Monday, September 03, 2018

မှန်ကန်သော အာမခံစနစ်ဖြင့် လွှမ်းခြုံကာကွယ်နိုင်မှုရရှိရေး



တလောကရင်းနှီးတဲ့မိတ်ဆွေတစ်ဦးက သူကနေ လစဉ်ပေးသွင်းနေရတဲ့ သူ့ရဲ့အာမခံပရီမီယံကြေးတွေမြင့် လာတဲ့ကိစ္စနဲ့ ပါတ်သက်ပြီးငြီးတွားပြောဆိုတာကိုကြားမိရင်းက ဒီဆောင်းပါးကိုရေးမယ်လို့စိတ်ကူးမိပါတယ်။ ကျွန်တော့မိတ်ဆွေဟာ ဒီအမေရိကနိုင်ငံမှာမွေးဖွားကြီးပြင်းပညာသင်တတ်ဘွဲ့ရလူမျိုးခြားတယောက်ဖြစ်ပြီး၊ ကိုယ်ပိုင်အသက်မွေးဝမ်း ကြောင်းလုပ်နေသူဖြစ်တာမို့၊ ၀င်ငွေဖြောင့်ဖြူးတဲ့စာရင်းဝင်တစ်ဦးလို့ဆိုနိုင်ပေမဲ့ ကြွယ်ဝချမ်းသာလောက်အောင် ၀င်ငွေကောင်းသူတယောက်တော့မဟုတ်မှန်းကျွန်တော်ကောင်းကောင်း သိပါတယ်။ သူ့အဆိုအရလစဉ်ပေး သွင်းရတဲ့အာမခံအမျိုးမျိုးတို့ရဲ့ပရီမံယံကြေးဟာ (၃)ထောင်ကျော်လောက် ရှိတယ်လို့ဆိုပါတယ်။
ဆိုတော့-အာမခံစရိတ်စကဟာအမေရိကလူနေမှုဘ၀မှာသိသာတဲ့ဝန်ထုပ်ဝန်ပိုးကြီးတခုဖြစ်လာပြီလို့ဆိုရမှာ ပေါ့။ အာမခံတို့ရဲ့သဘောသဘာဝဟာ တနေ့တခြားကြီးမားလာတဲ့နေထိုင်စားသောက်စရိတ်၊ ၀န်ဆောင်စရိတ်၊ ပေါ်ပေါက်လာနိုင်မဲ့ကိစ္စမတော်တဆမှုတွေကြောင့် ကုန်ကျရမဲ့စရိတ်စကကိုကြားကန်မိနိုင်အောင်၊ ၀န်းရံပေး ထားတဲ့ လွှမ်းခြုံကာကွယ်မှုတခုမို့ ဆိုခဲ့တဲ့ကိစ္စတွေကိုတာဝန်ယူဖြေရှင်းပေးမဲ့ ငွေရေးကြေးရေးပိုင်းဆိုင်ရာတွေ မှာ၊ စိတ်အေးချမ်းသာမှု (peace of mind) လို့ယူဆထားချက်ဟာလွဲချော်မှုတခုခုဆီသို့ဦးတည်နေပြီလားဆိုတဲ့ သံသယစိုးရိမ်မှုတွေကြီးထွားလာနိုင်ဘွယ်ရှိနေပါတယ်။ တကယ်တော့ ဆိုခဲ့တဲ့မမျှော်မှန်းနိုင်တဲ့ဖြစ်ရပ်တွေ အတွက် အမှန်တကယ်ကုန်ကျမဲ့စရိတ်စကတွေဟာကြောက်ခမန်းလိလိ ဈေးစရိတ်ကြီးတဲ့ခေတ်ကိုရောက် မှန်းမသိ ရောက်နေကြပါပြီ။ ဥပမာ-ကျန်းမာရေးအာမခံရှိသူတစ်ဦးဆီမိမိဆေးရုံတက်ရောက်ကုသစရိတ်တွက် ချက်မှုမှတ်တမ်း (care statement) ရောက်လာတဲ့အခါမှ၊ ရက်ပိုင်းလေးအတွင်းသောင်းနဲ့ချီကုန်ကျကြောင်း တွေ့ရမှ မျက်လုံးပြူးပြီ။ တော်ပါသေးရဲ့ ငါ့ကျန်းမာရေးအာမခံကအကုန်အကျခံပေးလို့ဘဲလို့သက်ပြင်းချကြရတဲ့ အဖြစ်တွေ့ကြုံဘူးကြပါမှာပါ။ အမေရိကရောက်မြန်မာများအနေနဲ့ ဆိုခဲ့တဲ့အာမခံအမျိုးမျိုးတို့ရဲ့အရံအတား လက် ၀ယ်ရှိနေကြတာကြောင့်တကယ်ကုန်ကျစရိတ်ကိုမျက်ခြေပြတ်နေကြပြီး၊ မြန်မာနိုင်ငံမှနေတဲ့ဆွေမျိုးသားချင်း များရဲ့ဆေးကုသစရိတ်သိန်းသောင်းများစွာတို့ရဲ့သတင်းကို၊ ရင်သပ်ရှုမောအံ့သြကြတာတွေအမှတ်ရကြလိမ့်မယ် ထင်ပါတယ်။
ကမ္ဘာ့စီးပွားရေးပညာရှင့်အသီးသီးတို့ကတညီတညွတ်သဘောတူကြတဲ့အချက်ကတော့၊ အာမခံစနစ်ဟာ တဖက်က၊ စားသုံးသူအများရဲ့ဥစ္စာပိုင်ဆိုင်မှုကိုလွှမ်းခြုံကာကွယ်မှုပေးသလို၊ တဖက်ကနေပြီးစီးပွားဖွံ့ဖြိုးမှုကို တွန်းအားပေးတဲ့မောင်းနှင်အားကြီးတခု ဆိုတဲ့အချက်ကိုပါဘဲ။
ကဲ- အမေရိကနိုင်ငံမှာနေထိုင်ကြတဲ့အလုပ်အကိုင်ရှိပြီးအလုပ်ကပံ့ပိုးပေးတဲ့ခံစားခွင့်ပုံမှန်ရှိသူတစ်ဦးမှာ ထားရတဲ့အာမခံအမျိုးအစားတွေကိုကြည့်ကြရအောင်ပါ။
(၁) ယာဉ်နှင့်ပါတ်သက်သောသူတပါးထိခိုက်မှုအာမခံ၊ (auto liability insurance) - မိမိဖာသာဝယ်ယူ ရပါတယ်။
(၂) ကျန်းမာရေးအာမခံ (health insurance) အလုပ်ရှင်ကပံ့ပိုးရင်သော်၎င်း၊ မိမိကိုယ်တိုင်အစိုးရ/ ပုဂ္ဂလိကမှတဆင့်ဝယ်ယူခြင်းဖြင့်၎င်း၊
(၃) ဘ၀အာမခံ (Life insurance – permanent or life) - အလုပ်ရှင်တော်တော်များများက အဲ့ဒီ အတွက်ကိုပရီမီယံကြေးပေးသွင်းပေးကြပါတယ်။ တန်ဘိုးပိုမိုကြီးမားတဲ့အာမခံတွေကိုလည်း သင့်လျော် တဲ့နှုန်းထားတွေနဲ့ပေးသွင်းနိုင်ကြပါတယ်။
(၄) လုပ်ခွင်မတော်တဆထိခိုက်မှုအာမခံ (Workers’ Compensation insurance) - အလုပ်ရှင်ကပေးသွင်း တဲ့အလုပ်ခွင်တွင်းတိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်သောနည်းနဲ့ဆက်စပ်တဲ့ထိခိုက် နာမကျန်းမှုအာမခံ၊
(၅) အိမ်တန်ဘိုးလစဉ်ပေးသွင်းငွေအတွက်အာမခံ (Mortgage insurance) – (အိမ်ပိုင်ရှိသူများဆိုရင်) မိမိကိုယ်တိုင်ပေးသွင်းရပါတယ်၊
(၆) အိမ်နှင့်ပါတ်သက်သောသူတပါးထိခိုက်မှုနှင့်ပျက်စီးဆုံးရှုံးမှု အာမခံ (Property liability insurance – renter, owned or condominium policies) - မိမိကိုယ်တိုင်ပေးသွင်းရပါတယ်၊ ဒီနေရာမှာ မိမိပိုင်းအိမ်တွင်း ပစ္စည်းများတွက် Wall-in insurance နဲ့ ငလျင်ဘေးအာမခံ (earthquake insurance) တို့ကိုလည်း (သီးသန့် ၀ယ်လိုရင်) မိမိကိုယ်တိုင်ပေးသွင်းရပါတယ်၊
