Friday, December 17, 2021

အငြိမ်းစားတို့ အားကိုးလောက်ဘွယ် Annuity ဘက်တစေ့တစောင်း

အမေရိကကိုပြောင်းရွှေ့အခြေချကြသူ မြန်မာတွေ အငြိမ်းစားယူကြတဲ့အချိန်ကို ဆိုင်းမပါဗုံမဆင့်ဘဲ ရောက်လာလေ့ရှိကြတာမထူးဆန်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်ပြောင်းရွှေ့အခြေချသူတွေအနေနဲ့ ပြဿနာမရှိကြပေမဲ့ အသက်ကြီးအရွယ်လွန်မှရောက်လာကြသူတွေအတွက် ဘာလုပ်ရမှန်းမသိဖြစ် တတ်ကြပါတယ်။ မြန်မာနိုင်ငံကပြောင်းရွှေ့လာကြသူတွေဟာ တကယ်တော့် ခေကြသူတွေမဟုတ် ပါဘူး။ အထုပ်အထည်တော့ပါလာတတ်ကြသဗျို့။ ဒါပေမဲ့ပြဿနာက အဲ့ဒီအထုပ်ပိုက်ပြီးဘာလုပ် ကြရမှန်းမသိဖြစ်ကြရင်း၊ အထုပ်ဖြေစားသုံးကြတာများကြပါတယ်။ ဒီလိုနဲ့ဘဲ ပါလာတဲ့အထုပ်အ ထည်ဟာ အတိုးအပွားမရှိဘဲ ကုန်မှန်းမသိကုန်ကြရပါတယ်။ အမေရိကဟာ ကိုယ့်လက်ထဲရှိတဲ့ငွေကို အတိုးအပွားကြံဖန်ရအောင်လုပ်နိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ အများသိပြီးသားဖြစ်ကြတဲ့ stock, mutual fund တို့ဟာ ဥပမာတွေပါ။ တခါ အလုပ်လုပ်ကြသူတွေကလည်းအလုပ်မှာလစာထဲကကြိုတင်ဖြတ်ယူ တဲ့ စုဆောင်းနည်းဖြစ်တဲ့  401k/403တို့လို စုဆောင်းရံပုံငွေက အကျရှိနေပြီးမို့၊ အတော်များများတွေ က ခေါင်းရှုတ်စရာကိစ္စမရှိပါဘူး။ အလုပ်ကအပြီးပိုင်အနားယူပြီး (ဝါ)အငြိမ်းစားယူတဲ့အချိန်အရောက် မှာ ဆိုင်ရာရံပုံငွေအဖွဲ့(fund management) က “ခင်ဗျားစုဆောင်းအိုနာစာငွေကိုဘယ်လိုဆက်လုပ်မ လဲ။” “အဲ့ဒီစုဆောင်းငွေကိုထုတ်ပေးရမလားဆိုတဲ့ ”မေးခွန်းတွေရှိလာလေ့ရှိကြပါတယ်။ အထုပ်အ ထည်ပေါ်ထိုင်ပြီးအဖြေမဲ့ကြရတဲ့အဖြစ်တွေပါ။

ယေဘူရဆိုရရင် Annuity ဟာ အာမခံစနစ် (insurance system) ဖြစ်ပါတယ်။ အတိုးအပွားမဲ့ ပေမဲ့ အချို့သော annuity တွေမှာတော့ အတိုးအပွားပါတတ်ကြပါတယ်။ ကိုယ့်ရဲ့စုဆောင်းငွေကို အာမခံ ကုမ္ပဏီမှာ အလုံးအရင်းနဲ့ဖြစ်စေ၊ လစဉ်ပေးသွင်းငွေနဲ့ဖြစ်စေပေးသွင်းပြီး မိမိကိုယ်တိုင်နဲ့ အာမခံ ကုမ္ပဏီအကြားသဘောတူစာချုပ်အရ၊ မိမိထံလစဉ်ပုံမှန်ပြန်ထုတ်ပေးတဲ့သဘောဖြစ်ပါတယ်။ (Annuity is a contract between you and the insurance company that requires the insurer to make payments to you, either immediately or in deferred future) လို့ www.investor.gov မှာဆိုထားပါတယ်။ 

