Saturday, July 17, 2021

အသေ ဖြောင့်ကြစေဘို့……

သေခြင်းတရားကို ဒို့ဘုရားကမချီးမွန်းဘူး ဆိုတာအားလုံးကသိကြပြီးပြီမို့ အကျယ်အကျယ်မဆွေးနွေး လိုတော့ပါဘူး။ ဒီလိုခေါင်းစဉ်တပ်ရတာကိုလည်း စာဖတ်ပရိဿတ်ကြီးကကြိုက်ချင်မှကြိုက်ကြမှာပါ။ ဒါပေမဲ့ တချို့ကိစ္စတွေကို ကွင်းကွင်းကွက်ကွက်မြင်ကြရအောင် ကလောင်ရှင်တွေက ခတ်ကြမ်းကြမ်း ခတ်ရိုင်းရိုင်းတင်ပြကြလေ့ရှိကြပါတယ်။

ဒီလဆွေးနွေးတင်ပြမဲ့ကိစ္စကတော့ လူတိုင်းမလွဲမသွေ ဖြတ်သန်းရမဲ့ခရီးမှာ သိသင့်တာတွေကို ရှာဖွေ ထုတ်နှုတ်ဖေါ်ပြထားပါတယ်။ ဘာသာတရားရှုဒေါင့်အရ သေခြင်းဟာ လက္ခဏာကြီး(၃)ပါးထဲက တစ်ပါး ဖြစ်တဲ့ နည်းတူ၊ အနေဖြောင့်တိုင်းအသေဖြောင့်မဖြောင့် ဟာ လူတိုင်းကိုစိမ်ခေါ်နေတဲ့ကိစ္စပါ။ ဘယ်နေ့ ကိုယ့်ဆီလာတံခါးခေါက်မယ်ဆိုတာဘယ်သူမှမသိပါဘူး။ ကျွန်တော်တို့မြန်မာပြည်မှာတော့ ရှင်းပါတယ်။ (၉၆)ပါးခေါ်ရာလိုက်တယ်လို့ဘဲ သဘောပိုက်ပြီး၊ သေဆုံးချိန်လေးပရိဒေ၀မီးတောက် လောင်ကြပေမဲ့ ရက်လနှစ်တွေပြောင်းတာနဲ့အမျှ “သေသောသူကိုကြာရင်မေ့တတ်ကြ”ဓမ္မတာလေ။

အမေရိကလိုနေရာမှာတော့ ဒီလောက်နဲ့ကိစ္စမပြီးပါဘူး။ သေပြီးသူမြေဆွေးဖြစ်ပြီးတောင်၊ သူ့နဲ့ဆက် နွယ်တဲ့ ပိုင်ဆိုင်မှုစာရင်းဇယားမှတ်တမ်းတွေက တစ္ဆေခြောက်ဘိသကဲ့သို့ ကျန်ရစ်သူတွေနောက် ကောက်ကောက်လိုက်လေ့ရှိပါတယ်။ memorials လိုအခန်းအနားပြီးလို့ ၀တ်ကောင်းစားလှဝတ်ကြသူ တွေပြန်သွားပြီးချိန်မှာ ကျန်ရစ်သူတွေ ကသေသူနဲ့ပါတ်သက်တဲ့ အထက်အကြောင်းအရာပါကိစ္စအ ပါအ၀င် အဆုံးမဲ့ ကိစ္စတွေနဲ့နဘန်းလုံးကြရပါတော့တယ်။ အပြင်အဆင် အစီအမံ ရှိတဲ့သူတွေတောင် ခေါင်းကြီးကြရတဲ့ကိစ္စတွေပါ။ 

 

ကျွန်တော်တို့မြန်မာတွေမှာ ရိုးရာဓလေ့နဲ့ချီတဲ့အမှားအချို့ရှိကြပါတယ်။

(၁) ကိုယ်ပိုင်ဆိုင်မှုကို (မိသားစုထဲတောင်)ထုတ်ဖေါ်အသိပေးလေု့မရှိကြပါဘူး။

(၂) ငါသေမှငါ့ပစ္စည်းတွေခွဲယူကြဆိုတဲ့ အမွေစကားဘဲပြောလေ့ရှိကြပါတယ်။

(၃) မိဘဘိုးဘွားပိုင် အမှတ်တရပစ္စည်းတွေထက် လက်ဝတ်ရတနာငွေကြေးကို ပိုမက်မောကြပါ တယ်။

