ဒေသန္တရဗဟုသုတရှာမှီရင်း အပမ်းဖြေခရီးထွက်ခြင်းဟာ လူ့ရဲ့ကျန်းမာရေးကိုကောင်းစွာအထောက် အကူပြုတဲ့အကြောင်းဆေးဘက်ဆိုင်ရာပညာရှင်များက မကြာခနဆိုသလို လမ်းညွှန်ပညာပေးလေ့ ရှိကြပါတယ်။ ခရီးထွက်ကြရတာကိုကြိုက်ကြသူတွေချည့်မို့ ဒီဆိုရိုးစကားကိုစောဒကတက်မဲ့သူမရှိ ဆိုတာယုံမှားဘွယ်မရှိတာကတော့အမှန်ပါ။ ကျန်းမာရေးကောင်းမွန်ပြီး၊ စရိတ်စကကုန်ကျနိုင်ခြင်း ရှိမရှိဟာသာ အခရာအကျဆုံးကိစ္စကြီးနှစ်ခုပါ။ အသက်အရွက်ထောက်ပြီး၊ အငြိမ်းစားဘဝမှာရောက် နေကြပြီဖြစ်တဲ့ မောင်မိုးညိုတို့လင်မယားအတွက်ကတော့ အဲ့ဒီကိစ္စကြီးနှစ်ခုရဲ့အနှောင်အဖွဲ့ကိုအံတုပြီး၊ သက်တမ်းနဲ့ အပြေးပြိုင်နေကြသူတွေပါ။ “သွားနိုင်လာနိုင်တုန်း သွားလိုက်လာလိုက်အုံးမဟဲ့” ဆိုတဲ့ ကြွေးကြော်ချက်ကိုတော့ လက်ကမချသေးပါဘူး။ ခရီးသွားကာလဟာ နွေရာသီကာလတခုတည်းဆို တဲ့ ခေတ်ကာလကကုန်ဆုံးခဲ့ပါပြီ။ ခရီးသွားရာသီဟာ နှစ်လုံးပေါက်ရောက်နေပါပြီလို့ဆိုပါရစေ။ ဘာ ဖြစ်လို့လဲဆိုတော့ လက်ရှိဘဝအခြေအနေတွေနဲ့မအားလပ်မှုတွေဟာ (အထူးသဖြင့် အလုပ်ခွင်ထဲရှိ နေကြသူတွေအပါအဝင်) အချိန်ရတုန်းလေး အခြေအနေကြုံကြိုက်တုန်းလေးဆိုတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ အချိန်ခရီးထွက် ကြရတာပါဘဲ။
ဒီမြန်မာဂဇက်ရဲ့အယ်ဒီတာကြီး ကိုခိုင်ကနွေဦးပေါက်ချိန်ခရီးသွားဆောင်းပါးတွေရေးရင် ပိုကောင်းတာ ပေါ့ဆိုတဲ့ အကြံပေးတာသွားအမှတ်ရမိပါတယ်။ ခုလိုဆောင်းဦးပေါက်ခါစကျမှာကျနော်မျိုးကြီး ခရီး သွားလာခြင်းနဲ့ပတ်သက်တဲ့ဆောင်းပါး ဘာဖြစ်လို့ရေးရလဲဆိုတာကိုဦးစွာရှင်းပြပါမယ်။
(က) ခုချိန်ဟာ Christmas, Thanksgiving Days များအပါအဝင် သီတင်းကျွတ်မိဘကန်တော့ကြ ချိန်မို့ (မြန်မာမိသားစုတွေအပါအဝင်) မိသားစုဆွေမျိုးမိတ်ဆွေတွေတွေ့ဆုံမှုအများဆုံးရှိချိန်ပါ။ ဒီအချိန်မှာ လာမဲ့လများစွာတွေအတွင်းဘယ်ကိုသွားပြီးလယ်လည်ကြမလဲဆိုတာတွေ အပြန်အလှန် စကားပြော နှီးနှောကြဘို့အကောင်းဆုံးအချိန်ပါ။
(ခ) နွေကုန်ပြီမို့ နေရာဒေသအသီးသီးခရီးသွားခြင်းလျော့နဲချိန်၊ ဈေးတွေလျှော့ချချချိန်မို့ (good deals တွေ) အခွင့်အရေးယူလို့အကောင်းဆုံးအချိန်ပေါ့။
