Wednesday, January 31, 2024

Social Security အစီအမံကြီး၏အနာဂါတ်လားရာ

 ဒီကိစ္စက အမေရိကနိုင်ငံရဲ့နိုင်ငံရေးမျက်နှာစာမှာဘယ်သူမှမထိချင်၊ တာဝန်မယူချင်တဲ့ကိစ္စဖြစ်နေပါ တယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လူမှုရေးအစီအမံကြီးအဖြစ်၊ ရာစုနှစ်ထက်ဝင်ကျော် အောင်မြင် ခရီးပေါက်ခဲ့ပြီမို့၊ ဖျက်သိမ်းဖို့နေနေသာသာ ပြင်ဆင်ဖို့တောင်အတော်ခက်နေပါတယ်။ “America is getting older!” ဆိုတဲ့စကားအတိုင်း၊ လူ့အဖွဲ့အစည်းရဲ့ အစစအရာရာသော တိုးတက်ဖွံ့ဖြိုးကောင်းမွန် လာမှုဝန်းကျင်ကလူတွေရဲ့သက်တမ်းကိုမြင့်မားလာစေပါတယ်။ ဒါတောင်အမေရိကနိုင်ငံဟာ လူနေ အဆင့်အတန်းထိပ်ဆုံးမှမရှိသေးပါ။ များစွာသောပညာရှင်နဲ့ အစိုးရဌာနကြီးတွေရဲ့တွက်ကိန်းက လာမဲ့. (၁၀)နှစ်ကျော်ကာလကြီးမှာ Social Security System ကြီးကပ်ဆိုက်တော့မယ်လို့ ဟောကိန်းထုတ် ကြပါတယ်။ ဒီဌာနကြီးကိုစီမံအုပ်ချုပ်တဲ့အကြီးအကဲတွေရဲ့ တပ်လှန့်သတိပေးချက်တွေက၊ အများပြည်သူတွေကိုအထိပ်တလန့်ဖြစ်စေနေပါတယ်။ လာမဲ့ (၂၀၃၃)ခုနှစ်အရောက်မှာ၊ လက်ရှိအကျိုးခံစား ခွင့် ရရှိနေသူတွေနဲ့ နောက်ထပ်ပေါင်းတိုးပွားလာမဲ့ တရားဝင်ရပိုင်ခွင့်ရှိသူဦးရေ အရေအတွက်ကို၊ ဒီ trust fund ရဲ့ရံပုံငွေကအပြည့်အဝပေးနိုင်တော့မှာမဟုတ်ဘူးလို့တွက်ချက်ပြကြပါတယ်။

 

အလားအလာ

လုံးဝခမ်းခြောက်သွားမှာမဟုတ်ပေမဲ့ ခံစားခွင့်ရှိတဲ့ တရားဝင်ပမာဏအပြည့်အဝကိုခံစားခွင့်ရနိုင်တော့ မှာမဟုတ်တဲ့အကြောင်းမီးမောင်းထိုးပြကြပါတယ်။ ရရှိနိုင်မဲ့ပမာဏဟာ ရှိရင်းစွဲခံစားရရှိမဲ့ပမာဏရဲ့ (၇၇%)ကိုသာရရှိနိုင်ကြတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ (ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ မတ် ၃၁ရက်က Social Security Trustee က အမေရိကနိုင်ငံအထက်လွှတ်တော် Senate ကိုရေးတဲ့တရားဝင် အိပ်ဖွင့်ပေးစာ အရ။)

