(၂၀၁၇)အတွင်းချင်းနင်းဝင်ရောက်ပြီးသည်နှင့် မောင်မိုးညိုနှင့်တကွ တစ်ကျောင်းတစ်တန်းတည်းထွက်၊ အလုပ်အကိုင် နှင့်ဝန်ထမ်းဘ၀ခေတ်ပြိုင်ရောက်ရှိကြသူအချို့တို့၊ သက်ပြည့်ပင်စင်စတင်ကြရန်တာစူသော အခါဟုဆိုကြပါစို့။ “အငြိမ်းစား”ဆိုသည်နှင့်တပြိုင်နက်တည်း၊ ပင်စင်စားဟူသောခံစားခွင့်နှင့်စပ်ဆိုင်သော အရေးကိစ္စတို့သည် လည်းဝင်ရောက်လာကြပါသည်။ မောင်မိုးညိုတို့မြန်မာနိုင်ငံ၏လက်ရှိအစိုးရ၀န်ထမ်း ဥပဒေသများက၊ သက်ပြည့်ပင်စင်ကို လူ့သက်တမ်းနှစ် (၆၀)အဖြစ်သတ်မှတ်ထားသည်မို့၊ အငြိမ်းစား ယူချင်သည်ဖြစ်စေ၊ မယူချင်သည်ဖြစ်စေ၊ ယူကြရသည်။
အမေရိကသို့ရောက်ရှိအခြေချကြသူ မောင်မိုးညိုတို့မြန်မာတစ်သိုက်ကတော့ အသက်(၆၀)တွင်ပြေးကောင်း တုန်း၊ အလုပ်ကိုကြုံးလုပ်နေကြရဆဲဖြစ်သည်။ အဘယ်မှာမလုပ်ဘဲနေလို့ဖြစ်မည်နည်း။ အိမ်လခနေ့တဓူဝ အသုံးစရိတ်တွေအားလုံးသောဝဲသြဂအတွင်း၊ အသက်ရှင်သန်ရပ်တည်ရေးကား၊ အလုပ်လုပ်မှဖြစ်မည်ဖြစ် သည်။ ပြီးခဲ့သောရက်ပိုင်းလောက်က၊ မောင်မိုးညိုတို့လုပ်ခွင်က အသက် (၆၅)နှစ်တမ်းဟုယူဆရလောက် သည့် အမျိုးသမီးကြီးတစ်ဦး၊ အငြိမ်းစားယူသဖြင့် လုပ်ဖေါ်ကိုင်ဖက်များက၊ ၀ိုင်းဝန်းပြီးနှုတ်ဆက်ပွဲလေးလုပ် ကြသည်။ (Sweet Escape) ဟူသောစာတမ်းများ၊ အလုပ်နေရာအတော်များများရှိနံရံများတွင်နေရာယူနေ ကြသည်။ (Sweet Escape)ဆိုသည့်စကားအတိုင်း၊ အငြိမ်းစားယူမည့်သူကအူမြုးနေသည်။ အလုပ်လုပ်ကြဆဲ လုပ်ဖေါ် ကိုင်ဖက်များက တီးတိုးတမျိုးကျယ်ကျယ်တဖုံ မနာလိုဝန်တိုသောစကားတို့ဖြင့်ဖုံးလွှမ်းနေသည်။ အငြိမ်းစားယူပြီးနောက်သူမ၏မဟာအစီအစဉ်များကိုတန်းစီချပြနေပုံကို၊ နှုတ်ဆက်ပွဲလာကြသူတွေက သွားရည်တမြားမြားကျကြသည်။ “ငါဘဲဖြစ်လိုက်ပါတော့” ဟုစိတ်ကူးယဉ်ကြသူတွေကလူတိုင်းလိုလို။
စိတ်ကူးမယဉ်ဘဲဘယ်ရှိပါလိမ့်။ မိမိလုပ်သက်တလျှောက်ကုန်းရုန်းလုပ်ခဲ့ရသောအလုပ်မှရသော အငြိမ်းစား ခံစားခွင့်ရပိုင်ခွင့်တို့က၊ မိမိ၏ကျန်ရှိသောသက်တမ်းအတွက်၊ အသင့်စောင့်နေပြီမဟုတ်ပါလော။ ကျန်းမာဘို့၊ သွားနိုင်လာနိုင်ဘို့သာလိုသည်။ ဒါကပျမ်းမျှအမေရိကနိုင်ငံမှဝန်ထမ်းများ၏ အငြိမ်းစားမည့်ဘ၀။ ဒါဆိုလျင် ဒီနိုင်ငံကြီးတွင်မည်သည့် ခံစားခွင့်များရှိမည်လဲ?
