Saturday, May 21, 2022

လူမှုဖူလုံရေးစနစ် (Social Security System)ရဲ့ ၂၀၂၂ နှစ် သိမှတ်ဘွယ် အပြောင်းအလဲနှင့်ထူးခြားသောအလားအလာများ

အမေရိကနိုင်ငံမှာ အခြေတကျဖြစ်နေပြီဖြစ်တဲ့ Social Security System ရဲ့အသီးအပွင့်များကိုခံစား နေကြသူတွေအတွက် regular benefit payment လစဉ်ခံစားခွင့် နဲ့ Medicare ကျန်းမာရေးစောင့် ရှောက်မှုအာမခံစနစ်တို့ဟာ ပျိုတိုင်းကြိုက်တဲ့အစီအမံများဖြစ်နေတာကြာပါပြီ။ လူတိုင်းကအလေးပေး စောင့်ကြည့့်နေကြရတဲ့ကိစ္စကြီးလဲဖြစ်နေပါတယ်။ ရာနှုန်းပြည့်မဟုတ်တောင် လူထုတရပ်လုံးကတန် ဘိုးထားနေကြရပါပြီ။ Social Security System ဟာခြောက်ပစ်ကင်းသဲလဲစင်တော့မဟုတ်ပါဘူး။ ခုချိန်ထိအတိုက်အခိုက်များရှိနေသေးသလို၊ ကြီးမားတဲ့ပြောင်းလဲမှုကိုလိုလားကြသူတွေက နိုင်ငံရေး ကစားကွက်အဖြစ်အသုံးချနေဆဲပါ။ ဒါပေမဲ့ဒီထက်ကောင်းတဲ့အစီအမံ၊ ရေရှည်အာမခံတဲ့အစီအမံ တော့ဒီနေ့အထိမပေါ်သေးပါဘူး။ Social Security System ဟာ သက်တမ်းအားဖြင့် (၈၆)နှစ်ရှိပါပြီ။ ငွေရေးကြေးရေးဆိုင်ရာပညာရှင်တွေ တင်စားပြောလေ့ရှိတဲ့ အငြိမ်းစား retired တွေအတွက်မရှိမဖြစ် ရှိရမဲ့ “ဖိုခနောက်ဆိုင်(၃)ချောင်းထောက်” စနစ်  (“Three-legged-stool”) များဖြစ်တဲ့ အလုပ်မှပေး တဲ့ 401-k ကဲ့သို့သောစုဆောင်းငွေ၊ Social Security လစဉ်ခံစားခွင့်နဲ့ ကိုယ်ပိုင်စုဆောင်းငွေ တို့ဟာ လူတိုင်းအလေးထားကြိုတင်ဆောင်ရွက်သင့်တဲ့ကိစ္စကြီးတွေဖြစ်နေပါတယ်။ ဒါပေမဲ့ လူထုတရပ်လုံးရဲ့ (၇%) ထက်နဲသောဦးရေသာအဲ့ဒီဖိုခနောက်အားလုံးရှိကြပါတယ်။ အများအားဖြင့် အဲ့ဒီအချက်(၃)ခု စလုံးအစုံအလင်မရှိကြပါဘူး။ အလုပ်ကဖက်ဒရယ်ဥပဒေကဖြတ်ယူတဲ့ Social Security ထဲ့ဝင်ငွေသာ လျင်ရှိကြပါတယ်။ အဲ့ဒီအတွက် အဲ့ဒီစုဆောင်းငွေဟာအများစုရဲ့တခုတည်းသော အားကိုးဘွယ်ရာဖြစ် ပါတယ်။ ခုလမှာတော့ အဲ့ဒီစနစ်ကြီးရဲ့ ၂၀၂၂ခုနှစ်ကစပြီး ပြောင်းလဲလာတဲ့အချက်တွေဆွေးနွေး ပါမယ်။

(က) အားလုံးကသိနားလည်ကြဘို့အရေးကြီးတဲ့အချက်ကတော့ Social Security System ဟာစု ဆောင်းငွေသက်သက်ဖြစ်ပေမဲ့ ရံပုံငွေသာလျင်ဖြစ်ပါတယ်။ အဲ့ဒီအတွက်အဲ့ဒီရံပုံငွေကိုအစိုးရအာဏာ ပိုင်များ အပါအဝင် ဘယ်သူကမှလက်ဖျားနဲ့တို့ခွင့်မရပါဘူး။ ဆိုင်ရာပုဂ္ဂိုလ်ရဲ့ရံပုံငွေကိုအဲ့ဒီဆိုင်ရာ ပုဂ္ဂိုလ်ကသာထိတွေ့ခွင့်ရှိသလို၊ ခံစားခွင့်ရှိပါတယ်။ 

(ခ) Social Security System ကပံ့ပိုးတဲ့အစီအမံတွေထဲမှာ Social Security Disability Insurance (SSDI) လဲပါပါတယ်။ 

(ဂ) ခုနှစ်ကစပြီး လာမဲ့(၁၂)နှစ်တာအတွင်း (၂၀၃၄)ခုနှစ်မှာရံပုံငွေခမ်းခြောက်ဖွယ်ရှိတယ်လို့ ဆိုင်ရာ ပညာရှင်များကတွက် ချက်ခန့်မှန်းပြီးဖြစ်တဲ့အတွက်၊ အဲ့ဒီအချိန်မှာ ကတိကဝတ်ရှိတဲ့ခံစားခွင့်ပမာဏရဲ့  (၇၈%) ကိုသာ ပေးနိုင်တော့မယ်ဆိုတာကို လူတိုင်းကစိုးရိမ်မကင်းဖြစ်လာပါတယ်။ အဲ့ဒီအတွက် Social Security System ထိခိုက်လာနိုင်မဲ့အလားအလာကို ကြိုတင်ကာကွယ်ရမဲ့အစီအမံတွေကို congress လွှတ်တော်ကအရေးယူဆောင်ရွက်ပြင်ဆင်ပေးဘို့မဖြစ်မနေလိုလာပါပြီ။ အဲ့ဒီရံပုံငွေကို  Old-age, Survivors, and Disability Insurance (OASDI) trust fund ကြီးကစီမံနေတာပါ။ ၂၀၂၀ ခုနှစ်မှာ ရံပုံငွေပမာဏဟာ ၂.၉ ထရီလီယံ ရှိနေပါတယ်။ ၀င်ငွေအားလုံးဟာ Treasury Bonds တွေအနေနဲ့ နိုင်ငံရံပုံငွေမှာသီးသန့်သိမ်းဆည်းပြီးမှ ခွဲဝေပေးခြင်းဖြစ်ပါတယ်။

(ဃ) ခု(၂၀၂၂)ခုနှစ်မှာ ရိုက်ခတ်လာတဲ့ ငွေကြေးဖေါင်းပွမှုကိုကျားကန်ပေးဘို့ လစဉ်ခံစားခွင့်ကို (၅.၉ %) တိုးခဲ့တဲ့အတွက်၊ Social Security System သမိုင်းမှာအကြီးမားဆုံးတိုးတက်တဲ့နှုန်းထားဖြစ်သွား ပါတယ်။ ဒါပေမဲ့အဲ့တိုးတက်တဲ့ခံစားခွင့်ဟာ ငွေကြေးဖေါင်းပွမှုနဲ့ စျေးစရိတ်ကြီးများမှုကိုကောင်းစွာ ကျားကန်မပေးနိုင်ဘူးလို့ပညာရှင်များကတညီတညွတ်ထဲစောဒကတက်ကြပါတယ်။ Social Security System ကပံ့ပိုးပေးတဲ့ Medicare ပရီမီယံကြေးတင်ဘဲ (၂၀၂၂)ခုနှစ်မှာ (၁၄၈ ဒေါ်လာ)မှ (၁၇၀ ဒေါ်လာ) (၂၂%) ထိတိုးသွားတာကသက်သေထူနေပါတယ်။ 

