Saturday, September 29, 2018

“Crazy Rich Asians” ရဲ့ နောက်ကွယ်……

မူရင်းစာရေးဆရာ Kevin Kwan ရဲ့ “Crazy Rich Asians” ရုပ်ရှင်ကားဟာ အမေရိကနဲ့ကမ္ဘာ တ၀ှမ်းရှိ အာရှ နွယ်ဝင် အားလုံးကို သာမက၊ ဒေသခံအဖြူလူမျိုးများကိုပါကိုင်လှုပ်နိုင်ခဲ့ပုံရပါတယ်။ (၄)ပါတ်ဆက်တိုက် လက်ရှိရုံတင် ဇာတ်ကားအားလုံးရဲ့ဝင်ငွေများကိုကျော်ဖြတ်စံချိန်ချိုးနိုင်ရုံမက၊ လက်ရှိကာလထိပ်တန်း ၀င်ဇာတ် ကားကြီးဖြစ်နေတာက ထင်ရှားလှတဲ့ ပြရုဂ်တခုပါ။ အထူးသဖြင့် race လူမျိုးရေးကိစ္စတွေလွှမ်းမိုး ဖြစ်ပေါ်နေတဲ့ အချိန်နဲ့လဲတိုက်ဆိုင်နေတာမို့၊ လူမျိုးရေးကိစ္စတွေရဲ့ တပ်လှန့်သံတခုဖြစ်သလို၊ ကမ္ဘာမှာ အာရှနွယ်ဝင်များရဲ့ အမြစ်တွယ်နေဆဲဖြစ်တဲ့ ရှေးရိုးစွဲ (conservatism) (သို့မဟုတ်) ဓလေ့ထုံးတမ်းစဉ်လာ (traditionalism) ကိုအထင်အရှားလှစ်ဟပြလိုက်သလိုလည်းရှိနေပါတယ်။ “အာရှကျား”လို့လူသိများခဲ့တဲ့ ကာလကြီးမှာ တရုတ် နွယ်ဝင်များဟာကမ္ဘာအနှံ့တောကြိုအုံကြားဒေသတွေမှာ၊ အခရာကျတဲ့ကဏ္ဍတွေမှာအကျ နေရာယူထားတာ ကို၊ သွားလာရေးခက်ခဲ့လှတဲ့ ချင်းတောင်တန်းဒေသမှာ၊ တာဝန်ယူခဲ့တဲ့ကျွန်တော်မောင်မိုးညို ကောင်းစွာသိခဲ့ပါ တယ်။
ရုပ်ရှင်ဇာတ်အိမ်ဖွဲ့စည်းမှုက ခတ်ရိုးရိုးပါ။ စင်္ကာပူနိုင်ငံကငွေကြွယ်ဝတဲ့မိသားစုကပေါက်ဖွားတဲ့သားနဲ့ရည်ငံတဲ့အမေရိကနိုင်ငံဖွား၊ တရုတ်-အမေရိကန် MIT ပါမောက္ခမိန်းခလေးငယ်တို့ရဲ့အချစ်ဇာတ်လမ်းမှာ၊ သားရဲ့မိခင်ဖြစ်သူရဲ့ငွေကြေးကြွယ်ဝမှုဂုဏ်ပကာသန နောက်ခံ နဲ့အသိုင်းအ၀န်းရဲ့ရှေးရိုးစွဲဓလေ့ရိုက်ခတ်မှုက၊ ခလောက်ဆန်စေခဲ့တဲ့အဖြစ်တွေကို နောက်ကြောင်းခံ ရိုက်ကူးတင်ပြထားတဲ့၊ ဇာတ်လမ်းသွားပါ။ တကယ်တော့ ဇာတ်ဝင်ခန်းပါသူတွေအားလုံးဟာ၊ ခေတ်မှီပြောင်းလဲ နေတဲ့ရေစီးကြောင်းမှာပေါက်ဖွားလာကြသူတွေအားလုံးလိုချည့်ဖြစ်ကြပါတယ်။ ဆိုလိုတာက တိုးတက်တဲ့ အနောက်တိုင်းနေထိုင်မှုဘ၀နဲ့ကြီးပြင်းကြသူတွေ၊ စီးပွားဖြစ်ကြသူတွေဖြစ်ပါတယ်။ ကမ္ဘာ့အရှေ့ဖျားစီးပွားရေး ဆုံမှတ်ကြီးတခုဖြစ်နေတဲ့ စင်္ကာပူနိုင်ငံရဲ့ အချက်အချာဒေသမှာဇာတ်အိမ်ဖွဲ့ထားတာမို့၊ ရှေးရိုးဆန်တဲ့သူတွေ မဟုတ်ဘူးဆိုတဲ့အချက်ကို၊ ရုပ်ရှင်ကြည့်ကြသူတွေ သတိပြုမိကြမှာပါ။
ပြီးခဲ့တဲ့ရာစုထက်ဝက်လောက်က ကမ္ဘာစစ်ပြီးနောက်ပိုင်းတဟုန်ထိုးချမ်းသာကြွယ်ဝလာတဲ့ဂျပန်နိုင်ငံပြီးတော့၊ နောက်ကသိသိသာသာလိုက်ပါလာရုံမက၊ ဒီနေ့ဆိုရင်စီးပွားရေးယန္တရားကြီးကိုကိုင်ချုပ်လာပြီဖြစ်နေတဲ့ ကမ္ဘာ ကအာမစိုက်ဘဲနေလို့မရတော့တဲ့ တရုတ်နိုင်ငံဟာလည်းပေါ်ပေါက်လာပါပြီ။ တရုတ်နဲ့ခေတ်ပြိုင် အိန္ဒိယ/ ပါကစ္စတန်နိုင်ငံကုလားလူမျိုးများကိုလည်းပေါ်ပေါ်ထင်ထင်တွေ့နေရပါပြီ။ ပညာတိုးတက်မှု၊ စီးပွားရေးစွမ်း ရည်သစ်တွေတီထွင်လာနိုင်မှု၊ အရာရာမှာကွက်ကျော်မြင်နိုင်သလို၊ အနောက်နိုင်ငံသားတွေထက်ကျားကုတ် ကျားခဲကြိုးစားအားထုတ်နိုင်မှုစာတာတွေဟာ၊ အဓိကမောင်းနှင်အားတွေပါ။
အာရှရဲ့ထွက်ကုန်ပစ္စည်းပမာဏစုစုပေါင်းဟာ (၁၉၉၀)တုန်းက ကမ္ဘာတခုလုံးရဲ့(၄%)သာရှိခဲ့ရာက၊ နောင်လာမဲ့ (၂၀၂၂)မှာ (၂၁%)အထိရှိမယ်လို့ဆိုင်ရာတွေကတွက်ချက်ကြပါတယ်။ ဘူဇွာအရင်းရှင်တွေကိုလူမျိုးတရပ်လုံး ရဲ့ဘုံရန်သူအဖြစ်သတ်မှတ်ပြီး၊ ကွန်မြူနစ်ဝါဒကိုဒီနေ့အထိလက်ကိုင်စွဲထားတဲ့ တရုတ်နိုင်ငံဟာ၊ ကွယ်လွန်သူ ခေါင်းဆောင်ကြီးတိန်ရှောက်ဖိန်ရဲ့တရုတ်တို့ရဲ့လူမျိုးရေးလက္ခဏာများနဲ့ပြီးပြည့်စုံတဲ့ (Socialism with Chinese characters) ဟာ ခုချိန်မှာ၊ နေရာယူနေပါပြီ။ သူ့ရဲ့ဝါဒကိုထောက်ပြပြီး၊ တရုတ်နိုင်ငံတခုလုံးရဲ့ကြွယ်ဝမှု(၁%) ကိုသာနိုင်ငံသားတို့ကပိုင်ဆိုင်ကြောင်းပြောပြခဲ့တဲ့ရုပ်ဝါဒအဓိကရဲ့ပြရုဂ်ပါလို့ဆိုပြန်ပါတယ်။ ဘယ်လိုဘဲဆိုကြပါ စေ၊ တရုတ်လူမျိုးတို့ရဲ့စီးပွားရေးလုပ်ဟန်တွေကြောင့်နိုင်ငံရဲ့စီးပွားရေးဟာ၊ ကမ္ဘာကဂရုမစိုက်ရမနေနိုင်အောင်၊ ဆက်ဆံနေကြရပါပြီ။
စင်္ကာပူနိုင်ငံကိုထူထောင်ခဲ့သူ (ကွယ်လွန်သွားသူ) လီကွမ်းယူရဲ့မျှော်မှန်းချက်ဖြစ်တဲ့ စရိုက်လက္ခဏာတွေ (values) ဖြစ်တဲ့ (Confucian Values) တွေဖြစ်တဲ့ မိသားစု (family)၊ ဓလေ့ထုံးတမ်းစဉ်လာ (tradition) နဲ့ ကြီးစဉ်ငယ်လိုက်(hierarchy) ဖိုခနောက်(၃)ခုဟာ၊ ခုချိန်မှာ အတော်အုတ်မြစ်ခိုင်မာနေပါပြီ။ ကမ္ဘာတ၀ှမ်းနေ တရုတ်လူမျိုးတွေရဲ့ စီးပွားရေးလုပ်နည်းလုပ်ဟန်တွေဟာ အဲ့ဒီအပေါ်မှာအခြေခံထားတာကိုလေ့လာကြည့်ရင် တွေ့ရမှာပါ။
တရုတ် (သို့မဟုတ်) အာရှနွယ်ဝင်အားလုံးတို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှု (တနည်း)မနှစ်မြို့နိုင်မှုဟာ၊ အခြားအနွယ် ၀င် (အထူးသဖြင့် ဒေသခံအဖြူလူမျိုးများနဲ့) သွေးနှောမှာကိုအကြောက်ဆုံးပါဘဲ။ ဒုတိယစိုးရွံ့မှုကတော့ အနောက်တိုင်းဓလေ့ယဉ်ကျေးမှုလွမ်းမိုးမှာကိုခါခါသီးသီးငြင်းဆန်လိုမှုပါဘဲ။ ဒါကိုအမေရိနိုင်ငံမှာ တော့ (“whitening” phenomenon) လို့တင်စားကြပါတယ်။ အဓိကကတော့ မိမိတို့ရဲ့ကြီးပွားမှု၊ အောင်မြင်မှု၊ ထူးချွန် ထက်မြက်မှုစတဲ့အရည်အသွေးလက္ခဏာတွေ ရုတ်လျော့ပျောက်ဆုံးမှာကိုအစိုးရိမ်ကြီးစိုးရိမ်လို့ဆိုရင် မမှားပါ ဘူး။
ကမ္ဘာကျော် Pew Research ရဲ့နောက်ဆုံးစစ်တမ်းတွေအရ၊ အာရှလူမျိုးနွယ်တစ်ဦးရဲ့တစ်နှစ်ဝင်ငွေဟာ ပျမ်းမျှ ($၇၃,၀၀၀)ရှိချိန်မှာ၊ အခြားလူမျိုးခြားတွေရဲ့ဝင်ငွေပျမ်းမျှ ($၅၃,၆၀၀)ထက်အဆမတန်ဝင်ငွေကောင်းနေတာ ကိုကြည့်ရင်မြင်နိုင်ပါတယ်။ အမေရိကနိုင်ငံတ၀ှမ်းမှာ ဘွဲ့ရပညာတတ်ပျမ်းမျှ (၃၀%)သာရှိချိန်မှာ၊ အာရှလူမျိုး (၅၀%)ကျော်ဟာအနည်းဆုံအခြေခံအဆင့်ဘွဲ့ရတွေဖြစ်နေပါပြီ။ ကူးသန်းရောင်းဝယ်မှု၊ ခေတ်မှီနည်းပညာ တတ်ကျွမ်းမှု၊ စတာတွေမှာ အာရှသားများကနေရာယူထားတာတွေကိုခုခေတ်ရုပ်ရှင်တွေမှာ ဆရာဝန်/ အင်္ဂျင်နီယာ၊ ပညာရှင်သရုပ်ဆောင်မှုတွေမှာ၊ အာရှသားတွေကိုသာအသုံးပြုလာကြတာကိုကြည့်ရင်တွေ့နိုင်ပါ တယ်။