(ဂ) ကမ္ဘာ့ဘယ်နေရာဒေသကိုမဆိုသွားရင် ခုချိန်က online reservation ဟာ တောကြိုအုံကြား ခရီး အရောက်အပေါက်နည်းတဲ့အထင်ကရနေရာတွေတောင် ကြိုတင်စာရင်းသွင်းရပါတယ်။ အများအား ဖြင့် ငွေကြိုပေးစရာမလိုဘဲ အနားနီးမှပေးလို့ရသလို၊ အချို့နေရာတွေက (၂၄)နာရီမတိုင်မှီမိမိတို့ရဲ့ reservartion ကို cancel လုပ်ခွင့်ရနေပြီမို့၊ စောစော reservation လုပ်နိုင်လေ အာမခံချက်ရှိလေပါ။ သွားချင်လျက်အားကြီး၊ အားခဲထားပြီးမှ အနားနီးမှ reservation လုပ်တာ နေရာမကျန်တော့လို့ (sold-out) နဲ့ကြုံကြသူတွေအများသားနော။ အထင်ကရနေရာ top attractions တွေဆိုရင် လေးငါး ခြောက် လသာမက၊ နှစ်ပေါက်တောင်ကြိုလုပ်ကြရပါတယ်။ လေယာဉ်ဟိုတယ်ကအစ နောက်မှဆိုပြီး ရက်ဆွဲ ရင်း၊ ရက်နောက်ဆုတ်လေဈေးတက်လာလေဆိုတာမျိုးတွေက ရှောင်လွှဲမရတဲ့အဖြစ်တွေပါ။ ကိုယ် တွေ့ကြုံကြသူတွေလဲအများကြီးပေါ့။ ကိုယ့်credit card account ကငွေဖြတ်ယူမဲ့ရက်၊ လိုအပ်လို့ cancel လုပ်ရရင် ကိုယ့်ငွေအပြည့်ပြန်ရနိုင်မဲ့နောက်ဆုံးရက်နဲ့အချိန် နဲ့ အခြားကန့်သတ်ချက်တွေ ကိုသေသေခြာခြာဖတ်ပါ။ ခရီးစဉ်ကို ဇယားမှတ်တမ်းနဲ့မှတ်တမ်းထားပါ။
ဆိုတော့…စောနိုင်သမျှစောနိုင်လေကောင်းလေကတော့သေခြာသပေါ့။ စပြီး reservations တွေလုပ် ရမဲ့အချိန်ကတော့ ခုလိုဆောင်းဦးပေါက်ဆောင်းတွင်းကာလလို့ဘဲတိုတိုတုပ်တုပ်သတိပါးပါရစေနော။
ကဲ - ဘာတွေပြင်ဆင်သင့်သလဲဆိုတာကို ကျနော့်အနေနဲ့ ခရီးသွားblogs တွေကအကြံပြုချက်တွေ၊ ကိုယ်တိုင်ခရီးသွားရာမှာ “မဖြစ်မနေ”လိုအပ်တာတွေကိုရှာဖွေစုဆောင်းတင်ပြပါမယ်။ ဒီနေရာမှာ ခရီး သွားကြပုံခြင်းတော့ တဦးနဲ့တဦးကွာကြသလို၊ စိတ်ဝင်စားမှုကကွာပါတယ်။ သွားမဲ့နေရာကမိတ်ဆွေရဲ့ အကူအညီပေါ်လုံးလုံးလျားလျားအားကိုးပြီး၊ “သူတို့ပို့ပေးတဲ့နေရာဘဲသွားမယ်”ဆိုပြီးစိတ်နှလုံး ဒုံးဒုံးချ ထားသူတွေအနေနဲ့ကတော့ ရှင့်သပေါ့ဗျာ။ ကုန်ကျသမျှနဲ့လည်းတန်အောင် ရောက်တုန်းရောက်သင့် တဲ့နေရာတော့ရောက်အောင်သွားမဟေ့ဆိုကြသူတွေကတော့ ကျနော့ရဲ့အကြံပြုချက်ကလေးတွေကို သဘောကျကြလိမ့်မယ်ထင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ခရီးသွားပြီဆိုရင် မဖြစ်မနေ (ကိုယ်ကသူများ အားကိုးတောင်) ကြိုစီစဉ်ရတာလေးတွေလဲပါသမို့ ကျနော့ဆောင်းပါးက အကျိုးမယုတ်ဖူးဆိုတာတော့ အာမခံပါတယ်။
