Wednesday, July 31, 2019

Rebecca Zahau (သို့မဟုတ်) အကြွေစောလေသူတစ်ဦး

ဒီဆောင်းပါးကိုရေးဘို့ သင့်မသင့်ဆိုတာ ကျွန်တော် အကြိမ်ကြိမ်စဉ်းစားပါတယ်။ လူ့ဘ၀ဟာ ဆန်းကြယ်မှုတွေ၊ မထင်မှတ်မှုတွေ၊ မယုံကြည်နိုင်စရာအဖြစ်တွေ ကောင်းတာလည်းရှိတတ်သလို၊ မကောင်းတာတွေလည်း၊ မဖိတ်မခေါ်ဖြစ်တတ်တယ် ဆိုတဲ့ သွားလေသူဖခင်ကြီးရဲ့စကားကို အမှတ်ရမိပါတယ်။ တခါတရံ အံ့သြစရာ ကံကောင်းထောက်မမှုတွေ ဖြစ်တတ်ကြုံတတ်ကြရသလို၊ မဖြစ်ချင်ဆုံးအရာတွေဟာ အချိန်အခါမဆိုင်း ဆိုင်းမဆင့် ဗုံမပါ ပေါ်ပေါက် ခံစားတတ်ကြရပါတယ်။ ဒီဆောင်းပါးပါ မိန်းကလေးနဲ့ပါတ်သက်ပြီး၊ သူကြုံတွေ့ခံစားခဲ့ရတဲ့ အဖြစ်ဟာ၊ ပြည်ပရောက်မြန်မာ မိသားစု အတွက်၊ သင်ခန်းစာလည်းဖြစ်လောက်မယ်၊ သိသင့်သိထိုက်တာတွေကိုလည်းပြန်လည်  ဖေါက်သယ်ချနိုင်လောက်မယ်လို့ယူဆမိပြီး ဆောင်းပါးတပုဒ်ကို ရေးဖွဲ့ဘို့ ကြိုးစားခဲ့ပါတယ်။
မြန်မာပြည်ရဲ့ရခိုင်ရိုးမတောင်တန်းအနောက်ဖက်အန္ဒိယပြည်နယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့မှာမွေး ဖွားပြီး၊ အမေရိကမှာကြီးပြင်းခဲ့တဲ့ Rebecca ဟာ လွန်ခဲ့တဲ့ (၂၀၁၁)ခုနှစ်ဇူလိုင် (၁၃)ရက် နံနက် လင်းအားကြီးအချိန်မှာ၊ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ San Diego မြို့အနီးက  Coronado မြို့မှာ သေဆုံးခဲ့ ပါတယ်။ သေဆုံးချိန်မှာအသက်(၃၂)နှစ်သာရှိသေးတာကြောင့်၊ ငယ်ရွယ်ပြီးဘ၀မှာ တိုးတက်ကောင်းမွန်တဲ့ ဘ၀နဲ့ ရှင်သန်ကြီးပြင်းနိုင်ချိန်၊ အညွန့်တလူလူတက်နိုင်ချိန်ပေါ့ ။  သေဆုံးချိန်မှာ သူမနေထိုင်ရာအိမ် ကြီးရဲ့ဝရံတာမှာ ဆွဲကြိုးချပြီးဝတ်လစ်စလစ် မြင်မကောင်းဘွယ် သေဆုံးခဲ့တာကြောင့်၊ ကာလီဖိုးနီးယား ပြည်နယ်သာမက၊ အမေရိကပြည်ထောင်စုတ၀ှမ်းမှာ ထူးဆန်း တဲ့ သေမှုသေခင်းအဖြစ် သတင်းပျံ့နှံ့ခဲ့ပါတယ်။ နိုင်ငံတကာရောက်မြန်မာတွေနဲ့ပါတ်သက်ပြီး ကောင်း သတင်းများပျံ့နှံ့ဘို့ခဲယဉ်းပေမဲ့လည်း၊ မကောင်း သတင်းကျော်စောရာမှာ အားသာလေ့ရှိတဲ့အတိုင်း၊ ဒီသတင်းဟာ နေ့ချင်းညချင်းလို တောမီးလောင်သလိုပျံ့နှံ့ခဲ့သလို၊ နောက်ဆက်တွဲ အဖြစ်အပျက်တွေ ဟာ ခုလို နှစ်ပရိစ္ဆေဒကြာပေမဲ့ လည်း လူအများပါးစပ်ဖျားမှာ သတင်းလက်ဆင့်ကမ်းစရာ အဖြစ်အ ပျက်အဖြစ်ဆက်လက်ရှိနေဆဲပါ။
Rebeccaရဲ့နောက်ခံဘဝ
တကယ်တော့ Rebecca နဲ့မိဘသားချင်းများဟာ အမေရိကကို Nepalနဲ့ Germanyနိုင်ငံတို့ ကနေတ ဆင့်လွန်ခဲ့တဲ့အနှစ်(၂၀)လောက်ကရောက်ရှိခဲ့အခြေချခဲ့ကြတယ်လို့ ဆိုပါတယ်။ မျက်စိ/မျက်မှန်ကျွမ်း ကျင်သူပညာရှင်အဖြစ်ပညာသင်ကြားတတ်မြောက်ခဲ့သူ ဖြစ်တဲ့အတွက်ကြောင့်၊ အမေရိကလိုနိုင်ငံမှာ ဘ၀လမ်းကြောင်းဖူလုံဖြောင့်ဖြူးရေးအတွက် ပူပင်စရာမရှိတော့တဲ့ ဘ၀ကိုပိုင်ဆိုင်ထားသူတစ်ဦး လို့ဆိုရင်လည်းမမှားဘူးပေါ့ခင်ဗျား။ (၂၀၀၈)ခုနှစ်မှာ သူမဘ၀ ကိုတဆစ်ချိုးပြောင်း လဲစေတဲ့ အဖြစ် ကိုရောက်ခဲ့ပါတယ်။ Arizonaပြည်နယ် မှာ ထိပ်တန်းဝင် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီး Medicis Pharmaceutical ရဲ့ပိုင်ရှင်ဖြစ်တဲ့ သန်းကြွယ်သူဌေး Jonah Shacknai နဲ့ တွေ့ဆုံရည်ငံပြီး၊ ကာလီဖိုးနီး ယားပြည်နယ် Coronado မြို့ကို boyfriend ဖြစ်သူ Jonah နဲ့အတူ ပြောင်းရွှေ့ပြီး၊ သူ့ရဲ့ mansion အိမ်ဂေဟာကြီးမှာ နေထိုင် ခဲ့တယ်လို့ဆိုပါတယ်။ ဘ၀ရဲ့မြင့်မားတဲ့ အခြေရောက်ခဲ့ချိန်ပေါ့။
Rebeccaမသေဆုံးမှီ ရက်ပိုင်းအလို (၂၀၁၁) ဇူလိုင်လမှာ တစ်အိမ်ထဲနေတဲ့ (Jonah ရဲ့ယခင်အိမ်  ထောင်နဲ့ရခဲ့တဲ့) (၅)နှစ်အရွယ်ကလေးငယ် Max ဟာ ကစားရင်းကနေလှေခါးပေါ်ကလိမ့်ကျပြီး၊ ဦးနှောက်ထိခိုက်ဒါဏ်ရာအပြင်းအထန်ရပြီးဆေးရုံတင်လိုက်ရပါတယ်။ အဲ့ဒီအဖြစ်အပျက်အပြီး ရက်အနည်းငယ်အတွင်းမှာ Rebecca ရဲ့ဆွဲကြိုးချတဲ့မြင်ကွင်းကို၊ အဲ့ဒီအိမ်မှာခဏရောက်နေတဲ့ Jonahရဲ့ညီဖြစ်တဲ့ Adam ကစတင်တွေ့ရှိပြီးရဲကိုသတင်းပေးတိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။