ဒါတွေဟာလက်လှမ်းမှီသလောက်စာရင်းပြုစုထားတဲ့ အမေရိကနိုင်ငံအခြေချနေထိုင်ကြတဲ့ မြန်မာတွေ အတွက် မရှိမနေရှိနေရမဲ့ အာမခံတွေလို့ဆိုပါရစေ။
မိမိရဲ့ဘ၀လိုအပ်ချက်ပေါ်မူတည်ပြီးအခြားလိုအပ်တဲ့အာမခံအရံအတားအမျိုးမျိုးတို့လည်းရှိနေပါသေးတယ်။ ဥပမာ- ကိုယ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်တို့အတွက်မရှိမနေလိုအပ်တဲ့ တရားစွဲမှုတွေအတွက်ဥပဒေကြောင်း ဆိုင်ရာအာမခံ၊ စီးပွားရေးအာမခံ၊ ကုန်ပစ္စည်းအာမခံ၊  ဆရာဝန်သူနာပြုတွေအတွက် professional liability (သို့မဟုတ်) malpractice အာမခံမျိုးတွေ ဟာ ဥပမာအချို့သာဖြစ်ပြီးမရှိမဖြစ်ရှိနေဘို့လိုတဲ့ အာမခံအမျိုးအစား တွေပါ။
ဒီနေရာမှာ အာမခံလစဉ်ပေးသွင်းနေပါလျက်နဲ့ ကိစ္စကြီးငယ်ပေါ်ရင်အာမခံကုမ္ပဏီများနဲ့ငြင်းကြခုန် ကြရတဲ့ ပေးလျော်ဘို့ငြင်းဆန်မှု (တနည်း - coverage denial) ဘက်တစေ့တစောင်းကြည့်ကြရအောင်ပါ။ အောက်ပါအချက်တွေဟာတကယ်တော့ မိမိဝယ်ယူထားတဲ့ ပေါ်လစီ (Policy) တွေကအတိအကျညွှန်းပြလေ့ ရှိတဲ့ ခြွင်းချက် (exclusions) တွေပါ။
(က) ဘ၀အာမခံ -  သေဆုံးမှုဖြစ်ရခြင်းဟာ အရက်မူးယစ်ဆေးသုံးစွဲမှုကြောင့်၊ မိမိကိုယ်ကိုသေကြောင်း ကြံခြင်း၊ ထိခိုက်စေတဲ့နည်းနဲ့တမင်ကြံရွယ်သေစေခြင်း၊ မိမိခံစားရသောဝေဒနာကိုပျောက်ကင်းအောင်ကုသ နိုင်သောအခြေအနေရှိပေမဲ့ တမင်လျစ်လျူရှုခြင်း။
(ခ) ယာဉ်ထိခိုက်မှုအာမခံ - ယာဉ်အတွင်းကိုယ်ပိုင်ပစ္စည်းများ၊ တမင်ကြံရွယ်သောထိခိုက်ပျက်စီးစေမှု၊ ယာဉ်မောင်းနှင်စဉ်မှာအရက်/တားမြစ်ဆေးဝါးယုံးစွဲထားမှု၊ စစ်/သဘာဝဘေးကျရောက်သောဒေသတွင်း ပျက်စီးမှု။
(ဂ) ကျန်းမာရေးအာမခံ - တမင်ကြံရွယ်မှုဖြစ်နာမကျန်းဖြစ်စေရန် မိမိကိုယ်တိုင်ကိုသော်၎င်း၊ တပါးသူအားစေ ခိုင်း၍၎င်း ပြုလုပ်ခြင်း၊ အာမခံစနစ်ကသတ်မှတ်ထားသောဆေးကုထုံး၊ ဆရာဝန်၊ ဆေးခန်းဆေးရုံနှင့် ဆေးခန်း များကို အသုံးမပြုခြင်း၊ စစ်/သဘာဝဘေးကျရောက်သောဒေသတွင်း ထိခိုက်မကျန်းမာမှု။