(က) Social Security လစဉ်ထောက်ပံ့ကြေး၊ (လက်ရှိအချိန်တွင် အသက် ၆၆နှစ်ခွဲတွင်ခံစားခွင့်ရာနှုန်းပြည့် ထုတ်ယူခွင့်)
(ခ) 401k/403 Retirement savings စသောမိမိအလုပ်လုပ်စဉ်ကအတိုးအပွားရစေသောစုဆောင်းငွေ၊
(ဂ) အစိုးရနှင့်ပြည်သူ့ဝန်ထမ်း public services နှင့် မူလကုမ္ပဏီကြီးများအချို့က ထောက်ပံ့သော ပင်စင် (pension) (အချို့သာ)
(ဃ) Medicare ခေါ်ကျန်းမာရေးစောင့်ရှောက်မှုအာမခံ၊
ဤအရံအကာတို့ကား အမေရိကအပါအ၀င်၊ ခေတ်မှီဖွံ့ဖြိုးသောနိုင်ငံအတော်များများတို့တွင် ရှိဆဲခေတ် စားဆဲ ပင်။ အစီအစဉ်တိုင်းတို့တွင့်ချို့ယွင်းအားနည်းချက်များအနည်းနှင့်အများဆိုသလိုရှိကြသော်လည်း၊ ယျေဘူယျ အားဖြင့်၊ “ပျိုတိုင်းကြိုက်သောနှင်းဆီခိုင်”တခုဖြစ်နေသည်မှာအမှန်။ သို့အတွက်လည်းအလုပ်လုပ်စဉ် သက် တမ်းတလျှောက်စိတ်ဖိစီးမှုနှင့်ပင်ပမ်းနွမ်းနယ်မှုအားလုံးတို့ကိုပြည့်ဖုံးကားချနိုင်သော၊ ဘ၀လူမှုရေးလုံခြုံမှု ကား၊ မောင်မိုးညိုတို့အပါအ၀င်ပြည်ပရောက်နေထိုင်ကြသူတွေအားလုံးတို့အတွက်၊ ဒုလ္လဘတရားကြီးတခုပင်မဟုတ် ပါလား။
မောင်မိုးညိုတို့မြန်မာနိုင်ငံလက်ရှိကျင့်သုံးနေသောအငြိမ်းစားဘ၀၏သက်ရောက်ရောင်ပြန်ဟပ်မှုကိုကြည့်ကြ ပါစို့။ အငြိမ်းစားယူကြရမည်ကိုမြန်မာတို့လွန်စွာကြောက်ရွံ့ကြသည်။ မကြောက်ရွံဘဲဘယ်မှာရှိလိမ့်မည်နည်း။ မိမိရာထူး၊လုပ်ပိုင်ခွင့်ပေါ်တွင်ဖင်ခုထိုင်လျက်ချွေရံသင်းပင်းများ၊ ခံစားခွင့်များစွာတို့ကိုလက်လွှတ်ကြရတော့မည့် ဘ၀ကိုအကြောက်ကြီးကြောက်ကြသည်။ အငြိမ်းစားယူပြီးသည်နှင့်လမ်းဘေးရောက်သွားမည်မှာဧကန်မုချဖြစ် သဖြင့်၊ အငြိမ်းစားယူမည့်ကိစ္စကိုလားလားမျှမစဉ်းစားလိုချင်ကြ။ Congratulations ဟုဆိုလာသူရှိငြားအံ့၊ ထိုပုဂ္ဂိုလ်နှင့်မဟာရန်ဖြစ်ရချေတော့မည်။ အငြိမ်းစားယူခြင်းသည်မြန်မာဝန်ထမ်းတို့အတွက် ဘ၀နိဂုံး၏နိဒါန်းဟု ဆိုရလျင်လွန်အံ့မထင်။ သို့အတွက်ကမ္ဘာ၏ဖြစ်နောက်ကျောတဖက်တွင်အငြိမ်းစားယူသူတို့အူမြူးကြလျက်၊ အလုပ်လုပ်ကိုင်ဆဲလုပ်ဖေါ်များ၏မနာလိုဝန်တိုမှုတွေလွှမ်းမိုးနေကြချိန်၊ မြန်မာနိုင်ငံတွင်ကား၊ မျက်နှာအောက် စိုက်စိတ်ဓါတ်ရောလူပါဂျုံးဂျုံးကျကြရချိန်ဖြစ်သည်။ အလုပ်ထဲကျန်ခဲ့ကြသူတွေပျော်ပွဲဆက်ချိန်ဟုပင်ဆိုနိုင် သည်။ ကိုယ်အထက်ကအရာရှိမင်းအနားယူသည်ဆိုငြားအံ့၊ ၀မ်းသာလုံးဆို့ကြသူတွေလည်းဒုနှင့်ဒေးပင်။
အဘယ့်ကြောင့်ဤသို့ကွာခြားရပါသနည်း။ ၀န်ထမ်းစနစ်နှင့်ဝန်ထမ်းလောကတို့၏မဏ္ဍိုင်ဖြစ်တည်မှုက၊ ဤခြား နားသောဖြစ်ရပ်များကိုပေါ်ပေါက်စေပါသည်။ အနောက်နှင့်တိုးတက်သောနိုင်ငံကြီးများတွင်၊ မိမိအ လုပ်လုပ် ကိုင်သောသက်တမ်းအတွင်းကုန်ရုန်းလျက်အားကြိုးမန်တက်လုပ်ကြရသည်။ ဖြီး၍မရဖြန်း၍မပြီးပါ။ လုပ်နိုင်မှ ထမင်းနပ်မှန်သကဲ့သို့၊ လုပ်နိုင်မှ ဘ၀ရေရှည်အာမခံချက်ခိုင်မာလာနိုင်မည်။ လူ့ဘ၀ရပ်တည်ရှင်သန်ရေးကြီး ဟူသောမဟာအခြေခံကြီးသည်၊ အလုပ်အကိုင်ရှိမှုအပေါ်တွင်များစွာတည်သည်။ အလုပ်မရှိလျင်အနောက် နိုင်ငံများတွင်မရပ်တည်နိုင်ပါ။ သို့အတွက်ကြောင့် Promising job (အာမခံချက်အပြည့်ရှိသောအလုပ်) တခုရှိ နေရေးသည်၊ လူသားတို့အတွက်လွန်စွာအရေးပါကြောင်း၊ တိုးတက်သောနိုင်ငံများကအထင်အရှား သက်သေ ညွှန်းနေပါသည်။ အလုပ်အကိုင်ဟူသောဘ၀အခြေခံအုတ်မြစ်ကြီးကိုတည်ဆောက်ရခြင်းမှာ၊ အမှန်တကယ် အားဖြင့်၊ ဘ၀နေ၀င်ချိန်အတွက်ကြိုတင်ပြင်ဆင်မှုကြီးတစ်ရပ်ပင်ဖြစ်သည်။
