‘ဒီမို’နဲ့ ‘ကရာစီယာ’ ဆိုတဲ့ဝေါဟာရစကားလုံးနှစ်ခုပေါင်းစပ်ပေးလိုက်တဲ့ ဒီနေ့လူပြောများရေပန်းစားတဲ့ဝေါဟာရဟာ ဂရိနိုင်ငံကပေါ်ထွန်းလာကြောင်း လူအတော်များများကသိပြီးကြပါပြီ။ (ဘီစီ-၆)ရာစုမှာ Athens ဒေသမြို့ အခြေအတင်ဆွေးနွေးငြင်းခုံခဲ့ကြတဲ့ “demokratia” (means “rule by the people”) လူသားတိုင်းနဲ့ဆိုင်တဲ့ပိုင်ခွင့်တရပ်ကိုမျိုးစေ့ချခဲ့ပါတယ်။ လူတိုင်းကြိုက်ပြီးဖြစ်ပေမဲ့ဒီကနေ့အထိတော့ အဲ့ဒီအခြေခံ ခံစားခွင့်ကိုတောင် တိုက်ကြခိုက်ကြရယူကြရဆဲပါ။ အတိအကျဆိုရရင် (၅၉၄-ဘီစီ)မှာ ဂရိနိုင်ငံသားလူထုခေါင်းဆောင် Solon ကဒီစနစ်မျိုးစေ့အယူအဆကိုပျိုးထောင်ခဲ့ပါတယ်။ သူ့အယူအဆကတော့ ကြွေးဒါဏ်ခံကျွန်စနစ်ဖျက်သိမ်းပြီး၊ အခြေခံလူတန်စားကို စီမံခန့်ခွဲမှုအာဏာလုပ်ခွင့်ပေးရေးပါ။ (ဘီစီ-၅၀၈)မှာ Cleisthenes ဆိုသူကပိုမိုပီပြင်တဲ့အဲ့ဒီမူကိုဖေါ်နိုင်ခဲ့လို့ (Father of Democracy) လို့တောင်သမုတ်ကြပါတယ်။ သူတို့ကို ကမ္ဘာကသိကြသူနည်းပေမဲ့ (ဘီစီ-၄၇၀) မှာခေတ်စားလာတဲ့ တွေး ခေါ်ပညာရှင် Socrates, သူ့တပည့် Plato (၄၂၈-ဘီစီ)၊ Aristotle (၃၈၄-ဘီစီ) နဲ့ သင်္ချာပညာရှင် Pythagorous (ဘီစီ-၅၇၀) တို့ကိုတော့လူသိများကြပြီး ပိုမိုနက်ရှိုင်းတဲ့အတွေးအခေါ်အယူအဆတွေ ထွန်း ကားလာပါတယ်။ ဒါဟာ “ဒီမိုကရေစီ”ရဲ့သမိုင်း ကြောင်းကိုပြန်ကောက်ရင် မပါမဖြစ်ပါကြရသူတွေပါ။ Socrates ကဆိုခဲ့တဲ့စကားတခုရှိခဲ့ပါတယ်။ “Socrates believed that society could only be improved by better individuals. He thought that giving political power to people who lacked wisdom was dangerous.” အဲ့ဒီအတွက်လည်းကွပ်မျက်ခံရခြင်းလို့သမိုင်းကပြပါတယ်။ ဂရိနိုင်ငံဟာ ဒီကနေ့အထိ ဒီမိုကရေစီရဲ့အနှစ်သာရတွေကိုဖြစ်နိုင်သလောက်ကြိုးစားထူထောင်ရင်း ခိုင်ခံ့အောင်ဆောင်ရွက်နေရဆဲဆိုတာကိုတော့ ကျွန်တော်မျက်ဝါးထင်ထင်ကိုယ်တိုင်လေ့လာခွင့်ရခဲ့ပါတယ်။ “လောကပါလ”လို့ဆိုတဲ့မြန်မာ့လူမှုတောင့်တချက်ကို ထယ်ထယ်ဝါဝါကြီးမဟုတ်တောင်၊ ထိုက်သင့်တဲ့ လူနေမှုစနစ်ကြီးကိုတော့ရရှိနိုင်တဲ့အခြေမှာရှိနေပါပြီ။ မိမိတို့ကိုယ်ကို “နတ်ဘုရား”များသဖွယ်သတ်မှတ်အုပ်စိုးခဲ့တဲ့ လောင်းရိပ်လက္ခဏာများကတော့ရှိဆဲပါ။
