Sunday, May 06, 2012

ခက်မ(၅)ဖြာ နှစ်တပါတ်လည်သောအခါ (၂၀၁၁ မှ ၂၀၁၂)


အုပ်ချုပ်ရေးခက်မ (မဏ္ဍိုင်)

ကချင်ပြည်နယ်မြစ်ဆုံဒေသဆည်ရေကာတာ တည်ဆောက်ရေးရပ်ဆိုင်းသည့်ကိစ္စမှစ၍ နိုင်ငံရေးအကျဉ်းသားအားလုံးလိုလိုလွှတ်ပေးခြင်းကိစ္စ၊ ပြည်သူတို့၏ အနာဂါတ်မျှော်လင်ချက် ကို  ပုံဖေါ်ပေးနိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အားလွတ်လပ်စွာနေထိုင်ခွင့်ပေးယုံမက သမ္မတကြီးကိုယ်တိုင် မိမိဇနီးနှင့်အတူရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြခြင်းတို့သည်. မြန်မာပြည်သူအများ ကို မျှော်လင့်ချက်အသစ်များ ဖန်တီးပေးသည့် ကာလတခုသို့ချင်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်း နှင့် ပြည်သူတရပ်လုံးက သတိမူမိချိန်ဟုဆိုရပါမည်။ သမ္မတဦးသိန်းစိန် သမ္မတသစ်အဖြစ်ကျမ်းကြိမ်ဆို စဉ်ကေ၇လဲနှင့်သုံးခဲ့သော good governance ဟူသော ဝေါဟာရသစ်တခု သည်လည်းမြန်မာ့နိုင်ငံရေး လောကတွင်းချင်းနင်းဝင်ရောက်နေရာယူပြီး အတော်ရေပန်းစားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံဘာလီသိုရောက်နေသော အမေရိကန်သမ္မတအိုဘားမား မှ ဒေါ်အောင်ဆန်းစုကြည် နှင့်တိုက်ရိုက်ဆက်သွယ် ဖုံးစကားပြောရာကစ၍ မြန်မာနှင်(့အထူးသဖြင့်)အနောက်နိုင်ငံတို့၏ ဆက်ဆံရေးသည်တမဟုတ်ချင်းပြောင်းလဲသွားစေခဲ့သည်ကိုတွေ့ရပါသည်။ ရာစုနှစ်ဝက်အတွင်းအမေရိကန်မှ အဆင့်အမြင့်ဆုံးရာထူးရှိ နိုင်ငံခြားရေးဝန်ကြီး သာမက၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၊ ဥရောပသမဂ္ဂ ၀င်နိုင်ငံများမှ ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ခြေလှမ်းပျားပန်းခတ်နေသောအချိန် ဟုဆိုရမည်ပင်။ အတိုက်အခံ National League for Democracy ၏ ယခင်ရပ်တည်ချက်ဖြစ်သော ရွှေဂုံတိုင် declaration အရ စစ်အစိုးရ၏ရွေးကောက်ပွဲသပိတ်မှောက်ခဲ့သော သံမဏိဆုံးဖြတ်ချက် ကို NLD ခေါင်းဆောင်က ဖျက်သိမ်းကာ ရွေးကောက်ပွဲကိုဝင်မည့်အကြောင်းကြေငြာ လိုက်သည်နှင့် ပါတီတရပ်လုံးသာမက ပြည်သူတရပ်လုံးကသောင်းသောင်းဖျဖျ သြဘာပေးခဲ့ကြသည်။ ဒေါ်စုကလည်း သူမအနေနှင့် ဦးသိန်းစိန်အပေါ်ယုံကြည်မှုအပြည့်ရှိကြောင်း၊ လူထုအားလုံးက လိုလားသောအချက်များအားလုံး နေ့ချင်းညခြင်းမဖြစ်နိုင် သည်တို့ကိုသည်းခံတတ်ကြရန်လိုအပ်ကြောင်း ဖျောင်းဖျခဲ့သည်။ နိုင်ငံတော်အကြီးအကဲအနေနှင့် ပြည်ပသတင်းဌာနနှင့်ပထမဆုံးပြုလုပ်သော တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန်ကမိမိအစိုးရအနေဖြင့် အများကိုလိုက်လျောသည့် ဆောင်ရွက်ပေးခြင်းများ မကြုံစဖူးလုပ်ခဲ့ပေးသလို အနောက်နှင့် အမေရိက ကလည်း လက်ရှိ စီးပွားရေးပိတ်ဆို့ခြင်းများကို ရုတ်သိမ်းပေးရန်တာဝန်သာ ရှိတော့ကြောင်း ဆွေးနွေးသွားသည်။ ဦးသိန်းစိန်က The Washington Post နှင့်တွေ့ဆုံရာတွင် စီးပွားရေးပိတ်ဆို့မှုသည် အစိုးရကိုမထိခိုက်ဘဲ ပြည်သူကိုသာ ထိခိုက်ကြောင်းပြောဆိုခဲ့သော်လည်း၊ အမှန်တကယ်ထိခိုက်သူများကား ယခင်အစိုးရနားတွင် ၀န်းရံနေသောစီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်ပြီးအထိနာဆုံဖြစ်သည် ဆိုသည်ကား အထင်အရှားပင်။ အတိုက်အခံများနှင့် အမေရိကအပါအ၀င် အများကစီးပွားရေးပိတ်ဆို့မှုဟူသမျှကို အစိုးရ၏လုပ်ရပ်ခြေလှမ်းများတိုးတက်သွက်လက်လာသည်နှင့် အညီသာ တဆင့်ပြီးတဆင့် လှျော့ချသင့်ကြောင်းမြင်ကြသည်။  စီးပွားပိတ်ဆို့မှုကိုဖွင့်လှစ်ပေးမည်ဟု ပထမဆုံးကြေငြာလိုက်သောအဖွဲ့ကား ဥရောပသမဂ္ဂဖြစ်သည်။ ယင်းကြေငြာချက်နှင့်အတူ ယူရိုငွေငွေ သန်း(၁၅၀) ချေးငှားမည့်မင်္ဂံလာသတင်းကိုတဆက်တည်းကြားကြရသည်။