(င) အဲ့ဒီအတွက် ခံစားခွင့်ကို အနည်းဆုံး (မိမိမွေးနှစ်ပေါ်မူတည်ပြီး) full-retirement age (FRA) အထိစောင့်ပြီးထုတ်ယူကြဘို့။ ဖြစ်နိုင်ရင် အသက် (၇၀)ပြည့်အထိစောင့်ပြီးမှ ထုတ်ကြဘို့ ပညာရှင် များကတိုက်တွန်းကြပါတယ်။ အသက်(၆၂)နှစ်ပြည့်ရင် စတင်ထုတ်ယူခွင့်ရှိကြပေမဲ့ နှစ်စဉ်စောင့်ရင် လစဉ်ကို (၈%) တိုးတက်ခံစားခွင့်ရကြမယ်ဆိုတဲ့အတွက်၊ စောင့်ထုတ်လိုသူတွေအတွက် ဆွဲဆောင် မှုအတော်ရှိသွားပါတယ်။

(စ) Social Security လစဉ်ခံစားခွင့်ဟာ ဖက်ဒရယ်အခွန်စီးကြပ်ခြင်းရှိတယ်ဆိုတာကိုနားလည်ကြဘို့ လိုပါတယ်။အချို့ပြည်နယ်တွေမှာ (ပြည်နယ် ၁၂ခုတွင်) လည်းပြည်နယ်အခွန်ပေးဆောင်ကြရပါတယ်။ အလုပ်ဝင်ငွေရှိသူရဲ့ဝင်ငွေ (၈၅%) အထိကို Social Security စနစ်အရအခွန်ပေးဆောင်ရမှာဖြစ်ပါ တယ်။

(ဆ) မိမိဇနီး(သို့ဟုတ်) ခင်ပွန်းရဲ့FRAခံစားခွင့်ထက် ထက်ဝက်အောက်ခံစားခွင့်သာရခဲ့မယ်ဆိုရင်၊ မိမိဇနီး/ခင်ပွန်းရဲ့ခံစားခွင့်ကိုစောင့်ဆိုင်းရယူခံစားခြင်းဟာ သဘာဝကျကြောင်း တွက်ချက်နိုင်ကြပါ တယ်။ လူတိုင်းဟာ www.socialsecurity.gov မှာမိမိတို့တစ်ဦးချင်းစာရင်း(social security account) ဖွင့်ကြဘို့လိုပါတယ်။ အဲ့ဒီခံစားခွင့်အပါအဝင် အခြားခံစားခွင့် (အသက်အပိုင်းအခြားအ လိုက်)များကို တွက်ချက်နိုင်တဲ့ caluculators တွေရှိပါတယ်။ အဲ့ဒီအပြင်မိမိနဲ့တိုက်ရိုက်ဆိုင်တဲ့ statements တွေနဲ့ စာရွက်စာတမ်းများကိုရယူနိုင်မှာဖြစ်ပါတယ်။ အသက်ပြည့်ပြီဆိုတာနဲ့ Medicare, SSDI အပါအဝင် လစဉ်paymentများကို လျှောက်ထားနိုင်ကြပါတယ်။

(ဇ) Social Security လစဉ်ခံစားခွင့်များနဲ့ပါတ်သက်ပြီး၊ နားလည်ကြဘို့က ခံစားခွင့်ကိုတနေရာထဲမှ သာ ထုတ်ယူနိုင်ပါတယ်။ ဆိုလိုတာက မိမိခံစားခွင့်ရော မိမိ ဇနီး/ခင်ပွန်းဆီကတပြိုင်တည်းထုတ်ယူ ခွင့်မရှိပါဘူး။ ထုတ်ယူတာကိုသိရှိတာနဲ့ အတိုးနဲ့တကွပြန်လျော်ပေးရတဲ့အဖြစ်တွေရှိပါတယ်။ အစိုးရခံ စားခွင့်တို့ရဲ့မူအတိုင်း ခံစားခွင့်အမျိုးအစားတခုကို တနေရာထက်ပိုပြီးထုတ်ခွင့်မရှိတာဟာ ထုံးစံတခုပါ။

(စျ) Social Security လစဉ်ခံစားခွင့်ကိုထုတ်ယူပြီးနောက်မှ စိတ်ပြောင်းပြီး၊ ဆက်မထုတ်ချင်ရင် Social Security Systemဌာနကြီးကိုလျှှောက်ထားဆိုင်းငံ့ခွင့်ရှိပါတယ်။ ဒါပေမဲ့အချိန်အကန့်အသတ်ရှိ ပါတယ်။

(ည) Social Security ခံစားခွင့်ထုတ်နေရင်းနဲ့ ၀င်ငွေရှိတဲ့အလုပ်ဆက်လုပ်နေရင်၊ ဒါမှမဟုတ်ပြန် အလုပ်လုပ်ရင် မိမိတို့ရသင့်တဲ့ခံစားခွင့်ပမာဏ လျော့နညး်ဘွယ်ရှိပါတယ်။ 

(ဋ) မိမိလစဉ်ဝင်ငွေစုစုပေါင်းရဲ့ (၁၂.၄%) (မိမိကိုယ်ပိုင်စီးပွားရေးဆိုလျင်) ကို Social Security System ထဲပေးသွင်းကြရပါတယ်။ အခြားသူတစ်ဦးဆီမှာ (ကုမ္ပဏီ) မှာအလုပ်လုပ်တယ်ဆိုရင်တော့ မိမိက (၆.၂%) အလုပ်ရှင်က (၆.၂%) ပေးသွင်းကြရပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့လူ့သက်တမ်း က Social Security System ရံပုံငွေခမ်းခြောက်စေရတဲ့အဓိကအချက်တခုဖြစ်နေပါတယ်။ တပြိုင် တည်းမှာဘဲ ကျဆင်းလာတဲ့မွေဖွားမှုနှုန်းကြောင့်အလုပ်ခွင်ဝင်သူဦးရေနညး်လာပါတယ်။ ထိုနညး်တူတိုးတက်လာတဲ့ နညး်ပညာထွန်းကားမှုကလူလုပ်ရတဲ့လုပ်အားကိုဝင်အစားထိုးယူနေပါပြီ။ အဲ့ဒီအတွက် workforce ကျဆင်းသလို၊ ရံပုံငွေစီးဝင်မှုလဲကျဆင်းလာပါတယ်။

(ဌ) ဒါပေမဲ့ (၂၀၃၄)မှာ Social Security ခံစားခွင့်မပေးနိုင်တော့ဘဲရပ်သွားမယ်လို့မဆိုလိုပါဘူးလို့ ဆိုကြပါတယ်။ ရသင့်တဲ့ပမာဏရဲ့ သုံးပုံနှစ်ပုံသာရနိုင်ဘွယ်ရှိတယ်လို့ဆိုလိုကြခြင်းပါ။

(ဍ) congress အနေနဲ့နညး်လမ်းများစွာတို့ကိုစဉ်စားဆောင်ရွက်နေပါပြီ။

(၁) Social Security အတွက် income cap ၀င်ငွေပမာဏကိုမြှင့်ဘို့၊ 

(၂) လက်ရှိကောက်ခံနေတဲ့နှုန်းထား (၁၂.၄%) မှ (၁၄.၄%) သို့မြှင့်ဘို့၊

(၃) လက်ရှိအချို့လုပ်ငန်း (ပြည်နယ်နှင့်ဒေသဆိုင်ရာအစိုးရ)တွေရဲ့ pension systems တွေကို Social Security System ထဲမှာသွတ်သွင်းဘို့၊