(ဃ) အိမ်နှင့်ပါတ်သက်သော အာမခံ - မိမိပိုင်အိမ်အစိတ်အပိုင်းသော်၎င်း၊ တခုလုံးကိုသော်၎င်း တမင်ကြံရွယ် ၍ပျက်စီးစေခြင်း၊ ပျက်စီးအောင်အားပေးခြင်း၊ လျစ်လျှူရှုခြင်း၊ ငွေကြေးပျောက်ဆုံးခြင်း၊ စစ်/သဘာဝဘေးကျ ရောက်သောဒေသတွင်း ပျက်စီးမှု။
သေသေခြာခြာစဉ်းစားကြည့်ရင် တိုးတက်တဲ့နိုင်ငံကြီးတွေမှာအခြေချနေထိုင်ကြသူအားလုံးတို့အတွက် (အာမခံ အမျိုးအစားနည်းနည်းသာကွာရင်ကွာမယ်)၊ အာမခံရှိခြင်းမရှိခြင်းဟာဘ၀ရဲ့လုံခြုံမှု၊ စိတ်ချမ်းသာမှုရှိစေရေးတို့ အတွက်အခရာကျလှတဲ့  (very big deal!) လို့ဆိုပါရစေ။

Tuesday, July 31, 2018

FMLA ဘက်တစေ့တစောင်း



အတိုကောက်စကားလုံးသုံးရာမှာယဉ်ပါးပြီးဖြစ်နေတဲ့ အမေရိကနိုင်ငံဖွားတွေအတွက် အခက်အခဲမဟုတ်လှပေ မဲ့ မောင်မိုးညိုတို့လိုဘာသာခြားစကားကိုခတောင်းကျိုက်နေကြရသူတွေအတွက်၊ အတိုကောက်စကားလုံး ထွန်းကားတဲ့အမေရိကနိုင်ငံကြီးဟာ၊ ကြီးမားတဲ့တံတိုင်းကြီးတခုဖြစ်နေပါတယ်။ FML ခေါ် Family Medical and Leave Act ဟာသမ္မတကလင်တန်လက်ထက် (၁၉၉၃) ခုသြဂုတ်လမှာ သက်ဝင်ခဲ့တဲ့ အလုပ်သမားဥပဒေ တခု ဖြစ်ပါတယ်။ မိသားစုရေးရာ မွေးဖွားခြင်း၊ မကျန်းမမာဖြစ်ခြင်းတို့နဲ့စပ်ဆိုင်တဲ့ကိစ္စကြီးငယ်ပေါ်ပေါက်ရာမှာ၊ ဥပဒေအရ လုပ်သက်ခံစားခွင့်ရှိကြသူအလုပ်သမားများအတွက်ရည်ရွယ်ပြီး၊ လျော်ကန်သင့်မြတ်တဲ့ဥပဒေ တခုအဖြစ်ပေါ်ထွက်လာတာပါ။ ဒီလိုအဖြစ်မျိုးတွေဟာကျွန်တော်တို့မြန်မာမိသားစုတွေမှာ ကြုံတွေ့တတ်တဲ့ ကိစ္စတွေမို့၊ မသိမဖြစ်ကြရ လေအောင်ရည်ရွယ်ရင်းနဲ့ ရှာဖွေစုဆောင်းတင်ပြထားပါတယ်။
ဘယ်သူတွေအကြုံးဝင်ခံစားလျှောက်ထားခွင့်ရှိသလဲ
အလုပ်သမားဦးရေ(၅၀)ထက်မနည်းတဲ့အစိုးရနဲ့ပုဂ္ဂလိကလုပ်ငန်းခွင်တွေမှာလုပ်ကိုင်ကြသူ အရည်အချင်း ပြည့်မှီသူတွေ ဒီခံစားခွင့်ရရှိနိုင်ဘို့သတ်မှတ် ထားပါတယ်။ အလုပ်သမားဦးရေ(၅၀)ထက်နဲတဲ့နေရာတွေမှာ ဗဟိုအစိုးရပြဌာန်းချက်အကြုံးမ၀င်ပေမဲ့လည်း၊ သက်ဆိုင်ရာပြည်နယ်တိုင်းလိုလိုမှာ သီးခြားပြဌားန်ခံစားခွင့်ရှိ ကြောင်းပါ။ အရည်အချင်းပြည့်မှီသူအလုပ်သမား (၀န်ထမ်း) လို့ဆိုထားတာမို့ ဒီအချက်တွေနဲ့ကိုက်ညီကြဘို့ တော့လိုပါတယ်။