နိုင်ငံအသီးသီးတို့၏အငြိမ်းစားယူသောသက်တမ်းကိုမျိုးဆုံသတ်မှတ်ထားသော်လည်း၊ အများအားဖြင့် (၆၀) မှ(၆၅)နှစ်ပြည့်သက်တမ်းသည်၊ လုပ်အားစွမ်းအားစု (workforce) ၏အန္တိမကာလ (peak)အဖြစ်၊ ဆေးပညာ နှင့်ဥပဒေရေးရာရှုထောင့်မှတညီတညွတ်တည်းးသတ်မှတ်ကြသည်။ လာအိုနိုင်ငံကဲ့သို့သောနိုင်ငံတွင်မူ အသက်
(၅၀)လောက်တွင်အငြိမ်းစားမယူမနေရသတ်မှတ်ထားကြောင်းလေ့လာတွေ့ရှိရသည်။ သူ့နိုင်ငံသူ့ဒေသ သူ့အ ကြောင်းပြချက်တို့ဖြင့်ရှိကြသလို၊ သက်တမ်းပေါ်မူတည်၍ အနားယူစေခြင်းသည်လူတန်းစားခွဲခြားရာရောက် သည်ဟု၊ အမေရိကပြည်ထောင်စုတ၀ှမ်းယူဆသဖြင့်၊ ကိုယ်ကအငြိမ်းစားမယူမချင်း၊ “မင်းအနားယူတော့ကွာ” ဟု ဘယ်အလုပ်ရှင်ကမှမတိုက်တွန်းရဲပါ။ မှတ်သားလောက်ဘွယ်ပင်။ သို့တစေလည်း အသက်(၆၀)တွင်းချင်း နင်းဝင်ရောက်ပြီဆိုသည်နှင့် မိမိတို့၏တွေးခေါ်မှု၊ ကြံဆမှု၊ အဆုံးအဖြတ်ပေးနိုင်မှု၊ ခန္ဓာစွမ်းအားများမသိမသာမှ သိသိသာသာကြီးကျဆင်းလာကြသည်ကိုကာယကံရှင်တို့သာအသိဆုံးဖြစ်ပါသည်။
ခေတ်မှီသောနိုင်ငံကြီးများတွင် လူအိုရုံ (ဘိုးဘွားရိပ်သာ)များတွင်၊ မိမိကိုယ်ကိုမိမိမစွမ်းနိုင်ကြတော့သူတွေ အတွက်၊ ကြိုစုဆောင်းငွေတို့ဖြင့်စာရင်းသွင်းငွေပေးကြိုတင်ပြုလုပ်သူတွေပေါများလာသည်။ ဘိုးဘွားရိပ်သာ နေနိုင်ကြသူတွေကား ငွေအင်အားတောင့်တင်းကြသူတွေဆိုပါတော့။ မောင်မိုးညိုတို့မြန်မာပြည်ကြီးတွင်၊ မိမိတို့မိခင်ဖခင်များကို လူအိုရုံသို့ပို့မည်ဆိုသည့်အချက်သည်၊လူမှုရေးအရလွန်စွာရိုင်းစိုင်းပြီးမိဘကို မလျော် မကန်၊ပြုလုပ်ရက်ကြလေချင်းဟု ယူဆကြမည်ဖြစ်သည်။ ဤအယူအဆကားမှားယွင်းသောအယူအဆဖြစ် သည်။ မိမိကလည်းကိုယ်ဖိရင်ဖိမစောင့်ရှောက်နိုင်၊ မစောင့်ရှောက်တတ်၊ စောင့်ရှောက်ရန်လည်းအချိန်မပေး နိုင်ချိန်တွင်၊ တတ်ကျွမ်းသောဝန်ထမ်းများလက်ထဲတွင်အပ်နှံပြီး၊ အချိန်မှန်သွားရောက်လည်ပါတ်ခြင်း၊လေ့လာ အကဲခတ် ခြင်းတို့ကား၊ လက်တွေ့အကျဆုံးမိဘစောင့်ရှောက်ခြင်းမည်သည်ဟု စာရေးသူကထင်မြင်မိပါသည်။ စံနှုန်းပြည့် လူအိုရုံတခုတွင်၊ နေ့တဓူဝလေ့ကျင့်ခန်း၊ ကျန်းမာရေးဝန်ထမ်းအစောင့်အရှောက်၊ ဘာသာရေးနှင့် မိမိတို့စိတ်ဝင် စားဘွယ်ကိစ္စများဆောင်ရွက်နိုင်သော၊ Assisted Living Apartment များဖေါ်ထုတ်ရန် လိုအပ် ပါသည်။ မိသားစုသားချင်းတို့အတွက်လည်းနောက်ဆံတင်းခြင်းကင်းသောယင်းလူအိုရုံများ၊ မြို့တိုင်းရွာတိုင်း တွင်ဖေါ် ထုတ်ကြရန်အချိန်တန်ပေပြီ။ အထူးသဖြင့် ရပ်ဝေးမြေခြား နိုင်ငံတကာရောက်သားသမီးများက မြန်မာပြည် ကြီးတွင်ကျန်ရှိခဲ့သောမိအိုဖအိုများ၏ကျန်းမာရေးကအစလုံခြုံပြည့်စုံမှုကိုအထူးတောင့်တကြမည်မှာမလွဲပေ။ ယခုအခါ အစိုးရလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ၊ လူမှုဝန် ထမ်းဦးစီးဌာနကြီးအောက်ရှိ နေ့ကလေးထိန်းဌာနများဖွင့်လှစ်ထားသည်မှာအတော်ခရီးရောက် နေကြောင်းတွေ့ ရသည်။ ထိုနည်းတူ Senior Daycare Center ကဲ့သို့သော လူအိုစောင့်ရှောက်ရေးနေ့လူအိုရုံ များထူးထောင် လာသောသတင်းများကြားရသည်။ ၀မ်းမြောက်ဘွယ်ပင်။ သို့သော် ဆင့်ပါးစပ်နှမ်းပက်သကဲ့သို့ သာရှိနေသေး သည်။ ဘုန်းတော်ကြီးကျောင်းများ၊ စေတနာ့ဝန်ထမ်းလူအိုစောင့်ရှောက်ရေး နေ့/ညဌာနများ လည်းပေါ်ပေါက် လာပြီဖြစ်သည်။ Professional home health aids များလည်းမွေးထုတ်နေပြီဖြစ်သော်လည်း အစိုးရကဥပဒေ များနှင့်တိတိကျကျအားပေးဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းတွေ့ရသည်။