ဒီသေဆုံးမှုနဲ့ပါတ်သက်ပြီး San Diegoခရိုင်ရဲအရာရှိ  Bill Gore က အဲ့ဒီနှစ် စက်တင်ဘာ(၂)ရက်နေ့ မှာ ဆွဲကြိုးကျသေဆုံးမှုဖြစ်ကြောင်းရှာဖွေစစ်ဆေးချက်များအပေါ်အခြေခံပြီး၊ဆုံးဖြတ်ကြေငြာခဲ့ပါ တယ်။ ထိုနည်းတူစွာဘဲ လှေခါးပေါ်ကလိမ့်ကျချိန်မှာလူကြီးဆိုပြီး Rebecca တစ်ဦးတည်းသာ ရှိခဲ့ပေမဲ့လည်း၊ မတော်တဆလိမ့်ကျမှုသာဖြစ်ကြောင်း၊ တင်ကြိုကြံရွယ်နာကျင်စေမှုတစုံတရာမရှိ  ကြောင်း တပြိုင်တည်းကြေငြာခဲ့ပါတယ်။ ဆေးရုံမှာတင်ထားတဲ့ ကလေးငယ်  Max ဟာလည်း ရရှိတဲ့ဒါဏ်ရာနဲ့ဘဲ ဇူလိုင်(၁၆)ရက်နေ့မှာဝမ်းနည်းဘွယ်ကွယ်လွန်သွားခဲ့တယ်လို့ သိကြရပါတယ်။ ဒီကြေငြာမှုတွေထုတ်ပြန်ပြီးမကြာမတင်မှာဘဲ Rebecca ရဲ့ ကျန်ရစ်သူမိဘသားချင်းတွေကို နစ်နာ ကြေးအဖြစ် လျောကြေးငွေ အမေရိကန်ဒေါ်လာ (၅)သန်းအပြင် ဒေါ်လာ (၁၆၇၀၀၀)ကိုလည်း မိဘများအတွက်ပေးလျော်စေခဲ့ပါတယ်။ Rebecca ရဲ့ မိဘမောင်ဘွားများက မှားယွင်းသောသေဆုံးမှု (wrongful death lawsuit) တောင်းဆိုငွေပေါ်မှာအခြေခံပြီး၊ သေဆုံးစဉ်နောက်ဆုံးအချိန်မှာ အနား မှာရှိခဲ့တဲ့ Adamရဲ့ တာဝန်မကျေမှုများအတွက်ဆိုတဲ့ ဂျရီလူကြီးများ(Jury verdict)အရပေးခဲ့တာ လို့ဆိုပါတယ်။
အမေရိကရဲ့တရားစီရင်ရေးစနစ်
ဒီနေရာမှာ အမေရိကနိုင်ငံရဲ့စိတ်ဝင်စားဘွယ်ကောင်းတဲ့တရားစီရင်ရေးလုပ်ထုံးကို အနည်းငယ်ဖေါ်ပြ လိုပါတယ်။ အမေရိကနိုင်ငံရဲ့တရားစီရင်ရေးတရားခွင်မှာအမှုကိစ္စကြီးငယ်မဆိုJuryများရဲ့အခန်း ကဏ္ဍက အခရာကျလှပါတယ်။ ပြစ်မှုကိစ္စတခုရဲ့ တရားစွဲဆိုမှုမြောက်ပြီဆိုတာနဲ့ တရားကိုယ်သက်သေ (physical evidence) ကိုသက်ဆိုင်ရာပညာရှင်နဲ့သက်သေများကထွက်ဆိုချက်ကိုအခြေခံပြီး၊ Juryတွေက အဖြေရှာကြပါတယ်။ အဲ့ဒီအဖြေရအောင် တရားသူကြီးက တရားခွင်မှာရွေးချယ်ထားတဲ့ သာမာန်နိုင်ငံသားတွေကို ပြစ်ချက်ကိုရှာပေတော့လို့တာဝန်ပေးကြရပါတယ်။ အဲ့ဒီပြစ်ချက်ကို Juryမဲ စနစ်နဲ့အဆုံးအဖြတ်ပြုပြီး၊ ဆိုခဲ့တဲ့physical evidenceကိုရအောင်ရှာကြရပါတယ်။ အဲ့ဒီပြစ်ချက် ဟာ ဖြစ်မှုမြောက်မမြောက်ကို အဆုံးအဖြတ်ပြုပြီး၊ တရားသူကြီးဆီJury တွေကပြန်တင်သွင်းကြ ပါတယ်။ ပြစ်ချက်အဖြစ်ရှာမတွေ့ရင်လည်း မတွေ့ကြောင်းကိုပြန်တင်ပြကြရပါတယ်။ ဒီလမ်းကြောင်းတခုလုံးကို Prosecutorတွေattorneyတွေက လမ်းကြောင်းပေးကြရပါတယ်။ ဒါပေမဲ့ ပြစ်မှုမြောက်မမြောက်ကိစ္စ မှာဝင်စွက်ခွင့်မရှိကြပါဘူး။
သေမှုသေခင်း အဖြစ်အပျက်
Rebecca ရဲ့သေမှုသေခင်းမှာအဓိကပြဿနာကတော့physical evidence ကင်းမဲ့ခြင်းပါဘဲ။ အဲ့ဒီ physical evidence  ကတော့ ဆွဲကြိုးချမှုမဟုတ်ရင်၊ တင်ကြိုကြံရွယ်သတ်ဖြတ်မှုမြောက်ဘို့၊ လက်  ရောက်ကြူးလွန်သူ တရားခံ ဘယ်သူလဲဆိုတာကို အစအနရှာမရဖြစ်ခဲ့ရတယ်လို့၊ ဥပဒေကျွမ်းကျင် ကြသူတွေကထောက်ပြကြပါတယ်။ Rebecca သေဆုံးတာကိုပထမဦးဆုံးတွေ့ရှိသတင်းပို့တဲ့ Adam ပေါ်မှာလည်းသံသယဖြစ်ဖွယ်များရှိခဲ့ကြသော်လည်းဘဲ၊ သံသယဆိုတဲ့အဆင့်ထက်ကျော်လွန် တဲ့ ဖြစ်နိုင်ဘွယ်ကျူးလွန်မှုသက်သေသာဓက ရှာမတွေ့ခဲ့ကြလို့ပါဘဲ။
 Rebeccaရဲ့သေဆုံးမှုဟာ ဆွဲကြိုးချခြင်းမဟုတ်ဘဲ တစ်ဦးတယောက်ကတင်ကြိုကြံရွယ်သတ်ဖြတ်ခဲ့မှု လို့ သူမရဲ့ညီမဖြစ်သူ Mary Zahau သာမက ဥပဒေရေးရာကျွမ်းကျင်သူ၊ သေမှုသေခင်းရေးရာ ကျွမ်းကျင်သူ၊ ဆေးဘက်ဆိုင်ရာနဲ့ forensic ပညာရှင်အတော်များများက၊ တထစ်ချကောက်ချက်ချကြ ပါတယ်။ အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်းမှာ ပညာရှင်ပိုင်းဆိုင်ရာလေ့လာသုံးသပ်ချက်တွေ၊ အဖြစ်အပျက်နဲ့ပါတ်သက်ပြီးကြားသိကြသူတွေရဲ့ထွက်ဆိုချက်တွေ အလျှိုလျှိုပေါ်ပေါက်လာပါတယ်။ ထူးခြားတဲ့သေမှုသေခင်းဖြစ်တဲ့အတွက်ကြောင့်အမေရိကတ၀ှမ်းလုံးသာမက၊ ဥရောပ၊ ဗြိတိန်၊ အာရှတခွင်ပါ သတင်းပျံ့လွင့်သွားပါတယ်။ Rebecca ရဲ့Boyfriend ဖြစ်သူ Jonahကိုယ်တိုင်အဲ့ဒီနှစ် စက်တင်ဘာလအတွင်းမှာ (ထိုအချိန်က) ပြည်နယ်ဥပဒေချုပ်Kamala Harris (ယခုဆီးနိတ်အမတ်နဲ့ သမ္မတရွေးကောက်ပွဲဝင်ရောက်အရွေးခံမည့်သူ) ဆီ စာရေးပြီး များစွာသောသံသယတွေကို ပပျောက်စေရေးအတွက် ကူညီစုံစမ်းစစ်ဆေးပေးဘို့၊ လွတ်လပ်၍တရားမျှတမှုရှိတဲ့ခုံဖွဲ့စစ်ဆေးဘို့  တောင်းခံခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ ဥပဒေချုပ်ရုံးက လက်ရှိအမှုအနေအထားအရ ပြည်နယ် ဥပဒေချုပ်မှ ၀င်ရောက်စွက်ဖက်ရန်မဖြစ်နိုင်ကြောင်းပြန်ကြားခဲ့တယ် လို့ဆိုပါတယ်။ 