တခါ Crazy Rich Asians ဇာတ်လမ်းဟာ အနောက်တိုင်းနေထိုင်မှုလူမှုဘ၀စည်းစိမ်ကိုအပြည့်အ၀ရထားပေမဲ့၊ မိမိတို့ မိသားစုရေးကိုသာပဓါနပြုတဲ့ (Self-centered & Family-centered) အောင်မြင်မှုလမ်းကြောင်းက သွေဖယ်မှုမရှိသေးကြောင်းကိုလည်းအတိအကျဖေါ်ကျူးထားပါတယ်။ ဆိုလိုတာကတော့အာရှိနွယ်ဝင်တို့မိမိတို့
ဘ၀ဘယ်လိုဘဲခေတ်မှီတဲ့ပညာလူမှုစရိုက်မှာမွေးဖွားကြီးပြင်းပေမဲ့လဲ၊ ဆိုခဲ့တဲ့စရိုက်လက္ခဏာတွေကိုတော့၊ ခ၀ါချကြမဲ့ရှေ့ပြေးနိမိတ်မတွေ့သေးကြောင်းပါလို့။ ။

Monday, September 03, 2018

မှန်ကန်သော အာမခံစနစ်ဖြင့် လွှမ်းခြုံကာကွယ်နိုင်မှုရရှိရေး



တလောကရင်းနှီးတဲ့မိတ်ဆွေတစ်ဦးက သူကနေ လစဉ်ပေးသွင်းနေရတဲ့ သူ့ရဲ့အာမခံပရီမီယံကြေးတွေမြင့် လာတဲ့ကိစ္စနဲ့ ပါတ်သက်ပြီးငြီးတွားပြောဆိုတာကိုကြားမိရင်းက ဒီဆောင်းပါးကိုရေးမယ်လို့စိတ်ကူးမိပါတယ်။ ကျွန်တော့မိတ်ဆွေဟာ ဒီအမေရိကနိုင်ငံမှာမွေးဖွားကြီးပြင်းပညာသင်တတ်ဘွဲ့ရလူမျိုးခြားတယောက်ဖြစ်ပြီး၊ ကိုယ်ပိုင်အသက်မွေးဝမ်း ကြောင်းလုပ်နေသူဖြစ်တာမို့၊ ၀င်ငွေဖြောင့်ဖြူးတဲ့စာရင်းဝင်တစ်ဦးလို့ဆိုနိုင်ပေမဲ့ ကြွယ်ဝချမ်းသာလောက်အောင် ၀င်ငွေကောင်းသူတယောက်တော့မဟုတ်မှန်းကျွန်တော်ကောင်းကောင်း သိပါတယ်။ သူ့အဆိုအရလစဉ်ပေး သွင်းရတဲ့အာမခံအမျိုးမျိုးတို့ရဲ့ပရီမံယံကြေးဟာ (၃)ထောင်ကျော်လောက် ရှိတယ်လို့ဆိုပါတယ်။
ဆိုတော့-အာမခံစရိတ်စကဟာအမေရိကလူနေမှုဘ၀မှာသိသာတဲ့ဝန်ထုပ်ဝန်ပိုးကြီးတခုဖြစ်လာပြီလို့ဆိုရမှာ ပေါ့။ အာမခံတို့ရဲ့သဘောသဘာဝဟာ တနေ့တခြားကြီးမားလာတဲ့နေထိုင်စားသောက်စရိတ်၊ ၀န်ဆောင်စရိတ်၊ ပေါ်ပေါက်လာနိုင်မဲ့ကိစ္စမတော်တဆမှုတွေကြောင့် ကုန်ကျရမဲ့စရိတ်စကကိုကြားကန်မိနိုင်အောင်၊ ၀န်းရံပေး ထားတဲ့ လွှမ်းခြုံကာကွယ်မှုတခုမို့ ဆိုခဲ့တဲ့ကိစ္စတွေကိုတာဝန်ယူဖြေရှင်းပေးမဲ့ ငွေရေးကြေးရေးပိုင်းဆိုင်ရာတွေ မှာ၊ စိတ်အေးချမ်းသာမှု (peace of mind) လို့ယူဆထားချက်ဟာလွဲချော်မှုတခုခုဆီသို့ဦးတည်နေပြီလားဆိုတဲ့ သံသယစိုးရိမ်မှုတွေကြီးထွားလာနိုင်ဘွယ်ရှိနေပါတယ်။ တကယ်တော့ ဆိုခဲ့တဲ့မမျှော်မှန်းနိုင်တဲ့ဖြစ်ရပ်တွေ အတွက် အမှန်တကယ်ကုန်ကျမဲ့စရိတ်စကတွေဟာကြောက်ခမန်းလိလိ ဈေးစရိတ်ကြီးတဲ့ခေတ်ကိုရောက် မှန်းမသိ ရောက်နေကြပါပြီ။ ဥပမာ-ကျန်းမာရေးအာမခံရှိသူတစ်ဦးဆီမိမိဆေးရုံတက်ရောက်ကုသစရိတ်တွက် ချက်မှုမှတ်တမ်း (care statement) ရောက်လာတဲ့အခါမှ၊ ရက်ပိုင်းလေးအတွင်းသောင်းနဲ့ချီကုန်ကျကြောင်း တွေ့ရမှ မျက်လုံးပြူးပြီ။ တော်ပါသေးရဲ့ ငါ့ကျန်းမာရေးအာမခံကအကုန်အကျခံပေးလို့ဘဲလို့သက်ပြင်းချကြရတဲ့ အဖြစ်တွေ့ကြုံဘူးကြပါမှာပါ။ အမေရိကရောက်မြန်မာများအနေနဲ့ ဆိုခဲ့တဲ့အာမခံအမျိုးမျိုးတို့ရဲ့အရံအတား လက် ၀ယ်ရှိနေကြတာကြောင့်တကယ်ကုန်ကျစရိတ်ကိုမျက်ခြေပြတ်နေကြပြီး၊ မြန်မာနိုင်ငံမှနေတဲ့ဆွေမျိုးသားချင်း များရဲ့ဆေးကုသစရိတ်သိန်းသောင်းများစွာတို့ရဲ့သတင်းကို၊ ရင်သပ်ရှုမောအံ့သြကြတာတွေအမှတ်ရကြလိမ့်မယ် ထင်ပါတယ်။
ကမ္ဘာ့စီးပွားရေးပညာရှင့်အသီးသီးတို့ကတညီတညွတ်သဘောတူကြတဲ့အချက်ကတော့၊ အာမခံစနစ်ဟာ တဖက်က၊ စားသုံးသူအများရဲ့ဥစ္စာပိုင်ဆိုင်မှုကိုလွှမ်းခြုံကာကွယ်မှုပေးသလို၊ တဖက်ကနေပြီးစီးပွားဖွံ့ဖြိုးမှုကို တွန်းအားပေးတဲ့မောင်းနှင်အားကြီးတခု ဆိုတဲ့အချက်ကိုပါဘဲ။
ကဲ- အမေရိကနိုင်ငံမှာနေထိုင်ကြတဲ့အလုပ်အကိုင်ရှိပြီးအလုပ်ကပံ့ပိုးပေးတဲ့ခံစားခွင့်ပုံမှန်ရှိသူတစ်ဦးမှာ ထားရတဲ့အာမခံအမျိုးအစားတွေကိုကြည့်ကြရအောင်ပါ။
(၁) ယာဉ်နှင့်ပါတ်သက်သောသူတပါးထိခိုက်မှုအာမခံ၊ (auto liability insurance) - မိမိဖာသာဝယ်ယူ ရပါတယ်။
(၂) ကျန်းမာရေးအာမခံ (health insurance) အလုပ်ရှင်ကပံ့ပိုးရင်သော်၎င်း၊ မိမိကိုယ်တိုင်အစိုးရ/ ပုဂ္ဂလိကမှတဆင့်ဝယ်ယူခြင်းဖြင့်၎င်း၊