ဘ၀နေ၀င်ချိန်ကာလအပိုင်းတိုအတွင်းဘ၀သာမောဘွယ်လုံခြုံပြည့်စုံမှုရှိသောပင်စင်စားအငြိမ်းစားလူအိုများဘ၀ကိုထွန်းလင်းတောက်ပနိုင်သော အစိုးရအစီအမံများမြန်မာပြည်သူများအတွက်အရေးတကြီးလိုအပ်နေပြီဟူ၍ သာ။
Virtual Life of Maung Moe Nyo and His Impression of Yesterday,Today and Tomorrow's Burma
Tuesday, August 29, 2017
Friday, July 28, 2017
ပြည်သူ၏၀န်ကိုထမ်းခြင်း
အမေရိကလိုဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံကြီးတွေမှာ ပြည်သူ့ဝန်ထမ်းများတိုးချဲ့ခန့်ထားခြင်း၊ ရာထူးအပြောင်းအရွှေ့ တွေ ဒေါ်နယ်ထရမ့်အစိုးရက အကန့်အသတ်များ အခိုင်အမာချမှတ်ပြဌာန်းမှုများကို မကြုံစဖူးအကြီးအကျယ် ဆောင်ရွက် နေချိန်ဖြစ်ပါတယ်။ ၀န်ထမ်းများနဲ့အုပ်ချုပ်ရေးအဆောက်အအုံဟာအများပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်နေတယ်ဆိုတဲ့အချက်ကို နှစ်ပရိစ္ဆေဒကြာမြင့်စွာမနှစ်မြို့ခဲ့တဲ့၊ ဒေါ်နယ်ထရမ့် အုပ်စုဟာ၊ ၎င်း တို့အစိုးရတက်ပြီးပြီးခြင်း၊ အစိုးရ၀န်ထမ်းများကိုကြီးစွာသော အဟန့်အတားကန့်သတ်မှုများဇောက်ချလုပ်လာ ပါတယ်။ တကယ်တော့ အစိုးရအုပ်ချုပ်ရေး ယန္တရားတွေဟာ “အများပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်နေ တယ်ဆိုတဲ့အချက်”ဟာ အမေရိက အပါအ၀င်တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေမှာ ဆန်းသစ်တဲ့အယူအဆသစ်မ ဟုတ်ပါဘူး။ နိုင်ငံရေးခေတ်အဆက်ဆက်မှာတက်လာသမျှ အစိုးရတွေကကတိက၀တ်တွေထပ်တလဲလဲလုပ် ပြီး၊ မကြေခဲ့တဲ့တာဝန်တွေဖြစ်နေပါ တယ်။ ကြီးမားတဲ့ဘဏ္ဍာရေးဖြတ်တောက်မှုတွေလုပ်တိုင်း လူထုကိုတိုက် ရိုက်ဝန်ဆောင်မှုပေးနေရတဲ့ အစိုးရ ဌာနကြီးများ (ဥပမာ- IRS, Immigration, Department of Motor Vehicle) စတဲ့ဌာန တွေရဲ့ ၀န်နဲ့အားမမျှတဲ့ ၀န်ဆောင်မှုအားနည်းချက်တွေကြောင့်၊ ၀န်ထမ်းများကို ဖြတ် တောက်ခြင်းကိစ္စ ဟာ နောက်တန်းကို ရောက်မှန်းမသိရောက်သွားကြပုံရပါတယ်။
ဒါပေမဲ့အမေရိကနိုင်ငံအပါအ၀င် တိုးတက်တဲ့ဒီကနေ့နိုင်ငံကြီးတွေမှာ အရေးပါလှသောဝန်ထမ်းအကြီးအကဲ (ဥပမာ - IRS, FBI) နဲ့ အစိုးရအကြီးအကဲများ (၀န်ကြီးများ)ခန့်အပ်ခြင်းကိုသမ္မတကတိုက်ရိုက်ပြုလုပ် သော် လည်း၊ အောက်ခြေအဆင့်ဆင့်သော ၀န်ထမ်းအကြီးအကဲများကို၊ လက်အောက်ခံအကြီးအကဲအ ဆင့်ဆင့် တို့ကသာတာဝန်ခံကြပါတယ်။ ရာထူးတိုးခြင်း၊ အရေးယူခြင်း၊ လစာနဲ့ခံစားခွင့်များကိုလည်း ၀င်ရောက် စွက်ဖက် ခွင့်မရှိပါဘူး။ အဲ့ဒီအလုပ်ကို Human Resource/ Human Capital (HR/HC) (လူ့စွမ်းအားအရင်း အမြစ်) ဌာန တွေကကိုင်တွယ်ကြပါတယ်။ ဌာနတခုရဲ့စာရေး(သို့မဟုတ်) အရာရှိဝန်ထမ်းခန့်မယ်ဆိုရင်၊ တစ်ဆင့်မြင့်ဌာန အကြီးအကဲကတစ်ဦးချင်းသော်၎င်း၊ အဖွဲ့လိုက်သော်၎င်း (ရာထူးရဲ့အရေးပါမှုအပေါ်မူတည်ပြီး) လူတွေ့မေးမြန်း ခြင်း (interview) လုပ်ပါတယ်။ လျှောက်ထားသူရဲ့ Resume/Curriculum Vitae ကိုနောကြေ အောင်လေ့လာ ကြရပါတယ်။ သက်ဆိုင်ရာ HR/HCရဲ့ပဏာမစိစစ်မှုမရှိဘဲ၊ အဲ့ဒီလူတွေ့မေးမြန်းခြင်းအဆင့်ရောက်မလာ နိုင်ပါ ဘူး။ အဲ့ဒီအရာရှိရဲ့ဆုံးဖြတ်ချက်ကို၊ အခြားဘယ်အစိုးရ/ ၀န်ကြီးဝန်ကလေးမင်းတို့ဝင်ရောက်စွက်ဖက်လို့ မရပါ ဘူး။ စွက်ဖက်ခြင်းလဲမရှိပါဘူး။ ထူးခြားတဲ့အခြေအနေ ကြောင့်၊ အထက်အရာရှိ (သို့မဟုတ်) အခြားလုပ် ပိုင်ခွင့် ရှိသူတစ်ဦးဦးက ၀င်ရောက်စွက်ဖက်ရင်လည်း ကြိုးကြောင်းဆီလျော်တဲ့ ခိုင်မာတဲ့အကြောင်းပြချက် တွေမှတ် တမ်းမှတ်ရာပြုရပါတယ်။ အမေရိကနိုင်ငံမှာ မှတ်တမ်းဝင်အစိုးရဆောင်ရွက်အားလုံးတို့ဟာ ကျမ်းကျိမ် ထွက် ဆိုဘိသကဲ့သို့ (under oath) ဖြစ်တဲ့အတွက် ကြောင့်၊ ဆောင်ရွက်မှုမှန်သမျှတို့ဟာ အမှာအယွင်းရှိခဲ့ရင်၊ (ကိုယ့်နောက်ကအရိပ်တခုလိုလိုက် နေတာကြောင့်) ဘယ်သူမှ အမှားမလုပ်နိုင်ကြပါဘူး။ အဲ့ဒီအတွက် ကြောင့်
