Friday, January 15, 2021

၂၀၂၁ တွင်အသက်ဝင်လာမည့် ဥပဒေပြဌာန်းချက်အသစ်များနှင့်အမေရိကနေမြန်မာများ

 နှစ်စဉ်နှစ်သစ်ကြိုကြသူတိုင်း နှစ်သစ်ဓိဌာန်တွေမိသားစုရေးအစီအမံတွေကြံစည်ကြပေမဲ့ လူတိုင်း သတိလက်လွတ်ဖြစ်တတ်တဲ့အချက်တခုကတော့ အသက်ဝင်လာမဲ့ဥပဒေသစ်တွေပါဘဲ။ အထူးသ ဖြင့်ဒီကာလဟာ ပြောင်းလဲနေတဲ့နိုင်ငံရေးရေစီးကြောင်း၊ လူမျိုးရေးသပ်သျှိုသင်းကွဲမှုရေးနဲ့ အရေးကြီး ဆုံးဖြစ်တဲ့ Covid-19 ပြန့်နှံ့သေဆုံးမှုနှင့်ဆေးရုံတွေမှာမနိုင်မနင်းဖြစ်နေမှုတွေ အားလုံးက လူတိုင်းရဲ့ ဘ၀အခြေအနေဖန်တီးမှုတွေ၊ စိတ်ကူးယဉ်မှုတွေကိုပြောင်းလဲနေစေပါတယ်။ သွားစရာရှိတဲ့ကိစ္စလုပ် စရာအစီအစဉ်နဲ့ စီစဉ်ထားဆဲကိစ္စမျာစွာ (လူမှုရေးနှင့်သာရေးနာရေးပါမကျန်) ဖင့်နှေးယုံမက၊ အစီအ စဉ်တွေကိုပါယ်ဖျက်ရတာတွေကမိသားစုတိုင်းကိုကောင်းကောင်းကြီးရိုက်ခတ်နေပါတယ်။ အခက်အခဲ တွေကနေစီးပွားရေးကိုပါရိုက်ခတ်ပြိုလဲစေနိုင်တဲ့အလားအလာတွေတွေ့နေရပါပြီ။ “အမှောင်ဖုံးတဲ့ ကာလ”(Dark age is lying ahead) ဆိုတဲ့နမိတ်ဖတ်မှုတွေပလူပျံနေပါပြီ။ 

ဒီလမှာတော့အမေရိကတလွှားမှာနေထိုင်ကြတဲ့မြန်မာတွေနဲ့တိုက်ရိုက်(သို့်မဟုတ်)သွယ်ဝိုက်သော နည်းလမ်းတွေနဲ့အကျိုးသက်ရောက်နိုင်မယ်လို့ယူဆစရာရှိတဲ့ အသက်ဝင်လာမဲ့ ဥပဒေသစ်တွေဘက် တစေ့တစောင်းကြည့်ကြရအောင်ပါ။ ဒါကလဲ အကြောင်းပေါ်တိုက်ဆိုင်မှုရှိမှ အသိနောက်ကျလေချင်း ဆိုတဲ့အဖြစ်မျိုးတွေကိုရှောင်ရှားနိုင်ကြရအောင်ပါ။ ဒီဥပဒေများဟာမြန်မာအများစုနေထိုင်ရာ Californiaပြည်နယ်အပါအ၀င်အချို့သောပြည်နယ်များအတွက်အဓိကရည်သန်ကြောင်းပါ။

အခွန်အခကိစ္စများ

(က) အလုပ်လက်မဲ့ထောက်ပံ့ကြေး (unemployment payment)ဟာကာယကံရှင်တွေဆီကိုပေးချိန် မှာအခွန်မဖြတ်ပေမဲ့၊ အခွန်ဆောင်ရာမှာပေးသွင်းကြရပါမယ်။ အဲ့ဒီအတွက်ကြောင့်အခွန်ဆောင်ကြ ရာမှာအဲ့ဒီအခွန်ဖြတ်ပိုင်းကိုဆိုင်ရာအကျိုးဆောင်များဆီမဖြစ်မနေပေးကြဘို့လိုကြောင်းပါ။

(ခ) သမ္မတထရမ့်လက်ထက်မှာရတဲ့ CARES Act  အရ မိသားစုတွေရကြတဲ့( $600/$1,200)ဟာ အခွန်ကင်းလွတ်ပါတယ်။ သို့ပေမဲ့အဲ့ဒီငွေဟာ (Recovery Rebate Credit for 2020 tax filers) အရဖြစ်တဲ့အတွက် အဲ့ဒီဝင်ငွေမရသူတွေအနေနဲ့အခွန်ဆောင်ရာမှာဆိုင်ရာကိုအသိပေးပါကမိမိရဲ့ဝင် ငွေပေါ်မူတည်ပြီးတည်ဆဲနှုန်းထားတွေအရတွက်ချက်ပေးနိုင်ပြီး၊ အကြောင်းတစုံတရာကြောင့် ၀င်ငွေ ပြောင်းခဲ့ရင်အခွန်သက်သာခွင့်ရနိုင်ခြေရှိကြောင်းပါ။

(ဂ) အိမ်မှာအလုပ်လုပ်ကြရသူတွေ (Work-from-Home) များလာတဲ့အချိန်မှာ (မိမိကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းကို pandemic ကာလမတိုင်ခင်ကတည်းကလုပ်ကိုင်တဲ့သူတွေကလွဲရင်) အခွန်သက်သာခွင့်တွေမရှိပါဘူး။ (ဥပမာ-ခရီးစရိတ်တွက်ချက်မှုမျိုး)