 

အခြေခံလက္ခဏာများ

(က) ကာယကံရှင်မိမိထံသတ်မှတ်ကာလအတွင်းလစဉ် ငွေထုတ်ပေးခြင်း။

(ခ) မိမိသေဆုံးချိန်၊ မိမိမှသတ်မှတ်သောဇနီး/ခင်ပွန်း၊ သားသမီး (သို့မဟုတ်)တစ်ဦးဦး အားကျန်ရှိရံပုံ ငွေမှဆက်လက်ထုတ်ပေးခြင်း။

(ဂ) မိမိမှထိုရံပုံငွေထဲမှာ စတင်ထုတ်ယူမှုမပြုမခြင်း အခွန်ကင်းလွတ်မှုရှိခြင်း။ - တို့ဟာထူးခြားတဲ့ ဝိသေသတွေပါ။

 

အခြေခံ annuity အမျိုးအစားများ

(က) Fixed Annuity -  လစဉ်ပုံသေငွေထုတ်ပေးခြင်း၊

(ခ) Variable Annuity -  Mutual Funds လိုအတိုးပွားရှိစုဆောင်းရံပုံငွေတွင်စုဆောင်းခြင်းဖြင့်၊ ထိုရံ ပုံငွေ တိုးတက်ဆုတ်ယုတ်မှုပေါ်အခြေခံတွက်ချက်ထုတ်ပေးသော လစဉ်(ပုံသေမဟုတ်သော)ထုတ် ပေးခြင်း၊

(ဂ) Indexed Annuity - လူကြိုက်နည်းသော်လည်း၊ stocks ကဲ့သို့သောအတိုးအပွားကိုချိန်ထိုး နေ သော Standard & Poor’s 500 Index ပေါ်အခြေခံထုတ်ပေးခြင်း၊

 

သိထားသင့်သောအခြေခံအချက်များ

(က) Annuity ဟာ အတိုးပွားမှုရှိနိုင်သည့်တိုင် stocks ကဲ့သို့ကြီးမားပြီးဆွဲဆောင်မှုရှိသော အတိုးပွား မရှိပါ။

(ခ) ကနဦးစတင်စုဆောင်းချိန်မှာစတင်ထုတ်ယူရင် အတိုးကိုပါပေးကြရလေ့ရှိပါတယ်။

(ဂ) ထိုနည်းတူဘဲမိမိရဲ့ annuity insurance ကို စောစောစီးစီး (၇-၈နှစ်လောက်နဲ့) ပြန်ရောင်းရင်ဒါဏ် ကြေး (early surrender change)ရှိတတ်ပါတယ်။

(ဃ) အာမခံဖြစ်တဲ့အတွက်ကြောင့် risk fees ဟာအနည်းဆုံး (၁.၂၅%) လောက်ပေးရလေ့ရှိပါတယ်။ ဒီ့အပြင်မိမိရဲ့အာမခံပေါ်လစီကိုစီမံခန့်ခွဲမှုစရိတ် (administrative fee) ရှိလေ့ရှိပါတယ်။ ဆိုင်ရာ funds တွေရဲ့ (မပြောပလောက်တဲ့) အသုံးစိတ် (fund expenses) အပြင် guarantee fees လည်းရှိတတ်ပါ တယ်။

(င) deferred ကြိုတင်ပေးသွင်းစုဆောင်းသူတွေအနေနဲ့လည်း အသက်(၅၉နှစ်ခွဲ) မပြည့်ခင်ထုတ် ယူရင် ဒါဏ်ကြေး(၁၀%)လောက်ပေးရပါမယ်။

(စ) Fixed Annuity အမျိုးအစားကလွဲရင် ကျန် annuity အမျိုးအစားတွေမှာ မိမိပေးသွင်းငွေဆုံးရှုံး စရာမရှိပါဘူး။ မိမိဝယ်ယူတဲ့ အာမခံကုမ္ပဏီနဲ့ ကိုယ်စားလှယ်agent တွေကဆိုင်ရာပြည်နယ်အစိုးရရဲ့ မှတ်ပုံတင်လက်ဝယ်ရှိသူတွေဖြစ်ကြရပါမယ်။

