Monday, September 25, 2023

သက်ရှည်ကျန်းမာအောင်နေကြစို့ (Consumer Report online journal မှ Kevin Loria ၏ “How to Stay Healthy Longer”

 မြန်မာဂဇက်တာဝန်ခံ အယ်ဒီတာကြီးကဒီလိုဆောင်းပါးမျိုးတွေ ရေးသင့်ကြောင်း အကြောင်းကြားလာ ခါစက ခပ်ပေါ့ပေါဘဲနေမိပါတယ်။ သေသေခြာခြာဖတ်ကြည့်မိမှ သက်ရွယ်မရွေးဖတ်သင့်ကြောင်း တအံ့တသြဖြစ်မိရာက ဒီလိုကလောင်သွေးရတာပါလို့ဦးစွာဝန်ခံပါရစေ။ သူကြီးကိုလည်းကျေးဇူးတင် မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဆောင်းပါးအကြောင်းရာမျိုး (အထူးသဖြင့်ခေါင်းစဉ်မျိုးတွေ) က online/social network တွေမှာပလူပျံနေတာပါ။ ဒါပေမဲ့ဒီဆောင်းပါးရဲ့ထူးခြားချက်က အခြားဆောင်း ပါးမျိုးတွေနဲ့မတူယုံမက၊ (အထူးသဖြင့်) ကျွန်တော်တို့လို့ မြန်မာကွန်မြူနီထဲမှာကို လိုအပ်မှန်းမသိလို အပ်နေတဲ့သိသင့်တဲ့ အချက်တွေပါ။ ကဲ - လေ့လာကြရ အောင်။

လူတိုင်းဟာကျန်းမာအောင်ဘယ်လိုနေရမယ်ဆိုတာ၊ အနည်းဆုံးယျေဘူယျလောက်တော့သိသူချည့် ပါ။ ပြဿနာက လိုက်နာဘို့ပျက်ကွက်ကြရတာပါ။ သေခြာကြည့်ရင် ကိုယ့်ဝန်းကျင်မှာကို သာမာန်အ သက်အရွယ်တွေလောက်ကလုပ်နေကြတဲ့အလုပ်တွေကို အသက်(၈၀-၉၀)တွေလုပ်နေကြတာ သတိ ပြုမိကြမယ်ထင်ပါတယ်။ (၁၉၅၀)၀န်းကျင်တုံးကထက် ခုခေတ်သက်ကြီးပိုင်းတွေရဲ့သက်တမ်းဟာ (၂၆)နှစ်ပိုရှည်နေကြပြီလို့ကိန်းဂဏန်းတွေကပြနေပါတယ်။ ဒီကနေ့မွေးကြသူတွေဟာ သက်တမ်း(၇၆) နှစ်အထိနေကြရမယ်တဲ့။ ဒီနေ့အသက်(၄၀)ရှိသူတွေက(၇၉)နှစ်အထိနေကြရမှာတဲ့။ အခု(၆၀) တန်း တွေက(၈၂)နှစ်ထိနေကြရမယ်ဆိုဘဲ။ ဟော - (၈၀)တန်းတွေက (၈၉ )နှစ်အထိနေကြရမယ်ပြောပြန် ရော။ သက်တမ်းရှည်လာတဲ့ခေတ်ထဲရောက်လာပြီပေါ့။ ဒို့အမျိုးကအသက်ရှည်တဲ့အမျိုးဆိုပြီးဂုဏ်ယူနိုင်သူဦးရေများလာပြီဆိုတာပြတာပါ။ တချို့ဆို လေထီး ခုန်တာ၊ ခရီးရှည်ကားမောင်းကြတာ၊ မာရသွန်တွေမှာဝင်ဆင်နွှဲကြတာမြင်ကြပါလိမ့်မယ်။ အားကျသင့် တာတွေ။ ကိုယ့်ကိုယ်ကိုမေးသင့်တဲ့မေးခွန်း။ ဘာတဲ့ - မင်းဘာလို့မလုပ်နိုင်ရတာလဲ?”။ ဒါဆိုအသက်ရှည်ရတာဟာ ဒုလ္လဘလို့ပုံသေယူဆလို့ရပြီလား။ အဲ့ဒီအဆိုကို Emily J. Rogalski, PhD, a clinical and cognitive neuroscientist and professor of psychiatry and behavioral sciences at Northwestern University Feinberg School of Medicine in Chicago ရဲ့အဆိုအရ မဟုတ်သေးဘူးတဲ့။ အသက်ရှည်တာနဲ့အမျှအခြားစိတ်ပူပမ်စရာတွေရှိပါတယ်။ အသက်ရှည်ခြင်းဟာ နာတာရှည်ရောဂါတွေဖြစ်စေတဲ့ ကင်ဆာ၊ နှလုံးရောဂါနဲ့ အာရုံကြောဆိုင်ရာထိခိုက်ယို့ယွင်းမှုရဲ့ တရား ခံ နံပါတ်(၁)မှာရှိဆဲပါတဲ့။ ဒီအတွက်သုတေသနပညာရှင်တွေက သက်တမ်းရှည်မှုကြာကြာဆွဲဆန့်နိုင် တဲ့နည်းမျိုးစုံကိုဖေါ်ထုတ်ကြဖို့နဲ့၊ စိမ်ခေါ်နေတဲ့ ဖေါ်ပြတဲ့ရောဂါတွေကိုခုခံတွန်းလှန်ဘို့ နည်းပညာမျိုးစုံ ကို သဲသဲမဲမဲရှာနေကြပါတယ်။ “Super Agers” လို့ခေါ်တဲ့ သက်တမ်း(၈၀)ကျော်တွေသာမောဘွယ် ကောင်းတဲ့ ဘဝဆက်လက်ပိုင်ဆိုင်ခွင့်ဟာ ခုချိန်လိုက်နာသင့်တဲ့ အလေ့အကျင့်ကောင်း (practical lifestyle) တွေဘယ်လောက်လုပ်နေလဲဆိုတာပေါ်လုံးလုံးလျားလျားတည်နေပါတယ်။

လူတိုင်းဟာမွေးဖွားချိန်ကစပြီး ဘဝရဲ့အထွတ်အထိပ်ကိုရောက်အောင်နည်းစုံသုံးကြိုးစားကြသူတွေပါ။ ထိစပ်နေတဲ့ပါတ်ဝန်းကျင်အပေါ်တော့မူတည်တာပေါ့။ ဒါပေမဲ့ကျွန်တော်တို့မြန်မာတွေက နည်းကောင်း တွေ့ရင်၊ ရနိုင်ရင် လိုက်နာကျင့်သုံးကြဘို့ဝန်လေးတတ်ကြသူတွေမဟုတ်ပါဘူး။ အဲ့ဒီနည်းကောင်းကို တစိုက်မတ်မတ်အလေ့အကျင့်ကောင်းရှိတဲ့ ဘဝအခြေအနေ (lifestyle) ပြောင်းကြဘို့ပါဘဲ။ လေ့လာ တွေ့ရှိချက်တွေအရ အသက်(၄၀)အထိကဘဝရဲ့အထွတ်အထိပ်ပါ။ (၄၀)ကျော်တာနဲ့ဘဝလမ်းကြောင်း နှေးသွားလေ့ရှိပါတယ်။ “U-turn” လို့ဆိုထားပါတယ်။ ဆိုခဲ့တဲ့အတိုင်း ကာယကံရှင်နဲ့ထိစပ်နေတဲ့ လူမှု-စီးပွားဝန်းကျင်ပေါ်အတော်လေးတည်နေပါတယ်။