(ဃ) ပြည်နယ်ဖြတ်ကျော်ပြောင်းရွှေ့နေထိုင်ကြသူများ အထူးသတိပြုကြပါ။ အခွန်ဖြတ်တောက်မှုနည်း တဲ့ပြည်နယ်တွေက ခုနှစ်မှာauditနဲ့စိစစ်ကြပါမယ်။ အိမ်ပြောင်းရွှေ့ကြသူတွေအတွက် အခွန်သက်သာ ခွင့်သိပ်မရှိနိုင်ပါ။

(င) Standard deductionနည်းနဲ့အခွန်ဆောင်ကြသူတွေ ခုနှစ်မှာ charity တွေကိုလှူဒါန်းငွေကို ($300) အထိပြန်ရကိန်းရှိကြောင်းပါ။  adjustable gross incomeနှင့် taxable income တို့ရဲ့ deduction ပမာဏကိုလျှော့ချခွင့်ရကြမှာပါ။

REAL ID ကတ်များကိစ္စ

(က) ၂၀၂၀အတွင်းpandemicနဲ့ဆန္ဒပြမှုတွေကြောင့်ခေတ္တဆိုင်းငံ့ခဲ့ရတဲ့ ပြည်နယ်ဖြတ်ကျော် သွာဒလာခွင့် (အထူးသဖြင့်-လေယာဉ်စီးခွင့်တွေ) အတွက် မရှိမဖြစ်လိုအပ်မဲ့REAL ID မရှိမဖြစ် လိုအပ်ချက်ဟာလာမဲ့ အောက်တိုဘာ (၁)ရက်မှာစတင်လိုအပ်လာ ပါလိမ့်မယ်။

(ခ) ဒါမှမရှိရင် တရားဝင်အတည်ဖြစ်ဆဲ Passport (သို့မဟုတ်) တပ်မတော်တရားဝင်IDတို့လိုအပ် ပါမယ်။

အနည်းဆုံးလုပ်အားခတိုးမြှင့်ရေး

(က) California မှာ ၀န်ထမ်း(၂၆)ဦးအထက်ရှိပါကအလုပ်ရှင်များအနည်းဆုံးလုပ်ခငွေ တစ်နာရီ  ($13)မှ($14)သို့တို့မြှင့်ရပါမယ်။ New York မှာတော့ ($12.50)အထိပါ။ Arizona မှာတော့ ($8.65) ပါ။

(ခ)အခြားပြည်နယ် (၂၀)လောက်မှာလည်းတိုးတက်ပါမယ်။

(ဂ) ရည်မှန်းချက်ကတော့($15) အထိတို့းဘို့ဖြစ်ပါတယ်။

လုပ်ခွင်များတွင်Covid-19 ဖြစ်ပွားမှုအသိပေးခြင်း (California)

(က) အလုပ်ရှင်များဟာလုပ်ခွင်အတွင်းဖြစ်ပွားမှုသိသည်နှင့်တပြိုင်နက်တည်း(၂၄)နာရီအတွင်းအခြား လုပ် ခွင်ရှိဝန်ထမ်းများကို စာအားဖြင့်အသိပေးဘို့တာဝန်ရှိလာပါတယ်။

(ခ) အဲ့ဒါနဲ့ဆက်စပ်ပြီး၊ WorkCompဖြင့်ဆေးကုသခွင့်နဲ့လစာပြည့်ခွင့်ရက်ပါပေးဘို့တာဝန်ရှိလာပါ တယ်။

လုပ်ငန်းအုပ်ချုပ်ရေးဘုတ်အဖွဲ့များတွင် လူမျိုးစုငယ်နှင့်အမျိုးသမီးတစ်ဦးအနည်းဆုံးပါဝင်ခွင့်

အမျိုးသမီး၊ လူမျိုးစုငယ်များအပြင် LGBQT နဲ့ Native Indian  အနည်းဆုံတစ်ဦးခန့်ထားပါဝင် စေရပ်မယ်။ မြန်မာစီးပွားရေးလုပ်ငန်းကြီးငယ်များရှိကြသမို့ သိဘို့လိုကြောင်းပါ။ (diversification အရပါ။)

အရေးပေါ်အခြေအနေကြောင့်၎င်း၊ အသက်ဘေးစိုးရိမ်ဘွယ်အခြေကြောင့်၎င်း ယာဉ် ပေါ်ပါကလေးငယ် အားကယ်ဆယ်ရန်လိုအပ်၍ကယ်ဆယ်ခဲ့ရပါက ကယ်ဆယ်သူအား ပေါ်ပေါက်ခဲ့သောပျက်စီးဆုံးရှုံးမှု တခုခုအတွက်တာဝန်ရှိစေခြင်းမှကင်းလွတ်စေခြင်း (No liability for some child car rescues)

လိုအပ်သောကူညီကယ်ဆယ်သူအပေါ်ကျရောက်နိုင်တဲ့တန်ဘိုးဆုံးရှုံးမှုအတွက်ပေးလျော်စေခြင်းမှ ကင်းလွတ်စေခြင်းဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါကယ်ဆယ်သူကဆိုင်ရာဆေးရုံအရေးပေါ်ကယ် ဆယ်ရေးနဲ့ရဲတို့ကို ခေါ်ယူ အကူအညီတောင်းမှုသက်သေတင်ပြနိုင်ဘို့တာဝန်ရှိပါတယ်။

ယာဉ်မောင်းစဉ် Cell Phone အသုံးပြုခြင်း/ကိုင်ဆောင်ထားခြင်း (Indiana & Arizona)