(က) reservations စောစောလုပ်ပါ။ ဒီနေရာမှာ ဟိုတယ်၊ လေယာဉ် ကတော့အထင်ကရ www.booking.com ကိုလူသိများပြီး customer services ကောင်းတာကတော့ကိုယ်တွေ့ပါ။ Cruise အတွက်ကတော့ Costco အပါအဝင် websites တွေရှိတာမို့ရှာရမခက်ပါဘူး။ ပြောစရာက tours တွေ ပါ။ tours တွေက(၂)မျိုးရှိပါတယ်။ တခုအလေးပေးပြောချင်တာကတော့ ခုဖေါ်ပြမဲ့ reservations websites တွေက tours မျိုးစုံကိုတစုတစည်းထဲစုစည်းပေးတာဖြစ်ပါတယ်။ အဲ့ဒီမှာ (ဒေသခံ) tour operators တွေရဲ့ offers တွေပေါ်မှာအခြေခံတာမို့၊ ဆိုင်ရာ tour operators တွေရဲ့ websites တွေ မှာ (သွားဝင်ကြည့်ကြဘို့) တိုက်တွန်းချင်ပါတယ်။ တခါတရံ ပိုမိုသက်သာယုံမက ကိုယ့်စိတ်ကြိုက်နဲ့ ကြိမ်းသေပေါက်အာမခံတဲ့ (guaranteed entry) လူကြိုက်များ လေ့လာမှုတွေ ပေးပါတယ်။ ဒါ့အပြင် သွားလေ့လာမဲ့ site/museum တွေရဲ့ ဖွင့်ရက်ပိတ်ရက်နဲ့ အခါအားလျော်စွာပိတ်တဲ့နေ့တွေရှိတတ်ကြ ပါတယ်။ သေခြာရနိုင်မရနိုင်ဝင်စစ်ဆေးပါ။ reservationsလုပ်ပြီးမှ ကိုယ်ရွေးတဲ့ tour ကိုဖျက်သိမ်း ကြောင်း email ပို့အကြောင်းကြားတာမျိုးဖြစ်တတ်ပါတယ်။ တခါတရံမှာ tours တွေကသူတို့သတ် မှတ်တဲ့ လူဦးရေမပြည့်ရင်လည်း ဖျက်သိမ်းတတ်ပါတယ်။ အဲ့ဒီအတွက် ကိုယ်စိတ်ကြိုက် tour တွေ service လုပ်တဲ့ websites alternative ကို(ကြိုတင်)ကြည့်ထားကြပါ။
(၁) တမြို့ဝင်တမြို့ထွက်ဟိုတယ်နဲ့ယာဉ်ကိစ္စကိုအပြီးအစီးတာဝန်ယူတဲ့ Package/Day trip/coach tours ။ ဒီလိုtours တွေက မိမိတို့တည်းခိုနေထိုင်ရာကနေ နာရီအနည်းငယ်ကြာကားနဲ့သွားရတဲ့အခါ မျိုး၊ လုံခြုံရေးအရ၊ အခြား public transport နဲ့သွားရခက်ခဲနားလည်ရမလွယ်ရင်တော့ကောင်းပါ တယ်။ ကျနော့အနေနဲ့တော့ ကိုယ်ဖာသာကိုယ်လမ်းထွင်သွားဘို့မှာ ကရိကထများရင်မှသုံးပါတယ်။ သူ့ရဲ့အားနည်းချက်က သွားမဲ့နေရာအရပ်မှာခွင့်ပြုပေးချိန်နည်းလေ့ရှိပါတယ်။ ခရီးစဉ်နဲ့မဆိုင်တဲ့အ ရောင်းဆိုင်လိုနေရာမျိုးခေါ်သွားပြီးဈေးရောင်းတာမျိုးလုပ်တတ်ပါတယ်။ ကော်မရှင်ရကြလို့ပါ။ အားသာချက်ကတော့ tour bus ကခေါ်တဲ့နေရာမပူပင်ရဘဲအလိုက်သင့်လိုက်သွားယုံမို့ အပူအပင် နည်းပါတယ်။ ဟိုတယ်လဲပါပြီးသားမို့ အစစအဆင်ပြေပါတယ်။