(က) လက်ရှိအလုပ်မှာလုပ်သက် (၁၂)လဆက်တိုက်လုပ်ကိုင်သူ။ (ဒီကြားထဲ ၇-နှစ်ထက်ပိုပြီးလုပ်ခွင်နဲ့ကင်း ကွာကြသူတွေတော့ ခံစားခွင့်ပျက်ပြယ်ပါတယ်။)
(ခ) လက်ရှိအလုပ်မှာ အနည်းဆုံးနာရီပေါင်း (၁၂၅၀) နာရီကို လုပ်သက်(၁၂)လအတွင်းလုပ်ကိုင်နေသူ။
(ဂ) လက်ရှိအလုပ်အကိုင်နေရာဌာနဟာ ဖေါ်ပြခဲ့တဲ့ အလုပ်သမားဦးရေ(၅၀)အထက်ရှိတဲ့အလုပ်ရှင်ရဲ့တည် နေရာဌာနချုပ်ကနေ(၇၅)မိုင်အကွာအဝေး(အတွင်း)မှာရှိနေဘို့လိုပါတယ်။
ဘယ်အချိန်မှာစတင်ခံစားခွင့်တောင်းခံနိုင်သလဲ
ဖေါ်ပြခဲ့တဲ့အချက်တွေနဲ့ကိုက်ညီပြီဆိုရင်စတင်ခံစားခွင့်ရှိပါတယ်။ ယေဘူယျအားဖြင့် ခွင့်ပါတ် စုစုပေါင်း(၁၂) ပါတ်တာ ကာလကို (၁၂)လတာကာလအတွင်းခံစားနိုင်ပါတယ်။
(က) မိသားစုဝင်များ (ဇနီး/ခင်ပွန်း၊ သားသမီးနဲ့မိဘ)တွေအကြုံးဝင်ပါတယ်။ (ယောက္ခမ အကြုံးမ၀င်မပါ။ သို့သော် စစ်မှုထမ်းများရဲ့သားသမီးများကိုစောင့်ရှောက်ဘို့ ဦးလေး/အဒေါ်များကလည်းခံစားခွင့် ရှိကြပါ တယ်။)
(ခ) ကြီးမားသောရောဂါဝေဒနာတခုခု မိမိကိုယ်တိုင် (သို့မဟုတ်)ဖေါ်ပြတဲ့မိသားစုဝင်အတွင်းဖြစ်ခဲ့ရင်၊
ဥပမာ - ညအိပ်ညနေဆေးရုံတက်ရရင်၊ (၃)ရက်ထက်ပိုတဲ့ဆေးဝါးကုသမှုခံစားဘို့လိုရင်၊ ကြိမ်ဖန်များ စွာသော ဆေးကုသမှု၊ ဆရာဝန်ဆေးခန်းဆေးရုံတို့နဲ့ပြသရန်လိုအက်မှု၊ နာတာရှည်ရောဂါကြောင့် မိသားစုဝင်အတွင်း၊ စောင့်ရှောက်မှုပေးဘို့လိုအပ်မှု၊ မိသားစုဝင်မှာကိုယ်တိုင်စွမ်းဆောင်နိုင်သော ကျန်းမာရေးပကတိအခြေအနေရုတ်လျော့နေမှု၊ ကိုယ်ဝန်ဆောင်မှုနှင့်ကုသရန်လိုအပ်မှု။
(ဂ) စစ်မှုထမ်းဝင်မိသားစုများ အတွက် (၂၆) ပါတ်အထိ၊
(ဃ) မိခင်များနည်းတူခင်ပွန်းများဟာလည်း မိမိမွေးကင်းစရင်သွေးများနဲ့ရင်းနှီးကျွမ်းဝင်မှုရရှိစေရေး၊
FMLA ကဘာတွေလုပ်ပေးမလဲ
(က) မိမိအလုပ်ရှင်ကခံစားခွင့်ပေးထားတဲ့ ကျန်းမာရေးအာမခံ (health insurance) ဆက်လက်ခံစား ခွင့်ရှိပါ တယ်။ လိုအပ်တဲ့မိမိဘက်ကလိုက်နာပေးသွင်းရမဲ့ပရီမီယံကြေးကိုတော့ပေးသွင်းဘို့တာဝန်ရှိကြောင်းပါ။
