Tuesday, May 05, 2020

CoVid-19 အလွန် အမေရိကရောက်မြန်မာများအတွက် အပြင်အဆင်

ဒီဆောင်းပါးရေးရတဲ့အကြောင်းရင်းကတော့ မောင်မိုးညိုနေထိုင်ရာဒေသကာလီဖိုးနီးယားတောင်ပိုင်း မြို့တွေမှာ ရှိတဲ့ အာရှတိုင်းရင်းသားအခြေပြု community အဖွဲ့အစည်းတွေက CoVid-19 အခြေအနေ ထိမ်းသိမ်းနိုင်တဲ့အချိန်ရောက်လာတာနဲ့အမျှ၊ မိမိတို့ရဲ့ဘ၀တွေကို ပုံမှန်ပြန်လည်စတင်ကြ ဘို့အတွက်၊ အစီအမံအပြင်အဆင်တွေနဲ့ပါတ်သက်ပြီး၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတွေ စတင်ကြဘို့၊ အစည်းအဝေးများကျင်းပနေကြောင်းကြားသိရတဲ့အတွက်၊ မောင်မိုးညိုလည်း ကိုယ့်အမျိုးမြန်မာတွေ အတွက် သင့်လျော်မဲ့အကြံပြုချက်တွေကိုစတင်စုဆောင်းရင်းဒီဆောင်းပါးကိုရေးဖြစ်ရတာပါ။
အမေရိကရောက်မြန်မာတွေ (အထူးသဖြင့် နယူးရောက်ပြည်နယ်အရှေ့ဖျားပြည်နယ်တွေမှာနေထိုင် ကြသူတွေ အသေအပျောက်တွေရှိသလို၊ အထိနာကြသူတွေအတော်များကြောင်းဝမ်းနည်းဘွယ်ကြား သိရပါတယ်။ ပိုဆိုးတာကမသိနားမလည်မှု၊ မိမိမိသားစုအတွင်း အတော်အသည်းအသန်ဖြစ်မှ၊ ဆိုင်ရာဆေးရုံဆေးခန်းကို အချိန်နှောင်းမှရောက်တဲ့အတွက်၊ မသေသင့်ဘဲသေကြရသူတွေ  တော်တော်များတယ်ဆိုတာကို ကြားသိရတဲ့အတွက် အတော်စိတ်မကောင်းဖြစ်ရပါတယ်။ ရောဂါဖြစ် တာကိုသိပေမဲ့ ဆိုင်ရာကိုအသိမပေးရဲတာ၊ အိမ်နီးချင်းတွေရဲ့ငြိုငြင်မှုတွေကို ကြောင်ရွံ့ကြတာတွေ  ကြောင့်လို့ဘဲယူဆရဘွယ်ရှိပါတယ်။ Introvert ဖြစ်တဲ့လူမျိုးရဲ့စရိုက်နဲ့ ဘာသာခြားလူမျိုးတွေကြားထဲ နေရတဲ့ minority inferior complexity ဟာ ကျွန်တော်တို့မြန်မာများရဲ့ ရင်ထဲစိတ်ထဲကို ရိုက်ခတ်ခြင်း ခံရတာမဆန်းပါဘူး။ အထူးသဖြင့် xenophobia လွှမ်းမိုးလွန်းလှတဲ့ခေတ်အခါကြီးမှာ (အထူးသဖြင့် လက်ရှိအစိုးရရဲ့ တိုင်းတပါးလူမျိုးခြားမုန်းတီးရေးဝါဒကြီးထွားလာတဲ့ ပြောဆိုမှုတွေ၊ “China Virus” လို့ဗြောင်ပြောဆိုတာတွေဟာ) မိမိတို့မြန်မာတွေရဲ့နေ့တဓူဝဘ၀တွေကို အကြီးအကျယ်ခြိမ်းခြောက် ခြင်းခံနေကြရတဲ့အချိန်ပါ။ ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပေမဲ့ ကျွန်တော်တို့မှာ ရှိတဲ့ (ဥပဒေ ကပေးထားတဲ့အကာအကွယ်တွေ) ကို