ပြီးခဲ့တဲ့ ဇန္န၀ါရီ (၁၈) ရက်နေ့မှာ၊ Donald Trump တယောက်ရွေးကောက်ခံသမ္မတအဖြစ်ရက်ပိုင်းအတွင်း ချင်းနင်းဝင်ရောက်ပြီးချင်း၊ နောင် (၂၀၂၀) အထွေထွေရွေးကောက်ပွဲကြီးကို ၀င်ရောက်ဖို့အတွက်၊ မဲဆွယ်မဲ့ slogan တခုကိုတမဟုတ်ချင်းကြေငြာခဲ့ ပါတယ် - “KEEP AMERICA GREAT”။ “Make America Great Again” ဆိုတဲ့ကြွေးကြော်ချက်နဲ့ သမ္မတဖြစ်လာသူ Donald Trump ဟာ ခေတ်သစ်အမေရိကသမ္မတရွေး ကောက်ပွဲမှာ လူကြိုက်အနည်းဆုံး (၃၆%) နဲ့ အိမ်ဖြူတော်ကိုအခြေချသူတယောက်ဖြစ်ယုံမက၊ လူကြိုက် အများဆုံးမဲဆန္ဒ (popular votes) မဲသန်း(၂)နီးပါးဟာပြိုင်ဖက် Hillary Clinton ဆီကို ရောက်ရှိသွားတဲ့ သမိုင်းတွင်စေတဲ့နောက်ထပ် အရှုံးကြီးနဲ့ရှုံးခဲ့သူမို့၊ အမေရိကန် လူထုနဲ့ ကမ္ဘာကိုပင့်သက်ဖျာအံ့သြခြင်းမက အံ့သြစေခဲ့ပါတယ်။ ဘယ်လို ဘဲဖြစ်ဖြစ်နှစ်(၂၀၀)ကျော်အခြေခိုင်ခဲ့တဲ့အမေရိကအခြေခံဥပဒေရဲ့Electors တွေရဲ့တန်းတူရည်တူမဲဆန္ဒအဆုံးအဖြတ်အရ၊ ခုချိန်မှာသူဟာ (၄၅) ဆက်မြောက်သမ္မတအဖြစ်တရားဝင်ဖြစ် နေပါပြီ။ ကမ္ဘာမှာဒီမိုကရေစီမှာစံနမူအဖြစ်ရာစုနှစ်(၂)ခိုင်အခိုင်အမာ ရှိယုံမက၊ ဒီမိုကရေစီဆိတ်သုဉ်းနေခဲ့ တဲ့ကမ္ဘာ့နိုင်ငံအတော်များများကို၊ ဗျောင်ကျကျတမျိုးသွယ်ဝိုက်သောနည်း တွေအရဘဲဖြစ်ဖြစ်၊ ဝေဖန်ခြင်း၊ အတိုက်အခံဒီမိုကရေစီရေးအင်အားစုများကို အားပေးခြင်းပြုလုပ်ခဲ့တဲ့ အမေရိကပြည် ထောင်စုဟာ၊ ခုချိန် မှာဘက်ပြောင်းလဲပြီး၊ လက်ယာစွန်းယိမ်းနေပြီလားဆိုတဲ့မေးခွန်းမေးစရာဖြစ်လာနေပါပြီ။ သမ္မတဖြစ်ပြီး၊ ရက်ပိုင်းအတွင်းမှာဘဲ၊ ရွေးကောက်ပွဲကတိက၀တ်အတိုင်း၊ အမေရိကနဲ့ဆက်ဆံရေးမပြေပြစ် တဲ့အာ ဏာရှင်စနစ်ကိုသိသိသာသာကြီးဦးတည်နေတဲ့ရုရှားသမ္မတဗလာဒီမာပူတင်ကိုချီးမွန်းစကားပြောခြင်း၊ ရွှေလမ်းငွေလမ်းဖေါက်ရန်အစပျိုးစကားတွေအထပ်ထပ်ပြောလာခြင်း၊ မူစလင်(၇)နိုင်ငံက၀င်ရောက်လာ မယ့်သူများကိုဗီဇာတားဆီးမိန့်များထုတ်ပြန်ခြင်း၊ နိုင်ငံတ၀ှမ်းဝင်ငွေရှိ/နည်း/မဲ့များအပါအ၀င်၊ ပြည်သူသန်း(၂၀) လက်ဝယ်ရှိကျန်းမာရေးအာမခံများကိုကာကွယ်ပေးနေတဲ့ Obamacare ခေါ် Affordable Care Act (ACA) ကိုဖက်သိမ်းအစားထိုးရေးအမိန့်များထုတ်ပြန်ခြင်း၊ Palestine ကိုအသိအမှတ်မပြုရေးအပါအ၀င်အမေရိက သံရုံးကို Jerusalem သို့ပြောင်းရွှေ့ရေး၊ Mexico နယ်စပ်တလျှောက်မှာ မဟာတံတိုင်းကာရံရေး၊ တရားရုံးချုပ်မှာ မိမိအပါအ၀င်အာဏာရလူများစုRepublican Party အကျိုးစီးပွားဘက်ယိမ်းနိုင်မဲ့ တရားသူကြီး တစ်ဦးအမြန် ခန့်ထားရေး၊ NATO အပါအ၀င် ကုလသမဂ္ဂအဖွဲ့အစည်းများမှာ အမေရိကတစ်ဦးတည်းကအများစုငွေထဲ့ဝင် မှုကိုလျှောချရေး၊ ယခင်သမ္မတအဆက်ဆက်ကတိက၀တ်တွေကိုဖယ်ရှားရေး၊ ၀ါရှင်တန်နိုင်ငံရေး အ၀န်းအ ၀ိုက်အတွင်းအကျင့်ပျက်ချစားမှုများ၊ ပွဲစားလုပ်ငန်းများကန့်သတ်ရုတ်သိမ်းရေး၊ ကုလပဋိညဉ် ကတားမြစ်ထား တဲ့ အကြမ်းဖက်စစ်သွေးကြွများစစ်ဆေးမေးမြန်းနည်းများပြန်အသက်သွင်းရေး၊ ကုန်သွယ်ရေး စာချုပ်များဖျက် သိမ်းရေး၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကိုအရေးယူရေး၊ သွင်းကုန်များကိုအခွန်အဆမတန်မြှင့်ရေး စတဲ့မြောက်များ လှစွာတဲ့အပြောင်းအလဲများကိုဦးတည်မဲ့အမိန့်ညွှန်ကြားချက်များ နေ့ညမဆိုင်းထုတ်ပြန်ခဲ့ခြင်းတို့ကို လုပ်လာခဲ့ ပါတယ်။ ဒီအမိန့်များဟာ တကယ်လက်တွေ့မှာ တွန်းအားပေးနိုင်မှုတကယ်ရှိနိုင်မလားဆိုတဲ့အချက်ကို၊ အစိုးရ