(ခ) ခွင့်ခံစားခွင့်ကုန်ဆုံးလို့ လုပ်ခွင့်ပြန်ဝင်ရင် မိမိရာထူး (သို့မဟုတ်) အနီးစပ်ဆုံးတာညီတဲ့ရာထူးတာဝန် ကိုပြန်လည်ရရှိခွင့်ရှိပါတယ်။
(ဂ) မိမိရာထူးတိုးရေး၊ စသည်တို့ကိုလည်းအခြားဝန်ထမ်းများနည်းတူခံစားခွင့်ရှိပါတယ်။
(ဃ) ခွင့်များကိုခွဲခြမ်းစိတ်ဖြာလို့ဘဲဖြစ်ဖြစ်၊ တစုတပေါင်းတည်းဖြစ်ဖြစ်ခံစားခွင့်ရှိပါတယ်။ မိမိဆိုင်ရာအလုပ်ရှင် ရဲ့သဘောတူညီချက်နဲ့၊ ကြိုတင်ပြင်ဆင်မှုတွေတော့လိုပါလိမ့်မယ်။
(င) FMLA ခံစားခွင့်ဟာ လစာ/နေ့စားခံစားခွင့်မဲ့တဲ့ (unpaid leave) ဖြစ်တာမို့၊ မိမိထံမှာစုဆောင်းထားတဲ့၊ နာမကျန်းမခွင့်၊ ပုဂ္ဂိုလ်ရေးခွင့်၊ စသည်တို့ကနေဖဲ့နှုတ်ပြီးခံစားဘို့လိုပါတယ်။ အဲ့ဒီခွင့်တွေရဲ့သတ်မှတ်ချက် ပညတ်ချက်တွေကိုလိုက်နာဘို့လိုတာကြောင့်၊ အလုပ်ရှင်ရဲ့ခွင့်ပြုချက် (သို့မဟုတ်) သတ်မှတ်ပေးချက်တို့ကို တော့လိုက်နာဘို့လိုပါတယ်။
(စ) FMLA ခွင့်လိုအပ်ကြောင်းကို အလုပ်ရှင်ဆီမှာ ရက်(၃၀)ကြိုတင်အကြောင်းကြားဘို့လိုတယ်လို့ဆိုပေမဲ့၊ စောနိုင်သမျှစောအောင်အလုပ်ရှင်ဆီကြိုတင်ခွင့်ပြုချက်တောင်းဘို့လိုပါတယ်။
(ဆ) မိမိရောဂါအမျိုးအမည်နဲ့အခြေအနေများကိုမိမိအလုပ်ရှင်ထံဖွင့်ပြောပြဘို့မလိုပါဘူး။ ဒါပေမဲ့ လိုအပ်တဲ့ ဆရာဝန်ထောက်ခံချက်တော့တင်ပြနိုင်ဘို့လိုပါတယ်။
မိမိအလုပ်ရှင်နဲ့ဆက်သွယ်ဆောင်ရွက်ခြင်း
(က) မိမိအလုပ်ရှင်နဲ့အဆက်အသွယ်မပြတ်ရေးဟာ အခရာပါ။
(ခ) အလုပ်ရှင်ကနေမိမိဆီမှာ FMLA ခံစားခွင့်ရှိကြောင်းတရားဝင်အသိပေးဘို့လိုသလို၊ ခံစားခွင့်မရှိရင် (သို့မဟုတ်) ပျက်ပြယ်ရင်လည်းအသိပေးဘို့လိုပါတယ်။
(ဂ) မိမိထံမှာရှိတဲ့ခွင့်ကာလအမျိုးအစားတမျိုးမျိုးထဲကဘယ်ခွင့်ကနေနှုတ်ပယ်ခံစားခွင့်ပြုမလဲဆိုတာကို ညှိနှိုင်း ဘို့လိုပါတယ်။
(ဃ) မိမိရှိရင်းစွဲရာထူးတာဝန်ရဲ့စဉ်ဆက်မပြတ်ခွင့်ကိုအလုပ်ရှင်နဲ့ဝန်ထမ်းကြားရှင်းရှင်းလင်းလင်းသတ်မှတ်မှုရှိ ကြရပါမယ်။
FMLA ခွင့်ဆောင်ရွက်ပုံအဆင့်ဆင့်
(၁) မိမိခွင့်လိုအပ်ပြီဆိုတာနဲ့ FMLA (သို့မဟုတ်)ရှိရင်းစွဲခွင့်အမျိုးအစားတခုခုရရှိရေးကို မိမိအလုပ်ရှင် (Human Resource/Human Capital ကဲ့သို့ဌာနသို့ မိမိဌာနအကြီးအကဲမှတဆင့်) ထံတင်ပြတောင်းခံခြင်း။