အဓိကလိုက်နာရမဲ့အချက်တွေအနေနဲ့ -

(က) ပုံမှန်ဆေးစစ်မှုခံယူခြင်း၊

(ခ) ကာကွယ်ဆေးပုံမှန်ထိုးခြင်း၊

(ဂ) အာဟာရမျှအောင်စားခြင်း၊

(ဃ) အိပ်ရေးဝအောင်အိပ်ခြင်း၊

(င) သင့်တင့်မျှတသောလူမှုဆက်ဆံရေး အသိုင်းအဝန်းထားရှိခြင်း၊ တို့ပါဘဲ။ အပြောလွယ်သလောက် လိုက်နာရခက်တာကတော့ ကိုယ်တိုင်ကျင့်ကြံကြသူတွေအသိပါ။

ဘယ်အချိန်စမလဲ?  - ချက်ချင်းစကြပါတဲ့။ မဖင့်နှေးပါစေနဲ့လို့ဆိုပါတယ်။ မြန်မြန်စနိုင်ကြလေကောင်း လေလို့ Julia Adamian, MD, a clinical associate professor at New York University’s Grossman School of Medicine ကဆိုထားပါတယ်။

ကဲ - လက်တွေ့သတိပြုလိုက်နာဆောင်ရွက်ကြရမဲ့အချက်တွေဘက်ကြည့်ကြရအောင်။

 

(က) နှလုံးကျန်းမာရေး

အသက်ကြီးတာနဲ့အမျှ သွေးကြောတွေမာကြောလာကြပါတယ်။ ပုံမှန်လုပ်နေကြ လမ်းလျှောက်တာ ကအစ မောပမ်းတာမျိုးရှိလာပြီလား?

ရင်ဘတ်အောင့်တတ်လာပြီလား?

ပုံမှန်အိပ်ပါ (၇-၈ နာရီ)။ သင့်တင့်တဲ့ပုံမှန်လှုပ်ရှားမှု၊ လမ်းလျှောက်ပါ (brisk walking)

ဆန်လုံးညို (whole grain rice, beans) စားပါ။

အချိုရှောင်နိုင်သမျရှောင်ပါ။ ဆိုဒါ (soda) ပါတဲ့အစာလျှော့ကြပါ။

 

(ခ) ဦးနှောက်ကျန်းမာရေး

- cognitive performance မှတ်ညဏ်ကိုအလေ့အကျင့်လုပ်ရပါမယ်။

ကိုယ်ကမေ့လျော့မှုဖြစ်တတ်ပြီလား? (မိသားစုဝင်တွေကစ သတိပြုမိတတ်ကြပါတယ်။)

- “ငါဒီမနက်ဘာနဲ့စားသလဲ။ မနေ့ကဘယ်သွားသလဲ။

တီထွင်ကြံဆမှုကိုအားပေးတဲ့ games တွေကစားပါ။ အကြောင်းအရာအတိုချုပ်တွေရှာကြံပြီးဖတ်ပါ။ - ကျက်မှတ်ပြီးပြန်စဉ်းစားတဲ့အလေ့အထလုပ်ကြပါ။ သင်္ချာအတွက်အချက်ကလေးတွေပြန်နွှေးကြည့် ကြပါ။

အပါတ်စဉ်လုပ်နေကြအလုပ်ကို calendar ဆွဲလုပ်ပါ။

အမြင်အာရုံ၊ အကြားအာရုံကို စစ်ဆေးပါ။

အရက်၊ ဆေးလိပ်ဖြတ်နိုင်အောင်ကြိုးစားပါ။

ခရီးပုံမှန်ထွက်ပါ။ စိမ်းလန်းသောဒေသတွေကိုသွားပါ။ (national parks, forestry, canyons)

သိချင်းဆိုခြင်း၊ အကလေ့ကျင့်ခြင်းတို့ဟာ တန်ဖိုးနည်းပြီး ထိရောက်တဲ့အလေ့အကျင့်ကောင်း တွေပါ။

 

(ဂ) အစာလမ်းကြောင်းကျန်းမာရေး

၀မ်းတလုံးကောင်း၊ ခေါင်းမခဲဘူး” ဆိုတဲ့ဆိုရိုးစကားမှတ်မိကြပါလိမ့်မယ်။ Jean-Pierre Raufman, MD, a professor of medicine and chief of gastroenterology at the University of Maryland Medical System in Baltimore ရဲ့အဆိုအရနေ့စဉ်စားသုံးလိုက်တဲ့အစာ တွေကိုခန္ဓာကလိုအပ်တဲ့ အဟာရဓါတ်အဖြစ်ပြောင်းလဲဖို့နဲ့၊ အဆိပ်တောက်တွေကိုစွန့်ထုတ်ပေးရမဲ့တာ၀န်ကို အသည်းကလီ စာတွေကလုပ်ပါသတဲ့။ ဒါပေမဲ့အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှသူ့ရဲ့အစိပ်အပိုင်းတွေရဲ့စွမ်းဆောင်ရည်ကျဆင်းလေ့ရှိပါ တယ်။ အဓိကဖြစ်စေတဲ့အခြေအနေ(၂)မျိုးအနေနဲ့ (gastro-esophageal reflux  - GERD) နဲ့ ၀မ်းချုပ် ခြင်း (constipation) တို့ပါဘဲတဲ့။ ဒီအခြေအနေ(၂)မျိုးလုံးဟာပြုပြင်ကုသရလွယ်ပါတယ်။ လိုက်နာ ဆောင်ရွက်ကြဘို့ဘဲလိုကြတာပါ။ လုပ်သင့်ကြတာကတော့ အသီးအရွက်ပုံမှန်များများစားကြဘို့နဲ့ မအိပ်ခင် အနဲဆုံး (၃)နာရီခွာပြီးအစာစားကြဘို့အလေ့အကျင့်တွေမွေးကြဘို့ပါ။ ဖြစ်နိုင်ရင် ဘယ်ဘက် စောင်းအိပ်ပြီး၊ ခေါင်းအုံးမြှင့်အိပ်ခြင်းဟာ GERD ကိုသက်သာပျောက်ကင်းစေနိုင်တဲ့နည်းတွေလို့ ဆိုကြပါတယ်။ ရောဂါကြီးတွေအနေနဲ့ကတော့ အစာလမ်းကြောင်းနဲ့အသည်းကင်ဆာတို့ကိုသာ မျက် ခြေမပြတ်ကြဘို့ပါဘဲ။

 