(၄) အမွေဆိုတာငြင်းခုံရယူရတဲ့ကိစ္စလို့ တရားသေမှတ်ကြပါတယ်။

(၅) မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသကိုဘေးချိတ်ပြီး ထင်ရာစိုင်းတတ်ပါတယ်။

(၆) သေဆုံးသူရဲ့သားသမီးအပြင် မြေးမြစ်တွေပါအတင်းအကြပ်ထဲ့ပြီးအမွေခံစာရင်း လုပ်ကြရတာ ၀ါသနာပါပါတယ်။

ဒါတွေဟာ အမေရိကလိုနိုင်ငံအရောက်မှာ ဒွိဟဖြစ်စရာကိစ္စဖြစ်မှန်းမသိဖြစ်တတ်ကြပါတယ်။

 

ကဲ - လိုအပ်တဲ့အစီအမံလေးတွေကိုလေ့လာကြရအောင်ပါ။

(က) Informant (သို့မဟုတ်) executor ရဲ့ကဏ္ဍဟာအရေးပါပါတယ်။ အများအားဖြင့် သေဆုံးသူ သေချိန်မှာ သူ့အနားမှာရှိတဲ့ ဇနီး/ခင်ပွန်း၊ သားသမီး၊ ဒါမှမဟုတ် အနီးစပ်ဆုံးသူ (next to kin) တဦးဦးဟာ ဒီတာဝန်ကိုယူကြရပြီး၊ သေဆုံးခြင်းလက်ခံလက်မှတ် (death certificate) ကိုရေးထိုးရ သူဖြစ်ပါတယ်။ သေဆုံးသူက သီးသန့်စာချုပ်နဲ့အခြားသူတစ်ဦးဦးကို လုပ်ပိုင်ခွင့်လွှဲပြောင်ခြင်းမရှိသေး သရွေ့ အဲ့ဒီ ပုဂ္ဂိုလ်ဟာ သေဆုံးသူရဲ့မှတ်တမ်းတွေ ကို ယေဘူယျအားဖြင့်စီမံခန့်ခွဲခွင့်ရှိလေ့ရှိပါတယ်။

(ခ) အဲ့ဒီအတွက် မိသားစုဝင်အားလုံးတိုင်းဟာ မိမိတို့ပိုင်ဆိုင်မှုနဲ့ပါတ်သက်တဲ့ကိစ္စအ၀အ၀အတွက် ဘယ်လိုစိတ်ဆန္ဒရှိလဲဆိုတာ၊ မိမိ မိသားစုဝင်များကို ဖွင့်ဟပြောဘို့လိုသလို၊ မိသားစုဝင်တိုင်းကလည်း မိမိတို့ဆန္ဒအရင်းခံကိုထုတ်ဖေါ်ပြောကြားထားဘို့လိုပါတယ်။ ဒါကနှုတ်အားဖြင့်ဆန္ဒပါ။ ကျွန်တော်တို့ မြန်မာတွေရဲ့ ဓလေ့ထုံးစံက “လင်သေ၊ မယားစာ၊ မယားသေ၊ သားသမီးကြီးစဉ်ငယ်လိုက်စား” စေဆို တဲ့ဓမ္မသတ်ဟာ ရာစုများစွာနဲ့အရိုးစွဲပြီမို့၊ မထောင်းထာပေမဲ့ အမေရိကနိုင်ငံမှာ၊ ကာယကံရှင်တစ်ဦး ဟာ မိမိပိုင်ဆိုင်မှုကို မဆိုင်သူတစ်ဦးကိုမိမိသေဆုံးချိန်မှာ လွှဲပေးဘို့ သေတမ်းစာရေးခွင့်ကို ဥပဒေက တရားဝင်ခွင့်ပြုထားတယ်ဆိုတဲ့အချက်ကိုနားလည်လက်ခံကြရပါမယ်။ ဒီဟာကို သေသူရဲ့ death wish အဖြစ် အမွေဆက်ခံခွင့်မရသော်လည်းကျန်မိသားစုဝင်တွေက လက်ခံလိုက်နာကြရပါတယ်။ ဒါ ဟာ honor လို့သတ်မှတ်ကြပါတယ်။