အသုံးမချလို့မရတော့တဲ့အခြေအနေမှာရှိတယ် ဆိုတာကို သတိပြုကြရမဲ့ အချိန်၊ စိတ်နှလုံးသွင်းရမဲ့အချိန်ပါ။ မိမိတို့ရဲ့ နိုင်ငံရေးပါတီအားသန်မှု၊ ယုံကြည်မှုတွေ အားလုံးကို xenophobia ကမျက်နှာမလိုက်ဘူးဆိုတာကို (ဟန်မဆောင်ကြစတမ်း) စိတ်နှလုံး သွင်းကြရပါမယ်။ မိမိရဲ့မျက်နှာပုံပန်းသဏ္ဍာန် (by your appearance)ဟာ Asianတစ်ဦးရဲ့အသွင်ကို  ဆောင်တယ်ဆိုလိုက်တာနဲ့ ကိုယ်ကိုယ်တိုင်လည်းပစ်မှတ်စာရင်းဝင်ဖြစ်သွားပြီဆိုတဲ့အချက်ကို  လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ကောင်းကောင်းကြီးသဘောပေါက်ဘို့လိုပါတယ်။ အမေရိကရောက်ကျွန်တော်တို့မြန်မာအားလုံးဟာ ခေတ်ရေစီးကြောင်းထဲမှာ တလှေထဲစီးတခရီးထဲ သွားတွေပါ။ တဖက်ကလည်း CoVid-19ရဲ့အလဲထိုးမှုကို ကောင်းကောင်းကြီးခံလိုက်ရပါပြီ။ CoVid-19 ဟာဘယ်သူ့မျက်နှာမှမလိုက်ဘူးဆိုတာကိုတော့ စာဖတ်သူတို့ လက်ခံကြလိမ့်မယ်လို့ယုံကြည် ပါတယ်။
ကဲ-ကြည့်ကြရအောင်ပါ။ CoVid-19 ဟာ ကျွန်တော်တို့ဘ၀ကိုအရင်ကနဲ့မတူအောင်ပြောင်း လဲလိုက်ပါပြီ။
(က) ကျန်းမာရေးဟာ လူ့ဘ၀ပျော်ရွှင်ချမ်းမြေ့ရေးအတွက်ပဓါနအကျဆုံးကိစ္စပါ။ မိမိနဲ့တကွ မိမိတို့မိသားစုဝင်တစ်ရောက်ချင်းတိုင်းအတွက် ကျန်းမာရေးအာမခံရှိမရှိ၊ စိစစ်ပြီး အမြန်ဆုံး ရယူကြပါ။ ဒီကိစ္စကိုပြောရခြင်းဟာ CoVid-19ကြောင့်အလုပ်ချိန်လျှော့ခံရသူတွေ၊ အလုပ်နားထား သူတွေ၊ ဒါမှမဟုတ် အလုပ်ကအပြီးထုတ်ပယ်ခံရသူမြန်မာတွေအတော်များပါတယ်။ CoVid-19 ဖြစ်စဉ်ကာလဆေးကုသပေးတာတွေဟာအရေးပေါ်ကာလအစီအမံအရ၊ အစိုးရက ယာယီ  ဆောင်ရွက်ပေးထားတာတွေပါ။ အလုပ်မရှိခဲ့ရင် ဆိုင်ရာပြည်နယ်တွေမှာရှိတဲ့ health coverage exchange (သို့မဟုတ်) Medicaid မှာအမြန်ဆုံးလျှောက်ထားကြပါ။
(ခ) CoVid-19 ကာလအတွင်းဆိုင်းငံ့ထားရတဲ့အရေးပေါ်မဟုတ်တဲ့ ကုသမှုဆိုင်ရာကိစ္စ၊ ကျန်းမာရေး စစ်ဆေးခြင်းဆိုင်ရာကိစ္စတွေအတွက် appointment တွေအမြန်လုပ်ကြပါ။ အလုပ်ပြန်ဖွင့်တာနဲ့ အခြားရက်ချိန်လိုသူတွေ ဒုနဲ့ဒေးဖြစ်လာပါမယ်။
