Thursday, August 21, 2014

ပွင့်လင်းမြင်သာမှု နှင့် ကမ်းနားသစ်ပင်များ



“ပွင့်လင်းမြင်သာမှု” (transparency) ဟူသောစကားလုံးသည်အမေရိကနိုင်ငံအုပ်ချုပ်ရေးယန္တရားကိုစိမ်ခေါ် နေသေးသော စံနှုန်းတိုင်းပေတံအဖြစ်ဆက်လက်တည်ရှိနေသော်လည်း၊ လွှတ်တော်congress ကြီးနှင့် မြောက်မြားလှစွာသော rating အဖွဲ့အစည်းဌာနများ၏စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်မှုတို့ကြောင့်၊ ယနေ့အမေရိကပြည်ထောင်စု သည် ပွင့်လင်းမြင်သာမှုစံပြုရသောနိုင်ငံအဖြစ်ကမ္ဘာတွင်ရပ်တည်နေပြီဖြစ်သည်။ အတွင်းကျကျလေ့လာနိုင်သူ၊ လေ့လာတတ်သူတိုင်းက အစိုးရယန္တရားကြီးအကြောင်းကိုအိပ်သွန်ဖာမှောက် သိရှိခွင့်ရှိနေပြီဖြစ်သလို၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများက ထိုသိရှိခွင့်အခွင့်အရေးကိုလူထုရှေ့မှောက်တွင် ချပြရန်ပြဌာန်းချက်များအခွင့်အရေးများပေးထားပြီးဖြစ်နေပေသည်။
စာရေးသူငယ်စဉ်ကကြားဘူးနားဝစကားအရ၊ အမေရိကန်အစိုးရ တဆက်ပြောင်းတိုင်း၊ သမ္မတဖြစ်သူကမိမိ နှင့်လက်တွဲလုပ်ကိုင်မည့်ဝန်ထမ်းကြီးငယ်အားလုံး (ရာထူးပေါင်းထောင်ကျော်) ကို မိမိစိတ်ကြိုက် ခန့်အပ် တာဝန်ပေးကြသည့်အစဉ်အလာကားနှစ်ပရိစ္ဆေဒကြာခဲ့ပေပြီ။ ဤအချက်ကိုမည့်သူတစ်ဦးတယောက် ကမျှ စောဒကတက်ရမည့်အချိန်မဟုတ်တော့။ လူထုမှတိုက်ရိုက်စိတ်ကြိုက်ရွေးချယ်ထံထားရသူသမ္မတ ဖြစ်သည့် အားလျော်စွာ၊ လူထုနှင့်နိုင်ငံအတွက်လိုလားချက်များဖြည့်တင်းဆောင်ရွက်နိုင်ရန်မှာ၊ မိမိနှင့်တစိတ်တည်း တ၀မ်းတည်း၊ လုပ်နိုင်မည့်သူကိုသာရွေးချယ်ခန့်အပ်ခြင်းသည်၊ သဘာဝကျသော လုပ်ထုံးလုပ်နည်းတရပ် ဖြစ်နေပါသည်။ သို့ဆိုလျင် အစိုးရအဖွဲ့ဝင်ဝန်ကြီးမှစ၍အောက်ခြေ secret services ရာထူးများကိုခန့်အပ်ခွင့် ရှိသူ သမ္မတကို “အာဏာရှင် (dictator)”ဟုသတ်မှတ်မည်လော။ ဤထုံးတမ်းစဉ်လာကိုကျင့်သုံးခဲ့သော အမေရိကနိုင်ငံကို “authoritarian state”ဟုကင်ပွန်းတပ်မည်လော။
Transparency ဟူသောဝေါဟာရကိုရေလဲနှင့်သုံးရသောနိုင်ငံများစွာရှိနေသော်လည်း၊ ဤစံနှုန်းပေတံကို တကယ်လက်တွေ့လိုက်နာကျင့်သုံးသောနိုင်ငံအလွန်ရှားပါးလှပေသည်။ ပွင့်လင်းမြင်သာသောအုပ်ချုပ်ရေးစနစ် ကျင့်သုံးသော အစိုးရတိုင်း၏တာဝန်ကားမိမိဆောင်ရွက်မှုမည်မျှအတိုင်းအတာအထိပြည်သူအားချပြနိုင်မည်လဲ (extent of disclosure)၊ ပြည်သူတိုင်းနားလည်ရလွယ်ကူရှင်းလင်းမှု (clarification capacity) နှင့် တိကျ မှန်ကန်မှု(accuracy of fact) ဟူသောစရိုက်လက္ခဏာကြီး(၃)ရပ်ပေါ်တွင် အခြေခံယုံမက၊ အစ၊အလယ်နှင့် အဆုံး(၃) ပါးစလုံးတွင်မယိမ်းမယိုင်သောဆောင်ရွက်စဉ်ကြီးရှိနေရမည်ဖြစ်သည်။
Transparency ကိုနိုင်ငံရေးလောကတွင်သာမက၊ စီးပွားရေး၊ ဥပဒေရေးနှင့်လူမှုလောကအားလုံးတို့တွင် တွင်ကျယ်စွာပြောဆိုသုံးနှုန်းနေကြပြီဖြစ်သည်။ ဤဆောင်းပါးတွင် လက်ရှိမြန်မာ့နိုင်ငံရေးနှင့်ကမ္ဘာ (အမေရိက အပါအ၀င်) တွင်ကျင်းသုံးကြကုန်သောစနစ်အသီးသီးတို့၏ပွင့်လင်းမြင်သာမှုဖြစ်စဉ်ကို လေ့လာတင်ပြ မည်ဖြစ်ပါသည်။
ဥပမာပြုရသော်- အမေရိကအစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးကိုခန့်အပ်မည်ဆိုပါက၊ မိုးကျရွှေကိုယ်များ ကဲ့သို့ အမိန့်ထုတ်ပြန် ခန့်အပ်ခြင်းပြုခွင့်သမ္မတ တွင်အလျင်းမရှိ။ အနည်းဆုံးအထက်အောက်လွှတ်တော် (၂)ရပ် နှင့်တကွ၊ ယင်းကို ကျောထောက်နောက်ခံ ပြုနေသောဒါဇင်များစွာသောအထင်ကရလေ့လာ စောင့်ကြည့်သူ နှင့် အစိုးရမဟုတ် သည့်၊ ဘက်လိုက်မှုကင်းသည့် အဖွဲ့အစည်းများ (non-partisan) ၏အတွင်းအပြင် ဝေဖန် သုံးသပ်မှုကိုခံကြရသည်။ မိမိ၏လုပ်ငန်း အတွေ့အကြုံများသာမက၊ ကိုယ်ရေးအချက် အလက်အားလုံးကို အိပ်သွန်ဖာမှောက်အစစ်ခံရသည်။ လွှတ်တော်က ကန့်ကွက်မှုကြောင့် အစိုးရအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်မရကြ သူတွေဒုနှင့်ဒေးပင်။ ထိုနည်းတူ နှုတ်ထွက်သည့်အခါတွင်လည်းဘယ်အကြောင်းအချက်ကြောင့် ဟူသော အချက်များကိုအစစ်ဆေးခံကြရပြန်သည်။ ထိုစစ်ဆေးမှုများသည် အများပြည်သူတို့ကိုချပြခြင်း ကြောင့်လည်း နိုင်ငံတော်အပေါ်အန္တရာယ် ကျလာနိုင်မည့် ကိစ္စရှိလျင်လည်း၊ တံခါးပိတ်စစ်ဆေးမေးမြန်း ခြင်းပြုကြသည်။ ထိုသို့သောရာထူးကြီးများခန့်အပ်တာဝန်ပေးမှုနှင့် တာဝန်မှအနားယူရုပ်သိမ်းမှုအပေါင်းတို့ကို၊ အမေရိကန် ပြည်သူတို့ မကြားချင်အဆုံးမြင်ကြသိကြရသည်။ Watergate အရေးအခင်းကြောင့်ရာထူးမှဆင်း ပေးရသော သမ္မတနစ်ဆင်၏တံခါးပိတ်စစ်ဆေးမှုအချက်အချို့ ကိုပြီးခဲ့သောရက်ပိုင်းအတွင်းက၊အစိုးရက လူထုကိုဖွင့်လှစ် ချပြသည့်နမူနာကိုကြည့်ပါက၊ မည်မျှသောလျှို့ဝှက်မှု မျိုးပင်မဆို၊ အုပ်ချုပ်သူတိုင်းကလူထု အားသင့်လျော်သော အချိန်ရောက်တိုင်းအသိပေးရသည်မှာ ဒီမိုကရေစီ၏ အနှစ်သာရလက္ခဏာကြီး တခု ဖြစ်သည်ဟုနားလည်ကြ ဘို့လိုသည်။ ဤလုပ်ငန်းစဉ်သည် အစိုးရထိပ်ပိုင်းမှစ၍၊ လက်အောက်ပြာတာအထိ၊ အစိုးရ၀န်ထမ်းကြီးငယ် မဟူ၊ အမေရိကနိုင်ငံတွင်လိုက်နာကျင့်သုံးရသောဝန်ထမ်း ပြုခြင်း/နှုတ်ထွက်ခြင်း ဆိုင်ရာကျင့်စဉ်ကြီးဖြစ်သည်။ ဤစနစ်ကို public office (political) appointed position ရာထူးကြီးများ သာမက၊ ပြင်ပပုဂ္ဂလိက (private) တာဝန်ရာထူးများတွင်ပါ တွင်ကျယ်စွာအသုံးပြုသည်။ ဆိုလိုသည်မှာရာထူး အခန့်ခံရမည့်သူ/နှုတ်ထွက်အဖြုတ် ခံရမည့်သူများအနေနှင့်လည်း အမိန့်ထွက်ပြီးမှသိကြရသည်ဟူသော အဖြစ်မျိုး၊ အမေရိက၀န်ထမ်းလောက တွင်မရှိပါ။ အနည်းဆုံးကြိုတင်ခေါ်ယူဆွေးနွေး အသိပေး ယုံမက၊ ကာယကံရှင်၏ကြောင်းကျိုးတင်ပြဆွေးနွေး ချက်၊ ချေပချက်ဟူသောအခွင့်အလမ်းတို့ကို ရရှိအောင် ပေးထားရသည်။ ဒီမိုကရေစီပွင့်လင်းမြင်သာသော အုပ်ချုပ်ရေးစနစ်တိုင်းတွင် ရာထူးတာဝန်ပေးအပ်/ ရုပ်သိမ်းမှုတိုင်း သည် ဘယ်သောအခါမျှ surprise များ မဟုတ်ပါ။
မြန်မာ့သမိုင်းကြောင်းတွင် ရဲဘော်သုံးကျိပ် ကိုရွေးချယ်ခဲ့သောတပ်မတော်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က စစ်ပညာသင်ကြားရေးအတွက်လူရွေးစဉ်ကတည်းက၊ နောင်အခါ ရဲဘော်သုံးကျိပ်ဝင်အဖြစ်သမိုင်တွင်ကြမည့်သူအားလုံး တစ်ဦးချင်းကိုမေးခွန်းအသေအချာမေးပြီးမှလက်တွဲ ခေါ်ဆောင်သွားကြောင်းကြားဘူးသည်။ လျှိ့ဝှက်ရလွန်းသောကိစ္စတစ်ရပ်ဖြစ်သောကြောင့်၊ အနားကပ်မှ လူလဲရသော အဖြစ်မျိုးကြုံခဲ့ရသော်လည်း၊ ပါဝင်ခဲ့သူတိုင်း၏စိတ်သဘောထားကိုအတိအကျသိရမှ၊ ရွေးချယ် ခဲ့သည် ဟုအဆိုရှိသည်။ ဗြိတိသျှအုပ်ချုပ်ရေးစနစ်ဒိုင်အာခီအစိုးရကိုပင်၊ ကာယကံရှင်မြန်မာ ခေါင်းဆောင် များကိုကြိုတင်ခေါ်ယူစကားပြောပြီးမှခန့်အပ်သည်ဟုအဆိုရှိသည်။ လွတ်လပ်ခါစမြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ် တွင်လည်းနိုင်ငံတနိုင်ငံလုံးရန်ကုန်အစိုးရဟုခေါ်ရလောက်အောင် အစိုးရယန္တရား ပျက်ပြားနေချိန်တွင်ပင်၊ အစိုးရအဖွဲ့ထည်လဲဖြစ်ချိန်ကာလတွင်းပင်၊ အနည်းဆုံးပါတီတွင်း၊ အပြန်အလှန် ဆွေးနွေးပြီးမှ၊ ယင်းခန့်အပ်မည့် သူကိုခေါ်ယူအသိပေးပြီးမှရာထူးပေးသည်ဟုဆိုသည်။ ထို’ပထစ’ခေါ် ပြည်ထောင်စုအစိုးရစနစ်(၁၉၆၂)ခုနှစ် အာဏာလက်လွှတ်ပြီးနောက်ပိုင်း၊ နောင်တက်သမျှအစိုးရအဆက်ဆက် တို့သည်၊ စစ်တပ်ကိုအခြေခံသော နိုင်ငံအစိုးရအဖြစ် “ဘောင်းဘီဝတ်/ဘောင်းဘီချွတ်” များအဖြစ်ရပ်တည်ခဲ့ သည်မှာယနေ့တိုင်ပင်။ ထိပ်ဆုံး အာဏာပိုင်အစိုးရအတွင်းပါဝင်ကြသူအားလုံးလိုလိုကို ပြည်သူကသိရှိခွင့် မရှိကြပေ။ တပ်၏ထုံးစံအရ ရာထူးတိုးခြင်း၊ခန့်ထားခြင်း၊ ရုတ်သိမ်းခြင်းအ၀၀တို့ကို၊ ထိပ်ဆုံးအာဏာပိုင်သူ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်နေ၀င်းနှင့်အနီးကပ်ရှိသူ သုံးလေးဦးလောက်ကသာတိုက်ရိုက်ခန့်အပ်တာဝန် ပေးသည့်အစဉ်အလာ ကြီးရှင်သန်ကြီးထွားခဲ့သည်။ အများအားဖြင့်ခန့်အပ်တာဝန်ပေးခံရသူတွေမှာ စစ်တပ်မှ ဖြစ်သဖြင့်၊ အမိန့်စာ ကြေးနန်းရလျင်ရခြင်းဌာနချုပ်သို့နေ့ချင်းညချင်းသတင်းပို့လျက် ချက်ချင်းတာဝန်ယူကြ ရသည်။ တာဝန်လွှဲလျင် သော်၎င်း၊ တာဝန်မှရပ်စဲလျင်သော်၎င်း၊ ထိုနည်းတူချက်ချင်းအရေးယူဆောင် ရွက်သည်။ အရေးယူရန် ရှိလျင်လည်း၊ အမိန့်စာနှင့်ဖမ်းဆီးအရေးယူမည့်သူပါတပြိုင်တည်းရောက်ရှိ အရေးယူ သည်။ ထိုကျင့်စဉ်သည် စစ်တပ်တွင်သာမက အရပ်ဘက်အုပ်ချုပ်ရေးတွင်လည်းထိုနည်းတူကျယ်ပြန့်စွာ အသုံးချသည့်အလေ့အထ ရှင်သန်ကြီးထွားလာသည်။ ယင်းကားမီဒီယာများတင်းကြပ်သောခေတ်၊ လူမှုကွန်ယက် (social network) အပါအ၀င်၊ အင်တာနက်၊ ဖုံး၊ ဖက်စ်၊ ရုပ်မြင်သံကြားကင်းမဲ့သောခေတ်အခါက ‘နေ့မြင်၊ ညပျောက်’ အုပ်ချုပ်ရေးစနစ်တွင်ကျယ်စဉ်ကဖြစ်သည်။ ရုပ်မြင်သံကြားအပါအ၀င်၊ အင်တာနက်ခေတ် ထိုးဖေါက်နေသော ယနေ့လူ့အဖွဲ့အစည်းတွင်၊ ရာထူးခန့်အပ်ခြင်းခံရသူတွေ၊ ရာထူးရပ်စဲခံရသူတွေ ရုပ်မြင် သံကြားသတင်းကြည့် မိမှ မိမိ ၀န်ကြီးဖြစ်ကြောင်း၊ ရာထူးမှဆင်းပေးရကြောင်းသိကြရသည်ဟူ၏။ မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှု ကို မည်သည့်နည်းဖြင့်အဓိပ္ပါယ်ဖွင့်သည်ဟူသည်ကိုကား လက်ရှိအစိုးရထိပ်ပိုင်းအာဏာရှိ များသာသိနိုင်မည် မှန်သော်လည်း၊ နိုင်ငံတကာကမျက်စေ့ဒေါက်ထောက်ကြည့်နေခြင်းခံနေရသည့်ယနေ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ထုံးလုပ်နည်းကား၊ ဤဖြစ်ရပ်များကြောင်းဂုဏ်သိက္ခာထိခိုက်ဖွယ်ရာ ဖြစ်နေသည် မှာအမှန်ပင်။ ယခုအစိုးရသတင်းစာမီဒီယာပိုင်းတွင် နေ့စဉ်နှင့်အမျှမြင်တွေ့နေကြရသော၊ အစိုးရ၏စီမံချက်/ ကံထရိုက်/တင်ဒါခေါ်ယူခြင်းများကိုစတင်မြင်တွေ့ကြရသော်လည်း၊ ယင်းအခွင့်အလမ်းများ ကို ရရှိမည့်သူတွေ မှာမည်သူတွေဖြစ်သည်ကိုလူထုကကြိုတင်ခန့်မှန်းပြီးသားဖြစ်နေသည်။ (၂၀၁၁)ခုနှစ်တွင် ပေါ်ပေါက်လာသော အစိုးရအဖွဲ့ဝင်များသာမက လွှတ်တော်နှင့် ဗဟိုအဆင့်အဖွဲ့အစည်းကြီးများအားလုံးကို၊ ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအကြီးအကဲ ဗိုလ်သန်းရွှေမှ စိတ်ကြိုက် ကလဖန်ထိုး ခန့်အပ်ခဲ့သူ များချည့်ဖြစ်သည်ဆိုသည်ကားငြင်းဘွယ်မရှိ။ ယုတ်စွအဆုံးပြည်သူ့ကိုယ်စားလှယ်အမည်ခံ အမတ်များသည် ပင်လျင်စစ်အစိုးရအ၀န်းအ၀ိုက်နှင့် ယင်းနှင့်နီးစပ်လွန်း၍စစ်ဗိုလ်ချုပ်များကိုသန်းကြွယ်များ ဖြစ်အောင်ပံ့ပိုးပေး ကြသောစီးပွားရေးလုပ်ငန်းရှင်ကြီး အချို့ကှိုသာတာဝန်ပေးရွေးချယ်ခဲ့သည်မှအထင်အရှားပင်။
“တာဝန်မှရပ်စဲခြင်း”၊ “မိမိသဘောဆန္ဒအလျောက်နှုတ်ထွက်ခွင့်ပြုခြင်း”၊ “ကျန်းမာရေးကြောင့်အနားယူခြင်း” ဟူသောရေလဲသုံးဝေါဟာရများသည်ထိုအမိန့်ကြေငြာချက်တိုင်းတွင်ပါဝင်ကြသည်ကိုပြည်သူတို့ဖတ်ရှိသိရှိနားလည်ကြသော်လည်း၊ အများပြည်သူကသုံးစွဲသော တခုတည်းသော ဝေါဟာရကား ဘယ်ဝန်ကြီးတော့ ”ပြုတ်သွားပြီဟေ့” ဟူသောမှတ်ချက်ပင်။ ဆိုခဲ့သောအကြောင်းပြချက်များသည်အမှန်တကယ်ဖြစ်နိုင်ချေ ကြောင်းချင်းရာများဖြစ်နိုင်သော်လည်း၊ လူထု ၏ယုံကြည်မှလျော့နည်းနေသောအစိုးရအနေဖြင့်၊ မည်သည့် ရှင်းလင်းချက်မျိုးကမှထိုးဖေါက်နိုင်စွမ်းမရှိနိုင်ပေ။ အစိုးရ၀န်ထမ်းအဖွဲ့အစည်းအဆင့်ဆင့်တို့တွင် ၀န်ထမ်း အကြီးအကဲများဖြစ်သည့်ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အဖွဲ့ဥက္ကဌအသီးသီးမှစ၍ အောက်ခြေ အကျဆုံး ရုံးစေအထိအားလုံးသောအဆင့်တိုင်းတွင်ရှိနေကြသူတို့အစိုးရဌာနများမှ နည်းမျိုးစုံ (အငြိမ်းစားယူမှု အပါအ၀င်) ဖြင့်ထွက်ကြရလျင်၊ ထိုထွက်သည့်နေ့မှစ၍ လမ်းဘေးရောက်သွားကြသည်။ ထိုနည်းတူတပ်ဘက် ဆိုင်ရာရာထူးများမှ သံအမတ်အပါအ၀င်၊ ၀န်ထမ်းအဖွဲ့အစည်းများသို့အရပ်ဝတ်လဲ ပြောင်းရွှေ့ကြရသူတို့လည်း မိသားစုလိုက်မျက်ရည်နှင့်မျက်ခွက်ဖြစ်ကြရသည်။ သို့အတွက်ကြောင့် မိမိရာထူးမြဲမြန်ရေးကားနေ့စဉ်နှင့်အမျှ အရေးကြီးလာသကဲ့သို့၊ ဗုဒ္ဓဘာသာများပင်ဖြစ်လင့်ကစား ဗေဒင်၊ ဘိုးတော်၊ အခါတော်ပေးဆရာများထံ ချဉ်းကပ်ကြရသည်။ ဗုဒ္ဓအယူနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော ထိုလုပ်ရပ်များကို သူ့ထက်ငါအပြိုင်အဆိုင် လုပ်ကြရသည်။ မိမိရာထူးပေါ်မူတည်လျက်ရရှိခံစားရသော အခွင့်ထူးအာဏာများ တည်မြဲအဓွန့်ရှည်ရေးကား၊ ထိုထိုအရာရှိကြီးငယ်အားလုံနှင့်စစ်ဗိုလ်လောကတွင် ပါတွင်ကျယ်နက်ရှိုင်းစွာ ၀င်ရောက်နေရာယူနေသည်မှာ ပုဂံခေတ်အရည်းကြီးခေတ်နှင့်အလားသဏ္ဍာန်တူနေပေပြီဖြစ်သည်။ ၀မ်းနည်းဘွယ်ကောင်းပေစွ။ အင်းအိုင် လက်ဖွဲ့ယတြာများပေးနိုင်ကြသူသံဃာတော်များပင် လာဘ်လာဘ ရွှင်ကြသည်ဟူ၏။ အထက်အဆင့်ဆင့် သောအကြီးအကဲများကိုပုံမှန်လက်ဆောင်ပဏာဆက်သ ရသောစနစ်သည်၊ သက်တမ်းစ,ခါစဖြစ်သော ပွင့်လင်းမြင်သာမှုရှိသည့်မြန်မာ့အုပ်ချုပ်ရေးစနစ်သစ်ကြီးကို အနိုင်ပိုင်းလုပြီ ဖြစ်သည်။ စကားတန်ဆာဆင် ၀ါဒဖြန့်စနစ်ထွန်းကားချင်တိုင်းထွန်းကားခဲ့သော ခေတ်ဟောင်းစနစ်သည် ယခုတဖန်ခေါင်းထောင်လာပြီ ဖြစ်သည်။