(၂) destination (ဥပမာ- museum) လိုနေရာအထင်ကရနေရာ၊ (သို့မဟုတ်) walking tours, guided tours တခုတည်းသက်သက်ကိုသာပို့တဲ့ tours ။ ဒီနည်းနဲ့ခရီးသွားရတာကို ပိုကြိုက်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ပို့ပေးတဲ့ destination point of interest ဟာ ခရီးသွားခြင်းရဲ့အနှစ်သာရမို့ မိမိ စိတ်တိုင်းကျ လေ့လာကြည့်ရှုခွင့်ရပါတယ်။ ကိုယ်စိတ်မဝင်စားတာကိုကြည့်စရာသွားစရာမလိုဘဲ ကိုယ့် စိတ်ကြိုက် ရွေးခွင့်ရှိပါတယ်။ ဒီနေရာမှာ guided tour ဆိုတိုင်းခရီးစဉ်အစကအဆုံး ကိုယ့်ကို နေရာဒေသအ ကြောင်းလိုက်ပါပြောပြကြတာမျိုးရှိသလို၊ အဲ့ဒီ destination အသွားလမ်းမှာသာရှင်းပြပြီး၊ ရောက်တာ နဲ့ဆိုင်ရာနေရာmuseum လိုနေရာအဆောက်အဦထဲအပေါက်ဝကနေသွင်းပေးတာမျိုးရှိပါတယ်။ တခါတရံ ဆိုင်ရာအဆောက်အဦထဲဝင်ခွင့်မပါတတ်ပါဘူး။ အဲ့ဒီဝင်ခွင့် (entrance privilege) ပါမပါကို အသေအခြာစစ်ကြဘို့လိုပါတယ်။ ဝင်ခွင့်ဆိုရာမှာ လိုင်းစီစရာမလိုတဲ့ (pass/cut the line) ဆိုတာမျိုးကို လည်းကြည့်ကြဘို့လိုပါတယ်။ ထုံးစံအတိုင်း tours တခုချင်းကိုကိုယ်တိုင်စီစဉ်ပြီးကောက်သင်း ကောက် reserve လုပ်ဖို့တော့လိုသဗျနော။ ဒါပေမဲ့ ငွေကြိုသွင်းစရာမလိုသလို၊ customer services တွေကတော့ အတော်ကောင်းတာကိုယ်တွေ့ပါ။ နေရာဒေသတခုသွားတိုင်းကျနော်(ပထမဆုံး)ကြည့်လေ့ရှိတဲ့ website for top attractions https://travel.usnews.com/destinations/ ဖြစ်ပါတယ်။ မဖြစ်မနေကြည့်သင့်တဲ့ရောက်သင့်တဲ့နေ ရာတွေကို ranking လုပ်ထားယုံမက လက်မှတ်ဝယ်ဘို့ links တွေရှိပါတယ်။ နောက်တခုက tour နဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်နေထိုင်လေ့လာကြသူ travel bloggers တွေရဲ့ ကိုယ်ပိုင် websites တွေရှိ ပါတယ်။ အဲ့ဒါတွေက ဒေသတခုနဲ့ပတ်သက်ပြီးခရီးသွားရာမှာဆောင်ရန်ရှောင်ရန်နဲ့ အကြံပြုချက်တွေ ဟာအလွန်အသုံးဝင်ပါတယ်။ အဲ့ဒီနေရာတွေမှာ (First Time visitors) တွေအတွက် recommendations တွေရှိတဲ့ daily planning တွေကိုဦးစားပေးကြည့်ကြပါ။
နံမယ်ကြီးပြီး ဈေးချိုတဲ့ tour websites တွေကတော့ -
(၂-၁) www.getyourguide.com
(၂-၂) www.viator.com
(၂-၃) www.citywonders.com တို့ပါဘဲ။