အခြားပြည်နယ်(၂၀)ကျော်တို့နှင့်အတူ ပြစ်ဒါဏ်ချမှတ်ခံရမည့်အပြင်၊ဇူလိုင်(၁)ရက်မှစ၍ ($500) အပြင်၊ ရာသက်ပန် လိုင်စင်ပိတ်သိမ်းခြင်းခံရဘွယ်ရှိပါတယ်။

အာမခံရာဇ၀င်တောင်းခံလွှာ တောင်းဆိုခွင့် (Florida)

အာမခံပေါ်လစီလက်ဝယ်ရှိသူမည်သူမဆိုက မိမိတို့အာမခံနဲ့ပါတ်သက်တဲ့ရာဇ၀င်တောင်းခံလာခဲ့ရင် ဆိုင်ရာအာမခံကုမ္ပဏီတွေက (၁၅)ရက်အတွင်း၊ ထိုသူကိုအခမဲ့ပေးဘို့တာဝန်ရှိလာကြပါတယ်။

သက်ငယ်များထိမ်းမြားလက်ထပ်ခြင်း (Indiana)

မူလက(၁၅)နှစ်ကျော်လျင်လူငယ်များကမိဘခွင့်ပြုချက်ဖြင့်လက်ထပ်ခွင့်ရှိကြပြီး၊ ယခုအခါမှာ အသက်(၁၈)နှစ်မပြည့်မချင်း တရားသူကြီးတစ်ဦးဦးရဲ့ခွင့်ပြုချက်ယူကြရပါတော့မယ်။ ဒါ့အပြင် (၁၆)နှစ်အရွယ်တစ်ဦးဦးက မိမိထက်(၄)နှစ်ပိုကြီးသူတစ်ဦးဦးကိုလက်ထပ်မယ်ဆိုရင်တရားသူကြီးက အတည်ပြုပေးရပါမယ်။

California တွင်တင်သွင်းရောင်းချခွင့်ပိတ်ပင်သောယာဉ်များ

2021 Chevrolet Camero SS,1LE နဲ့ ZL1 တို့ရဲ့ခြေနင်းဘရိတ် (brake pads)တွေမှာ copperသတ္တု (၅%) ထက်ပိုပါလို့ရောင်းချစီးနင်းခအစားခွင့်မရှိတော့ကြောင်းပါ။ မြန်မာများ Chevy၀ယ်ရင်သတိ ထားကြပါ။

အစားအသောက်ထုတ်လုပ်ရောင်းချရာလုပ်ငန်းများရှိဝန်ထမ်းများတကိုယ်ရေသန့်ရှင်းရေး

မြန်မာအများလုပ်ကိုင်ကြလို့ အထူးဂရုပြုကြဘို့လိုပါတယ်။ အလုပ်လုပ်ချိန် နာရီဝက်တိုင်း (လိုအပ် လျင်ထိုထက်ပိုပြီး)လက်များကိုစင်ကြယ်စွာဆေးကြောသန့်ရှင်းကြရပါမယ်။

ဆေးခြောက်အပျော်သုံးစွဲခြင်းMarijuana for recreation  (Arizona)

 AZ ဟာ ဒီခွင့်ပြုချက်ကိုဥပဒေကခွင့်ပြုတဲ့ (၁၃)ခုမြောက်ပြည်နယ်ဖြစ်ပါတယ်။ တရားဝင်ထိန်းချုတ် နိုင်ဘို့နဲ့အခွန်ရရှိရေးအတွက်လို့ ဥပဒေပြုသူတွေကဆိုကြပါတယ်။

CFRA ခေါ်မိသားစုခွင့်ခံစားခွင့်(California Family Rights Act)

 မူလက၀န်ထမ်း(၅၀)အထက်ရှိလုပ်ခွင်များသာအကြုံးဝင်ပေမဲ့ အခုအလုပ်ခွင်(၀န်ထမ်းဦးရေမည်မျှ ပင်ဖြစ်စေကာမူ)တိုင်းဟာ အောက်ပါအခြေအနေများမှာခွင့်ရက်ရှည် (၁၂ပါတ်ဆက်တိုက်)ခံစားခွင့်ရ ကြပါမယ်။

(က) ကျန်းမာရေးဆေးကုသခွင့်၊

(ခ) မိသားစုဝင်ဆေးကုသရာတွင်ကူညီစောင့်ရှောက်ခွင့်၊

(ဂ) မွေးစကလေးစောင့်ရှောက်ခွင့်၊

အလုပ်ခွင်များရှိHuman Resources/capitals) များရှိဝန်ထမ်းများChild abuse သင်တန်းများတက် ရောက်ရေး

ဝန်ထမ်း(၅)ဦးရှိဝန်ထမ်းများတွင် အဆိုပါတာဝန်ယူကြရသူဝန်ထမ်းတိုင်း Child abuse နှင့်ပါတ်သက် ၍သင်တန်းများတက်ရောက်ကြရမည်ဖြစ်ပြီး၊ လုပ်ခွင့်အတွင်းတွေ့ရှိပါက တိုင်ကြားရန်တာဝန်များရှိ လာပါမယ်။

Racial justice လူမျိုးရေးခွဲခြားမှု

လူမျိုးကွဲ၊ အသားအရောင်ကွဲပြားသောသံသယရှိသူတစ်ဦးအပေါ် လူမျိုးရေးစံနှုန်းထားစိစစ်အရေးယူမှု နည်းလမ်းများအားလုံးအဆုံးသတ်သော၂၀၂၀ဖြစ်ပါတယ်။ racial profiling လူပ်ခွင့်မရှိတော့ကြောင်း ပါ။