အံ့သြဘွယ်ကောင်းသည်ကား၊ အစိုးရနှင့်ဗဟိုအဆင့်အသီးသီးတို့၏ရာထူးကြီးများတွင်ခန့်အပ်တာဝန်ပေးရန်၊ သမ္မတထံမှပေးပို့လာသော ၀န်ကြီးလောင်းအပါအ၀င်ရာထူးကြီးများကိုလွှတ်တော်တွင် အမေးအမြန်းမရှိ နောက်တနေ့တွင်၊ ခန့်အပ်တာဝန်ပေးသောလုပ်စဉ်ကြီးတရပ်လုံး လက်ခံသောလက်ရှိ ပြည်ထောင်စုလွှတ်တော် အပါအ၀င်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများ၏ “ပြည်သူ ကိုယ်စားပြုမှု” ကိုမယုံကြည်နိုင်ဘွယ်တွေ့ရသည်။ ပို၍အံ့သြရသည်မှာ အတိုက်အခံပါတီအမည်ခံ အမတ်များ၏ နှုတ်ဆိတ်မှုကိုမယုံကြည်နိုင်ဘွယ်မြင်တွေ့နေရသည်။ မိမိကိုတာဝန်ပေးခန့်အပ်ကြောင်း surprise သိကြသူ အကြီးအကဲများရှိသလို၊ ရုပ်မြင်သံကြားကြည့်မိမှ မိမိရာထူးမှဆင်းပေးရကြောင်းသိရှိကြသူတွေဝန် ခံသော စကားကိုကြားရဖူးပြီ။ အနောက်နိုင်ငံသားများအတွက်surprise ကြိုက်နှစ်သက်ခုံမင်ခေတ်စားသော ယနေ့ ခေတ်ကာလတွင်၊ မြန်မာ့မြေမြန်မာ့နိုင်ငံရေးလောကတွင် ရာထူး surprise ခေတ်ရေစီးကြောင်းသည် (၁၉၆၂) တော်လှန်ရေးကောင်စီခေတ်ကတည်းကပင်အမြစ်တွယ်ကြီးထွားနေပြီ ဆိုလျင်ကြွားဝါရာ ရောက်မည် လော။
မဲဆန္ဒပေးရွေးချယ်သူပြည်သူတိုင်းက မိမိရွေးချယ်ပေးလိုက်သောသမ္မတမှခန့်အပ်တာဝန်ပေးမည့်သူအစိုးရအဖွဲ့ အစည်းဝင်အဆင့်ဆင့်တို့အကြောင်းခရေစေ့တွင်းကျ သိချင်သည်မှာသဘာဝကျ၍လက်ခံသင့်သောဒီမိုကရေစီ ကျင့်ထုံးမူဖြစ်သည်။ ထိုနည်းတူ ထိုရာထူးတာဝန်များမှရုပ်သိမ်းခဲ့လျင်လည်း၊ အကြောင်းရင်းအစစ်အမှန်ကို သိလိုကြသည်မှာနိုင်ငံသားတို၏ပိုင်ခွင့်ဖြစ်သည်။ ထိုနည်းတူမိမိတို့နိုင်ငံအကြီးအကဲသမ္မတ၏ကိုယ်ရေး အကြောင်းအရာအားလုံးကိုနိုင်ငံသားတို့ကသိခွင့်ရှိကြပါ သည်။ ယုတ်စွအဆုံးမိမိသမ္မတ(သို့)အကြီးအကဲတို့၏ စိတ်နေသဘောထား၊ အားနည်းချက်၊ အားသာချက်၊ ၀ါသနာ၊ လုပ်ငန်းအတွေအကြုံနှင့်အဓိကကျသော ပြဿနာကိုယ်တွယ်ဖြေရှင်းချက်များ၊ မိသားစုကိစ္စရပ်များကအစအသိပေးရန်လိုအပ်ပါသည်။ မိမိနိုင်ငံအကြီး အကဲကိုမိမိနိုင်ငံသားတိုင်းကသိလိုခွင့်မှာမွေးရာပါပိုင်ခွင့်များပင်ဖြစ်သည်။ အမည်၊ ပညာအရည်အချင်း၊ ရာထူးတာဝန်အဆင့်ဆင့်လောက်သာဖေါ်ပြထားသောကိုယ်ရေးမှတ်တမ်းအကျဉ်းလောက်သာအသိပေးရတော့မည့်ခေတ်မဟုတ်တော့။ ကိုယ်ကမရှင်းလင်းမဖေါ်ပြလျင်၊ လူမှုကွန်ယက်က၀င်ရောက်နေရာယူလျက် ကိုယ့်အကြောင်းသောင်းပြောင်းထွေလာဖြစ်သွားနိုင်သည်။ ဖြစ်လည်းဖြစ်နေသောခေတ်ကြီးသို့ ချဉ်းနင်း ၀င်ရောက်နေပေပြီ။
သမ္မတဦးသိန်းစိန်အနေဖြင့် ခေတ်အဆက်ဆက်နိုင်ငံရေးလောကတွင်နည်းမျိုးစုံပါဝင်ခဲ့ကြပြီး၊ နည်းမျိုးစုံဖြင့် အနားယူခဲ့ကြသူများကို နေရာပေးအရေးတယူပြုမှုများရှိသည်ကိုနိုင်ငံရေးလောကသားတို့တွေ့မြင်နေကြရ သည်။ အတိုက်အခံများကိုပင် မိမိတို့ယုံကြည်ချက်ခံယူချက်များကိုဘေးချလျက်နိုင်ငံပြန်လည်ထူထောင်ရေးကို လက်တွဲလုပ်နိုင်ရန်အတွက်၊ လက်ကမ်းကြိုမှုများတရားဝင်ပြုလုပ်ခဲ့သည်ကိုလည်းတွေ့ရသည်။ အရည်အသွေး ပြည့်ဝသော capacity building ဖြစ်စဉ်ကြီးပေါ်ထွန်းရေးနှင့် အဓွန့်ရှည်တည်တန့်ရေးမှာ ရာထူးခန့်အပ် ပြောင်းလဲမှုများတိုင်းကို ပြည်သူတိုင်းပွင့်လင်းမြင်သာစွာသိရှိခွင့်ရရေးမှာအရေးကြီးသလို၊ ကာယကံရှင်များ ကိုကြိုတင်အသိပေးဆွေးနွေးဝေဖန်ခွင့်အခွင့်အရေးပေးရန်မှာလည်းအထူးအရေးကြီးပေသည်။ “အိမ်နောက်ဖေး ပေါက်” မှမိမိရာထူးဌာနန္တာရကိစ္စဆောင်ရွက်မှဖြစ်မည်ဟူသောဝန်ထမ်းဆက်ဆံရေး ကျင့်ထုံးကြီးစိုးနေသမျှ ကာလပါတ်လုံး ပြဌာန်းထားသော ၀န်ထမ်းဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် တည်ဆဲပြည်ထောင်စုရာထူးဝန် အဖွဲ့ကြီး၏ဂုဏ်သိက္ခာသည်ဘန်းပြအဖွဲ့အစည်းအနေနှင့်လူထု၏အခွန်လစာကိုအချောင်ထိုင်စားနေသောသေးသိမ်သည့်အဆင့်တွင်သာတည်ရှိနေပေမည်။ ထိုအဂတိတရားလိုက်စားမှုကအခွင့်အာဏာရှိသူတို့၏ရိုသားမှုကို ဖြိုဖျက်ခြင်းခံနေကြရမည်။ ပြည်သူကိုအလုပ်အကျွေးပြုရမည့် public servant ဘ၀မှ အထက်အရာရှိကို သာကိုယ်စား ပြုသော ၀န်ထမ်းအဆင့်ဆင့်များသာလွှမ်းမိုးများပြားလာမည်ဖြစ်သည်။ တချိန်တည်းမှာပင် ဝေဖန်ခံနိုင်အားနည်းပါးလွန်းလှသော ၀န်ကြီးဝန်ကလေးမင်းများအနေနှင့်လည်း၊ လူထုနှင့်စတုတ္ထမဏ္ဍိုင်ကြီး၏ ပြစ်ပြစ်နှစ်နှစ်ဝေဖန်မှုကိုခံနိုင်ရည်ရှိသော စိတ်ဓါတ်က နိုင်ငံချစ်စိတ်ဟူသော စကားတန်ဆာထက်ပိုအရေးကြီး သည်ဆိုသည်ကို လက်ခံကြဘို့လိုပြီဖြစ်သည်။ ခေတ်အဆက်ဆက် ဝေဖန်ခံရဖို့ဝေးစွ၊ မော်ပင်အကြည့်မခံရ သော သက်ဦးဆံပိုင်အာဏာတည်းဟူသော အခွင့်ထူးကြီးများကို ခ၀ါချကြရန်အထူးလိုပြီဖြစ်ပါသည်။
လူသည်စနစ်၏သားကောင် တည်းဟူသည်မှာသွေးထွက်အောင်မှန်သော်လည်း၊ ဤစနစ်ကိုလူတွေကသာ ဖန်တီးထားသည်မဟုတ်ပါလား။ ပွင့်လင်းမြင်သာမှုဆိတ်သုဉ်းသောခေတ်ထဲတွင်ပင်ရှိနေသေးသော “မင်းခစား”အစိုးရအကြီးကဲအဆင့်ဆင့်တို့၊ “ကမ်းနားသစ်ပင်” ဟူသောဘ၀၀ဲသြဂါမှလွန်မြောက်ရေး ကြိုးပမ်းရန်မှာ၊ မိမိတို့တာဝန်သာဖြစ်ပါကြောင်း။  

