Tuesday, February 16, 2021

ခါးဖြတ်ရိုက်ချိုးခံလိုက်ရသော ထွန်းသစ်စ မြန်မာ့ဒီမိုကရေးစီ

 စစ်အုပ်ချုပ်ရေးစနစ်ဟာတကယ်တော့မြန်မာတွေမုန်းတီးပေမဲ့ ကျင့်သားရှိအောင်ကြံဖန်နေကြရတဲ့ ကိစ္စဖြစ်မှန်းမသိဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ(၁)ရက်မြန်မာစံတော်ချိန် မနက်လင်းအားကြီးအချိန်မှာ မြန်မာနိုင်ငံတ၀ှမ်းနဲ့ ကမ္ဘာတ၀ှမ်းလုံးကိုသတင်းဆိုးတခုကလှုပ်နှိုးလိုက်ပါတယ်။ ဒုတိယသက်တမ်း အတွက်တရားဝင်ရွေး ကောက်ခံရပြီးပြီလို့ယုံကြည်ကြရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်အာဏာ ရ (လက်ရှိအာဏာမဲ့) NLD ပါတီခေါင်းဆောင်ပိုင်းကိုထိမ်းသိမ်းလိုက်ပြီး၊ နိုင်ငံတော်ရဲ့အာဏာကို မြန်မာနိုင်ငံမှာ အင်အား အကြီးမားဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့“တပ်မတော်”က သိမ်းပိုက် လိုက်တဲ့သတင်းပါ။ တတိယအကြိမ်လွှတ်တော်များရဲ့သက်တမ်းမစမှီနာရီပိုင်းအလိုမှာ၊ မြန်မာနိုင်ငံတ ၀ှမ်းဒေသအနှံ့မှာရှိတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့တရားစီရင်ရေး တရားဝင်အဖွဲ့အစည်း အားလုံးဟာ အချိန်တိုနာရီပိုင်းအတွင်း စစ်တပ်တွေရဲ့လက်အောက်မှာပြားပြားဝပ်ခဲ့ရပါတယ်။ ဘာနဲ့တူသလဲဆို တော့ မြန်မာပြည်ရဲ့နောက်ဆုံး မင်းဖြစ်တဲ့သီပေါမင်းကို(၁၈၈၅)ခုနှစ်မှာနယ်ချဲ့ဗြိတိသျှတွေက “ကြက် ကလေးငှက်ကလေးတွေ ဖမ်းသလို” နန်းပေါ်တက်ပြီးဖမ်းဆီးခေါ်ဆောင်သွားတာနဲ့အလားသဏ္ဍာန် တူသွားပါတယ်။ တခုဘဲကွာ တာကတော့ သီပေါမင်းကိုတိုင်းတပါးသားကဖမ်းဆီးခေါ်ဆောင်သွား တာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်ခေါင်းဆောင်တွေကိုတော့ကိုယ့်နိုင်ငံသားချင်းကဖမ်း ဆီးလိုက်တာဘဲ ကွာပါတယ်။ ပိုဆိုးစေတဲ့အဖြစ်ကတော့ ဒီမိုကရေစီအသီးအပွင့်တွေလွန့်လူးလာစ မြန်မာနိုင်ငံရေးအခင်းအကျင်းသစ်မှာ မဲဆန္ဒရှင်လူထုတစ်ရပ်လုံးရဲ့စစ်မှန်တဲ့ရင်ထဲကဆန္ဒအမှန်ဖြစ်တဲ့ သဘောထားကိုဖုံးကွယ်ဖျောက်ဖျက်ဘို့ကြိုးစားပြီး တပ်ကအာဏာရယူလိုက်တဲ့အတွက်၊ တစ်နိုင်ငံ လုံး ကြိမ်မီးအုံသကဲ့သို့ခံစားလိုက်ကြရတဲ့အဖြစ်ဟာ လူမှုကွန်ယက်တွေမှာမဖုံးနိုင်မဖိနိုင်အောင်ပေါ် ထွက်လာခြင်းပါဘဲ။

လက်ရှိဖြစ်ပျက်နေတဲ့ကိစ္စလေးတွေလေ့လာဆွေးနွေးကြည့်ရအောင်ပါ။

(က) တပ်မတော်အား နိုင်ငံအရေးပေါ်ကိစ္စတိုင်းမှာ တရားဝင်အာဏာရယူခွင့်အကြွင်းမဲ့အာဏာပေး ထားသော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ - ၂၀၀၈ ဧပြီနဲ့မေလအတွင်းက နာဂစ်မုန်တိုင်သဘာဝဘေး အန္တရာယ်ကြောင့်နိုင်ငံတခုလုံးရာထောင်မကသေကြေကြချိန်မှာအခွင့်ကောင်းယူပြီး၊ စစ်တပ်စိတ် ကြိုက်ရေးဆွဲခဲ့တဲ့ဥပဒေဟာ အာဏာရှင်များအတွက် ခုချိန်မှာအလွန်အသုံးတဲ့တဲ့ တရားဝင်လုပ်ပိုင်ခွင့် ကြီးဖြစ်နေပါတယ်။ လက်ရှိအသက်ဝင်နေဆဲအခြေခံဥပဒေဟာ’rule of law’ စံချိန်စံညွှန်း international norms စတဲ့ပေတံတွေအရ ပေမမှီဒေါက်မမှီယုံမက၊ သန်းပေါင်းမြောက်မြားစွာသော ပြည်သူတွေရဲ့ဘ၀ကို အရိပ်ထိုးနေပါတယ်။ အဲ့ဒီအဖြစ်ဟာ လူထုတစ်ရပ်လုံးအပေါ်သာမက ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ တရားဝင်ရွေးကောက်ခံအစိုးရပေါ်တောင်လွှမ်းမိုးပြီးမလှုပ်နိုင်အောင် အပေါ် စည်းယူထားပါတယ်။ ဒီအခြေခံဥပဒေကို(ယခင်)ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မိမိစိတ်တိုင်း ကျပုံစံရရှိ အောင်ဆယ်စုနှစ်တစ်ခုလောက်အချိန်ယူဆန်းစစ်ပြီး အဲ့ဒီအချိန်က “ဘောင်းတော်ငြိမ့်စိတ်တော်သိ” ဥပဒေပညာရှင်များအကူအညီနဲ့ရေးဆွဲထားခြင်းပါ။ အဲ့ဒီဥပဒေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို စစ်အစိုးရက ထဲထဲဝင်ဝင်နားလည်ပြီး၊ လိုသလိုအဓိပ္ပါယ်ကောက်ယူနိုင်တဲ့အပေါ်စီးကိုကျကျနနရထား ပြီးသားဆို တာကတော့မငြင်းနိုင်ပါ။ ပြင်ပဥပဒေပညာရှင်တွေဘယ်လောက်ဘဲတတ်သိနားလည်တယ် ဆိုပေမဲ့ တပ်ရဲ့ကျောထောက်နောက်ခံရှိခဲ့တဲ့/ရှိဆဲဥပဒေရေးဆွဲတဲ့ (authors of the constitution)ကို လိုက်မှီ ကြဘို့အလွန်ခဲယဉ်းပါတယ်။ ဥပဒေရဲ့အဆီအနှစ်ချုပ်ကတော့ တပ်အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အသေကိုင်ထားမှာသေခြာသလောက်ပါဘဲ။ အကြောင်းရင်းကတော့ အာဏာရယူသုံးစွဲ မှုအားလုံး အ တွက် ဒီအခြေခံဥပဒေဟာ တပ်အတွက်အကောင်းဆုံးခုခံကာကွယ်ရေးလက်နက်ကြီးဖြစ်နေလို့ပါဘဲ။ စစ်တပ်ကိုကောင်းစွာဒိုင်းခံကာကွယ်ပေးထားတဲ့ လက်ရှိအခြေခံဥပဒေဟာ နိုင်ငံတကာမျက်နှာစာမှာ တရားဝင်ရပ်တည်ခွင့်ကိုပေးထားသလိုဖြစ်နေတဲ့အတွက်၊ ဒီမိုကရေစီကျောထောက်နောက်ခံပြုထား တဲ့အစိုးရသစ်ပေါ်ထွက်နိုင်ခဲ့ရင်တော့၊ မနှေးနဲ့အမြန်ဆိုသလို ဒီမိုကရေးစီစံနှုန်းပြည့်ဝတဲ့အခြေခံဥပဒေ သစ်နဲ့အစားထိုးသွားနိုင်ချေများစွာရှိသွားပါပြီ။ ပြီးခဲ့တဲ့(၅)နှစ်သက်တမ်းအတွင်းက တည်ဆဲအခြေခံ ဥပဒေဘောင်ထဲကပြင်ဆင်ရေးဆွဲရေးဟာ (၇၅%)မကျော်လွန်နိုင်လို့၊ အချည်းအနှီးဖြစ်ခဲ့ရတဲ့သင်ခန်း စာကိုအတိုက်အခံတွေကရသွားပါပြီ။ ထိုနည်းတူဘဲ ခုလက်ရှိစစ်အစိုးရကလည်း စစ်အစိုးရသက်ဇိုး ရှည်ရေးအတွက် လက်ရှိအခြေခံဥပဒေထက် ပိုမိုခိုင်ခန့်တဲ့ပြင်ဆင်မှုကိုခုသက်တမ်းမှာကြိမ်းသေပေါက် ပြင်ဆင်မှာဖြစ်နေပါတယ်။