Rebecca ရဲ့သေမှုသေခင်း နှင့် မီဒီယာလောက
ဒီသေမှုသေခင်းနဲ့ပါတ်သက်ပြီး အထင်ကရ မီဒိယာထိပ်သီးများဖြစ်တဲ့ Forbes, ID, Daily Beast, People Magazine, NBC News တို့မှာ သတင်းဆောင်းပါးများ၊ ထင်မြင်ယူဆချက်များ၊ အချက်အ လက်ရှာဖွေတွေ့ရှိမှုတွေ ကို တော်တော်ကျယ်ကျယ်ပြန့်ပြန့်တင်ပြခဲ့တယ်လို့ဆိုပါတယ်။  Rebecca ရဲ့ညီမသားချင်းတွေနဲ့ နီးစပ်ကြသူ အားလုံးတို့က ဆွဲကြိုးချသေဆုံးမှုလုံးဝမဟုတ်ဘဲ အသတ်ခံရတာ ဖြစ်တယ်လို့ တညီတညွတ်တည်းဘဲ ကောက်ချက်ပြုကြပါတယ်။ ဥပဒေကြောင်းအရ တရားစွဲမှုတွေ စတင်ပြုလုပ် လာကြတယ်လို့ဆိုပါတယ်။ 
အထင်ရှားဆုံးနဲ့ အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံးသောသုတေသီပြုစုစည်းတင်ပြထားတဲ့ မီဒီယာ ထုတ်လွှင့်မှုကတော့ Oxygen Channel ရဲ့ “Death at the Mansion: Rebecca Zahau”ကို ပြီးခဲ့တဲ့ ဂျွန်လဆန်းကထုတ်လွှင့်ခဲ့ခြင်းပါဘဲ။ ဂျွန်(၁)ရက်နေ့ကစပြီး အပါတ်စဉ်(၄)ပါတ်ဆက်တိုက်ထုတ်လွှင့်ခဲ့ တဲ့ ပြသမှုမှာ သူမရဲ့သေဆုံးမှုနဲ့ပါတ်သက်ပြီးအမေရိကရဲ့ အထင်ကရပညာရှင်အသီးသီးတို့ဆီမှာ သက်သေခံပစ္စည်းတွေ၊ ရှာဖွေချက်တွေ၊ တရားရုံးထွက်ဆိုချက်တွေ၊ မှတ်တမ်းမှတ်ရာတွေ ရဲ့ဆန်းစစ် ချက်တွေနဲ့အတူ စိတ်ဝင်စားဖွယ်တင်ပြထားတာကိုတွေ့ရပါတယ်။ ဒီမှတ်တမ်းတွဲကို နာမည်ကြီး အစိုးရရှေ့နေဟောင်း Loni Coombs နဲ့ အတွေအကြုံရင့်ကျက်ပြီး နံမယ်ကြီး သေမှုသေခင်းတွေတရား ခံဖေါ်ထုတ်ရာမှာထင်ရှာတဲ့ ဂျာနယ်လစ် Billy Jensenတို့ကဦးဆောင်ဆွေးနွေးတင်ပြခဲ့တဲ့အတွက် စိတ်ဝင်စားစရာမှတ်တမ်းတွဲကြီးပါလို့။
ဒီရှာဖွေတွေ့ရှိချက်များအချို့ ကို မြန်မာဂေဇက် ပရိဿတ်လေ့လာနိုင်ကြစေဘို့ ထုတ်နှုတ်တင်ပြလိုက် ပါတယ်။
(က) Rebeccaအပါအ၀င်းချင်းတိုင်းရင်းသားတွေရဲ့ဒေသမှာကျွန်တော်ကိုယ်တိုင် အစိုးရ၀န်ထမ်းဘ၀နဲ့ သုံးနှစ်နီးပါးနေထိုင်ခဲ့ဘူးတာမို့၊ ချင်းတိုင်းရင်းသားတွေရဲ့ဘာသာရေးယုံကြည်မှုနက်ရှိုင်းတာကို ဂရုပြုမိ ပါတယ်။ ချင်းတိုင်းရင်းသားတွေဟာ ညဏ်ရည်ထက်မြက်ပြီး၊ ခေတ်နဲ့အမှီလိုက်နိုင်ကြသူများပါ။ ဝေးလံ ခေါင်ဖျားဒေသမှာနေကြပေမဲ့ နိုင်ငံတကာရောက်ပြီးမကြာခင်မှာဘဲ ရောက်ရှိအခြေချနေ ထိုင် ရာဒေသတွေမှာသူများနည်းတူ လိုက်လျောညီထွေတန်းတူနေထိုင်ပြောဆိုဆက်ဆံနိုင်ကြတာဟာ ထူးခြားတဲ့ အချက်ပါ။ ဒါပေမဲ့ ဘာသာရေးကိုင်းရှိုင်းမှုအလွန်ကြီးမားယုံမက၊ မိမိတို့ရဲ့ ဇာတိပျက်ပျယ် သိက္ခာကျစေမဲ့ အပြုအမူတွေကိုတင်းကြပ်စွာထိန်းချုပ်နိုင်ကြသူတွေမို့၊ မိမိကိုယ်ကိုသေကြောင်းကြံမှု ဆိုတာ ဖြစ်နိုင်ဘွယ်မရှိယုံမက၊ ၀စ်လစ်စလစ် အနေအထားနဲ့ မိမိကိုယ်ကို အဆုံးသတ်မယ်ဆိုတာ၊ စဉ်းစားစရာတောင်မလိုတဲ့ အပြင်ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတာသေခြာနေပါတယ်။
(ခ) သေဆုံးမှုသတင်းရချင်း အခင်းဖြစ်ပွားရာကိုသွားကြတဲ့ ရဲအပါအ၀င်၊ အချို့သူများရဲ့ အလောတ ကြီးကောက်ချက်ချမှုတခုဖြစ်တဲ့ (honorable suicide)  အမြင်လွှမ်းမိုးနေမှုကြောင့် စစ်ချက်ယူရာမှာ ပြည့်စုံကုန်လုံတဲ့ စစ်ဆေးမှုမရှိခဲ့တာဟာ၊ ဆိုင်ရာရဲ့အားနည်းချက်တခုလို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။ Rebecca ဟာ သူမစောင့်ရှောက်မှုအတွင်းမှာ မတော်တဆလိမ့်ကျသေဆုံး ခဲ့တဲ့ Max နဲ့ သံယောဇဉ်အလွန်ကြီးမားပြီး၊ ချစ်ခင်တွယ်တာမှုရှိတယ်လို့နီးစပ် သူတွေကပြောပြကြ တဲ့အတွက်ကြောင့်သူမမှာ၊ စိတ်အလွန်ထိခိုက်ခဲ့ရကြောင်းပြောကြပါတယ်။ ဒီအချက်ကိုကောက်ချက် ဆွဲပြီး၊ သူမဟာ မိမိကိုယ်ကိုအဆုံးစီရင်ကြောင်း၊ ဆုံးဖြတ်ချက်ပြုပါတယ်။ ဒါဟာ မှားယွင်းမှုတခုပါ။ တကယ်တော့ သူမဟာ စိတ်ဓါတ်ခိုင်မာသူတစ်ဦးဖြစ်ပြီး၊ သူမကြောင့် ကလေးသေဆုံးရတယ်ဆိုတဲ့ ဆိုတဲ့ physical evidenceတစုံတရာမရှိခဲ့ပါဘူး။ သူမကနေboyfriend Jonah နဲ့ Max အပေါ် သံယောဇဉ်ရှိမှု ဟာ ငွေကြေးမက်မောမှုကြောင့်ဆိုရင် ကိုယ့်ကိုယ်အဆုံး စီရင်ဘို့ဝန်မလေးတဲ့အပြင်၊ လက်ရှိတင့်တောင့်တင့်တယ်ဖြစ်တဲ့အဖြစ်ကိုရောက်လာစရာမရှိဘူးလို့ ဆိုခဲ့တဲ့ အတိပ်က၊ အပြန် အလှန် Text message ကိုရဲက suicidal tendencyရှိသူအဖြစ်လွဲမှား စွာ ကောက်ချက်ချခဲ့ပါတယ်။
(ဂ) မသေဆုံးမှီမှာ ခြေကိုရောလက်တွေကိုပါကြိုးနဲ့တုပ်ခဲ့တဲ့အနေအထားကိုလေ့လာကြည့်ရာမှာ၊ သေ ဆုံးရန်ကြံစည်သူတစ်ဦးရဲ့ ကြိုတင်ဆောင်ရွက်ထားတာထက်၊ ပညာရှင်ကျွမ်းကျင်သူတစ်ဦးက စိမ်ပြေနပြေဆောင်ရွက်ထားတာနဲ့ပိုတူတဲ့အတွက်ကြောင့်၊ သူမကိုယ်တိုင်လုပ်တာဘဲလား ဆိုတာကိုကြီးစွာသံသယဖြစ်စေပါတယ်။
(ဃ) သေဆုံးတဲ့ရုပ်အလောင်းကို Adam ကဖြုတ်ချပြီးအသက်ကယ်ခြင်းများလုပ်ခဲ့ပေမဲ့၊ စစ်တမ်း ယူသူရဲများက၊  Rebecca ရဲ့ DNAကိုသာရှာတွေ့ပြီး၊ အခြားမည်သူတစ်ဦးတယောက်ရဲ့ သဲလွန်စ မတွေ့ရဘူးဆိုတဲ့အချက်ဟာ၊ မဖြစ်နိုင်ဘွယ်ရာယုံတမ်းစကားဖြစ်နေပါတယ်။ အဲ့ဒီအပြင် ရုပ်အလောင်းကိုပြီးပြည့်စုံတဲ့ sample များယူဘို့ပျက်ကွက်ခဲ့တဲ့အတွက်၊ မှုခင်းကျွမ်းကျင်ကြသူတွေရဲ့ ပြစ်တင်ပြောဆိုဝေဖန်မှုတွေပေါ်ပေါက်လာပါတယ်။ ဒါပေမဲ့ သတင်းထွက်ချိန်မှာတော့ အဲ့ဒီသဲလွန်စ  တွေပြန်ယူဘို့အချိန်အတော်နှောင်းသွားပါပြီ။
(င) ရုပ်အလောင်းကိုစတင်တွေ့ရှိလို့ ရဲကိုအကြောင်းကြားခေါ်ယူတဲ့ တယ်လီဖုံးပြောဆိုမှုစ ကားသံ  တွေကို ကျွမ်းကျင်သူ အသံပိုင်းဆိုင်ရာမှုခင်းပညာရှင်များရဲ့ဆန်းစစ်ချက်မှာ၊ အခင်းဖြစ်ရာနေရာမှာ Adam အပြင်၊ အခြားတစိမ်းတယောက်နဲ့အပြန်အလှန်ပြောဆိုကြတဲ့သူစိမ်း တယောက်ရဲ့အသံကို ဖမ်းယူမိတဲ့အတွက်၊ အဲ့ဒီသူစိမ်းဟာဘယ်သူလဲဆိုတာကို မေးစရာဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာ Adam တစ်ဦးတည်းရှိတယ်ဆိုတဲ့ ထွက်ဆိုချက်နဲ့ကွဲလွဲနေပါတယ်။
(စ) အခင်းမဖြစ်မှီညမှာRebecca နေထိုင်ရာအိမ်ကြီးကနေ “ကယ်ပါ”ဆိုတဲ့အကူညီတောင်းအော်သံ  တွေကြားရကြောင်း၊ အိမ်နီးချင်းအမျိုးသမီးကြီးတစ်ဦးက၊ မှတ်တမ်းဗီဒီယိုအရိုက်ခံပြီး၊ တိတိကျကျ ထွက်ဆိုခဲ့ပါတယ်။ အဲ့ဒီအခင်းဖြစ်ချိန်ညဘက်မှာ အိမ်ကြီးမှာ Rebecca ရှိနေပြီး၊ အနောက်အိမ်မှာ Adam ရှိနေတာမို့၊ သံသယမြှားဦးဟာAdam ဘက်ကိုဦးတည်ခဲ့ပါတယ်။
(ဆ) သက်ဆိုင်ရာက Polygraphic test ကို Adamဆီကရယူရာမှာ (စွဲချက်တခုအဖြစ် သက်သေထူ ဘို့ဥပဒေကြောင်းအရခွင့်မပြုသော်လည်းဘဲ) ကျွမ်းကျင်သူတွေရဲ့ အဲ့ဒီစစ်ချက်မှတ်တမ်း graphic record ဟာ Adamရဲ့ ရှေ့နောက်မညီတဲ့ (အမှန်ကိုထွက်ဆိုခြင်းမရှိတဲ့) ပညာရပ်ဆိုင်ရာ မှတ်ချက်ကို ပြုကြပါတယ်။ နောက်ထပ် Polygraphic testတခုပြုလုပ်ရန် စီစဉ်ပေမဲ့၊ အဲ့ဒီစမ်းသပ်စစ်  ဆေးမှု ကိုဖြေရှင်းချက်တစုံတရာမရှိဘဲ ဖြစ်မလာခဲ့ပါဘူး။ အဲ့ဒါဟာ ကြီးမားတဲ့ ဥပဒေကြောင်းဆိုင်ရာ လွဲမှားမှုတခု လို့ ဥပဒေကြောင်းဆိုင်ရာပညာရှင်တွေက မှတ်ချက်ပြုကြပါတယ်။
(ဇ) ထူးခြားတဲ့ အချက်ကတော့ “She saved him can you save her” ဆိုတဲ့ ဆေးရေးစာကို သေ မှုသေခင်းဖြစ်တဲ့ ခန်းမတံခါးနံရံမှာ တွေ့ရခြင်းပါဘဲ။ သေကြောင်းကြံစည်သူတွေဟာ မိမိတို့နဲ့ပါတ် သက်တဲ့ ပြောဆိုလိုတာတွေကို စာရေးသားထားခဲ့လေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ စာရေးသားတဲ့  ကောက်ကြောင်းအရေးသားဟာ အချိန်ပိုင်းအတွင်း မိမိကိုယ်ကိုသေကြောင်းကြံလိုသူတစ်ဦးရဲ့ရေး ဟန်နဲ့ လားလားမှမကိုက်ညီဘူးလို့ ဆိုကြပါတယ်။