ဥပဒေကြောင်းချင်းရာဟာ တိမ်မယောင်နဲ့နက်နဲလှပါတယ်။ ဥပဒေကိုကြောက်ကြသူကျွန်တော်တို့ မြန်မာတွေ ဥပဒေစကားအလွန်ပြောတဲ့အမေရိကားမှာနေရင် မချစ်သော်လည်းအောင့်ကာနမ်းကြရ မှာပါ။ တကယ်တော့လေ့လာနိုင်ပြီးမှတ်သားလိုက်နာနိုင်ရင် သိပ်မခဲယဉ်းပါဘူး။ မြန်မာတွေ ဥပဒေရဲ့ကြိုးကြောင်းသဘောကိုလေ့လာပြီး၊ ယဉ်ပါးနိုင်ကြပါစေ။.         ။

Wednesday, December 09, 2020

ငွေရေးကြေးရေး ပြင်ဆင်ချိန်ရောက်ပြီလော

 Covid-19 ကမြန်မာပြည်တွင်းသာမက၊ နိုင်ငံတကာရောက်မြန်မာတွေကိုဘ၀အခြေအနေအစွန်း တဖက်ဆီတွန်းပို့နေချိန်ရောက်နေပါပြီ။ မြန်မာနိုင်ငံပြင်ပထွက်ပြီးဒေါ်လာအပြင်ခိုင်မာတဲ့ဝင်ငွေရှာကြ သူမြန်မာတိုင်းရင်းသားဦးရေဟာ လူဦးရေစုစုပေါင်းရဲ့ ဆယ်ပုံတပုံခန့်ရှိတယ်လို့ မြန်မာအစိုးရကတရား ၀င်ဆိုထားပါတယ်။ ဒါဟာကြောက်ခမန်းလိလိရှိနေတဲ့  ပြည်ပထွက်ဝင်ငွေရှာကြတဲ့ဦးရေပါ။ မြန်မာ နိုင်ငံအတွင်းရရှိတဲ့ဝင်ငွေဟာ မိသားစုတခုအတွက်ရပ်တည်ဘို့အလွန်ခဲယဉ်းတာနှစ်ပရိစ္ဆေဒအတော် ကြာပါပြီ။ ၀င်ငွေမြိုးမြိုးမြက်မြက် ရတဲ့တဖက်ထိုင်းနိုင်ငံကနေအနောက်နိုင်ငံတွေအထိခြေဆန့်နေ ကြတာတော်တော်ကြာလာပါပြီ။ ဒါပေမဲ့ ရုတ်တရက်ပေါ်ပေါက်လာတဲ့Covid-19ကပ်ရောဂါဟာ အဲ့ဒီ နိုင်ငံတကာမှာဝင်ငွေမှန်နေကြသူ မြန်မာတိုင်းရင်းသားတွေရဲ့ဘ၀ကိုတမျိုးတဖုံပြောင်းလဲစေခဲ့ပါတယ်။ မြန်မာနိုင်ငံသားအတော်များများဟာခုချိန်မြန်မာနိုင်ငံကိုရရာနည်းနဲ့ပြန်ကြရချိန်ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပြည်ပမှာ အခြေချနေထိုင်နေကြပြီဖြစ်တဲ့မြန်မာတွေရဲ့ဘ၀တွေဟာလည်းအပြောင်း လဲကြီးပြောင်းလဲခဲ့ရပါတယ်။ စားပွဲထိုင်အလုပ်လုပ်ကြရသူမြန်မာတိုင်းရင်းသားဦးရေဟာပြည်ပနိုင်ငံစုံ အပါအ၀င် အမေရိကားမှာ အလွန်နည်းတဲ့ဦးရေပါ။ အများအားဖြင့်က လက်လုပ်လက်စားနဲ့ production ထုတ်လုပ်မှု လုပ်ငန်းတွေမှာလုပ်ကြရသူများတဲ့အတွက် မိမိတို့လုပ်ကိုင်ရာလုပ်ငန်းတွေ ကစီးပွားအတက်အကျပေါ်များစွာမူတည်ကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေတဖြုတ်ဖြုတ် ပြုတ်ကုန်တာတွေစတွေ့နေရပါပြီ။ ဆိုင်ရာစီးပွားရေးပျက်ကပ် လေ့လာကြသူအထင်ကရပညာရှင်များနဲ့ အဖွဲ့အစည်းတွေက၊ ခုချိန်မှာအမေရိကရဲ့အဆိုးဘက်ဦးတည် တဲ့စီးပွားရေပျက်ကပ်မလွဲမသွေရောက် လာနိုင်ချေတွေကိုဟောကိန်းထုတ်နေကြပါတယ်။ ကောင်းလှတဲ့သတင်းမဟုတ်ပါဘူး။ ခုချိန်မှာအမေ ရိကနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ကိုင်နေသူမြန်မာတစ်ဦးဦး ဟာ အိမ်ကနေပုံမှန်အလုပ်လုပ်ရတဲ့ ရာထူးတာဝန်မျိုး (work-from-home) မရှိခဲ့ရင်၊ အခြေအနေ မကောင်းတာ့ဘူးလို့ဆိုပါရစေ။ အမေရိကနိုင်ငံသားလူဖြူများနည်းတူ မိမိတို့လည်းတပြိုင်နက်တည်း ခံစားကြရပါလိမ့်မယ်။ 

