Thursday, December 25, 2014

တစ်နှစ်သား “Obamacare”



အိုဘားမားကဲ ခေါ် 2010 Patient Protection and Affordable Care Act ၏ပထမနှစ်ပါတ်လည်ချိန်ခါဆိုက် ရောက်ပြန်ချေပြီ။ ဆန့်ကျင်ကန်ု့ကွက်သူများ၊ စီမံချက်ကနဦးကာလအတိမ်းအစောင်းများစွာတို့ဖြင့်ပြည့်နှက် ခဲ့သော၊ ဤစီမံကိန်းကြီးသည် လူးရင်းလွန့်ရင်းဖြင့်၊ သန်းနှင့်ချီသော ယခင်ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့သူ/ လျော့နည်းသူတို့ မိမိတို့ဘ၀တာအတွင်းပထမဦးဆုံးသောအကျိုးခံစားခွင့်များရရှိခဲ့ကြသည်။ များစွာသော အခွန်ထမ်းပြည်သူများနှင့်အတိုက်အခံနိုင်ငံရေးသမားများနှင့် လူမျိုးရေးစိတ်ဓါတ်ပြင်းထန်ကြ သူတယူသန်ဝါဒီတို့က၊ ဤစီမံကိန်းကြီးသည် ယခုလက်ရှိအခွန်ထမ်းပြည်သူတရပ်လုံးအတွက်၊ ၀န်ထုပ်ဝန်ပိုး ဖြစ်မည်ဟူသော၊ ၀ါးလုံးရှည်ကြီးဖြင့် ရမ်းခဲ့သည်။ “ဆိုရှယ်လစ်”စနစ်(socialist medicine)ကိုဦးတည်သော လူမှုရေးစီမံကိန်း ဟူ၍အပုတ်ချကြဆဲပင်ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်စနစ်၏ဂယက်ဒါဏ်ကိုထိထိမိမိခံစားခဲ့ကြရသော၊ မြန်မာလူမျိုးအချို့တို့ကလည်း၊ သံယောင် လိုက်၍ဤဆန့်ကျင်မှုဝဲသြဂအတွင်း၊ အကြောင်းချင်းရာစိစစ် ဝေဖန်မှုမပြုဘဲ၊ လိုက်ပါခဲ့ကြသည်ကိုတွေ့ရသည်။ ဤစနစ်ကိုဝေဖန်ကြသူအတော်များများ၏မိသားစုဝင်၊ မိတ်ဆွေများအတွင်း၊ ဤစီမံကိန်းကြီးအတွင်းအကြုံးဝင် လာသော ယခုနှစ်ပါတ်လည်အခါရောက်သောအခါ၊ ခံစားခွင့်အခွင့်အရေး၏ အရသာကိုကောင်းစွာသိလာ ကြပြီဖြစ်သည်။ သေချာသည်ကား ဘက်လိုက်မှုကင်းပြီး၊ အစိုးရ၏အဓိကလုပ်ငန်းစဉ်များကိုချက်ကျလက်ကျ လေ့လာသုတေသနပြုရာတွင် နံမည်ကြီးခဲ့သော၊ Congressional Budget Office (CBO) ၏သမာသမတ် ကျသောသုတေသနပြုချက်အရ၊ ဤစီမံကိန်းကြီးသည်၊ အမေရိကန်ပြည်သူအများစုကိုရေရှည်တွင်ကောင်းစွာ အထောက်အကူပြုမည့်အပြင်၊ ရေရှည်တွင်အခွန်ထမ်းများ အပေါ်ဝန်ထုပ်ဝန်ပိုးကျရန်အလားအလာအလွန်နည်း ကြောင်းသုံးသပ်ခဲ့သည်။ ထို့ပြင် (၂၀၁၃) ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ဖြတ်ထုံးက ဤစီမံကိန်း