- တခုခြင်းကအားသာချက်အားနဲချက်တွေရှိပါတယ်။ အဲ့ဒီ websites တွေရဲ့ (Apps) တွေကို download လုပ်ထားဘို့တိုက်တွန်းပါရစေ။ လမ်းခုလပ်မှာခရီးစဉ်ကိစ္စဆက်သွယ်မေးမြန်းချင်ရင် chat box တွေရှိ သလို customer services အလွန်ကောင်းကြောင်းပါ။ tours တခုထက်ပို reserve လုပ်ထားရင် နောက် tours တွေမှာ discount တွေရနိုင်ပါတယ်။ နောက်တခုက (meeting point) ကိုအဲ့ဒီ app မှာဖေါ်ပြခြင်း၊ ထူးခြားတဲ့ခရီးစဉ်သတင်းများကို အချိန်နဲ့တပြေးညီ (up-to-date) အကြောင်း ကြားပေးပါတယ်။ Google/maps ပေါ်အခြေခံထားသမို့၊ ဘတ်စ်/ရထားနဲ့သွားနိုင်တဲ့နည်းလမ်း တွေပါ အဆင်သင့်ကြည့် နိုင်ပါတယ်။
(ခ) SIM Card ကိစ္စ ကတော့ ပေါ့သေးသေးမဟုတ်ပါ။ ဖုံးဆက်နိုင်ဘို့နဲ့ (အထူးသဖြင့်) internet/ data plan ရှိဘို့ဟာ အခရာကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ reservations တွေနဲ့ပတ် သက်တဲ့ notification/communication တွေက တည်းတဲ့ဟိုတယ်ရဲ့ WiFi တခုတည်းပေါ်မှာအားကိုး လို့မရပါ။ လမ်းမှာ Google/maps လမ်းညွှန်နဲ့ meeting points လိုနေရာသွားရာမှာ၊ bus/tram/train /underground tube တွေနဲ့အချိန်ခရီးစဉ်ကိုရှာသွားရာမှာ မရှိမဖြစ်အခရာကျသလို၊ အချိန်ကုန်လူပမ်း သက်သာပါတယ်။ ခရီးမထွက်ခင် Amazon လိုနေရာကနေကြိုမှာယူပြီးကိုယ်သွားမဲ့မြို့အဝင် (သို့မဟုတ်)လေယာဉ်အဆိုက်မှာ SIM card ပြောင်းထဲ့(ပြီး “roaming” setting ပြောင်း)လိုက်ရုံနဲ့ကိစ္စ ပြီးပါတယ်။ တခုတော့ရှိပါတယ်။ ကိုယ်ရဲ့ cell phone ဟာ unlock လုပ်ပြီးသားဖြစ်နေရပါမယ်။ ခရီး မထွက်ခင်ကြိုပြီးunlock လုပ်ပါ။ cell phone device ဘိုးလစဉ်ပေးနေရသေးရင် unlock လုပ်မရတာ ကိုသတိပြုပါ။ internet data plan အနေနဲ့ 20-30GB ဆိုရင် (၂)ပတ်စာလောက်ဖေါဖေါသီသီသုံးနိုင် ပါတယ်။ “Orange Holiday Europe Pre-paid SIM card” က စရိတ်ချိုသာသလို၊ ဥရောပမြို့ကြီးအား လုံးတိုင်းမှာသုံးလို့ရကြောင်းပါ။ ဆိုက်ရောက်ရာမြို့တွေမှာလည်းဝယ်လို့ရကြောင်းပါ။