(ခ) နိုင်ငံတော်အာဏာရယူထိမ်းသိမ်းတဲ့ကိစ္စ - အခြေခံဥပဒေအရအာဏာသိမ်းခွင့်ကိုခွင့်ပြုထားပေမဲ့၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုတ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုတဲ့ဒို့တာဝန်အရေး(၃)ပါးကိုထိပါးရင်ဆိုတဲ့ အခြေခံအကြောင်းရင်းခံတွေရှိပါတယ်။ မဲစာရင်းစစ်ဆေးတာကိုခွင့်မပြုခြင်းဟာ၊ ဒီအရေး(၃)ပါးနဲ့ဘယ်လိုဆက်စပ်သွားလဲဆိုတဲ့အချက်ဟာ တပ်ကဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုသလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ သေခြာတာတခုကတော့၊ ဖေဖေါ်ဝါရီ(၁)ရက်မနက်လင်းနားကြီးမတိုင်မှီမှာမြန်မာနိုင်ငံတ၀ှမ်းလုံးဟာ တည်ငြိမ်အေးချမ်းပြီးကိုယ့် အလုပ်ကိုယ်လုပ်၊ ကိုယ့်ဝမ်းစာကိုယ်ရှာစားတဲ့ကာလပါ။ အာဏာသိမ်းပြီးမှ ခုချိန်တစ်နိုင်ငံလုံးမတည် မငြိမ်ဖြစ်သွားရတာမို့၊ ဒီအချက်ကိုတော့ သမိုင်းကအဖြေပေးပါလိမ့်မယ်။ နောင်တခုက ယာယီသမ္မတ အဖြစ်တက်လာသူ ဦးမြင့်ဆွေကနိုင်ငံတော်အာဏာကို တပ်ကိုလွှဲပေးခွင့်ရှိ/မရှိ၊ တရားဝင်/မ၀င်ကိစ္စ၊ နောက်လက်ရှိပြည်ထောင်စုနဲ့ပြည်နယ်တိုင်း/ဒေသကြီးအစိုးရအဖွဲ့နဲ့လွှတ်တော်တွေအားလုံးကို ဖျက် သိမ်းခြင်းမရှိတာဟာထူးခြားချက်ပါ။  ဆိုင်ရာပြည်ထောင်စုနဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးကောင်စီတွေ ဖွဲ့စည်းမိန့်တွေအားလုံးဟာထူးခြားချက်ပါဘဲ။ ဒီဆောင်းပါးရေးနေချိန်အတွင်းမှာ ရဲတပ်ဖွဲ့ရဲ့လူအုပ်ဖြို ခွင်းအင်အား သုံးတဲ့အတွက် တက္ကသိုလ်ကျောင်းသူတစ်ဦးအသက်အန္တရာယ်ရှိလောက်ဖွယ်ဒါဏ် ရာရသွားပြီး၊ သေမလားရှင်မလား မပြောနိုင်သေးပါဘူး။ မြို့ကြီးတွေမှာ ပုဒ်မ(၁၄၄)အရ နေ့ဘက် (၅)ဦးထက်ပိုမစုရ နဲ့ညမထွက်ရအမိန့်တွေစကြေငြာနေပါပြီ။ ဒီအင်အားသုံးဖြိုခွင်းမှုတွေကိုလည်း နိုင်ငံတကာကရှုတ်ချမှုတွေစတင်နေပါပြီ။ မြို့အသီးသီးရဲ့ NLD ရုံးတွေမှာတော့ခုအချိန် ရဲနဲ့တပ်က ၀င်ရောက်စီးနင်းနေပါပြီ။ အမတ်နဲ့ခေါင်းဆောင်ပိုင်းကိုအမှုဆင်တည်ဆောက်ရေးလုပ်ငန်းတွေစပါပြီ။

(ဂ) ယခင် NLD အစိုးရလက်ထက် အုပ်ချုပ်ရေးစနစ်ဆန်းစစ်ချက် - ယေဘူယျအနေအရ တိုးတက် ပြောင်းလဲမှုတွေရှိတန်သလောက်ရှိခဲ့ပါတယ်။ ရာနှုန်းပြည့်အုပ်ချုပ်ခွင့်အာဏာမဲ့တဲ့ အခြေခံဥပဒေ ကြောင့် (၂၅%သောတပ်အရာရှိများပါဝင်တဲ့အဆင့်ဆင့်သောအုပ်ချုပ်ရေးစနစ်) ဆုံးဖြတ်ပိုင်ခွင့် အာဏာအတော်များများကို ဒေါ်အောင်ဆန်းစုကြည်ကကိုင်စွဲခဲ့တဲ့အတွက် အစိုးရအဖွဲ့ဝင်များဟာ မိမိတို့ရဲ့ initiative ပါတဲ့လုပ်ကိုင်တဲ့အနေအထားကိုမတွေ့ရသလောက်ရှားပါးပါတယ်။ အစိုးရအဖွဲ့ ၀င်တော်တော်များများဟာ(၂၀၁၅)အုပ်ချုပ်ရေးစတင်စဉ်ကလက်အောက်ခံညွှန်ကြားရေးမှူးချုပ်များကို ပြန်ကြောက်ကြရတဲ့အနေအထားတွေကြောင့်အားမလိုအားမရတွေဖြစ်ခဲ့ကြရပါတယ်။ အုပ်ချုပ်ပုံ ပုံစံတွေဟာ ယခင်စစ်အစိုးရအဆက်ဆက်အတိုင်းဘဲ ဖဲကြိုးဖြတ်ခြင်း၊ ထည်လဲအစည်းအဝေးဆွေး နွေးပွဲတွေနဲ့ ခေတ်ပေါ်ဝေါဟာရများတွင်တွင်ကျယ်ကျယ်လူအထင်ကြီးအောင်သုံးတဲ့ ၀ဲသြဂထဲမှာ ပွဲတက်တိုက်ပုံဝတ်စုံတွေတွေသားသားနားနားနဲ့နေကြတဲ့ဝန်မင်းအသီးသီးတွေရဲ့ပုံရိပ်တွေကို နေ့စဉ် သတင်းစာတွေမှာတွေ့ရပါတယ်။ ပြည်ပကမြန်မာပညာ ရှင်တွေကိုပြည်တွင်းကိုဖိတ်ခေါ်နေရာပေးဘို့ ဆန့်ကျင်တဲ့၊ ၀န်လေးတဲ့အတွက်ကြောင့်၊ ရိုးသားပြီး စိတ်ထားကောင်းတဲ့အုပ်ချုပ်ရေးတခုတော့ ထူထောင်လိုက်နိုင်ပြီး၊ အတိုင်းအတာတခုအထိသာ အောင်မြင်ပေါက်ရောက်မှုတွေသာရှိခဲ့တာက အမှန်ပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်တွေ အနားကို တတ်သိပညာရှင်တွေ၊ ရဲရဲဝံ့ဝံ့ အားမနာတမ်းပြောနိုင်သူတွေ ချဉ်းကပ်ခွင့်မရခဲ့ကြပါဘူး။ ဒီလိုဖြစ်အောင်လဲ သူမရဲ့အတွင်းစည်းဝိုင်းထဲ ကသူတွေကတားဆီးထားတဲ့လက္ခဏာတွေတွေ့ရ တယ်လို့ ဝေဖန်သူတွေကထောက်ပြကြပါတယ်။ သူ့လူကိုယ့်လူမယုံကြည်ကြရတဲ့ခေတ်လည်းဖြစ်နေရတာပါပါတယ်။ ဒီဟာတွေဟာငြင်းလို့မရတဲ့ အဖြစ်တွေပါ။ အဆိုးဆုံးကတော့ NLD အစိုးရအာဏာကိုင်စွဲစဉ်ကစပြီးခုအာဏာသိမ်းပိုက်မှုအရိပ် အရောင်တွေလွှမ်းမိုးလာချိန်မှာ၊ ခေါင်းဆောင်ပိုင်းခါးဆက်ပြတ်ခဲ့ရင်၊ ဘယ်ပုံဘယ်နည်းတရားဝင် ရွေးကောက်ခံအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်ဆက်ပြီးတာဝန်ယူမလည်း၊ အာဏာသိမ်းပိုက်မှုကိုကြိုတင် ကာကွယ်တဲ့အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုတဲ့ဥပဒေတွေပြဌာန်းတဲ့ အစီအစဉ်၊ တားမြစ်ချက်/အရေးယူရမဲ့ဥပဒေ စသည်တွေကိုဖေါ်ဆောင်ခြင်းစတဲ့ (Contingency plans & laws) အလျင်းမရှိခဲ့တဲ့ အတွက် တကယ်အာဏာသိမ်းချိန်မှာ တည်ဆဲအခြေခံဥပဒေကို စစ်တပ်ကအနိုင်နဲ့ပိုင်းပြီး (မိမိလိုရာအဓိပ္ပါယ်ဆွဲဖွင့်ပြီး) အသုံးချသွားတာပါ။ ခုအခါမှာတော့ အတော် လေးနောက်ကျသွားပါပြီလို့လေ့လာမိကြောင်းပါ။

(ဃ) လက်ရှိအုပ်ချုပ်ရေးအနေအထား - လက်ရှိစစ်ကောင်စီလို့ဆိုနိုင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး အဖွဲ့မှာထက်ဝက်သောအဖွဲ့ဝင်တွေကို တိုင်းရင်းသားပါတီ၊ အခြားပါတီ (အများအားဖြင့် ယခင်NLD နဲ့မဟာမိတ်ပါတီများမပါ)အရပ်သားထက်ဝက်ကျော်လောက်ကိုစည်းရုံးရေးသဘောအရထည့်သွင်းဖွဲ့ စည်းထားပါတယ်။ ဒါဟာသမရိုးကျမဟုတ်တဲ့စစ်ကောင်စီပုံစံပါ။ သေခြာတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာမသိမ်းမှီနဲ့အာဏာသိမ်းပြီး ကတိစကားဖြစ်တဲ့ အခြေခံဥပဒေနဲ့တည်ဆဲ ဥပဒေဘောင်ကကျော်လွန်မလုပ်ပါဘူးဆိုတဲ့ကတိစကားကိုရောင်ပြန်ဟပ်ပုံရပါတယ်။ အရပ်သား ပါဝင်သူအချို့ဟာ NLD ခေါင်းဆောင်ပိုင်းကိုဗြောင်ဝေဖန်ခဲ့ကြတဲ့အတွက်၊ ပါတီကထုတ်ပါယ်ခြင်း ခံရပြီး၊ ဘက်ပြောင်းသွားကြသူတွေပါ။ အမှန်အတိုင်းပြောရရင်အချို့ပုဂ္ဂိုလ်များဟာအရည်အချင်းမခေ ကြသူတွေလို့သိနားလည်ကြသူတွေကဆိုကြပါတယ်။ သူတို့တွေ NLD ပါတီမှာရှိစဉ်က ထဲထဲဝင်ဝင် ဦးဆောင်ကြသူတွေပါ။ ကိုယ့်လူသူ့ဘက်သား ဖြစ်ရတဲ့အဖြစ်မို့ဝမ်းနဲစရာပါ။ အဲ့ဒီအုပ်ချုပ်ရေးကောင်စီ မှာပါဝင်ကြသူအရပ်သားများဟာ ဟန်ပြအနေနဲ့သာရှိဘို့များပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုဝန်ကြီးအ ဆင့်ထက်မနိမ့်တဲ့ အဆောင်အယောင်အခွင့်ထူးများအလိုအလျောက်ရသွားကြပြီမို့ သူတို့တွေအတွက် ကတော့ ဟန်ကျသွားပြီပေါ့။ ထိုနည်းတူ ဒေသဆိုင်ရာအုပ်ချုပ်ရေးကောင်စီများဟာအရပ်သားများကို သာခန့်ထားခြင်းဟာ ထူးခြားပေမဲ့အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သေခြာတာတော့အဲ့ဒီဒေသမှာရှိတဲ့ စစ်တိုင်းမှူးနဲ့စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေရဲ့လောင်းရိပ်ကိုတော့ကျော်လွှားနိုင်မယ်မဟုတ်ပါ။