အစိုးရရဲ့ တည်ဆဲစီးပွားရေးလည်ပတ်ပုံစနစ်ယန္တရားကြီးနဲ့၊ အခြားယာယီအ ထောက်အပံ့များက ကျားကန်ထားတဲ့အတွက်ကြောင့်၊ ရုပ်ပျက်ဆင်းပျက်အအြေနေကိုမရောက်သေးပေမဲ့၊ ဒီအတိုင်းဆက် သွားရင် စီးပွားပျက်ကပ်ဟာအနှေးနဲ့အမြန်ရောက်လာဘွယ်ရှိပါတယ်။ အားကိုး လောက်တဲ့နည်းပညာ ဆိုင်ရာ (Information technology) ရဲ့စွမ်းပကားကအမှန်တကယ်တော့၊ လက်ရှိကပ်ရောဂါကြီးကို တွန်းလှန်ပေးနေတဲ့မဟာတံတိုင်းကြီးတခုပါ။ နည်းပညာ  IT networking သာမရှိခဲ့ရင် ကျွန်တော်တို့ အားလုံးဟာ၊ ကပ်ရောဂါနဲ့အတူ၊ အသူတရာနက်တဲ့ဒုက္ခတွင်းမှာလှလှကြီး ခါးဆီးခံနေကြရချိန်ပေါ့။ မကြာခင်ပေါ်ပေါက်လာမဲ့ Covid-19  vaccines ဟာကြီးမားတဲ့မျှော်လင်းချက်ရောင်ချည်ပါ။ နေ့စဉ် သတင်းတွေမှာကြားသိနေကြရတဲ့ (၉၀%)ကျော်သောကာကွယ်ပေးနိုင်မှု (protection efficiency) ဟာကျွန်တော်တို့အားလုံးကိုသေတွင်းနှုတ်ခမ်းဝကဆွဲကူပေးမဲ့ ကယ်တင်ရှင်ဖြစ်နေပါပြီ။ ဆောင်းနဲ့ အမှီနိုင်ငံတိုင်းလိုCovid-19ဖြစ်ပွားမှုပြန်ဆိုးဝါးလာချိန်မှာ၊ အမေရိကဟာလည်းမလွတ်တမ်းခံစားနေ ရချိန်ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးများကိုဖေါ်ထုတ်ဖြန့်ဝေပေးမှုကိုတွန်းအားပေးတဲ့ လက်ရှိအမေရိက သမ္မတထရမ့်ရဲ့တရားလွန်ပြောစကားများနဲ့၊ နှစ်ပရိစ္ဆေဒများစွာကြာနံမယ်ကောင်းရှိခဲ့တဲ့ CDC ကူးစက် ရောဂါတားဆီးတိုက်ဖျက်မဟာဌာနကြီးကိုလည်းနိုင်ငံရေးအချယ်ခံရမှုတွေကြောင့်လူထုနဲ့ကမ္ဘာကပါ မျာစွာသံသယ၀င်နေချိန်လည်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်အဲ့ဒီကာကွယ်ဆေးရဲ့စွမ်းပကားနဲ့ မမျှော်မှန်းနိုင်တဲ့ဘေးထွက်ဆိုးကြိုးတွေကို၊ သာမာန်ပြည်သူမဆိုထားနဲ့၊ ဆေးဘက်ဆိုင်ရာပညာရှင် များကပါ၊ ကြီးစွာသံသယရှိနေကြချိန်လည်းဖြစ်ပါတယ်။ အဲ့ဒီကာကွယ်ဆေးကိုစောနိုင်သမျှစောစွာထိုး နှံခွင့်ရရှိရေးကြိုးစားကြမဲ့သူတွေ၊ ဦးစားပေးအဆင့်အတန်းသတ်မှတ်မှုတွေနဲ့အငြင်းအခုန်ဖြစ်နေကြသူ တွေရှိနေကြသလို၊ အဲ့ဒီကာကွယ်ဆေးကိုအစောဆုံးထိုးလိုစိတ်မရှိသေးတဲ့ (We don’t want to be the first in the line to receive the vaccine!)ဆိုသူတွေလဲဒုနဲ့ဒေးပါ။ ကပ်ရောဂါရဲ့ကောင်းကျိုးဆိုး ကြိုးတွေအသာထားလို့၊ အဲ့ဒီကပ်ရောဂါကြောင့်လက်ရှိသက်ရောက်စပြုနေပြီဖြစ်တဲ့စီးပွားရေးပျက်ကပ် ဘက်ကိုတစေ့တစောင်းကြည့်ကြရအောင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့၊ ရောဂါနဲ့ပါတ်သက်ပြီးလူသား တွေအနေနဲ့လက်လှမ်းမှီတဲ့ကုစားမှုဟာ အချိန်အခါအခြေအနေများစွာပေါ်မှာမူတည်ပေမဲ့ ကိုယ်ပိုင် ဥစ္စာငွေကြေးကြိုတင်ပြင်ဆင်ရေးကိစ္စဟာ ကျွန်တော်တို့မြန်မာတိုင်းလက်လှမ်းမှီနိုင်ပြီး၊ စီမံပြင်ဆင်နိုင် တဲ့ ကိစ္စအရေးအရာဖြစ်နေလို့ပါဘဲ။ တခုဘဲရှိကြဘို့လိုပါတယ်။ လုပ်သင့်တာတွေကိုသိနားလည်ပြီး၊ မျက်ခြေမပြတ်လုပ်ထားကြဘို့ဘဲလိုပါတယ်။ 