(ဃ) ခန္ဓာတွင်းထုတ် ဟော်မုန်းများ

အသက်ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကထုတ်လုပ်တဲ့ ဟော်မုန်းတွေယုတ်လျော့လာလေ့ရှိသလို၊ အရိုး၊ ကြွက်သားစတဲ့အင်္ဂါတွေကိုသန်မာစေတဲ့အာနိသင်တွေနည်းလာတတ်ပါတယ်။ အဲ့ဒီအတွက် sex drive လိုအရာတွေလဲကျဆင်းပျောက်ကွယ်သွားတတ်ကြပါတယ်။ ဒါဓမ္မတာပါ။ အသက်(၇၀)ဆိုတာနဲ့ အဲ့ဒီဟော်မုန်းထုတ်လုပ်နိုင်မှုဟာ (၃၀%)အထိကျသွားတယ်လို့ Anne R. Cappola, MD, a professor of medicine in the division of endocrinology, diabetes, and metabolism at the University of Pennsylvania’s Perelman School of Medicine in Philadelphia ကဆိုထားပါတယ်။ ညောင်းညာလွယ်လာတဲ့အဖြစ်တွေ၊ လုပ်နေကျအလုပ်မျိုး အားထုတ်လုပ်ရခက်ခဲလာတာတွေ၊ အပင်ပမ်းမခံနိုင်တော့တာတွေဟာ ဟော်မုန်းကျဆင်းလာခြင်းတို့ရဲ့အကျိုးဆက်ပေါ့။ ဒီနေရာမှာ  estrogen လို ဟော်မုန်းအစားထိုးဆေးများကအထိုက်အလျောက်ကူညီပေးပါတယ်။  (Menopausal hormonal therapy MHT) သတိထားကြရမဲ့အချက်က  ဟော်မုန်းအစားထိုးဆေးတွေဟာ နှလုံးနဲ့ သွေးကြောတွေကိုထိခိုက်ပျက်စီးစေနိုင်တဲ့အခြေအနေတွေဖန်တီးလာတတ်ပါတယ်။  ယောကျာ်းသား တွေအတွက် ဆီးအောက်အကြိတ် (Prostate) ကင်ဆာဖြစ်စေနိုင်ပါတယ်။ 

 

(စ) ကြွက်သားနှင့်အရိုးများ ကျန်းမာရေး

ကြွက်သားနဲ့အရိုးဖွံ့ဖြိုးမှုဟာ အသက်(၃၀-၄၀)အထိမှာအမြင့်ဆုံးအခြေအနေကိုရောက်ပြီး၊ အသက် (၄၀)လောက်မှာ ယုတ်လျော့လာတတ်ပါတယ်။ လေ့လာချက်တခုကတော့ မာရသွန်ပုံမှန်ပြေးသူ(၆၀) အရွယ်တဦးဟာ၊ အသက်(၂၀)၀န်းကျင်လူငယ်တယောက်ရဲ့ကြွက်သားနဲ့အရိုးဖွံ့ဖြိုးမှုနဲ့တန်းတူယှဉ် နိုင်တယ်လို့ဆိုရင်၊ အဲ့ဒီသူဟာကျန်းမာရေးအတော်လိုက်စားသူလို့သမုတ်နိုင်ကြောင်းဆိုထားပါတယ်။ အဲ့ဒီအတွက် ကြွက်သားနဲ့အရိုးပုံမှန်လှုပ်ရှားမှုပေးခြင်းဟာ ကောင်းမွန်တဲ့အလေ့အထတခုလို့ဆိုထားပါ တယ်။ Michael Rogers, PhD, professor of human performance studies and the research director for the Center for Physical Activity and Aging at Wichita State University in Kansas ဆိုသူပညာရှင်ကြီးရဲ့အဆိုအရ ရုတ်တရက်ပေါ်ပေါက်လာတဲ့ လက်မောင်း၊ ခြေထောက်နာ ကျင်မှု၊ ပုံမှန်ကိစ္စမဆောင်ရွက်နိုင်မှုတွေနဲ့၊ အရိုးဆတ်ကျိုးတဲ့ကိစ္စတွေကိုမပေါ့သင့်ကြောင်း။ သာမာန် နာကျင်မှုဒါဏ်လို့ခေါ်တဲ့ simple sprains တွေမဟုတ်လဲ ကင်ဆာကဲ့သို့ရောဂါကြီးများဖြစ်တတ်ပါ တယ်။ မိန်းမသားများတင်ပဆုံရိုးကျိုးခြင်း (Fracture neck-of-femur) ကိုကာကွယ်ဘို့ DEXA Scan ကဲ့သို့သောစစ်ဆေးမှုနဲ့လိုအပ်တဲ့ဆေးဝါးသောက်သုံးကာကွယ်ခြင်းဟာ အလွန်အကျိုးထူးရစေတဲ့ကု ထုံးတွေပါ။ aerobic exercises, Pilate, yoga တို့ဟာအကျိုးထူးစေတဲ့ လေ့ကျင့်ခန်းမျိုးတွေပါ။ “prevent inactivity” ဟာတိုးတက်တဲ့နိုင်ငံကြီးတွေမှာကျင့်သုံးနေတဲ့ နေ့စဉ်အလေ့အထတွေဖြစ်နေ ပါပြီ။ Calcium နဲ့ protein တိုးတက်စားသုံးခြင်းနည်းဟာလည်း လိုက်နာသင့်ပါတယ်။ ပင်လယ်ငါး၊ ပဲမျိုးစုံ၊ အစေ့အနှံ (nuts) တို့ဟာ ရေပန်းစားနေတဲ့အဟာရတွေပါ။

 

(ဆ) အရေပြား ကျန်းမာရေး

အရေပြားရွှံ့တွန့်လာခြင်း၊ ခြောက်သွေ့အစင်းကြောင်းများပေါ်လာခြင်းတို့ဟာ ဇရာရဲ့ပြယုဂ်တွေလို့ Karyn Grossman, MD, a dermatologist in Santa Monica, Calif., and New York City ကဆို ပါတယ်။ မှဲ့နဲ့အရေပြားဖုစေသောအနာကဲ့သို့သောအရာတွေပေါ်လာရင်တော့ melanoma လိုအရေ ပြားကင်ဆာဖြစ်တတ်တာမို့ဆရာဝန်များထံပြသဘို့လိုပါတယ်။ အရေပြားအရောင်ပြောင်းပြီဆိုရင် သတိထားဘို့အရေးကြီးပါတယ်။ SPF30 ထက်မနည်းတဲ့ sunscreen တွေကိုနေပူထဲမထွက်ခင် ကြို တင်လိမ်းကြဘို့အကြံပြုထားပါတယ်။ Retinoids ပါတဲ့ဆေးဆိုင်တွေမှာအလွယ်တကူဝယ်နိုင်တဲ့ဆေး (ပရဆေးမျိုး)တွေဟာ ကောင်းမွန်တဲ့ဆေးတွေပါ။ အရေပြားခြောက်သွေ့မှုကိုကာကွယ်မဲ့ skin moisturizers တွေလိမ်းဘို့လိုပါတယ်။

 