အမေရိကနဲ့တိုးတက်တဲ့နိုင်ငံကြီး များရဲ့ ပြည်သူ့ရေးရာဝန်ထမ်းကိစ္စရပ်ကြီးဟာ အတိမ်းအစောင်း နည်းနိုင်သမျှ နည်းတဲ့ လူရိုသေရှင်ရိုသေဘ၀မှာ ရှိနေဆဲပါ။ Public service ဆိုတဲ့ဂုဏ်ဒြပ်ဟာအင်မတန်ကြီးမား ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာကပြည်သူ့ဝန်ထမ်းတွေရွေးချယ်ခြင်း၊ ခန့်အပ်ခြင်း၊ အရေးယူခြင်း၊ တို့နဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့၊ ဗဟိုဦးစီးစနစ်နဲ့ တိုက်ရိုက်ခန့်တဲ့စနစ်ဆက်လက်ကျင့်သုံးသက်ဇိုးရှည်နေဆဲ ဖြစ်နေတာကိုတွေ့ရပါတယ်။ ပြန်တမ်းဝင်အရာရှိ (Gazetted Officer) ရာထူးများကို ရာထူးဝန်အဖွဲ့ကကိုင်တွယ် ရွေးချယ်ပြီး၊ Non-gazetted ရာထူးများကိုသက်ဆိုင်ရာဝန်ကြီးဌာနကတိုက်ရိုက်ကိုယ်တွယ်ဆောင်ရွက်တဲ့ယျေ ဘူယျဝန်ထမ်းဝင်ပေါက် (in-put) ကရှေးရိုးဗြိတိသျှစနစ်ကိုလိုက်နာဆဲပါ။ ယခုဆောင်းပါးရေးနေဆဲအချိန်မှာ တိုက်တိုက်ဆိုင်ဒေါ်အောင်ဆန်းစုကြည်မှ “မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ စီမံချက်ထုတ်ပြန်ပွဲ”ဆိုင်ရာဖွင့်ပွဲအခန်းအနား မှာ မိန်ခွန်းပြောသွားတာကို (၂၀၁၇ ဇူလိုင် ၁၂ ရက်) ထုတ် သတင်းစာတွေမှာ ပလူပျံအောင်တွေ့ရပါတယ်။ တရိပ်ရိပ်ကျဆင်းနေတဲ့ ပြည်သူ့ဝန်ထမ်းများရဲ့စွမ်းရည်များ၊ ထိန်းမနိုင်အောင်ပျက်စီးယို့ယွင်းနေတဲ့ စာရိတ္တပိုင်း ဆိုင်ရာတို့ကြောင့် အများလူထုက ပြည်သူ့ဝန်ထမ်းများ အပေါ်ယုံကြည်ကိုးစားမှုမှုဟာ ခုချိန်မှာ အ၀ီဇိအောက်ရောက် နေပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျာက်ရေးကို၊ ယခင်အစိုးရလက်ထက်(၂၀၁၃) စက်တင်ဘာမှာအာဏာ တည်ခဲ့တဲ့လာဘ်ပေးလာဘ်ယူမှုဥပဒေကနေ၊ (၂၀၁၄) ဇူလိုင်လမှာ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ” ဟာ စာရွက်ပေါ်မှာဘဲအသက်ရှင်လျက် ရှိပါ တယ်။ (၂၀၁၆)နှစ်ဦးပိုင်းမှာအာဏာရလာတဲ့ သမ္မတဦးထင်ကျော် လက်ထက်မှာ ဒီအကျင့်ပျက်ချစားမှုတွေကို လုံးဝ (လုံးဝ) သည်းခံမှာမဟုတ်ကြောင်းရွေးကောက်ပွဲကတိက ၀တ်အတိုင်း သံမဏိစည်းမျဉ်းထုတ်ပြန်ခဲ့ပါ တယ်။ အဲ့ဒီနေ၀င်မီးငြိမ်းအမိန့်ကြောင့် အစိုးရအရာရှိကြီးများ လာဘ် ယူမှုတွေတန့်သွားပြီး၊ နောက်ဆက်တွဲ အနေနဲ့ အစိုးရယန္တရားကြီးရပ်သွားသလိုဖြစ်သွားပါတယ်။ တကယ်တော့ တည်ဆဲအစိုးရလက်ထက်မှာရှိကြတဲ့ အမြဲတမ်းအတွင်းဝန် အပါအ၀င်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြား ရေးမှူးနဲ့ ၀န်ထမ်းအဖွဲ့အစည်းအကြီး အကဲများဟာ၊ အားထုတ်ကြိုးပမ်းခြင်းအလျင်းမရှိဘဲ၊ နေ့စဉ်မစဲအသဲသဲအလိုအလျောက်ဝင်လာတဲ့ (မလိုချင် တော့လောက်အောင်အတောမသတ်ရနေတဲ့) လာဘ်ပါသက၀င်ငွေ များဟာ သြချရအောင်အင်မတန်ကြီးမားတာ၊ ငြင်းမရတဲ့လူသိရှင်ကြားသာဓကတွေပါ။ သက်သေတခုအနေနဲ့ ပြရရင် သူတို့ရဲ့သားသမီး အသိုင်းအ၀န်းကနေ့ စဉ်သူဌေးသုံးသုံးနိုင်တဲ့နေထိုင်မှုဘ၀၊ ပြည်ပသို့အကန့်အသတ် မရှိကြေးကြီးပေးလယ်ပါတ်သွားလာနိုင်မှု၊ တန်းဘိုးအမြင့်မားဆုံးသော တက္ကသိုလ်အဆင့်မြင့်ပညာများတွင်ပညာသင် ကြားနိုင်မှုတွေက