ခက်သည်ကား ယခင်စစ်အစိုးရလက်ထက်အတွင်း “နာဂစ်”မုန်တိုင်းကြောင့်တနိုင်ငံလုံးနီးပါးကြိမ်မီးအုံမျှ ပူးဆွေးဒုက္ခရောက်ခဲ့ချိန်၊ အတင်းအဓမ္မနည်းဇြင့် အတည်ပြုခဲ့သော နိုင်ငံတကာစံချိန်စံနှုန်းမမှီသော ဖွဲံစည်းပုံအခြေခံဥပဒေ၏အားနဲချက်များ၊ ယင်းဥပဒေနဲ့အညီ ကျင်းပခဲ့သောရွေးကောက်ပွဲတွင် မဲရုံတိုင်းလိုလို “ကြိုတင်မဲ”ဟူသော အစီအမံဖြင့် ဘယ်ကမသိရောက်ရှိလာသော စုပြုံမဲများအရပေါ်ထွက်လာသော အစိုးရသစ်ကို ပြည်သူနှင့်တကွ တကမ္ဘာလုံးက ယုံကြည်နိုင်မှုမရှိသေးချိန်ပင်။ ယင်း အတိပ်အရိပ်မဲကြီး၏လွှမ်းမိုးမှုကို အစိုးရသစ်က အမွေခံယူထားရသည်။ လက်ရှိအစိုးရအဖွဲ့အတွင်း ယခင်စစ်ဗိုလ်ချုပ်များမှ ခေါင်းမာသူတယူသန်များ နေရာယူထားဆဲဆိုသော ကြောင့်ကျစိတ်က လူထုကို လွှမ်းမိုးဆဲဖြစ်သည်။ အခြေခံဥပဒေ၏ ပြဌာန်းချက်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိမိနှင့်မိမိ မိသားစု အနားယူချိန် လုံခြုံစိတ်ချစေရေးနှင့် ၄င်းတို့၏အနာဂါတ်ကံကြမ္မာကောင်းမွန်စေရေးအစီအမံသက်သက်သာ ဖြစ်သည်ဟု ထင်မှတ်ယူကြယုံမက ယင်းဆိုးမွေကို  ကို မြန်မာပြည်သူ သန်း(၆၀) ကခါးစီးခံလိုက်ရသည်ဟု လေ့လာသူတချိုကဆိုကြသည်။ တပ်မတော်အပေါ်လူထုယုံကြည်မှု (၀ါ) ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့သော hero များအဖြစ်လူထုကပြန်မြင်လာရေးမှာ လတ်တလောအခြေအနေတွင်မဖြစ်နိုင်သေးပါ။ တပ်က လွှတ်တော်အတွင်း (၂၅%) မျှ အလို လျောက်နေရာယူနေမှုက မြန်မာ့ဒီမိုကရေစီကျင့်စဉ်ကို ကမ္ဘာက ကြီးစွာသောသံသယကိုတိုးပွားနေစေသေးသည်။ အမှန်ပြောရလျင် အထင်သေးနေစေသေးသည် မဟုတ်ပါလား။ မြန်မာနိုင်ငံ၏ရေမြေသဘာဝအရ စစ်တပ်သည် မရှိမဖြစ်လိုအပ်သည် ဟူသောအတွေးအခေါ်ကို အုပ်ချုပ်သူအဆက်ဆက်က ခေါင်းထဲရိုက်သွင်းစေခဲ့သည်ကား အထင်အရှားပင်။ မိမိအာဏာတည်မြဲရေးတွင် စစ်တပ်အပေါ် အာဏာချုပ်ကိုင်နိုင်မှုကအဓိကအသက်သွေးကြော ဖြစ်ကြောင်း သွားလေသူ ဗိုလ်ချုပ်ကြီးနေ၀င်းက ကောင်စွာနမူနာပြခဲ့ပေသည်။ စစ်အဆောက်အအုံကို မလိုအပ်ဘဲ ကြီးထွားလာအောင်တပ်ရင်းတပ်ဖွဲ့များကိုအရှိန်အဟုန်မြှင့်တိုးခဲ့လာခြင်းက၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အချိုးကျစွာ နှေးကွေးသွားစေသည့်သာဓကများ နိုင်ငံတကာတွင်ထင်ရှားစွာတွေ့ရမည်ဖြစ်သည်။ “ပြည်သူသည်သာအမိ၊ ပြည်သူသည်သာအဖ” ဟူသော တပ်မတော်၏ဆောင်ပုဒ်ကို မသိမသာဘေးခေါက်ထားပြီး “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ” ဟူသော ကြွေးကြော်ချက်ဖြင့်အစားထိုး၍ မျက်စေ့မှိတ် ခေါင်းထဲရိုက်သွင်းခဲ့သည့် စစ်တပ်၏အသိတရားကား ပြည်သူတို့၏ယုံကြည်ကိုးစားမှုကိုတားဆီးနေဆဲပင်။ လူထုကိုမြင်လျင် တစ်စိမ်းကဲ့သို (၀ါ) မယုံကြည်ထိုက်သောသူ အဖြစ်မြင်စေရန်၊ စစ်တပ်နှင့် ပြည့်သူကြား ဧရာမတံတိုင်းကြီးတားထားလိုက်သည့်အတွက် နှစ်ဦးနှစ်ဖက် အမြင်မှန်ရလာရေးမှာ အချိန်အတော်ယူမည်မှာအမှန်။ ပြည်သူတို့သဘာဝဘေးအန္တရာယ်ကျရောက်ချိန်လို ကိစ္စမျိုး၊ ရပ်ထဲရွာထဲ တည်ဆောက်ရေးလုပ်ငန်းများ၊ ပြည်သူတို့၏နေ့တဓူဝလိုအပ်ချက်ကိစ္စမျိုးတွင် စစ်တပ်မှ စိတ်ရောကိုယ်ပါ ပါဝင်ကူညီလာသည့်အဖြစ်မျိုးများအတော်များများ၊ နေရာဒေသများများတွင်တွေ့လာရမှ ပြည်သူ့သဘောထားဆက်ဆံမှုပြောင်းလာနိုင်မည်။ သတင်းစာမီဒီယာတို့တွင်ဖေါ်ပြကောင်းယုံ လန်ကြုတ်မဟုတ်သော၊ တကယ်စင်စစ် ပြည်သူကိုကူညီစောင့်ရှောက်မှုများလုပ်ကြရန်လိုအပ်လာသည်။ ပြည်သူ့နီတိကိုကောင်စွာနားလည်သဘောပေါက်လိုက်နာသော စစ်သားများဖြစ်လာရေးအတွက် စစ်တပ်အကြီးအကဲများက တပ်တွင်းပြုပြင်ပြောင်းလဲရေးများ ပြုလုပ်လာကြရန်လိုသည်။ ထို့အပြင် စစ်တပ်ဖွဲ့စည်းပုံများကိုလည်း professional ကိုအခြေခံသော ၀န်ထမ်းစစ်တပ်အဖွဲ့အစည်းအဖြစ် အင်အားလျှောချ၍ ကျစ်လစ်ခိုင်မာအောင်ပြန်လည်ပြုပြင်ရန်လိုအပ်သည်။ လူထုနှင့်စစ်တပ်တသားတည်း မြင်ရန် နှစ်ဘက်လုံးကကြိုးစားကြရမည့်အချိန်ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့အစည်းတခုလုံးကို ကာကွယ်ရေးဦးစီးချုပ်ကလွတ်လပ်စွာကိုင်တွယ်စီမံခန့်ခွဲသည် ဆိုသည်ထက် သမ္မတက ခန့်အပ်ယုံမက အစိုးရအဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်ပြောင်းလဲထည့်သွင်းရန်လိုအပ်ပေသည်။ တပ်ကိစ္စတပ်တွင်းလွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်ဆိုသော လက်ရှိအခြေခံဥပဒေ၏ပြဌာန်းချက်ကို ပြန်လည်သုံးသပ်၍ပြင်သင့်လျင် ပြင်ဆင်ရန်လိုအပ်ပေသည်။ တပ်မတော်တာကွယ်ရေးဦးစီချုပ်ဆိုသည်မှာလည်း၊ သမ္မတကို တိုက်ရိုက်တာဝန်ခံသည်ထက်အစိုးရအဖွဲ့ကိုတာဝန်ခံသည့်ဝန်ထမ်းအဖွဲ့အစည်းအဖြစ် အသွင်ပြောင်း၇န်လိုအပ်လာပါသည်။ သမ္မတသည်လက်နက်ကိုင်တပ်ဖွဲ့အားလုံ၏သေနာပတိအဖြစ် အခြေခံဥပဒေက အာဏာအပ်နှင်းသင့်ပေသည်။ လက်ရှိဖြစ်ပေါ်တိုးတက်မှုကိစ္စများတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမည်ခံ “ကာ/လုံ” ၏အခန်းကဏ္ဍသည်လည်း အဓိကအဖြစ်ပါဝင်ခဲ့သည်။ သမ္မတနှင့် ကာ/လုံ အကြား အာဏာလွန်ဆွဲမှုများရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း အစိုးရအဖွဲ့၏အစီအမံများမှာ အစီအစဉ်တကျ တန်းစီ ဆောင်ရွက်သွားသော သာဓကများကိုတွေ့ရသည်။ အစိုးရအဖွဲ့နှင့် တပ် အကြီးအကဲများအတွင်း ကာလအတန်ကြာကပင် စည်းဝါးရိုက်ထားပြီးမှ အပြောင်းအလဲများကိုလုပ်လာပုံရသည်။ မီဒီယာနှင့် ရပ်ရွာတွင်း အချေအတင်ဖြစ်သော လက္ခဏာများ မတွေ့ခဲ့ရပေ။ သေချာသည်ကတော့ လူထုနှင့် နိုင်ငံတကာအပါအ၀င် အတိုက်အခံများစိတ်ကြိုက်ဖြစ်စေရေး ပြုလုပ်ပေးသည့် အပြောင်းအလဲများသည် လွယ်လွယ်နှင့် ထွက်လာသော အဖြေများ၊ အပြောင်းအလဲများမဟုတ်သည်ကတော့သေချာလှပေသည်။ သမ္မတက လက်ရှိပြုလုပ်နေသော အပြောင်အလဲများ ကိုရပ်ပြီးနောက်ကြောင်းပြန်ရန်ဆိုသည်မှာ မဖြစ်နိုင်တော့ကြောင်း ဗြောင်ဖွင့်ပြောခဲ့သည်။ ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ မကြာမတင်သောရက်တွင်း ထိုင်းနိုင်ငံပြည့်ပခရီးတွင် ယင်းအဆိုကိုကျောထောက်နောက်ခံပြုသော၊ အစိုး၇အဖွဲ့ကိုထောက်ခံသည့် မှတ်ချက်ပြုခဲ့သည် ကိုကျေနပ်ဝမ်းမြောက်ဘွယ်ကြားကြရသည်။

အစိုးရအဖွဲ့၏တမူထူးခြားချက်တခုကား ပညာရေး၊ ကျန်းမာရေးကဲ့သို့သောဝန်ကြီးဌာနများတွင် လူထုနှင့်တန်းတူနေထိုင်ကြီးပြင်းခဲ့ရသော အခြေခံလူတန်းစားကြားမှပေါက်ဖွားလာကြသူ ပညာရှင်များကို နေရာပေးထားသည်ကို ၀မ်းမြောက်ဘွယ်တွေ့ရသည်။ နိုင်ငံတနိုင်ငံ၏ထူထောင်ရေးတွင်ပညာတတ်များ ကိုပေါ်လစီရေးဆွဲချမှတ်နိုင်သော ရာထူးနေရာများမပေးနိုင်သေးသရွေ့ မတိုးတက်နိုင်။ နိုင်ငံကိုချစ်ပါသည်ဟု ကြွေးကျော်နေယုံဖြင့် လူတန်းစေ့နေနိုင်သော နိုင်ငံကြီးဖြစ်မလာနိုင်ပါ။ ခေတ်ပညာတတ်များများ နေရာပေးနိုင်ပြီး