တကိုယ်ရေကျန်းမာရေးဟာ ကိုယ်တိုင်လိုက်နာမှဖြစ်တဲ့အကျိုးထူးတဲ့ကိစ္စတွေပါ။ ကျန်းမာရေးအသိ ပညာပေးတဲ့အလုပ်တွေ၊ အချက်အလက်တွေဟာ ဒီနေ့လူမှုကမ္ဘာမှာ လက်တကမ်းအတွင်းမှာရှိနေ ပါပြီ။ ကိုယ့်ကိုကုသတဲ့ဆရာဝန်ရဲ့ကုထုံးဟုတ်မဟုတ်ကို အင်တာနက်လိုမှာ တိုက်ဆိုင်ကြည့်နိုင် လောက်တဲ့ကာလကြီးထဲရောက်နေပါပြီ။ ဆရာဝန်ပြောသမျှ ခေါင်းငြှိမ့်တဲ့ခေတ်ကကုန်ခဲ့ပါပြီ။ တိုး တက်ထွန်းကားတဲ့နိုင်ငံဖြစ်လေ၊ ဒီအချက်တွေကိုဖေါ်ထုတ်ပေးနိုင်တဲ့အခြေအနေတွေက လက်လှမ်း မှီတဲ့နေရာမှာရှိနေပါပြီ။ မသိသူကျော်သွား၊ သိသူဖေါ်စားလို့ပြောရအောင်လည်း၊ ဗဟုသုတတွေက နားလျှံနေကြပါပြီ။ ကျန်းမာရေးဂရုစိုက်နော်၊ နေကောင်းအောင်နေနော်၊ နေကောင်းလား?” ဆိုတဲ့ ပဋိသန္တာရစကားတွေပြောရမဲ့ခေတ်ကုန်ခဲ့ပါပြီ။ 

မှတ်မှတ်သားသားဖြစ်လောက်တဲ့အကြံလေးတခုပေးပါရစေ -  နောက်မှဆိုလို့ကတော့၊ နောက်ကျပြီ မှတ်။ (If you say or think later, you are already late!)”….လို့။

Tuesday, June 27, 2023

မျိုးရိုးစဉ်ဆက်ဇယား ဆွဲကြရအောင်…

အလုပ်ကအနားယူပြီးနောက်ပိုင်း မောင်မိုးညိုတယောက် ဆွေစဉ်မျိုးဆက်ဇယားတွေပြန်လည်ဖေါ် ထုတ်ရေးဆွဲတဲ့အထဲခေါင်းမြုတ်နေတာ တနှစ်ကျော်လို့နှစ်နှစ်ထဲရောက်နေပါပေါ့။ ပြောသာပြောရ တာပါ။ ကို်ယ့်မိဘစဉ်ဆက်အထက်ဖက်ကမျိုးရိုးစဉ်ဆက်ကိုကြိုတင်ရေးဆွဲပြီးသားရှိနေတော့ (သွား လေသူမိဘတွေရဲ့ကောင်းမှုကြောင့်) သိပ်နောက်ကြောင်းလိုက်စရာမလိုတော့ပါဘူး။ ကိုယ့် generations တွေကစပြီးခါးဆက်ပြတ်နေတဲ့အပိုင်းကိုသာ အာရုံထားစရာလိုပါတော့တယ်။ မိဘများရဲ့ ထဲထဲဝင်ဝင်ဖေါ်ထုတ်ရေးသားခဲ့တဲ့ manuscripts တွေကိုသာကြည့်ပြီး တအံ့တသြဖြစ်မဆုံးဖူးပေါ့။ သေခြာစဉ်းစားကြည့်တော့ ကိုယ့်မိဘတွေဒီကိစ္စတွေရေးဆွဲကြစဉ်က၊ ခုခေတ်လို ဖုံး၊ အင်တာနက် ဆိုတာနတ္ထိပါ။ သွားရေးလာရေးကလည်းခက်ခဲ၊ စရိတ်ကလည်းကြီးလေးပြီး၊ အရွယ်လွန် ချိန်တွေမှာ တောင် ဖြစ်ဖြစ်မြောက်မြောက်ဖြစ်သွားတာတွေကို မြင်ရတော့ လေးစားကျေးဇူးတင်မဆုံး နိုင်အောင် ပါ။ တကယ်တော့ မိဘဆွေမျိုးစဉ်ဆက်ဆိုတာကို ဖေါ်ထုတ်မှတ်တမ်းပြုစုရတာမလွယ်ကြောင်း၊ ကိုယ် တိုင်လုပ်ကြည့်မှသိရတာပါ။ ဒါတောင် ကိုယ့်မိဘကလုပ်ထားပြီးသားခူးခပ်ပြီးအဆင်သင့် ယခင် generations တွေကရှိပြီးအဆင်သင့်။ အထူးသဖြင့် ပြည်ပကိုရောက်နေပြီဆိုတော့ ပိုမလွယ်ပေါ့။ ဒါပေမဲ့အားသာချက်က ခုခေတ်တိုးတက်လာတဲ့ဆက်သွယ်ရေးလူမှုကွန်ယက်ရဲ့အား  ကအတော် ခရီးပေါက်စေတာကတော့အမှန်ပါ။ မြန်မာပြည်တွင်းလက်ရှိဖြစ်ပျက်နေတာတွေကတော့၊ ကြီးစွာသော အဟန့်အတားတွေပေါ့။ ပြောချင်တာက တိုးတက်တဲ့ အမေရိကားလိုနိုင်ငံမှာတော့ (23 & Me) လို services တွေ၊  Census Bureau ကမှတ်တမ်းအချက်အလက်တွေကိုကျော်ထောက်နောက်ခံပြု ထားတဲ့၊ လူတဦးချင်းဆီရဲ့မှတ်တမ်း၊ သန်းခေါင်စာရင်းနဲ့ဆက်စပ်တဲ့ demographic data တွေ က သက်သာတဲ့နှုန်းထားနဲ့ရဘို့ကအခွင့်အလမ်းကလက်တကမ်းအတွင်းမှာပါ။ လိုချင်တဲ့အချက်အလက် တွေကလည်း၊ သာမာန်နှုန်းအပြင်၊ နောက်ထပ်ဆောင်းအပိုကြေးသက်သက်သာသာနဲ့ရနိုင်ပါတယ်။ ဒီလိုအထောက်အထားတွေကို လိုက်ခံစုဆောင်းနေကြတဲ့ (Holocaust)လိုမှတ်တမ်းများ၊ genealogical societies တွေက တိုးတက်တဲ့နိုင်ငံကြီးတွေမှာ စနစ်တကျရှိပြီး စဉ်ဆက်မပြတ်တဲ့မှတ် တမ်း၊ တိကျမှန်ကန်မှုတွေကို ဇောက်ချသုတေသနပြုနေကြတာတွေကလည်းအဆင်သင့်ရှိပြီးနေပြီမို့၊ သူတို့ကထုတ်ပြန်တဲ့အချက်အလက်တွေဟာ အင်တာနက်မှာ အလွယ်တကူရနေပြီပေါ့။