(ဂ) Will, advance directive for healthcare, revokable trust တို့စတဲ့စာချုပ်စာတမ်းတွေကို၊ သေခြာလေ့လာပြီး၊ ကြိုတင်ပြင်ဆင်ကြရပါမယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က၊ အမွေကိစ္စဟာ မိသားစုချင်းမခေါ်မပြောနိုင်လောက်အောင်ဖြစ်တတ်တာမို့ ကျွန်တော်တို့မြန်မာမိသားစုတွေထဲ ကြုံဘူး သူတွေမနည်းဘူး ဆိုတာ လူတိုင်းသိပြီးသားပါ။ သိလျက်နဲ့လည်း ဒီစာချုပ်စာတမ်းတွေကို ကြိုတင်ပြင် ဆင်မှုအလွန်အား နည်းပါ တယ်။ အမွေကိစ္စကို မပြောသင့်မဆွေးနွေးသင့်တဲ့ ကိစ္စအဖြစ်အယူသည်းမှု က အဲ့ဒီပြဿနာကိုအဆ မတန်ကြီးထွားသွားစေပါတယ်။ မိမိပိုင်ဆိုင်မှုအနဲအများနဲ့မဆိုင်ပါဘူး။ ဒါစာချုပ်စာတမ်းတွေရှိထားကြဘို့ လိုပါတယ်။

(ဃ) ဒီစာချုပ်မှတ်တမ်းပြင်ဆင်ထားခြင်းမရှိကြသူတွေ မိမိတို့ပိုင်ဆိုင်မှုကို အစိုးရက သိမ်းပိုက်ခွင့် (probate) လုပ်လို့ court filing လုပ်ပြီးနှစ်ရှည်လများစောင့်ကြရတာတွေရှိပါတယ်။ စိတ်ရှုတ်ကြရမဲ့ ကိစ္စတွေပါ။

(င) အသေးစားကိစ္စတွေကတော့ utility bills, credit cards နဲ့ ကြီးမားတဲ့ ကြွေးမြီတွေဖြစ်တဲ့ mortgage နဲ့ ယာဉ်တွေနဲ့ပါတ်သက်တာတွေအတွက် informant ကဆောင်ရွက်ကြရပါမယ်။

(စ) နောက်အရေးကြီးတဲ့အချက်က သေသူကနောက်ဆုံးနေတဲ့အိမ်မှာတစ်ဦးထဲနေကြရင်တော့၊ အိမ်ယာထုခွဲခြင်းကိစ္စမပြီးမချင်း၊ အိမ်အစောင့်အရှောက်အစီအမံရှိရပါမယ်။ သေသူနဲ့ဆိုင်တဲ့ accounts တွေမဆိုင်သူလက်ထဲရောက်ရင် ဒုက္ခလှလှတွေ့တာမျိုးတွေရှိကြကြောင်းပါ။ ဒါတွေကို ဘယ်သူကတာဝန်ယူစီမံခန့်ခွဲလို့၊ ဘယ်လိုတာဝန်ယူမလဲဆိုတဲ့အသိပေးမှုအချင်းချင်းကြားနားလည်မှု၊ သဘောတူညီမှုရှိရပါမယ်။ ယုံထင်ကြောင်ထင်မှုကိုကာကွယ်ကြရပါမယ်။ social security နဲ့ ပင်စင်401k နဲ့ အခွန်ရှင်းလင်းရေးကိစ္စတွေ ဆောင်ရွက်ရပါ့မယ်။