(ဂ) အလုပ်လက်မဲ့တွေက (ခုစာရေးချိန်မှာ လျှောက်ထားသူ သန်း၃၀ရှိနေပါပြီ။) ခံစားခွင့်မလျှောက်ရ  သေးရင်အမြန်လျှောက်ကြပါ။ အမှန်ကတော့ အလုပ်မှထွက်ရ/နားရပြီဆိုတာနဲ့နေ့မကူးမှီလျှောက် ထားကြဘို့လိုပါတယ်။ အရေးကြီးတာက ကိုယ့်အလုပ်ရှင်ရဲ့ တရားဝင်အလုပ်ရပ်နားကြောင်းစာကို လက်မှာကိုင်ထားဘို့ပါဘဲ။ နောက်တခုက နောက်အလုပ်ပြန်ဝင်သည့်တိုင်အောင် (အလုပ်ရှင်ကပြန် အလုပ်ဝင်စေသည့်တိုင်အောင်) ကိုယ်ဝင်ငွေမရှိခဲ့တဲ့ အလုပ်ရက်တွေအတွက် ခံစားခွင့်အပြည့်ရှိတယ် ဆိုတာကိုသတိရှိကြပါ။ အလုပ်ချိန်အပြည့်ပြန်ရပြီဆိုတာနဲ့ အဲ့ဒီအလုပ်လက်မဲ့ခံစားခွင့်ထုတ်ပေးရာ ဌာနကို အကြောင်းကြားကြဘို့လဲမမေ့ပါနဲ့။
(ဃ) လူမျိုးခြားမုန်းတီးရေးဝါဒကြီးစိုးနေချိန်ခုကာလမှာ မိမိအပေါ်နိုင့်ထက်စီးနင်းပြောဆိုတာတို့၊ racial slurတွေသုံးလာရင် ဆိုင်ရာ မန်နေဂျာအကြီးအကဲကနေတဆင့် human resources/capitals ကိုစာရေးအကြောင်းကြားပါ။ အရေးကြီးတာကဟန်မပျက်နေပါ။ အလုပ်ခွင်ပြင်ပဆိုရင် ဆိုင်ရာရဲကို တိုင်ချက်ဖွင့်ပါ။ ဒီကိစ္စကကိုယ်တွယ်ရခက်တဲ့ကိစ္စမို့ ဆိုင်ရာတွေရဲ့အရေးယူဆောင်ရွက်မှုဟာ ကိုယ်ထင်ထားသလောက်ထိရောက်ချင်မှထိရောက်ပါမယ်။ ဒါပေမဲ့ တိုင်ချက်တခုအနေနဲ့ရှိသွားပြီ ဖြစ်တဲ့အတွက် နောက်ထပ်အလားတူကိစ္စထပ်ဖြစ်ဘို့ခဲယဉ်းသွားဘွယ်ရှိနေပါတယ်။ မိမိဖာသာထားရှိ သင့်တဲ့ ခံယူချက်ကတော့ ဒီဖြစ်စဉ်တွေဟာ personal ဆိုတာထက် by appearance ကြောင့်ဖြစ်တာ တွေချည့်ပါဘဲ။
(င) မြန်မာတွေ digital world နဲ့ networking/IT ကိုရေရေလည်လည်နားလည်ကြဘို့ အလွန်လို လာပါပြီ။CoVid-19 ဖြစ်စဉ်ကာလအတွင်းမှာ အိမ်မှာအလုပ်လုပ်ကြရသူwokforce ဟာ (၇၀%)  ကျော်တယ်လို့ ကိန်းဂဏန်းများကပြဆိုနေပါတယ်။ ၀မ်းနည်းစရာကောင်းတဲ့အချက်ကတော့ (၇၀%) ကျော်သောအမေရိကရောက်မြန်မာတွေဟာ ကိုယ်ကာယနဲ့တိုက်ရိုက်ကိုယ်တွယ်လုပ်ကိုင်ရ တဲ့ အလုပ်များကိုသာလုပ်ကြရပါတယ်။ အဓိကကတော့ technology ပညာအခြေခံမဲ့တဲ့အတွက်ပါ။ တခါ technology နားလည်ပေမဲ့ မိမိတို့မြန်မာနိုင်ငံကသင်ယူတတ်မြောက်ဘွဲ့ရထားတာတွေဟာ ဒီနိုင်ငံမှာအကြုံးမ၀င်အသိအမှတ်ပြုခြင်းမခံရတာတွေလည်းပါပါတယ်။ နောက်တခုက စကားပြော ဆက်ဆံရေးlanguage barrier ဟာလည်းအခြားအကြောင်းအချက်ပါ။ ဒီတော့ ကျွန်တော် တို့မြန်မာတွေ အသက်ငယ်သည်ကြီးသည်မဆို technology ကိုအချိန်ပေးလေ့လာကြရပါတော့မယ်။ ကိုယ့်အသက်ကတော့ကြီးပါပြီဆိုပြီးလက်လျှော့တဲ့ ဆိုတဲ့စရိုက်တွေ မဖြောက်လို့မဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေ့တဓူဝဘ၀ရှင်သန်ရေးအတွက်ဝင်ငွေလိုနေသေးသမျှ  technology နဲ့ ကင်းလို့ ဘယ်နည်းနဲ့မျှ မဖြစ်တော့တဲ့ ခေတ်ထဲရောက်နေပါပြီ။ Work-from-home စနစ်နဲ့ အိမ်ကနေကွန်ပျူတာနဲ့အလုပ်လုပ်ရတာကိုနှစ်သက်ကြသူလူငယ်များနဲ့ WFH ရဲ့ထိရောက်မှုနဲ့  အောင်မြင်မှုအတိုင်းအတာကိုအလုပ်ရှင်တွေက ကောင်းကောင်းကြီးသတိပြုမိသွားပြီဆိုတာကို သတိပေးပါရစေ။
(စ) CoVid-19 ဟာ လူသားချင်းပေါင်းသင်းဆက်ဆံမှုစနစ်တခုကိုသိသိသာသာကြီးပြောင်း လဲလိုက်ပါတယ်။ အရေးပေါ်အခြေအနေ၊ ကပ်ရောဂါဘေးလိုကိစ္စတွေရှိလာတိုင်း၊ မိသားစုအတွင်း တယောက်နဲ့တယောက်ဘယ်လိုဆက်သွယ်ရမယ်၊ ဆက်သွယ်ရေးဆိုင်ရာကိရိယာတွေအလုပ်မလုပ်  တော့ရင်ဘယ်လိုအဆက်အသွယ်ပြုကြမလဲဆိုတာကို အပြင်အဆင် သတင်းဖလှယ်မှုလုပ်ကြရပါ မယ်။ ပွဲမ၀င်ခင်အပြင်ကကျင်းပတာတွေလုပ်ကြရပါမယ်။ ငွေရေးကြေးရေးနဲ့တန်ဘိုးကြီးပစ္စည်းများနဲ့ ပါတ်သက်တဲ့ အချက်အလက်မှတ်တမ်းတွေကို မိသားစုအတွင်းဖြန့်ဝေအသိပေးတာတို့၊ ပုံမှန် update လုပ်တာတို့လုပ်ကြရပါတော့မယ်။ 
(ဆ) ခု CoVid-19 ကဘယ်အထိခရီးဆန့်မယ်ဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ဘ၀တသက်တာ လုံခြုံစိတ်ချရမဲ့ ကာကွယ်ဆေး (life-time promising immunity/vaccine) မပေါ်သေးသရွေ့ ကျွန်တော်တို့အားလုံးဟာ၊ နေ့တထိတ်ထိတ်ညတထိတ်ထိတ်နေကြရပါတော့မယ်။ လူ့ရဲ့သဘာဝဟာ ကြာရင်မေ့တတ်တဲ့သဘောရှိလို့၊ မထင်မှတ်တဲ့အချိန်မှာ အငိုက်မိနိုင်တဲ့အဖြစ်မျိုးပြန်ဖြစ်နိုင်ပါတယ်။ ထိတ်ထိတ်ကြဲသိပ္ပံပညာရှင်များအားလုံးတို့က CoVid-19 နောက်တကျော့ပြန်မ၀င်နိုင်ဘူးလို့ ဘယ်သူကမှ အာမခံရဲကြပါဘူး။ ပြန်ဖြစ်ခဲ့ရင် အဲ့းဒီအထဲမှာကိုယ်မပါဘို့အရေးကြီးပါတယ်