မရနိုင်ကြသူတွေကတော့ မြန်မာပြည်ပေါက်မြန်မာတွေအတွက်ပါဘဲ။ အလွန်ဆုံးရနိုင်ရင် မိမိတို့ရဲ့ salivary sample ကပြညွှန်းတဲ့ ကမ္ဘာ့ဒေသကြီးတွေရဲ့မြစ်ဖြားခံတဲ့အရပ်တွေရဲ့ roots တွေလောက်က အသားကုန်ပါ။ မြန်မာနိုင်ငံက သန်းခေါင်စာရင်းဌာနကြီးလို့ပြောတဲ့ “လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား” ဌာနကြီးဆီကအကူအညီကတော့ ဝေလားဝေးပါဘဲ ဆိုတာကလူတိုင်းအသိ။ အဲ့ဒီမှာတင် pedigree/ family lineage ခေါ် family hierarchy ဟာရှေ့ဆက်ရခက်တဲ့ “မိမိသမိုင်းကိ မိ်မိကရှာ ဖွေမှု” လို့ခေါ်တဲ့ ANCESTRY ရေးဆွဲရေးမှာ ကြီးမားတဲ့စိန်ခေါ်မှုကြီးဖြစ်မှန်းမသိဖြစ်သွားရတတ်ပါ တယ်။ 

တိုးတက်တဲ့နိုင်ငံကြီးတွေမှာတော့ မိဘမျိုးရိုးစဉ်ဆက်မှတ်တမ်းဟာ မိမိတို့မျိုးစဉ်ဆက်အတွက် တန် ဘို့းဖြတ်မရတဲ့ (Family’s heirloom) ကြီးတခုဖြစ်နေပါတယ်။ ကျွန်တော်တို့မြန်မာတွေက မိဘရဲ့ လက်ဝတ်ရတနာလောက်ကိုသာ၊ အမွေခံတန်ဘိုးကြီးလို့ လွဲမှားစွာယူဆသတ်မှတ်ကြချိ်န်မှာ၊ ရုပ် ၀တ္ထုကိုအသားပေးတဲ့တိုးတက်တဲ့နိုင်ငံတွေမှာတော့၊ ဆိုခဲ့တဲ့မှတ်တမ်းက ပိုလို့အရေးကြီးပါတယ်။ ဘယ်နေရာမှာထင်ရှားလဲဆိုတော့ မီးဘေးရေဘေးလို သဘာဝဘေးအန္တရာယ်မျိုး၊ စစ်မက်ဖြစ်ပွားမှု တွေမှာ တန်ဘိုးကြီးပစ္စည်းကိုပျက်စီခြင်းဘေးကကင်းအောင် ဆွဲကြစတမ်းဆိုရင်၊ မိဘမျိုးရိုးမှတ်တမ်း တွေကို အခြားလက်ဝတ်ရတနာတွေကဲ့သို့ တတန်းတစားထဲထားပြီး ဆွဲယူထိန်းသိမ်းကြတာကိုကြည့် ရင် သိသာထင်ရှားစွာတွေ့နိုင်ပါတယ်။ လူတိုင်းဟာ ကိုယ်သမိုင်းကိုကိုယ် ရေးနေကြသူတွေချည့်ပါဘဲ။ ကိုယ်ပြောချင်တဲ့ကိစ္စတွေ၊ ကိုယ်သိစေချင်တဲ့ ကိစ္စတွေအားလုံးကို ကိုယ်ကတဆင့်ပေါက်ဖွားလာသူ သားသမီးတွေကို ပြန်ပြောပြချင်တာဟာ လူ့သဘာဝပါ။ ကျွန်တော်အပါအဝင် စာဖတ်ပရိဿတ်အားလုံး ကလက်ဆင့်ကမ်းသယ်ဆောင်သွားကြရမဲ့ကိစ္စကြီးဖြစ်ပါတယ်။ လူတိုင်းဟာ စားဝတ်နေရေးနဲ့ ဘဝ ရှင်သန်ရပ်တည်ရေးအတွက် နေ့တဓူဝမအားလပ်ကြသူချည့်ပါ။ ဒါပေမဲ့ ဒီကိစ္စ ဟာ “ကျွန်တော်တို့ ဟာဘယ်သူတွေဖြစ်တယ်ဆိုတဲ့” (Who we are and what our root is?) ဆိုတဲ့ အချက်ကိုရေရေလည်လည်သဘောပေါက်နားလည်ကြဘို့လိုပါတယ်။ တရှိန်ထိုး တိုးတက်လာတဲ့ အီ လက်ထရွန်နစ် စနစ်ကြီးရဲ့နည်းပညာတွေကိုရယူသုံစွဲတဲ့နည်းလမ်းတွေနဲ့ မိမိဖာသာလည်းပြုစုကြ၊ ရေ ရှည်တည်တန့်အောင်လဲဒီနည်းပညာတွေကိုဘဲသုံးပြီး ထိန်းသိမ်းကြတဲ့အလေ့အထကို အချိန်မနှောင်း ခင်မှာစတင် အကောင်အထည်ဖေါ်တတ်ကြဘို့လိုပါပြီ။


ဇာတ်လမ်းဘယ်ကစကြမလဲ?

တကယ်ပြောကြစတမ်းဆို ကိုယ့်မျိုးရိုးစဉ်ဆက်ဇယားကိုဘယ်ကစဆွဲမလဲဆိုတဲ့မေးခွန်းက ဘဲဥအစ ရှာမရနိုင်တဲ့အခက်အခဲလို့ထင်တတ်ကြပါတယ်။ ထင်သလောက်သိပ်မခက်ခဲလှပါဘူး။ အထင်ကရ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ “သမိုင်းကိုနားလည်ချင်ရင်၊ ကိုယ့်အ ကြောင်းကစပြီး လေ့လာကြရမယ်” ဆိုတဲ့ အဆိုအမိန့်ကိုသတိရကြပါ။ အသက်ကြီးပိုင်း (အနားယူချိန် မှစမယ်) ဆိုတဲ့ “အချိန်ကကိုယ့်ကိုမစောင့်တဲ့” ပျင်းရိမှုကိုခဝါချပြီး၊ ခုချိန်စကြဘို့လိုပါတယ်။ ကျွန် တော်ကိုယ်တိုင် ခုအသက်ကြီးမှ ကိုယ်သိချင်တာမေးဘို့ မိဘလို(ရှေ့မှီနောက်မှီတွေ)မရှိချိန်မှနောင်တ ရ ရတာမျိုး မဖြစ်စေချင်လို့ပါ။ ဒါကြိမ်သေပေါက်ရမဲ့နောင်တမျိုးပါ။