ဒီလမှာတော့ အမေရိကနိုင်ငံတ၀ှမ်းနေသက်ကြီးပိုင်းတွေအတွက် ကခုလ မှာဖြန့်ချိတဲ့ 

AARP Bulletin မှာ “Reset Your Finances” ကဏ္ဍမှာဖေါ်ပြထားတဲ့ Covid-19 ကာလတွင်းနဲ့ နောက် ပိုင်းကာလတွေမှာ လူတိုင်းသိသင့်တဲ့ ငွေရေးကြေး ကိစ္စတွေကိုအလေးပေးဖေါ်ပြထားတာတွေဟာ မြန်မာကွန်မြူနတီ အသက်အရွယ်တိုင်းမရွေးသိထားဘို့လိုတာတွေပါလာတာမို့၊ ပြန်ဖေါက်သယ်ချ လိုက်ပါတယ်။ 

(က) ငွေကြေးအကြပ်အတည်းရောက်ပြီဆိုတဲ့လက္ခဏာများ -

- မူရင်းသုံးစွဲနေကြ credit card အစားနောက်ထပ် credit card တခုအစားထိုးပြီးစတင်သုံးစွဲ  နေရခြင်း၊

- လစဉ်ပေးနေကြCredit card အရကျသင့်ငွေကိုအပြည့်မပေးနိုင်ဘဲ၊ အနည်းဆုံးသတ်မှတ် ပေးသွင်းရန်ဖေါ်ပြထားသောငွေပမာဏ (minimum due) ကိုသာပေးသွင်းနိုင်တော့ခြင်း၊

- မိမိစုဆောင်းငွေ၊ ဘေးဖယ်ထားသောစုဆောင်းငွေများ တစတစ လျော့နည်းလာခြင်း၊

- အကြွေးတောင်းသောကုမ္ပဏီများမှ အကြွေးတောင်းခံစာများ၊ ဖုံးခေါ်ယူခြင်းများရှိလာခြင်း၊

- အိမ်ပြင်ဆင်ရန်၊ ကားပြင်ဆင်ရန်၊ ဆေးကုသမှုခံယူရမည်ု့ကိစ္စများဆိုင်းငံ့လာရခြင်း၊

- နေ့စဉ်ရောက်လာသောစာများ၊ ဖုံးခေါ်ဆိုခြင်းများကိုရှောင်ရှားရန်ကြိုးစားလာခြင်း၊

(ခ) ဒီလိုအခြေအနေတွေဖြစ်လာရင်ဘာလုပ်သင့်လဲ -

- အဆိုပါတောင်းခံစာများပေးပို့သောသောကုမ္ပဏီများသို့ဖုန်းခေါ်ဆိုပြီး၊ မိမိလက်ရှိကြုံတွေ့ရ သောအခက်အခဲကိုရှင်းလင်းပြပြီး၊ အကူအညီတောင်းပါ။ များသောအားဖြင့် စီးပွားပျက်ချိန် တွင် အကြွေးရှင်များက၊ အကြွေးသက်သာစေမည့် အစီအမံများစီစဉ်ထားလေ့ရှိပါသည်။

- အတိုးနှုန်းသက်သာသောအခြားချေးငွေအမျိုးအစားများ Credit Unionဘဏ်များတွင်ရနိုင် ပါသည်။ ယင်းသို့ပေးရန်ကျန်အကြွေးငွေကိုလွဲပြောင်းပါ။ ယင်းသည်အချိန်အခါမလင့် ခင်ဆောင်ရွက်ရန်လိုပါသည်။ မိမိအကြွေးကြီးကြောင်း credit bureaus များမှသိရှိပြီးမှလွှဲလျင် အလွန်ခက်ခဲသွားနိုင်ပါသည်။

- အပိုဝင်ငွေရနိုင်သောအလုပ်များရှာပါ။

- စီးပွားပျက်ကပ်တွင်အစိုးရမှအထူးထုတ်ချေးသောအထောက်အပံ့များကိုနားစွင့်ရယူပါ။ အမေရိကားတွင်မိမိရပိုင်ခွင့်ရယူရန်အသိအကျွမ်း၊ အဆက်အသွယ်ရှိရန်မလိုပါ။ ကိုယ်ကိုယ် တိုင်စုံစမ်းရယူနိုင်ကြရန်တော့လိုပါသည်။

- Food Stamp ခေါ် Supplemental Nutrition Assistance Program SNAP) ကိုရယူရန် လက်မတွန့်ပါနှင့်။ Food Stamp သုံးခြင်းမှာ လူသိမ်ငယ်သောကိစ္စမဟုတ်ဆိုသည်ကို နားလည်လက်ခံပါ။ 

(ဂ) စီးပွားပျက်ချိန် အပိုစုဆောင်းငွေရှိသဖြင့် အတိုးအပွားရှိသောရင်းနှီးမြှုပ်နှံမှုလုပ်လိုပါသလား? (မိမိပေးရန်ကြွေးများတွင်အတိုးများရာနည်းရာအလိုက်ဦးစားပေးပြီး ပေးသွင်းခြင်းလုပ်ကြဘို့ အရင်စဉ်းစားပါ။)

- Roth IRA ကိုဦးစားပေးစဉ်းစားပါ။ ပေးသွင်းစဉ်အခွန်ဆောင်ရသော်လည်း၊ ပြန်ထုတ်ချိန်တွင် အခွန်ကင်းပါသည်။ ရေပန်းစားသောသေခြာသောရင်းနှီးမှုဖြစ်ပါသည်။

- Target-date mutual funds ကား ပင်မရင်းနှီးသူရော၊ ထဲ့သွင်းရင်းနှီးသူတွေပါအကျိုး အမြတ်ခံစားခွင့်ရှိသောရင်းနှီးမှုဖြစ်ပါသည်။ အသက်အရွယ်ပေါ်မူတည်၍ မိမိငွေပြန်ထုတ်ရန် မျှော်မှန်းသောအသက်အပိုင်းအခြားကိုညွှန်ပြသော funds ကိုရွေးပါ။ ကျွမ်းကျင်သူပညာရှင် Keith Whitcomb အဆိုအရ mutual fund တခုတွင် လစဉ်($၂၅) ထဲ့ဝင်စုဆောင်းပါက (၅)နှစ်အကြာတွင် စုဆောင်းငွေ ($၁၇၀၀)ရှိလာနိုင်ကြောင်းဆိုထားသည်။

