှားတဲ့သာဓကပါ။
(ည) နောက်အရေးကြီးတဲ့တခုက ငွေလည်ပါတ်မှုနစ်၊ အခွန်ဘဏ္ဍာ နဲ့ ငွေကြေးစနစ်မတည်ငြိမ်မှု၊ အကျိုးအမြတ်ပြန်လည်ရယူနိုင်မှုဟာ စီးပွားရေးလုပ်ငန်းရှင်များအသေအခြာကြည့်ကြတဲ့ကိစ္စပါ။ လက်ရှိမှာ tax codesတွေကိုမြန်မာအစိုးရက ထုတ်ပြန်ဘို့နေ့မီးညမီးတွေနဲ့ကြိုးစားနေကြောင်းသတင်း ကောင်းကြားရပါတယ်။ ငွေကြေးစနစ်တည်ငြိမ်ရေးခြေလှမ်းတွေကိုလည်းစတင်နေပါပြီ။ ဒါပေမဲ့ဒီ reformation process မှာ အမုန်းခံပြီးကြေငြာရမဲ့ကိစ္စတွေရှိနေပါတယ်။ လူထုကိုယ်တိုင်က financial literacy နည်းနေသေးတဲ့အတွက် အစိုးရရဲ့ ရေရှည်မျှော်မှန်းချက်ကို မမြင်တတ်ကြသေးပါ ဘူး။ regular cash flow, stable monetary system နဲ့ mandatory infrastructure လို့ခေါ်တဲ့ သယ်ယူ ပို့ဆောင်ရေး၊ ရေ/မီးလျှပ်စစ်ဓါတ်အားရရှိနိုင်မှု၊ အာမခံစနစ်ထိရောက်လွယ်ကူမှုစတာတွေဟာ မရှိမဖြစ် အခြေကျပြီးဖြစ်နေရမှာပါ။ ဆိုခဲ့တဲ့အတိုင်းတာဝန်ရှိကြသူတွေက”နိုင်ငံအကျိုးပြန်ပြုရေး” ဆိုတဲ့စကားကိုဆိုကြပေမဲ့ မိမိအရေးကိုဦးစားပေးကြမဲ့သူချည့်ပါဘဲ ဆိုတာကိုမြင်ကြဘို့အရေးကြီးပါ တယ်။ အဲ-ကိုယ်ကစီးပွားသိပ်ဖြစ်ထွန်းလာရင်တော့ အလှူအတန်းပြန်ပေးတာမျိုးတော့ရှိမှာပေါ့။ ဒါပေမဲ့ အားအားရှိအလှူခံတာမျိုး၊ လှူနိုင်တန်းနိုင်ကြသူတွေသာ ဘွဲ့ထူးရုဏ်ထူးချီးမြှောက်ခံရတဲ့ (အမှန်အားဖြင့်ကတော့ လျှောက်ယူကြရတာတွေ)လူတောတိုး ပြီးဌာနဆိုင်ရာများကိုဝင်ထွက်နိုင်ခွင့်ရှိ တာတွေကို ရပ်တန်း ကရပ်ကြရပါလိမ့်မယ်။ ကိုယ်ရလာတဲ့အကျိုးအမြတ်ကိုဒေါ်လာငွေအဖြစ် ပြည်ပပြန်ထုတ် ဖို့နည်းမျိုးစုံရှာ ကြမဲ့သူတွေချည့်ပါဘဲ ဆိုတာပြောပါရစေ။
(ဋ) Human resource ကိုတိုးတက်တဲ့နိုင်ငံကြီးတွေမှာ ခုခေတ်အခါမှာ Human Capitalလို့စတင်သုံး စွဲနေကြပါပြီ။ ရည်ရွယ်ရင်းကတော့ လုပ်အားကဏ္ဍဟာ စီးပွားဖွံဖြိုးရဲ့အခရာကျတဲ့ အပိုင်းကဏ္ဍကြီးဖြစ် နေလို့ပါဘဲ။ တိုးတက်တဲ့နိုင်ငံကြီးတွေမှာ စီးပွားရေးလုပ်ငန်းဘဲဖြစ်ဖြစ်၊ အစိုးရဌာနအဆင့်ဆင့်မှာဘဲ ဖြစ်ဖြစ်၊ ဒီလိုဌာနကြီးသီးသန့်ရှိပါတယ်။ ၀န်ထမ်းခန့်အပ်မှုကိုမြန်မာနိုင်ငံမှာ ရာထူးဝန်အဖွဲ့ကပြန်တမ်း ၀င်အရာရှိများဝင်ပေါက်အဖြစ်သတ်မှတ်ခန့်အပ်တယ်ဆိုပေမဲ့၊ ရာထူးတာဝန်တာဝန်ပေးတာကိုတော့ ဌာနဆိုင်ရာအကြီးအကဲများကလက်ဝါးကြီးအုပ်ထားဆဲပါ။ ရာထူးတိုးတာ၊ ရပ်စဲအပြစ်ပေးတာဆိုရင် တော့ပိုဆိုးတာပေါ့။ ရာထူးဝန်အဖွဲ့ကထုတ်ပြန်တဲ့စည့်မျဉ်းကိုအခြေခံတယ်ဆိုတဲ့အဖြစ်ရောက်အောင် လုပ်ယူကြဆဲပါ။ ဆိုတော့-ဌာနဆိုင်ရာအဆင့်ဆင့်သောအကြီးအကဲများကနေ့စဉ်ကိစ္စတွေမှာ မိမိရာ ထူးတိုးတက်ရေးခိုင်မြဲရေးနဲ့ မိမိလုပ်တဲ့ကိစ္စအထက်လူကြီးမင်းများက သဘောကျရေးဆိုတဲ့ အချက် (၂)ချက်ကိုသာကြည့်ကြပါတယ်။ ပြည်သူ့ဝန်ထမ်းစနစ်ဟာ British System ပါလို့ကြွေးကြော်ပေမဲ့ ဒီကနေ့ ဗြိတိသျှနိုင်ငံကြီးမှာ အထက်အောက်အဆင့်ဆင့်တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတာတွေကို မသိကျိုးကျွန်ပြုနေကြပုံရပါတယ်။ အဲ့ဒီဝန်ထမ်းအဖွဲ့အစည်းတွေမှာ ပြည်ပနိုင်ငံသားများကိုခန့်အပ် တာဝန်ပေးခဲ့ရင်အဲ့ဒီစနစ်က၊ အဲ့ဒီပြည်ပမြန်မာပြည်ဖွားတွေကိုဘယ်လိုပုံစံနဲ့စနစ်ထဲကိုသွတ်သွင်းမှာ လဲဆိုတာမေးစရာဖြစ်နေပါတယ်။ သေခြာတာကတော့- နိုင်ငံ reformation process ကိုတကယ်လုပ် ချင်ခဲ့ရင်တော့ ဖေါ်ပြတဲ့ ၀န်ထမ်းအဖြစ်ခန့်အပ်မှဖြစ်မှာပါ။ အကြံပေးလောက်ကတော့ ရေရှည် ဘယ်သူ မှမလုပ်ပါဘူး။
မြန်မာအစိုးရရဲ့ပြည်ပရောက်မြန်မာတွေကိုပြန်လည်ဖိတ်ခေါ်တဲ့အချက်ဟာ ယခင်ကစကား၊ မိန့်ခွန်တွေမှာသာ အစိုးရအရာရှိမင်းများပြည်ပခြေဆံ့ချိန်မှာမွက်ဆိုကြတဲ့၊ ပဋိသန္တာရစကားအဆင့် ကနေ၊ လက်တွေ့စာနဲ့ပေနဲ့ထွက်လာပါပြီ။ သုံးစွဲတဲ့စကားလုံးဝေါဟာရများဟာ၊ ကြားဘူးနေကျဝေါဟာ ရတွေနဲ့သာပြည့်နေပြီး၊ ထုံးစံအတိုင်း ယခင်လုပ်နည်းများနည်းတူ၊ (ကိစ္စဖြစ်မဖြစ်တော့မသိ) ကိုယ်နဲ့ဆိုင်တဲ့ကိုယ်ရေးအချက်အလက်biodataတွေကိုတော့ ‘က’ကြီးကအစ ‘အ’အထိတောင်း ထားပါတယ်။ မြန်မာပြည်ဖွားအားလုံးလိုလိုဟာ မြန်မာပြည်ကိုလွမ်းကြသူတွေချည့်ဖြစ်ကြပါတယ်။ ကိုယ်မြေကိုယ်ပြန်ပြီးနေထိုင်ရင်း (အထူးသဖြင့်အလုပ်ကအနားယူချိန်မှာ) ကိုယ်တတ်ကျွမ်းရာလိမ္မာ ရာနဲ့အကျိုးပြုရင်း “ကုသိုလ်လဲရ၊၀မ်းလဲဝချင်”ကြသူချည့်ပါဘဲ။
ရေခံမြေခံကောင်းပါစေ။ ပြည်ပရောက်မြန်မာတွေအပြေးပြန်လာကြမှာပါ။ ဖိတ်ခေါ်စရာမလိုပါဘူး။
ဒါပေမဲ့…………………………………။
No comments:
Post a Comment