၁။ အချက်အလက်များစတင်စုဆောင်းခြင်း

(က) မိမိအမည်ကိုစပြီးချရေးပါ၊

(ခ) မိမိဇနီးခင်ပွန်းနဲ့သားသမီး၊ မြေးမြစ်များရဲ့အမည်တွေ၊

(ဂ) မိဘများနဲ့လက်လှမ်းမှီနိုင်သမျှဖိုးဘွားဘီဘင်များရဲ့အမည်၊

(ဃ) အားလုံးရဲ့ မွေး/ကွယ်လွန်ရက်စွဲနဲ့နေရပ်၊

(င) ဓါတ်ပုံများ (အကောင်းဆုံးက FaceBook ကဲ့သို့သောလူမှုကွန်ယက်မှရယူခြင်း)၊

ဒါဟာ မိမိရဲ့တစ်ဦးတည်းသောမျိုးရိုးစဉ်ဆက်ဝင်ရိုး (Family hierarchy axis) သာဖြစ်ပါတယ်။ ဒီက ဇာတ်လမ်းစကြရပါမယ်။ ဒါဟာ ကုန်ကြမ်း (raw data) စတင်စုဆောင်းခြင်းပါ။ 

၂။ အဲ့ဒီအချက်အလက်များမှန်ကန်တိကျမှုရှိမရှိကိုနောက်တဆင့်အနေနဲ့ အတည်ပြုရပါမယ်။ လို အပ်ရင်နီးစပ်ရာသားချင်းများကိုဆက်သွယ်ရပါမယ်။ (data validation) တိုက်ဆိုင်စစ်ဆေးနိုင်တဲ့ မှတ်တမ်းမူရင်းများ (original documents for support) တွေကတော့ -

(က) ဒိုင်ယာရီများ၊

(ခ) မွေး/သေ၊ ပညာသင်ကျောင်းအောင်လက်မှတ်၊ ဂုဏ်ပြုလက်မှတ်များ၊

(ဂ) မူရင်းလက်ရေးမူမှတ်တမ်းများ၊

(ဃ) ကျမ်းကြိမ်လွှာ၊ လက်ထပ်၊ သေတမ်းစာစာချုပ်များ၊

(င) ရေးစာ၊ ပေးစာများ၊

(စ) ကိုယ်ရေးရာဇဝင်ရေးသားထားမှု၊

(ဆ) ဓါတ်ပုံအယ်လ်ဘမ်များ၊

(ဇ) ကျောင်းနှစ်လည်စာစောင်များ၊  reunion မှတ်တမ်းမဂ္ဂဇင်းများ၊

(စျ) နံရံပေါ်/စားပွဲပေါ်တမြတ်တနိုးချိတ်ဆွဲထားရှိတတ်ကြသောဓါတ်ပုံများ၊ (အသုံးဝင်ပေမဲ့၊ မေ့တတ် ကြလေ့ရှိပါတယ်။)

(ည) မီးခံသေတ္တာ၊ ဘဏ်တို့တွင်ထားရှိသော အရေးကြီးစာရွက်စာတမ်းမှတ်တမ်းများ၊

(ဋ) သားချင်းဆွေမျိုးများထံမှဖုံး၊ ပေးစာ၊ text message/Messenger/Viper တို့မှပို့ပေးသော ဆွေ စဉ်မျိုးဆက်ဇယားအချက်အလက်များ၊ 

(ဌ) နှုတ်မှတ်တမ်းများကိုရေးသားမှတ်တမ်းတင်ထားမှုများ (oral histories)၊

(ဍ) ဘာသာရေး(ဘုန်းတော်ကြီးကျောင်း)နှင့်ရပ်ရွာအကြီးအကဲ နှင့် စာသင်ကျောင်းများ၊ လူမှုရေးဆိုင် ရာအဖွဲ့အစည်းများ၊ သာရေးနာရေးအဖွဲ့အစည်းများ မှတ်တမ်းများ၊၊ 

အဲ့ဒီအပြင် အလှမ်းဝေးနေတဲ့ သားချင်းများနှင့်ပါတ်သက်သော ခုနှစ်သက္ကရာဇ်အဖြစ်အပျက်များကို၊ အထင်ကရသမိုင်းစာအုပ်များနဲ့လည်းတိုက်ဆိုင်စစ်ဆေးဘို့လိုပါတယ်။ Google search နဲ့ ခုပေါ် ပေါက်လာတဲ့ ChatGPT (open artificial intelligent) တွေဟာအတော်အသုံးဝင်သွားနိုင်ပါတယ်။

၃။ ထိုနည်းတူဘဲ ၀မ်းကွဲမောင်နှမသားချင်း၊ ဦးလေးအဒေါ်၊ တူ/တူမမမျိုးနွယ်များကိုလည်း မှတ်တမ်း တင်ကြဘို့လိုပါတယ်။ အလှမ်းဝေးလို့ ပိုပြီးအခက်အခဲရှိနိုင်ပေမဲ့၊ မထင်မှတ်ဘဲ အသုံးဝင်နိုင်တဲ့အ ထောက်အကူတွေရှိတတ်ပါတယ်။

၄။ မိမိစုဆောင်းတဲ့အချက်တွေက demographic လောက်ကိုဘဲစ, စခြင်းမှာ အခြေခံကြဘို့အရေးကြီး ပါတယ်။ နောင်ရေရှည်အနေနဲ့ သူတို့ရဲ့ဘဝကြောင်း၊ ဆွေမျိုးများနဲ့ဆက်စပ်ပါတ်သက်ခဲ့ကြတဲ့ငယ်စဉ် ဘဝအခြေအနေ၊ ရှားပါးဓါတ်ပုံမှတ်တမ်း၊ အချက်အလက်တွေကို ချဲ့ထွင်နိုင်ရင်ချဲ့ထွင်နိုင်သလောက် အမယ်စုံဖြစ်လာနိုင်ပါတယ်။ ဒ့ါအပြင် လူမှုကွန်ယက်တွေမှာ ဆွေများသားချင်းများသက်သက်သာ. ကြည့်ရှုဆက်သွယ်နိုင်မဲ့ groups တွေ (“ဆုံဆည်းရာ”) အုပ်စုတွေဖွဲ့ပြီးအချိန်နဲ့တပြေးညီ ဆက်သွယ် နိုင်ကြ၊ စကားပြောနိုင်ကြပါတယ်။ ဆွေမျိုးသားချင်းများသက်သက်သာတွေ့ဆုံစကားပြောနိုင်မဲ့ (Virtual platforms, FaceTime) တွေလုပ်နိုင်မဲ့ လူမှုကွန်ယက်တွေကအပေါသားခေတ်ကာလပါ။ အချိန်နေ့ရက်သတ်မှတ်ပြီးဆုံဆည်းနိုင်ကြပါတယ်။