ဒီကိစ္စက အမေရိကနိုင်ငံသားအဖြစ် လမ်းခုလတ်မှစကြရတဲ့ မြန်မာတွေကို ကောင်းစွာရိုက်ခတ်လာနိုင် စရာရှိနေတာကတော့သေခြာပါတယ်။ အမှန်တော့ Social Security ခံစားခွင့်ဟာ အလျှံပယ်ရနိုင်တဲ့ ငွေကြေးခံစားခွင့်ပမာဏမဟုတ်ပါ။ ကိုယ်လုပ်သက်ကာလအတိုအရှည်၊ ဝင်ငွေပမာဏနဲ့အခွန်ပေး သွင်းနိုင်ချက်တွေပေါ်မှာ များစွာတည်မှီနေပါတယ်။ ဒီခံစားခွင့်တခုတည်းပေါ်မှီတွယ်ပြီး အလုပ်မှအနား ယူချိန်ရရှိနိုင်မဲ့ခံစားခွင့်ပမာဏဟာ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီးပြီး၊ ဒီနိုင်ငံမှာ သက်တမ်းပြည့်အလုပ် လုပ်နေကြသူတွေတောင် အနိုင်နိုင်ဖြစ်တာမို့၊ ကျွန်တော်တို့မြန်မာတွေက ရရှိနိုင်မဲ့ခံစားခွင့်ပမာဏဟာ သူတို့ထက်တော့နည်းမှမုချပါဘဲ။ လက်ရှိရရှိခံစားနေကြသူတွေကိုယ်တိုင် သိနေကြပါပြီ။ အမှန်တော့ ဒီအဖြစ်မျိုးကြုံကြရမယ်ဆိုတဲ့ စောဒကတက်မှုက (၁၉၃၅-ခုနှစ်) သမ္မတ Franklin Roosevelt ကဥပ ဒေအဖြစ်လက်မှတ်ရေးထိုးပြဌာန်းစဉ်ကတည်းကရှိခဲ့၊ ထောက်ပြခဲ့တဲ့ အချက်တွေပါ။ ဒါကသမိုင်းမှာ တောက်ရှောက်ရှိလာတဲ့ တပ်လှန့်မှုတွေပါ။ ဒါပေမဲ့ အမေရိကနိုင်ငံသားအားလုံးကတောင့်တခဲ့တဲ့ တည်ငြိမ်အေးချမ်းလုံခြုံမှုတည်းဟူသောအာမခံချက်ကိုပေးစွမ်းနိုင်တဲ့အစီအမံရဲ့ အဖြေဟာ Social Security Scheme တခုတည်းသာရှိပြီး၊ ဒီထက်ကောင်းတဲ့နည်းလမ်းကိုဒီနေ့အထိ ရှာမရသေးတာက တော့ထင်ရှားလို့နေပါတယ်။ ဒီအစီအမံကို stock အဖြစ်အသွင်ပြောင်းဘို့ ဆန့်ကျင်ဘက်နိုင်ငံရေးအင် အားစုတွေကအကြိမ်ကြိမ်ကျိုးစားခဲ့တဲ့သာဓကတွေရှိပေမဲ့မအောင်မြင်သေးပါဘူး။ လက်ရှိ လုပ်အားခ ဝင်ငွေမှအချိုးကျ(တိုက်ရိုက်)ပေးသွင်းရတဲ့ရံပုံငွေပမာဏတိုးမြှင့်မှု၊ ခံစားခွင့်ရရှိမဲ့အသက်အပိုင်းအခြား နဲ့၊ လုပ်သက်တိုးမြှင့်မှု စတဲ့အဖြေတွေသာရှိနေပါသေးတယ်။ အဆက်ဆက်သောသမ္မတနဲ့အခြားရွေး ကောက်ပွဲတွေမှာ အာမဘန္တေတွေဘယ်လိုဘဲခံကြပေမဲ့၊ အဲ့ဒီအစီအမံကြီးကတော့ ပြုပြင်ပြောင်းလဲမှုမ လုပ်နိုင်သေးပါဘူး။ 