ဂရိနိုင်ငံဟာ သူ့နိုင်ငံရဲ့ဆောင်ပုဒ်ကြီးဖြစ်တဲ့ (“Freedom or Death”) ဆိုတဲ့မူကိုအပိုင်ကိုင်စွဲထားနိုင်တဲ့ ဂုဏ်ဒြပ်ရှိနေပါတယ်လို့ ကျွန်တော့အနေနဲ့ရိုးရိုးသားသားမြင်မိပါတယ်။ ဒီနေရာမှာ အမေရိကနိုင်ငံသားဖြစ်တဲ့ကျွန်တော့နိုင်ငံရဲ့ အတိုင်းအတာမူဝါဒနဲ့တော့ကွဲကွာပါတယ်လို့ဆိုပါရစေ။ အမေရိကားဟာ လွတ်လပ်မှုဆိုတဲ့လူမှုစနစ်ကိုပြုစုထိိန်းသိမ်းတဲ့စနစ်ကိုလက်ကိုင်ထားပါတယ်။ ဂရိကတော့ လူသားဝါဒကိုအခြေခံတဲ့ သာတူညီမျှမှုကိုအာရုံပြုပါတယ်။ အဲ့ဒီအတွက် Aegean Sea ကစတင်ခဲ့တဲ့ ဘီစီ-၃၂၀၀) မှာ ယဥ်ကျေးမှုအစပြုတဲ့ Western Civilization ရဲ့အစပြုရာ ဗဟိုချက်မလို့တောင်ဆိုကြပါတယ်။ နတ်ဘုရားများစွာတို့ကိုကိုးကွယ်ခဲ့တဲ့သမိုင်းကြောင်းရှိပေမဲ့ Zeus နတ်ဘုရားဟာသမိုင်းကြောင်းအရှည်ဆုံးနဲ့အထင်ရှားဆုံးပါ။ (ဘီစီ-၇၇၆)အထိ “အမှောင်ခေတ်” (Dark-age) ခေါ်ခဲ့ပြီး (ထင်ရှားတဲ့)ရုပ်ကြွင်းသာဓကမဲ့ခဲ့ပါတယ်။
ဂရိနိုင်ငံအနောက်ဘက်ခြမ်း Olympia မှာ (ဘီစီ-၇၇၆)မှာစခဲ့တဲ့ ပထမဦးဆုံးသော Olympic games ဟာခုချိန် (၄)နှစ်တကြိမ်ကျ ကျင်းပနေပါပြီ။ (Olympiad ဟုခေါ်) ဒါပေမဲ့အဲ့ဒီပြိုင်ပွဲတွေဟာကိုယ်ကာယကိုအရင်းပြုတဲ့ ယှဥ်ပြိုင်ခြင်းဖြစ်လို့ ယဇ်ပူဇော်မှုအငွေ့အသက်မကင်းပါဘူး။ Romans များကြီးစိုးလွှမ်းမိုးရာကာလဖြတ်သန်းချိန်မှာ သူသေကိုယ်သေယှဥ်ပြိုင်မှုတွေရှိခဲ့ကြပါတယ်။ နတ်ဘုရားများရဲ့သြဇာကိုခံယူကျင်းပတဲ့အတွက် သဘာဝလွန်ဖြစ်ရပ်တွေကိုအလေးထားကြပါတယ်။ အကစားအမယ်တွေလည်းတိုးချဲ့လာခဲ့ပါတယ်။ အောင်နိုင်သူကို “သံလွင်ခက်”ပါတဲ့ဦးဆောင်းကို နတ်ဘုရား Zeus ကိုယ်တိုင်ချီးမြှင့်လို့ ‘အနားယူ’ခွင့် ‘peace’ ဆိုတဲ့အယူဝါဒပေါ်ထွန်းခဲ့ပါတယ်။ ခုချိန်မှာတော့နိုင်ငံရပ်ခြားမြို့ကြီးတွေမှာ(၄)နှစ်တကြိမ်အလှည့်ကျ နွေဦးနဲ့ဆောင်းဦးပေါက်တိုင်းကျင်းပနေကြပါပြီ။ ကမ္ဘာမြေတလွှားမှာနေ့စဥ်ကြုံနေတဲ့စစ်မက်တိုက်ခိုက်မှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ လူမှုရေးမညီမျှမှုတွေကို ဆေးကြောကြရင်း၊ မိတ်ဆွေရင်းချာများသဖွယ်ဆုံဆည်းကျင်းပကြတဲ့ပွဲတွေဟာ အဲ့ဒီများစွာသော အဖြစ်ဆိုးတွေကို ကျော်လွန်နိုင်ရေးကြိုးစားမှုတွေပါဘဲ။ မိမိတို့ရှိရင်းစွဲတိုက်ခိုက်မှုတွေဘေးချပြီး “ညီရင်းအကိုမောင်နှမရင်းများသဖွယ်” ပြိုင်ပွဲများကို အနိုင်အရှုံးပဓါနမထားဘဲ ပါဝင်ကြခြင်းနည်းတွေနဲ့ ‘လောကပါလ’စိတ်ဓါတ်တွေဖြန့်ကျက်ပြီးယှဥ်ပြိုင်ခြင်းနည်းနဲ့ ‘အခန့်မသင့်မှုတွေခဝါချ’ကြရခြင်းဟာ မူရင်းအိုလံပစ်ကစတင်ခဲ့တဲ့ ချစ်စရာဓလေ့တွေပါ။