(၄) အချို့သောအခွန်ကင်းလွတ်ခွင့်အစီအမံများဖြစ်တဲ့  ကျန်းမာရေးအာမခံစနစ်အပါအဝင်အချို့သော ကိစ္စများအပေါ်အခွန်စတင်စည်းကြပ်ဘို့၊

(၅) လစဉ်ခံစားခွင့်ကြီးကြီးမားမားရရှိသူတွေရဲ့ ခံစားခွင့်ပမာဏကို လျှှော့ချဘို့၊

(၆) အသစ်စတင်လျှှောက်ထားကြသူတွေရရှိမဲ့ခံစားခွင့်ပစာဏကို (၃%) အထိစတင်လျှော့ချဘို့၊

(၇) လက်ရှိခံစားခွင့်ကိုတွက်ချက်ရာမှာအသုံးပြုနေတဲ့ အစိုးရရဲ့ညွှန်းကိန်းဖြစ်တဲ့ Consumer Price Index for Urban Wage Earners and Clerical Workers (CPI-W)အစား အခြားသင့်လျော်တဲ့ အညွှန်းကိန်းကိုအစားထိုးပြီး ခံစားခွင့်ပမာဏကို Cost of Living Adjustment (COLA) ကိုပြုပြင်ဘို့၊ 

(၈) လက်ရှိအသုံးပြုနေတဲ့လုပ်သက်နဲ့ဝင်ငွေပမာဏကိုမြှင့်တင်ဘို့၊ လက်ရှိမှာ (၃၅နှစ်) တာပေါ်အ ခြေခံထားတာကို (၃၈-၄၀) အထိမြှင့်တင်ဘို့၊

(၉ ) Social Security System ကြီးတခုလုံးကိုဖျက်သိမ်းပြီး လက်ရှိ401-k ကဲ့သို့သောစနစ်အဖြစ် အသွင်ပြောင်းဘို့၊

(ဎ) နောက်တခုက လူတိုင်းစိတ်ဝင်စားတဲ့ကိစ္စတခုပါ။ စတင်ထုတ်ယူခွင့်ရှိတဲ့ (၆၂)နှစ်ပြည့်ပြီးတာနဲ့ စထုတ်လိုသူတွေရဲ့ဆန္ဒပါ။ တချို့တွေဟာ မသုံးစွဲလို့မဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာကိစ္စမျိုးတွေ၊ နေထိုင် စရိတ် စတာတွေဖြစ်လာရင်တော့၊ စောစောစီးစီးထုတ်ဖို့အကြောင်းဖန်လာရင်တော့ရွေးစရာလမ်းမရှိ ပါဘူး။ “လူဆိုတာသေမျိုးဘဲ” ဆိုတဲ့အတွေးကတော့ ကောင်းတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ ဒါပေမဲ့ အသက်အရွယ်အတော်ကြီးမှပြောင်းရွှေ့အခြေချသူမြန်မာတွေအနေနဲ့ကတော့ ငယ်ငယ်ကအ လုပ်စလုပ်ကြသူတွေနဲ့ယှဉ်လို့မရပါဘူး။ မိမိတို့ရဲ့ခံစားနိုင်ခွင့်ဟာအချိုးကျလျော့နည်းနေမှာမို့ စောစော ထုတ်ယူခံစားခြင်းဟာ သဘာဝကျလှတယ်လို့ ကျွမ်းကျင်သူတချို့ကတွက်ချက်ကြပါတယ်။ လုပ်သက် နဲ့ထဲ့ဝင်ရံပုံငွေဟာနည်းတာမို့ သက်တမ်းပြည့် (FRA) ကိုစောင့်ဆိုင်းခြင်းဟာသိပ်သဘာဝမကျလှပါ ဘူး။ အကောင်းဆုံးနည်းကတော့ (အထက်မှာဖေါ်ပြထားတဲ့) Social Security System website ကနေ ၀င်ရောက်ပြီးရရှိနိုင်မဲ့အကျိုးခံစားခွင့်ကိုကြိုတင်တွက်ချက်နိုင်ကြပါတယ်။ အလွန်အသုံးဝင်ပါ တယ်။

တကယ်တော့ (၁၉၈၃) ခုနှစ် Social Security System ပြုပြင်ပြောင်းလဲရေးဥပဒေက ပြဌာန်းချက် တွေက (၁၉၈၂)မှာကတည်းက ရံပုံငွေခမ်းခြောက်မှုကိုတားဆီးနိုင်ခဲ့ပါတယ်။ အဲ့ဒီဥပဒေအရ သက်ပြည့်အငြိမ်းစားဝင်ငွေခံစားခွင့်ကို အသက် (၆၇)နှစ်အထိမြှင့်တင်လိုက်ခြင်းအပါအဝင် ပြောင်းလဲ နိုင်မှုက ကယ်တင်နိုင်ခဲ့ပါတယ်။ Social Security System ရဲ့ အန္တိမရည်မှန်းချက်မှာ ခံစားခွင့်ရှိသူ တိုင်းဟာ ကုန်ကျစရိတ်ရဲ့ (၄၀%) ကိုသာ ရံပုံငွေကပေးမယ်ဆိုတဲ့အချက်ကို မမေ့ကြဘို့အရေးကြီး ပါတယ်။ စုစုပေါင်းခံစားခွင့်ရှိတဲ့လူဦးရေရဲ့ (၁၀-၁၅%)ဟာ ဒီရံပုံငွေကခွဲဝေပေးတဲ့ဝင်ငွေပေါ်မှာလုံး လုံးလျားလျား မှီခိုနေကြရခြင်းဟာ စိတ်မကောင်းစဘွယ်ပါ။ (၂၀၂၁)ခုနှစ်မှာ ခံစားခွင့်ရှိသူတစ်ဦးရဲ့ လစဉ်ခံစားခွင့်ဟာ ပျမ်းမျှ (၁၅၅၅ ဒေါ်လာ)လို့ဆိုပါတယ်။ အဲ့ဒီတချိန်ထဲမှာ apartment ငှားရမ်းခဟာ ပျမ်းမျှ (၁၆၈၀ ဒေါ်လာ) မို့မလုံလောက်တဲ့ဝင်ငွေဖြစ်နေပါတယ်။

အထက်ကဆိုခဲ့တဲ့ဖိုခနောက်(၃)ခုမှာ Social Security ၀င်ငွေတစ်ခုထဲနဲ့တော့ ဘဝရပ်တည်ရတာမ ဖြစ်နိုင်ဘူးဆိုတာသဘောပေါက်လောက်ပါပြီ။ ကျွန်တော်တို့မြန်မာတွေဟာ ဒီမှာနေကြတဲ့ လူဖြူတွေ ထက်အသုံးအစွဲနည်းတာတော့အမှန်ဘဲဖြစ်ပါတယ်။ အဲ့ဒီအချက်ဟာ အမေရိကရောက်မြန်မာတွေ.  အတွက် သက်သာရာအချက်ပါ။ တပြိုင်တည်းမှာဘဲ မိမိ၀င်ငွေ (သို့မဟုတ်)အငြိမ်းစားစုဆောင်းငွေ ဟာ မိမိတို့ဘဝရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သလို၊ ၀င်ငွေနဲ့ထွက်ငွေမျှတတဲ့သုံးစွဲမှုကို ရောက်ရှိအခြေချနေထိုင်ချိန်ကစပြီး ဂရုတစိုက်အလေးထားကြရင် အမေရိကရောက်မြန်မာတွေအ တွက် မထောင်းထာတဲ့လူနေမှုဘဝလို့ဆိုပါရစေ။