စာရင်းများအရ အမေရိကန်နိုင်ငံသားခံစားခွင့်ရှိသူ(၆၇-သန်း)ဟာဒီအစီအမံကြီးရဲ့ ခံစားခွင့်တွေကို နည်းလမ်းတခုခုနဲ့ရရှိနေကြပါတယ်။ ခံစားခွင့်ရှိသူ (၅)ဦးမှာ(၄)ဦးက လစဉ်ခံစားခွင့် (payment and/or Medicare recipients) ဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ၊ မိမိတို့အလုပ်လုပ်ကိုင်စဉ်သက် တမ်းတလျှောက်လုံးမှာရရှိကြတဲ့ဝင်ငွေရဲ့ (၂၅ - ၅၀%)ကိုဒီအစီအမံရဲ့ fund ထဲကိုတိုက်ရိုက်ထဲ့ဝင်လာ ကြသူချည့်ပါ။

အမေရိကနိုင်ငံကြီးတခုလုံးရဲ့ စီးပွားရေးလောကကြီးတခုလုံးရဲ့အသုံးစရိတ်ရဲ့ (၅ - ၆%) ဟာ ဒီရံပုံငွေ ခံစားခွင့်ရှိကြသူတွေရဲ့အသုံးစရိတ်ဆိုရင်ယုံနိုင်ကြမလား? ဒီအတွက် ခံစားခွင့်ရရှိကြသူတွေရဲ့ စီးပွား ရေးဖြစ်ပေါ်တိုးတက်မှုကို အထောက်အကန်ပြုနေတာကတော့ ဧကန်ဖြစ်နေပါတယ်။

အထက်မှာဖေါ်ပြခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လက စာမှာ လက်ရှိအစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီး Janet Yellen အပြင်အခြားစီးပွားရေးဆိုင်ရာအထင်ကရပညာရှင်တွေပါတာမို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး။ သူတို့ရဲ့စာဟာဘယ်လောက်ဂရက်ရိုက်ခဲ့လဲဆိုတော့ (အဲ့ဒီအချိန်က) House Speaker Kevin McCarthy မှစပြီး သမ္မတ Joe Biden တို့တောင်ပြာယာခတ်သွားကြပါတယ်။ သူတို့နဲ့ဆိုင်ရာတွေကို အရေးယူလေ့လာကြဘို့နဲ့၊ ဆန့်ကျင်ဘက်နိုင်ငံရေးပြိုင်ဖက်တွေအပြန်အလှန်စကားစစ်ထိုးပွဲတွေ ဖြစ် စေခဲ့ပါတယ်။ 

 

ကျောထောက်နောက်ခံအခြေအနေတွေကိုလေ့လာကြရအောင်။

အမေရိကနိုင်ငံမှာ လူ့သက်တမ်းဟာမကြုံစဖူးရှည်လျားလာပါတယ်။ တပြိုင်တည်းမှာ သားသမီးရယူမှု လျှော့ချနေတဲ့ လူငယ်လူလတ်ပိုင်းလူဦးရေပမာဏတိုးပွားမှုတွေရဲ့ ကွာဟမှုပေါ်မှာမူတည်နေပါတယ်။ အဲ့ဒီအဖြစ်အပျက်(၂)ခုက ဒီလိုအဖြစ်တွေဖက်ကိုဆွဲခေါ်နေပါတယ်။ သက်တမ်းပြည့်လို့ လစဉ်ခံစားခွင့် ထုတ်ယူသူဦးရေသက်တမ်းရှည်လာတဲ့အတွက် ရံပုံငွေကနေထုတ်ယူသုံးစွဲသူ (၆%)တိုးလာချိန်မှာ၊ တဖက်ကရံပုံငွေထုတ်ယူသူ(၃၁%)တိုးပါလိမ့်မယ်။ အဲ့ဒီကွာဟမှုက အချိန်ကြာတာနဲ့အမျှပိုကွာဟ သွားဖို့ရှိတယ်လို့ဆိုကြပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက်က ရံပုံငွေ (ကာလတန်ဖိုးတွက်ချက်မှုအရ) $၂.၉ Trillions ဟာ (၂၀၃၃)ခုနှစ်မှာ တန်ဖိုး (သုည)အထိကျဆင်း သွားမယ်လို့လည်းဆိုကြပါတယ်။ ဒါတွေအားလုံးဟာ Social Security ရဲ့ပရမ်းပတာသုံးစွဲမှုကြောင့်မဟုတ်ဘဲ စီးပွားရေးဘဝကြီးတရပ် လုံးရဲ့ဖြစ်ရိုးဖြစ်စဉ်ပြောင်းလဲမှုကြီး (Change of economic structure) ကြောင့်လို့ Brooking’s Institute ရဲ့ စီးပွားရေးပညာရှင် Louise Sheiner က “Harvard Gazette” မှာဆိုထားပါတယ်။ 