(င) နိုင်ငံတကာ၏တုံးပြန်ချက်နဲ့အလားအလာများ နှင့် ဒေသတွင်းASEAN တရုတ်/ရုရှားတို့၏ ရပ်တည်ချက် - အများဆုံးလုပ်နိုင်တာကတော့ အာဏာသိမ်းတာကိုပြစ်တင်ရှုတ်ချဘို့နဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေပါဘဲ။ ဒါပေမဲ့ အမေရိကနဲ့ဥရောပရဲ့အရေးယူမှုဟာ မြန်မာနိုင်ငံကိုတရုတ်လွှမ်း မိုးမှုစက်ဝိုင်းထဲ တွန်းပို့ရာရောက်နိုင်တယ်ဆိုတဲ့လေ့လာသုံးသပ်ချက်တွေရှိနေပါတယ်။ လက်ရှိမှာ တော့တရုတ်ကတွန်းအားပေးဘို့လက်ရှောင်ယုံမက၊ ကုလသမဂ္ဂအဆင့်အရေးယူဆောင်ရွက်မှုမှာ အပြစ်တင်ယုံလောက်ကိုဘဲ သွေးအေးအေးနဲ့ဘေးရှောင်နေပါတယ်။ ကျောက်ဖြူရေနက်ကကျော်ပြီး တောင်ဘက်ပင်လယ်ဘက်ထိုးဖေါက်စီးပွားဖြစ်နိုင်မဲ့အကွက်ကိုကြိုမြင်ထားတဲ့အတွက်ကြောင့်၊ ဒီအချက်ကို နိုင်ငံရေးကစားကွက်ထဲမှာထဲ့သွင်းထားပါတယ်။ အမေရိကန်သမ္မတဟောင်းထရမ့်ရဲ့ နိုင်ငံတကာကိစ္စှုမျက်ကွယ်ပြုဖျက်ဆီးပစ်ရေးကအစီအမံကို ခုသမ္မတအသစ်ဂျိုးဘိုင်ဒင်လက်ထက်မှာမှ ပြန်အသက်သွင်း နေရချိန်မို့၊ မြန်မာနိုင်ငံရဲ့ပြည်ပအကူအညီရယူရေးဟာမှေးမှိန်နေသေးသလို၊ ပြည်ပ အရေးယူမှုဟာ စစ်အုပ်ချုပ်ရေးကိုဗြောင်းပြန်လှန်နိုင်တဲ့အင်အားအဖြစ် တိုက်ရိုက်သက်ရောက်နိုင်တဲ့ အခြေမမြင်သေးပါဘူး။ ၀မ်းနည်းစရာ နောက်ကိစ္စတခုကတော့ ASEAN အဖွဲ့ကြီးကမြန်မာ့နိုင်ငံရေး ဇာတ်နိမ့်ချိန်မှာမိမိတို့နဲ့ဘာမှ မဆိုင်တဲ့ပြည်တွင်း ရေးကိစ္စဆိုပြီးနှာစေးနေပါတယ်။ မကောင်းတတ်လို့ မလုပ်သင့်ကြောင်းလောက်သာပြောကြပါတယ်။ ဒေသတွင်းငြိမ်းချမ်းရေးဟာ၊ ပြည်တွင်းငြိမ်းချမ်းရေး တခုချင်းပေါ်မူတည်တယ် ဆိုတဲ့အချက်ကို မသိကျိုးကျွံလုပ်တာအံ့သြလို့မဆုံးပါ။ ASEAN ဟာမြန်မာ တို့အတွက်ဘယ်သောအခါကမှ အထောက်ကူကောင်းရှိတဲ့အဖွဲ့အစည်းမဟုတ်ခဲ့ပါ။ ASEAN အဖွဲ့ဝင် တခုချင်းကလည်းမိမိတို့နိုင်ငံရဲ့အနာဂါတ်ရေးရာကိစ္စတွေမှာ၊ မိမိတို့အချင်းချင်းထက် အနောက်နဲ့ ဥရောပကိုသာအားကိုးတာကိုကြည့်ကြပါ။

(စ) အနာဂါတ်ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအခြေအနေ - အလွန်ရင်လေးဘွယ်ရာရှိနေပါတယ်။ တပ်လက်လှမ်းမှီမှုအပြည့်အ၀မရှိသေးတဲ့အစွန်အဖျားဒေသတွေမှာ ခွဲထွက်ခွင့်တွေမရှိဘူးလို့မပြော နိုင်ပါဘူး။ လက်ရှိသဘောတူထားတဲ့ NCA ရာသက်ပန်အပြစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ဟာ လမ်းစပျောက်နေယုံမက၊ နောက်ကြောင်းပြန်လှည့်နေပြီလို့လေ့လာကြသူတွေကဆိုနေပါပြီ။ ဒီကိစ္စက ကြောက်စရာအကောင်းဆုံးပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်တိုင်းရင်းသားလူမျိုးစုငယ်များနဲ့ လက် နက်ကိုင်အဖွဲ့အစည်းတွေကပုဂ္ဂိုလ်ရေးအရယုံကြည်ချင်ကြပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တပ်ကိုမလွန်ဆန်နိုင်ဘူးဆိုတဲ့အချက်ကို တိုင်းရင်းသားအဖွဲ့တွေက မြင်ထားကြပါတယ်။ “ကျားသ နားမှနွားချမ်းသာရာရမဲ့” အဖြစ်ပါ။ နောက်တခုကလည်း တိုင်းရင်းသားလူမျိုးစုများဟာလည်းမိမိတို့ နောက်မှာရှိကြတဲ့အဖွဲ့အစည်းငယ်တွေ (factions) တွေရဲ့ထောက်ခံမှုအပြည့်အ၀ကိုထိမ်းနိုင်အောင် ရုန်းကန်ကြိုးစားနေရတဲ့အဆင့်ရှိကြပါတယ်။ autonomy ရရှိရေးအတွက်ကြိုးစားမှုတွေကပေါ်ပေါက် လာပါပြီ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသတွေအခြေခံဥပဒေကပြဌာန်းပြီးချိန်မှာ၊ အဲ့ဒီအဆင့်ကိုရရှိ ရေးစိတ်ကူးယဉ်ကြသူတွေရှိသလို၊ ပြည်နယ်အဆင့်လောက်အထိမှန်းကြသူတွေ(အထူးသဖြင့် ‘၀’ ဒေသ)ရှိနေပါပြီ။ ကိုယ်ပိုင်စစ်တပ်နဲ့ကိုယ်ပိုင်ငွေကြေးစနစ်တွေရှိနေကြတာကိုကြည့်ကြပါ။ ဗဟိုအစိုးရ အပေါ်အားကိုးတာကတခုဘဲရှိနေကြောင်းတွေ့ရပါတယ်။ သူတို့ဆီမှာရှိတဲ့တရားမ၀င်ဒေါ်လာများကို ငွေဖြူများအဖြစ်တည်ရှိခွင့်ပါဘဲ။

(ဆ) မဲစာရင်းများကိစ္စ - လက်ရှိအာဏာသိမ်းတဲ့ကိစ္စက မဲစာရင်းစစ်ဆေးခွင့်ကိုအကြောင်းပြခဲ့တာက နေဘယ်လိုဆက်စပ်သွားလဲဆိုတာသမိုင်းကသက်သေခံပါလိမ့်မယ်။ နိုင်ငံတကာစံနှုန်းတွေအရ မဲဆန္ဒရှင်အများစုရဲ့သဘောထားဟာ အပြီးအပြတ်ဖြစ်ပါတယ်။ စစ်တပ်ကမဲစာရင်းကိုတောင်းဆိုခွင့်၊ စစ်ဆေးခွင့်ရှိမရှိကဥပဒေကြောင်းပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံနဲ့နိုင်ငံတကာစံနှုန်းအရ အပွင့်လင်းဆုံးနဲ့တရားမျှတမှုအရှိဆုံးဆိုတာကိုကိုနိုင်ငံသားတွေကသာမက၊ ပြည်တွင်းမှာလေ့လာကြ သူနိုင်ငံတကာအဖွဲ့အစည်းအားလုံးလိုလိုကတညီတညွတ်တည်းထောက်ခံအသိအမှတ်ပြုကြပါတယ်။ ဒါဟာမြန်မာ့ရွေးကောက်ပွဲမှာ မှတ်ကျောက်တခုအဖြစ်သမိုင်းတွင်ပါတယ်။ အာဏာသိမ်းသူရဲ့ အကြောင်းပြချက်မှာ မဲခိုးမှု (မသမာမှုကို) အများလက်ခံနိုင်လောက်တဲ့သက်သေမထူနိုင်သရွေ့၊ vote irregularity လို့ဘဲဆိုနိုင်ပါတယ်။ ဒီမိုကရေစီဘယ်လောက်ပြည့်ဝတဲ့နိုင်ငံကြီးဘဲဖြစ်ပါစေ၊ ဒီနေ့အထိ ခြောက်ပြစ်ကင်းသဲလဲစင် (complete flawless election) ကမ္ဘာမှာမရှိသေးပါဘူး။ မဲစစ်ဆေးခွင့်မပေး လို့အာဏာသိမ်းတယ်ဆိုရင်တော့ လူရီစရာဖြစ်သွားနိုင်ပါတယ်။ နောက်တခုက မဲမှားယွင်းမှုဟာ အောင်နိုင်မှုကိုဗြောင်းပြန်လှန်လို့မရတဲ့မဲအရေအတွက်မရှိသရွေ့၊ ရွေးကောက်ပွဲရမဲဟာ အတည်ဖြစ် ပါတယ်။ ရွေးကောက်ပွဲမဲဆန္ဒရလာဒ်ဟာ projection ပါ။ ဒါကဒီမိုကရေစီစံနှုန်းပါ။ သတ်မှတ်လူဦးရေ အုပ်စုအတွင်းအများဆန္ဒကိုတိုက်ရိုက်ရောင်ပြန်ဟပ်မှုတခုပါ။ (Election result is a direct reflection of the will of the voters representing in a defined population!) မြို့တစ်မြို့မှာရှိတဲ့ ကလေးကြီးငယ်အူဝဲကအစမဲထဲ့ကြတာမဟုတ်ပါဘူး။ သတ်မှတ်အသက်အရွယ်နဲ့ဆင်ခြင်ထုံတရားရှိ သူကိုယ်စားပြုသူတွေရဲ့ဆန္ဒပြုခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သတိပြုရမဲ့အချက်ကတော့ စစ်တပ်ဟာ အခြေခံ ဥပဒေအရဥပဒေပြုမှုနဲ့အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းတွေမှာ နိုင်ငံရေးအခင်းအကျင်း အရ တရားဝင်ပါဝင်နေတဲ့အချက်ကိုအားလုံးသတိပြုကြရပါမယ်။ ဥပဒေကြောင်းအရ တပ်ရဲ့တောင်းဆို ချက်ကိုမလိုက်နာခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ထုချေချက်ကောင်းကောင်းတော့ရှိဘို့လိုပါတယ်။ သမိုင်းက သက်သေထူပါလိမ့်မယ်။ ခုချိန်မှာတော့ စစ်ဘက်က လက်ရှိရွေးကောက်ပွဲရလာဒ်မရိုးသား မှုကိုသက်သေထူနိုင်ဘို့နည်းမျိုးစုံသုံးပါလိမ့်မယ်။ နောင်ရွေးကောက်ပွဲကို တပ်သြဇာရှိပြီး၊ (ဖြစ်နိုင်ချေ ကတော့)ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ၀င်ပြိုင်ပြီးအနိုင်ရရှိရေးလမ်းကြောင်းထွင်ပါလိမ့်မယ်။ ဒေါ်အောင် ဆန်းစုကြည်သက်တမ်းပြန်ရရှိရေးဟာ အတော်မှေးမှိန်သွားဘွယ်ရှိနိုင်ပါတယ်။