ထင်ရှားလှတဲ့ သာဓကတွေပါ။ လက်ရှိအမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် တစ်ဦးရဲ့လစာဟာ (၅)သိန်း (US$ ၅၀၀) ပါဘဲ။ အဲ့ဒီအမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ်တစ်ဦး ဟာ သူ့သားသမီးတစ်ဦးဦးကို အမေရိကလိုနိုင်ငံကြီးရဲ့(ဈေးအသက်သာဆုံး)တက္ကသိုလ်ကြီးတခုမှာ တစ်လကို ပျမ်းမျှ (US$၂၅၀၀) ပေးပြီး၊ ဘယ်လိုကျောင်းထားနိုင်ကြပါသလဲ? လက်ရှိအမြဲတမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်တိုင်းဟာ ခုချိန်မှာ အဲ့ဒီအသုံးစရိတ်ကို မျက်စေ့မှိတ်သုံးနိုင်ကြပါတယ်။ နောက်ဆက်တွဲ အနေနဲ့မြန်မာ့စီးပွားရေးဟာ ရပ်တန့်ကျဆင်းသွားပါတယ်။ အာဏာရ NLD ပါတီအကြီးအကဲရဲ့လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုချက်အရ၊
ယခင်အစိုးရကခန့်ထားခဲ့တဲ့ ဌာနအကြီးအကဲတွေရဟာ ယခင်အစိုးရစစ်ဗိုလ်ချုပ်များအ ပေါ်သစ္စာဆက်လက်ရှိ နေသေးမှု၊ မိမိတို့တရားမ၀င်ရရှိနေသေးတဲ့ လာဘ်ပါသကလက်ရှိအစိုးရရဲ့အမိန့်ကြောင့်ဝင်ငွေလျော့နည်းသွား မှုတွေ ကြောင့်၊ “မလုပ်၊ မရှုပ်၊ မပြုတ်” လုပ်ရပ်တွေကြောင့်ဆိုပြီးဖေါ်ပြခဲ့တာကိုကြည့်ပါ။ တကယ်တော့ မြန်မာ့ စီးပွား ရေးဟာ ဆိုခဲ့သလို“အထနှေးတဲ့အဆင့်” သာမက၊ “ဖင်ထိုင်ကျ”တဲ့အဆင့်ရောက်နေပါပြီ။ ဒီအချက်ကိုဒေါ် အောင်ဆန်းစုကြည်ကမီးမောင်းထိုးပြခဲ့ပြီး၊ အစိုးရနဲ့ပါတီက ပြင်းပြင်းထန်ထန်အရေးယူတော့မှာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းကြေငြာခဲ့ပါတယ်။ အမေရိကရဲ့ နိုင်ငံတကာအပေါ်ထောက်ပံ့ကူညီရေးဟာ အလှမ်းဝေးယုံမက၊ အခုအချိန်မှာ ရှိဆဲမဖြစ်စလောက်အထောက်အပံ့ (USAID လိုထောက်ပံ့မှုတွေ)မဖြတ်တောက်မလျှော့ချဘူး လို့အာမမခံနိုင်တော့ပါဘူး။ အမေရိကရဲ့အထောက်အပံ့ကိုစောင့်နေကြတဲ့ကျန်ဥရောပနဲ့ ဖွံဖြိုးပြီးနိုင်ငံများရဲ့ အထောက်အပံ့များဟာလည်း အများကြီးဆုတ်ဆိုင်းသွားစရာရှိပါတယ်၊ (အကျိုးအမြတ်မြက်မြက်ကလေးတွေ ကြိမ်းသေပေါက်ရနိုင်တယ်ဆိုတဲ့စီးပွားရေးအကွက်အကွင်းရှိနိုင်ပါမှ။) တဖက်ကလည်း အလှမ်းဝေးနေသေးတဲ့ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်များရဲ့ရာသက်ပန်အပြစ်အခတ်ရပ်စဲရေး၊ လူမျိုးရေးနဲ့ဘာသာရေးမတည် ငြိမ်မှုတွေက အစိုးရကိုမကြုံစဖူးအကြီးအကျယ်စိမ်ခေါ်နေပါတယ်။ စီးပွားရေးလုပ်ငန်းကြီးများကလည်း စီးပွား ရေးကို ဦးစားပေးဘို့ လက်ရှိအစိုးရက အကြီးအကျယ်ပျက်ကွက်နေတယ်လို့ ပြစ်တင်နေချိန်ဖြစ်ပါတယ်။ အစိုးရရဲ့လုပ်နည်းလုပ်ဟန်တွေဟာနေ့စဉ်သတင်းစာမှာ၊ အရင်အဆက်ဆက်သော အစိုးရရဲ့ လုပ်နည်းလုပ်ဟန် အတိုင်းအပြောင်းအလဲလုံးဝမရှိဆက်လက်ကျင့်သုံးကြရင်း “ပွဲတက်အစိုးရ” (celebrity administration) အဖြစ် နဲ့အထင်းသားမြင်နေရတုံးပါဘဲ။ ဒါတွေဟာငြင်းမရတဲ့ လက်တွေ့ဖြစ်နေတာတွေပါ။ ဒီနှစ်ပရိစ္ဆေဒကြာပျက် စီးယို့ယွင်းမကပျက်စီးနေတဲ့ ၀န်ထမ်းလောကရဲ့ စာရိတ္တနဲ့ စွမ်းဆောင်ရည်ဟာ လူထုရဲ့ ကိုးစားမှု အနိမ့်ဆုံးဘ၀ ရောက်နေတဲ့အဖြစ်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ website မှာဖေါ်ပြထားတာကို မူရင်းအတိုင်းကောက်နှုတ် ဖေါ်ပြလိုက်ပါတယ်။