ရှေ့ဆက်ခရီးပေါက်စေရေးအတွက်လမ်းဖွင့်ပေးခဲ့ပြီးဖြစ်သည်။ ဤစီမံကိန်းကြီးတွင် ပါဝင်နေကြသော ကျန်းမာရေးအာမခံကုမ္ပဏီကြီးအတော်များများကလည်းနောင်လာမည့် (၂၀၁၅)တွင်ဆက်လက်ပါဝင်ကြမည့် အခြေအနေကောင်းများကိုတွေ့နေရပြီဖြစ်သည်။ (၁၉၃၅)ခုနှစ်တွင် စတင်ခဲ့သော အလားသဏ္ဍာန်တူ Social Security Act နှင့် (၁၉၆၅)ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော Medicare စီမံကိန်းကြီးများသည်၊ ကနဦးကအစွန်း ရောက်ဝါဒီတို့၏ပြင်းထန်သောဆန့်ကျင်မှု (ထိုဥပဒေများကိုအသက်သွင်းကြသူတွေအပေါ်အသက်အန္တရာယ်ကို ပင်ချိမ်းခြောက်မှုပြုခဲ့သည်ဟုသမိုင်းဆရာတို့ကဆိုကြသည်) များရှိခဲ့သော်လည်းယခုအချိန်တွင်ကား ’ပျိုတိုင်း ကြိုက်သောနှင်းဆီခိုင်’ဖြစ်နေပြီမဟုတ်ပါလား။
လက်ရှိအာမခံစနစ်တွင်တဆက်တစပ်တည်းအကြုံးဝင်ကြသူအားလုံးလိုလိုပင်၊ မိမိပင်ကိုယ်plans များတွင် အလိုအလျောက်ဆက်လက်ကူးပြောင်းပါဝင်ကြမည် (automatic renewal) ရှိမည်ဟုဆိုသော်လည်း၊ plan နှင့်ပါတ်သက်၍၊ ဤကာလအတွင်းစာရောက်လာခြင်းရှိပါကသေချာစွာလေ့လာဖတ်ရှု၍၊ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်ကြရန်အထူးလိုအပ်ပါသည် (ချွင်းချက် - Oregon State)။ လေ့လာသူတို့အဆိုအရ အသက်(၄၅)နှစ်အထက်လက်ရှိ အာမခံရှိကြသူထက်ဝက်ကျော်က မိမိတို့planအတိုင်းဆက်လက်နေကြမည့် အလားအလာများတွေ့ရသည်ဟု ဆိုသည်။ နှစ်အလိုက်ပရိမီယံကြေးဈေးတက်သည်ဟုဆိုသော်လည်း၊ အသက် အရွယ်အကြီးဆုံးတဦးအပေါ် ကောက်ခံမည့်လစဉ့်ရီမီယံသည်၊ လက်ရှိ အသက်(၂၁)နှစ်အရွယ်အပေါ် ကောက် ခံသည့်ပရီမီယံ၏(၃)ဆထက်မည်သည့်နည်းနှင့်မျှပိုခွင့်မရှိဟူသော် premium cap ကိုဥပဒေကပညတ် ထား ချက်ရှိနေပေသည်။ လာမည့်(၂၀၁၇)နှစ်တွင် အသက်အရွယ်အကြီးဆုံးသူတစ်ဦးအတွက်ပရီမီယံသည်ဤ ဥပဒေအရ နှစ်စဉ်ပရီမီယံကြေး (ဒေါ်လာ ၁၈၀၀) ထက်မပိုသင့်ဟုဆိုထားသည်။