(ဇ) CDM - စစ်အုပ်ချုပ်ရေးအံတုလူထုလှုပ်ရှားမှုဟာ စစ်အစိုးရကိုကောင်းစွာဒုက္ခပေးနေပုံရပါတယ်။ သေခြာတာကတော့ တနည်းနည်းနဲ့နှိမ်နင်းဘို့ရှိပါတယ်။ ခက်တာက လက်ရှိစစ်အစိုးရရဲ့ထူးခြားချက် ဖြစ်တဲ့အခြေခံဥပဒေအသက်ဝင်နေသေးမှုနဲ့တည်ဆဲဥပဒေကိုကျော်လွန်မလုပ်ပါဘူးဆိုတဲ့ကတိက ၀တ်စကားက ဗိုလ်ချုပ်များရဲ့လက်ကိုတုပ်နှောင်ထားဘွယ်ရှိပါတယ်။ ဒါပေမဲ့ ဥပဒေကိုမိမိတို့စိတ် ကြိုက်အဓိပ္ပါယ်ဆွဲပြီးဖွင့်ဆိုတတ်တဲ့အလေ့အထမှာယဉ်ပါးပြီးဖြစ်တဲ့ တပ်ရဲ့ထုံးစံအတိုင်း၊ အများနား ယောင်လွယ်အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ထိထိရောက်ရောက်အရေးယူသွားဘွယ်ရှိသလောက်ပါဘဲ။ လူမှုကွန် ယက်တွေမှာတွေ့နေရတဲ့ သန်းနဲ့ချီတဲ့ (မြို့ငယ်တွေမှာ သောင်းဂဏန်းလောက်ရှိတဲ့)လူထု ဆန္ဒပြမှုတွေဟာမြို့တိုင်းလိုလိုကိုအလျင်အမြန်ကူးစက်သွားပေမဲ့ အလွန်ဘဲစည်းကမ်းသေ၀ပ်ကြတာ ကိုတွေ့ရပါ တယ်။ နည်းပညာပိုင်းတွေကြောင့် ကွန်ယက်ချိတ်ဆက်ပိတ်ဆို့မှုတွေကို တွန်းလှန်နိုင်ခဲ့ တာတွေ၊ လူငယ်တွေရဲ့ အချင်းချင်းချိတ်ဆက်သတင်းဆက်သွယ်မှုတွေ၊ စည်းကမ်းလိုက်နာမှုပိုင်း၊ အချင်းချင်း ယိုင်းပင်းမှု၊ လျင်မြန်တဲ့ဆန္ဒပြမှုဗျူဟာအပြောင်းအလဲ၊ လိုအပ်တဲ့ logistics နဲ့ အထောက် အကူပြုမှု တွေချက်ကျလက်ကျရှိကြတာတွေ အံ့မခန်းဘွယ်ပါဘဲ။ အထူးသဖြင့် “Hunger Games” ရုပ်ရှင်က “3-finger sign”ဟာ ဟောင်ကောင်၊ ထိုင်းကနေတဆင့်၊ မြန်မာနိုင်ငံကိုအဟုန်ပြင်းပြင်းနဲ့ဝင် လာတဲ့ ယဉ်ကျေးမှုသင်္ကေတလက္ခဏာတခုအဖြစ် အလွန်ထိရောက်နေတာကိုတွေ့နေရပါပြီ။ ဒီဆောင်းပါး ရေးသားချိန်မှာ CDM ဟာခရီးအတော်ပေါက်နေပြီး မကြာခင်မှာ အကြမ်းဖက်မှုအဖြစ် ရောက်အောင် စစ်တပ်ကပြောင်းလဲဖန်တီးဘွယ်ရှိပါတယ်။ အခုအခြေကတော့ သူသေကိုယ်သေယှဉ် နေပါပြီ။