(ဆ) အသက်ကြီးပိုင်းအငြိမ်းစားတွေအတွက်နောင်ရေးမပူပင်ရတဲ့ ဝင်ငွေပုံမှန်ရှိတဲ့အာမခံမှုကိုရရှိ ကြပါမယ်။

(ဇ) မိမိပေးသွင်းငွေဟာတလုံတခဲထဲဖြစ်ခဲ့ရင် (အများအားဖြင့်ပေးသွင်းကြတဲ့ပုံစံ) ချက်ခြင်းထုတ်ယူ ခွင့်ရနိုင်တဲ့ fixed နဲ့ immediate variables တွေရှိသလို၊ နောင်မှထုတ်နိုင်ခွင့်ရှိကြတဲ့ fixed နဲ့ deferred variables တွေလည်းရှိကြပါတယ်။

(ဈ) သိကြဘို့က Annuity အတိုးနှုန်းတွေဟာ CD လို့ခေါ်တဲ့ Certificate of Deposit  ထက်ပိုများပါ တယ်။

(ည) ဆိုင်းငံ့ deferred အဖြစ်အသက်အရွယ်လူလတ်ပိုင်းဆို စတင်ပရီမီယံကြေးပေးသွင်းကြပေမဲ့ အနည်းဆုံး (၆၅) ကျော်လောက်မှတလုံးတခဲတည်းပရီမီယံစတင်ပေးသွင်းရင်၊ ပြန်ရငွေကောင်း လေ့ရှိပါတယ်။

(ဋ) မိမိစုဆောင်းငွေ 401k အပါအဝင်နဲ့ Social Security benefit နှစ်ရပ်ပေါင်းဟာ လစဉ်ကုန်ကျ စရိတ်ကိုကောင်းကောင်းကာမိတဲ့သူတစ်ယောက်အနေနဲ့  annuity မလိုအပ်ပါဘူး။ အဲ့ဒီအတွက် ကြောင့် annuity ဝယ်ယူသူဦးရေတနှစ်ထက်တနှစ်ကျဆင်းတယ်လို့ သုံးသပ်သူတွေကဆိုကြပါတယ်။ ဒါပေမဲ့ မလုံလောက်လဲ အသုံးစရိတ်ပူပန်ရဘွယ်ရှိကြသူတွေအတွက် annuity ဟာ အသက်ကယ် ဆေးပါ။

(ဌ) သိကြဘို့က annuity ဝယ်ယူသူတစ်ဦးဟာ၊ အာမခံတို့ရဲ့သဘာဝအတိုင်း၊ အခြားဝယ်ယူသူများနဲ့ အတူ risk ကိုပခုံးထမ်းမျှဝေခံစားကြရသူဖြစ်တယ်ဆိုတာကိုနားလည်ကြရပါမယ်။ အဲ့ဒီအတွက် အဲ့ဒီရဲ့ အတားအဆီးကိုခံနိုင်ရေရှိသူဖြစ်ရပါမယ်။ 

(ဍ) သေဆုံးချိန်မှာခံစားခွင့်ထုတ်ပေးငွေပါဝင်လေ့ရှိကြပါတယ်။ (death benefits)

(ပ) variable annuityဟာစရတ်ကြီးတဲ့ ပရီမီယံပေါ်လစီအမျိုးအစားပါ။

(ဏ) မိမိဝယ်ယူတဲ့ပေါ်လစီရဲ့သက်တမ်းကိုသိကြဘို့အရေးကြီးပါတယ်။ မိမိသေဆုံးသည်အထိထုတ် ပေးတဲ့ annuity မျိုးတွေလည်းရှိပါတယ်။

(တ) Fixed annuity ဟာလုံခြုံစိတ်ချရမှုအရှိဆုံးမှုနဲ့၊ အာမခံချက်အပြည့်ရှိမှုကြောင့် လူကြိုက်များလေ့ ရှိကြပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အဲ့ဒီအချက်ဟာပိုလို့အရေးကြီးလာတတ်ဖြစ်လို့ပါ။