၅။ ကြိုတင်စဉ်းစားအတည်ပြုရမည့်အချက်အလက်များ

မိရိုးဖလာအစဉ်အလာဖြစ်တာကိုဘဲကြည့်မလား။ ဖြစ်ရပ်မှန်အချက်အလက်မှန်ကိုဘဲဦးစား ပေးမလား ဆိုတာဟာ ဦးစွာစဉ်းစားကြရမဲ့အချက်ပါ။ ကမ္ဘာကလိုက်စားတဲ့အစဉ်အလာကတော့ အချက်အလက် မှန်ကန်တိကျမှုဟာ ဆွေမျိုးသားချင်းကြား ရှိလေ့ရှိထရှိတဲ့ အမှန်ကိုဖေါ်ထုတ်ပြ သရန်ဝန်လေးမှု (တနည်း) လျှို့ဝှက်လိုမှု ထက်ပိုလို့အရေးထားလေ့ရှိကြပါတယ်။ ကျွန်တော်တို့ မြန်မာမှာဆိုရိုးစကား တခုဖြစ်တဲ့ “မခေါ်ချင်နေလို့ရပေမဲ့၊ မတော်လို့မရဘူး” ဆိုတဲ့အချက်ဟာဒီ စံစနစ်နဲ့တထပ်တည်းသွား ကျနေပါတယ်။ ဒါကိုကြိုပြီးကာယကံရှင်တွေကိုဖွင့်ဟအသိပေးအသိ အမှတ်ပြုလက်ခံကြဘို့တိုက် တွန်းသင့်ပါတယ်။ ဥပမာအနေနဲ့ကတော့ အိမ်ထောင်ဖက်တခုထက်ပို ရှိတဲ့အခါ၊ ဆွေမျိုးမိသားစုအ တွင်းအကြောင်းကြောင်းကြောင့်ဖယ်ကျဉ်ခံထားရသူများရှိချိန်မှာ၊ အယူအဆအတွေးအခေါ်တွေမ တူညီကြတဲ့အတွက် မခေါ်မပြောရှိကြတဲ့အခါ၊ အဖေမပေါ်ဘဲမွေးတဲ့အဖြစ်မျိုး စသည်တို့ဟာ ဥပမာ အချို့ပါ။ ဆိုင်ရာကာယကံရှင်တို့ရဲ့ကိုယ်ရေးကိစ္စတိုင်းကိုအသိအမှတ် ပြုလေးစားရေးဟာ စာရင်း (၀င်)ပေါက်ကြသူ အားလုံးကတသွေမတိမ်းလိုက်နာကြရမဲ့လူမှုကျင့်ဝတ်ပါ။ မိမိတို့ရယူတဲ့အချက်အလက်စတင်ရရှိတဲ့နေရာ/ဌာန (facts sources) ရဲ့တိကျခိုင်ခန့်မှုတို့ဟာအခ ရာကျလှပါတယ်။ အဲ့ဒီ sources တွေကိုမှတ်တမ်းကော်ပီ ယူနိုင်တဲ့အပြင်၊ ကိုးကားမှုရှိပါကလည်း (footnotes/end-notes) တွေနဲ့ဖေါ်ပြကြဘို့လိုပါတယ်။


ဇယားစဆွဲကြပြီဆိုရင်

(က) ဒီကနေ့ခေတ်မှာ အင်တာနက်ဟာ များစွာသောအထောက်အကူပြု software/websites တွေ ပြည့်လျှံနေတတ်ပါတယ်။ Family tree လို့ခေါ်တဲ့ဇယားကို template အဖြစ်ရယူအသုံးချနိုင်မဲ့ ဇယား ကြမ်းတွေအလွယ်တကူရနိုင်ပါတယ်။ ဒါပေမဲ့သိထားကြဘို့က မျိုးရိုးစဉ်ဆက် (generations) (၃-၅) ခုလောက်သာအများဆုံးဆွဲနိုင်ပါတယ်။ ဒီထက်ပိုရင် တန်ဘိုးတခုပေးသွင်းရပါမယ်။ အဲ့ဒီတန်ဘိုးထက် အမေရိကနဲ့ကမ္ဘာမှာသုံးတဲ့ (template formats) တွေဟာ နိုင်ငံတကာစံနှုန်းကိုအခြေပြုကြတာမို့ လိုအပ်တဲ့အချက်အလက်တွေကိုဖြည့်သွင်းရာမှာ (ဥပမာ-မွေးရပ်၊ သက္ကရာဇ်တွေပေါ်မူတည်ပြီး hierarchy ကိုအလိုအလျောက်စဉ်ပေးတာမို့ မြန်မာသက္ကရာဇ်ကိုသုံးရင်) အမှားအဖြေတွေထွက်တတ် ပြီး၊ ကမောက်ကမဖြစ်သွားတတ်ပါတယ်။ ငွေကုန်အကျိုးမရှိဘူးလို့ဘဲ ကျွန်တော့်အတွေ့အကြုံအရ ပြောပါရစေ။

(ခ) အကောင်းဆုံးကတော့ Excel Spreadsheet ပါဘဲ။ software တွေဟာလည်းအဲ့ဒီအပေါ်အခြေခံ ထားတာမို့၊ ဒီနည်းဟာလက်တွေ့အသုံးအကျဆုံးပါ။ မျိုးဆက် axis တခုစီအတွက် spreadsheet အောက်ခြေမှာပြထားတဲ့ tabs တွေကိုသုံနိုင်တဲ့အပြင်၊ မြန်မာ fonts တွေကိုစိတ်ကြိုက်သုံးနိုင်ပါတယ်။ အထက်အောက်ဘေးကိုလည်းအကန့်အသတ်မရှိတိုးချဲ့နိုင်သလို၊ လိုအပ်တဲ့ designs, insertion, notes, labeling တွေကိုတွင်တွင်ကျယ်ကျယ်သုံးသွားနိုင်ပါတယ်။

(ဂ) တခုဘဲရှိပါတယ်။ အချိန်ယူပြီးလက်ဝင်တဲ့ (manual) နည်းဖြစ်တာမို့ စိတ်ရှည်ကြဘို့ဘဲလိုပါ တယ်။ 

(ဃ) အားလုံးပြီးပြီဆိုရင် (.pdf formt) (သို့မဟုတ်)အခြားသင့်တင့်ရာပြောင်းနိုင်သလို၊ တယောက်နဲ့ တယောက်မျှဝေကြရာမှာလည်းလွယ်ကူလျင်မြန် အသုံးတည့်တာကိုမြင်ကြရမှာပါ။ 

(င) အချက်အလက်များကိုဖြည့်သွင်းရာမှာ (Myanmar Unicode Font) ဟာအသုံးအတဲ့ဆုံးမို့၊ အဲ့ဒီ စနစ်ကိုဦးတည်တဲ့ ဇယားကိုဖေါ်ထုတ်နိုင်ဘို့လိုပါတယ်။

(စ) ကျွန်တော် ဖေါ်ထုတ်ထားတဲ့ဇယား (အညွှန်း)သရုပ်ပြသမှုကိုကြည့်ပါ။

စဉ်းစားရမဲ့၊ သတိပြုကြရမဲ့အချက်တွေ

(က) ပထမဆုံးဖြန့်ဝေမဲ့ ဇယားချုပ်ဟာအမှားများ၊ လွဲချော်မှုများပါနိုင်တာမို့၊ ပြန်လည်ပြုပြင်တဲ့အချက် အလက်မှန်ကို ရယူဘို့နဲ့ အကြောင်းပြန်ကြားဘို့အတွက်နည်းလမ်း (hotlines) တွေသတ်မှတ်အသိ ပေးရပါမယ်။