“ နိုင်ငံ့ဝန်ထမ်းများနှင့်မြန်မာပြည်သူများအကြား လက်ရှိဆက်ဆံရေးတွင်မကြာခဏဆိုသလို၊ ပွင့်လင်းမြင်သာ မှုမရှိမှု၊ အဂတိလိုက်စားမှု၊ တိုင်ကြားမှု၊ တိုင်ကြားမှုနှင့်နစ်နာမှုတို့အတွက် တုန့်ပြန်ဆောင်ရွက်ပေးနိုင်ခြင်းမရှိမှု တို့ကိုတွေရပါသည်။ အစိုးရဌာနများ၏လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလပ်နည်းများသည် ရှုပ်ထွေးပြီးရှင်းလင်း ပြတ်သားမှု မရှိဟု အများပြည်သူကရှုမြင်လေ့ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းများအပေါ်ယုံကြည်ကိုးစားမှုမရှိဘဲ အခြေခံဝန်ဆောင်မှုရရှိရန်အတွက် လာဘ်ပေးရမှုများသည် ဖြစ်ရိုးစဉ်ဖြစ်တစ်ခုကဲ့သို့ဖြစ်နေပါသည်။ ပြည်သူ များမှ တိုင်ကြားမှုများ မည်သို့ပြုရမည်ကိုသေချာစွာမသိဘဲ၊ အကယ်၍တိုင်ကြားမှုများပြုလုပ်လျင်လည်း အရေးယူဆောင်ရွက်မှုများရှိပါမည်လားဟူသော သံသယများရှိနေကြပါသည်။”
“UNDP မှ ၂၀၁၅ခုနှစ်ဆောင်ရွက်ခဲ့သော ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်အခြေအနေလေ့လာမှုတွင် ဖြေဆို သူ(၅၉%)က ၎င်းတို့သည် (အစိုးရမှအခမဲ့ပေးသင့်သော) ဆေးဝါးများကိုရရှိရန်အတွက် အစဉ်အမြဲငွေပေးရ သည်။”
“ပြစ်ဒဏ်ပေးမှုများရှိလျင်လည်း အဂတိလိုက်စားမှုနှင့်ညီမျှသော ပြစ်ဒဏ်များခံရပါသလားဟုသဘောထား အမြင်စစ်တမ်းမေးမြန်းသောအခါတွင်လည်း အများစုက ‘တခါတရံ’ (၄၄%) နှင့် ‘ရှားပါးသည်’ (၁၈%) ဟုဖြေကြပါသည်။”
လက်ရှိအစိုးရကယမန်နှစ်သြဂုတ်လကတည်းကအစပျိုးခဲ့တဲ့ ကျယ်ပြန့်တဲ့အဆင့်ဆင့်ဆွေးနွေးပွဲများ၊ နယူးဇီလန်လိုပြည်ပ နိုင်ငံတွေမှာရာထူးဝန်အဖွဲ့နဲ့တတ်ကျွမ်းမှုဆိုင်ရာပုဂ္ဂိုလ်များရဲ့ လေ့လာရေးထွက်လေ့လာ ခဲ့မှုတွေအပေါ် ကနေ ပေါ်ပေါက်လာတဲ့ ဒီမဟာဗျူဟာပြုပြင်ပြောင်းလဲရေး နယ်ပယ်ကြီး (၄) ခုကိုသတ်မှတ် ခဲ့ပါတယ်။
(က) နိုင်ငံ့ဝန်ထမ်းအုပ်ချုပ်မှုပုံစံသစ် - ၀န်ထမ်းများအားဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုထူထောင် လိုသောသဘောထားကိုထင်ဟပ်တဲ့ဦးတည်ချက်များရှိစေရေး နဲ့ ရာထူးဝန်အဖွဲ့လုပ်ငန်း/လုပ်ငန်းလုပ်ပိုင် ခွင့်များခိုင်မာရှင်းလင်းစေရေး။
(ခ) အရည်အချင်းကိုအခြေခံ၍စွမ်းဆောင်ရည်ကိုဦးစားပေးသောအလေ့အထဖေါ်ထုတ်ရေး။
(ဂ) ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန်ခေါင်းဆောင်နိုင်မှုနှင့်စွမ်းရည်များမြှင့်တင်ရေး။
(ဃ) နိုင်ငံ့ဝန်ထမ်းကဏ္ဍပွင့်လင်းမှု၊ တာဝန်ခံမှုနှင့်တာဝန်ယူမှုဖြစ်စေရေး။
ဖေါ်ပြပါမဟာဗျူဟာစာတမ်းကိုလေ့လာကြည့်ရာမှာ ကျွမ်းကျင်မှုဆိုင်ရာဝေါဟာရများနှင့်သာပြည့်နှက်နေပြီး၊ အများပြည်သူကို တိုက်ရိုက်အသိပေးသော ထင်သာမြင်သာသည့် အပြောင်းအလဲများကိုဖေါ်ပြထားခြင်းမရှိ ပါဘူး။ ဆွေးနွေးစီစဉ်ကြသူ stakeholders များအနေဖြင့် ပြောင်းလဲလိုသောအချက်များရှိနိုင်မှာမှန်သော်လည်း၊ စာတမ်းတွင်တိတိကျကျဖေါ်ပြထားခြင်းမရှိသေးပါဘူး။ သို့သော်လည်းအချိန်တိုကာလအတွင်း ဤအပြောင်း အလဲ ကြီးခုဖြစ်လာနိုင်ရေးဟာ တကယ်တော့မလွယ်ကူသေးသလို အားလုံးကသည်းခံကြရမှာဖြစ်သလို၊ လူထုရော အစိုးရကပါ ဥစ္စာရင်လိုဥစ္စာရင်ခဲဆောင်ရွက်ကြဘို့လိုပါတယ်။
အဓိကမီးမောင်းထိုးပြလိုတဲ့အချက်ကတော့ -
(က) လက်ရှိကျင့်သုံးနေတဲ့ ညွှန်ကြားရေးမှူးချုပ်တွေက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြန်တမ်းဝင်အရာရှိကဲ့သို့သော ရာထူးများ ရဲ့ခန့်ထားရေး၊ အရေးယူရေးပြောင်းရွှေ့ရေးတွေလုပ်နေတာတွေကို၊ ဖျက်သိမ်းဘို့လိုပါလိမ့်မယ်။
(ခ) ရာထူးဆိုင်ရာကိစ္စများကိုကိုင်တွယ်ကျင့်သုံးခြင်းနည်းနဲ့ မိမိကိုယ်ကိုတန်ခိုးထွားစေမဲ့ လုပ်နည်းလုပ်ဟန် တွေ ဖယ်ရှားရပါမယ်။ ရာထူးဆိုင်ရာကိစ္စများကိုင်တွယ်ခွင့်ကိုအသေဆုပ်ကိုင်ဖင်ခုထိုင်တဲ့စနစ်ကြီးကိုဖျက်သိမ်းရပါ မယ်။