(ဆ) ရှေ့နေငှားတဲ့ကိစ္စမှာကျွန်တော်တို့မြန်မာတွေအလျင်စလိုလုပ်တတ်ကြပါတယ်။ နားလည်ကြ ဘို့က အခြေခံကိစ္စတွေအားလုံးဟာ လူတိုင်းနားလည်ရလွယ်တဲ့ကိစ္စတွေဖြစ်ပြီး၊ ရှေ့နေကအဲ့ဒီအပေါ် မှာ အခကြေးငွေတောင်းတာပါ။ လုပ်နေမကျလို့မလုပ်ရဲကြပေမဲ့ သေသေခြာခြာလေ့လာရင် ထင်သ လောက် မခဲယဉ်းပါ။ ဒီလိုပြောရတာကဘာ့ကြောင့်လဲဆိုတော့၊ အတော်များများသောမိသားစုတွေ ဟာ ရှေ့နေကရှိရှိသမျှကိုယ့်ကိုပြန်ခိုင်းပြီး ငွေယူတာကိုမြင်ပြီးကြတဲ့နောက်မှ၊ “ငါတို့အသိနောက်ကျ လေချင်း” ဖြစ်တတ်ကြလို့ပါ။ probate လိုကိစ္စမျိုး၊ စာချုပ်စာတမ်းမပြည့်စုံတာမျိုး၊ ဥပဒေနဲ့အညီ ပြုစုထားခြင်းမရှိတဲ့ စာချုပ်စာတမ်းများရှိခဲ့ရင်တော့ ဥပဒေပညာရှင်တွေရဲ့အကူအညီလိုလာတတ်ပါ တယ်။

(ဇ) အများဆုံးတွေ့ရတဲ့ ပြဿနာက ကျန်ရစ်သူမိသားစုဝင်ချင်း၊ မိသားစုနဲ့ ရှေ့နေကြား ယုံကြည်မှု ကင်းမဲ့ခြင်း (mistrust) တွေဟာ ပြဿနာကိုပိုမိုကြီးထွားစေပါတယ်။ ဖြစ်တတ်တဲ့အခက်အခဲတွေ ကတော့ - စာချုပ်များထားရာနေရာ၊ internet passwords၊ မူရင်းအချက်အလက်များပါ ကြေငြာ စာတမ်းများ (declaration, coverage terms, contracts, accounts)၊ အဲ့ဒီအချက်တွေဘယ်လိုရ ယူမလဲ၊ သေဆုံးသူလှို့ဝှက်စွာသိမ်းထားသော မိသားစုမသိစေချင်သောလှို့ဝှက်ချက်များ၊ ဆေးဝါးတိပ် တဆိတ်သုံးစွနြေမှု၊ ငွေရေးကြေးရေး အရှုပ်အရှင်း၊ ကြွေးမြီပေးချေမှု စတာတွေဟာ မထင်မှတ်ဘဲ ကြွေးရှင်တွေ၊ သက်ဆိုင်သူတွေ ပေါ်လာတတ်ကြပါတယ်။ 

(ဈ) အသေးအမွှားကျန်းရစ်ပစ္စည်းများစတဲ့ ဘို့းဘွားအဆက်ဆက်ပိုင် လက်ဝတ်ရတနာ၊ အသုံးအ ဆောင်ရင်ထိုးလိုအရာမျိုးကအစ၊ မိသားစုဝင်ချင်းအချင်းများတတ်ကြပါတယ်။ ဘာမဟုတ်တဲ့ အရာ တွေအတွက် လူသိရှင်ကြားအချင်းပွားမှုတွေဖြစ်တတ်ကြပါတယ်။ 