အ၀န်းအ၀ိုက်အတွင်းရော၊ လွှတ်တော်နဲ့ပြင်ပပညာရှင်လောကကြားမှာ ကြီးမားကျယ်ပြန့်တဲ့၊ သံသယတွေ ကြီးထွားလာစေတာအမှန်ပါဘဲ။ အဲ့ဒီအမိန့်များနဲ့သူ့ရဲ့(၃၆၀)ဒီကရီပါတ်ဝန်းကျင်အားလုံးနဲ့မီဒီယာလောကကို အဆက်မပြတ်တိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့တဲ့အတွက်၊ ဆန့်ကျင်မှုအင်အားပြဆန္ဒပြတာတွေအမေရိကမြို့ကြီး အားလုံးလိုလိုနဲ့နိုင်ငံတကာမြို့ကြီးတွေမှာသမ္မတအဖြစ်ကျမ်းသစ္စာကြိမ်ဆိုပြီး (၂၄)နာရီအတွင်းမှာ အုတ်အော် သောင်းနင်းကျင်းပခဲ့ကြပါတယ်။ အမေရိကနိုင်ငံသမိုင်းတလှောက်အတွင်းမှာ၊ သမ္မတအဖြစ်ရောက်ရှိပြီး၊ ရက် မကူးခင်အတွင်းမှာ အ ကြီးမားဆုံးသောမကြိုက်နှစ်သက်မနှစ်မြို့မှုကိုခံယူခြင်းခံရတဲ့ပထမဆုံးသမ္မတအဖြစ် သမိုင်းတွင်သွားစေပါတယ်။
တကယ်တေှာ့ (၂၀)ရာစုသမိုင်းစာမျက်နှာသစ်မှာ လက်ျာအမျိုးသားရေးဝါဒီယိမ်းမှုအားပြိုင်မှုကို ဆိုဗီယက် ယူနီယံပြိုလဲပြီး၊ ဒီမိုကရေစီအစိုးရပေါ်ထွက်လာတဲ့ရုရှနဲ့ဥရောပတခွင်မှာတပြိုက်နက်တည်း စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီရေးကြွေးကြော်ချက်နဲ့ အတူတိုးတက်ဆန်းသစ်တဲ့လွတ်လပ်မှုအတွေး အခေါ် (liberalism)အားလွန်လွှမ်းမိုးလာတာကိုမနှစ်မြို့တဲ့ Conservatism ရှေးရိုးစွဲဝါဒီများရဲ့ ရင်တွင်းခံစားချက်တွေ ဟာအဲ့ဒီအချိန်ကတည်းကကိန်းအောင်းနေခဲ့ကြတာပါ။ ဆိုလိုတာကတော့ ဒီမိုကရေစီရေးကြောင့်အာဏာလက် လွှတ်ခဲ့ရတဲ့အသိုင်းအ၀ိုင်းနဲ့သူတို့ရဲ့နောက်ပေါက်အသိုင်းအ၀ိုင်းတွေဟာ၊ မိမိတို့လက်လွှတ်ခဲ့ရတဲ့အခွင့်ထူးပိုင်စိုး ခွင့်တွေပြန်လည်ရရှိလာရေးသမိုင်းတပါတ်လည်လာမဲ့အချိန်ကိုအမျှော်ကြီးမှော်ခဲ့ပါတယ်။ ဒီလိုကြိုးပမ်းမှုတွေ ထဲမှာအထိရောက်ဆုံးလက်နက်ကတော့ “အမျိုးသားရေး”ဆိုတဲ့ကြွေးကြော်ချက်ဟာရိုးပေမဲ့ အတော်အတန် အသုံးဝင်ခဲ့ပါတယ်။ အသုံးဝင်နေဆဲလည်းဖြစ်ပါတယ်။ ဒီကြွေးကြော်ချက်ဟာ ပညာအဆင့်အတန်းနိမ့်ပြီး၊ ဗဟုသုတနည်းပါးဆင်းရဲတဲ့လူတန်းစားတွေကိုစည်းရုံးရာမှာအတော်ထိရောက်ခဲ့တယ်လို့သမိုင်းကပြဆိုနေပါတယ်။ Pew Research အပါအ၀င် ပြီးခဲ့တဲ့အမေရိကရွေးကောက်ပွဲမှာသိပ္ပံနည်းကျအညွှန်းကိန်းများတွက်ချက် ခဲ့တဲ့အဖွဲ့အစည်းအတော်များများက၊ Donald Trump ကိုမဲထဲ့သူလူများစုဟာ၊ ကောလိပ်ပညာဘွဲ့ရသူမဟုတ်တဲ့ လူတန်းစား ကော်လာပြာအခြေခံလူတန်းစားဝင်များဖြစ်တယ်လို့အသေအခြာညွှန်ပြခဲ့ပါတယ်။ (၁၉၉၁)ဒီဇင် ဘာခရစ်စမတ်ကာလမှာပြိုလဲပြီးနောက်၊ လက်ရှိသမ္မတဖြစ်နေသူဗလာဒီမာပူတင်ဟာ ယခင်ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီအစိုးရလက်ထက်မှာတန်ခိုးထွားခဲ့တဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်းတဦးဖြစ်ပြီး၊ အကျင့်ပျက်ချစားမှုများနဲ့တနိုင်ငံလုံးယို့ယွင်းပြီး၊ စိတ်ကုန်နေတဲ့လူထုကြီးကို၊ သည်းခြေကြိုက်ဝါဒဖြစ်တဲ့ “အမျိုးသားရေး”ဆိုတဲ့စည်းရုံးရေးလက်နက်နဲ့ ရုရှနိုင်ငံကိုသက်တမ်း(၂)ခါပြန်အုပ်ချုပ်ပြီးအပိုင်ဆုတ်ကိုင် နိုင်ဆဲ ဖြစ်ပါတယ်။ ထိုနည်းတူစွာဘဲဒီမိုကရေစီရေးဆိုပြီးလူထုတော်လှန်ရေးတွေပြုလုပ်ခဲ့တဲ့ “အာရပ်နွေဦး တော်လှန် ရေး (Arab Spring Uprising) ဟာလည်း၊ အမျိုးသားရေးဝါဒီများရဲ့အလျင်အမြန်လက်ဦးမှုတို့ကြောင့်၊ အနှစ် သာရပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံများအဖြစ်သို့ဦတည်ပြောင်းလဲရမဲ့အစား၊ အစ္စလာမ်ဝါဒကိုအခြေခံတဲ့ အလယ် အလတ်ဝါဒီနိုင်ငံများအဖြစ်သို့သာကူးပြောင်းသွားခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း၊ နှစ်ရာစုနဲ့ ချီပြီးအမေရိကနဲ့မဟာမိတ်ဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံလိုနိုင်ငံမျိုးမှာလည်း၊ အမေရိကဆန့်ကျင်ရေးစကားတွေ