(ဈ)  Rebecca ဟာ Max မတော်တဆလိမ့်ကျတဲ့ဖြစ်စဉ်ရဲ့နောက်ပိုင်းမှာ စိတ်ထိခိုက်မှုကြီးစွာရှိခဲ့တယ် ဆိုတဲ့အချက်ကိုအများကနားလည်ထားကြပေမဲ့၊ သူမကိုယ်ကိုသူမ နိုင်နင်းစွာထိန်းထားနိုင်ခဲ့တယ် လို့ သူမနဲ့နီးစပ်ကြပြီး၊ သူမနဲ့အမြဲမပြတ်အဆက်အသွယ်ရှိနေတဲ့ သူမရဲ့ညီမနဲ့ မိတ်ဆွေများအပြင်၊ ဆိုင်ရာရဲနဲ့စစ်ဆေးကြသူတွေက ၀န်ခံကြပါတယ်။ အဲ့ဒီစိတ်နေစိတ်ထားဟာ နောက်ဆုံးသူမမြင်ကွင်း ကနေပျောက်ကွယ်သေဆုံးချိန်ထိရှိခဲ့တဲ့အတွက်၊ သေကြောင်းကြံမဲ့ရှေ့ပြေးနိမိတ် လက္ခဏာတစုံတရာ မရှိခဲ့ကြောင်းကို အများကပြောပြကြပါတယ်။ ဒီ့အပြင်သူမလုပ်စရာရှိတဲ့ကိစ္စတွေအတွက် အစီအမံတွေ ကိုစနစ်တကျလုပ်ဆောင်ခဲ့တာတွေရှိနေခဲ့ပါတယ်။ ဒါဟာသေကြောင်းကြံကြသူတွေရဲ့နောက်ဆုံးနေ့
ရက်အ ချိန်တွေမှာရှိသင့်တဲ့ လက္ခဏာတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။
(ည) မှုခင်းဖြစ်ပွားရာမှ ရှာဖွေထိန်းသိမ်းခဲ့တဲ့ ဒါးမှာ Rebeccaရဲ့သွေးတွေကိုတွေ့ရပေမဲ့၊ Rebeccaရဲ့ ခန္ဓာမှာဒါးဒါဏ်ရာမတွေ့ရဘူးလို့ဆိုပါတယ်။ ဒါဟာထူးခြားချက်တခုဖြစ်နေယုံမက ကြံစည်သူက အဓမ္မ ပြုကျင့်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ စစ်ဆေးသူတွေက သူမရဲ့ခန္ဓာမှာ သုတ်ပိုးမတွေ့ရဘူး လို့ဆိုထားပေမဲ့ ဥပဒေကြောင်းအရ မည်သည့်သွတ်သွင်းမှုမျိုးကိုမဆို  (any bodily penetration) ကို အဓမ္မပြုကျင့်ခြင်းမြောက်တယ်လို့ဆိုထားပါတယ်။
(ဋ) သေမှုသေခင်းမှာ လက်အိပ်အမျိုးအစားအမျိုးမျိုးကိုတွေ့ရတဲ့အတွက်၊ သေကြောင်းကြံသူတစ်ဦး ဟာ ဘယ်အကြောင်းကြောင့် လက်အိပ် မျိုးစုံကိုအသုံးပြုဘို့ အချိန်ပေးခဲ့လည်းဆိုတဲ့ မေးခွန်းမေးစရာ တခုဖြစ်နေပါတယ်။
သင်ခန်းစာ
ဥပဒေမှာဆိုရိုးစကားတခုရှိပါတယ်။ “Lack of evidence is not an evidence of absence” ဆိုတဲ့အတိုင်းphysical evidence ရှာမတွေ့တိုင်းလည်း၊ သက်သေမရှိတော့ဘူးလို့ တထစ်ချ ကောက်ချက်ဆွဲလို့မရပါဘူး။  Rebecca ရဲ့သေမှုသေခင်းဟာ လူသတ်မှုလား (murder)၊ ဖေါ်ပြခဲ့တဲ့ ကျွမ်းကျင်သူပညာရှင်များရဲ့ ဆန်းစစ်ချက် များဖြစ်တဲ့ အဓမ္မကြံစည်ရည်ကနေဖြစ်ပေါ်တဲ့အစဖြောက် လူသတ်မှုလား(rape & murder)၊ ဒါမှမဟုတ် တကယ်ဘဲကြိုး ဆွဲချသတ်သေခဲ့တာလား (suicidal)  ဆိုတာကိုတော့ ခုထိ ဘယ်သူမှ ယတိပြတ်မပြောနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သေတဲ့သူကတော့ ပြန်ရှင်မလာ မှာမဟုတ်တော့ပါဘူး။ဘ၀ရဲ့တိုးတက်မှုကို ရှာကြံကြတဲ့ ကျွန်တော်တို့လို့ ပြည်ပရောက်အခြေချနေ ထိုင်ကြသူမြန်မာတွေဟာ မထင်မှတ်တဲ့ ဒီလိုအဖြစ်မျိုးတွေကို ကာကွယ်နိုင်ကြဘို့၊ အရာရာကိုပေါ့ပေါ့ ဆဆမယူဆကြဘို့၊ သင်ခန်းစာယူတတ်ကြဘို့ အလွန်ဘဲလိုအပ်ပါတယ်။ အမေရိကလိုတိုးတက်တဲ့ နိုင်ငံကြီးရောက်ပြီး၊ ကိုယ့်လူမျိုးတိုင်းရင်းသားချင်းအတွက် ၀ိုင်းဝန်းကြရာမှာရုံးပြင်ကန်းနားရှောင် ရှားလိုစိတ်၊ တာဝန်ရှောင်လိုစိတ်မထားဘဲ၊  ဒီနိုင်ငံကနိုင်ငံသားတွေလို၊ အမှန်တရားအတွက်ရှေ့ထွက် ရဲ၊ မိမိသိတာ၊ နားလည်တာ၊ ယုံကြည်ကြတာတွေကို ရဲရဲဝံ့ဝံ့ ပြောရဲ၊ ရင်ဆိုင်ရဲကြဘို့အထူးလို အပ်ကြောင်းပါလို့။
(ဥပဒေကြောင်းတို့ရဲ့သဘောအတိုင်း ကာလရွေ့လျောတာနဲ့အမျှ သေမှုသေခင်းဖြစ်စဉ်တွေဟာ  ပြောင်းလဲမှုရှိနိုင်သလို၊ တရားကိုယ်ပြောင်းလဲချက်တွေ၊ ယူဆကောက်ယူချက်တွေ၊ ထင်မြင်ယူဆချက်  တွေပြောင်းလဲတတ်ပါတယ်။ ဒီဆောင်းပါးပါ ဆန်းစစ်ဝေဖန်ချက်ကို အတတ်နိုင်ဆုံးတိကျအောင် အချိန်းယူလေ့လာပြီးရေးသားထားပေမဲ့လည်း လွဲမှားကောင်းလွဲမှားနိုင်ပါတယ်။ အဓိကကတော့ သင်ခန်းစာယူတတ်ကြဘို့နဲ့ ပြည်ပရောက်မြန်မာတွေ ဥပဒေကြောင်းကိစ္စတွေမှာ တာဝန်ရှောင်လို စိတ် တွေဖြောက်ဖျက်နိုင်တဲ့စိတ်မွေးနိုင်ကြဘို့ ရည်ရွယ်ရင်းအမှန်ပါ။)

Image result for rebecca zahau at oxygen

Saturday, June 29, 2019

“DIY” နိုင်ကြသော မြန်မာများအဖြစ် သ.ို့ ....

“ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ” ဆိုတဲ့ ဝေါဟာရနယ်ပယ်မှာ ကျင်လည်ကြီး ပြင်းခဲ့ကြ တဲ့ မောင်မိုးညိုတို့ ဘ၀ဟာ ပြည်ပနိုင်ငံများဖြစ်တဲ့ အမေရိကလို နေရာတွေမှာ ပြောင်းရွှေ့အခြေချကြ ပြီ ဆိုတာနဲ့၊ “ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ” ဆိုတဲ့ ဝေါဟာရရဲ့ အမြိုက်အရသာ ကိုအလျှံပယ် စတင်ကြုံတွေ့ ခံစားကြရပါတယ်။ ကျွန်တော်တို့ သိနားလည်တဲ့ “ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ် ထ” ဆိုတဲ့ ဝေါဟာရဟာ မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်စနစ်ကြီး ကြီးစိုးချိန်မှာ၊ ကမ္ဘာ့လောကနဲ့ အဆက် အသွယ်ဖြတ်တဲ့ တံခါးပိတ်ဝါဒပေါ်မှာအခြေခံတဲ့၊ သွေးထိုးလှုံ့ဆော်ရေး ကြွေးကြော်မှူတခုသက်သက် သာဖြစ်ခဲ့ပါတယ်။ ဆိုလိုတာက နိုင်ငံသားတို့ရဲ့ လူမှုကိစ္စအ၀၀ကို အစိုးရက (ဆင်းရဲမွဲတေမှုကြောင့်) ကိုယ်အားကိုယ်ကိုးကြပါ၊ ပြည်ပနိုင်ငံတွေမှာ ကောင်းကောင်းနေကောင်းကောင်းစားကြတဲ့ဘ၀ကို အားမကျကြပါနဲ့ ဆိုတဲ့ ၀ါဒဖြန့် ကိစ္စသက်သက်သာဖြစ်ခဲ့ပါတယ်။ မြန်မာတိုင်းရင်းသားတိုင်းက “ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ”လို့ ဆိုရိုးရှိကြလို့သာ ဆိုကြပေမဲ့၊ ဘာမှန်းတိတိကျကျမသိ ကြပါဘူး။ ခုခေတ်ဒီမိုကရေစီခေတ်ရောက်တော့ရော ဘယ်အခြေရှိနေပြီလဲလို့၊ ကျွန်တော်တို့မွေးရပ် မြေမှာနေကြတဲ့ မြန်မာတိုင်းရင်းသားတွေရဲ့ဘ၀ကိုပြန်လေ့လာကြည့်တော့၊ (အထူးသဖြင့်) ငယ်ရွယ်. သူ တက်သစ်စလူငယ်တွေဟာ၊ တံခါးဖွင့်ဝါဒနဲ့အတူ ကိုယ်ဒူးကိုယ်ချွန် လုပ်ချင်ကိုင်ချင်၊ စူးစမ်းချင်စိတ်  တွေစတင်တွေ့နေရပါပြီ။ ကောင်းတဲ့လက္ခဏာပါ။ ဒါပေမဲ့ မိဘသားချင်းရဲ့ မိရိုးဖလာအစွဲကြီးလွန်းနေ  သေးတဲ့ လောင်းရိပ်အောက်ကသိပ်မထွက်နိုင်ကြသေးပါဘူး။ ယဉ်ကျေးမှုနဲ့လူမှုစနစ်တို့ရဲ့ ကောင်းတဲ့ စရိုက်လက္ခဏာအမြစ်တွယ်ဘို့ဟာ၊ တခါတရံမှာ ရာစုနှစ်ပေါက်အောင်အချိန်ယူလေ့ရှိတယ်လို့ သမိုင်း ဆရာတို့ကဆိုကြပါတယ်။ 
မောင်မိုးညို ဒီလဆွေးနွေးလိုတဲ့ အကြောင်းအချက်ကတော့၊ ပြည်ပရောက်မြန်မာတွေ၊ မိမိတို့ ကျင် လည်ကျက်စားယဉ်ပါးခဲ့ကြတဲ့ “ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ” ဆိုတဲ့ ဆိုရိုးစကားကို၊ တိုး တက်တဲ့ နိုင်ငံကြီးတွေမှာ၊ ကောင်းစွာအမြစ်တွယ်နေပြီဖြစ်တဲ့ (DO-IT-YOURSELF)  “DIY”  ဆိုတဲ့ နေထိုင်မှုဘ၀အဖြစ်၊ လက်ခံပြီး အသွင် ပြောင်းမွေးစားယူကြဘို့ အထူးဘဲလိုအပ်နေပြီိလို့ အကြံ  ကောင်းပြုကြပါရစေ။ အကြံကောင်း ဆိုတဲ့စကားထက်၊ မကွယ်မထောက်ပြောရရင်တော့၊ ဒီစိတ် ဓါတ်မမွေးလို့မဖြစ်တော့ဘူးလို့ အားမနာတမ်း၊ ပြောပြပါရစေ။
မောင်မိုးညိုတို့မိသားစု အမေရိကရောက်ပြီး၊ စတင်အခြေချပြီးမကြာခင်မှာဘဲ ကြုံတွေ့ရတဲ့ DIY အဖြစ်အပျက်တခုကိုပြောပြပါရစေ။ ထုံးစံအတိုင်း ပြောင်းရွှေ့အခြေချသူ မောင်မိုးညိုအတွက်၊ ယောက် ဖလုပ်သူက အိပ်ရာကုတင်အတွက် home improvement storeတခုက၀ယ်လာတော့၊ မောင်မိုးညို တို့ ထင်နေတာက၊ အဲ့ဒီပရိဘောဂတွေအိမ်ပေါ်ချပြီးတာနဲ့ ချက်ချင်းအသုံးပြုလို့ရပြီ လို့ထင်ကြတာကိုး။ လက်စသပ်တော့ ဘယ်ဟုတ်လိမ့်မတုံး။ ကတ်ထူဘူးတွေထဲက တစစီဆွဲထုတ်ရတဲ့ ပရိဘောဂအစိတ် အပိုင်းတွေကို၊ အဲ့ဒါတွေနဲ့အတူပါတဲ့ လမ်းညွှန်စာအုပ်ကြည့်ပြီး၊ မောင်မိုးညိုတို့လဲ ယောက်ဖရဲ့အကူ အညီနဲ့ ကုတင်နဲ့ပရိဘောဂတွေ ဆင်လိုက်ကြတာနေ၀င်မိုးချုပ်လို့ ချွေးပြိုက်ပြိုက်ကျပါလေရော။ တနေမကုန်တောင် နေ့တပိုင်းတော့အသာလေးပေါ့။  Wow!မလွယ်လှပါလား freedomကြီးရယ်။  မနေနိုင်လို့ယောက်ဖကို မေးခွန်းမေးကြည့်မိပါတယ် - အလုပ်သမားခေါ်ပြီးဆင်ခိုင်းရင်မရဘူးလားလို့။ ကြက်သီးထဆရာအဖြေပါ - “ရတာပေါ့။ တန်ရာတန်ကြေးနဲ့လေ။ ဒီလို DIYဆိုရင်၊ ပစ္စည်းတန်ဘိုးနဲ့ ညီမျှတယ်” ဆိုဘဲ။ မောင်မိုးညိုတို့ မိသားစု ပထမဆုံဘုရား တ,ရတဲ့အဖြစ်ပါ။ အော်- ဒါ့ကြောင့် နိုင်ငံတကာတိုးတက်တဲ့နိုင်ငံကြီးတွေက၊ ကျွန်တော်တို့မြန်မာနိုင်ငံက လုပ်အား (labor force)ကို မျက်စေ့ကျကြတာ ဒါ့ကြောင့်ကိုးလို့ မှတ်ချက်ပြုမိပါတယ်။ ဟုတ်ပါတယ်။ အမေရိကနဲ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာ လုပ်အားချ မတန်တရာဈေးကြီးလှပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်အတော်များများက  imported labor လို့ခေါ်တဲ့ ပြည်ပနိုင်ငံသားတွေရဲ့ လုပ်အားကို အထူးအားပြုကြရတာ ဒီကနေ့အထိပါ။ ဘာ့ကြောင့်လဲ။ ရှင်းပါတယ်။ Imported labor တွေဟာ -
(၁) ဈေးပေါပါတယ် (ပြည်တွင်းကအလုပ်သမားတွေထက်စာရင်)။
(၂) အခွင့်အရေးစကားသိပ်မပြောပါဘူး။
(၃) ကျွမ်းကျင်တတ်မြောက်မှုပိုင်းမှာ ပြည်တွင်းက laborတွေထက်သာလွန်တာမျိုးရှိနေပါတယ်။
(၄) ပြဿနာသိပ်မရှာတတ်ဘူး။
(၅) အလုပ်ပိုကြိုးစားသလို၊ loyal ဖြစ်တယ်။
ကဲ- imported labor ကို ဘာမမက်စရာရှိသတုံး။
DIY ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းခံတခုမှာ ဒီလိုကုန်ကျစရိတ်ကိုကာမိစေတဲ့(တနည်း) ပစ္စည်းရောင်းချရာမှာ သက်သာတဲ့ပစ္စည်းတွေကိုစက်နဲ့ထုတ်ပြီး၊ တပ်ဆင်ရာမှာကုန်ကျစရိတ်ကို၊ စားသုံးအသုံးပြုသူရဲ့ တာဝန်အဖြစ်ပြောင်းလဲလိုက်ကြတာဟာ၊ တိုးတက်တဲ့ ရောင်းကုန်လောကရဲ့  marketing strategy ဖြစ်သလို၊ cost-effective လဲဖြစ်သွားပါတယ်။ တိုးတက်တဲ့ခေတ်ကြီးမှာ human labor force  လျှော့ချဖြတ်တောက်နိုင်လေ၊ ကုန်ထုတ်လုပ်ခစရိတ်သက်သာလေပါဘဲ။ ဒါဟာ business strategy ရဲ့ မရိုးနိုင်တဲ့ နည်းဗျူဟာတခုပါ။
ဆိုတော့- DIY ကို သမိုင်းမှာ (၁၉၁၂)လောက်တုံးကအိမ်ရာမွမ်းမံပြင်ဆင်မှုအဖြစ်နဲ့စတင်ခဲ့တယ်လို့ Wikipedia ကဆိုထားပြီး၊ (၁၉၅၀) ၀န်းကျင်လောက်မှာ အိမ်ရာမွမ်းမံပြင်ဆင်မှု၊ အသေးစားပြုပြင် တည်ဆောက်မှုအပါအ၀င်၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ လုပ်ကြရတဲ့ကိစ္စတွေမှာ တရားဝင်ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါတယ်။ အကြောင်းရင်းခံကတော့-
(က) တည်ထွင်ဖန်တီးမှုနဲ့ မိမိဖာသာတည်ဆောက်ရမှုတည်းဟူသော ၀မ်းသာပီတိစိတ်ကို ရရှိစေဘို့၊
(ခ) ပျော်ရွှင်ဘွယ် လုပ်ငန်းလေးတခု ရရှိဘို့၊ နဲ့
(ဂ) ကုန်ကျစရိတ်ကို ကာမိစေဘို့၊ - တို့ဘဲဖြစ်ပါတယ်။
မောင်မိုးညိုတို့ စခဲ့တဲ့အထက်ကအဖြစ်အပျက်ကပေးတဲ့ သင်ခန်းစာကို ခုချိန် မောင်မိုးညိုတို့  ကောင်း ကောင်းကြီးရရှိနေကြပါပြီ။ ကိုယ်ကပေါက်ဖွားလာတဲ့သားသမီးများအတွက်ကတော့ အထူးပြောဘွယ် မရှိပေါ့။ အရေးကြီးတဲ့ အချက်ကတော့ ‘သို့လော၊ သို့လော’ နဲ့ မချင့်မရဲ၊ ကိုယ့်ကိုယ်ကိုစိတ်မချ၊ မယုံကြည်တဲ့ စိတ်ဓါတ်၊ ကို အမေရိကရောက်မြန်မာတွေ၊ အပြီးတိုင်ခ၀ါချကြဘို့ လိုအပ်ပါတယ်။ ဒါ မဖြစ်မနေပြောင်းယူရမဲ့ စိတ်ဓါတ်ပါ။ မကွယ်မထောက်ပြောရရင်၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ပြောင်းယူကြရမဲ့ အခြေခံစိတ်ဓါတ်တွေပါ။
အသေးအမွှားကိစ္စလေးတွေဖြစ်တဲ့ ပရိဘောဂ အိမ်ရာအသေးစားမွမ်းမံခြင်းပြုပြင်ပြင်ဆင်ထိမ်းသိမ်း ခြင်းအပါအ၀င် ဆိုတဲ့အလေ့အထကို ကျွန်တော်တို့မြန်မာတွေ ယဉ်ပါးရမဲ့ခေတ်ကာလထဲရောက်လာ ပါပြီ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မိမိမိသားစုရေးကိစ္စ၊ ငွေရေးကြေးရေး၊ ပညာရေးကအစ၊ လူမှုရေးနယ်ပယ်ရဲ့ ချဲ့ထွင့်နက်ရှိုင်းရှုတ်ထွေးလာတဲ့ ခေတ်ပေါ်ပြောင်းလဲမှု ယဉ်ကျေးမှုရေစီးကြောင်းမှာ မိမိတို့ကိုယ်တိုင် လိုက်ပါနေမိကြဘို့ အချိန်ရောက်မှန်းမသိရောက်လာပါပြီ။ အဲ့ဒီရေစီးကြောင်းကြီးထဲ မှာ မိမိတို့ကိုယ်တိုင်ပါနေပြီလားဆိုတာသတိပြုဆင်ခြင်ကြပါ။ မရောက်သေးရင်၊ အချိန်မနှောင်း မှီရောက်အောင်လုပ်ကြပါ။ မရောက်သေးရင်တော့ ခေတ်မျက်ခြေပြတ်သူတွေအနေနဲ့ ပါတ်ဝန်းကျင်နဲ့ သာမက၊ မိမိ မိသားစုအတွင်းမှာပါ အကျင်ခံဘ၀ (self-isolation) ဖြစ်မှန်းမသိဖြစ်သွားပါလိမ့်မယ်။ မယုံမရှိကြပါနဲ့။ဆိုပါတော့- ကိုယ့်သားသမီးတွေအထက်တန်းပညာ၊ (သို့မဟုတ်) ကောလိပ်တက်ဘို့ ပြင်ဆင်ချိန် (ဒါမှမဟုတ်) ကောလိပ်ရောက်ချိန်မှာ ကိုယ်ကိုယ်တိုင်ကပါ ကောလိပ်တွေရဲ့ကိစ္စ အ၀၀ မှာပါဝင်ပါတ်သက်နေမိကြဘို့လိုပါတယ်။ သားသမီးတွေ ကောလိပ်ပညာရေးအတွက် ချေးငွေကိစ္စ (student loans) တွေအကြောင်းနောကြေနေကြဘို့ လိုပါတယ်။ ဆိုလိုတာက ခေတ်လူငယ်တွေရဲ့ အဓိက ပံ့ပိုးကူညီမှုဟာ မိဘတွေရဲ့ ဘ၀ငွေကြေးဖူလုံမှုပေါ်များစွာမူတည်တာကြောင့်၊ မိဘတွေရဲ့ financial background ကိုအားကိုးပြုကြရပါတယ်။ ဒါ့ကြောင့် ဒီလိုငွေရေးကြေးရေးကအစ၊ ပညာသင်ကြားရေး ကိစ္စတွေမှာ၊ ဒေါင့်အကွက်တိုင်းမှာ ကိုယ့်သားသမီးရဲ့ကိစ္စတွေမှာ ပါဝင်ပါတ် သက်နေမိကြဘို့လိုပါတယ်။ ဗြောင်ပြောရရင်၊ ကိုယ့်သားသမီးက တခွန်းပြောရင်၊ ကိုယ်ကနှစ်ခွန်း ပြန်ပြောနိုင်မှ တော်ကာကျမဲ့  ခေတ်ပါ။ မပြောနိုင်လို့ကတော့ ကိုယ်ကသူများအနှပ်ခံရပြီလို့မှတ်ကြပါ။ မြန်မာမိဘတွေမအ,ကြပါနဲ့။ 