(ည) Beneficiary - ဒီကိစ္စဟာ ကာယကံရှင်ရဲ့ဆန္ဒအရမဟုတ်ဘဲ၊ ဥပဒေကအချို့ကိစ္စတွေမှာ လွှမ်းမိုးထားပါတယ်။ မိမိတို့အသက်ရှင်နေသမျှနှစ်စဉ်တိုင်းစိစစ်ပြီးလိုအပ်သော လိုတိုးပိုလျှော့တွေ လုပ်ဘို့လိုပါတယ်။ ဥပမာ-401k လိုကိစ္စမှာ beneficiary နဲ့ အချိုးခွဲဝေမှုကိုတိတိကျကျမှတ်တမ်းပြုစု ထားဘို့ လိုပါတယ်။ ပထမဆုံးတကြိမ်လုပ်ယုံနဲ့မပြီးပါဘူး မိမိတို့သေဆုံးပြီးနောက် ကျန်ရစ်သူ မိသားစုဝင်ကြား မလိုလားအပ်တဲ့အကြိတ်အနယ်ဖြစ်မှုတွေ မဖြစ်အောင်ရှောင်ရှားနိုင်သမျှ ရှောင်ရှား နိုင်အောင်စီမံထားဘို့လိုပါတယ်။

(ဋ) ဒီနေရာမှာအလေးထားသတိပေးလိုတဲ့အချက်ကတော့ revocable trust ဟာ လူများသူငါသိတဲ့ will သေတမ်းစာထက်ပိုခိုင်မာပါတယ်။ ဥပဒေကြောင်းရှုတ်ထွေးလှတဲ့ ခေတ်ကာလမှာwill လို့ဆိုခြင်း ဟာ trust ကိုဆိုလိုခြင်းလို့ ကျွန်တော်တို့သာမာန် လူပြိန်းတွေအနေနဲ့သိထားကြဘို့လို ပါတယ်။ trust ဟာ ဥပဒေကြောင်းအရအခုအခံဖြစ်သလိုprobate ကိုလည်းကာကွယ်နိုင်ကြောင်းပါ။  တခါ trust ဆိုတာ ကလည်း (living trust) ကိုဆိုလိုတာဖြစ်သလို၊ မိမိသက်ရှိထင်ရှားစဉ်ပြင်ဆင်ခွင့်ပယ်ဖျက်ခွင့် (revokable power)ကိုရထားပါတယ်။ ဒါပေမဲ့အရေးကြီးတာက trust စာပုံစံတကျထုတ်ယုံနဲ့မပြီးပါ ဘူး။ notarize နဲ့ court filing လုပ်ပြီးမှတ်ပုံတင်ထားရပါတယ်။ ဆိုင်ရာခရိုင်မှတ်ပုံတင်ရုံးတွေက အခကြေးငွေနဲ့လုပ်ပေးပါတယ်။

(ဌ) နောက်တချက်က  (power of attorney) နဲ့ (conservatorship) ပါ။ ကာယကံရှင်အိုမင်မစွန်း ဖြစ်ခါနီး အသိညဏ်ချို့ယွင်းမှုရှိလာပြီဆိုရင်ဒီစာချုပ်တွေလိုလာပါတယ်။ (incapacity documents) လို့ခေါ်ကြပါတယ်။ power of attorney ကတော့ ကာယကံရှင်ကိုယ်စားဆောင်ရွက်နိုင်ခွင့်ရှိသူပါ။ ဒါပေမဲ့ ကာယကံရှင်ရဲ့စိတ်အခြေအနေ၊ ကျန်းမာရေးယို့ယွင်းမှုကြောင့် မိသားစုဝင်(သို့မဟုတ်)အခြား သူတွေနဲ့အကြားတရားရင်ဆိုင်ရဖွယ်ရှိတဲ့အခြေအနေရှိခဲ့ရင်၊ တရားရုံးတွေကconservatorshipကို ခန့်အပ်တာဝန်ပေးကြရပါတယ်။ ထိုသူရဲ့စီမံမှုဟာ အပြီးအပြတ်ဖြစ်တဲ့အာဏာကိုရရှိပါတယ်။ အဓိကအချက်ကတော့ ကာယကံရှင်ရဲ့အကျိုးစီးပွားကို ဥပဒေကြောင်း (သို့မဟုတ်) ဥပဒေမျက်စီနဲ့ ချိန်ထိုးဆုံးဖြတ်တာမို့၊ တခါတရံမှာ၊ အများအမြင်အရ ကာယကံရှင်ရဲ့အလိုဆန္ဒနဲ့ဆန့်ကျင်တယ်လို့ ဆိုနိုင်၊ သံသယဖြစ်နိုင်၊ စွပ်စွဲမှုတွေရှိနိုင်ပါတယ်။ conservator courtsတွေကကြားနာစီရင်ချက်ချ ကြပါတယ်။ သိကြဘို့ကconservatorခန့်လိုက်ပြီဆိုတာနဲ့conservateeလို့ခေါ်တဲ့ကာယကံရှင်ဟာ၊ မိမိပိုင်ဆိုင်မှု၊ ဆုံးဖြတ်ပိုင်ခွင့်ကိုချမှတ်နိုင်ခွင့်မရှိတော့ပါဘူး။ ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ကိစ္စအ၀၀ (အသက် ရှင်ရေးရပ်တည်ရေးကအစ) conservator ကတောက်ရှောက်လုပ်ဆောင်သွားခွင့်ရှိတယ် ဆိုတာကို သိနားလည်ကြဘို့လိုပါတယ်။ ချွင်းချက်တွေတော့ရှိပါတယ်။ ဒါပေမဲ့ တရားရုံးကအဆုံအဖြတ်ကလွှမ်း မိုးထားပါတယ်။ အာဏာဘယ်လောက်အထိပေးလည်းပေါ်မှာမူတည်ပါတယ်။