အသက်အရွယ်ကြီးသည်နှင့်အမျှ ပရီမီယံကြေးပိုပေးရသောအာမခံကုမ္ပဏီတို့၏ထုံးတမ်းအစဉ်အလာအရ၊ အသက်(၄၅)နှစ်နှင့်အထက်ရှိသူတို့သည်အခွန်ငြိမ်းခွင့်ခံစားမှုကိုအပြည့်အ၀ခံစားရဘွယ်ရှိနေပါသည်။ လာမည့် (၂၀၁၅)တွင် ၀င်ငွေ တစ်ဦးချင်း (ဒေါ်လာ ၄၆,၆၈၀) နှင့် စုံတွဲဝင်ငွေ (ဒေါ်လာ ၆၂,၉၂၀) အထိဝင်ငွေ ရှိသူတို့ သည်၊ ဤအခွန်ငြိမ်းခံစားခွင့်ဟူသောအခွင့်ထူးကြီးကိုရှိကြမည်ဟုဆိုပါသည်။ ထို့အပြင် ကျန်းမာရေးကုန်ကျ စရိတ်၏ (၇၀%)ကို မိမိတို့အကြုံးဝင်ရာ plan များကကျခံပေးမည်ဟုအကြမ်းပျင်းတွက်ထားသည်။ (နားလည် ကြရန်မှာ - plan coverage ရာနှုန်းများလေ၊ အခွန်ငြိမ်းခွင့်နည်းလေဟူသောပုံသေနည်း ကိုမှတ်ယူကြပါကုန်။)
အရေးကြီးသည့်အချက်ကား-ယမန်နှစ်ကကဲ့သို့ စာရင်းသွင်းခွင့်ကာလ(၆)လကို၊ ယခုနှစ်တွင်ရရှိတော့မည် မဟုတ်ပေ။ စရင်းသွင်းချိန်ကာလ (နိုဝင်လာ ၁၅၊ ၂၀၁၄ ရက်မှ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅) ဟုဆိုထားသော်လည်း၊ နောင်နှစ် (၂၀၁၅ ဇန္န၀ါရီ ၁ရက်)နေ့တွင်စတင်အကျိုးသက်ရောက်အကြုံးဝင်ရန်မှာ (ဒီဇင်ဘာ -၁၅)ရက်နေ့ သည် နောက်ဆုံးစာရင်းသွင်းရမည့် (plan များပြင်ဆင်တင်သွင်းခွင့်)ပေးနိုင်မည့်ရက်စွဲဖြစ်ပေသည်။ ထိုရက်စွဲ များကိုမမှီလိုက်ကြသူအားလုံ (ချွင်းချက်အနည်းငယ်ရှိသည်မှအပ) (၂၀၁၅)ခုနှစ်အတွက် (၂၀၁၆)ခုနှစ်အခွန် တင်သွင်းရာတွင်ဒါဏ်ကြေးများကိုအောက်ပါအတိုင်းပေးသွင်းကြရမည်ဖြစ်ပါသည် - တစ်ဦးချင်းအတွက် (၂%) (သို့) (ဒေါ်လာ ၃၂၅) {များရာ} ဖြစ်သည်။ ယခုနှစ်(၂၀၁၄)အတွက်မူ တစ်ဦးချင်းအတွက် (ဒေါ်လာ ၉၅) ဖြစ်သည်။ နောင်နှစ်များတွင်ဆတိုးတက်၍အခွန်ဒါဏ် ကြေးပေးသွင်း ကြရမည်ဖြစ်ပါသည်။
နောက်ထပ်အရေးကြီးသည့်အချက်တခုကား၊ အာမခံများကိုရောင်းချပေးသောဈေးကွက်များ (exchange/ marketplace) တွင်ပြီးပြည့်စုံသော မိသားစုဝင်များစာရင်း နှင့် နောင်လာမည့်(၂၀၁၅)တွင်ရှိနိုင်မည့်ဝင်ငွေ (လစာဝင်ငွေတိုးတက်မှု/လျော့နည်းမှု) တို့ဟူသောအချက် ကြီး(၂)ချက်ကို၊ ပြန်လည်ဖြည့်စွက်တင်ပြကြရန်၊ လက်ရှိအာမခံလက်ဝယ်ရှိသူများထံပုံစံစာရွက်များကြိုတင်ပေးပို့၊ ကောက်ခံထားမှုများ ရှိပါ သည်။ ယင်းပုံစံ များကိုမပျက်မကွက်ဖြည့်သွင်းလျက်ပြန်လည်ပေးပို့ရန်လိုပါသည်။ ယင်းပုံစံများကိုပြန်လည် ပေးပို့ရန်ပျက်ကွက် ကြသူများကို၊ ဆိုင်ရာမှ စာရင်း audit စစ်ဆေးတွေ့ရှိပါက၊ ထိုပုဂ္ဂိုလ်များအတွက် ဒါဏ်ခတ် ခံရနိုင်သောအလား အလာများရှိနေပါသည်။ စာရင်းလျှော့နည်းတင်ပြရာတွင်လက်ယဉ်ခဲ့သော မြန်မာလူမျိုး များအနေဖြင့်၊ ယင်း အဖြစ်မျိုးမရောက်ရန်အထူးလိုအပ်ပါသည်။ နောင် (၂၀၁၅)ခုနှစ်အတွင်း အကြောင်းကြောင်း ကြောင့်ဝင်ငွေ ပြောင်းခဲ့ပါက၊ (၂၀၁၆)အခွန်ဆောင်ရာတွင်၊ ယင်းလျော့နည်းခံစားခဲ့ရသောအခွန်ငြိမ်း ခွင့်၊ ထဲ့သွင်းတင်သွင်း ခွင့်ရှိနေသေးသည်ဟူသည်ကိုသတိပြုပါလေ။ လျှောက်လွှာအကြောင်းပြန်ရာတွင်၊ မိမိအခွန်နှစ်စဉ်တင်သွင်း သော (tax returns) များကို၊ သက်ဆိုင်ရာမှစစ်ဆေးခွင့်ကိုလည်းပေးဖြစ်အောင်ပေး ကြဘို့လိုပါသည်။ လျှောက်လွှာအဆုံးတွင် ယင်းစစ်ဆေးခွင့်ကိုခွင့်ပြုကြောင်းပြန်ကြားရန် (mark the check box)ပြုရန် သာလို ပါသည်။ ယင်းအတွက်အကြိုးခံစားခွင့်အနေဖြင့်၊ နောင်နှစ်များတွင်လိုအပ်သောကိန်းဂဏန်း များကို၊ မိမိက လိုက်လံရှာဖွေရန်မလိုတော့ဘဲ၊ market exchange ကအလိုအလျောက်မှတ်တမ်းသွင်းသွား နိုင်မည်ဖြစ် ပါသည်။
စိတ်ဝင်စားဘွယ်အချက်တခုကား၊ ဤစီမံကိန်းကြီးများတွင်နှစ်စဉ်တိုးတက်လက်တွဲပါဝင်လာကြမည့် အာမခံ ကုမ္ပဏီများ၏တိုးတက်မှု၊ အာမခံဆောင်သူတိုးတက်လာမှုတို့ကြောင့်၊ ပရီမီယံကြေးများ (၂၀၁၅)တွင် ပျမ်းမျှ (၁%)ကျလာသော်လည်း၊ မိမိအိတ်စိုက်ပေးရမည့် out-of-pocket expenses များတက်လာဘွယ်ရှိပြီး၊ အခွန် ငြိမ်းခွင့်ရာနှုန်းကျဆင်းသွားဘွယ်ရှိကြောင်းပညာရှင်တို့ကတွက်ချက်ထားကြသည်။ ထိုအခွန်ငြိမ်း မှုနှင့်ပါတ် သက်၍၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြည်နယ်(၃၀)ကျော်တို့တွင်စိစစ်ရန်သဘောတူ ထားပြီးဖြစ် သည်ဟုသိရသည်။ ထိုပြည်နယ်(၃၀)ကျော်တို့တွင်မိမိအစီအစဉ်ဖြင့် ဗဟိုအစိုးရ၏ထောက်ပံ့ကြေး ဖြင့် marketplace များရှိနေပြီဖြစ်ပြီး၊ အခွန်ငြိမ်းခွင့်အပြည့်ရနေကြသည်ဟု အချို့ကစွပ်စွဲထားကြသည်။