တရစပ်ဆိုလာတဲ့သမ္မတသစ် Rodrigo Duterte ဟာ အာဏာရှင်ဟောင်းကွယ်လွန်သူသမ္မတဟောင်း Ferdinand Marcos ရဲ့ဝါဒဟောင်းတွေကိုပြန်လည်အသက်သွင်းဘို့ကြိုးစားနေပါပြီ။
ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်း၊ ပြီးခဲ့တဲ့(၂၀၁၆)မတ်လကုန်မှာ လူထုတစ်ရပ်လုံးရဲ့ဆန္ဒမဲနဲ့သမ္မတ ရာထူး ရယူပြီး အမျိုးသားဒီမိုကရေစီအစိုးရသစ်တက်လာပါတယ်။ အတိုက်အခံစစ်တပ်ကျောထောက်နောက်ခံပြု အစိုးရနဲ့ပါတီကိုအပြတ်အသပ်အနိုင်ရခဲ့တယ်လို့ဆိုနိုင်ပေမဲ့လည်း၊ ခုချိန်မှာအဓိကအားပြိုင်မှုပြုနေတဲ့စစ်မှန်တဲ့ ဖက်ဒရယ်အစိုးရစနစ်အသွင်ကူးပြောင်းရေးအတွက်၊ ပြည်နယ် နဲ့လူမျိုးစုငယ်များအတွင်း ကိုယ့်ကြမ္မာကိုယ် အပြည့်အ၀ဖန်တီးခွင့်၊ တန်းတူခံစားခွင့်စတဲ့တောင်းဆိုချက်များနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ ရယူခဲ့တဲ့ ဒီမိုကရေစီရဲ့နောက်ဆက်တွဲ စိမ်ခေါ်မှုတွေဆိုရင်လည်းမမှားပါဘူး။ ဒီ့အပြင် ဘာသာရေးလူမျိုးရေးတယူသန်ဝါဒီ များရဲ့စိမ်ခေါ်မှုတွေကိုလည်းအဆက်မပြတ်ခံစားနေရချိန် ဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့အတူမီးရှုးသန့်စင်ဖွားမြင် ခဲ့တဲ့၊ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်တော်လှန်မှုတွေ၊ လူမျိုးရေးဘာသာရေး၊ တိုင်းရင်းသာအရေး မယုံ ကြည်မှု တွေဟာ၊ နိုင်ငံလူမျိုးစုတွေရဲ့ရင်ထဲမှာရာစုတခုတိုင်သော်လည်းကြီးထွားနေဆဲဆိုတာ အထင်အရှား ပါဘဲ။ ပြီးခဲ့ တဲ့ပြည်ထောင်စုနေ့သမ္မတသ၀ဏ်လွှာနဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့မိန့်ခွန်းတွေထဲ မှာမီးမောင်း ထိုးပြခဲ့တဲ့ “ယုံကြည်မှု”(Trust)ကင်းမဲ့ခြင်းကငြိမ်းချမ်းရေးလမ်းခရီးဖြစ်တဲ့ တစ်နိုင်ငံလုံးရာသက်ပန် အပစ်အခတ် ရပ်စဲရေး ကိုအကြီးအကျယ်အတားအဆီးဖြစ်နေစေတယ်လို့ဆိုပါတယ်။ အဲ့ဒီအတွက် တယောက် နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ယုံကြည်မှုနည်းလွန်းကြလို့ဆိုတာကိုဖွင့်ဟ၀န်ခံနေသလိုဖြစ်နေပါ တယ်။ ဒီယုံကြည်မှု ကမိမိလူမျိုးစု တစုတည်းရဲ့အရေးအရာ၊ ယုံကြည်ကိုးကွယ်မှုရေးရာတို့ကိုသာတဖက်သတ်အလေးထားမှုတို့ ကြောင့်ဆိုတဲ့ တယူသန်လူမျိုးရေးဝါဒ (ultra-nationalism) ကိုခ၀ါမချနိုင်သေးတဲ့အချက်ပါဘဲ။ ဖြစ်စဉ်တွေ ကိုကြည့်ကြပါ။ အမျိုးသားပညာရေးမူဝါဒ၊ အမျိုးသားစီးပွားရေးမူဝါဒ၊ အမျိုးသားကျန်းမာရေးမူဝါဒ စတဲ့ “အမျိုးသား”ဆိုတဲ့ ဝေါဟာရကိုရေလဲနဲ့တရားလွန်သုံစွဲနေကြတဲ့ခေတ်ထဲရောက်မှန်းမသိရောက်နေပါတယ်။ လူကြားကောင်းပြီး၊ လူပြိန်းကြိုက်တဲ့ဒီဝေါဟာရက၊ လက်တွေ့မှာ၊ ပြည်နယ်ပြည်မတ၀ှမ်းပြေးညီဆူကြုံ နိမ့် မြင့်လွှမ်းမိုးအကျိုး သက်ရောက်မှုအတိုင်းအတာဘယ်လောက်ရှိမလဲဆိုတဲ့အချက်ကိုဆန်းစစ်ခြင်းမရှိဘဲ၊ Blanket policy တွေ လုပ်ခဲ့တဲ့အတွက်တွေကြောင့်၊ တယောက်နဲ့တယောက်တဖွဲ့နဲ့တဖွဲ့၊ မယုံကြည်မှုဆန္ဒပြဆန့်ကျင်မှုတွေ ပြင်းထန်နေတာတွေကငြင်းမရတဲ့သာဓကတွေပါ။ ဒေါ်အောင်ဆန်းစုကြည် လိုလူရိုသေရှင်ရိုသေပုဂ္ဂိုလ်များက ကြားဝင်ဖြေ ရှင်းတာကိုတောင်လက်မခံနိုင်ကြတဲ့တိုင်အောင်ကြုံခဲ့ရတဲ့ အမျိုးသားရေး အမည်ခံမူဝါဒတွေပါ။