(၃) ဘ၀အာမခံ (Life insurance – permanent or life) - အလုပ်ရှင်တော်တော်များများက အဲ့ဒီ အတွက်ကိုပရီမီယံကြေးပေးသွင်းပေးကြပါတယ်။ တန်ဘိုးပိုမိုကြီးမားတဲ့အာမခံတွေကိုလည်း သင့်လျော် တဲ့နှုန်းထားတွေနဲ့ပေးသွင်းနိုင်ကြပါတယ်။
(၄) လုပ်ခွင်မတော်တဆထိခိုက်မှုအာမခံ (Workers’ Compensation insurance) - အလုပ်ရှင်ကပေးသွင်း တဲ့အလုပ်ခွင်တွင်းတိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်သောနည်းနဲ့ဆက်စပ်တဲ့ထိခိုက် နာမကျန်းမှုအာမခံ၊
(၅) အိမ်တန်ဘိုးလစဉ်ပေးသွင်းငွေအတွက်အာမခံ (Mortgage insurance) – (အိမ်ပိုင်ရှိသူများဆိုရင်) မိမိကိုယ်တိုင်ပေးသွင်းရပါတယ်၊
(၆) အိမ်နှင့်ပါတ်သက်သောသူတပါးထိခိုက်မှုနှင့်ပျက်စီးဆုံးရှုံးမှု အာမခံ (Property liability insurance – renter, owned or condominium policies) - မိမိကိုယ်တိုင်ပေးသွင်းရပါတယ်၊ ဒီနေရာမှာ မိမိပိုင်းအိမ်တွင်း ပစ္စည်းများတွက် Wall-in insurance နဲ့ ငလျင်ဘေးအာမခံ (earthquake insurance) တို့ကိုလည်း (သီးသန့် ၀ယ်လိုရင်) မိမိကိုယ်တိုင်ပေးသွင်းရပါတယ်၊
ဒါတွေဟာလက်လှမ်းမှီသလောက်စာရင်းပြုစုထားတဲ့ အမေရိကနိုင်ငံအခြေချနေထိုင်ကြတဲ့ မြန်မာတွေ အတွက် မရှိမနေရှိနေရမဲ့ အာမခံတွေလို့ဆိုပါရစေ။
မိမိရဲ့ဘ၀လိုအပ်ချက်ပေါ်မူတည်ပြီးအခြားလိုအပ်တဲ့အာမခံအရံအတားအမျိုးမျိုးတို့လည်းရှိနေပါသေးတယ်။ ဥပမာ- ကိုယ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်တို့အတွက်မရှိမနေလိုအပ်တဲ့ တရားစွဲမှုတွေအတွက်ဥပဒေကြောင်း ဆိုင်ရာအာမခံ၊ စီးပွားရေးအာမခံ၊ ကုန်ပစ္စည်းအာမခံ၊  ဆရာဝန်သူနာပြုတွေအတွက် professional liability (သို့မဟုတ်) malpractice အာမခံမျိုးတွေ ဟာ ဥပမာအချို့သာဖြစ်ပြီးမရှိမဖြစ်ရှိနေဘို့လိုတဲ့ အာမခံအမျိုးအစား တွေပါ။