အာမခံကုမ္ပဏီအချို့ ကmarketplace မှအကြောင်းမျိုးစုံကြောင့်စွန့်ခွာ (၁၄-ခု) ကြသလို၊ အာမခံကုမ္ပဏီကြီး (၇၇) ခုခန့်ယခုစာရေးချိန်တွင်ပူးပေါင်းပါဝင်လာကြသည် (၇၇% တိုးတက်မှု)။ ထို့အပြင် ယခုအချိန်တွင် ပြည်နယ်ပေါင်း(၄၄)ပြည်နယ်က (၂၀၁၅)တွင်၊ မိမိတို့ပြည်နယ်အတွင်းဗဟိုအစိုးရအစီအစဉ်ဖြင့်၊ စတင် ၍ marketplace ထူထောင်ရန်ဆုံးဖြတ် ထားပြီးဖြစ်ကြောင်းသိရသည်။ ထို့အတွက်၊ ယခုအခါ Obamacare ခေါ် ACA အပေါ်ယုံကြည်အားကိုးမှု တိုးလာသောလက္ခဏာကောင်းတခုအဖြစ်မြင်တွေ့နေရပြီဖြစ်သည်။ အာမခံကုမ္ပဏီကြီးတခုအနေဖြင့် (၂၀၁၅) တွင် ဒေသအစုံတွင်၊ အာမခံ plans (၄၁)ခုအထိပျမ်းမျှဖြန့်ကျက်ပေး မည်ဖြစ်ကြောင်းသိရသည်။ ဥပဒေအရ- (၂) ခုထက်မနည်းသော plan ကိုအမာခံကုမ္ပဏီတခုအနေဖြင့်ဖြန့် ကျက်ရန်လိုအပ်ကြောင်း တိတိကျကျပြဌာန်း ထားသည်။
အခြားသိသင့်သောအချက်များကား ရှုတ်ထွေးနက်နဲလှသော အာမခံလောက၏ခေါ်အဝေါ်များဖြစ်ကြသည် -
(က) (၂၀၁၅) အတွက် Premium credit: တစ်ဦးချင်းဝင်ငွေ (ဒေါ်လာ ၁၁,၆၇၀ မှ ၄၆,၆၈၀အထိ) ရှိသူ နှင့် မိသားစုဝင်(၄)ဦးအထိအတွက် (ဒေါ်လာ ၂၃,၈၅၀ မှ ၉၅,၄၀၀ အထိ) ၀င်ငွေရှိသူတို့ credit ရကြမည်။
(ခ) Deductible: မိမိPlan ကသတ်မှတ်ထားသောမိမိအိပ်မှစိုက်ထုတ်ပေးရမည့်တန်ဘိုး (သို့မဟုတ်) အာမခံကုမ္ပဏီကိုပေးရန်ကြွေး။ ယင်းသတ်မျတ်ချက် ဥပမာ -တထောင်ဆိုပါက ယင်း တထောင်ဒေါ်လာ အထိပေးသွင်းပြီးမှ၊ အာမခံကုမ္ပဏီကစတင်ကုန်ကျခံပံ့ပိုးမည်ဖြစ်သည်။
(ဂ) Co-payment: ပုတ်ပြတ်သတ်မှတ်ထားသောဆေးရုံ၊ဆရာဝန်၊ ဓါတ်ခွဲစစ်ဆေးမှုတို့အတွက်၊ ပေးသွင်း ရမည့်ငွေသားတန်ဘိုး၊ (ဥပမာ -ဆရာဝန်ပြသခ ဒေါ်လာ-၁၀ စသည်ဖြင့်)
(ဃ) Co-insurance: ရာနှုန်းဖြင့်သတ်မှတ်ထားသောဆေးရုံ၊ဆရာဝန်၊ ဓါတ်ခွဲစစ်ဆေးမှုတို့အတွက်၊ ပေးသွင်း ရမည့်ငွေသားတန်ဘိုး။ ဥပမာ (၂၀%)ဟုဆိုထားပါက၊ မိမိပေးသွင်းရမည့် deductible အကြေပေးသွင်း ပြီးနောက်၊ စုစုပေါင်းဆရာဝန်ပြသခ (ဒေါ်လာ -၁၀၀ အတွက်ဆိုလျင်) (ဒေါ်လာ ၂၀) ပေးရမည်ဖြစ်သည်။
(င) out-of-pocket maximum: တစ်နှစ်လုံးအတွက်မိမိအိပ်မှစိုက်ထုတ်ရမည့်စုစုပေါင်းကုန်ကျစရိတ်သည်၊ ACA ဥပဒေအရကန့်သတ်ထားသဖြင့်၊ အာမခံကုမ္ပဏီအပါအ၀င်၊ ဆေးရုံ/ဆရာဝန်များကယင်းကန့်သတ်ချက် ထက်ကျော်လွန်၍၊ plan တွင်ပါဝင်သော၊ ကျန်းမာရေးဆိုင်လွှမ်းခြုံကာကွယ်မှုရှိသော services အားလုံး အတွက်ပိုမိုတောင်းခံခွင့်မရှိရန်တားမြစ်ထားသည်။