ဒါဆိုရင်လူကြိုက်များသည်းခြေကြိုက်တဲ့ အမျိုးသားရေးဝါဒဟာ လိုတာထက်ပိုရင်နိုင်ငံအတွက်ဘယ်လိုအကျိုး ယုတ်မှုတွေဖြစ်နိုင်စေသလဲဆိုတာမေးစရာရှိလာပါတယ်။ ပထမကမ္ဘာစစ်မီးကာလ အီတလီအာဏာရှင် မူဆို လီနီဟာ(၁၉)ရာစုမှာရေပန်းစားလာတဲ့ fascism ကိုကမ္ဘာကိုဖေါ်ထုတ်ပြသသူလို့ဆိုနိုင်ပါတယ်။ ဒုတိယကမ္ဘာ စစ်မီးကိုမွှေးခဲ့တဲ့ အာဏာရှင် ဟစ်တလာဟာ၊ ဂျာမန်ပြည်သူတစ်ရပ်လုံးရဲ့မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး နိုင်ငံ အကြီးအကဲဖြစ်ခဲ့သူပါ။ သူရခဲ့တဲ့အာဏာနဲ့ သူ့ကိုမဲဆန္ဒပေးခဲ့သူပြည်သူတွေကိုအပြင်းအထန်သတ်ဖြတ် ဖိနှိပ် ခဲ့တဲ့အတွက်ဖက်ဆစ်စနစ်ဆိုတာသမိုင်းမှာ၊ ကြောက်စရာအကောင်းဆုံးစနစ်အဖြစ်ရှိခဲ့ပါတယ်။ ဒီစနစ်ဆိုး
Fascism ဟာ အမျိုးသားရေးဝါဒကိုတရားလွန်သုံးစွဲကြရင်းကနေအစွန်းရောက်ခဲ့ကြရတယ်လို့၊ သမိုင်းက ဆိုပါတယ်။ ဆန်းသစ်တဲ့ဆိုရှယ်လစ်စနစ်တခေတ်ဆန်းခဲ့တဲ့ Socialist နဲ့ Commiunist နိုင်ငံသမိုင်းကြောင်း တွေမှာလည်း လက်ဝဲစွန်းဝါဒီတယူသန်မှုဟာ အာဏာရှင်ဆန်တဲ့အစိုးရအုပ်ချုပ်မှုစနစ်ကိုရောက်စေပါတယ် လို့ဆိုကြပြန်ပါတယ်။ ဥပမာ -စတကာလင်ရဲ့ဆိုဗီယက်၊ ဟိုချီမင်းရဲ့ဗိယက်နမ်၊ ကပ်စ်ထရိုရဲ့ကျူဘား တို့ဟာ နမူနာယူစရာတွေပါ။ ဒီအတွက်အဲ့ဒီနိုင်ငံတွေဟာသမိုင်းမှာ Facism နဲ့အလားသဏ္ဍာန်တူတဲ့Totalitarian အာဏာရှင်စနစ် အဖြစ်သမိုင်းမှာတည်ခဲ့တည်နေဆဲဖြစ်ပါတယ်။ အမျိုးသားရေးစကားလုံးသုံးရင်းက နေ authoritarian state လို့ခေါ်တဲ့အကျွင်းမဲ့အာဏာရှင် စနစ်ကို ထူထောင်မိမှန်းမသိထူထောင်ရာကနေ စကြတာပါဘဲ။ ဒီအတွက်နိုင်ငံရေးသိပ္ပံပညာရှင်တွေက အမျိုးသားရေးဝါဒအလွန်အကျွံယုံကြည်အားပေး မှုကိုကြီးစွာစိုးရိမ်ကြရတာပါ။ Ultra-nationalism နဲ့ Liberalism တို့ဟာ မဟာရန်သူတွေပါ။
ဒါဆိုရင်လက်ရှိအမေရိကနိုင်ငံရဲ့ America First ဆိုတဲ့ကြွေးကြော်ချက်နဲ့သမ္မတဖြစ်လာတဲ့ Donald Trump အမှတ်မထင်အနိုင်ရရှိရေးကိုဖြစ်ပေါ်စေခဲ့တဲ့ (၂၀၁၆) နိုဝင်ဘာအထွေထွေရွေးကောက်ခဲ့တဲ့မဲဆန္ဒရှင်တွေရဲ့ သဘောထင်ဟပ်မှုတွေကိုလေ့လာကြည့်ကြရအောင်။ (ဒီဆန်းစစ်မေးမြန်းချက်တွေကို မဲပေးခွင့်ရှိသူရောမဲပေး ခွင့်မရှိသော်လည်း၊ အမေရိကရွေးကောက်ပွဲကိုတောက်လျှောက်လေ့လာကြ တဲ့မြန်မာတိုင်းရင်းသားပြည်တွင်း ပြည်ပပုဂ္ဂိုလ်များရဲ့သဘောထားတွေအပေါ်မှာအခြေခံထားပါတယ်။)
Hillary Clinton ကိုထောက်ခံမဲပေးကြသူတွေ -
(က) မြန်မာနိုင်ငံသားအားလုံးကတခဲနက်ထောက်ခံသော ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးကြွမ်းဝင်မှု နှင့်၊ မြန်မာပြည်တွင်းရေးတွင်အားတက်သရော်ပါဝင်ပါတ်သက်မှုကြောင့်၊
(ခ) တိုးတက်ဆန်းသစ်သောအမြင်ဝါဒရှိသည်ဟုယူဆမှု၊
(ဂ) မြန်မာ့စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်သည့်အလားအလာကောင်းများရှိသည်ဟူသော မျှော်လင့်ချက်၊
(ဃ) မြန်မာကဲ့သို့သောလူမျိုးစုငယ်များကိုအရေးပေးသည်ဟုယုံကြည်မှု၊
(င) ပထမဆုံးအမျိုးသမီးသမ္မတအဖြစ်ကိုမြင်တွေ့လိုမှု၊
(စ) အမေရိကရောက်မြန်မာမိသားစုဝင်တိုင်းလိုလိုအတွင်း၊ အစိုးရထောက်ပံ့သော ကျန်းမာရေး၊ သက်ကြီးရွယ်အိုခံစားခွင့်များ၏အကျိုးခံစားခွင့်များကိုကာကွယ်စောင့်ရှောက်နိုင်မည်ဟုထင်မြင်မှု၊
Donald Trump ကိုထောက်ခံမဲပေးကြသူတွေ -