(ဂ) HR/HC ကဲ့သို့သောသီးသန့်ဌာနများသတ်မှတ်ပြီး၊ ရာထူးကြီးငယ်ဝင် ပေါက်များအဖြစ်သတ်မှတ်ရပါမယ်။ (ဃ) ရာထူးဝန်အဖွဲ့ကပြန်တမ်းဝင်အရာရှိရာထူးများကိစ္စကိုင်တွယ်ခြင်းဟာ လက်တွေ့မကျတော့သလို၊ ခေတ် နဲ့မညီတော့သလို ဖျက်သိမ်းသင့်တဲ့ကိစ္စပါ။ ရာထူးဝန်အဖွဲ့ဟာမိမိကိုယ်ကိုမိမိ HR/HC အဖြစ်သတ်မှတ်၍၊ အစိုးရဌာနများ၏ရာထူးခန့်ထားခြင်းကိစ္စများတွင်ဝင်ရောက်လွှမ်းမိုးစွက်ဖက်ခြင်းထက်စောင့်ကြည့်ဆန်းစစ်နေ သောအဖွဲ့အနေဖြင့်သာရှိနေသင့်ပါတယ်။ တနေ့တချိန်မှာ အစိုးရ၀န်ထမ်းအားလုံးတို့ရဲ့ ၀င်ပေါက်ရာထူးထိန်း ညှိခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ လစာ (pay) နှင့်ခံစားခွင့်များ(benefits)များကိုစုစည်းဖြန့်စေခြင်း၊ စသည်တို့ကို သာဆောင်ရွက်တဲ့ Office of the Personal Management အဆင့်အဖြစ်ဦးတည်သွားနိုင်ရပါမယ်။ ၀န်ထမ်း ရေးရာဥပဒေကိုတွန်းအားပေးစောင့်ကြပ်တဲ့ဌာနကြီးတခုပါ။ ရာထူးခန့်ထားရေးအဖွဲ့အနေနဲ့မရှိသင့်တော့ပါ။
(င) မိမိအားခန့်ထားသူ (ရာထူးခန့်အပ် သူတဆင့်မြင့် အရာရှိ) ဟာမိမိလုပ်ရည်ကိုင်ရည်ကိုလုပ်ထုံးလုပ်နည်းများ နဲ့အမြဲလေ့လာမှတ်တမ်းတင် ဘို့လို အပ် သလို၊ အဲ့ဒီဝန်ထမ်းရဲ့ရာထူးတိုးရေး၊ အရေးယူရေးကိစ္စအ၀၀ ကိုကိုယ် တိုင်ခေါင်းခံဘို့လိုပါတယ်။ အဲ့ဒီဝန်ထမ်း မကောင်းရင်အဲ့ဒီအရာရှိမှာလည်းတာဝန်ရှိတယ်ဆိုတဲ့ လုပ်နည်း လုပ်ဟန်ပါ။
အစိုးရရဲ့လက်ရှိရာထူးဆိုင်ရာကိုင်တွယ်ကျင့်သုံးပုံကိုကြည့်ရင်၊ မိမိရာထူးနဲ့ဆိုင်တဲ့လုပ်ဆောင်ဘွယ်ရာကိစ္စများ ထက်၊ ၀န်ထမ်းများဆိုင်ရာကိစ္စများကိုင်တွယ်နေကြရတာကို ခုံမင်နေကြတာအသေအချာပါဘဲ။ ဒီအခွင့်အထူး ကြီးကိုလက်လွှတ်မခံနိုင်ကြသလို၊ မရရှိကြတဲ့သူတွေကလည်း အလုအယက်လိုချင်ကြပါတယ်။ နေ့တဓူဝကိစ္စ တွေကိုကြည့်ရင်အထက်အရာရှိတွေရဲ့အမိန့် ညွှန်ကြားချက်များကိုသာ အလေးစိုက်ကြခြင်းနဲ့ကျန်အချိန်တွေမှာ ၀န်ထမ်းရေးရာကိစ္စတွေကိုဖင်ခုထိုင်ပြီး၊ မိမိတန်ခိုးအာဏာခိုင်မြဲတို့းပွားရေးကိုသာ အလေးထားကြပါတယ်။ လုပ်ငန်းဆောင်ရွက်မှုတွေကိုတော့ လူသိရှင်ကြားနဲ့အများကချီးကျူးနိုင်ချေရှိမယ်ဆိုမှသာဆောင်ရွက်ပါတယ်။ လူထုအတွက်ရေရှည်တိုက်ရိုက် အကျိုးပြုမဲ့ ကိစ္စမျိုးကိုအမုန်းခံပြီး(အမုန်းခံပြီး) ယောင်လို့တောင်လုပ်မဲ့ပုံ မပေါ်ပါဘူး။ ဒီလိုရေးသားတဲ့အတွက်စာရေးသူကို “ဝေဖန် ရေးသမားသက်သက်၊ ကိုယ်သိပ်သိနေရင် လာလုပ် ပါလား” လို့ဆတ်ဆတ်ထိမခံပြန်ရန်တွေ့လိုကြမယ့် အနာပေါ်ဒုတ်ကျသမားတွေရဲ့ဖြစ်နိုင်ချေဆိုစကားတွေကို လည်းမြင်ယောင်မိပါတယ်။ အဆိုးဆုံးကတော့ မိမိအားပေး အပ်ထားတဲ့ရာထူး/လုပ်ပိုင်ခွင့်ကိုကိုယ်ပိုင်ပစ္စည်း သဖွယ် အသုံးချနေကြခြင်းပါဘဲ။ public service ရာထူး ဆိုတာ ကိုယ်ပိုင်ပစ္စည်းမဟုတ်ပါ။ လူထုကပံ့ပိုးတဲ့ အခွန်အခကိုစားပြီး၊ ပြည်သူ့ကိုယ်စားအလုပ်အကျွေးပြုကြခြင်းပါဘဲ။ ရာထူးလေးရှိတုံးကိုယ့်လုပ်ပိုင်ခွင့်ထဲက၊ စွမ်းစွမ်းတမံလုပ်ဖူးကြသူတွေတွေ့ဖူးပေမဲ့၊ အလွန် နည်းတာ အထင်အရှားပါ။ အနစ်နာခံတယ်ဆိုတာ ခုခေတ် မှာလူရီစရာကြီးဖြစ်နေပါတယ်။ လူထုရဲ့မျက်စေ့ထဲမှာ ကိုယ့်ရာထူးအာဏာကိုသုံးစွဲပြီးကိုယ့်အသိုင်းအ၀န်း မိသားစုကောင်းစားရေးကိုသာဦးတည်ခြင်းဟာ၊ လူထုကကျွေးတဲ့ထမင်းနဲ့လူထုကိုနိုင့်ထက်စီးနင်းလုပ်တယ် လို့ဘဲမြင်ကြမှာပါလို့။ ။

Subscribe to:
Posts (Atom)