Saturday, March 19, 2022

ရောက်ဖူးသင့်တဲ့ သမိုင်းအမွေအနှစ်ထောင်နဲ့ချီတဲ့ Jerusalem


ခရီးသွားရာသီရောက်ပြီဖြစ်လို့၊ ခရီးသွားဘို့စိုင်းပြင်းနေကြသူတွေထဲ မောင်မိုးညိုလည်းတယောက် အပါအဝင်ပါ။ အထူးသဖြင့် Covid pandemic မှာ(၂)နှစ်လောက်အောင့်အည်းနေကြရသူတွေဟာ စိတ်ကူးယဉ်ခဲ့တဲ့ ခရီးသွားအစီအစဉ်တွေဘက်ခြေဦးလှည့်လာကြပြီဆိုတာယုံမှားဘွယ်မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်က မောင်မိုးညိုတယောက် Jerusalem ဘက်သွားလေ့လာချင်တယ်ဆိုတဲ့စကား ပြောတော့ မိန်းမဖြစ်သူကသိပ်သဘောမတူချင်ပါဘူး။ “သွားချင်လွန်းရင်သွားပေါ။ သူတော့မလိုက် ဘူး” ဆိုဘဲ။ အလုပ်မှာလေသံပစ်ကြည့်တော့လဲ “ဟုတ်မှလဲကြည့်လုပ်ဦးနော” တဲ့။ အားတက်စရာ။ ကိုယ့်ဘက်ကထောက်ခံအားပေးမဲ့ မရှိခဲ့ပါဘူး။ ကိုယ်အသက်အရွယ်နဲ့ဘတ်ဂျက်အခြေအနေပေါ်မူ တည်ယုံမက အန္တရာယ်ကင်းဘေးရှင်းရေးကအစ သိပ်မသေခြာတော့ ကိုယ်ဖာသာကိုယ်လဲ သိပ်အရဲ မစွန့်ရဲဘူးပေါ့ဗျာ။ အဲ့ဒါနဲ့ ထုံးစံအတိုင်းGoogle လုပ်ကြည့်တာပေါ့ဗျာ။ ထင်သလောက်အဆိုးကြီး တော့မဟုတ်ပါဘူး။ ဒါနဲ့ စွန့်စားခရီးသွား တဲ့အလုပ်ကိုဝါသနာပါတဲ့ သမီးကြီးကို စကားတောက်ကြည့် တော့လိုလိုချင်ချင်နဲ့သူလိုက်မယ်ဆိုတဲ့အားတက်စရာစကားရလိုက်တဲ့အခါ မောင်မိုးညိုတယောက် လက်ခမောင်းခတ်လိုက်တာပေါ့။ ဒီဆောင်းပါးကို ခရီးသွားဆောင်းပါးမျိုးဆိုတာထက် မြန်မာတွေအ နေနဲ့သိထားသင့်တဲ့အချက်တွေကို ကိုယ့်ခရီးစဉ်အတွေအကြုံ၊ ကာလကြာကတည်းက အချိန်ယူလေ့ လာခဲ့တဲ့မှတ်စုများစွာတွေပေါ်မှာအခြေခံထားပါတယ်။ FAQလိုသဘောမို့ အသုံးဝင်လောက်မယ်လို့ ယူဆပါတယ်။ မြို့ရဲ့အကြောင်းနဲ့သမိုင်းကြောင်းကို အင်တာနက်ပေါ်မှာအလျှံပယ် ရှာဖွေနိုင်တာမို့ အဲ့ဒီ ဘက်အပိုင်းကိုအလေးပေးမရေးတော့ပါဘူး။ Jerusalem လို့ပြောခြင်းဟာ မြို့ဟောင်းအပါအဝင်၊ အနီး အပါးဝန်းကျင်ဒေသတွေ(Old City Jerusalem and neighboring countries and regions) ရဲ့အ ကြောင်းကိုပြောခြင်းပါလို့ကြိုတင်အသိပေးပါရစေ။


လုံခြံုစိတ်ချမှုရှိတဲ့ခရီးလား?

Jerusalem ဟာဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းတွေရံဖန်ရံခါရှိတတ်ပေမဲ့ အချိန်ကြာကြာဖြစ်လေ့ မရှိပါဘူး။ သတင်းတွေကိုမျက်ခြေမပြတ်လေ့လာကြဘို့လိုပါတယ်။ Jerusalem  မှာရှိတဲ့ ဆိုင်ရာသံရုံး တွေရဲ့လိပ်စာဖုံးနံပါတ်တွေကိုလက်ထဲထားကြဘို့လိုပါတယ်။ ဒါဟာဘယ်ပြည်ပနိုင်ငံသွားသွား အလေ့ အထပြုသင့်တဲ့ကိစ္စပါ။ Jerusalem မြို့ဟာ tourism ပေါ်မှာလုံးလုံးလျားလျားအားကိုးနေကြရတာမို့ အစိုးရရောလူထုကပါ မလိုလားအပ်တဲ့ အဓိကရုဏ်းမှုတွေကိုမုန်းတီးကြပါတယ်။ ကိုယ်အလည်အ ပါတ်ရောက်သွားပြီးရင် အဲ့ဒီမြို့ရဲ့လုံခြံုမှုရှိတာကို အံ့သြကြမယ်ဆိုတာကိုယုံပါ။


ဘာဖြစ်လို့ Jerusalem ကိုမြန်မာတွေသွားရောက်လည်ပါသင့်သလဲ?

သမိုငး်ကြောင်းအရဒေသအဆောက်အဦနဲ့လူနေမှုအကြောင်းကိုပြောမယ်ဆိုရင် Jerusalem ဟာ နှစ်ထောင်ပေါင်းများစွာနဲ့ချီတဲ့အထောက်အထားတွေနဲ့ပြည့်နှက်နေတဲ့ဒေသပါ။ မောင်မိုးညိုတို့ရဲ့ tour guide ရဲ့စကားအရ သမိုင်းအထောက်အထားများနေရာပြကွက်တွေရှိတဲ့ မြေအောက်ကိုလှေခါးကနေ ဆင်းရင်း “လှေကားတထစ်ချင်းဟာ သမိုင်းနောက်ကြောင်းကိုနှစ်တစ်ရာစီပြန်ပြောင်းခေါ်ယူသွားသ ကဲ့သို့”ခံစားရလိမ့်မယ် ဆိုတဲ့စကားကိုပြန်ဖေါက်သယ်ချလိုပါတယ်။  UNESCO အဖွဲ့ကြီးရဲ့ World’s heritage စာရင်းဝင်အများဆုံးနိုင်ငံတွေထဲမှာ အစ္စရေးနိုင်ငံရဲ့မြို့ကြီးဖြစ်တဲ့ Old Jerusalem ဟာထိပ် တန်းဝင်ပါ။ သမိုင်းကြောင်းအပြင် လွန်စွာစိတ်ဝင်စားဘွယ်ကောင်းတဲ့လူမှုယဉ်ကျေးမှုတွေကိုတဝကြီး လေ့လာခွင့်ရကြမှာပါ။


အချိန်ဘယ်လောက်ကြာကြာလည်ပါတ်သင့်ပါသလဲ? 

(၁၄)ရက်အပြည့်လောက်တော့ယူသင့်ပါတယ်။ အချိန်လုလည်ကြလိုသူတွေအနေနဲ့ကတော့ (၁၀) ရက်လောက်ဆိုမနည်းပါဘူး။ နှစ်တခုရဲ့ ဇူလိုင်/သြဂုတ်လများဟာ အပူပြငး်ဆုံးမို့၊ ကျန်လတွေက လည်ပါတ်လို့ ကောင်းပါတယ်။


Jerusalem ကိုသွားရောက်လည်ပါတ်ခြင်းဟာ ဘာသာရေးအတွက်နဲ့ဆိုင်ပါသလား?