(ဂ) Passport expiration ဟာ (၆)လထက်မနည်းရှိဘို့လိုအပ်တာမို့ သေသေခြာခြာစစ်ကြပါ။ အနား နီးမှ passport ရုံးပြေးကြရသူတွေဒုနဲ့ဒေးပါ။ biodata ပါတဲ့စာမျက်နှာတွေကိုဓါတ်ပုံရိုက်ပြီး မိသားစု ချင်းထဲဖလှယ်ထားပါ။ ထိုနည်းတူ သွားမဲ့ destinations ကဗီဇာလိုမလိုစစ်ပါ။ ထိုနည်းတူ ပြည်တွင်းမှာ လည်း Real ID ကိုနောက်နှစ်မှာစတင်အသက်သွင်းဘွယ်ရှိတာမို့ ကြိုပြင်ထားရင်၊ passport ကိုပြည် တွင်းခရီးစဉ်တွေမှာသယ်ဆောင်ရမဲ့အတားအဆီးကိုကျော်လွှားနိုင်ကြပါမယ်။ (၂၀၂၅)ခုနှစ်ကစပြီး၊ ဥရောပနိုင်ငံ(Euro)တွေဟာ အမေရိကနိုင်ငံသား U.S. Passports တွေအတွက်လည်း ခရီးသွားလာ ခွင့် permit ကို online ကနေလျှောက်ဖို့လိုလာပါမယ်။ U.S. Passports ကိုင်ထားတိုင်းဘယ်နိုင်ငံမဆို အတားအဆီးမရှိသွားမရဘူးဆိုတာကိုသိကြပါ။
(ဃ) ပြည်ပနိုင်ငံများရဲ့ ငွေကြေးစနစ်နဲ့ credit cards သုံးစွဲနိုင်မှု - ပြည်ပနိုင်ငံရောက်ရင် အကောင်း ဆုံးက VISA (သို့မဟုတ်) MASTER “everywhere worldwide” credit cards တွေကိုဘဲသုံးစေချင် ပါတယ်။ ရှင်းရှင်းပြောရရင် credit card လက်မခံတဲ့ဆိုင်မှာမဝယ်ပါနဲ့။ အခြားအလားတူလက်ခံတဲ့ ဆိုင်တွေရှိပါတယ်။ ဆိုင်တွေတော်တော်များများက handheld devices တွေသုံးတာကိုတွေ့ကြရပါ မယ်။ အားသာချက်က ငွေလဲနှုန်းကိုအဲ့ဒီကတ်သုံးတဲ့အချိန်နေ့ရက်ရဲ့တရားဝင်နှုန်းသက်သက်ကိုသာ သုံးတာမို့၊ ကိုယ့်အတွက်ကောင်းသလို၊ မိမိ credit cards online ငွေလဲနှုန်း($) တန်ဘို့းကိုမိနစ်ပိုင်း အတွင်းသိခွင့်ရပါမယ်။ အကောင်းဆုံး card အနေနဲ့ “Costco ရဲ့ VISA” ကတ်လို့ညွှန်းပါရစေ။ တခု တော့ရှိပါတယ်။ အသေးသုံးအနေနဲ့ tours tips ကအစ (ဥရောပလို) မြို့တွေမှာ အိမ်သာခ (lavatory fee) နဲ့ ရောက်ရာမြို့မှာ အဝတ်လျှော်စက် (laundromat) သုံးတတ်ရင်၊ မြို့ငယ်တွေမှာ ဆိုင်ရာနိုင်ငံ ငွေကြေးကိုသုံးရတာမို့ အသေးသုံးလဲလှယ်သုံးစွဲနိုင်ပါတယ်။ အဲ့ဒါအတွက်ခရီးမထွက်ခင် မိမိတို့ account ရှိတဲ့ဘဏ်မှာကြိုတင်လဲထားနိုင်ပါတယ်။ ဒါပေမဲ့နေ့စဉ်ပေါက်ဈေးနှုန်းအပြင်၊ အပိုဆောင်း services fees တွေအတွက်တနင့်တပိုးပေးရတတ်ပါတယ်။ ဆိုက်ရောက်တဲ့လေဆိပ်မှာလဲ လဲနိုင် ပေမဲ့ဈေးကြီးးတတ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်ခရီးစဉ်က (၂)ပတ်လောက်ကြာမယ်ဆိုရင်တောင် (ဥရောပလိုနေရာမှာ) Euro, Swiss Franc, Marc, Brit Pound ကို (၅၀)ထက်ပို မလဲသင့်ပါဘူး။ ကျနော် ဆို tips ကို U.S.$ ကိုဘဲပေးပါတယ်။
(နောက်လအဆုံးပိုင်းဆက်ပါမည်)
No comments:
Post a Comment