(စ) essential benefits: ဥပဒေအရပင်မကျန်းမာရေးစောင့်ရှောက်မှု services ကြီး (၁၀)ခုကိုplan တိုင်းကလွှမ်းခြုံမှုပေးရသည်။ (အသက် ၈၀ကျော်အဖိုးကြီးတစ်ဦးအတွက်၊ မီးယပ်ရောဂါဆိုင်ရာပြုစုစောင့် ရှောက်မှုမလိုဟူသော စောဒကတက်ရမည့်အချိန်မဟုတ်ပါ။ ACA မပေါ်မှီကပင် ပုဂ္ဂလိကပြင်ပတွင်ရောင်းချ သော အာမခံများတွင်၊ ယင်းတို့ပါဝင်ထဲ့တွက်ပြီးဖြစ်နေသည်ကိုအမှတ်ရကြပါ။)
(ဆ) Preventive services: မည်သည့်plan မျိုးမဆို (အလုပ်ရှင်ကပေးသည်ဖြစ်စေ၊ မိမိဖာသာစိတ်ကြိုက်ပြင်ပ တွင်ဝယ်ယူသည်ဖြစ်စေ၊ marketplace မှဝယ်ယူသည်ဖြစ်စေ၊ ဤ services များ - နှစ်လည်ခန္ဓာစစ်ဆေးခြင်း (annual physical examinations) ၊ ရောဂါရှာဖွေခြင်း (preventive screenings)၊ counseling တို့အတွက် အခကြေးငွေပေးရန်လုံးဝ (လုံးဝ) မလိုဟူသောပညတ်ချက်ရှိပါသည်။ ယင်းတို့အတွက် အိပ်စိုက်ပေးရမည်ဆို လျင်၊ အကြောင်းရင်းကိုမေးပါ။ ဖျားနာ၍ဆရာဝန်ပြရင်းကြုံတုန်း၊ annual exam လုပ်မည်ဆိုပါက အခကြေးငွေ ပေးရမည်ဆိုသည်ကိုသတိပြုပါ။ prevention သက်သက်ဖြစ်ရပါမည်။
(ဇ) Plan categories: Marketplace တွင် အမျိုးစား(၅)မျိုးရှိပါသည် - Bronze(ဆေးကုသလျင် ၄၀% မိမိအိပ်စိုက်ပေးရမည်), Silver (ဆေးကုသလျင် ၃၀% မိမိအိပ်စိုက်ပေးရမည်), Gold (ဆေးကုသလျင် ၂၀% မိမိအိပ်စိုက်ပေးရမည်), Platinum (ဆေးကုသလျင် ၁၀% မိမိအိပ်စိုက်ပေးရမည်) and Catastrophic (အသက် ၃၀ အောက်ဝန်ငွေချို့တဲ့သည်ဟုသတ်မှတ်ခံရသူများ) သတိပြုရန်မှာဤအမျိုးအစား များသည်၊ plan အရည်အသွေးအပေါ်မူတည်ခြင်းလုံးဝ (လုံးဝ) မဟုတ်ပါ။ မိမိအိပ်မှစိုက်ထုတ်ပေးရမည့် deductible နှင့် လစဉ်ပေသွင်းရမည့် premium ကြေးသတ်မှတ်ချက် အပေါ်မှာသာလုံးလုံးမူတည်ပါသည်။
(ဈ) မိမိ/မိသားစု ၀င်ငွေ (Adjust Gross Income AGI): IRS tax form တွင် Form 1044: line (37); Form 1040 EZ တွင် line (4); Form 1040 A တွင် line (21) တို့တွင်ကြည့်၍မှီငြမ်းပါ။