(ဍ) Healthcare directive ဟာကာယကံရှင်ရဲ့နောက်ဆုံးထွက်သက်ဆန္ဒကိုဖေါ်ပြခြင်းပါ။ advanced healthcare directiveလို့လဲသိထားကြပါတယ်။ DNRလို့ဖေါ်ပြသဘောတူလက်မှတ်ထိုးထားရင်”Do not resuscitate”လို့ဆန္ဒရှိတဲ့အတွက် နှလုံးခုံရပ်ရင် ပြန်နှိုးဆွခြင်းကို မလိုအပ်ဘဲမလုပ်စေလိုတဲ့ ဆန္̔ဒပါ။ POLST ဆိုရင်တော့ ဆရာဝန်ရဲ့လိုအပ်သောညွှန်ကြားချက်အရအသက်ပြန်ကူတဲ့ကုသမှတွေ “Physician’s order for life-sustaining treatment”ကိုလုပ်ပေးပါလို့ဆန္ဒရှိကြခြင်းပါဘဲ။

ရှုတ်ထွေးပွေလီလှတဲ့ အမေရိကနိုင်ငံကလူမှုပါတ်ဝန်းကျင်မှာ ကျွန်တော်တို့မြန်မာတွေ အနေကောင်း၊ အလုပ်ကောင်းပြီးပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုချည့်ဖြစ်ကြပါတယ်။ ဒါပေမဲ့ဝင်ငွေကောင်းတဲ့သူတွေသာ သေတမ်းစာနဲ့ သေရေးပြင်ဆင်မှုတွေလုပ်ဘို့လိုတယ် ဆိုတဲ့ အယူအဆမှာကို အမေရိကရောက်ကျွန် တော်တို့မြန်မာအားလုံးခ၀ါချကြဘို့လိုပါတယ်။

အသေဖြောင့်ရေးအစီအမံရဲ့ ထိရောက်ပေါက်မြောက်မှုအတိုင်းအတာဟာ သေဆုံးသူသေပြီးနောက်  ပိုင်း ကျန်မိသားစုဝင်အချင်းချင်းကြား အချိန်တိုတိုအတွင်းချောချောချူချူနဲ့ပြီးဆုံးနိုင်မှုအပေါ်မူတည်နေ ပါတယ်။ သေသူဆန္ဒပြည့်ဝမှုရှိအောင် ဖြည့်ဆည်းရခြင်း ဆိုတဲ့ honor ဟာ ကျန်ရစ်သူတွေအတွက် စိတ်ချမ်းမွေ့စရာတခုမဟုတ်ပါလားခင်ဗျား။         ။