ကဲ…ဂရိကိုအလည်သွားကြရအောင်။
ကြိုတင်သိသင့်တဲ့ ဂရိနိုင်ငံအကြောင်း
(က) ဂရိဘာသာစကား (Greek) အပြင် အင်္ဂလိပ်ဘာသာစကားကိုပြောဆိုကြတာမို့ ပြောဆိုဆက်ဆံရာမှာအခက်အခဲမရှိသင့်ပါဘူး။
(ခ) သာမာန်အားဖြင့်ခရီးသွားလမ်းကြောင်းကျတဲ့မြို့ကြီးတွေဟာနေ့ရောညပါလုံခြုံစိတ်ချရပါတယ်။ solo woman ခရီးသွားများအတွက်လည်းလုံခြုံစိတ်ချရပါတယ်။
(ဂ) ငွေကြေးစနစ်က European Union ဝင်ဖြစ်လို့ (Euro €) ကိုသုံးစွဲပါတယ်။
တည်းခိုနေထိုင်သင့်တဲ့ဟိုတယ်နေရာများ
(က) မြို့လယ်ခေါင်နေရာကိုရွေးပါ။ အချက်အခြာကျတဲ့နေရာတွေဟာ Metro မြေအောက်ရထားများအပါအဝင်၊ အချက်အခြာကျတဲ့ (touristry sites) တွေနဲ့၊ hotel pickup အကြုံးဝင်တဲ့ tour package တွေအတွက်အလွန်အဆင်ပြေပါတယ်၊
(ခ) Plaka, Syntagma, Monastiraki, Koukaki (အနည်းငယ်စျေးပိုကြီး) အရပ်တွေမှာ ရွေးချယ်စရာဟိုတယ်အစားစားရှိကြပါတယ်။
(ဂ) ဟိုတည် တည်းခိုခဟာ အမေရိကားမှာထက် အပုံကြီးသာပါတယ်။ အများအားဖြင့်အမယ်စုံတဲ့ (buffet) breakfast ပါသမို့၊ စရိတ်ငြိမ်းသလို ဆိုင်ရှာရတဲ့ဒုက္ခကင်းပါတယ်။
ဗီဇာလိုအပ်ချက်
(က) အမေရိကနိုင်ငံသားများအတွက် ရက်ပေါင်း(၉၀)အထိ လည်ပတ်ယုံသက်သက်အတွက် ဗီဇာမလိုပါ။ ကိုယ့်ပတ်စပို့ ကသက်တမ်း(၆)လအနဲဆုံးရှိကြဘို့ကိုတော့သတိရှိပါ။
(ခ) အခု(၂၀၂၆)ခုနှစ်ကုန်ပိုင်းထဲမှာ ETIAS (European Travel Information and Authorization System) အသက်ဝင်မှာမို့ အမေရိကနိုင်ငံသားတွေ online လျှောက်ရပါမယ်။ (https://www.etiaseu.com/application ကိုကြိုတင်လေ့လာပါ။)
(ဂ) EES (Entry/exit System) ကခု(အောက်တိုဘာ-၁၂ ရက်၊ ၂၀၂၆) ကစတင်အသက်၀င်တာမို့၊ လက်ရှိ (machine read) ကနေအဆင့်မြှင့်ထားပါပြီ။ (https://travel-europe.europa.eu/ees ကိုကြိုတင်လေ့လာပါ။)
လည်ပတ်ရန်အကောင်းဆုံးရာသီ
(က) တနှစ်ပတ်လုံးလည်ပတ်နိုင်ပါတယ်။ အပူရှောင်ချင်ရင်တော့ (july & August) ကိုရှောင်ပါ။
(ခ) ကျွန်းစုတွေကိုလည်းပူအိုက်ချိန်ရှောင်ရှားသင့်ပါတယ်။
(ဂ) May, June, September & October တို့ဟာဥတုအကောင်းဆုံးအချိန်ဖြစ်သလို၊ ခရီးသွားမထူထပ်လှပါဘူး။ သိကြဘို့ဟာ ဂရိဟာခရီးသွားအများဆုံးဥရောပနိုင်ငံတခုဖြစ်တာကိုတော့ နားလည်းကြရပါမယ်။