(ဇ) ကျန်းမာရေးနဲ့တကိုယ်ရေသန့်ရှင်းရေးကိစ္စကတော့ စာဖတ်သူအားလုံး သိပြီးသားမို့ အထူး အထွေမပြောလိုတော့ပါဘူး။ ဒါပေမဲ့ကိုယ်လက်လှုပ်ရှားမှုကို အချိန်ပေးလုပ်ပါ။ နေ့စဉ်လုပ်ပါ။ ခန္ဓာရဲ့ immune systemကိုယ်ခံအားကိုကောင်းစွာအားပေးမဲ့ အသီးအရွက်နဲ့လေ့ကျင့်ခန်းကို ကြီးငယ်မရွေး တို့က စားသုံးကြဘို့ လိုလာပါပြီ။ Life-styleပြောင်းဘို့လိုလာပြီလို့ပြောပါရစေ။ မိမိတို့နေ့စဉ်စားသုံးနေ ကြတဲ့ ထမင်းနဲ့ဟင်းလျာတွေဟာမိမိကျန်းမာရေးအတွက်မသင့်တော်ကြောင်းသိနားလည်ပေမဲ့၊ ပါးစပ်က တွင်တွင်ပြောကြပေမဲ့၊ အဲ့ဒီအစာဝဲသြဂထဲကကျွန်တော်တို့မြန်မာတွေ မကျွတ်မလွတ် ကြသေး ပါဘူး။ မက်မောနေကြတုန်းပါဘဲ။ ခုအချိန်ကစေပြီးပြောင်းကြဘို့ကြိုးစားကြပါ။
(ဈ) CoVid-19 က နေ့တဓူဝမှာရှိတဲ့မိသားစုတွေရဲ့ထိတွေ့မှုကိုတမျိုးတဖုံပြောင်းလဲလိုက်ပါတယ်။ အရင်က မိသားစုဝင်ချင်း၊ လင်မယားချင်းတွေ့ဆုံရတဲ့အချိန်အလွန်နည်းခဲ့ပါတယ်။ အိမ်မှာအလုပ်လုပ် ကြရတဲ့အချိန်များသွားစေတဲ့ CoVid-19 ဟာ လူသားတွေ၊ မိသားစုဝင်တွေရဲ့ ပေါင်းသင်းဆက်ဆံရေး နဲ့ မိသားစုဆိုတဲ့နွေးထွေးတဲ့ဝေါဟာရကို ကောင်းကောင်းကြီးစိမ်ခေါ်လိုက်ပါတယ်။ တယောက်ရဲ့အား နည်းချက် အားသားချက်တွေကိုနဖူးတွေ့ဒူးတွေ့တွေ့ကြရပြီပေါ့။ ဒီနေရာမှာ situation adaptation ဟာ မိသားစုပုံစံထဲမှာ အရမ်းအရေးကြီးတဲ့ အပိုင်းထဲရောက်သွားပါတယ်။ ဒီအခြေအနေကို ကောင်း စွာထိန်းသိမ်းနိုင်တဲ့ကြံ့ကြံ့ခိုင်နိုင်စွမ်းရည်နဲ့ သည်းခံခွင့်လွှတ်တတ်မှုတွေက မိမိနဲ့မိမိလင်မယား နဲ့ မိသားစုဝင် အနာဂါတ်ပျော်ရွှင်ချမ်းမြေ့မှုကိုရာသက်ပန်ပုံဖေါ်ခွင့်ရကြပါလိမ့်မယ်။ bend your life ပါ။ မိမိတို့ဘ၀တန်ဘိုးကိုမိမိတို့ကောင်းစွာနားလည်တဲ့၊ လက်ခံတဲ့ မြန်မာများအဖြစ်ကျင့်ကြံကြပါ။
(ည) စီးပွားရေးကြုံ့သွားမှု (economic contraction) က(၅%)ရှိနေပါပြီ။ CoVid-19 ဟာ အလုပ်လက် မဲ့ဦးရေကိုသမိုင်းတင်လောက်အောင်ပေါ်ပေါက်စေပါတယ်။ ကျွန်တော်တို့မြန်မာလုပ်အား အင်အားစု (Burmese workforce)တခုလုံးနားလည်ထားကြဘို့က၊ ဒီလက်ရှိဖြစ်ရပ်တွေဟာ စီးပွားပျက်ကိန်း (economic recession) ထဲရောက်ရှိသွားဘွယ်ရှိနေပါတယ်။ ဒီအထဲမှာ အလျင်အမြန်တိုးတက်နေ ရာယူလာတဲ့ နည်းပညာနဲ့artificail intelligent ကလုပ်ငန်းတွေမှာနေရာအကျယူနေပါပြီ။ ဒီအတွက် အလုပ်တခုပြန်ရဘို့ဟာ သာမာန်မြန်မာတွေအတွက်အလွန်ခက်ခဲဘွယ်ရှိသွားပါပြီ။ ကိုယ်ကာယနဲ့လုပ် ကိုင်ကြရတဲ့ စက်ရုံအလုပ်ရုံများ၊ သားသတ်ရုံများ၊ စားသောက်ဆိုင်များ နဲ့ နေ့စားအချိန်ပိုင်းဆွဲခေါ် အလုပ်များသာပြန်ပေါ်လာဘွယ်ရှိပြီး၊ အဲ့ဒီလုပ်ငန်းများအားလုံးဟာ အလုပ်ရှိရင်သွားလုပ်ရတဲ့ agency ကခေါ်တဲ့အလုပ်အကိုင်တွေအဆင့်သာရှိသွားပါလိမ့်မယ်။ အဲ့ဒီအတွက် ပုံမှန်ဝင်ငွေဆိုတဲ့ ကိစ္စဟာ အလွန်မရေရာတဲ့ကိစ္စဖြစ်သွားသလို၊ မရေရာတဲ့မိသားစုဘ၀ကိုရောက်သွားနိုင်ဘွယ်အခြေအနေရှိ နေပါပြီ။ အဲ့ဒီအတွက်ခြိုးခြံချွေတာမှုဟာ အရေးကြီးတဲ့ကိစ္စတခုဖြစ်လာပါတယ်။ လက်ထဲရှိစုဆောင်း  ငွေကို ကျစ်ကျစ်ပါအောင်စုသလို၊ သုံးစွဲမှုတိုင်းကိုအနည်းဆုံးတစ်ကြိမ်စဉ်းစားကြရပါတော့မယ်။ မြန်မာတွေဟော့ဟော့ရမ်းရမ်းမသုံးတတ်ကြပေမဲ့၊ သုံးတတ်သူတွေဒုနဲ့ဒေးရှိနေတာကိုမြင်နေရလို့ပါ။
(ဋ) အိမ်ငှားနေကြရသူမြန်မာဦးရေကအိမ်ပိုင်ရှိသူတွေထက်ပိုများပါတယ်။ လက်ရှိပြည်နယ်အစိုးရတွေ အားလုံးလိုလိုက အိမ်ငှားခ(rent) မပေးနိုင်လို့ အိမ်ပေါ်ကနှင်ချတဲ့အဖြစ်တွေကိုတားမြစ်တဲ့ (eviction suspension)တွေလုပ်ထားပါတယ်။ (၂)လကနေ(၃)လအထိရှိပါတယ်။ ကျွန်တော်တို့မြန်မာတွေသိ ထားကြဘို့က ဒီအမိန့်တွေဟာ ယာယီဆိုင်းငံ့အမိန့်တွေသာဖြစ်ပြီး၊ အဲ့ဒီကာလကျော်လွန်တာနဲ့ ယခင်ဆိုင်းငံ့ကာလအတွင်းပေးသွင်းခြင်းမရှိတဲ့rent ကိုပါထပ်ပေါင်းပေးရမှာမို့၊ နောက်ထပ်(၂)ဆ(၃) ဆတိုးလာပြီးမနိုင်မနင်းဖြစ်သွားနိုင်ချေရှိပါတယ်။ အကြံပြုလိုတာက အလုပ်လက်မဲ့ဖြစ်ပြီဆိုတာနဲ့အိမ် ရှင်ကိုစာနဲ့ရေးပြီး rent လျှော့ပေးဘို့အကြောင်းကြားပါ။ (နှုတ်နဲ့ပြောတာတရားမ၀င်ပါ။) ဒီလိုအ ကြောင်းကြားတာကလည်း(၇)ရက်အတွင်းဖြစ်ဘို့လိုသလို၊ အလုပ်ပြု/အနားပေးခြင်းဟာ CoVid-19နဲ့ ဆက်စပ်မှုရှိရပါမယ်။ အခြာအကြောင်းကြောင့်အလုပ်အကိုငင်ကိုထိခိုက်တာအကြုံးမ၀င်ပါ။ ဆိုလိုတာက အိမ်လခဆိုင်းငံ့ခြင်း(deferment)ထက် အိမ်လခလျှောချပေးဘို့ (အနည်းဆုံးယာယီ) (rent reduction) နည်းကိုသုံးစေချင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ အလုပ်ကအနားပေး တာ/ပြုတ် တဲ့အထောက်အထားစာရွက်စာတမ်းကိုလက်ထဲမှာကိုင်ထားဘို့တော့လိုပါတယ်။