Sunday, July 20, 2014

ရေအလျင်လား တိုင်းရင်းသာလူမျိုးများပျံ့နှံ့စီးဆင်းရာ ကမ္ဘာ့မိသားစုကြီး



 
ပြီးခဲ့သော ယခုနှစ်မေလအတွင်းကနယူးယောက်မြို့သို့ရောက်ရှိစဉ် Ellis Island ခေါ် ကမ္ဘာ့နိုင်ငံသားတို့စတင် ခြေချရောက်ရှိခဲ့ရာ အမေရိကနိုင်ငံသမိုင်းဝင်ကျွန်း၏စိတ်ဝင်စားဘွယ်ပြကွင်းနှင့်သမိုင်းကြောင်းကိုလေ့လာခွင့် ရခဲ့ပါသည်။ နယ်ပယ်သစ်ရှာဖွေကြသူ မြောက်အမေရိကသို့ (၁၅)ရာစုတွင်စတင်ရောက်ရှိအခြေချခဲ့ကြသည်ဟု သမိုင်းကဆိုခဲ့သည်။ သို့သော်ထိုကျွန်းသို့ ဥရောပနှင့်နောင်အခါအာရှ ဒေသသားတို့(၁၉၀၀) နှစ်ဦးပိုင်း တွင် စတင်ရောက်ရှိခဲ့ကြလျက်တရားဝင်အမေရိကန်နိုင်ငံသားအဖြစ်သို့ပြောင်းလဲခံယူခဲ့ကြသည်ဟုအဆိုရှိပါသည်။ နှစ်ပရိစ္ဆေဒအဆက်ဆက်ပြောင်းလဲခဲ့သောလူဝင်မှုကြီးကြပ်ရေးဥပဒေများသက်ဝင်မှုအပေါ် မူတည်၍ နိုင်ငံသား ပြုခြင်းဖြစ်ခြင်းဆိုင်ရာ အစီအမံများမည်သို့ပင်ပြောင်းလဲခဲ့သော်လည်း၊ ဤကျွန်း၏သမိုင်းကပျောက်ကွယ်သွား ခြင်းမရှိခဲ့ပါ။ immigrants ခေါ်ဒေသပြောင်းလဲအခြေချသူဦးရေ(၁၉၀၁)ခုနှစ်မှ (၁၉၁၀)ဆယ်စုနှစ်အတွင်းပင် (၈.၈ သန်း)ရှိခဲ့ပြီး ဤကျွန်းတွင်ပင် (၆)သန်းခန့် အမေရိကန်နိုင်ငံသားဖြစ်ခဲ့ကြသည်ဟုမှတ်တမ်း ကဆိုထား သည်။ အမေရိကအစိုးရပြည်ဝင်ခွင့်ပေးခဲ့သူဦးရေအများဆုံးခုနှစ်များကား၊ (၁၉၉၁) ခုနှစ်တစ်နှစ်ထဲတွင် (၁.၈၃ သန်း)၊ (၂၀၀၆) တွင် (၁.၂၇ သန်) နှင့် (၂၀၁၂) တွင် (၁.၀၃ သန်း) ဖြစ်ခဲ့သည်။  အန္တရာယ်ထူပြောသော ပင်လယ်/ကုန်းကြောင်းခရီးရှည်များအတွင်းဤမျှလောက်ပမာဏများပြားသော ပြောင်းရွှေ့အခြေချသူတို့ ရောက်ရှိလာကြသည်ကိုအံ့သြဘွယ်တွေ့ရသည်။ ယနေ့အခါ၌အမေရိက ပြည်ထောင်စုတ၀ှမ်းတွင် ကမ္ဘာ အနှံ့မှတိုင်းရင်းသားလူမျိုးပေါင်းစုံမရေမတွက်နိုင်အောင်ရောက်ရှိနေကြပြီဖြစ် သည်။ အမေရိက၏ မူရင်းစွဲ ဒေသခံ Native Indians လူမျိုးစုများကိုမကွယ်ပျောက်အောင်အစိုးရမှအစီအမံများ အကျအနသတ်မှတ် ထားရှိ ပြီးကာကွယ်စောင့်ရှောက်မှုများပေးထားပြီးဖြစ်သည်။
ကမ္ဘာ့သမိုင်းဆရာတို့အဆိုအရ လူမျိုးစုများ၏ပျံ့နှံ့စီးဝင်မှုကို “ရေကိုဓါးနှင့်ခြားသကဲ့သို့”ကန်ု့သတ်ပိုင်းခြားမှု ပြု၍မရဟူ၍တညီတညွတ်တည်းသဘောတူထားကြသည်။ ရာစုနှစ်နှစ်ခုကျော်ခဲ့ပြီဖြစ်သော အမေရိကပြည် ထောင်စုအတွင်း လူမှုဝင်မှုကြိကြပ်ရေးဆိုင်ရာဥပဒေပြောင်းလဲပြင်ဆင်မှုကြီး အကြိမ်(၂၀)ထက်မနည်းပြုခဲ့ပြီး ဖြစ်သည်။ အစောဆုံး Naturalization Act ကို (၁၇၉၀) တွင်ပြဌာန်းခဲ့ပြီး၊ မျက်နှာဖြူလူမျိုးတစ်ဦးအနေဖြင့် အမေရိကတွင်နေထိုင်ပြီး(၂)နှစ်အပြစ်ကင်းစင်ကြောင်းသက်သေထူနိုင်လျင်အမေရိကနိုင်ငံသားအဖြစ်ခံယူခွင့်ရခဲ့သည်။ သို့သော် လူမဲများအနေဖြင့်ယင်းခံစားခွင့်ကိုနောင်အနှစ်(၈၀) ကြာမှ ရှိခဲ့ကြသည်။ စိတ်ဝင်စားဘွယ်အ ချက်ကား (၁၈၈၂)ခုနှစ်တွင် တရားမ၀င် အဆမတန်တိုးတက်ရောက်ရှိ လာကြသော တရုတ်လူမျိုးများကို Chinese Exclusion Act ဖြင့်ဝင်ရောက်ခွင့်ပိတ်ပင်ယုံမကနေရင်းနိုင်ငံ သို့ပြန်ပို့ပေးခဲ့သည်မှာ (၁၉၀၂) တိုင် အောင်ပင်ဖြစ်ကြောင်းဝမ်းနဲဘွယ်လေ့လာတွေ့ရသည်။ ပထမကမ္ဘာ စစ်ကြီးအပြီး ပညာမဲ့နှင့်ဥပဒေမဲ့များအဆ မတန်ရောက်ရှိလာမှုကိုစိုးရိမ်သော အမေရိကန်ကွန်ဂရက်က (၁၉၂၄) တွင်အရှေ့ဥရောပ၊ ရုရှားနိုင်ငံနှင့်ဂျပန် နိုင်ငံသားများဝင်ရောက်လာမှုကိုဥပဒေပြုတားဆီးခဲ့သည်။ ယနေ့အထိ ပြောင်းလဲခဲ့သောဥပဒေအဆက်ဆက်တို့ တွင် အသားအရောင်လူမျိုးခွဲခြားမှု၊ မူရင်းနိုင်ငံသား အခြေခံအလိုက် ခွဲတမ်းချထားမှု၊ နိုင်ငံသားပြုခြင်းအဆင့် များတွင်ကျန်းမာရေးစစ်ဆေးမှု၊ အင်္ဂလိပ်စာရေးဖတ်နိုင်မှုစစ်ဆေး အကဲဖြတ်ခြင်း၊ ပြစ်ဒါဏ်အရေးယူခြင်းဆိုင်ရာ ပြဌာန်းချက်များသတ်မှတ်ပြဌာန်းခြင်းများ၊ ဗီဇာသတ်မှတ်ချက် များပြုပြင်ပြောင်းလဲမှုများအဆင့်ဆင့် ပြုလုပ် ခဲ့ကြောင်းတွေ့ရှိရသည်။