Apps နဲ့ SIMs တွေအကြောင်း
(က) Apps တွေဟာ နေ့တဓူ၀ကိစ္စတွေမှာ လက်ကိုင်ဖုံးနဲ့အတူ မရှိမဖြစ် “ဘဝကြင်ဖေါ်” ဖြစ်နေတာကိုနားလည်လက်ခံရင် Apps ဟာလည်းကိုယ့်ဖုံးထဲမရှိမဖြစ်ရှိနေတဲ့ခေတ်ကာလပါ။
(ခ) Uber (သို့မဟုတ်) “FreeNow” App ကိုခရီးမထွက်ခင်ကထဲက download လုပ်ပြီး၊ credit cards နဲ့ အခြားကိုယ်ရေးအချက်များ (passports အပါအဝင်) ထဲ့သွင်းထားပါ။
(ဂ) eSIM ကိုသုံပါ။ “Vodafone” (သို့မဟုတ်) “SIMLOCAL” ဟာအတော့အသုံးဝင်ပါတယ်။ လေဆိပ်မှာဝယ်နိုင်သလို၊ ခရီးမထွက်ခင်ကထဲက (လေယာဥ်ဆိုက်တာနဲ့ activate လုပ်ယုံပါ။) online ဝယ်ထားသင့်ပါတယ်။
(ဃ) အရေးကြီးတာက SIMဟာ ကိုယ်လည်ပတ်တဲ့ကာလအပေါ်မူတည်ရပါမယ်။ နေ့စဥ် Google/maps, talk with tours, taxi, payment တွေအတွက်မရှိမဖြစ်လိုပါတယ်။ တရက်ကို (1GB)နှုန်းနဲ့တွက်ပါ။ FaceBook, ကိုယ့် email/text တွေအတွက်ကလည်းမဖြစ်မနေသုံးရတာကို သတိရှိကြပါ။
(င) အရေးကြီးတဲ့အချက််တခုကတော့ ထဲ့တဲ့SIM မှာ (Roaming - ON) လုပ်ထားပြီး၊ အမေရိကားမှာသုံးတဲ့ cell plan/subscriptions (AT&T, Verizon စသဖြင့်) မှာ OFF လုပ်ထားပါ။ ကိုယ်ဝယ်တဲ့ SIM ကဖုံးနံပတ်မပါ (data plan only) ဆိုရင် မူရင်းနံပတ်ရဲ့ talk/text ကို (ON) လုပ်ထားဘို့လိုပါတယ်။ နိုင်ငံပြင်ပမှာသုံးတဲ့ Apps တွေက confirmation code တောင်းရင် အဲ့ဒီနည်းနဲ့သာ code ကိုရနိုင်လို့ပါ။
(စ) WhatsApp ဟာအသုံးပြုကြလေ့အရှိဆုံးမို့ ကြိုတင် download လုပ်ပါ။ tours ဆက်သွယ်ရေးမှာ အခရာကျပါတယ်။
Credit card use
(က) ဂရိနိုင်ငံတဝှမ်း (အထူးသဖြင့် tourist area) ဆိုင်အအားလုံးလိုလိုက credit cards လက်ခံပါတယ်။ Costco က “VISA” card ဟာ transaction fee မရှိတဲ့အပြင်၊ မိမိဝယ်ယူသုံးစွဲခဲ့တာကို (ဂရိ €) နဲ့အပြင် ($) တန်ဘိုးကို online မှာချက်ချင်းသိနိုင်ကြောင်းပါ။ လိုအပ်ရင်အသေးသုံး (tips) စသဖြင့်အတွက် Currency exchange တွေနေရာတကာမှာ (receipt) နဲ့လဲလှယ်နိုင်ပါတယ်။
(ခ) “Euronet” ငွေလဲစက်ကို လုံးဝ(လုံးဝ)မသုံးပါနဲ့။ ကိုယ့်ဘဏ်ရော သူတို့ဘဏ်တွေက ဒါဏ်ကြေးပေးရပါမယ်။
(ဂ) ကိုယ့်ဘဏ်ကိုတော့ခရီးထွက်မဲ့အကြောင်း ကြိုတင်သတိပေးဘို့မမေ့ပါနဲ့။
အခြားဆောင်ရန် ရှောင်ရန်များ
(က) ဘာသာရေးဆိုင်ရာ touristry sites တွေသွားရင် လက်မောင်းနဲ့ဒူးဖုံးတဲ့အဝတ်အစားကိုဝတ်ပါ။ မရှိရင် ခန္ဓာအောက်ပိုင်းဖုံးတဲ့ shawl ဆောင်သွားပါ။