(ဃ) မိမိတို့အသုံးစရိတ်နှင့်လစဉ်ပေးနေကျအသုံးအစွဲများဖြတ်တောက်လျှော့ချရမည့်အချိန်ဖြစ်သည်။

- (၆၀)၀န်းကျင်လောက်တွင်၊ ဈေးသက်သာသောအိမ်ယာများကိုရောင်းချပြီး၊ အချက်အခြာကျ ၍သွားလာရလွယ်သောနေရာသစ်တွင်ပြောင်းရွှေ့ခြင်းဖြင့်အပိုဝင်ငွေထွက်လာနိုင်ပါသည်။ အချို့ကလည်း အိမ်မှ ကွန်ဒိုမီနီယံသို့ပြောင်းရွေ့ကြပါသည်။

- cable TV စသည်တို့ကိုဖြတ်သင့်ပါသည်။ ယနေ့အခါသည် TVတိုင်းသည် smart tv များဖြစ်သဖြင့် cable မလိုတော့ပါ။ Sling ကဲ့သို့သော အလွန်သက်သာသည့် TV အစီအစဉ် (သို့မဟုတ်)လက်ရှိအကောင်းဆုံးဟုယူဆရသော Youtube TVကိုရယူလျက်၊ မိမိသားချင်း အိမ်ခွဲများနှင့်အချိုးကျကျပေးနိုင်ပါသည်။

(င) ကျန်းမာရေးအာမခံလူတိုင်းရှိရပါမည်။ အလုပ်မရှိပါက ဆိုင်ရာStateများရှိ Medicaid (သို့မဟုတ်) Exchange marketplace for health insurance တွင်အမြန်ဆုံးစာရင်းသွင်းပါ။

(စ) Social Security ခံစားခွင့်ကို အသက်(၆၂)ပြည့်၍ထုတ်ယူမည်ဟူသောအကြံအစည်ကိုချက်ချင်းမ လုပ်သင့်ပါ။

-  Social Security fund ခမ်းခြောက်ကုန်ခမ်းမည်ဆိုသည်မှာမှန်သော်လည်းချက်ချင်းမဖြစ် သေးပါ။ 

- မိမိတို့အလုပ်လက်မဲ့သွားခြင်းကြောင့် ရရှိနိုင်မည့် ခံစားခွင့်ပမာဏရုတ်လျော့သွားမည်မှာမှန် သော်လည်းကြီးမားသောသက်ရောက်မှုမရှိပါ။

- အသက်(၇၀)အထိစောင့်ပြီးထုတ်ယူချင်သော်လည်း၊ မိမိကျန်းမာရေးအခြေအနေကြောင့် ထုတ်ယူလိုကထုတ်ယူနိုင်သော်လည်း၊ ဆီချိုသွေးတိုးစသောအသက်အရွယ်အရဖြစ်ပေါ်ခံစား ရသူတို့၏သက်တမ်းသည်၊ တဖြေးဖြေးတိုးလာကြောင်းကိန်းဂဏန်းများကပြဆိုနေပါသည်။ ဖြစ်နိုင်လျင် အသက်(၇၀)အထိစောင့်သင့်ကြောင်းကျွမ်းကျင်သူတွေကအကြံပြုကြပါသည်။ သိုသော်လည်းဤအချက်သည်။ အမေရိကတွင်သက်တမ်းတလျှောက်ကြီးပြင်းသူတို့အတွက် ပိုမိုသင့်လျော်မည်ဟုယူဆပါသည်။ အသက်အရွယ်လွန်ပိုင်း (လူလတ်ပိုင်း ၄၀ ကျော်) လောက်မှပြောင်းရွှေ့အခြေချကြသူ မြန်မာများအတွက်ကြီးမားသောသက်ရောက်မှုမရှိနိုင်ပါ။ သို့သော် ၀င်ငွေအလွန်ကောင်းသောလုပ်ငန်းရှင်၊ ဆရာဝန် စသူတို့အတွက်မူ ဆိုင်ရာfinancial advisors များကိုတွေ့ဆုံဆွေးနွေးသင့်ပါသည်။

- မရှင်းပါကနီးရာ Social Security ရုံးတွင်ကိုယ်တိုင်သွားရောက်ဆွေးနွေးရန်ဝန်မလေးပါနှင့်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အခြေအနေပေါ်မူတည်၍ရှုတ်ထွေးသောကိစ္စများ(ဥပမာ- ကွာရှင်းပြတ်ပြီးပါကလည်းသင့်လျော်သောခံစားခွင့်များရရှိနိုင်သောအခြေအနေမျိုး)တွင် ခံစားခွင့်များများရနိုင်သောအခြေအနေမျိုးများရှိနိုင်ပါသည်။ လူသိနည်းသောအခြေအနေမျိုး များအတွက်ခံစားခွင့်မျိုးများရှိနေနိုင်သည်ဆိုသည်ကိုခေါင်းထဲထည့်ထားကြဘို့လိုပါသည်။

(ဆ) အရေးကြီးဆုံးနှင့်မြန်မာများမေ့လျော့တတ်သောကိစ္စကြီးတခုကား သေတမ်းစာအပါအ၀င်အခြား စာရွက်စာတမ်းများထားရှိရန်ပျက်ကွက်ခြင်းဖြစ်သည်။