Jerusalem မြို့ဟောင်းဟာ အဓိကဘာသာကြီးများဖြစ်တဲ့ Judaism, Christianity နဲ့ Islam ဘာသာ ၀င်များဖြစ် တဲ့ Jews, Christian, Islamic နဲ့ Armenian Quarters လို့ခေါ်တဲ့ ရပ်ကွက်ကြီးနဲ့တည် ဆောက်ဖွဲ့စည်းထားတာပါ။ အဓိကရုဏ်းများစွာတွေဟာ သမိုင်းထောင်ပေါင်းများစွာနဲ့ချီတဲ့ ဘာသာ ခြားတွေနယ်ပယ်လက်လွှဲတိုက်ခိုက်နေရာယူကြရင်းအကြောင်းရင်းခံတွေကြောင့် ဘာသာပေါင်းစုံ ရောယှက်နေထိုင်ကြပါတယ်။ အဲ့ဒီအတွက်ဘာသာရေးလွှမ်းမိုးမှုအလွန်ကြီးပါတယ်။ ဒါပေမဲ့ မိမိတို့ သွားရောက်လည်ပါတ်ချိန်မှာ tours guides တွေရဲ့သမိုင်းကြောင်းရှင်းပြမှုတွေကိုလေ့လာကြည့်ရင် ဘာသာရေးကိစ္စကိုလုံးဝ (လုံးဝ)ထဲ့သွင်းဆွေးနွေးခြင်းမပြုပါဘူး။ သွားရောက်ရာအရပ်ရဲ့မျက်မြင် လက်တွေ့တွေ့ရှိရတဲ့အပေါ်မှာ ရှင်းပြဆွေးနွေးချက်များကိုတွေ့ရပါတယ်။ စိတ်ဝင်စားစရာနောက်တ ချက်ကတော့ tour guides အတော်များများဟာ Jerusalemတက္ကသိုလ်အပါအဝင်၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာသုတေသနပြုကြသူတွေ၊ ပါမောက္ခတွေ၊ ဘွဲ့လွန်ပညာရှင်များကအချိန်ပိုင်းလုပ် နေကြတာကိုတွေ့ရပါမယ်။ လာရောက်လေ့လာသူတွေထဲကသမိုင်းကြောင်းနဲ့ပါတ်သက်မှုကို အခြေ အတင်အပြန်အလှန်(debate) လုပ်နိုင်ကြသူတွေဖြစ်ကြယုံမက(challenge questions)တွေကို ဖိတ်ခေါ်လက်ခံကြတာကို အံ့သြဘွယ်တွေ့ကြမှာပါ။ နှုတ်တိုက်ရွတ်ကျက်မှတ်ထားတဲ့tour guide တွေမဟုတ်တဲ့ ခေသူမဟုတ်ပညာရှင်တွေလို့ဆိုရင်မမှားပါဘူး။ tours တွေပြီးရင် tips ပေးကြရာမှာ ၀မ်းသာအားရအများအပြားပေးကြယုံတင်မကပါဘူး၊ နောင်သိချင်တာရှိရင်ဆက်သွယ်မေးမြန်းကြဘို့ business cards တွေကိုတောင်တောင်းယူလို့ရကြောင်းပါ။

ဘာသာရေးသက်သက်စိတ်ဝင်စားသူတွေအတွက်လဲ(spiritual/religious tours) တွေသီးသန့်ရှိကြ ပါတယ်။ ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ churches ကဲ့သို့သောအဖွဲ့တွေက ကမကထလုပ်တဲ့အစီအစဉ် တွေ ပါ။ အရေးတကြီးသိသင့်တာကတော့ အပါတ်စဉ်သောကြာညနေကနေ စနေညမိုးချုပ်အထိ (sabbath)၊ အလုပ်တွေအကုန်ပိတ်ပါတယ်။ ဘာဆိုင်မှမဖွင့်တာမို့ လိုအပ်တာတွေကြိုတင်ဝယ်ကြဖို့ လိုပါတယ်။


အသက်အရွယ်မရွေး သွားနိုင်သလား? လူငယ်တွေအတွက်ရော night-life ရှိသလား?

အသက်အရွယ်မရွေးသွားလည်ပါတ်သင့်တဲ့ နေရာဒေသပါ။ နေ့ဘက်မှာရှိတဲ့စျေးတန်းတွေဟာ ည ဘက်မှာbars/restaurants တွေအဖြစ်အသွင်ပြောင်းတာမို့ လူငယ်တွေအတွက် အလွန်အဆင်ပြေ ကြောင်းပါ။


Jerusalem ကိုဘယ်လိုရောက်အောင်သွားနိုင်ပါသလဲ?

အစ္စရေးနိုင်ငံ Tel Aviv မြို့တော် Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင်ထွက်တာနဲ့ Jerusalem ကိုအခေါက်ရေများစွာပြေးဆွဲတဲ့ အမြန်ရထား (light rail system) ဟာ အလွန်အားကိုး ဘွယ်ကောင်းတဲ့နည်းပါ။ (၂၅)မိနစ်အတွင်းရောက်နိုင်တဲ့အပြင် စျေးသက်သာပါတယ်။ “Yitzhak Navon Transportation Hub” ဟာ Jerusalemရဲ့ပင်မ ဘူတာရုံကြီးပါ။ အဲ့ဒီကနေမိမိတည်းခိုတဲ့ ဟိုတယ်ကို taxi (သို့) မြို့တွင်းဆွဲတဲ့ light rail system ကိုသုံးပြီရောက်နိုင်ပါတယ်။ အဲ့ဒါကိုမကျွမ်း ကျင်ရင်တော့ taxi ဟာ အကောင်းဆုံးပါ။


ဗီဇာလိုပါသလား?

အမေရိကားကသွားလည်ရင်မလိုပါ။ ဒါပေမဲ့ Tel Aviv ရောက်လို့ လူဝင်မှုကြိကြပ်ရေးမှာ မေးခွန်းမေး တာကိုဘဲဖြေပါ။ အပိုမပြောပါနဲ့။ ၀င်ခွင့်ဗီဇာကို စာရွက်နဲ့ထုတ်ပေးပါတယ်။ လက်ထဲမှာအမြဲရှိပါစေ။ မိမိ passport နဲ့အတူထားလို့လဲရပါတယ်။ ၀င်ခွင့်ဗီဇာစာရွက်ကို ကိုယ့် cell phone နဲ့ဓါတ်ပုံရိုက်ထား ပါ။ ဗီဇာစာရွက်ဟာအခြားနိုင်ငံကူးရင်လိုပါတယ်။ အစ္စရေးနိုင်ငံဟာအခြားနိုင်ငံနဲ့ဆက်ဆံရေးမှာ ထူး ခြားတဲ့အခြေအနေမှာရှိလို့ ဗီဇာကိုစာရွက်နဲ့ထုတ်ပေးရခြင်းပါ။  (ဥပမာ- Palestine နိုင်ငံ)။ မပျောက်ပါ စေနဲ့။ မလိုအပ်ရင်ထုတ်မပြပါနဲ့။ အရေးကြီးတာက ခရီးစဉ်စတာပြီး၊ တည်းခိုနေထိုင်ရာကာလနဲ့မိမိ အိမ်ပြန်ရောက်တဲ့အထိ အဲ့ဒီနိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်တွေနဲ့ပါတ်သက်ပြီး၊ ပြောဆိုခြင်း၊ မိမိထင်မြင်ယူဆ ချက်စသည်တို့ကို ထင်ယောင်ထင်မှာဖြစ်စေမဲ့ကိစ္စတွေကိုရှောင်ရှားဘို့ပါဘဲ။