(က) ထူးခြားသည့်အချက်တခုကား၊ Donald Trump အရွေးကောက်ခံရသည့်သတင်းထွက်လျင်ထွက်ချင်း၊ အလျင်အမြန်ထောက်ခံကြသူမြန်မာများအတွင်းတွင်၊ ယခင်လမ်းစဉ်ပါတီခေတ်အဆုံးသတ်အာဏာလက်လွှတ် ခဲ့ကြရသော အုပ်ချုပ်သူအထည်ကြီးပျက်များနှင့်ပါတ်သက်ရာအသိုင်းအ၀ိုင်းများ၊ စစ်အုပ်ချုပ်ရေးကာလ (“န၀တ” နှင့် “နအဖ” ခေတ်အဆက်ဆက်နှင့်လက်ရှိစစ်ဗိုလ်ချုပ်အတော်များများ) ကထိပ်ဆုံးမှပါခဲ့သည်ကို တွေ့ရသည်။
(ခ) မိမိတို့ပေးဆောင်ရသောအခွန်အကောက်များကိုတရားမ၀င်အပါအ၀င်၊ တရားဝင်ရောက်ရှိလာပြီး ကနဦး ခံစားခွင့်များဖြစ်သော Food Stamp/Medicaid အပါအ၀င်အစိုးရအထောက်အပံ့မျိုးစုံတို့ကိုရရှိ ခံစားနေကြရ သူတွေထံပေးနေရခြင်းကိုမနှစ်မြို့နိုင်ကြခြင်း။ ထိုအထဲတွင် refugees များအဖြစ်ရောက်ရှိလာကြသူများ၏ အခြေချပြောင်းရွှေ့နေထိုင်မှုကို ကူညီလုပ်ကိုင်ပေးရင်းနှင့်မှ၊ ယင်းသို့အထောက်အပံ့များခံစားနေရသည် ကိုမြင် တွေ့ရပြီး၊ တရားမျှတမှုမရှိသောခံစားနေရမှုဟုသတ်မှတ်ကြခြင်း။
(ဂ) မိမိတို့အပေါ်သြဇာလွှမ်းမိုးမှုများသော ဘာသာရေး၊ ကွန်မြူနတီခေါင်းဆောင်များ၏အတင်းအကျပ် မဲပေးခိုင်းမှု၊ သွေးဆောင်မှုများကိုလည်းတွေ့ရသည်။ ထိုဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၏အကြီးအကဲ အချို့တို့ကမိမိတို့အဖွဲ့အစည်းငွေကြေးပံ့ပိုးမှုများပိုမိုရရှိစေရေးဟူသောအမျှော်အမြင်များဖြင့် သမ္မတ Trump ကိုထောက်ခံကြသူတွေဖြစ်သဖြင့်မိမိတို့အဖွဲ့အစည်းဝင်(အများအားဖြင့် နိုင်ငံရေးနားမလည်ကြသူတွေ) များကို၊ လှည့်ဖျားစည်းရုံးသွေးဆောင်မှုများပြုလုပ်ကြသည်ကိုတွေ့ရသည်။
(ဃ) သမ္မတ Trump ၏မူဝါဒများသည်၊ မက္ကဆီကင်များနှင့်မူဆလင်များကိုသာ အဓိကပစ်မှတ်ထား၍၊ မိမိတို့အာရှနိုင်ငံသားများကို အားပေးထောက်ပံ့မည်ဟုထင်မြင်ယူဆကြခြင်း။
(င) မူဆလင်ဝါဒီများအားလုံးကိုစစ်သွေးကြွ အကြမ်းဖက်ဝါဒီဟုတရားသေသတ်မှတ်ကြခြင်း။
ဒီလေ့လာချက်တွေကို(၂)လတာစုဆောင်းပြီး၊ ဆန်းစစ်ကြည့်တဲ့အခါ၊ သမ္မတTrump ဟာမြန်မာအပါအ၀င်နိုင်ငံ တကာအပေါ်ထောက်ပံ့ကူညီမှုများတနည်းမဟုတ်၊ တနည်းနည်းနဲ့ အနှေးနဲ့အမြန်ဆိုသလို လျှော့ချခြင်းရုတ် သိမ်းခြင်းများကိုသူ့ကိုအပ်နှင်းထားတဲ့အာဏာထဲကနေလုပ်ဖို့သန္နိဌာန်ချထားတယ်ဆိုတာသေခြာသလောက် ဖြစ်နေပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာအမေရိကအပါအ၀င်အနောက်နိုင်ငံများရဲ့ direct investment နဲ့ professional assistances တွေကိုတောင့်တနေရတဲ့အဆင့်မှာရှိပါတယ်။ အိမ်နီးချင်း တရုတ်နဲ့ ရုရှနိုင်ငံတို့ရဲ့ “အပြောသာရှိပြီးလက်ကပါမလာ”တဲ့အထောက်အပံ့မျိုးတွေကိုထပ်ဖန်တလဲလဲကြုံတွေ့ပြီးဖြစ်နေပါပြီ။ ဒီမိုကရေစီသက်တမ်းနုချိန်မြန်မာနိုင်ငံရဲ့နိုင်ငံရေး/စီးပွားရေးချန်ခွင်လျှာတည်ငြိမ်မှု ဟာ အမေရိကရဲ့ကြားကန် မှုအပေါ်အတော်အတန်တည်မှီနေကြောင်းကို၊ အငြိမ်းစားသမ္မတကြီး ဦးသိန်းစိန်က သက်သေကောင်းကောင်း ကြီးထူသွားခဲ့ပါတယ်။
ခုအချိန်မှာတော့ အမေရိကရောက်မြန်မာအသိုင်းအ၀ိုင်းဟာ၊ အမေရိကနိုင်ငံအတွင်းမိမိတို့ဘ၀တည်ငြိမ် အေးချမ်းပြီး၊ လုံခြုံစိတ်ချရသောလူမှုဘ၀ရရှိရေးကိုအာရုံစိုက်ကြရတော့မယ့်အချိန်ဖြစ်နေပါတယ်။ သမ္မတ Trump ရဲ့ထပ်ဖန်တလဲလဲရည်ညွှန်းပြောဆိုချက်တွေဖြစ်တဲ့ “You Chinese…” ဆိုတဲ့ဝေါဟာရစကားဟာ ကျွန်တော်တို့မြန်မာများကိုလည်းရည်ညွှန်းကြောင်း (ထပ်လောင်း) အသိပေးပါရစေ။ ကြားမညပ်မိကြပါစေနဲ့။ အပြောအဆိုအနေအထိုင်သတိရှိကြဘို့ အထူးလိုအပ်ချိန်ဖြစ်ပါတယ်…..လို့။ ။