(ခ) ပြက္ခဒိန်လ/ရက်တခုကိုသတ်မှတ်ပြီး နှစ်ပါတ်လည်တိုင်း နောက်တိုးစာရင်းကို ဖွား/သေဖြစ်စဉ် တွေပေါ်မူတည်ပြီး၊ ပြန်အကြောင်းပြန်နိုင်ကြဘို့နည်းလမ်းကိုကြိုအသိပေးရပါမယ်။ 

(ဂ) ဆိုင်ရာစာရင်းပေါက်သူတိုင်းဟာ ဒီဇယားမှတ်တမ်းတွေရှိနေကြောင်း၊ ဘယ်လိုနည်းနဲ့ရယူနိုင် ကြောင်းစတဲ့အချက်တွေကို သိသာထင်ရှားစွာအသိပေးရပါမယ်။

(ဃ) ဆွေမျိုးစုတွေနေထိုင်တဲ့အရပ်ဒေသတွေပေါ်မူတည်ပြီး “ခေါင်သူကြီး (team leads)”တွေကို သတ်မှတ်ကြရပါမယ်။ အချင်းချင်းလဲသိအောင်ပုံမှန်ဆက်သွယ်မှုတွေရှိရပါမယ်။

(င) မူရင်းစာရင်းချုပ်ကိုထိန်းသိမ်း၊ ရေးဆွဲမဲ့ စာရင်းထိန်း (author/registrar) သတ်မှတ်ပြီး၊ အများက လေးစား အသိအမှတ်ပြုနိုင်မဲ့သူဖြစ်ဖို့လိုပါတယ်။ ဆက်သွယ်ရလွယ်ကူနိုင်တဲ့သူဖြစ်သလို၊ နည်းပညာ ပိုင်းကိုလည်း ကောင်းစွာနားလည်တဲ့သူဖြစ်နေသင့်ပါတယ်။ အချက်အလက်များကိုလုံခြုံစွာထိန်းသိမ်း နိုင်ပြီး၊ ယုံကြည်စိတ်ချရသူဖြစ်ဖို့ကလည်းအလွန်အရေးကြီးပါတယ်။ နောင်အမွေဆက်ခံနိုင်မဲ့ အလား တူစာရင်းထိမ်းကိုလည်း၊ ကြိုတင်ရှာဖွေပြီးလက်ပွန်းတတီးဆက်သွယ်ပြီး အပြန်အလှန်စဉ်ဆက်မပြတ် သတင်းဖလှယ်နိုင်တဲ့အ ခြေအနေမျိုးကိုဖန်တီးထားရပါမယ်။

(စ) လူတိုင်းဟာ မိမိတို့ဘဝနဲ့ပါတ်သက်ပြီးလှို့ဝှက်စရာကိစ္စကိုယ်စီရှိကြပါတယ်။ ဒီဓမ္မတာသဘောကို နားလည်လက်ခံကြဘို့လိုသလို၊ မှတ်တမ်းမှတ်ရာတွေရဲ့သိုသိပ်မှု၊ တိကျမှန်ကန်မှုကိုဦးစားပေးရမဲ့သ ဘောထားကို နားလည်ကြဘို့လိုပါတယ်။ international genealogical စံတွေကိုတိုင်းတာရာမှာ၊ အချက်အလက်မှန်ကန်တိကျမှုဟာဦးစားပေးကိစ္စဆိုတာကိုနားလည်သလို၊ ကာယကံရှင်တို့ရဲ့ လိုအင်၊ လှိျု့ဝှက်ချက်ကိုလေးစားအသိအမှတ်ပြုခြင်းနည်းနဲ့၊ လူမှုကွန်ယက်မှာ သတင်းဖလှယ်ခြင်းမပြုကြဘို့ ဟာ လူမှုစည်းကမ်းကြီးတခုဆိုတာကိုလိုက်နာကြဘို့လိုပါတယ်။

(ဆ) ငယ်ရွယ်သူတို့ရဲ့သဘဝအတိုင်း၊ နေ့တဓူဝများမြောင်လှတဲ့ကိစ္စဝိစ္စတွေဟာ ဒီမျိုးရိုးစဉ်ဆက် pedigree ကိစ္စမှာအားတက်သရော်မပါကြတာကို၊ နားလည်ခွင့်လွှတ်ကြဘို့လိုပါတယ်။ ဒီလူရွယ်လူ လတ်ပိုင်းတွေအသက်ရလာတာနဲ့အမျှ၊ တနေ့တချိန်မှာ မိမိတို့ရဲ့မျိုးရိုးစဉ်ဆက်အကြောင်း သိလိုစိတ်၊ စပ်စုလိုစိတ်ရှိလာကြမှာဧကန်မလွဲပါ။ အဲ့ဒီအချိန်မှာ သူတို့လက်ထဲမှာအဆင်သင့်လေ့လာနိုင်ဘို့ တိကျ ပြီးပြည့်စုံနိုင်သမျှပြည့်စုံတဲ့ မှတ်တမ်းရှိနေဘို့ဟာ အရေးအကြီးဆုံးအချက်ဖြစ်နေပါတယ်။

(ဇ) နောက်ဆုံးဆိုပေမဲ့အရေးအကြီးဆုံးအချက်ကတော့ ဆိုင်ရာစာရင်းပေါက်သူကလွဲရင်၊ အခြားမည် သူ့လက်ထဲမျှမှတ်တမ်းအချက်အလက်များပေါက်ကြားမသွားဘို့အရေးကြီးလှပါတယ်။ Privacy နဲ့ confidentiality ရဲ့အရေးပါမှုကိုမပြတ်သတိပြုကြပါ။


အချုပ်အားဖြင့်တိုက်တွန်းလိုတဲ့အချက်ကတော့

(က) မိမိတို့ရဲ့မျိုးဆက်နွယ်ဇယားဖေါ်ထုတ်ခြင်းကိုအချိန်မဆိုင်းဘဲ အားတဲ့အချိန်မှာစတင်နိုင်ကြဘို့၊ အားထုတ်ကြဖို့လိုပါတယ်။

(ခ) မိမိတို့ရဲ့နောင်လာနောက်သား၊ သားသမီးတွေလက်ထဲကိုအပြည့်စုံနိုင်ဆုံး Family Registry ကို “အမွေ”အဖြစ်လက်ဆင့်ကမ်းပေးနိုင်ဘို့လိုပါတယ်။

(ဂ) မျိုးရိုးစဉ်ဆက်ဇယားမှတ်တမ်းတွေဖေါ်ထုတ်ရာမှာ၊ တထိုင်တည်းနဲ့ပြီးတဲ့ကိစ္စမဟုတ်သလို၊ အလုံး စုံပြီးပြည့်စုံမှုဆိုတာတကယ်တော့မရှိနိုင်ဘူးဆိုတာကိုနားလည်ကြဘို့လိုပါတယ်။

စာဖတ်သူတို့ ကိုယ့်မျိုးရိုးဂုဏ်ကိုလက်ဆင့်ကမ်းထိန်းသိမ်းနိုင်တဲ့ “Family Heritage” အမွေကို လက် ဆင့်ကမ်းပေးနိုင်တဲ့ ၀ါယမစိုက်အားထုတ်မှုများ ပေါ်ပေါက်လာကြပါစေဟူ၍။