ဒါတွေဟာခုဆောင်းပါးမှာ ဆွေးနွေးတဲ့ခေါင်းစဉ်ဖြစ်တဲ့ DIY ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေပါ။ 
တိုးတက်ထွန်းကားတဲ့ နိုင်ငံကြီးတွေမှာ တနေ့တခြားချဲ့ထွင်လာတဲ့ DIY ရဲ့ နယ်ပါယ်ကြီးကိုလေ့လာ ကြည့်ကြရအောင်။
(က) အစားအသောက် (တစ်ခါစား readymade food packs) တွေကို အချိန်ကုန်၊ ဗာဟီရနည်းနည်း နှင့် အစာတစ်နပ်ပြီးခြင်း။
(ခ) မိမိဖာသာ စာအုပ်ထုတ်ဝေဖြန့်ချိခြင်း (self-publishing)၊ စကားဟောပြောခြင်း (podcasting & telecasting)၊ ဗီဒီယိုဖြန်ချိခြင်း (Youtube streaming)
(ဂ) ပါတ်ဝန်းကျင်ထိမ်းသိမ်းခြင်းကိုအားပေးသော လုပ်နည်းလုပ်ဟန်များ၊ စွန့်ပစ္စည်းပြန်အသုံးချခြင်း (recycle, reuse and reduce – 3R’s)၊
(ဃ) လက်ဖြစ်အနုလက်ရာပစ္စည်းတီထွင်ရောင်းချခြင်း၊ ကြော်ငြာခြင်း (crafting, knitting, crochet, sewing, handmade jewelry and ceramics)၊
(င) ကိုယ်ပိုင်မူဖန်တီးတီထွင်မှုများ၊ စီးပွားဖြစ်ပြုလုပ်ခြင်းများ (inventing, creation, copyright, patency, etc.)
(စ) အိမ်တွင်းဖြစ် စားသောက်ဖွယ်ရာများပြုလုပ်နည်းနိဿယများ (homemade recipe)၊
(ဆ) မိမိတစ်ကိုတိုင်တတ်ကျွမ်းမှုနည်းပညာ (သို့မဟုတ်) ဘွဲ့ရတစ်ဦးကဲ့သို့တတ်မြောက်ကျွမ်း ကျင်ခြင်း (self-learning, vocational learning through accredited college or vocational schools)၊
(ဇ) လုပ်ငန်းဆောင်တာကိစ္စအ၀၀ကို၊ ဆိုင်ရာလုပ်ငန်း (သို့မဟုတ်) အစိုးရဌာနများ၏ လုပ်ထုံးလုပ်နည်းများကို စနစ်တကျအချိန်ယူလေ့လာခြင်း၊ ဆွေးနွေမေးမြန်းခြင်း၊ လိုအပ်သောသင် တန်းများတက်ရောက်ခြင်း (internet ခေါ် online courses များအပါအ၀င်) self-studyနည်းများဖြင့် သင်ကြားလေ့လာမှတ်ယူ၍ အသုံးချခြင်း၊ ကူညီခြင်း၊ အကြံညဏ်ပေးခြင်း၊ စသည်တို့ကိုပြုလုပ်ခြင်း၊
(ဈ) ငွေရေးကြေးရေး၊ မိသားစုစီးပွားရေးနှင့် ၀င်ငွေထွက်ငွေ ဘတ်ဂျက်အသေးစားများကို၊ စနစ်တက်လေ့လာ၍ ကိုယ်တိုင်လည်းအသုံချခြင်း၊ မိမိ မိသားစုမိတ်ဆွေများကို၊ မိမိတို့အသိပညာကို မျှဝေအသုံးချရန်အားပေးခြင်း (pay-it-forward of your knowledge)၊
(ည) အိမ်တွင်းအသေးစားပြုပြင်မွမ်းမံ ထိမ်းသိမ်းခြင်း၊ (cleaning, replacing old items, furnishing, recycling, minor plumbing, computer and network-based devices, TVs and electronics upgrades and installation, etc.)
(ဋ) internet/online ငွေကြေးရောင်းဝယ်ခြင်းမျိုးဖြစ်သော cryptocurrency၊ အိမ်ခန်းရက်အနည်း ငယ်ငှားခြင်း၊ (AirBNB)၊ ဘဏ်ငွေရေားကြေးရေး၊ ငွေလွှဲခြင်း၊ ငွေသွင်းခြင်း၊ လက်မှတ်ဝယ်ခြင်း၊  (online banking and check deposit)၊ ယာဉ်ငှား(Uber/Lyft/Grab)၊ ငွေရေးကြေးရေးကိစ္စနှင့်တကွ အလှူခံခြင်း၊ အလှူထည့်ဝင်ခြင်း နှင့် လောင်းကစားကိစ္စများ (online casinos)၊ ပစ္စည်းအရောင်းအ၀ယ်ပြုခြင်း (online order/reservations)
(ဌ) handphones ခေါ် cell phones တွေဟာ ဖုံးဆက်ရုံသက်သက်ကိုယ်ပိုင်ပစ္စည်း မဟုတ်တော့ ပါဘူး။ လက်ကိုင်ဖုံးကို ကိုယ့်ရဲ့မွေးရာပါပစ္စည်းသဖွယ် လက်မလွှတ်နိုင်သူတွေ များလာပါပြီ။ အဲ့ဒီလက်ကိုင်ဖုံးရဲ့ဖန်သားပြင်ပေါ် လက်ညှိုးတထောက်အတွင်း မိမိဘ၀နေ့တဓူဝကိစ္စအတော်များများ ကိုကောင်းကောင်းကြီးကိုင်တွယ်နိုင်တဲ့ခေတ်အခါကြီးကိုရောက်နေပါပြီ။ အခြားသူတစ်ဦးတယောက်ရဲ့ အကူအညီတစုံတရာမပါဘဲ မိမိလက်ကိုင်ဖုံးတခုတည်းနဲ့ တင် DIY တွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်  နေပါပြီ။ မယုံနိုင်စရာတနေ့တခြားထွန်းကားလာတဲ့ နည်းပညာလောကကြီးပါ။
-      စတာတွေဟာ နေ့စဉ်နဲ့အမျှချဲ့ထွင်လာတဲ့ DIY ရဲ့ နယ်ပယ်ကြီးပါ။

ကျွန်တော်တို့မြန်မာတွေ (အထူးသခြင့် အမေရိကအပါအ၀င် နိုင်ငံတကာရောက် မြန်မာတွေ - ခဏတာဘဲဖြစ်ဖြစ်၊ တသက်လုံးအခြေချနေထိုင်ကြသူတွေ အားလုံးပါ) မအ,ကြပါနဲ့။ သူများအနှပ် မခံကြရပါစေနဲ့။ ကိုယ့်သားသမီးနဲ့ နီးစပ်သူတွေက အထင်သေးအမြင်သေးမဖြစ်ကြအောင်ကြိုးစား ကြပါ။ အသေးအမွှားကိစ္စကအစ ကိုယ်တိုင်လုပ်နိုင်အောင်DO-IT-YOURSELF နိုင်ကြပါစေလို့။      ။
page4image92049152page4image92049344page4image92049536page4image92049728