 

သမိုင်းကြောင်းအတိုအထွာ

Social Security ဟာတကယ်တော့(၁၉၃၅)ခုနှစ်ဥပဒေအဖြစ်အသက်ဝင်ပြီးကတည်းက များစွာသော ပြုပြင်ပြောင်းလဲမှုတွေရှိခဲ့ပါတယ်။ (၁၉၃၉)ခုနှစ်မှာကာယကံရှင်အပြင် မိသားစုဝင်တွေနဲ့ သေဆုံးခဲ့ရင် ကျန်ရစ်သူတွေအတွက် ခံစားခွင့်ကိုတိုးချဲ့ခဲ့ပါတယ်။ နှစ်အလိုက် တိုးလာတဲ့ငွေကြေးဖေါင်းပွမှုကို ထောက်ကာမိစေမဲ့ Cost-of-Living-Adjustment (COLA) ဟာလည်းနှစ်စဉ်ရှိခဲ့တာပါ။ (၁၉၆၀)မှာ တော့ မသန်စွမ်းသူတွေအတွက်ခံစားခွင့်ကိုထဲ့သွင်းခဲ့ပြီး၊ (၁၉၆၁)မှာ စတင်ခံစားခွင့်အသက်ကို (၆၂)နှစ် မှာစောပြီး စတင်ခွင့်စတာတွေဟာ အပြောင်းအလဲများစွာထဲက၊ ရေပန်းစားလူကြိုက်များတဲ့ ကိစ္စတွေ ပါ။ ဆိုခဲ့တဲ့ (COLA) စတင်ခဲ့ရခြင်းကတော့ ငွေကြေးဖေါင်းပွမှု အဆမတန်ရှိခဲ့တဲ့ (၁၉၇၇)မှာ တော့ ပြဿနာရဲ့အရင်းအမြစ်ခံခဲ့တယ်လို့ဆိုရပါမယ်။ (၁၉၈၃)မှာလည်းအလားတူကိစ္စဖြစ်လာလို့ full-benefit လို့ခေါ်တဲ့တင်းပြည့်ကျပ်ပြည့်ခံစားခွင့်ကို (၆၅)မှ(၆၇)နှစ်သို့မြှင့်ခဲ့ရပါတယ်။ ဒါပေမဲ့အဲ့ဒီ ဖေါ်နည်းကားပြုပြင်မှုတွေဟာ ရံပုံငွေအစီအမံကြီးကို ရေရှည်တည်တန့်ခိုင်မြဲအောင်စွမ်းဆောင်နိုင် ခြင်းမရှိဘူး ဆိုတာကို ကွန်ဂရက်နဲ့ဆိုင်ရာ ငွေရေးကြေးရေးအုပ်ချုပ်မှုအဖွဲ့အစည်းတွေက မြင်လာကြ ပါတယ်။