(ဈ) အရိပ်မဲထိုးနေသော ရိုဟင်ဂျာများကိစ္စ - ဒီကိစ္စက အရိပ်မဲကြီးအဖြစ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပေါ်ကောင်းစွာလွှမ်းမိုးနေကြောင်း လက်ရှိမြန်မာ့နိုင်ငံရေးအာဏာသိမ်းဖြစ်စဉ်သတင်းတိုင်းမှာလိုလို ဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်းစစ်တပ်ကို ကာကွယ်ခုခံပြီး International Court of Justices မှာပြောဆိုခဲ့တဲ့အတွက်နိုင်ငံတကာကသူမအပေါ်မှာစိတ်ကုန်သွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ် ကြောင့်မြန်မာနိုင်ငံတွင်းကိုပြည်ပ (အထူးသဖြင့်) အနောက်နိုင်ငံများရဲ့ ထောက်ပံ့ရေးအစီအစဉ်တွေ အတော်များများရပ်တန့်သွားခဲ့ပါတယ်။ ‘carrot-and-stick’ စနစ်ကိုကျင့်သုံးတဲ့အမေရိကလိုနိုင်ငံက တဖက်နိုင်ငံကိုအလုံးအရင်းဝင်ရောက်သွားတဲ့ဘင်္ဂလားဒေ့ရှ်ကို ထောက်ပံ့ငွေ$သန်း(၂၀)ကျော်ပေး ချိန်မှာ၊ မြန်မာ နိုင်ငံကိုတော့ မကောင်းတတ်လို့ (ပြန်လည်ဝင်ရောက်ရေးစခန်းထူထောင်ရေးလုပ်ငန်း စဉ်အတွက်ဆိုပြီး) မစို့မပို့တဲ့ (၅%)သာသာလောက်သာရှိတဲ့အထောက်အပံ့ကိုပေးခဲ့ပါတယ်။ သဘော ကတော့ နိုင်ငံတကာက ရိုဟင်ဂျာကိုအသိအမှတ်ပြုသကဲ့သို့မပြုနိုင်ရင်မပေးဘူးဆိုတဲ့သဘောပါဘဲ။ ရှင်းရှင်းပြောရရင် မလိုက်နာနိုင်ရင်မင်းမရဘူးဆိုတဲ့သဘောပါ။ ပေးတဲ့သူတွေမနစ်နာဘဲ၊ ကျွန်တော် တို့မြန်မာတွေအတော်နစ်နာသွားပါတယ်။ အစွန်းရောက်လူမျိုးရေးဝါဒီဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးကိုရိုက် ချိုးခံလိုက်ရတာနဲ့တူပါတယ်။ ပိုဆိုးတာက သူများကမရိုက်ချိုးဘဲ ကိုယ့်ကကိုယ်ကိုရိုက်ချိုးလိုက်တာပါ။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ရင်ထဲကရှိတဲ့ လူသားချင်းစာနာထောက်ထားမှုအစစ်အမှန်ဟာ အများပြည်  သူရဲ့ရိုဟင်ဂျာ မုန်းတီးမှုကို တွန်းလှန်နိုင်တဲ့အင်အားမရှိခဲ့ပါဘူး။ ငြင်းလို့မရတဲ့ကိစ္စကတော့ နိုင်ငံတခုရဲ့ တိုတက်ဖွံ့ဖြိုးမှုဟာ အမေရိကနဲ့အနောက်နိုင်ငံတွေရဲ့ နည်းပညာနဲ့ဒေါ်လာမလာသေးသရွေ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ ရှင်သန်ဆဲအယူအဆကို မြန်မာနိုင်ငံခါးဆီးခံရမှန်းမသိခံနေရပါတယ်။ ဒီကိစ္စက နောက်ကြောင်းပြန်ဘွာတေလုပ်ပြီးအရင်ဆိုခဲ့တာတွေပြန်သင်ပုန်ချေလို့မရတဲ့ကိစ္စပါ။ အမြတ်ထွက် သွားတာကတော့ စစ်ဗိုလ်ချုပ်များဖြစ်ပြီး၊ အဲ့ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ဗလာဖြစ်ကျန် ခဲ့တာငြင်းလို့မရတဲ့ကိစ္စပါ။ အားတက်စရာသတင်းတခုကတော့ ပြည်ပရောက်ရိုဟင်ဂျာအဖွဲ့အစည်း အချို့ကခုချိန်စစ်အာ ဏာသိမ်းမှုကိစ္စမှာမြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်းဆန္ဒပြုထုတ်ဖေါ်ကြ တာတွေကိုတွေ့ရပါတယ်။ 

မြန်မာနိုင်ငံဟာ ဒီမိုကရေစီအညွန့်ပေါက်ရေး (Flickr of democracy) ဘက်ကိုရုန်းကန်နေတဲ့အချိန် ဖြစ်ပါတယ်။ ယခင် (၁၉၆၂)နဲ့ (၁၉၈၈)အာဏာသိမ်းဖြစ်စဉ်ဟာ၊ ခုတကြိမ်နဲ့မတူပါဘူး။ အရင်ဖြစ်စဉ် တွေဟာ တစ်နိုင်ငံလုံးမင်းမဲ့ဖြစ်ချိန်မှာအာဏာသိမ်းလိုက်တာတွေဖြစ်ပြီး။ ခုတစ်ကြိမ်ကတော့ တစ်နိုင် ငံလုံးအေးချမ်းသာယာနေချိန်မှာ မဲစာရင်းတောင်းကြည့်ခွင့်ကိုမပေးလို့ဆိုတဲ့ စွပ်စွဲချက်အရပါ။ လူထု ကတော့ခုတစ်ကြိမ်မှာစစ်တပ်ရဲ့အာဏာဆုပ်ကိုင်လိုတဲ့သရုပ်မှန်ကိုဘွားဘွားကြီးမြင်လိုက်ရပါပြီ။ သေခြာတာကတော့ လက်နက်ကိုင်စစ်တပ်နဲ့လူထုကြားသပ်သျှိုသင်းကွဲမှုဟာမကြုံစဖူးကြီးမားသွား ပြီဆိုတဲ့အချက်ပါဘဲ။ ခုဖြစ်နေတဲ့နိုင်ငံရေးကြပ်တည်းမှုဟာ၊ အာဏာသိမ်းမှုမရှိခဲ့ရင်ဖြစ်စရာအ ကြောင်းလုံးဝမရှိပါဘူး။ ဒါပေမဲ့ ခုချိန်မှာစစ်တပ်ရော နိုင်ငံရေးလောကပါအကြပ်အတည်းမုချကြုံနေကြ ရပါပြီ။ ဒီကြားထဲ မှာCovid-19ကပ်ရောဂါဟာ မျက်နှာမရွေးတိုက်ခိုက်နေချိန်မို့မြန်မာပြည်သူတွေရဲ့ ဇီဝိန်ကိုခြွေနေပါပြီ။ ကိုယ့်ကျန်းမာရေးကိုတောင်ဂရုမစိုက်နိုင်၊ ကိုယ့်အသက်ကိုတောင်ပဓါနမထားနိုင် တော့ဘဲ ပြည်သူတွေဟာ အနာဂါတ်အတွက်ခုခံတွန်းလှန်ကြရတဲ့ အတွက်အထိအနာဆုံးဆိုတာ မြင် သာနိုင်ပါတယ်။ များစွာသောလူမှုကွန်ယက်တွေကပုံရိပ်တွေဟာ ကျွန်တော့်ရဲ့ရင်ကိုကိုင်လှုပ်သွားပါ တယ်။ ရင်နင့် အောင်ခံစားရတာနေ့စဉ်နဲ့အမျှပါ။ အာဏာသိမ်းမှုတွေကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွေမှာ ရှားပါးသွားပေမဲ့ ဒို့မြန်မာနိုင်ငံမှာတော့ ခေတ်စားနေတုံးဘဲလားလို့……………

Friday, January 15, 2021

၂၀၂၁ တွင်အသက်ဝင်လာမည့် ဥပဒေပြဌာန်းချက်အသစ်များနှင့်အမေရိကနေမြန်မာများ

 နှစ်စဉ်နှစ်သစ်ကြိုကြသူတိုင်း နှစ်သစ်ဓိဌာန်တွေမိသားစုရေးအစီအမံတွေကြံစည်ကြပေမဲ့ လူတိုင်း သတိလက်လွတ်ဖြစ်တတ်တဲ့အချက်တခုကတော့ အသက်ဝင်လာမဲ့ဥပဒေသစ်တွေပါဘဲ။ အထူးသ ဖြင့်ဒီကာလဟာ ပြောင်းလဲနေတဲ့နိုင်ငံရေးရေစီးကြောင်း၊ လူမျိုးရေးသပ်သျှိုသင်းကွဲမှုရေးနဲ့ အရေးကြီး ဆုံးဖြစ်တဲ့ Covid-19 ပြန့်နှံ့သေဆုံးမှုနှင့်ဆေးရုံတွေမှာမနိုင်မနင်းဖြစ်နေမှုတွေ အားလုံးက လူတိုင်းရဲ့ ဘ၀အခြေအနေဖန်တီးမှုတွေ၊ စိတ်ကူးယဉ်မှုတွေကိုပြောင်းလဲနေစေပါတယ်။ သွားစရာရှိတဲ့ကိစ္စလုပ် စရာအစီအစဉ်နဲ့ စီစဉ်ထားဆဲကိစ္စမျာစွာ (လူမှုရေးနှင့်သာရေးနာရေးပါမကျန်) ဖင့်နှေးယုံမက၊ အစီအ စဉ်တွေကိုပါယ်ဖျက်ရတာတွေကမိသားစုတိုင်းကိုကောင်းကောင်းကြီးရိုက်ခတ်နေပါတယ်။ အခက်အခဲ တွေကနေစီးပွားရေးကိုပါရိုက်ခတ်ပြိုလဲစေနိုင်တဲ့အလားအလာတွေတွေ့နေရပါပြီ။ “အမှောင်ဖုံးတဲ့ ကာလ”(Dark age is lying ahead) ဆိုတဲ့နမိတ်ဖတ်မှုတွေပလူပျံနေပါပြီ။ 

ဒီလမှာတော့အမေရိကတလွှားမှာနေထိုင်ကြတဲ့မြန်မာတွေနဲ့တိုက်ရိုက်(သို့်မဟုတ်)သွယ်ဝိုက်သော နည်းလမ်းတွေနဲ့အကျိုးသက်ရောက်နိုင်မယ်လို့ယူဆစရာရှိတဲ့ အသက်ဝင်လာမဲ့ ဥပဒေသစ်တွေဘက် တစေ့တစောင်းကြည့်ကြရအောင်ပါ။ ဒါကလဲ အကြောင်းပေါ်တိုက်ဆိုင်မှုရှိမှ အသိနောက်ကျလေချင်း ဆိုတဲ့အဖြစ်မျိုးတွေကိုရှောင်ရှားနိုင်ကြရအောင်ပါ။ ဒီဥပဒေများဟာမြန်မာအများစုနေထိုင်ရာ Californiaပြည်နယ်အပါအ၀င်အချို့သောပြည်နယ်များအတွက်အဓိကရည်သန်ကြောင်းပါ။

အခွန်အခကိစ္စများ

(က) အလုပ်လက်မဲ့ထောက်ပံ့ကြေး (unemployment payment)ဟာကာယကံရှင်တွေဆီကိုပေးချိန် မှာအခွန်မဖြတ်ပေမဲ့၊ အခွန်ဆောင်ရာမှာပေးသွင်းကြရပါမယ်။ အဲ့ဒီအတွက်ကြောင့်အခွန်ဆောင်ကြ ရာမှာအဲ့ဒီအခွန်ဖြတ်ပိုင်းကိုဆိုင်ရာအကျိုးဆောင်များဆီမဖြစ်မနေပေးကြဘို့လိုကြောင်းပါ။

(ခ) သမ္မတထရမ့်လက်ထက်မှာရတဲ့ CARES Act  အရ မိသားစုတွေရကြတဲ့( $600/$1,200)ဟာ အခွန်ကင်းလွတ်ပါတယ်။ သို့ပေမဲ့အဲ့ဒီငွေဟာ (Recovery Rebate Credit for 2020 tax filers) အရဖြစ်တဲ့အတွက် အဲ့ဒီဝင်ငွေမရသူတွေအနေနဲ့အခွန်ဆောင်ရာမှာဆိုင်ရာကိုအသိပေးပါကမိမိရဲ့ဝင် ငွေပေါ်မူတည်ပြီးတည်ဆဲနှုန်းထားတွေအရတွက်ချက်ပေးနိုင်ပြီး၊ အကြောင်းတစုံတရာကြောင့် ၀င်ငွေ ပြောင်းခဲ့ရင်အခွန်သက်သာခွင့်ရနိုင်ခြေရှိကြောင်းပါ။

(ဂ) အိမ်မှာအလုပ်လုပ်ကြရသူတွေ (Work-from-Home) များလာတဲ့အချိန်မှာ (မိမိကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းကို pandemic ကာလမတိုင်ခင်ကတည်းကလုပ်ကိုင်တဲ့သူတွေကလွဲရင်) အခွန်သက်သာခွင့်တွေမရှိပါဘူး။ (ဥပမာ-ခရီးစရိတ်တွက်ချက်မှုမျိုး)

(ဃ) ပြည်နယ်ဖြတ်ကျော်ပြောင်းရွှေ့နေထိုင်ကြသူများ အထူးသတိပြုကြပါ။ အခွန်ဖြတ်တောက်မှုနည်း တဲ့ပြည်နယ်တွေက ခုနှစ်မှာauditနဲ့စိစစ်ကြပါမယ်။ အိမ်ပြောင်းရွှေ့ကြသူတွေအတွက် အခွန်သက်သာ ခွင့်သိပ်မရှိနိုင်ပါ။

(င) Standard deductionနည်းနဲ့အခွန်ဆောင်ကြသူတွေ ခုနှစ်မှာ charity တွေကိုလှူဒါန်းငွေကို ($300) အထိပြန်ရကိန်းရှိကြောင်းပါ။  adjustable gross incomeနှင့် taxable income တို့ရဲ့ deduction ပမာဏကိုလျှော့ချခွင့်ရကြမှာပါ။

REAL ID ကတ်များကိစ္စ

(က) ၂၀၂၀အတွင်းpandemicနဲ့ဆန္ဒပြမှုတွေကြောင့်ခေတ္တဆိုင်းငံ့ခဲ့ရတဲ့ ပြည်နယ်ဖြတ်ကျော် သွာဒလာခွင့် (အထူးသဖြင့်-လေယာဉ်စီးခွင့်တွေ) အတွက် မရှိမဖြစ်လိုအပ်မဲ့REAL ID မရှိမဖြစ် လိုအပ်ချက်ဟာလာမဲ့ အောက်တိုဘာ (၁)ရက်မှာစတင်လိုအပ်လာ ပါလိမ့်မယ်။

(ခ) ဒါမှမရှိရင် တရားဝင်အတည်ဖြစ်ဆဲ Passport (သို့မဟုတ်) တပ်မတော်တရားဝင်IDတို့လိုအပ် ပါမယ်။

အနည်းဆုံးလုပ်အားခတိုးမြှင့်ရေး

(က) California မှာ ၀န်ထမ်း(၂၆)ဦးအထက်ရှိပါကအလုပ်ရှင်များအနည်းဆုံးလုပ်ခငွေ တစ်နာရီ  ($13)မှ($14)သို့တို့မြှင့်ရပါမယ်။ New York မှာတော့ ($12.50)အထိပါ။ Arizona မှာတော့ ($8.65) ပါ။

(ခ)အခြားပြည်နယ် (၂၀)လောက်မှာလည်းတိုးတက်ပါမယ်။

(ဂ) ရည်မှန်းချက်ကတော့($15) အထိတို့းဘို့ဖြစ်ပါတယ်။

လုပ်ခွင်များတွင်Covid-19 ဖြစ်ပွားမှုအသိပေးခြင်း (California)

(က) အလုပ်ရှင်များဟာလုပ်ခွင်အတွင်းဖြစ်ပွားမှုသိသည်နှင့်တပြိုင်နက်တည်း(၂၄)နာရီအတွင်းအခြား လုပ် ခွင်ရှိဝန်ထမ်းများကို စာအားဖြင့်အသိပေးဘို့တာဝန်ရှိလာပါတယ်။

(ခ) အဲ့ဒါနဲ့ဆက်စပ်ပြီး၊ WorkCompဖြင့်ဆေးကုသခွင့်နဲ့လစာပြည့်ခွင့်ရက်ပါပေးဘို့တာဝန်ရှိလာပါ တယ်။

လုပ်ငန်းအုပ်ချုပ်ရေးဘုတ်အဖွဲ့များတွင် လူမျိုးစုငယ်နှင့်အမျိုးသမီးတစ်ဦးအနည်းဆုံးပါဝင်ခွင့်

အမျိုးသမီး၊ လူမျိုးစုငယ်များအပြင် LGBQT နဲ့ Native Indian  အနည်းဆုံတစ်ဦးခန့်ထားပါဝင် စေရပ်မယ်။ မြန်မာစီးပွားရေးလုပ်ငန်းကြီးငယ်များရှိကြသမို့ သိဘို့လိုကြောင်းပါ။ (diversification အရပါ။)