(၂) မိမိအလုပ်ရှင်မှ မည်သည့်ခွင့်အမျိုးအစားခံစားခွင့်ရှိသလဲဆိုတာတရားဝင်မိမိထံအသိပေးခြင်း။ FMLA-Protected ဟုတ်မဟုတ်)
(၃) မိမိအလုပ်ရှင်ကမိမိရဲ့ခံစားခွင့်အတိုင်းအတာကိုဖေါ်ပြပေးခြင်း နဲ့ အဲ့ဒီ FMLA ခွင့်အတွက်လိုအပ်မဲ့ဆိုင်ရာ ထောက်ခံစာ (certification) တောင်းခံကောင်းတောင်းခံပါလိမ့်မယ်။
(၄) လိုအပ်ခဲ့ရင် သက်ဆိုင်ရာကထုတ်ပေးတဲ့ certificate ကို (၁၅)ရက်အတွင်းအလုပ်ရှင်ကိုတင်သွင်းရပါမယ်။
(၅) မိမိအလုပ်ရှင်ကမိမိဆီကို အလုပ်လုပ်ရက် (Business day) (၅)ရက်အတွင်းခွင့်ပြုမိန့်ထုတ်ပေးရပါမယ်။
(၆) မိမိအလုပ်ခွင်မှာမရှိပေမဲ့၊ မိမိအလုပ်ခွင်မှာရှိနေဘိသကဲ့သို့၊ လုပ်ခွင့်ပြဌာန်းချက်များလိုက်နာဘို့လိုပါတယ်။
(၇) မိမိခွင့်ကိစ္စပြီးဆုံးလို့ လုပ်ခွင့်ကိုပြန်လည်ဝင်ရောက်ခြင်း။
အရေးကြီးတဲ့အချက်ကတော့ မိမိအလုပ်ရှင်ကခွင့်တည်တံ့နေဘို့အတွက်လိုအပ်တဲ့နောက်ဆက်တွဲ အချက် အလက်များ တောင်းခံနိုင်တာမို့၊ တင်သွင်းဘို့အကြောင်းကြားရင် (၇) ရက်အတွင်းတင်ပြဘို့လိုပါတယ်။ ဒီနေရာမှာ မိမိအလုပ်ရှင်က မိမိတင်ပြချက်တွေဟာကျိုးကြောင်းဆီလျော်ခြင်းမရှိဘူးလို့ယူဆစရာရှိရင်၊ ဒုတိယ နဲ့တတိယအကြံပြုချက်အထိကိုကျွမ်းကျင်သူတွေဆီကတောင်းခံနိုင်စရာရှိပါတယ်။
ထိုနည်းတူစွာဘဲ မိမိရဲ့ FMLA-Protected ခွင့်ခံစားခွင့်ကုန်ဆုံးခဲ့ရင် မိမိရှိရင်းစွဲရာထူးတာဝန်များကို အခြားသူ တစ်ဦးဦးဆီလွှဲပြောင်းပေးနိုင်ဘွယ်ရှိတယ်ဆိုတာကိုတော့ကြိုတင်နားလည်ကြဘို့လိုပါတယ်။ အထူးသဖြင့် ရာထူးတာဝန်ကြီးများယူထားကြရသူတွေ၊ ပညာရေးဝန်ထမ်းများအနေနဲ့ကွဲလွဲချက်တွေအနည်းငယ်စီရှိ ကြပါတယ်။
FMLA ဥပဒေကိုထိန်းကြောင်းအုပ်ချုပ်သော အစိုးရဌာနကြီး
သိထားဘို့လိုပါတယ်။ မိမိလုပ်ခွင်ရဲ့ဆောင်ရွက်ချက်ကို တိုင်တန်းခြင်းမေးမြန်းစုံစမ်းခြင်းများလုပ်နိုင်ဘို့ပါ။
U.S. Department of Labor Wage and Hour Division (WHD)
1(866) 487-9243
လိုတာကိုရအောင်ယူတတ်ပြီး၊ ကျန်းမာရွှင်လမ်းတဲ့ အမေရိကရောက်မြန်မာမိသားစုများတိုးပွားလာစေရေး ကိုရည်သန်လျက်။        ။