(ခ) ဟိုတယ်က tap water ကသောက်သုံးရန်သင့်ပါတယ်။ တနေ့တာထွက်မဲ့ခရီးအတွက် Thermos ရေဗူးမှာရေခဲတောင်းထဲ့သွားပါ။ သက်ကြီးပိုင်းများအနေနဲ့ electrolyte အမှုန့်ထုပ် (Pedialyte) များများယူသွားပါ။ ပူပြင်းချိန်မဟုတ်တောင် ပင်ပန်းမောပန်းအိပ်ရေးပျက်ချိန်မှာ အဲ့ဒီ ဖျော်ရည်ရဲ့တန်ဘိုးကိုကောင်း ကောင်းသိသွားပါလိမ့်မယ်။
(ဂ) လူကြိုက်များတဲ့ ဂရိအစားအသောက်တွေကတော့ - Dakos, Greek salad, Souvlaki (နံပြားနဲ့ပတ်ထားသော burritos ကဲ့သို့), Freddo Cappuccino/Espresso (ကော်ဖီဧ), food with olive oil as dip. Greece အစားအသောက်များဟာများများစားစား (big portion) ဖြစ်တတ်တာမို့ order တခုကို(၂)ယောက်မျှစားနိုင်ကြောင်းပါ။
မဖြစ်မနေလေ့လာကြည့်ရှုသင့်တဲ့နေရာတွေ (Historical Greek Landmarks You Can’t Miss)
(က) ကြိုတင်အသိပေးလိုတဲ့အချက်ကတော့ မိမိတို့ကိုယ်တိုင်လက်မှတ်ကြိုတင်တိုက်ရိုက်ဝယ်ယူသွား ရောက်ရင် online ကကြိုတင်ရယူဘို့လိုပါတယ်။ သွားလိုရာအရပ်ရောက်မှဝယ်ရင် ခရီးသွားရာသီမဟုတ်တောင် ခက်ခဲလှပါတယ်။ tour operator နဲ့ သွားရင်လည်း အထဲဝင်ကြည့်ခွင့်ရမရ၊ အချိန်ရမရအပြင် ကိုယ့်ဖာသာလက်မှတ်လုပ်ဖို့လိုမလိုကိုသေခြာအောင်မေးပါ။
(ခ) အထူးသဖြင့်အထင်ကရလို (Parthenon) လိုနေရာပါ။ ရောက်ပြီးဝင်လို့မရ၊ အချိန်မပေးရင် ‘ထီပေါက်ပြီးလက်မှတ်ပျောက်သလို၊ ရောက်ပြီးမှ အပေါက်ဝကပြန်လှည့်ရတတ်ပါတယ်။
(ဂ) Private tour ဆိုတိုင်း ကိုယ်သွားချင်တဲ့နေရာကိုအချိန်မပေးပါ။ အများအားဖြင့် လိုက်ပို့တဲ့ကား/ဘတ်စ်ပေါ်မှာ သမိုင်းကြောင်းကိုရှင်းပြပြီး ရောက်ရာအဆောက်အဦနေရာရှေ့မှာကို့ယ်ကိုချပေးပြီးကိုယ်အစီအစဥ်အတိုင်း ဝင်ကြည့်ကြရပါတယ်။
(ဃ) အရေးကြီးတာက ပြတိုက်လိုနေရာမျိုးသွားရင် ဦးစားပေးကြည့်သင့်တဲ့ပြကွင်းပြကွက်ကိုစာရင်းလုပ်ပါ။ ဖြစ်နိုင်ရင် ပြကွက်ပုံကိုဓါတ်ပုံပါ ပါပါစေ။ များစွာသောပြကွက်တွေထဲမှာ အရေးကြီးနံမယ်ကြီးတဲ့ ပြကွက်လွတ်တတ်ပါတယ်။ ‘ရောက်ပြီးမှ မသိလိုက်၊ မကြည့်လိုက်ရလေချင်း’ ဆိုတာမဖြစ်အောင်ပါ။
(င) hotel pickup ပါတဲ့ tours မျိုး၊ ဒါမှမဟုတ် တည်းခိုရာဟိုတယ်က (၅-၁၀)မိနစ်လောက်သာ လမ်း လျှောက်သွားရမဲ့ (meeting point ဆုံရပ်) ဖြစ်ပါစေ။ အဲ့ဒီမှာ Google/maps နဲ့ text message ကိုအာရုံပြုပါ။ tours date မတိုင်မှီ ဆိုင်ရာ tour company က text message WhatsApp နဲ့ဆက်သွယ်ပါ။