Virtual Life of Maung Moe Nyo and His Impression of Yesterday,Today and Tomorrow's Burma
Monday, February 27, 2017
Monday, January 30, 2017
အလုပ်အကိုင် ကိုစိမ်ခေါ်နေသော Automation နှင့် Artificial Intelligence
စာရေးသူအပါအ၀င် မြန်မာပြည်တွင်းနှင့်နိုင်ငံတကာရောက်မြန်မာများသာမက လူသားအားလုံးကိုခြိမ်းခြောက် နေသော တိုးတက်ထွန်းကားမှု(၂) ရပ်ယနေ့ အလုပ်အကိုင်လောကတွင်တွေ့လာရပြီဖြစ်သည်။ ယင်းတို့ကား Automation ခေါ် အလိုအလျောက်ကုန်ထုတ်လုပ်မှုနှင့်လုပ်ကိုင်ဆောင်ရွက်မှုနည်းပညာနှင့် Artificial Intelligence ခေါ်စက်ဦးနှောက်တို့၏အလျင်အမြန်ထွန်းကားနေရာယူလာမှုတို့ဖြစ်သည်။ အထူးသဖြင့် ကိုယ် ကာယကိုအခြေခံသော ဆောက်လုပ်မှု/ထုတ်လုပ်မှု လုပ်ငန်းမျိုးသာမက၊ ညဏ်ပညာဖြင့်တွေးခေါ်တွက်ချက်မှု များကို ပိုမိုအလုပ်တွင်စေသောနည်းပညာများကိုလုပ်ငန်းရှင်ကြီးငယ်တို့ကမျက်စေ့ကျနေကြပြီဖြစ်သည်။ နိုင်ငံရေးရှုဒေါင့်မှကြည့်ပြီးအလုပ်အကိုင်ရှားပါးမှူ/စိမ်ခေါ်မှုများကိုဖြေရှင်းနိုင်မည့်နည်းလမ်းများကို၊ မရမနေကြိုး စားဖေါ်ထုတ်ပေးမည်ဟုနိုင်ငံရေးကတိက၀တ်များအထပ်ထပ်ပြုကြသော်လည်း၊ အရှိန်အဟုန်ဖြင့် တိုးတက် နေရာယူနေပြီဖြစ်သော ယင်းနည်းပညာ(၂)ရပ်တို့၏၊ လူကြိုက်များမှု (အထူးသဖြင့် လုပ်ငန်းရှင်များမျက်စေ့ ကျမှု)ကိုအနိုင်မတွန်းလှန်နိုင်ကြတော့။ နိုင်ငံခေါင်းဆောင်အသီးသီးတို့က မိမိတို့နိုင်ငံတွင်းကုန်ထုတ်လုပ်မှု များကိုပိတ်သိမ်း၍၊ စရိတ်စကသက်သာသောဖွံဖြိုးဆဲနိုင်ငံများသို့ပြောင်းရွှေ့မည် ဟူသောခြေလှမ်းတို့ကိုကား မမြင်ချင်အဆုံးတွေ့နေရသည်မှာကာလအတော်ကြာပေပြီ။ သက်ဆိုင်ရာအာဏာပိုင်တို့ကချော့တမျိုး ခြောက် တမျိုး အမျိုးမျိုးအရေးယူကြသော်လည်း၊ တား၍ရလျင်ခနသာဖြစ်မည်။ အခြေအနေဟန်ပုံမရလျင်ပြည်ပ သို့ ထွက်မည့်သူတွေကအမြဲရှိနေပေဦးမည်။ သက်ဆိုင်ရာအစိုးရတို့ကမည်သို့ပင်မက်လုံးပေး၍ အခွန်အခသက် သာအောင်လုပ်သော်လည်း၊ အပိုထွက်လာသောငွေကြေးဘဏ္ဍာကိုလုပ်ငန်းရှင်များက Automation နှင့် Artificial Intelligence အဆင့်မြှင့်ခြင်းနည်းဖြင့်လူလုပ်အား နေရာကိုအစားထိုးကြမည်ဖြစ်သည်။ အစား လည်းထိုးနေကြသည်။ လွန်ခဲ့သောဆယ်စုတစ်ခုလောက်က လုပ်အားခသက်သာသော မြန်မာ နိုင်ငံကဲ့သို့ ကမ္ဘာ့အရှေ့ဖျားနိုင်ငံအတော်များများနှင့်၊ ဖွံ့ဖြိုးမှုနောက်ကျသော/ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ကြသော အယူအဆသည် တဖြေးဖြေပြောင်းလဲလာနေခြေပြီ။ ထိုနိုင်ငံများရှိထုတ်ကုန်လုပ်ငန်းများ တွင်ပင် အလိုအလျောက်စက်များ/ကွန်ပြူတာများကနေရာယူစပြုနေပြီကိုတွေ့ရသည်။
အဘယ်ကြောင့်နည်း။ ယခင်ကလူကခလုပ်နှိပ်၍ စက်ကိုစေခိုင်းခြင်း/ထိန်းကျောင်းခြင်း၊ ကွန်ပြူတာနှင့်တွက် ချက်ခြင်းစသောအဆင့်မှသည်၊ စက်ကပုံမှန်လုပ်ငန်းရွေ့လျားမှုကိုမိမိဖာသာဆုံးဖြတ်ခြင်း၊ မူမမှန်သော လည် ပါတ်မှုကိုတမဟုတ်ခြင်းသတိပြု၍မိမိဖာသာပြင်ဆင်ခြင်း စသော လူဦးနှောက်ကလုပ်ရမည့်အလုပ်မျိုးကို စက်များကစွမ်းစွမ်းတမံလုပ်နိုင်သော အရည်အသွေးမြင့်မားမှုများရှိလာပြီဖြစ်သည်။ ထိုမျှသာမ စက်များဖြစ် သည့်အတွက်လူသားများကဲ့သို့ ဆင်ခြေတက်ခြင်း၊ တိုးတက်သောနိုင်ငံများ/လုပ်ငန်းကြီးများတွင် အလုပ်ရှင် များကပံ့ပိုးပေးရသော၊ သင်တန်းပေးခြင်း၊ သာရေးနာရေးနှင့်ပါတ်သက်သောခံစားခွင့်အခွင့်အရေးများ ပေးရခြင်းတို့မှလုံးဝကင်းစင်ခြင်းကာ၊ စက်များကိုသုံးရခြင်း၏အားသာချက်များဖြစ်သည်ကိုတွေ့ရသည်။