ထိုmarketplace များအလျှိုလျှိုပေါ်ပေါက်လာမှု ကြောင့်၊ အစိုးရကပံ့ပိုးပေးရသော Medicare ခေါ်ပင်စင် စားများအတွက်ကျခံရသောကုန်ကျစရိတ် သည်ခံစား ခွင့်ရှိသူ တစ်ဦးအတွက်ပျမ်းမျှ (ဒေါ်လာ ၂,၄၃၅) လျော့နည်းသွားမည်ဟု Kaiser Foundation နှင့် Congressional Budget Office တို့တွက်ချက် သုတေသန ပြုချက်အရ၊ အခွန်ထမ်းပြည်သူအများစုအတွက် ၀န်ထုပ်ဝန်ပိုးအတော်သက်သာသွား မည်ဟု ဆိုနိုင်သည်။ တဖက်တွင်လည်းMedicare ရရှိခံစားရသူတို့အတွက်ကွာဟနေသောအိပ်စိုက်ကုန်ကျစရိတ်တည်းဟူသော (out-of-pocket) “doughnut hole” coverage သည်လည်းနှစ်အလိုက်လျော့နည်းကျဆင်း သွားမည် ဖြစ်သည်။
အမေရိကရောက်မြန်မာမိသားစုများအနေဖြင့် မိမိနှင့်တကွမိသားစုဝင်များအားလုံး မရှိမဖြစ်ရှိနေရန်လိုအပ်သော ကျန်းမာရေးအာမခံများရှိရန်အတွက်၊ မျက်ချေမပြတ်မိကြရန်အထူးလိုအပ်ပါသည်။  Obamacare ခေါ် ACA ဥပဒေသည်၊ marketplace တခုတည်းအတွက်ရည်ရွယ်ရင်းလုံးဝမဟုတ်၊ ကျန်းမာရေးစောင့်ရှောက်မှု လောကကြီးအတွင်း၊ အမေရိကရောက်မိသားစုဝင်အားလုံး၏အကျိုးစီးပွားကိုကာကွယ်လွှမ်းခြုံမှုပေးထားသော၊ သမိုင်ဝင်ဥပဒေကြီးတခုဖြစ်သည်ကိုမြင်အောင်ကြည့်တတ်ကြဘို့လိုပါသည်။
(၁) မိမိအလုပ်လုပ်ရာနေရာတွင်အလုပ်ရှင်ကပံ့ပိုးသော plans များသည်။ ယျေဘူယျအားဖြင့်ပိုမိုကောင်း မွန်လေ့ရှိပါသည်။ ဈေးသက်သာသည့်အချက်တခုတည်းကိုမကြည့်ပါနှင့်။ မိမိအလုပ်ကပေးသောအာမခံသည်၊ မိမိဝင်ငွေပေါ်မူတည်၍ marketplace မှရနိုင်မည့်အာမခံထက်ပိုမိုဈေးကြီးသည်ဟုသက် ဆိုင်ရာ(အခွန်ဌာနက) သတ်မှတ်မှသာ၊ အခွန်ငြိမ်းခွင့်ရမည်ကိုမမေ့ပါနှင့်။ မိမိအလုပ်မှအာမခံအမျိုးအစားအကြောင်းကိုလျှောက် လွှာတွင်ထည့်သွင်းရမည်ဖြစ်သည်။
(၂) မိမိကိုယ်တိုင်လုပ်ငန်းရှင်ဖြစ်ပါက၊ လုပ်သားအရေအတွက်အနဲအများပေါ်မူတည်၍၊ မိမိပြည်နယ်အလိုက်၊ မိမိလက်အောက်ဝန်ထမ်းများအပေါ်အာမခံပံ့ပိုးပေးရမည့်ဥပဒေပညတ်ကိုနားလည်လိုက်နာကြဘို့လိုသည်။ အလုပ်ရှင်တို့ကမပံ့ပိုးနိုင်လျင် သက်ဆိုင်ရာ exchange/marketplace ကိုလမ်းညွှန်ရန် မပျက်ကွက်ပါနှင့်။