- The Acropolis - တောင်ကုန်းပြင်မြင့်တခုရဲ့အမည်ဖြစ်ပါတယ်။ တောင်ပေါ်မှာ Parthenon နန်းတော်မြို့ရိုးဟောင်း၊ Erecthenon, Propylaea ရှေးဟောင်းအဆောက်အဦများ၊ တူးဖေါ်ရှာဖွေတွေ့ရှိတဲ့ ပစ္စည်းများထိန်းသိမ်းပြသထားတဲ့ Acropolis Museum (တောင်ခြေတွင်)၊ Odean ပြဇာတ်ရုံ
- Theater of Dionysus - ကမ္ဘာ့ရှေးအကျဆုံးကဇတ်ရုံ
3. Ancient Agora of Athens - နှစ်(၅၀၀၀)ကျော်ကြာကလူစုဝေးစည်ကားရာစုရပ် တခုဖြစ်တဲ့အပြင် Socrates က “ဒီမိုကရေစီဝါဒ”စတင်ဟောပြောရာနေရာ ဖြစ်ပြီး (Pynx - ဒီမိုကရေစီမွေးဖွားရာနေရာ)၊ တပည့်ဖြစ်မဲ့ Plato နဲ့ဆုံဆည်းခဲ့ရာနေရာ၊ Socrates ကိုအာဏာပိုင်တွေက သေမိန့်ချမှတ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ် (အနားမှာ သူ့ကိုကွပ်မျက်ခဲ့တယ်လို့ယူဆဘွယ် ဂူသဏ္ဍာန်အဆောက်အအုံပျက်ရှိ)။
4. Temple of Olympian Zeus - dedicated to the ruler of all gods and humans, Zeus, this temple was one of the largest ever built in antiquity.
5. The Arch of Hadrian - Athens မြို့သစ်နဲ့မြို့ဟောင်းတို့ကိုပိုင်းခြားထားတဲ့ ရောမဘုရင် Hadrian ကတည်ဆောက်ခဲ့တဲ့တံတိုင်း။
6. Panathenaic Stadium - ခေတ်သစ် Olympics စတင်ခဲ့တဲ့နေရာကွင်းပြင်နဲ့ပွဲကြည့်စင်ကြီး။ အိုလံပစ်အဆက်ဆက်မှာသုံးခဲ့တဲ့ မီးရှူးတိုင်များ(flames) ကိုလည်းစင်မြင့်အောက်မှာလေ့လာနိုင်ပါတယ်။ လက်ဆင့်ကမ်းသယ်ဆောင်တဲ့ခရီးစဥ်တိုင်းကိုဒီနေရာကနေစတင်တဲ့အလေ့အထရှိနေပါပြီ။
7. Hellenic Parliament - guards changing ceremonies များနေ့စဥ်နာရီပိုင်းတိုင်းသရုပ်ပြမှုကိုလေ့လာနိုင်ပါတယ်။
8. Mount Lycabettus - Athens မြို့ကိုအထက်စီးကနေရှုမြင်နိုင်တဲ့မြင်ကွင်းရှိတဲ့အတွက်သွားရောက်လည်ပတ်သူများပါတယ်။ taxi တွေကတောင်ထိပ်ထိပို့မပေးရင် ချိုသာတဲ့နှုန်းနဲ့တောင်ပေါ်ပို့ဆောင်ပေးနိုင်တဲ့ funicular tram ရှိပါတယ်။
9.“Little Kook” - Christmas, Halloween စတဲ့ decorations ဝေဝေဆာဆာတန်ဆာဆင်ထားတဲ့ ရပ်ကွက်လေးမှာ စားသောက်ဆိုင်၊ အရောင်းဆိုင်တွေရှိနေပါတယ်။
10. Plaka - ကျဥ်းမြောင်းတဲ့လူသွားလမ်းတွေကြားက လူအစည်ကားဆုံးနေရာရပ်ကွက်ကြီး။ (Acropolis အနီး)