ဖုံးဆက်သွယ်ရေး

အစ္စရေးနိုင်ငံဟာ နည်းပညာဖွံ့ဖြိုးတဲ့ရှေ့တန်းရောက်နိုင်ငံဖြစ်ပါတယ်။ မောင်မိုးညိုတို့ အမေရိကားမှာ 4G  technology ဘဲသုံးနေချိန်မှာ အစ္စရေးရောက်ချိန်မှာ 5G တွင်ကျယ်နေတာနှစ်ပေါက်နေပါပြီ။ cell phone SIM cards ဆိုင်တွေဟာ မြို့တွင်းလမ်းထောင့်တိုင်းမှာကွမ်းယာဆိုင်များကဲ့သို့ ပလူပျံအောင် ရှိပါတယ်။ ကိုယ်ယူသွားတဲ့ cell phone ဟာ unlock လုပ်ပြီးသားဖြစ်နေဘို့ဘဲလိုပါတယ်။ ကိုယ်နေ တာက (၁)ပါတ်(၂)ပါတ်သာဖြစ်ပေမဲ့ (၁)လစာ pre-paid plan ကိုဝယ်ပါ။ talk-text-data ပါတဲ့ အပြင်စျေးချိုပါတယ်။ မိမိတယောက်သုံးအပြင်၊ tour operators အခြားကြိုသိဘို့လိုတဲ့အချက် အလက်တွေအတွက် ကို်ယ့် cell phone ကအသုံးဝင်မှာပါ။


တည်းခိုသင့်တဲ့နေရာ

Jerusalem ရဲ့ အဓိကလမ်းမကြီးလည်းဖြစ်light-rail system လည်းရှိတဲ့လမ်းကတော့ Jaffa Street ဖြစ်ပါတယ်။ Jaffa Street ရဲ့တောင်ဘက်ခြမ်း၊ King George Street ရဲ့ အရှေ့ဘက်ခြမ်းထဲမှာ စျေးအ လွန်သက်သာတဲ့ hotel လေးတွေရှိပါတယ်။ ($100) အောက်နှုန်းဘဲရှိပြီးအချက်အခြာအလွန်ကျပါ တယ်။ Old City ကိုလမ်းလျှောက်သွားရင်ဘဲဖြစ်ဖြစ်၊ light-rail နဲ့သွားရင်ဖြစ်ဖြစ်အလွန်လွယ်ပါ တယ်။ လမ်းလျှောက်သွားရင်ကြည့်စရာတွေများစွာရှိပါတယ်။ မိနစ်(၂၀)လောက်လျှောက်ရင်မြို့ဦး ဂိတ်ကိုရောက်ပါတယ်။ မောင်မိုးညိုတို့တည်းခိုခဲ့တဲ့ ဟော်တယ်ကတော့ Shamai Suites Jerusalem ပါ။ အလွန်သန့်ရှင်းပါတယ်။ အနီးမှာ Ben Yahuda ဟာ စားသောက်ဆိုင်၊ အရောင်းဆိုင်အစုံနဲ့အလွန် စည်ကားတဲ့လမ်းပါ။ ညဘက်ဆို bars တွေလည်းရှိပါတယ်။ 


ငွေလဲဘို့လိုမလို?

လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာနဲ့ပေးမယ်ဆိုရင်သူတို့ပါးစပ်ထဲကစျေးဖြစ်သွားပါမယ်။ တော်တော်များများဆိုင်တွေက credit cards လက်ခံကြပါတယ်။ အကောင်းဆုံးကတော့ Costco VISA card ကိုသုံးပါ။ သူတို့စျေးတွေကတော့ နိုင်ငံသုံးငွေဖြစ်တဲ့ Israel New Shekel (INS) ကိုပြ ပေမဲ့ကိုယ့် credit card ကပေါက်စျေးအတိအကျကို အပိုသီးသန့် charge မလုပ်ဘဲပြောင်းသွားပေး ပါမယ်။ credit card နဲ့ဘဲပေးမယ်ပြောပါ။ ဒေါ်လာတို့၊ ငွေလဲနှုန်းတို့ ဘာမှသွားမပြောပါနဲ့။ ကိုယ့်card ကဘယ်လောက်ကျလဲဆိုတာ ကိုယ့်ဖုံးပေါ်မှာမိနစ်ပိုင်းအတွင်းသိနိုင် ပါတယ်။ အရေးကြီးတာက ငွေလဲ ကောင်တာကိုသုံးရင်၊ လူများများလဲနေတဲ့နေရာကိုသုံးပါ။ ငွေလဲနှုန်း နေ့စဉ်ပေါက်စျေးကို အတိအကျ ကြေငြာထားလေ့ရှိပါတယ်။ ကိုယ့်ဆီပြန်ရတဲ့ INSကိုလည်းသေသေ ခြာခြာစစ်ပါ။ ပြီးရင် ဘောက်ချာ တောင်းဖြစ်အောင် တောင်းပါ။ ငွေလဲကောင်တာတွေဟာ ကွမ်းယာ ဆိုင်လိုနေရာ အနှံ့ရှိပါတယ်။ အပြန်ခရီးမှာ ကိုယ်ဝယ်ယူခဲ့တဲ့ပစ္စည်းကတန်ဘိုးကြီးပြီး ဒေါ်လာ(၁၀၀) ကျော်ရင် VAT အခွန် (၁၇%) ကို(အသိအမှတ်ပြုဆိုင်မှဖြတ်ပိုင်းနဲ့)လေဆိပ်မှာပြန်တောင်းနိုင်ပါတယ်။


အစားအသောက်?

ဒေသကအစားအသောက်ကိုရောက်တုံးစားကြပါ။ ကုလားစာကြိုက်နှစ်သက်သူတွေအတွက်ပြဿနာ မရှိပါဘူး။ တခုတော့ပြောချင်ပါတယ်။ အစားအသောက်တွေကစျေးကြီးပါတယ်။  ဒေါ်လာ(၂၅-၃၀) မကုန်ဘဲတစ်နပ်မဖြစ်ပါဘူး။ တတ်နိုင်ရင်မြို့ဟောင်းထဲမှာမစားပါနဲ့။ ဟိုတယ်နားကဆိုင်တွေမှာစားပါ။ Falafel (အသားမပါ) နဲ့  Shawarma (အသားနဲ့) တို့ကိုစားဖြစ်အောင်စားကြပါ။


အဝတ်အစား?

နွေရာသီမှာပေါ့ပါးတဲ့ sport shirts များသာယူသွားပါ။ ဒါပေမဲ့ အရေးကြီးတဲ့ဘာသာရေးအဆောက် အဦ တွေထဲဝင်ရင် လက်ကောခြေပါလုံအောင်ဖုံးတဲ့အဝတ်အစားလိုပါတယ်။ မိန်းမအတွက် scarf လိုပါတယ်။


တည်းခိုလည်ပါတ်စဉ်အကောင်းဆုံး သွားလာရေးအစီအစဉ်ကဘာလဲ?