ထိုနည်းတူစွာ mortgage/community homeowner association assessment fees ရှိနေကြသူ  တွေဟာလည်း၊ ဆိုင်းငံ့စာများခုချိန်ရရှိပြီးနေကြလောက်ပြီလို့ယူဆရပါတယ်။ လစဉ်ပေးသွင်းရမဲ့ငွေ ကို ဆိုင်းငံ့ခြင်းထက် လျှော့ပေါ့ပြီး မျှဝေတဲ့လစဉ်ကြေး (spreaded reduction fee)တွက်ချက်ပေးခွင့် ပြုပေးဘို့ ညှိနှိုင်းကြပါ။ အိမ်ရှင်/ဘဏ်တွေဟာ ဆက်သွယ်အကြောင်းကြားခြင်းတစုံတရာမလုပ်ဘဲ လစဉ်ကြေးပေးသွင်းရန်ပျက်ကွက်သူတွေကိုသိပ်မနှစ်သက်ကြပါဘူး။
(ဌ) ငွေကြေးအခက်အခဲကြောင့်မိမိတို့စုဆောင်းငွေ 401kလိုအထဲကရယူဘို့ကြိုးစားတာဟာ  ကောင်းတဲ့ခြေလှမ်းမဟုတ်ပါဘူး။အိုနာစာစုဆောင်းငွေဟာ အိုနာစာသက်သက်အတွက်ဖြစ်တာမို့၊ economic hardship ကိုခွင့်ပြုဘွယ်ရှိပေမဲ့၊ အလကားတော့ မရပါ။ ဒါဏ်ကြေးနဲ့အတိုးကကြိမ်းသေ  ပေါက်လိုက်ပါလိမ့်မယ်။
(ဍ) ဟိုတယ်နဲ့ခရီးသွားဘို့စီစဉ်ထားတာတွေ၊ လက်ထပ်အခမ်းအနားတွေ၊ စတဲ့ခရီးစရိတ်တွေအတွက် ကြိုတင်ငွေပေးသွင်းထားကြရသူတွေအတွက် ဆိုင်ရာတွေကemailတွေ (အများအားဖြင့်) ဆက်သွယ် နေကြပါတယ်။ ပြန်အမ်းငွေကိုဦးစားပေးတောင်းကြပါ။ စာနဲ့အကြောင်းကြားတယ်လို့မကြားမိပါ။ email တွေကိုနေ့စဉ်မျက်ခြေ မပြတ်စစ်ဆေး ပါ။ စတင်ဝယ်ယူစဉ်ကဘယ်သူ့email ကိုသုံးသလဲ ဆိုတာသိဘို့လိုသလို၊ အဲ့ဒီ email ပိုင်ရှင် (ကိုယ်ကိုယ်တိုင်မဖြစ်ခဲ့ရင်)  Junk mail folderကိုပါ
စစ်ဆေးဘို့ သတိပေးပါ။ ကိုယ်တိုင်ကိုယ့် email ကိုမသုံးခဲ့ရင်အတော်အခက်အခဲရှိပါတယ်။ ထင်သ  လောက်မလွယ်ပါ။ အဲ့ဒီကာယကံရှင်က ဘယ်လောက်အထိအလေးထားလဲဆိုတဲ့အပေါ် မှာများစွာမူ တည်နေပါတယ်။
CoVid-19 ဟာ လူသားအားလုံးရဲ့ နေ့စဉ်ဘ၀ပေါင်းသင်းဆက်တံမှုတွေကို အကြီးအကျယ်ပြောင်းလဲ  စေလိုက်ပါပြီ။  အမေရိကရောက်ကျွန်တော်တို့မြန်မာတွေဟာ၊ ဒီပြောင်းလဲမှုဖြစ်စဉ်ကြီးမှာ လိုက်ပါနိုင် ဘို့အလွန်အရေးကြီးနေပါတယ်။ကိုယ့်ရဲ့လူမျိုးရေးအနေအထားကိုလဲပကတိအတိုင်းသိနားလည်ကြဘို့ လိုပါတယ်။ ကျွန်တော်တို့အားလုံးရဲ့လူမှုဘ၀သာယာဖြောင့်ဖြူးမှုကို အကြီးအကျယ်စိမ်ခေါ်ပါလိမ့်မယ်။ အစဉ်သတိရှိကြပါလို့။         ။