(၃) ယခုနှစ်မှစတင်ပြီး marketplace တွင်စာရင်းအသစ်သွင်း (apply) လုပ်လိုသူတို့ www.healthcare.gov တွင်တက်ပြီး၊ မိမိနေထိုင်ရာဒေသ zip code/state ကိုအသုံးပြုလျက်၊ မိမိဘာသာစကား (မြန်မာ) ကျွမ်းကျင်စွာ ပြောဆိုနိုင်သော agent/certified enrollment personals များကိုရှာဖွေပါ။ (ကာလီဖိုးနီးယားပြည်နယ်တွင် မြန်မာဘာသာပြောဆိုနိုင်သူ၊ ယခုစာရေးချိန်တွင် ၈-ဦးခန့်ရှိပြီဖြစ်သည်။) (ဤ “မြန်မာဂဇက်”တွင်ဖေါ်ပြပါရှိ သော agent များသည်၊ အစိုးရအသိအမှတ်ပြု၍၊ မြန်မာမိသားစုများအတွက်တိုက်ရိုက်အထောက်အကူပြု ကူညီနိုင်ကြသော လုပ်သက်ရင့်ပညာရှင်များဖြစ်ကြပါသည်။)
(၄) ယခင်နှစ်ကစာရင်းပေါက်ပြီးသူများအနေဖြင့်၊ စာတိုက်မှရောက်လာမည့်ညွှန်ကြားချက်ကိုတိတိကျကျ လိုက်နာကြရန်လိုသည်။ အများအားဖြင့် ၀င်ငွေခန့်မှန်းချက်နှင့်မိသားစုဝင်အကြောင်းတောင်းဆိုချက်များ ဖြစ်သည်။ စာရောက်မလာပါက သက်ဆိုင်ရာဗဟို (သို့မဟုတ်)ပြည်နယ်များ၏ official website များမှတဆင့် မိမိ အာမခံတည်ရှိမှုအခြေအနေကိုတက်ရောက်စိစစ်ကြရန်လိုပါမည်။ ယင်းအတွက် မိမိနေထိုင်ရာ လိပ်စာ zip code နှင့် ဂဏန်း(၁၄)လုံးပါ (plan identification number) တို့ကိုသုံးလျက်သော်၎င်း၊ ဖုံးဆက်၍မြန်မာ ဘာသာ စကားဖြင့်၊ လိုအပ်သောစုံစမ်းမှု၊ plan ပြောင်းလဲမှုများပြုလုပ်နိုင်ကြပြီးဖြစ်ပါသည်။
(၅) ဆရာဝန် (သို့) ဆေးခန်းပြောင်းမည်ဆိုပါက ဖေဖေါ်ဝါရီ (၁၅)ရက်နောက်ဆုံးထား၍မည်သူမဆိုပြောင်းခွင့် ရှိပါသည်။ စာတိုက်မှရောက်လာသောစာတွင် automatic renewal ဟုဆိုထားသော်လည်းဤကိစ္စများကို ပြောင်းလဲခွင့်ရှိပါသည်။ နောင်(၂၀၁၅)တွင် မိမိ လက်ကိုင်ဆောင်ထားဆဲ plan ကို မိမိကိုကုသပေးနေဆဲ ဆရာဝန် ဆက်လက်တာဝန်ယူခြင်းရှိမရှိကိုလည်း စုံစမ်းရန်မပျက်ကွက်ပါနှင့်။ မိမိ ဆရာဝန်ကဆက်လက် တာဝန်ယူခြင်းမရှိပါကလည်း၊ ထိုဆရာဝန်ဆက်လက်တာဝန်ယူသော အခြားplan ကိုမေးပြီး၊ plan ပြောင်းခွင့် ရှိပါသည်။ သို့သော် အခြား ဆရာဝန်တစ်ဦးဦးထံ plan ပြောင်းရန်ဝန်မလေးပါနှင့်။
“အာရောဂျံ၊ ပရမံလာဘံ” နှစ်သစ်တွင်၊ မြန်မာတိုင်းရင်းသားအားလုံး၊ ကျန်းမာသုခနှင့်ပြည့်စုံကြပါစေကြောင်း။