Light rail system ကကောင်းဆုံးဖြစ်သလိုစျေးသက်သာပါတယ်။ ဘူတာမှာတင်လက်မှတ်ဝယ်လို့ ရပါတယ်။ Uber/Lyft  အားမကိုးရပါဘူး။ အရေးကြီးဆုံးကတော့ taxi စီးရင်သွားမဲ့နေရာကိုပြောပြီး စျေးကြိုမေးပါ။ စျေးမသိရဘဲtaxi ပေါ်မတက်ပါနဲ့။ taxi အလွန်ပေါပါတယ်။ လမ်းမှာစျေးပိုတောင်းရင် ငွေပိုမပါဘူးလို့ပြောပါ။ (That’s all I have လို့ပြောပါ)။ taxi drivers တွေကမရိုင်းပါဘူး။


Jerusalem မြို့ဟောင်း (Old City), Palestine နဲ့ Jordan မှာသွားရောက်ကြည့်ရှုသင့်တဲ့ နေရာများ

(၁) Western (Wailing) Wall ဟာ ဂျူးလူမျိုးတို့ရဲ့အထွတ်အမြတ်ပါ။ ကျား/မသီးသန့်ခွဲပြီး wall နား အထိသွားလို့ရပါတယ်။ မိမိတို့ရဲ့ ဆန္ဒပြုဆုတောင်းစာနဲ့အမည်တွေကိုရေးပြီး နံရံကြား (cleavages) တွေထဲမှာ ညှပ်ထဲ့ လို့ရပါတယ်။ ရေးစရာဘောပင်အမြဲဆောင်ထားပါ။

(၂) Temple Institute (Jewish Quarter) -  အဲ့ဒီပြတိုက်မှာ ခရစ်တော်မပေါ်မှီကအုပ်စိုးခဲ့တဲ့ King David, King Solomon နဲ့ King Harod လက်ထက်ကမြို့ပြတည်ခဲ့တဲ့ (1st & 2nd Temples) သမိုင်း ကို စိတ်ဝင်စားဘွယ်ပြ သထားပါတယ်။ ထို့အပြင် ဂျူးတို့ရဲ့အထွတ်အမြတ် Arc ကိုပြသထားပါတယ်။ ဂျူးလူမျိုးတို့ရဲ့သမိုင်းမှာ ပထမနဲ့ဒုတိယ နိုင်ငံတော်အဖြစ်ထွန်းကားခဲ့တဲ့ ခေတ်ကြီး(၂)ခေတ်ရှိခဲ့ပြီး၊ အခု တတိယနိုင်ငံတော်ကို ထူထောင်ဘို့ကြို စားနေကြတယ်လို့ဆိုပါတယ်။ Western Wall နဲ့မျက် နှာချင်းဆိုင်တည့်တည့်မှာတည်ဆောက်ရေးလုပ်ငန်းတွေအကြီးအကျယ်လုပ်နေတာကိုတွေ့နိုင်ပါ တယ်။ (internet မှစောစောကြိုတင်စာရင်း သွင်းရပါမယ်) Menorah ပုံစံကြီးတခုကိုလည်းရွှေရောင် အတိနဲ့ အနီးအနားမှာတွေ့ရပါမယ်။

*(၃) City of David Underground (Hezekiah’s Tunnel) Tour နဲ့   ညဘက်ပြသတဲ့ lights show

(၄) Via Dolorosa (Lion’s Gate) မှစလျက်- ယေဇူးသခင်ကားစဉ်အတင်မခံရမှီနောက်ဆုံးလျှောက်ခဲ့ တဲ့လမ်းလို့ယုံကြည်ကြပါတယ်။ သောကြာနေ့လည်ပိုင်းတိုင်းမှာရိုးရာမပျက်လမ်းလျှောက်ပွဲလုပ်လေ့ရှိ ကြပါတယ်။

(၅) Church of Holy Sepulchre - ဟာမဖြစ်မနေကြည့်ရမဲ့ဘုရားကျောင်းပါ။ နံက်(၆)နာရီလောက်စောစော ရောက်အောင်သွားနိုင်ရင်နောက်ဆုံးမြေမြှုုပ်ခဲ့တယ်လို့ယုံကြည်ရတဲ့နေရာကိုဝင်ရောက်ကြည့်ရှုခွင့်ရပါမယ်။

(၆) all four quarters ကိုတော့ Jaffa Gate ရှေ့တည့်တည့်ဝင်ပေါက်ကနေတဆင့် တဆက်ထဲလှည့် ပါတ်ကြည့်ခွင့်ရပါမယ်။

(၇) Dome of the Rock (Temple Mount) နဲ့ Al-aqsa Mosque တို့ကို Dung Gate ဘက်ကနေ ကြည့်ရပါမယ်။ ဖွင့်ချိန်ကတနေ့မှာ နာရီအနည်းငယ်ဘဲပေးတဲ့အပြင် လူတိုင်းကြည့်ခွင့်မပေးပါဘူး။ စစ်ဆေးရေးဂိတ်က မေးမြန်းတဲ့မေးခွန်းတွေကိုကြေနပ်မှဝင်ကြည့်ခွင့်ပြုပါတယ်။ တမန်တော်မိုဟာမက် ကောင်းကင်ကိုပြန် ကြွသွားတဲ့ ကျောက်တုံးလို့ယုံကြည်ကြပါတယ်။ Muslims တွေရဲ့ Saudi Arabia က Mecca  ပြီးရင် ဒုတိယအထွတ်အထိပ်နေရာအဖြစ်သတ်မှတ်ထားပါတယ်။ မနက်(၂)နာရီ၊ နေ့(၂) နာရီသာကြည့်ခွင့် ရှိကြောင်းပါ။

*(၈) Western Wall Underground Tour - ရေဒူးဆစ်အထိစမ်းချောင်းကမိနစ်အနည်းငယ်နေဖြတ် လျှောက်ကြရပါ တယ်။ ပျော်စရာမှတ်သားစရာ၊ စိတ်ဝင်စားစရာအပြည့်ပါ။

*(၉) Tower of David Museum Tour နဲ့ “Sound & Light Show” ဟာလည်းနံမည်ကြီးပါ။

*(၁၀)  Masada မြို့ဟောင်း နဲ့ Dead Sea Tour ဟာနံမယ်ကြီးပါ။ ပင်လယ်ရေမျက်နှာပြင်အောက် ကမ္ဘာ့အနိမ့်ဆုံးမြို့နဲ့ Dead Sea မှာရေကူးရင်းဓါတ်ပုံတွေအမှတ်တရရနိုင်ပါတယ်။ (ရေကူးဝတ်စုံ၊ မျက်နှာသုပ်ပါ၀ါ ယူသွားကြပါ။ အလွန်ပူပြင်းလို့ အဝတ်ပါးပါးဝတ်သွားကြပါ။ ) နေ့ချင်းသွားနိုင်ပြီး Masada ဒေသမြို့ဟောင်းတူးဖေါ်တွေ့ရှိမှုဟာ World’s Heritage စာရင်းဝင်တခုပါ။  “Bein Harim Tourism Services” website ကနေကြိုစာရင်းပေးပါ။ ကားနဲ့အသွားအပြန်အပြင်အစားအသောက် 

ပါ၀င်ပြီးတနေကုန်ပါတယ်။

(၁၁) Mount Olives - တောင်ပေါ်မှာရှိတဲ့နံမယ်ကြီးဘုရားကျောင်းတွေနဲ့ ဂူသချီင်္ုင်းတွေကိုလေ့လာနိုင် ပါမယ်။ ဘုရားကျောင်းတခုချင်းရဲ့ဖွငသ့်ရက်ပိတ်ရက်ကိုဆိုင်ရာ

(၁၂) Old City နဲ့ကပ်လျက် Mamilla Mall ဟာ Jerusalem ရဲ့အထင်ကရခေတ်မှီ ကုန်တိုက်ဖြစ်ပြီး၊ (၁၅) မိနစ်လောက်လမ်းလျှောက်ဝင်ကြည့်သင့်ပါတယ်။

(၁၃) “Israel Museum” ကို taxi နဲ့သွားလို့ရပါတယ်။ မဖြစ်မနေကြည့်သင့်တဲ့ပြတိုက်ပါ။ ဘာဖြစ်လို့ လဲဆိုတော့ ခရစ်တော်မပေါ်မှီ ခရစ်တော်ရောက်ရှိမဲ့အကြောင်းခေတ်ရှေ့ပြေးနိမိတ်ဖတ်မှတ်တမ်းစာ ရွက်များအဖြစ်သမိုင်းဝင်နံမယ်ကြီးတဲ့ Dead Sea Scrolls တွေပြသထားတာမို့ပါ။ ဓါတ်ပုံရိုက်ခွင့်မပြု ပေမဲ့ ကြည့်ရှုသူအလွန်များပါတယ်။ နေ့တပိုင်းလောက်ကုန်မှာပါ။ လမ်းတဖက်ကူးမှာအစ္စရေးနိုင်ငံ လွှတ်တော် Knesset ရှေ့မှာဓါတ်ပုံရိုက်လို့ရပါတယ်။