အရေးပေါ်အခြေအနေကြောင့်၎င်း၊ အသက်ဘေးစိုးရိမ်ဘွယ်အခြေကြောင့်၎င်း ယာဉ် ပေါ်ပါကလေးငယ် အားကယ်ဆယ်ရန်လိုအပ်၍ကယ်ဆယ်ခဲ့ရပါက ကယ်ဆယ်သူအား ပေါ်ပေါက်ခဲ့သောပျက်စီးဆုံးရှုံးမှု တခုခုအတွက်တာဝန်ရှိစေခြင်းမှကင်းလွတ်စေခြင်း (No liability for some child car rescues)

လိုအပ်သောကူညီကယ်ဆယ်သူအပေါ်ကျရောက်နိုင်တဲ့တန်ဘိုးဆုံးရှုံးမှုအတွက်ပေးလျော်စေခြင်းမှ ကင်းလွတ်စေခြင်းဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါကယ်ဆယ်သူကဆိုင်ရာဆေးရုံအရေးပေါ်ကယ် ဆယ်ရေးနဲ့ရဲတို့ကို ခေါ်ယူ အကူအညီတောင်းမှုသက်သေတင်ပြနိုင်ဘို့တာဝန်ရှိပါတယ်။

ယာဉ်မောင်းစဉ် Cell Phone အသုံးပြုခြင်း/ကိုင်ဆောင်ထားခြင်း (Indiana & Arizona)

အခြားပြည်နယ်(၂၀)ကျော်တို့နှင့်အတူ ပြစ်ဒါဏ်ချမှတ်ခံရမည့်အပြင်၊ဇူလိုင်(၁)ရက်မှစ၍ ($500) အပြင်၊ ရာသက်ပန် လိုင်စင်ပိတ်သိမ်းခြင်းခံရဘွယ်ရှိပါတယ်။

အာမခံရာဇ၀င်တောင်းခံလွှာ တောင်းဆိုခွင့် (Florida)

အာမခံပေါ်လစီလက်ဝယ်ရှိသူမည်သူမဆိုက မိမိတို့အာမခံနဲ့ပါတ်သက်တဲ့ရာဇ၀င်တောင်းခံလာခဲ့ရင် ဆိုင်ရာအာမခံကုမ္ပဏီတွေက (၁၅)ရက်အတွင်း၊ ထိုသူကိုအခမဲ့ပေးဘို့တာဝန်ရှိလာကြပါတယ်။

သက်ငယ်များထိမ်းမြားလက်ထပ်ခြင်း (Indiana)

မူလက(၁၅)နှစ်ကျော်လျင်လူငယ်များကမိဘခွင့်ပြုချက်ဖြင့်လက်ထပ်ခွင့်ရှိကြပြီး၊ ယခုအခါမှာ အသက်(၁၈)နှစ်မပြည့်မချင်း တရားသူကြီးတစ်ဦးဦးရဲ့ခွင့်ပြုချက်ယူကြရပါတော့မယ်။ ဒါ့အပြင် (၁၆)နှစ်အရွယ်တစ်ဦးဦးက မိမိထက်(၄)နှစ်ပိုကြီးသူတစ်ဦးဦးကိုလက်ထပ်မယ်ဆိုရင်တရားသူကြီးက အတည်ပြုပေးရပါမယ်။

California တွင်တင်သွင်းရောင်းချခွင့်ပိတ်ပင်သောယာဉ်များ

2021 Chevrolet Camero SS,1LE နဲ့ ZL1 တို့ရဲ့ခြေနင်းဘရိတ် (brake pads)တွေမှာ copperသတ္တု (၅%) ထက်ပိုပါလို့ရောင်းချစီးနင်းခအစားခွင့်မရှိတော့ကြောင်းပါ။ မြန်မာများ Chevy၀ယ်ရင်သတိ ထားကြပါ။

အစားအသောက်ထုတ်လုပ်ရောင်းချရာလုပ်ငန်းများရှိဝန်ထမ်းများတကိုယ်ရေသန့်ရှင်းရေး

မြန်မာအများလုပ်ကိုင်ကြလို့ အထူးဂရုပြုကြဘို့လိုပါတယ်။ အလုပ်လုပ်ချိန် နာရီဝက်တိုင်း (လိုအပ် လျင်ထိုထက်ပိုပြီး)လက်များကိုစင်ကြယ်စွာဆေးကြောသန့်ရှင်းကြရပါမယ်။

ဆေးခြောက်အပျော်သုံးစွဲခြင်းMarijuana for recreation  (Arizona)

 AZ ဟာ ဒီခွင့်ပြုချက်ကိုဥပဒေကခွင့်ပြုတဲ့ (၁၃)ခုမြောက်ပြည်နယ်ဖြစ်ပါတယ်။ တရားဝင်ထိန်းချုတ် နိုင်ဘို့နဲ့အခွန်ရရှိရေးအတွက်လို့ ဥပဒေပြုသူတွေကဆိုကြပါတယ်။

CFRA ခေါ်မိသားစုခွင့်ခံစားခွင့်(California Family Rights Act)

 မူလက၀န်ထမ်း(၅၀)အထက်ရှိလုပ်ခွင်များသာအကြုံးဝင်ပေမဲ့ အခုအလုပ်ခွင်(၀န်ထမ်းဦးရေမည်မျှ ပင်ဖြစ်စေကာမူ)တိုင်းဟာ အောက်ပါအခြေအနေများမှာခွင့်ရက်ရှည် (၁၂ပါတ်ဆက်တိုက်)ခံစားခွင့်ရ ကြပါမယ်။

(က) ကျန်းမာရေးဆေးကုသခွင့်၊

(ခ) မိသားစုဝင်ဆေးကုသရာတွင်ကူညီစောင့်ရှောက်ခွင့်၊

(ဂ) မွေးစကလေးစောင့်ရှောက်ခွင့်၊

အလုပ်ခွင်များရှိHuman Resources/capitals) များရှိဝန်ထမ်းများChild abuse သင်တန်းများတက် ရောက်ရေး

ဝန်ထမ်း(၅)ဦးရှိဝန်ထမ်းများတွင် အဆိုပါတာဝန်ယူကြရသူဝန်ထမ်းတိုင်း Child abuse နှင့်ပါတ်သက် ၍သင်တန်းများတက်ရောက်ကြရမည်ဖြစ်ပြီး၊ လုပ်ခွင့်အတွင်းတွေ့ရှိပါက တိုင်ကြားရန်တာဝန်များရှိ လာပါမယ်။

Racial justice လူမျိုးရေးခွဲခြားမှု

လူမျိုးကွဲ၊ အသားအရောင်ကွဲပြားသောသံသယရှိသူတစ်ဦးအပေါ် လူမျိုးရေးစံနှုန်းထားစိစစ်အရေးယူမှု နည်းလမ်းများအားလုံးအဆုံးသတ်သော၂၀၂၀ဖြစ်ပါတယ်။ racial profiling လူပ်ခွင့်မရှိတော့ကြောင်း ပါ။

ဥပဒေကြောင်းချင်းရာဟာ တိမ်မယောင်နဲ့နက်နဲလှပါတယ်။ ဥပဒေကိုကြောက်ကြသူကျွန်တော်တို့ မြန်မာတွေ ဥပဒေစကားအလွန်ပြောတဲ့အမေရိကားမှာနေရင် မချစ်သော်လည်းအောင့်ကာနမ်းကြရ မှာပါ။ တကယ်တော့လေ့လာနိုင်ပြီးမှတ်သားလိုက်နာနိုင်ရင် သိပ်မခဲယဉ်းပါဘူး။ မြန်မာတွေ ဥပဒေရဲ့ကြိုးကြောင်းသဘောကိုလေ့လာပြီး၊ ယဉ်ပါးနိုင်ကြပါစေ။.         ။