ရံပုံငွေပြဿနာအငြင်းပွားမှုတွေဟာ တကယ်တော့လက်ရှိခံစားခွင့်ရှိသူတဦးချင်းကလစဉ်ရရှိတဲ့ငွေ သား ပမာဏပေါ်သိပ်ပြီးမူမတည်ဘူးလို့ဆိုကြပါတယ်။ ဥပမာ-တောင်ပိုင်းကယ်လီဖိုးနီးယားနေ ခံစား ခွင့်ရှိသူလင်မယားစုံတွဲရဲ့ ပျမ်းမှုခံစားခွင့်ဟာ လစဉ်($,၇၀၀)(တနှစ် ၃၂,၄၀၀)ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာရှိတဲ့အလားတူ လူမှုဖူလုံရေးခံစားခွင့်ရံပုံငွေအစီအမံရှိကြတဲ့နိုင်ငံတွေ (၃၈-နိုင်ငံ) ရဲ့ ယခင်လုပ်သက်လစာပေါ်အခြေခံတဲ့ ထဲ့သွင်းရံပုံငွေအပေါ်ရရှိခံစားရမှုနှုန်းထား (a worker who collects as a percentage of the previous salary/wage) တွေတန်းစီရင် အမေရိကနိုင်ငံဟာ အဆင့်(၂၉)မှာရှိနေပါတယ် လို့ Center on Budget and Policy Priorities ကဆိုထားပါတယ်။ ဒါကတော့သိပ်ကြည့်မကောင်းတဲ့အနေအထားပါ။

 

ကုစားခြင်း

ဒါဆိုကုစားနိုင်မဲ့နည်းလမ်းလေးတွေကြည့်ရအောင် -

(က) အခွန်ဖြတ်တောက်မှုတိုးမြှင့်ခြင်း၊

(ခ) ဝင်ငွေအလွန်ကောင်းသူများထံမှအခွန်အပိုဆောင်းကောက်ခံခြင်း၊

(ဂ) အလုပ်ခွင်မှအနားယူခြင်းအသက်ကိုမြှင့်တင်ခြင်း၊ ရံပုံငွေမှစတင်ရယူသည့်အသက်အပိုင်းအခြား၊

(ဃ) နေထိုင်စရိတ်ကိုကန့်သတ်ခြင်း၊

(င) Social Security အစီအမံကြီးတရပ်လုံးကိုစီးပွားဖြစ်(အတိုးအပွားဖြစ်)စနစ် (privatization) ပြုလုပ်ခြင်း၊

(စ) ကွန်ဂရက်မှ ခံစားခွင့်ပေးသောနည်းလမ်းပြောင်းလဲခြင်း၊

ဒါတွေအားလုံးကိုလေ့လာတွက်ချက်ငြင်းခုံမှုတွေအတောမသတ်ရှိခဲ့ပေမဲ့၊ ခြောက်ပစ်ကင်းတဲ့အစီအမံ သစ်ကို ခုထိရှာမတွေ့သေးပါဘူး။ အဲ့ဒီအတွက် အလုပ်ကအနားယူသူတွေအတွက်ငွေရေးကြေးရေး. အသုံးစရိတ်အခက်အခဲပြဿနာမရှိဘို့၊ အစီအမံသစ်တခုကို (၁၉၈၃)ကစတင်ခဲ့ပါတယ်။ အများကသိ ကြတဲ့ (401k)နဲ့အလားတူ ငွေကြေးအတိုးအပွားစုဆောင်းမှုအစီအမံပါ။ ဒါဟာ Social Security ဝင် ငွေကို ထိုက်သင့်တဲ့အထောက်အကူပြုနိုင်ဘွယ်ရှိတဲ့ (supplement)ပါ။ လက်ရှိအချိန်မှာ အလုပ်မှ အနားယူထားသူ အသက်(၅၅ မှ ၆၄)နှစ်အတွင်းရှိသူ (၄၂%) သာလျှင် ($၂၀၀,၀၀၀)သာ စုဆောင်း ငွေအဖြစ်လက်ထဲရှိနေပါတယ်။ ဒါဟာအကောင်းဆုံးလို့ယူဆရတဲ့လက်ရှိ အရံအတားတခုပါ။ ဒီထက် ကောင်းတဲ့အစီအမံမပေါ်သေး(မရှိသေး)ပါလို့ဆိုပါရစေ။ ခက်တာက အလုပ်ကအနားယူထားသူ စုံတွဲ (၅)စုံမှာ (၁)စုံလောက် (တဦးချင်းရရှိခံစားနေကြသူ ၅၀%)တို့ဟာ social security ခံစားခွင့်တခုထဲ ပေါ်မှာ(၉၀%)အားကိုးအသက်ရှင်နေကြရဆဲလို့ဆိုပါတယ်။ ဥပမာ- တောင်ပိုင်းကယ်လီဖိုးနီးယားနေ သူခံစားခွင့်လက်ရှိခံစားနေသူတဦးရဲ့ ပျမ်းမျှလစဉ်ခံစားရမှုပမာဏဟာ (,၅၀၀)သာရှိတာမို့ အဲ့ဒီရရှိ ငွေဟာ studio တိုက်ခန်းတခုစာအတွက်ငှားရမ်းခ (rent)အတွက်တောင် မလုံလောက်ပါဘူး။ 