(ထ)  annuity အတွက်ကုန်ကျစရိတ်ဟာ မိမိဝယ်ယူတဲ့ ပရီမီယံရဲ့ (ဝ.၃%) လောက်ရှိလေ့ရှိပါတယ်။ 

(ဒ) နားလည်ကြဘို့ဟာ ကတော့ annuity ဟာ ဘဏ်စုဆောင်းငွေအတွက်အကာအကွယ်ပေးတဲ့ FDIC မရှိဘူးဆိုတာပါဘဲ။ 

(ဓ) အချို့သောငွေရေးကြေးရေးနားလည်ကြသူ ပညာရှင်တွေကတော့ annuity ထက် mutual funds ကပိုအကျိုးအမြတ်ရနိုင်တာမို့၊ mutual fund ကိုအားပိုသန်ကြပါတယ်။

(န)  Annuity ဟာ အကန့်အသတ်မရှိဝယ်ယူနိုင်တာမို့၊ ကြွယ်ဝချမ်းသာပြီးအပူပင်ကင်းကင်းလစဉ် ပုံမှန်ငွေရရှိရေးအတွက်အားသန်သူတွေအတွက် ဆွဲဆောင်မှုအတော်ရှိပါတယ်။

(ပ) annuity ရှိသူတွေအတွက်ငွေကြေးကမောက်ကမဖြစ်ချိန်မှာ၊ မူရင်းက risk ကိုအာမခံကုမ္ပဏီက ထဲ့တွက်ပြီးသားမို့၊ မိမိရံပုံငွေကိုထိခိုက်နိုင်စရာအကြောင်းမရှိပါဘူး။

(ဖ) အိမ်ထောင်မရှိသူတစ်ဦးအနေနဲ့ Annuity ကို မိမိအသက်ရှင်နေသမျှခံစားခွင့်ရှိပေမဲ့၊ သေတာနဲ့ ကျန်ငွေဆုံးတဲ့သဘောရှိပါတယ်။ (“Single” Life Annuity)

(ဗ) ငွေဒေါ်လာတစ်သိန်းပရီမီယံကြေးပေးသွင်းသူအနေနဲ့လစဉ်ပြန်ရငွေဟာ $၅၀၀ ပိုပိုသာရှိတတ် ပါတယ်။

(ဘ) မိမိ annuity account ထဲကငွေထုတ်ရင်ဒါဏ်ကြေးပေးရလေ့ရှိပါတယ်။ မနည်းပါ။

 Annuity ကို Life Insurance ရောင်းချပေးသူများထံကတဆင့်ဝယ်ယူနိုင်တာမို့၊ “မြန်မာဂေဇက်” ကြော်ငြာဏ္ဍမှာတင်ပြသူထားသူတွေဟာ အမေရိကရောက်မြန်မာတွေအတွက် အားကိုးလောက်စရာ တွေပါ။ ငွေရေးကြေးရေးကိစ္စပွေလီတဲ့ အမေရိကနိုင်ငံမှာ၊ သက်ကြီးပိုင်းရောက်လာသူတိုင်းအတွက် ကြီးမားတဲ့ ဒုက္ခတခုက မိမိတို့အိုနာစာ(တနည်း) တသက်တာရှာဖွေထားသမျှစုဆောင်းငွေတွေ စိတ်အေးလက်အေးနဲ့ အပျောက်အရှ၊ အလျော့အနည်းမရှိသေတပန်သကိတဆုံးလစဉ်ပုံမှန် ထုတ်ယူ ခွင့်ရရှိရေးဟာ ဗြဟ္မာစိုရ်တရားပါ။

အမေရိကရောက်မြန်မာတွေ ငွေရေးကြေးရေးအပူအပင် ကင်းနိုင်သမျှကင်းရေးအတွက် တထောင့် တနေရာမှ အထောက်အကူတခုလို့ ဆိုကြပါစို။

(ရွှင်လန်းချမ်းမြေ့သော ၂၀၂၂  နှစ်ဆီသို့…)

No comments:

Post a Comment