ဥပဒေသတ်မှတ်ချက်များနှစ်အလိုက်ပြောင်းလဲခဲ့သော်လည်း၊ ယင်းပြဌာန်းချက်များအသက်ဝင်လှုပ်ရှားမှုကို ဆန့်ကျင်ကြသူတွေယနေ့တိုင်တွေ့ရဆဲပင်ဖြစ်သည်။ လူမျိုးရေးနှင့်အသားအရောင်ခွဲခြားမှုကား ဒီမိုကရေစီ ဘိုးအေ အမေရိကနိုင်ငံတွင်ပင် အလုပ်ခွင်များအတွင်း၊ လူများစုတည်ရှိရာနေရာဒေသ၀န်းကျင်တို့တွင် ထင်ထင်ပေါ်ပေါ်မဟုတ်သော်လည်း၊ တွေ့ရှိခံစားကြရဆဲဖြစ်သည်။ Ellis Islandဟူသော လူဝင်မှုကြိကြပ်မှု သမိုင်းကြောင်စတင်ရာနေရာတွင်စတင်ရောက်ရှိသူတို့ ယဉ်ကျေးမှုဘာသာစကားကွာဟမှုကြောင့် စိတ်ဖိစီးမှုဝေဒနာခံစားကြရသဖြင့်မိမိဝေဒနာကိုဖြေဖျောက်ခြင်းငှာ၊ နီးရာအုတ်နံရံကဲ့သို့သောနေရာတွင် မိမိတို့မကြေနပ်ချက်၊ ခံစားရချက်တို့ကိုရေးချစ်ထားခဲ့သောစာတိုပေစများကိုယခုတိုင်တွေ့ရှိရသလို၊ ယင်းအထောက်အထားများကို အမေရိကအစိုးရက မချွင်းမချန်ပြသထားသည်။ ထိုခေတ်အခါကတည်ခဲ့သော ဥပဒေသတ်မှတ်ချက်အရဆေးအဆင့်မမှီသူများ၊ အနိမ့်ဆုံးသတ်မှတ်ချက်ပညာအရည်အသွေးကြောင့် မိသားစုတစုအတွင်းပင်သားကွဲမယားကွဲဖြစ်ကြရသောဖြစ်အင်များကို ရင်နင့်ဘွယ်လေ့လာခဲ့ရသည်။
ဂျာမန်လူမျိုး Martha Kohlroser (၇)နှစ်အရွယ်(၁၉၂၇)ခုနှစ်၊ ဤကျွန်းတွင်အခြေချခွင့်ရသော်လည်း ဖခင်နှင့် ရှင်ကွဲ ကွဲခဲ့ရသောရင်နင့်ဘွယ်ဖြစ်အင်ကိုပြန်ပြောင်းပြောပြခဲ့သည်မှာ -“I have a vivid memory of Pa Pa holding us by hands through iron fence. He was not permitted in the room with us. With tears running down his cheeks, he asked me (at seven years of my age) to take care of children as best I could.” အဆိုးဆုံးကား ရောက်ရှိခါစသူတွေထဲမှ သေကြောင်းကြံမှုအထိအဖြစ်ဆိုးများရှိခဲ့ကြောင်း ကိုလည်းပြကွင်းများတွင်ဖေါ်ပြထားသည်။ ယင်းအဖြစ်ဆိုးများကိုယခု(၂၁)ရာစုသို့ဦးတည်နေသော ကာလ များအတွင်းပင်ဝမ်းနည်းဘွယ်ကြားသိနေရသေးသည်။
အမေရိကနိုင်ငံကိုစတင်ထူထောင်ခဲ့သော founding fathers တို့၏အန္တိမမျှော်မှန်းချက်ဖြစ်သည့် land of the immigrants ဟူသောကမ္ဘာအနှံ့မှရောက်ရှိအခြေချသူအားလုံးတို့အတွက်အမေရိကနိုင်ငံတည်းဟူသောနိုင်ငံ ပေါ်ထွန်းလာခြင်းနှင့်၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းအရည်အသွေးပြည့်ဝမှုကိုအစဉ် တစိုက်အလေးဂရုပြုလိုမှု ဆန္ဒကို၊ ခေတ်အဆက်ဆက်အစိုးရများနှင့်နိုင်ငံသားတို့ကအလေးဂရုပြုကြရသည်။ အခြေခံဥပဒေကလည်း (၁၇၉၁)ခုနှစ် ကပြဌာန်းခဲ့သော Bill of Rights တွင် Amendments များဖြင့် ယင်းအခြေချပြောင်းရွှေ့လာကြသူ များဖြင့်ထူ ထောင်ထားသောနိုင်ငံ၏မရေမတွက်နိုင်သောတိုင်းရင်းသားလူမျိုးပေါင်စုံတို့၏အကျိုးစားပွားလုံခြုံမှု၊ လူသား ဂုဏ်အင်များကိုကာကွယ်ပေးထားသည်။ ဥပဒေများကမည်သို့ပညတ်ထားစေကာမူလက်တွေ့ဘ၀တွင်ခံစားခွင့်၊ ကာကွယ်စောင့်ရှောက်ခြင်းခံစားရခွင့်တို့သည်ကင်းမဲ့လျော့နည်းမှုများရှိနေသေးသည်ကိုယနေ့တိုင်တွေ့နေရဆဲ ဖြစ်သည်။ သေခြာသည့်အချက်ကား၊ ယင်းဥပဒေများကပေးထားသောအခွင့်အလမ်းများ၏အသီးအပွင့်များကို ကမ္ဘာ့နိုင်ငံအသီးသီးထဲတွင်၊ အမေရိကသို့ရောက်ရှိအခြေချနေထိုင်ကြသူတွေ အဆင့်အမြင့်ဆုံးခံစားခွင့်ရ နေရသည်မှာအမှန်ဆုံးဆိုသည်ကားငြင်းဘွယ်မရှိ။ အမေရိကနိုင်ငံသားခံယူပြီးမှ၊ မိမိမူရင်းမွေးရပ်နိုင်ငံသို့ အပြီးရာသက်ပန်ပြန်ကြသူတွေအတော်ရှားပါးသည်ဆိုသည့်အချက်ကိုစိတ်ဝင်စားဘွယ်သာဓကအဖြစ်တွေ့ကြရသည်။ နောက်အချက်ကြီးတခုကား၊ ၀င်လာမစဲတသဲသဲသောကမ္ဘာ့တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ကို၊ လူမျိုးစု အရေအတွက်မည်မျှသာရှိရမည်ဟု’လှေနံဓါးထစ်’ကန်ု့သတ်ချုတ်ချယ်ထားခြင်းအလျင်းမရှိဘဲ၊ မိမိလူမျိုးစု အမည်ကိုရပ်တည်ပိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ ဤအချက်ကြီးများကိုကြည့်ခြင်းဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ပဋိဥာဉ်စာတမ်း (Charter of the United Nations) နှင့် လူ့အခွင့်အရေးကြေငြာစာတမ်းပါ လူသားတစ်ဦးအနေ ဖြင့်နေရာဒေသမရွေး၊ ရွေးချယ်အခြေချခွင့် သာမကနိုင်ငံသားအဖြစ်ခံယူခွင့်ပြဌာန်းချက်ပါ မိမိပေါက်ဖွားရာ လူမျိုး၊ ယုံကြည်ရာဘာသာကိုအလေးဂရုပြုဆက်ခံခွင့် ဟူသော လူ့မွေးရာပါအခွင့်အရေးအပြည့်ရရှိခွင့် ကို ထောက်ခံလိုက်နာကြောင်းကိုပြသထားခြင်းဖြစ်သည်။ အသားအရောင်၊ဘာသာစကား၊လူမျိုး၊ဒေသ မည်သို့ပင် ကွာခြားစေကာမူ၊ ကမ္ဘာ့ဒေသတိုင်းနေ၊မည်သူမဆိုကမ္ဘာ့မိသားစုဝင်လူသားများပင်အရင်းစင်စစ်ဖြစ်တော့သည်။