ထို့အပြင် အချိန်ကုန်သက်သာခြင်း၊ ထုတ်လုပ်စရိတ်သက်သာခြင်း၊ အသေစိပ်မှုနှင့်တိကျခြင်း၊ စသည်တို့က ဆွဲဆောင်မှုအားကိုကြီးထွား စေသည်မှာအမှန်ဖြစ်သည်။
McKinsey Global Institute ၏ သုံသပ်ချက်ကိုကြည့်ပါ။ ကွန်ပျူတာအသုံးပြုမှုသည် (၁၉၉၅) မှ (၂၀၀၅) ခုနှစ်အတွင်း (၀.၆%) တိုးတက်လာသည်။ ကနဦးအလိုအလျောက်စက်သုံမှု (၁၉၉၃) မှ (၂၀၀၇) တွင် (၀.၄%)ရှိလာမည်ဟုဆိုသည်။ သို့အတွက်ကြောင့် Automation နှင့် Artificial Intelligence ထွန်းကား အသုံးချလာမှု (၂၀၀၅)တွင် (၀.၈%) မှ (၂၀၆၅)ခုနှစ်တွင် နှစ်စဉ်(၁.၄%)အထိရှိလာမည်ဟုယူဆသည်။ ဤကိန်းဂဏန်းများက နှစ်စဉ်တိုးပွားလာမည့် working class လုပ်အားတိုးတက်မှုနှုန်းထားကိုကျော်လွှားသွား မည်ဟု စိုးရိမ်တကြီးခန့်မှန်းကြသည်။ လက်ရှိအခြေအနေတွင်ပညာသယ်အားလုံးတို့၏ (၅%) ကိုစက်များက နေရာယူထားသည်မှ၊ ဤတိုးတက်ထွန်းကားမှုနှုန်းထားအတိုင်းဆက်သွားပါကမကြာခင်သောဆယ်စုနှစ် အနည်းငယ်အတွင်း၊ လုပ်အားရှင်ထက်ဝက်နီးပါး၏လုပ်ငန်းများတွင်စက်များကအစားထိုးနေရာယူနိုင် မည်ဖြစ် သည်။ လုပ်အားခကိုကိန်းဂဏ်းအနေနှင့်ပြရပါက၊ လာမည့်မကြာမတင်ကာလများအတွင်း၊ စက်အစားထိုး အသုံးပြုသောအလုပ်ရှင်များက လူသားတို့ကိုပေးရသောလစာလုပ်အားခ (US$ 16 trillions) သက်သာသွား မည်ဖြစ်သည်ဟုအဆိုရှိသည်။ အမေရိကပြည်ထောင်စုတွင် (၅၁%)မျှသောအလုပ်အမျိုးအစားတို့တွင်စက်များ ကိုအစားထိုးနိုင်သောအခြေ အနေတွင်ယနေ့ရှိနေပြီဟုဆိုသည်။ ပညာရပ်ကိုအခြေပြုလေ့လာရသော် လုပ်ခနဲ ရာထူးများသာမက၊ လစာများများပေးရသောပညာရှင်အဆင့်များကိုပါခြိမ်းခြောက်နေပေပြီ။ လူသားတို့၏ပါဝင်မှု ကဏ္ဍသည် အဓိကကျသော (primary producer) ဘ၀မှသည်၊ ပံ့ပိုးသောအဆင့် (complementary) အဆင့် သို့ရောက်မှန်းမသိရောက်နေပေပြီ။
သို့သော် လူသားတို့လုပ်အားကဏ္ဍ(workforce) တွင်မှနေရာဖယ်ရသောအဆင့်သို့ကားနေ့ချင်းညချင်းမရောက် နိုင်ဟုတွက်ချက်ကြသည်။ နည်းပညာဖွံ့ဖြိုးမှုမည်မျှတည်တန့်၍မှန်ကန်သောသက်ရောက်မှုများရှိမရှိ၊ နေ့စဉ်ပေါ် ထွက်နေသောလုပ်ငန်းအဆန်းအသစ်အမျိုးအစားနှင့် လုပ်အားယှဉ်ပြိုင်နိုင်မှု၊ အလုပ်ဝန်ဆောင်နိုင်သော အ တိုင်းအတာ၊ လူမှုရေးအကန့်အသတ်၊ ဥပဒေကခွင့်ပြုလက်ခံနိုင်မှုရှိမရှိ၊ စသည်တို့အပေါ်မူတည်နေပေသည်။ ယနေ့ယခုအချိန်တည်နေသောလုပ်ငန်းအမျိုးအစားများ၏အခြေအနေပေါ်မူတည်တွက်ချက်ပါက လာမည့် (၂၀၅၅) ရောက်မှသာ ထက်ဝက်သောလုပ်ငန်းအမျိုးအစားများကိုသာစက်များကနေရာယူမည်ဟုဆိုသည်။
ထင်ရှားကျော်ကြားသော ရူပဗေဒတွေးခေါ်ပညာရှင် Stephen Hawkins က ကုန်ထုတ်လုပ်ငန်းများ၏ လုပ်အား နေရာများတွင် စက်ရုပ်များအပြေးအလွှားအစားထိုးမှုနှင့် ပညာတတ်ရာထူးများတွင်ကွန်ပြူတာချိတ် ဆက်ကွန် ယက်ထိန်းချုတ်မှုတို့သည်၊ ကမ္ဘာ့ပဓါနအကျဆုံး အလယ်အလတ်တန်းစားလုပ်အားရှင်များ (middle class workforce) ကိုစတင်ခြေဖျက်နေပြီဟု နှစ်အနည်းငယ်ကသတိပေးခဲ့ဘူးသည်။ စီးပွားရေးပညာရှင်များ က လည်း၊ အနောက်နှင့်ဥရောပ၏ တရုတ်နိုင်ငံကဲ့သို့နိုင်ငံကြီးများတွင် (တံခါးဖွင့်စီးပွားရေးဝါဒ ကြောင့်) (၂၀၀၀) ပြည့်နှစ်တွင်မှစ၍အလုံးအရင်းနှင့် ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုက ကမ္ဘာတ၀ှမ်းအလုပ်လက်မဲ့ဖြစ်မှုကို ဖန်တီးရာ