ဒီနေရာမှာ အာမခံလစဉ်ပေးသွင်းနေပါလျက်နဲ့ ကိစ္စကြီးငယ်ပေါ်ရင်အာမခံကုမ္ပဏီများနဲ့ငြင်းကြခုန် ကြရတဲ့ ပေးလျော်ဘို့ငြင်းဆန်မှု (တနည်း - coverage denial) ဘက်တစေ့တစောင်းကြည့်ကြရအောင်ပါ။ အောက်ပါအချက်တွေဟာတကယ်တော့ မိမိဝယ်ယူထားတဲ့ ပေါ်လစီ (Policy) တွေကအတိအကျညွှန်းပြလေ့ ရှိတဲ့ ခြွင်းချက် (exclusions) တွေပါ။
(က) ဘ၀အာမခံ -  သေဆုံးမှုဖြစ်ရခြင်းဟာ အရက်မူးယစ်ဆေးသုံးစွဲမှုကြောင့်၊ မိမိကိုယ်ကိုသေကြောင်း ကြံခြင်း၊ ထိခိုက်စေတဲ့နည်းနဲ့တမင်ကြံရွယ်သေစေခြင်း၊ မိမိခံစားရသောဝေဒနာကိုပျောက်ကင်းအောင်ကုသ နိုင်သောအခြေအနေရှိပေမဲ့ တမင်လျစ်လျူရှုခြင်း။
(ခ) ယာဉ်ထိခိုက်မှုအာမခံ - ယာဉ်အတွင်းကိုယ်ပိုင်ပစ္စည်းများ၊ တမင်ကြံရွယ်သောထိခိုက်ပျက်စီးစေမှု၊ ယာဉ်မောင်းနှင်စဉ်မှာအရက်/တားမြစ်ဆေးဝါးယုံးစွဲထားမှု၊ စစ်/သဘာဝဘေးကျရောက်သောဒေသတွင်း ပျက်စီးမှု။
(ဂ) ကျန်းမာရေးအာမခံ - တမင်ကြံရွယ်မှုဖြစ်နာမကျန်းဖြစ်စေရန် မိမိကိုယ်တိုင်ကိုသော်၎င်း၊ တပါးသူအားစေ ခိုင်း၍၎င်း ပြုလုပ်ခြင်း၊ အာမခံစနစ်ကသတ်မှတ်ထားသောဆေးကုထုံး၊ ဆရာဝန်၊ ဆေးခန်းဆေးရုံနှင့် ဆေးခန်း များကို အသုံးမပြုခြင်း၊ စစ်/သဘာဝဘေးကျရောက်သောဒေသတွင်း ထိခိုက်မကျန်းမာမှု။
(ဃ) အိမ်နှင့်ပါတ်သက်သော အာမခံ - မိမိပိုင်အိမ်အစိတ်အပိုင်းသော်၎င်း၊ တခုလုံးကိုသော်၎င်း တမင်ကြံရွယ် ၍ပျက်စီးစေခြင်း၊ ပျက်စီးအောင်အားပေးခြင်း၊ လျစ်လျှူရှုခြင်း၊ ငွေကြေးပျောက်ဆုံးခြင်း၊ စစ်/သဘာဝဘေးကျ ရောက်သောဒေသတွင်း ပျက်စီးမှု။
သေသေခြာခြာစဉ်းစားကြည့်ရင် တိုးတက်တဲ့နိုင်ငံကြီးတွေမှာအခြေချနေထိုင်ကြသူအားလုံးတို့အတွက် (အာမခံ အမျိုးအစားနည်းနည်းသာကွာရင်ကွာမယ်)၊ အာမခံရှိခြင်းမရှိခြင်းဟာဘ၀ရဲ့လုံခြုံမှု၊ စိတ်ချမ်းသာမှုရှိစေရေးတို့ အတွက်အခရာကျလှတဲ့  (very big deal!) လို့ဆိုပါရစေ။