*(၁၄) Bethlehem half day tour (with Jericho day tour option) - Bein Harim Tourism Services ကနေကြိုတင်ကြိုတင်စာရင်း ပေးရမှာဖြစ်ပြီး၊ မဖြစ်မနေသွားသင့်ပါတယ်။ ယေဇူးသခင် မွေးဖွားရာနေရာ grotto ရှိတယ်လို့ယုံကြည်ကြပါတယ်။ Church of Nativity ကက်သလစ်ဘုရား ကျောင်းကြီးတခုလဲကပ်လျက်မှာ ရှိပါတယ်။ အဲ့ဒီနေရာဟာ Palestine နိုင်ငံတွင်းမှာမို့ tour group နဲ့ထပ်ချပ်မကွာနေပါ။ ယေဇူးသခင်ကြီးပြင်းရာသိုးကျောင်းကျေးရွာတွေ (Shephard fields) ကိုလဲ ရောက်ပါမယ်။ လမ်းမှာ Bedouin hippies  တွေရဲ့တဲတွေ၊ ဂျော်ဒန်နိုင်ငံနဲ့စစ်ဖြစ်စဉ်ကကာရံထားတဲ့ တံတိုင်းကြီးနဲ့ West Bank စစ်ဘေးဒါဏ်ဒေသကို အဝေးကလှမ်းမြင်ကြရပါမယ်။  Jericho ဟာကမ္ဘာ့ ရှေးအကျဆုံးမြို့ပါ။

(၁၅) “Yad Vashem Museum”ဟာမဖြစ်မနေသွားရောက်လေ့လာသင့်တဲ့ ပြတိုက်ပါ။ ဥရောပမှာဂျူး လူမျိုး(၂)သန်းကျော်လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့အဖြစ်အပျက်တွေ၊ သက်သေပစ္စည်းမူရင်းတွေကို တနေရာထဲမှာ တစုတဝေးထဲလေ့လာတွေ့ရှိနိုင်တဲ့ holocaust museum ကမ္ဘာ့အကြီးဆုံးပါ။ နေ့တ ပိုင်းတော့ကုန်ပါတယ်။ နာဇီတွေရဲ့လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ထိပ်လန့်တုန်လှုပ်ဖွယ်မြင်ကြရမှာပါ။

(၁၆) Mount Zion မှာ King David ရဲ့အုတ်ဂူနဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးရာပေါင်းများစွာတွေ ကိုအသက်ဘေးကကယ်တင်ခဲ့တဲ့ Oscar Schindler ရဲ့သချိုင်းအုတ်ဂူ (အနီးအနားလမ်းတဖက် ကူးတွင်) တွေ့ရပါမယ်။

(၁၇) Mahane Yehuda - စျေးတန်းဟာနေ့မှာကုန်စိုကုန်ခြောက်နဲ့အမှတ်တရများစွာရောငး်ချတဲ့ အကြီးဆုံးစျေးကြီးဖြစ်ပြီး၊ ညဘက်မှာဘားတွေနဲ့လူငယ်/လတ်များစံပျော်ရာညစျေးဖြစ်ပါတယ်။ Jaffa Street အချက်အခြာကျနေရာမှာဖြစ်ပြီး၊ ညဖက်ခင်းလမ်းလျှောက်သွားနိုင်ပါတယ်။ ဟာလဝါကဲ့သို့ သော နံမယ်ကြီးမုန့်အချိုများ လက်ညှိုးထိုးဝယ်စားနိုင်ပါတယ်။

*(၁၈) Nazareth - နေ့ချင်းပေါက်ခရီးသွားလို့ရပါတယ်။

*(၁၉) 2-day Petra & Jordan tour - ဟာနံမယ်ကြီးပြီး ကမ္ဘာ့အံ့ဘွယ် World’s Heritage စာရင်း ၀င်ဖြစ်ပြီး၊ တည်းခိုစဉ် အာရပ်လူမျိုးတို့ကဲ့သို့ရွက်တဲများနဲ့နေထိုင်ခွင့်အတွေ့အကြံုရကြပါမယ်။ အရေး ကြီးတာကအဲ့ဒီခရီးစဉ်ဟာ ပါလက်စတိုင်းထိန်းချုတ်ဒေသကိုဖြတ်သန်းရတာမို့၊ ခရီးစဉ်တခုထဲမှာ နိုင်ငံ (၃)နိုင်ငံကိုဖြတ်သန်းရတာမျိုးဖြစ်သလို၊ လူဝင်မှုကြိကြပ်စစ်ဆေးရေးအလွန်တင်းကြပ်ပါတယ်။ ကိုယ့် ရဲ့ tour group ထဲမှာမသင်္ကာကာဖွယ်ရှိခဲ့ရင်ခရီးစဉ်ကြံ့ကြာတာတို့၊ ဖျက်သိမ်းခံရတာတို့ဖြစ်လေ့ရှိတာ မို့ သည်းခံကြရပါမယ်။ မမျှော်လင့်တဲ့ခရီးစဉ်အပြောင်းအလဲကြောင့် မိမိတည်းခိုရာဟိုတယ်မှာညဖက် တာဝန်ကျမထားရင် ကြိုတင်ဖုံးဆက်အစီအစဉ် လုပ်ဖို့လိုပါတယ်။ ဒါတွေနဲ့ပါတ်သက်ပြီး ခရီးစဉ်ပါ tour guide/operator တွေက ကောင်းကောင်းစီစဉ်ပေးနိုင်ပါတယ်။ မြို့တော် Amman မှာဘုရင့် နန်းတော်နဲ့အထင်ကရအဆောက်အအုံများတွေ့ခွင့်ရကြပါမယ်။ Jarash သမိုင်းဝင်အဆောက်အဦ ဟောင်းတွေကိုလည်းဝင်ရောက်လေ့လာခွင့်ရကြပါမယ်။

*(၂၀) Haifa အရပ်မှာရှိတဲ့ Bahai Gardens ဟာ Bahai ကမ္ဘာတဝှမ်းဘာသာဝင်တို့ရဲ့အထွတ်အမြတ် ကျောင်းတော်ရာဖြစ်ပြီး၊ လေ့လာသင့်တဲ့နေရာပါ။ 

(* ကြယ်ပွင့်ပြများဟာအခကြေးငွေနဲ့ကြိုတင်စာရင်းသွင်းကြရမဲ့နေရာတွေပါ။)


ကြိုတင်လေ့လာအသုံးပြုရမဲ့ websites များ

(၁) www.itraveljerusalem.com (မြို့တွင်းအချက်အခြာကျနေရာတွေမှာ info centers အနှံ့ရှိပါတယ်။)

(၂) မိမိတို့သွားရောက်ကြည့်ရှုမဲ့ပြတိုက်အပါအဝင်အထင်ကရနေရာများရဲ့ websites များရဲ့ အချိန်/နေ့ဖွင့်ပိတ်ရက်များ၊ Google search နဲ့ကြည့်ကြပါ။

(၃) www.goisrael.com (အစ္စရေးအစိုးရရဲ့ တရားဝင်tour website ပါ။)

(၄) www.abrahamtours.com  (နံမယ်ကြီးလူကြိုက်များတဲ့tour company ပါ။)