တတ်ကြွမ်းမှုဆိုင်ရာအထောက်အကူနှင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာရေးများကား အခရာကျသော လိုအပ်ချက်များပင်။ ယင်းကို လက်ရှိအစိုးရတဖွဲ့လုံးက အူလှိုက်လည်းလှိုက် လက်မခံနိုင်သရွေ့၊ အရာရာကို ပြည်တွင်း၏အားပြည်တွင်းမှာရှိသည်ဟူသော ခေတ်နောက်ပြန်အတွေးဖြင့် မျက်စေ့မှိတ်အော်နေကြသေးသရွေ့ ယင်းလိုအပ်ချက်များ ၀င်ရောက်လာမည်မဟုတ်။ ဆက်လက်တွေ့နေရသော မြင်ကွင်းဟောင်းများကား ပြည်ထောင်စုဝန်ကြီးများ နှင့် ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များကသာ လမ်းညွှန်မိန့်ကြားမှုများပြုလုပ်နေသေးခြင်း၊ အများပြည်သူနှင့်ဆိုင်သော နေ့ကြီးရက်ကြီးအခမ်းအနားမျာ၊ အစည်းအဝေးများတွင်မိမိတို့ကသာ နေရာယူဆောင်ရွက်ကျင်းပသော သတင်းများ ထုတ်ပြန်ခြင်း၊ လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ဟု ဆိုထားသော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု၊ သစ်တောရေး၊ ငွေရေးကြေးရေးလည်ပါတ်မှု၊ အားကစား၊ သတ္တုလုပ်ငန်း ပို့ဆောင်ဆက်သွယ်ရေးနှင့် သမ၀ါယမ စသောလုပ်ငန်းများသာမက ဘာသာရေးကိစ္စများတွင် အကျအနနေရာယူ ၍ကိုယ်တိုင်ဆောင်ရွက်နေခြင်း များကိုရှောင်ရှားရမည့်အချိန်ဖြစ်သည်။ ယင်းရုပ်ပြထင်ပေါ်ကျော်ကြားမှုများ  များများနှင့်မြန်မြန် လျှော့ချသင့်ပေသည်။ တိုးတက်သော အိမ်နီးချင်းနိုင်ငံများ ကျင့်သုံးသော ပုဂ္ဂလိကနှင့် အစိုးရ ဖက်စပ်ကြိကြပ်စီမံခန့်ခွဲသော လွတ်လပ်သော စီးပွားရေးစနစ်ကို ပြောင်းလဲသင့်ပေသည်။ အစိုးရ၏တာဝန်ကား ပြဌာန်းထားသော ဥပဒေစည်းမျဉ်းများကိုလိုက်နာအောင် သက်ဝင်လာအောင်တွန်းအားပေးခြင်း၊ မလိုက်နာပါက အရေးယူခြင်းများသာ ဆောင်ရွက်သင့်သည်မဟုတ်ပါလား။

ငွေရေးကြေးရေး နှင့် အခွန်ဘဏ္ဍာအချိုးမျှတရေးကား အနာဂါတ်မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်လာသော ကိစ္စဖြစ်ကြောင်း အစိုးရသစ်ကကောင်းစွာသဘောပေါက်ပြီဟုဆိုရပါမည်။ IMF နှင့်ငွေကြေးဆိုင်ရာအဖွဲအစည့်းပညာရှင်များပြုလုပ်ဆဲဆွေးနွေးညှီနှိုင်းမှုများ၊ ဒေါ်လာငွေလဲလှယ်နှုန်းအားနဲချိန်ကို အချိန်ကောင်းယူ၍ ပြည်ပနေများထံမှ ၀င်ငွေခွန်ယာယီကင်းလွတ်ခွင့်များ ကြေငြာခြင်း၊ ကုန်သွယ်ခွန်များနှင့်တားမြစ်ချက်များလျှောချပေးခြင်း၊ ပြည်တွင်း ရှိဆန်အပါအ၀င် ကုန်ပစ္စည်းကူးသန်းရောင်းဝယ်မှုစနစ် တပြေးညီဖြစ်စေ၇န်သတ်မှတ်ခြင်း၊ မလိုလားအပ်သော၊ ဒေသအလိုက် လူထုအပေါ်ငွေကြေးတားဆီးကောက်ခံခြင်းများ ရုတ်သိမ်းခြင်း၊ အစိုးရ၀န်ထမ်းများနှင့် ရုံ့းကိစ္စရပ်များတွင် မတရားလာဘ်ငွေတောင်းခံမှု အလှူမတရားခံမှုများတိုင်တန်းနိုင်ရန် အစီအမံများဖန်တီးပေးခြင်းများ ဆက်တိုက်လုပ်လာပေးခြင်းတို့ကိုတနှစ်တာကာလအတွင်းတွေကြရသည်။ ငွေကြေးဆိုင်ရာစီးဆင်းမှု ရှင်းလင်းတိကျစေ၇န်၊ တခုတည်းသော ငွေလဲနှုန်းစနစ်သတ်မှတ်နိုင်ရန်တို့ကား ဦးစားပေးကိစ္စများအဖြစ် နောင်လာမည့် အာဆီယံ chairmanship နှင့် SEAP အားကစားပွဲတော်အမှီ တာစူပြုပြင်ရမည့်အခြေခံ ကောင်းများ အမြန်မှန်ဖနိတီးရေးတို့ကိုအားသွန်ခါန်စိုက်လုပ်နေချိန် ဖြစ်သည်။ နိုင်ငံတော်ဗဟိုဘဏ်ကို ကက်ဘိနက်အဆင့်မြှင့်တင်နိုင်ရေးမှာလည်း လေ့လာသင့်သောကိစ္စတခုဖြစ်သည်။ ယင်းနှင့်အတူ တနေ့တခြားကြီးမားလာသော လူတိုင်း၊မိသားစုတိုင်းအတွက်မရှိမဖြစ်လိုအပ်သည့်၊ ကျန်းမာရေး နှင့် ပညာရေးစနစ်တို့၏ လုံခြုံစိတ်ချရမှုတို့အတွက်လိုအပ်သော “အာမခံစနစ်” ထူထောင်ပြန့်ပွားရေးမှာ အရေးတကြီးဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။ယခုလာမည့် တတိယအကြိမ်လွှတ်တော်များတွင် စီးပွားရေး၊ ဘဏ္ဍာရေး နှင့်ငွေရေးကြေးရေးကိစ္စများကို ဥိးစားပေးဆွေးနွေးကြမည့် အလားအလာများတွေ့ရသည်။ ဆိုလိုသည်မှာ လူထုနှင့်နိုင်ငံတကာက မြန်မာနိုင်ငံနှင့်ပါတ်သက်သော စီးပွားရေးနှင့်ဘဏ္ဍာရေးကိန်း ဂဏန်းစစ်စစ်များကို စတင်တွေ့ကြရဘွယ် ရှိမည်ဖြစ်သည်။ “အလှူဒါနပြုကြသူငါ” ဟူသော စနစ်ဖြင့် နိုင်ငံထူထောင်ေ၇းလုပ်ရမည့်အချိန်မဟုတ်တော့ ဆိုသည်ကို နားလည်ကြပြီဟုယူဆရသည်။ သမ္မတဦးသိန်းစိန်၏ pet project ဖြစ်ပြီး ခေတ်အဆက်ဆက် စကားအဖြစ်သာတည်ရှိခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှောချရေးဆယ်စုနှစ်စီမံကိန်းကြီးကား ပြည်သူအားလုံးကမျှော်လင့်တောင့်တကြသော အနာဂါတ်မြန်မာနိုင်ငံတော်၏ရုပ်လုံးပင်။

လွတ်လပ်ရေးနှင့်အတူ ဖွားဖက်တော်ဖြစ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်သောင်းကြမ်းမှုကားခေတ်သစ် မြန်မာ့သမိုင်း၏ရာစု (၃)ပုံ(၂)နီးပါးရှိလင့်ကစား၊ သက်ဇိုးရှည်နေခြင်းကားဝမ်းနဲဘွယ်ပင်။ ပင်လုံစာချုပ်၏အားနည်းချက်ဟုဆိုသူတို့ကဆိုကြသော်လည်း၊ လွတ်လပ်ရေးမတိုင်မှီကာလ လွတ်လပ်ရေးတောင်းဆိုရာတွင် တခုတည်းသောလက်နက်အဖြစ်အမျှော်အမြင်ကြီးမားစွာမြင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ကျေးဇူးကြောင့် ယင်းစာချုပ်ကိုချုပ်နိုင်ခဲ့သလို၊ လွတ်လပ်ရေးကိုရခဲ့သည် မဟုတ်ပါလား။ သို့သော်လည်းတိုင်းရင်းသားအတွင်းသာတူညီမျှရေး၊ ဒို့တူဘောင်ဘက်ဥမကွဲသိုက်မပျက်နေထိုင်ရေး ကိုစကားတန်ဆာအဖြင့်သာ ပေးကမ်းခဲ့သော ဗဟိုအစိုးရအဆက်ဆက်ကြောင့်၎င်း၊ နယ်စပ်ဒေသရှိကျေးရွာများကို (၁၉၈၀) နှေင်းပိုင်း မှစ၍ အတင်းအဓမ္မ နှင်ထုတ်နေရာပြောင်းေ၇ွှခြင်းကြောင့်ပေါ်ပေါက်လာသော ထိုင်း-မြန်မာ နယ်စပ် နှင့် မြန်မာ-ဘင်္ဂလားဒေရှ် refugee camps များကြောင့်၎င်း ပြောင်းရွှေခိုလှုံသူဥိးရေကား တသန်းနီးပါးမျှ ကြောက်ခမန်းလိလိ တိုးခဲ့သည်။ ယခင်န၀တလက်ထက် မအောင်မြင်သော တိုင်းရင်းသားရင်ကြားစေ့ရေးကို၊ လက်ရှိအစိုးရက ဆိုးမွေဆက်ခံရင်း ဆွေးနွေးညှီနှိုင်းမှုများပြုလုပ်ခဲ့သည်။ ဆိုခဲ့သည့်အတိုင်းနှစ်ဦးနှစ်ဘက်ကြားကြီးထွားဆဲ သံသယကို ခြေဖျက်နိုင်သော တခုတည်းသော ဆွေးနွေးရေးဗျူဟာကား စစ်မှန်သောစေတနာရှိသော ဆွေးနွေးမှုများပင်။ ပြည်တွင်းတွင် ထိမ်းသိမ်းထားသောနိုင်ငံရေးသမားများ အားလွှတ်ပေးယုံမက၊ နိုင်ငံတည်ဆောက်ရေးတွက် ပါဝင်လာအောင်လက်ကမ်းကြိုသော နွေးထွေး၍ တမူထူးသော အပြောင်အလဲများကို တိုင်းရင်းသားဆန့်ကျင်ရေးအင်အားစုများကစတင်တွေကြ့ရသည်။ ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၀င်ရောက်ရင်ကြားစေ့ရေးကား အလွန်အရေးပါပြီး ဖြစ်သင့်သောကိစ္စဖြစ်သလို သိမ်မွေ့နက်နဲသော ကိစ္စလဲဖြစ်သည်။ လူမျိုးရေးတယူသန်သော (၀ါ) ရှေ့တန်းတင်လွန်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိတိုင်းရင်းသားလူမျိုးစုများ တကယ်လက်တွေ့ဘ၀အတင့်အမြန်ဆုံးမြင့်မားတိုးတက်ရေးနှင့် လုံခြုံစိတ်ချမ်းမြေ့သော မိသားစုစနစ်တည်ဆောက်နိုင်ရေးတို့ကို ရှေ့တန်းတင် စဉ်းစားသင့်သောအချိန်ဖြစ်သည်။ လက်နက်ကိုင်တိုင်းရင်းသာအဖွဲများအတွင်းအကြီးမား ဆုံးအဖွဲ့ဖြစ်သော KNU အဖွဲ့ကြီး၏သမိုင်းဝင်သော အပစ်အခတ်ရပ်စဲရေးကို အတိုက်အခံများနှင့်အတူ၊ နိုင်ငံတကာနှင့်ပြည်သူများက၀မ်းပမ်းတသာ ကြိုဆိုခဲ့ကြသည်။ ယခင်အဝေးရောက်အစိုးရအဖွဲ့ဖြစ်သော ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်း ကလည်း မိမိတို့အစိုးရအဖွဲ့ NCGUB အနေဖြင့်NLD ပါတီ၏ ရွေးကောက်ပွဲဝင်ရောက်ရေးကြေငြာချက်နှင့်အတူ တည်ရှိရန်မလိုတော့ကြောင်းကြေငြာခဲ့သည်။ အမှန်ဆိုရသော် အစိုးရဟူသည်မှာပြည်သူအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးဆိုသောအချက်ကား အစိုးရတိုင်းကမျက်ခြေမပြတ်သင့်သော အရေးပါသောကိစ္စပင်။

ဥပဒေပြုရေး ခက်မ (မဏ္ဍိုင်)

လွှတ်တော်(၂)ရပ်ပေါင်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်မှ အများသဘောတူပြီးကိစ္စတခုဖြစ်သည့်၊ တင်သွင်းလာသော ဥပဒေကြမ်းများ ကို စိစစ်နိုင်ရန် နိုင်ငံတော်ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သို့ ပေးပို့စိစစ်ရေး ကိစ္စကို၊ အောက်လွှတ်တော်တစ်ရပ်ဖြစ်သည့် ပြည်သူ့လွှတ်တော်မှ ကန့်ကွက်ကြောင်း နောက်ကြောင်းပြန် တင်သွင်းခဲ့သော အဖြစ်တခု ပြီးခဲ့သော ဒုတိယအကြိမ်အစည်းအဝေးတွင် ဖြစ်ခဲ့သည်။ အများသဘောတူပြီးမှ အောက်လွှတ်တော်က ကန့်ကွက်ခြင်းမှာ၊ လွှတ်တော်ဂုဏ်သိက္ခာကိုကျဆင်းစေကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏နာယကဖြစ်သူ ဦးခင်အောင်မြင့်က ၀မ်းပန်းတနဲပြောဆိုသွားသည်။ ပြည်သူ့လွှတ်တော်၏ကန့်ကွက်ချက်မှာမှန်ကန်သဘာဝကျသော်လည်း လွှတ်တော်တရပ်၏ပြုသင့်သော ကျင့်စဉ်မှ သွေဖည်နေသည်မှာထင်ရှားလှသည်။ ယင်းသဘောတူညီချက်ကို လွှတ်တော်၏ နောက်ဆုံးရက်ရောက်မှ အများဆန္ဒ အလို့ငှာ ပယ်ဖျက်ခဲ့သည်။ ယင်းဖြစ်ရပ်နှင့်အတူ အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော် (၂) ရပ်အကြား ဆက်ဆံရေး လွန်ဆွဲမှုများပေါ်ပေါက်ခဲ့သည်ကိုမြင်ရခြင်းဖြင့်၊ ဥက္ကဌ (၂) ဦး ဖြစ်သူ ဦးရွှေမန်းနှင့်ဦးခင်အောင်မြင့်အကြား လုပ်ပိုင်ခွင့် လွန်ဆွဲမှုများရှိကြောင်းသုံးသပ်ရသည်။ လက်ရှိပြည်ထောင်စုနာယက ၏ လ(၃၀) သက်တမ်းကုန်ဆုံး၍၊ ကျန်သက်တမ်းတွင် ဦးရွှေမန်း နာယကလုပ်ချိန်တွင် လွှတ်တော်၏အတွေ့အကြုံ ရင့်ကျက်လာသလို NLD အမတ်များ ၀င်ရောက်နေရာလာမှုများက လွှတ်တော် ဥက္ကဌများ ကိုကောင်းစွာစိမ်ခေါ်နေမည် ဆိုသည်ကားမလွဲပင်။ လက်ရှိဖွဲစည်းပုံအခြေခံဥပဒေ၏အားနဲချက်တစ်ရပ်ဖြစ်သည့် ဥပဒေကြမ်းတင်သွင်းခွင့်ကို အစိုးရအဖွဲ့ဝင်များကိုသာပေးထားခြင်းက၊ လွှတ်တော်အမတ်များ၏ အရည်အသွေးကို ချိုးနှိမ်ရာရောက်နေသည်။ လူထုကိုကိုယ်စားပြုသည်ဟူသော ၀ိသေသလက္ခဏာများ ကင်းမဲ့ရာရောက်သွားစေသည်။ အမှန်ပြောရလျင် အများစုနေရာယူထားသော ကြံ့/ဖွံ့ပါတီ မှာ နိုင်ငံရေးအတွေးအခေါ် ရှိနိုင်ဘို့ဝေးစွ၊ လက်ညှိုးထောင်ခေါင်းငြိမ့်အဆင့် သာသာမှ တက်လာကြသူများဖြစ်ကြပေသည်။ (၂၅%) သော တပ်မတော် ကိုယ်စားပြု ဆိုသည်မှာလည်း၊ မိမိအထက်အရာရှီကို အမိန့်နှင့်နာခံရသော အတွေ့အကြုံလွန်စွာ နုနယ်သေးသည့် ဗိုလ်မှူး/ဗိုလ်ကြီးအဆင့်သာ ရှိကြသဖြင့်၊ ယင်းတို၏နှုတ်ဖျားမှ နိုင်ငံကိုအကျိုးပြုနိုင်မည့် ထူးထူးကဲကဲအကြံအစည်များ ထွက်လာနိုင်ဘွယ်မမြင်ပေ။ ထူးခြားချက်တရပ်မှာ ယခင်စစ်အစိုးရအဖွဲ့တွင် ၀န်ကြီးအဆင့်တာဝန်ယူခဲ့ကြသူ တွေအားလုံးက လွှတ်တော် ၏ရေးရာကော်မတီနှင့်ကော်မရှင်များတွင် ဥက္ကဌနေရာများ အလိုအလျောက်ရယူလိုက်ခြင်းပင်။ လွှတ်တော်ဆိုသည်ကား နိုင်ငံနှင့်ပြည်သူအတွက် အရေးပါသော ဥပဒေစည်းမျဉ်းများရေးဆွဲ အစပျိုးပေးရာ ပဓါနကျသော အဖွဲ့ကြီးဖြစ်နေသော်လည်း၊ ဤလွှတ်တော်များ ကမှ လုပ်ရည်ကိုင်ရည်မရှိလျင်၊ ဥပဒေကောင်းများ၊ အရေးတကြီးလိုအပ်သော ပြဌာန်းချက်များပေါ်ထွက်လာဘွယ်မရှိပါ။ အခြေခံဥပဒေအပေါ်ယှုံကြည်မှုရုတ်လျော့စေရသော နောက်ပြဌာန်းချက်များကား တပ်မတော်၏ဥိးဆောင်မှုကိုေ၇ှုတန်းတင် ဦးစားပေးလွန်းခြင်း၊ တပ်ကိစ္စကိုတပ်တွင်းလွတ်လပ်စွာစီမံခန့်ခွဲခွင့် နှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို”ထိပါးလာသော” ဟူသော ယေဘူယျ အကြောင်းပြချက်တခုတည်းနှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ရယူသုံးစွဲခွင့်ဟူသော အလိုအလျောက်ရရှိသည့်အခွင့်အာဏာများအပ်နှင်းဖြင်းပင်ဖြစ်သည်။ နိုင်ငံတော်သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်သည်ဟူ၍ပါရှိသော်လည်း၊ လက်ရှိ တပ်၏အစဉ်အလာအရ ကာ/ချုပ်နေရာတာဝန်ယူရသူ ကိုသမ္မတကအတည်ပြုသည့်အဆင့်သာရှိနေသေးသည်။ တပ်တွင်း ထူးခြားချက်သော ပြောင်းလဲချက်များကား ရုရှ နှင့် ယင်းမှခွဲထွက်သောနိုင်ငံငယ်များသို့ စစ်အရာရှိငယ်များ ၊ပညာရှင်အဆင့်များကို စေလွှတ်ပညာသင်စေခဲ့ခြင်းဖြစ်သည်။ တပ်မတော်ဆိုင်ရာတက္ကသိုလ်များ၏ သင်ခန်းစာများကိုအဆင့်မြှင့်တင်လိုက်ခြင်းများပင်။ တပ်တွင်းအသက်(၅၀)တန်းရှိပြီးဖြစ်သော်လည်း၊ ဗိုလ်မှူးကြီးအဆင့်မရောက်နိုင်များကို အရပ်ဖက်ဝန်ထမ်းများအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။ တဖက်ကကြည့်ပြန်လျင် ယခင်က မိမိတို့တာဝန်ယူရသော စစိတိုင်းဒေသများအတွင်း တချက်လွှတ်အာဏာများအကြွင်းမဲ့၇ခဲ့သော စစ်တိုင်းမှူးများ၊ တပ်မမှူးများ၊ လက်အောက်ခံ ဒေသကွပ်ကဲစစ်ဌာနချုပ်များ၊ စစ်ဆင်ရေးတွပ်ကဲ့မှုဌာနချုပ် တပ်မှူးအဆင့်ဆင့်တို့သည်၊ ၂၀၁၁ မတ်လတွင်ပေါ်ထွက်လာသော အစိုးရသစ်နေရာယူပြီးသည်နှင့် ကလကာနောက်ကွယ်သို့ ရောက်၇ှိသွားကြသည်။ သို့သော်လည်း ၄င်းတို့လက်လွတ်သွားသော အခွင့်အာဏာများနှင့်ပါတ်သက်၍ အစာမကျေလည်မှုများရှိလာမည်မှာ အသေအခြာပင်။ ယင်းသို့အဖြစ်မျိုး တော်လှန်ရေးကောင်စီ မှ လမ်းစဉ်ပါတီသို့အာဏာလွဲစဉ်ကတကြိမ်ကြုံခဲ့ရဘူးသည်။ အနယ်အရပ်ရပ်ရှိ တပ်ရင်းတပ်ဖွဲ့များ နှင့်ဒေသဆိုင်ရာ ပါတီယူနစ်နှင့်အဆင့်ဆင့်သော ကောင်စီများအကြား၊ အစာမကြေနပ်မှုကား မဖုံနိုင်မဖိနိုင်ရှိခဲ့သည်။ (၁၉၈၈) တပ်မှအာဏာရယူလိုက်ခြင်းသည်လည်း ယင်းအကြောင်းပြချက်ကြောင့် ဖြစ်သည်။  ယင်းသမိုင်းတပါတ်လည်မှုကိုလူထုကအလွန်စိုးရိမ်သည်။ အခြေခံဥပဒေဆိုသည်ကား ပြည်သူတရပ်လုံး၏စိုးရိမ်ကြောင့်ကျမှုကို ကာကွယ်နိုင်သော ပြဌာန်းချက်များအတိအကျရှိရန်လိုသည်။ တပ်မှ နိုင်ငံတော်အာဏာကိုရယူထိန်းသိမ်းခွင့် အလိုအလျောက်အာဏာကား တခုတည်းသော ထွက်ပေါက်လမ်းမဟုတ်ပေ။ နောက်ဆက်တွဲအနေဖြင့်(၁၀)နှစ်တာစစ်အုပ်ချုပ်ရေးကာလ ဆောင်ရွက်ချက်များအားလုံးကို အစစ်ဆေးအမေးမြန်းမရှိယုံမက အခြေခံဥပဒေအရ နောက်ကြောင်းပြန် အရေးယူအပြစ်ပေးခြင်း ကိုပင်ကာကွယ်ပေးလိုက်သော ပြဌာန်းချက်ပင်။ rule of law ဟုဆိုရမည့် ဥပဒေတို့၏လိုက်နာသင့်သောစည်းကမ်းကာလနားကို ပြည်သူတို့က ကောင်စွာနားလည်သော ခေတ်ကာလသို့ရောက်နေပြီဆိုသည်ကို နိုင်ငံအုပ်ချုပ်သူတို့က မြင်တတ် သဘောပေါက်တတ်ကြဘို့လိုပြီဖြစ်သည်။

တရားစီရင်မှု ခက်မ (မဏ္ဍိုင်)