ရောက်သည်ဟုဆိုသည်။ ဤအဖြစ်က အမေရိကတစ်နိုင်ငံတည်းအတွင်းပင် လူ(၂)သန်းကိုအလုပ် လက်မဲ့ ဘ၀ကိုရောက်စေခဲ့သည်ဟု MIT တက္ကသိုလ်ကစစ်တမ်းထုတ်ထားသည်။ ထိုနှစ်ပိုင်းလောက်မှစတင်၍ Automation နှင့် Artificial Intelligence နည်းပညာထွန်းကားလာမှုနှင့်အလုပ်ရှင်များကစမ်းသပ်အသုံးပြု လာကြရာမှသဘောတွေ့နှစ်ချိုက်လာမှုတို့က၊ စီးပွားပျက်ကပ်ကိုရောက်အောင်တွန်းပို့ပေးခဲ့သည်။ ယခုအခါ သတင်းနည်းပညာကွန်ပြူတာကွန်ယက်ဆိုင်ရာကုမ္ပဏီအဆင့်မြင့်ရာထူးများ Information Technology Chief Officer ရာထူးများကိုလုပ်ငန်းများတွင်စတင်ခန့်အပ်ပြီး စက်အစားထိုးလုပ်ငန်းများအားသွန်ခွန်စိုက်လုပ်လာ သော ယနေ့အစဉ်အလာများကိုကြည့်ပါက ထင်ရှားတွေ့နေရသော အာသာချက်များဖြစ်နေပေပြီ။
ဖေါ်ပြပါအနေအထားကိုလေ့လာပြီး မေးခွန်းထုတ်ကြသောပညာရှင်များလည်းရှိကြသည်။ ရာနှင့်ချီသော နှစ်များစွာက၊ ယနေ့လုပ်ကိုင်နေသောလုပ်ငန်းအမျိုးအစားများမပေါ်ထွန်းသေးပါ။ ယင်းအလုပ်အကိုင်မျိုးများကို လူသားတို့ကသာတီထွင်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းဖြင့်အလုပ်အကိုင်အမျိုးအစားသစ်များပေါ်ထွက်လာသည်မှာ အထင်အရှားဖြစ်သည်။ ကွန်ပြူတာခေါ်စက်ဦးနှောက်တို့က လူတို့တွေးခေါ်ချင့်ချိန်မှုများကိုအလားတူ လုပ်ကိုင် နိုင်သောနေ့သည်သိပ်မဝေးတော့။ ရောက်သင့်သလောက်ရောက်နေပေပြီ။ ယင်းတို့ကလူသားတို့၏ရာထူးများ ကို ၀င်ရောက်နေရာယူကြမည်လော။ သို့သော်နည်းပညာလုပ်ငန်းစဉ် (processing and designing of work) ကိစ္စကိုလူသားတို့ကသာရှာကြံခဲ့ကြခြင်းဖြစ်သည်။ ထိုဆန်းသစ်တီထွင်မှုဟူသောအခန်းကဏ္ဍကိုစက်ရုပ်များက လုပ်နိုင်ခြင်းမရှိသေးပေ။ ၀မ်းသာရမည့်အချက်ဟုဆိုရမည်လားမသိ။ ထိုကဏ္ဍကိုလူသားတို့ကဦးဆောင် နေရသေးသရွေ့စက်ရုပ်/စက်ဦးနှောက်နှင့် လူသားလုပ်အားရှင်တို့သည်၊ ဘေးချင်းယှဉ်လျက် လုပ်ခွင်များတွင်၊ လုပ်ဖေါ်များအနေဖြင့်ဆက်လက်စခန်းသွားနေကြရဦးမည်ဟု လေ့လာသုံးသပ်ကြသူတို့ကဆိုကြသည်။
အရေးကြီးသည့်အချက်က လူသားတို့အနေဖြင့် မိမိတို့တပ်ကျွမ်းလိမ္မာရာပညာရပ်တစ်ခုတည်းအပေါ်တွင်သာ၊ အမှီပြုဇောက်ချ၍သက်ဆုံးတိုင်အသက်မွေးဝမ်းကြောင်းပြုမည်ဟူသော ရှေးရိုးစွဲဝါဒကိုခ၀ါချကြရ တော့မည့် အချိန်ဖြစ်သည်။ ဆရာဝန်များကစားသုံးကုန်ရောင်းဝယ်သောလုပ်ငန်းများလုပ်ကြရသော အခြေ၊ အင်ဂျင်နီ ယာများက ကားမောင်းရသောအခြေ၊ ရှေ့နေများက စက်မောင်းရသောအခြေ၊ လယ်စိုက်သူတို့ အရောင်းအ ၀ယ်လုပ်ရသောအခြေ၊ လက်သမားတို့အစားအသောက်ချက်ပြုတ်ရသောအခြေသို့ ပြောင်းသင့်လျင်ပြောင်းကြ ရမည့် ခေတ်သို့ရောက်မှန်းမသိရောက်နေပေပြီ။
လူသားတို့သည်ဘ၀ဖြစ်စဉ်ပြောင်းလဲသောမနုဿသမိုင်းကြောင်း (evolution of mankind) ရှိသည်။ ထို သမိုင်းကြောင်းက လူသားတို့၏ရောက်ရှိနေထိုင်ရာအရပ်ဒေသ၀န်းကျင်၏လိုအပ်ချက်အရ လိုက်သင့်အောင် နေထိုင်စားသောက်ကြရသောပြောင်းလဲမှုဖြစ်စဉ်ကိုသက်သေထူထားပေသည်။ စာရေးသူတို့အပါအ၀င် မြန်မာပြည်သူတရပ်လုံးတို့ (အထူးသဖြင့်တပြည်ရပ်ခြားအသက်မွေးဝမ်းကြောင်းကြရသူတွေ) အနေဖြင့်၊ မိမိတို့ဘ၀ရှင်သန်ရပ်တည်ကြရေးတို့အတွက်၊ ရောက်ရှိရာအရပ်တို့တွင်သင့်တင့်လျောက်ပါတ်သော၊
ဘ၀အခြေအနေပြောင်းလဲသင့်ကပြောင်းလဲကြဘို့ဝန်မလေးကြဘို့လိုသည်။ “အလုပ်”သည်မိမိတို့ဘ၀အခြေတည် ရှင်သန်ရေးအတွက်များစွာအခရာကျနေပေသည်မဟုတ်ပါလား။ ။

Subscribe to:
Posts (Atom)