11. National Archeological Museum - ဂရိသမိုင်းကြောင်းဆိုင်ရာနှင့်ရှေးဟောင်းရုပ်ကြွင်းများတစုတစည်းထဲရှိရာအကြီးဆုံးပြတိုက်ကြီးမို့ရောက်ဖြစ်အောင်သွားသင့်ပါတယ်။ အနဲဆုံး နေ့တပိုင်းအချိန်ပေးသင့်ကြောင်းပါ။
Athens မြို့မှ သွားရောက်လည်ပါတ်လေ့လာသင့်သော နေ့ချင်းပြန်(သို့မဟုတ်)ညအိပ်ခရိးများ
- Olympia - Athens မြို့ကအနောက်ဖက်ကို (၃)နာရီကျော်ကားမောင်းရတဲ့ မြို့ကြီးတခုဖြစ်ပါတယ်။ ရှေးဟောင်းကမ္ဘာ့အံ့ဘွယ်(၇)ခုမှာပါ၀င်ခဲ့ပြီး၊ ခုချိန်မှာတော့ ရုပ်ကြွင်းမြို့ပျက်အဖြစ်သာကျန်တော့တဲ့ Zeus နတ်ဘုရားကျောင်းတော်ရာ နဲ့ Olympic games များရဲ့ မွေးဖွားရာ (ဒီနေ့တိုင် အိုလံပစ်မီးရှုးတိုင်ကိုရှေးရိုးမပျက်နေရောင်ချည်သုံးစတင်ထွန်းညှိရာ)နေရာ နဲ့ ကမ္ဘာ့ပထမဆုံး ကဇာတ်ပြဇာတ်ကွင်းကြီး တို့ရှိပါတယ်။
- Delphi & Meteora (ညအိပ်ခရီးစဥ်) - Delphi ဟာ ဂရိနိုင်ငံရဲ့ မြို့စောင့်နတ် (Athena) နတ််သမီးရဲ့ သမိုင်းကြောင်းစတင်ရာနေရာပါ။ Zeus နတ်မင်းကြီးက ကမ္ဘာ့အလည်တည့်တည့်ဗဟိုချက်လို့ယုံ ကြည်တဲ့ Omphalos မှတ်ကျောက် (ရှေးဟောင်းမြို့ပျက်မှာ တည်နေရာပြထားသလို) အနားကပြတိုက်ထဲမှာလည်း ကျောက်ထုအစစ်ကိုပြထားပါတယ်။ ရောမနဲ့အီဂျစ်ယဥ်ကျေးမှုရောပြွန်းတဲ့ အဆောက်အဦ၊ တန်ဆာဆင်မှုတွေကိုမြင်တွေ့နိုင်ပါတယ်။ Theater, gymnasium, Apollo နတ်ဘုရားရုပ်တို့တည်ရှိရာမြို့ပါ။ Meteora မြို့ကတော့ တမူထူးခြားပါတယ်။ ရှေးရိုးအယူအဆကိုကျင့်သုံးပြီး တင်းကြပ်တဲ့တရားကျင့်ကြံမှုကိုသုံးစွဲတဲ့ Greek Orthodox ဘုန်းကြီးနဲ့သီလရှင်ကျောင်းများကို လှပဆွဲဆောင်မှုရှိတဲ့တောင်ထိပ်တွေပေါ်တည်ဆောက်ထားတာမို့ အံ့သြဘွယ်ပါ။ ကမ္ဘာလှည့်ခရီးသည်များအနေနဲ့ လုံခြုံတဲ့အဝတ်ဝတ်ဖို့လိုပါတယ်။ မရှိရင် ဘုန်းကြီးကျောင်းအဝင်ဝမှာ အခမဲ့ငှားပေးပါတယ်။ (အတည်မပြုနိုင်တဲ့မှတ်တမ်းကတော့ ဂရိ-အိန္ဒိယနွယ်ဝင် ‘အရှင်နာဂသေန’နဲ့ အမေးအဖြေလုပ်ခဲ့တဲ့ The first doctrine of Buddhism မှာပါတဲ့ ဂရိလူမျိုး’မိလိန္ဒမင်းကြီး’ (Melinda Pinha I) ရဲ့ဇာတိလို့ဆိုပေမဲ့ သာဓကရှာမတွေ့သေးပါ။ ဒါပေမဲ့ မိလိန္ဒမင်းကြီးပုံပါတဲ့ ငွေအကြွေကတော့ရှိခဲ့ပါတယ်။)