(၂၁)ရာစုအတွင်းအလျင်အဟုန်ဖြင့်ဝင်ရောက်နိုင်ရန်ကြိုးစားနေသောနိုင်ငံများထဲတွင်မြန်မာသည်လည်းတနိုင်ငံအပါအ၀င်ဖြစ်သည်။ မြန်မာတိုင်းရင်းသားအဖြစ် “တိဗက်မြန်မာ” (ပျူ၊ ကမ်းယံ၊ သက်) ဟုနောင်အခါ သမိုင်း ဆရာတို့က ကင်ပွန်း တပ်ထားသောလူမျိုးနွယ်စုကမြန်မာပြည်မြောက်ဖျားမှစတင်ဝင်ရောက်ခဲ့သော နိုင်ငံတွင်း အကြီးမားဆုံး လူဦးရေရွေ့လျားမှုအဖြစ်ရှိခဲ့သည်။ တောင်ဖက်တွင်”မွန်-ခမာ”နွယ်ဖွားများနှင့် အရှေ့ဖက်ပိုင်းမှ တိဗက်-တရုတ် နွယ်ဝင်များကရှမ်းမျိုးနွယ်စုအဖြစ်အနည်းငယ်ရောက်လာကြသည်ဟုအဆိုရှိသည်။ “မြန်မာ အစ၊ တကောင်းက” ဟူသောလွန်ခဲ့သောရာစုထက်ဝက်ခန့်ကရှေးရာဇ၀င်ပညာရှင်တို့၏လေ့လာအဆို ပြုချက်ကိုစိမ်ခေါ်သော၊ ခေတ်သစ်သမိုင်းသုတေသီနှင့်မနုဿဗေဒပညာရှင်များ၏တွေ့ရှိချက်အသစ်များကို ဧရာဝတီမြစ်ကျော တလျှောက်တို့တွင်နှစ်သန်းနှင့်ချီသောလူသားအခြေချမှုကိုတွေ့ရပြီဖြစ်သည်။ ထိုတွေ့ရှိချက် များကယင်းလူသား တို့မည်သည့်လမ်းကျောဖြင့်စတင်ဝင်ရောက်လာသည့်အချက်ကိုအတိအကျမဆိုနိုင်သေး သော်လည်း၊ မြန်မာ့သမိုင်းဦးဖြစ်တည်မှုစနစ်ကြီး၏အစပထမသည်၊ အဆိုပါအခြားအာရှဒေသကြီးမှစတင်သော လူဦးရေရွေ့လျားမှု ကြောင့် (population migration) ဟူသောပဓါနကျသောအချက်ကိုတညီတညွတ်တည်း သဘောတူပြီး ဖြစ်သည်။ နောက်ဆုံးမှဝင်ရောက်လာသော ယနေ့မြန်မာနိုင်ငံလူမျိုးစုအကြီးဆုံးဖြစ်သော ဗမာတိုင်းရင်းသား လူမျိုးစုက မြန်မာပြည်အလယ်ပိုင်းမှစတင်ပြီးရေကြည်ရာမြက်နုရာတောင်ပိုင်းသို့ရွေ့လျား အခြေချကြကြောင်း သိရသည်။
ဤသမိုင်းစဉ်ဆက်ကမ္ဘာ့လူဦးရေရွေ့လျားမှုသဘာဝတရားနှင့်ဖီလာဆန့်ကျင်သော လူမျိုးရေးဆိုင်ရာကန့်သတ် ချုတ်ချယ်မှုကိုမြန်မာအစိုးရမှပြန်လည်အသက်သွင်းရန်ကြိုးပမ်းလာသောခြေလှမ်းများကိုဝမ်းနည်းဘွယ်တွေ့ရှိလာရသည်။ ယခု(၂၀၁၄)နှစ်အတွင်းဆောင်ရွက်ဆဲဖြစ်သော လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုပိုင်းတွင် ရှိဆဲလူမျိုးစုကြီး (၁၃၅)မျိုးနှင့်ပါတ်သက်၍လူဝင်မှုကြိကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဒုတိဝန်ကြီးအဆင့် ရှိသူတစ်ဦးက၊ (၂၀၁၄)ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်းကျင်းပသောအမျိုးသားလွှတ်တော်အစည်းအဝေးတွင် တ ရားသေဆုတ်ကိုင် ထားခြင်းမရှိကြောင်းဖြေကြားခဲ့သည်။ သို့သော်လည်း နောက်ဒုတိယ၀န်ကြီးတစ်ဦးကလွှတ် တော်တွင် မြန်မာနိုင်ငံ၌ဘင်္ဂါလီသာရှိပြီး၊ ရိုဟင်ဂျာကိုမြန်မာနိုင်ငံသားအဖြစ်အသိအမှတ်မပြုနိုင်ကြောင်း ဖြေကြားခဲ့သည့်အတွက်၊ အစိုးရတဖွဲ့တည်းမှအဓိပ္ပါယ်(၂)မျိုးထွက်သော၊ သမိုင်းတွင်မည့်အမဲစက်ကြီးတခု ပေါ်ပေါက်ခဲ့ရသည်။ ထို့အပြင်ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ တစ်လင်တစ်မယား စနစ် နှင့် လူဦးရေထိန်းညှိရေးဆိုင်ရာ၊ မူဝါဒ၀ိဝါဒကွဲပြားနိုင်သော ဥပဒေမျိုးများကိုပြဌာန်းနိုင်ရန် ကြိုးပမ်းလာ သောခြေလှမ်းများကိုတွေ့ရသည်။ ဤလူမျိုးစုကြီး(၁၃၅)မျိုးကို (၁၉၇၂)နှစ်က၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါ်တစ်ပါတီ အာဏာရှင်စနစ် (အမြုတေပါတီ)ကာလက ထိပ်ဆုံးအာဏာရှိသူတစုလောက်ကမိမိစိတ်ကြိုက် ခေါင်းခေါက် ရွေးချယ်ထားသော၊ အလိုတော်ရိသမိုင်းပညာရှင်များဖြင့်ပြုစုထားသောစာရင်းသာဖြစ်ပြီး၊ မည်သူ တစ်ဦးတစ်ယောက်ကမျှစစ်ဆေးမေးမြန်းဝေဖန်ခြင်းအလျင်းမရှိခဲ့သောစာရင်းဖြစ်သည်။ ထိုခေတ်ကပင် စစ်တိုင်းမှူး အဆင့်ရှိသူတစ်ဦးကဆိုလျင်၊ တဖက်နိုင်ငံတွင်းစီးနင်းဝင်ရောက်ပြီး လမ်းစဉ်ပါတီဥက္ကဌထံ၊ ထိုတဖက်နိုင်ငံတွင်း မြို့တော်မှတယ်လီဖုံးဆက်မည်ဟုကြွေးကြော်သော၊ အစွန်းရောက်လူမျိုးရေးဝါဒီပြင်းထန်သူ တို့ကြီးစိုးချိန်ကာလ ဖြစ်သည်။ သမိုင်းသုတေသီတို့သဘောတူသည့်အချက်ကားထို ရိုဟင်ဂျာလူမျိုးများသည် မြန်မာ့မြေသို့ အခြားတိဗက်-မြန်မာ၊ မွန်-ခမာများထက်နောက်ကျသော်လည်း၊ အေဒီ(၆)ရာစုကတည်းကစတင် အခြေချနေထိုင်ခဲ့သည်ဆိုသောအချက်ကိုပင်။ အေဒီ(၁၃)ရာစုမှစ၍ရခိုင်တိုင်းတွင်မွတ်ဆလင်ဘာသာဝင် မင်းဆက်(၉) ဆက်ခန့်ရှိခဲ့ကြောင်းကိုလည်း၊(၁၉၆၂)ခုနှစ်၊ ထိုလမ်းစဉ်ပါတီထုတ် ‘အခြေပြုမြန်မာ့နိုင်ငံရေး သမိုင်း’စာအုပ် တွင်အတိအကျပြဆိုထားသည်။ သေခြာသည် ကားဤကဲ့သို့သော လူမျိုးရေးခွဲခြားသောအယူသီး လူမျိုး တဖက်စွန်းရောက်ဝါဒသည်မြန်မာနိုင်ငံတွင်တနေ့သော အခါ၌ဆိတ်သုဉ်းသွားမည်မှာမုချအမှန်ဖြစ်သည်။ ပွင့်လင်းမြင်သာ၍ကောင်းမွန်သန့်ရှင်းသောအစိုးရတက်လာပြီဟူသောလက်သုံးစကားဖြင့်ကြိမ်ဖန်များစွာ ကြွေးကြော်လျက်ရှိသော၊ စစ်ဝတ်လဲလက်ရှိအစိုးရအနေဖြင့်၊ ‘မီးစတဖက်ရေမှုတ်တဖက်’ ကင်းစင်သော၊ လူမျိုးရေးဝါဒကိုအပြောမဟုတ်အလုပ်လက်တွေ့ဖြင့်သက်သေပြရန်အချိန်ကျရောက်ချိန် ဖြစ်သည်။ “မြေမြို၍ လူမျိုးမပြို၊ လူမြိုမှလူမျိုးပြိုမည်”ဟူသောလမ်းလွဲသည့်လူမျိုးရေးစိတ်ဓါတ်ကိုအားပေး သည့်ဆောင်ပုဒ်မျိုးများကို ခ၀ါချကြရန်အထူးလိုအပ်ပါသည်။ ၀မ်းနည်းစရာကောင်းသည်ကား၊ နေရာဒေသ အနှံ့မကြာခနပေါ်ပေါက် နေသောလူမျိုးရေးအဓိကရုဏ်းများကိုကြားဝင်ဖြန်ဖြေပေးခြင်းမရှိဘဲ၊ လက်ပိုက် ကြည့်နေကြသော၊ အတိုက် အခံခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်အမည်ခံနိုင်ငံရေးသမားများ၊ အတိုက်အခံပါတီကြီးများ၊ တိုင်းရင်းသားပါတီကြီးများ၊  သမိုင်းသုတေသီပညာရှင်များအားလုံးတို့ကရေလုံနှုတ်ပိတ်နေ ကြသည်ကို မယုံကြည်နိုင်ဘွယ်တွေ့ရသည်။ အနစ်နာခံခေါင်းဆောင်ကြီးများဟု မိမိကိုယ်ကိုခေါ်ဝေါ်သမုတ်ကြသူ  ထိုထို နိုင်ငံရေးစင်ပေါ်ရောက်များ၊ လက်ရှိအာဏာရများအဝေဖန်ခံနိုင်မှုခေါင်းပါးကြောင်း၊ အနစ်နာခံလိုမှုတိမ်ပါး ကြောင်းမိမိကိုယ်ကိုဖေါ်ထုတ်ပြသရာအဖြစ်သို့တမဟုတ်ခြင်းရောက်ရှိသွားသည်။ လူမျိုးရေးကိစ္စဆိုသည် မှာလည်း ယနေ့တိုင်ကမ္ဘာတလွှားရင်ဆိုင် တွေ့ကြုံ နေရပြီး၊ အစိုးရများကရုန်းကန်ဖြေရှင်းရဆဲဆိုသည်မှာ အမှန်ပင်။ လူမျိုးရေးကိစ္စနှင့်ပါတ်သက်လျင်၊ လင်မယား ချင်းစကားများရန်ဖြစ်သောအဖြစ်မျိုးတွေမှာမဆန်း တော့။ သို့သော်လူမျိုးရေးကိစ္စနှင့်ပါတ်သက်လျင် မိမိရာထူး၊ နိုင်ငံရေးတာဝန်များဆုံးပါးမည်ကိုအကြောက်ကြီး ကြောက်ကြသောခေတ်ဖြစ်သည်။ ပို၍ဆိုးသည်မှာ လူမျိုးရေး နှင့်ပါတ်သက်လျင် မိမိတို့၏ပုဂ္ဂိုလ်ရေးမကြိုက် နှစ်သက်မှုနှင့်နိုင်ငံရေးအခွင့်အာဏာကိုရောထွေးခြင်းပင်ဖြစ်သည်။ မိမိ၏အခွင့်အာဏာကိုသုံးလျက် ပုဂ္ဂလိက မုန်းတီးမှုကိုတိုက်ခိုက်အရေးယူခြင်းကား “အကြီးမားဆုံးအာဏာအလွဲ သုံးစားမှု”ဖြစ်သည်။ မြန်မာနိုင်ငံသားများ ၏ဘ၀အဆင့်အတန်း လုံခြုံမြင့်မားရေးကိုလိုလားတောင့်တလျက်၊ နိုင်ငံရေးဆန့်ကျင်ဖက်များကိုလက်တွဲ ဆောင်ရွက်လိုသော စိတ်ဆန္ဒအမှန်တကယ်ပြင်းထန်သည်ဟုယူဆရသော၊ လက်ရှိ သမ္မတဦးသိန်းစိန် အနေဖြင့်၊ လူမျိုးရေးသာမက၊ ဘာသာရေးအစွန်း ရောက်စေမည့်အပြောအဆိုများ၊ သတင်းဓါတ်ပုံများ ကိုမိမိ သာမက၊ ကျန်အစိုးရအဖွဲ့ဝင်အားလုံးကပါ ရှောင်ရှားကြရန်အထူးလိုအပ်ချိန် ဖြစ်ပါသည်။ မြန်မာလူထုသာမက၊ ကမ္ဘာ့နိုင်ငံကြီးများကပါ (၂၀၁၁)ခုနှစ်တွင် တက်လာသောအစိုးရ၏ညင်သာ ပြီးအရှိန်အဟုန်မြင့်မားသောဒီမို ကရေစီရေးပြုပြင်ပြောင်းလဲမှုကိုဝမ်းမြောက် ၀မ်းသာကြိုဆိုကြသည်မှာ အမှန်ပင်။ အဘက်ဘက်ကယိုယွင်းဆုတ်ယုတ်ချင်းမကဆုတ်ယုတ်နေသောနိုင်ငံကိုထူထောင်ရန်ဦးစားပေး ရမည့်အစား၊ ရှင်းလင်းရခက်ခဲသောလူမျိုး/ဘာသာရေးပြဿနာကိုအချိန်ပေးဖြေရှင်းနေရသည့်အချိန်ဖြစ်သည်။ နိုင်ငံ၏ဂုဏ် သိက္ခာအနေဖြင့်လည်းကမ္ဘာ့အလယ်တွင်အနှုတ်လက္ခဏာပြပြီးရင်းပြရင်းဖြစ်နေရသည်။ နိုင်ငံနှင့် တိုင်းရင်းသား လူနည်းစုများအားလုံး၏ဘ၀ထူထောင်ရေးအတွက်ကုန်ကျမည့်အချိန်နှင့်ငွေကြေးများကို၊ ယင်းပြဿနာက ကြားဝင်ကုန်ကျနေစေသည်။
အမေရိကနိုင်ငံ Ellis Island နှင့် Washington DC တို့တွင်ပြတိုက်သမိုင်းအဖြစ်သာကျန်ရှိတော့သောလူမျိုးရေး ပြဿနာသမိုင်းကြောင်းအထောက်အထားတို့သည်၊ လက်ရှိမြန်မာနိုင်ငံတွင်မီးမွှေးအရှိန်အဟုန်မြင့်စပြုနေပြီ ဖြစ်သည်။ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံနောက်ကြောင်းခံသမိုင်းချင်းမတူညီဟူသောစောဒကဖြင့်၊ ပြဿနာကို ရှောင်လွှဲမည့် အစား၊ ဘက်ပေါင်းစုံက၀ိုင်းဝန်းဖြေရှင်းကြရမည့်အချိန်ဖြစ်သည်။ ကမ္ဘာ့မည်သည့်နေရာဒေသမဆို လူဦးရေရွေ့လျားမှု (population migration) ဖြင့်တည်ဆောက်ထားသည်ဆိုသော သမိုင်းဖြစ်စဉ်ကိုမသိချင် ယောင်ဆောင်ရမည့်အချိန်မဟုတ်တော့ပါ။ မီးမောင်းထိုးပြလိုသောအကြံ ပြုချက်တခုကား၊ အခြေခံဥပဒေတွင် ပြယုဒ်တခုအဖြစ်သာရှိနေသော လူမျိုးရေး၊ ဘာသာရေးတန်းတူမှုဟူသော ပြဌာန်းချက်မှ သည်၊ အစိုးရက စေတနာသန့်သန့်ထား၍လူမျိုးရေးအာဃာတများခ၀ါချရန်လိုသလို၊ အတိုက် အခံအားလုံးနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ လူတန်းစားပေါင်းစုံတို့က တူညီ၍ “တစ်သံတည်းထွက်သော” လူမျိုးရေးဝါဒကိုထူ ထောင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း။