- မိမိတို့ချမ်းသာဆင်းရဲသည်နှင့်မဆိုင်ပါ။ ပုံမှန်ဝင်ငွေနှင့်အိမ်ယာရှိပြီဆိုသည်နှင့်Will ရှိရန်လို သည်။   

- Will ကိုအင်တာနက်တွင်အလွယ်တကူရယူနိုင်သော Nolo ကဲ့သို့သောစီမံသောကုမဏီများ တွင်ဈေးသက်သက်သာသာဖြင့်ထုတ်ယူနိုင်ပါသည်။ ယင်းsoftwareကမေးသောမေးခွန်းများ ကိုအလိုက်သင့်ဖြေဆိုခြင်းဖြင့်ထုတ်ယူနိုင်ပါသည်။ Costco မှနှစ်စဉ်ဈေးချရောင်းချပါသည်။

- အခြားစာချုပ်(၂)ခုကား Healthcare Directives (Living Will) (မိမိနာမကျန်းခြင်းကြောင့် သတိလက်လွတ်သေကောင်ပေါင်းလဲဖြစ်ချိန်မိမိကုသရေးနှင့်ဆိုင်သောလိုအင်ဆန္ဒဖေါ်ပြခြင်း) နှင့် Durable Power of Attorney (မိမိနာမကျန်းခြင်းသေဆုံးခြင်းဖြစ်ပါကမိမိပိုင် ဆိုင်ရာ ငွေကြေးဥစ္စာကိုမည်သို့စီမံခန့်ခွဲစေလိုသည်ဆိုသည်တို့ကိုဖေါ်ပြခြင်း) တို့လိုအပ်ပါသည်။

- မြန်မာတိုင်းရင်းသားတို့သည် သေခြင်းကိစ္စကိုဆွေးနွေးရန်အလွန်ဝန်လေးရှောင်ရှားတတ် သောအယူသည်းမှုရှိသည်။ ယင်းသည်အကျိုးထက်အပြစ်ကိုပိုဖြစ်စေသည်။ ကျန်ရစ်သူ (သို့မဟုတ်) အနားတွင်ရှိသောမိသားစုဆွေမျိုးများကိုများစွာသောအကြပ်အတည်းများကို ဖြစ်စေသည်။ အထူးသဖြင့် စည်းစိမ်းဥစ္စာခွဲဝေခြင်းကိစ္စများတွင်မလိုလားအပ်သော အချင်းများ မှု၊ အမှုအခင်းရင်ဆိုင်ရမှုများဖြစ်စေသည်။

- ယင်းစာရွက်စာတမ်းများကိုNotarize နှင့် (လိုအပ်လျင်) ဆိုင်ရာဒေသRegistryတွင် မှတ်ပုံတင်ပါ။

- ယင်းစာရွက်စာတမ်းများရေးသားရာတွင် မိသားစုဝင်သားသမီးများကိုရှင်းလင်းဆွေးနွေးရန် လိုသည်။ ယင်းစာရွက်စာတမ်းများမည်သည့်နေရာတွင်ရယူနိုင်သည်ကိုအသိပေးရန်လိုသည်။ အရေးကြီးသည်မှာသားသမီးအားလုံးကို (တတ်နိုင်လျင်) တပြေးညီဆွေးနွေးပါ။ ထင်ယောင် ထင်မှားဖြစ်စေမည့်ကိစ္စမှန်သမျှရှောင်ရှားပါ။

(ဇ) နောက်ဆုံးဆိုသော်လည်း အရေးကြီးဆုံးအချက်တခုရှိပါသည်။ အလိမ်မခံမိပါစေနှင့်။ အမေရိက တွင်မွေးပြီး၊ အမေရိကတွင်ကြီးသော လူဖြူအမေရိကန်များပင်အလိမ်ခံနေကြရသော ခေတ်ကြီးဖြစ် ပါတယ်။အသက်အရွယ်ကြီးရင်းလာသည်နှင့်အမျှ လိမ်လည်ရန်လွယ်ကူလာပါတယ်။ ကျွန်တော်တို့ မြန်မာများအတွက်ကားပိုဆိုးပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ စကားနားမလည်မှု၊ သဘောပေါက် နားလည်ရန်ခက်ခဲမှုတို့ကတပန်းရှုံးစေပါတယ်။ ရှေ့နေအားကိုးဆိုသောစကားကို လည်းသတိချပ်ပါ။ ရှေ့နေတိုင်းစိတ်မချရပါ။

နှစ်ဟောင်းကုန်၍နှစ်သစ်ပြောင်းတော့မှာဖြစ်ပါတယ်။ (၂၀၂၀) ဟာလူတိုင်းအတွက်ဆိုးရွားတဲ့နှစ် ကြီးပါ။ အနည်းနဲ့အများဆိုသလိုလူတိုင်းခံစားကြရတဲ့နှစ်ပါ။ လက်ရှိကပ်ရောဂါဘယ်ထိခရီးဆန့်မယ် မသိနိုင်ပါဘူး။ ကပ်ရောဂါကြောင်းစိတ်ဖိစီးမှုက စီးပွားပျက်ကပ်ကနေ ကိုယ်အိပ်ကပ်ကိုထိလာစရာ တွေရှိနေပါတယ်။ ကျွန်တော်တို့မြန်မာတွေ မျက်စိဖွင့်နားစွင့်ကြရင်း ပြင်ဆင်သင့်တာ ကြိုတင်ပြင်ဆင် နိုင်ကြပါစေ။.          ။