- Santorini, Mykonos - ဂရိကိုရောက်ရင် ကျွန်းစု (islands) များကိုသွားဖြစ်အောင်သွားကြပါတယ်။ ဒါပေမဲ့ ဂရိသင်္ဘောဆိပ်ကနေ သွားမဲ့ကျွန်းပေါ်မူတည်ပြီး Speed boats စီးရပါတယ်။ tours နဲ့သွားကြသလို၊ ကိုယ့်ဖာသာသင်္ဘောလက်မှတ်ကြိုဝယ်သွားနိုင်ပါတယ်။ နားလည်ကြဘို့က cruises တွေကိုဦးစားပေးတာမို့ ကိုယ်ရောက်ချိန််မှာ cruise ဆိုက်ချိန်နဲ့ကြုံရင် ကျွန်းပေါ်မှာ လူထောင်သောင်းလောက်ရုတ်ချည်ရောက်ကြတာမို့၊ စားသောက်ဆိုင်အရောင်းဆိုင်တွေပြည့်နေလို့၊ ကြည့်စရာနေရာတွေဝင်မရတာတို့ဖြစ်တတ်ပြီး၊ နောက်ပြန်လှည့်ကြရတာတွေရှိတာကိုသတိပြုပါ။ နောက်တခုက Santorini က Athens ကနေ (၆)နာရီကျော် speed boat စီးရတာမို့၊ ကျွန်းပေါ်မှာညအိပ်သင့်ပါတယ်။ Mykonos ကတော့ (၂)နာရီကျော်သာကြာတဲ့အပြင်၊ Santorini လောက်လူမတိုးလို့ နေ့ချင်းပြန်သွားနိုင်ပါတယ်။ “SeaJet” နဲ့ “Golden Star” တံဆိပ်ပါ အမြန်speedboats တွေဟာအဆင့်မြင့်သန့်ရှင်းပြီးအချိန်တိကျပါတယ်။ Online လက်မှတ်ကြိုဝယ်ဘို့တော့လိုပါတယ်။ နေ့ချင်းပြန်ကအလုပ်ဖြစ်ပါတယ်။ အစောဆုံးထွက်ပြီးနောက်အကျဆုံးအပြန်သင်္ဘောလက်မှတ်ဝယ်ရပါမယ်။ Mykonos ကိုရောက်ပြီးရင်၊ အဲ့ဒီ (new port) ကနေ old port ကို(၁၀)မိနစ်ကြာစီးရတဲ့ခေါက်တို sea-bus ထပ်စီးရပါမယ်။ အဲ့ဒါဆိုမြို့ထဲကြည့်စရာတွေကို (၂-၃)နာရီအတွင်းနှံ့အောင်တဝကြီးအချိန်ဖြုန်းနိုင်ပါတယ်။
- Poseidon - Athens ကနေ (၂)နာရီကားစီးရင် ရောက်နိုင်ပြီး Temple of the Poseidon ဘုရားကျောင်းဟောင်းကိုရောက်နိုင်ပါတယ်။
ကျွန်တော်မောင်မိုးညိုတယောက် အဆင်ပြေချိန်တိုင်း ခရီးသွားတဲ့အလေ့အထရတာ နှစ်အတော်ကြာပါပြီ။ မြန်မာလူမျိုးတယောက်အနေနဲ့ စိတ်ဆွဲနိုင်မှုရှိနိုင်လောက်တဲ့ ဒေသတွေကို လက်တွေ့ကျတဲ့ ‘ဆောင်ရန်၊ ရှောင်ရန်’ နဲ့တကွ (တခြားခရီးသွားဆောင်းပါးတွေမှာ ဖေါ်ပြလေ့မရှိတဲ့ ‘hidden information’) တွေကိုဦးစားပေးဆောင်းပါးရေးပါတယ်။ လေ့လာစရာစိတ်ဝင်စားစရာဆိုတာ internet တခွင်မှာ လက်တဖြစ်အတွင်းရှာနိုင်ပေမဲ့ ကြိုတင်ပြင်ဆင်သိထားသင့်တာတွေကိုဦးစားပေးဖေါ်ပြလေ့မရှိကြပါဘူး။ အခုဆိုရင် ကမ္ဘာ့အံ့ဘွယ်(၇)သွယ် (7-World Wonders) မှာ (၅)နေရာကိုတော့စိစိစပ်စပ် ရောက်ရှိလေ့လာခွင့်ရခဲ့ပါပြီ။
ဒီနေရာမှာ သင်ခန်းစာတခုရလိုက်ပါတယ်။ “When you travel, you pay for it to experience the different culture and society. So, don’t judge it.” ပါလို့။


No comments:
Post a Comment