ဒါပေမဲ့ social security scheme ရဲ့အန္တိမရည်မှန်းချက်ဖြစ်တဲ့ အစီအမံဝင်သူတဦးချင်းက အပြန်အ လှန်ကူညီဖေးမမှု (A promise that we all take care of each other!) ကိုမမေ့သင့်ကြပါဘူး။

 

မြန်မာတွေအတွက်သိသာဖို့

အမေရိကနိုင်ငံတလွှားအခြေချနေထိုင်ကြတဲ့မြန်မာကွန်မြူနတီဝင်တွေဟာ အထက်မှာတင်ပြခဲ့တဲ့ လူမှုဖူလုံရေးအစီအမံရဲ့ကောင်းကျိုးဆိုးကျိုးတွေရဲ့ဂရက်ရိုက်ခတ်မှုကို (အများဆုံးနဲ့အကြီးမားဆုံး) ခံစားရကြမဲ့လူတန်းစားအလွှာထဲမှာရောက်နေတယ်ဆိုတာကို အားလုံးကသတိချပ်ကြဘို့လိုပါတယ်။ သာမာန်အားဖြင့် အမေရိကကိုရောက်ရှိအခြေချကြသူမြန်မာလူမျိုးစုတွေဟာ အခြေမဲ့တွေမဟုတ်လို့၊ စိတ်ပူစရာမရှိဘူးဆိုတဲ့ စောဒကတက်ကောင်းတက်ကြပါလိမ့်မယ်။ ဒါပေမဲ့ social security ဟာ လစဉ်ရရှိနေတဲ့/ရရှိမဲ့ ချက်ငွေတခုထဲပေါ်မူမတည်ပါဘူး။ သူနဲ့အတူကပ်လျက်ယှဉ်တွဲနေတဲ့ Medicare, disability စတာတွေဟာ ခွဲခြားလို့မရတဲ့ ရင်ဆိုင်ဖြေရှင်းကြရမဲ့အခြေအနေမှာရှိနေပါ တယ်။ ကိုယ့်ရှိတဲ့အထုပ်အထည်၊ ငွေကြေးကြွယ်ဝမှု၊ စုဆောင်းမှုကိုမျက်စောင်းထိုးလို့ရတယ်ဆိုရင်၊ တက်တက်စင်အောင်မှားပါလိမ့်မယ်။ ငွေကြေးအလွန်ကြွယ်ဝကြတဲ့ ချမ်းသာကြွယ်ဝကြသူ celebrity တွေတောင် social security ကိစ္စကိုရေးကြီးခွင်ကျယ်ပြောနေရရင်၊ ကျွန်တော်တို့မြန်မာတွေလည်း၊ ကိုယ့်အခြေအနေကိုမြင်တတ်၊ ပြင်ဆင်တတ်ဖို့လိုပါတယ်လို့……….