“ငွေများတရားနိုင်” ဟူသောဝေါဟာရသည် ပြီးခဲ့သော(၁၀) နှစ်တာကာလအတွင်း “ငွေနည်းတရားရုံး” ဟူသောဝေါဟာရအဖြစ်ပြောင်းလဲသွားခဲ့သည်။ ငွေကုန်ကြေးကျအနဲဆုံး တရားရုံးတွင်တရားရင်ဆိုင်ရခြင်း ကပင်လျင်လာဘ်ကြီးတပါးဖြစ်သွားသည်။ မပေးရမကမ်းရသော တရားရုံး၊ ဥပဒေရုံး ရဲစခန်းဆိုသည်တို့ကား ယုံတမ်း စကားကိစ္စဖြစ်သောကာလဖြစ်သည်။ လမ်းစဉ်ပါတီခေတ်တွင် (၃)ဦးသော တရားသူကြီးအဖွဲ့များကိုပေးကမ်းရသော်လည်း၊ သူ့ခြေလှမ်းကိုယ့်ခြေလှမ်းကိုကြည့်ပေးရသော အချိန်အခါမို့ အကုန်အကျမထောင်းထာသော်လည်း၊ စစ်အုပ်ချုပ်ရေးကာလ (နအဖ/န၀တ) ခေတ်တွင်တစ်ဦးတည်းသောတရားသူကြီး ကို အပြိုင်အဆိုင် ဥိးအောင်ပေးရသည်မို့ အတိုင်းအတာမရှိကုန်ကျ မှုများကြီးမြင့်ခဲ့သည်။ လက်ရှိပေါ်ပေါက်လာသော တရားရုံးတရားသူကြီးများအနေဖြင့် အခြေအနေကိုလေ့လာနေသောအချိန်ကာလဖြစ်သည်။ အခြေခံဥပဒေကပေးထားသော တရားသူကြီးများအဖြစ်တာဝန်ထမ်းခွင့်သက်တမ်းကာလရှည်အတွင်း မိမိတို့ခြေလှမ်းများကို အထူးသ တိထားကြလိမ့်မည်ဟု ယူဆရသည်။ ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေး တိုးတက်လာရေးအတွက် စစ်အုပ်ချုပ်ရေးကာလအတွင်း ပြုပြင်ပြောင်းလဲရေးကို ယခင်ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ကအားသွန်ခွန်စိုက် လုပ်ခဲ့သော်လည်း၊ နိုင်ငံရေးအာဏာချိန်ခွင်ရှာပြောင်းလဲမှုကြောင့်၊ ယင်းပြောင်းလဲရေးစီမံကိန်း ရပ်တန့်သွားခဲ့ပုံရသည်။ ရဲတပ်ဖွဲံကို ဥပဒေစိုးမိုးရေးကို တွန်းအားပေးသော အဖွဲ့အဖြစ်မပြောင်းလဲ နိုင်ခဲ့ဘဲ အထက်အရာရှိ၏အမိန့်ကိုနာခံရသော စစ်တပ်အသွင် အဖြစ်မှားယွင်းစွာ ပုံဖေါ်ခဲ့သည်ကိုတွေရသည်။ သို့အတွက် လူထုကလက်ရှိရဲတပ်ဖွဲ့အပေါ် အားကိုးလေးစားမှုကား အချိန်အတော်ကြာ ပြန်ကြိုးစားယူရဥိးမည်မှာအမှန်။ လူထုက ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ hero များအဖြစ်လက်ခံ ဆက်ဆံလာရေး မှာ လက်ရှိအစိုးရ၏ အစီအမံများအပေါ် များစွာမူတည်လေသည်။

မီဒီယာ နှင့် ပြည်သူ ခက်မများ (မဏ္ဍိုင်)

နိုင်ငံတော်သမ္မတ၏ ဖိတ်ခေါ်ချက်အရ ပြည့်ပသို့ရောက်နေကြသူတွေ ပြန်လာပါဟုဖိတ်ခေါ်သော်လည်း အစိုးရအဆက်ဆက်၏ ပြုနေမြဲ စကားလုံးတန်ဆာဆင်မှုကို တတ်နိုင်သမျှ သတိထားတတ်ကြသော (အထူးသဖြင့် အတိုက်အခံနိုင်ငံရေးသမား) အတော်များများက “လေလုံးတွေပါကွာ” ဟုခပ်လွယ်လွယ်မှတ်ချက်ပြုကြသည်။ စစ်အစိုးရနှင့်တကွ လမ်းစဉ်ပါတီခေတ်အဆက်ဆက်ကို ဆန့်ကျင်ကြသော နိုင်ငံရေးအထင်ကရအချို့တို့၏ ပြုံးပန်းဝေသော ပြည်တော်ပြန် လေ့လာရေးခရီးများက ကျန်အတိုက်အခံနိုင်ငံရေးဆန့်ကျင်သူတို့၏ ပြည်တော်ပြန်သင့်မပြန်သင့် ဆိုသော အိပ်မက်ကမ္ဘာကို ချဲ့ထွင်စေခဲ့သည်။ နှစ်အစိတ်သုံးဆယ်သာမက ကိုယ့်သက်တမ်းတ၀က် မိမိဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းများနှင့် ကင်းကွာဝေးခဲ့ကြသူတွေကလည်း ပြည်တော်ပြန်ခရီးအတွက် တိုးတိုးတဖုံ၊ ကြိတ်၍တမျိုးစီစဉ်ကြသည်ဟုကြားမိသည်။ နိုင်ငံကြီးများဆီရောက်ပြီး နေသားကျရုံမ အဆင်တွေပြေ၍ ရာထူးငွေကြေးပြည့်စုံကြသူတွေ ပင်ကိုယ့်ပြေကိုယ့်ရွာကိုယ့် မိတ်ဆွေများကိုလွမ်းကြသည်ဆိုလျင်၊ အသက်ကြီးမှ ဘ၀ကို “တစ်” မှစကြရကုန်သော အနှီ နိုင်ငံရေးသမားကြီး၊ ခါတော်လွန် ပြည်ပရောက်များဆိုလျင် ကိုယ်ဒေသကိုပို၍လွမ်းကြမည်ဆိုသည်မှာမေးရန်မေးခွန်းပင်မဟုတ်တော့။ အခြေအနေတွေပေးတုံး အစိုးရသစ်နှင့် ၀င်လုံးမှဟုအကြံထုတ်ကြသူတွေလဲ နေ့ချင်းညချင်းပေါများလာသည်၊ ဒေါ်စုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ဌာနဆိုင်ရာအကြီးအကဲများသာမက စစ်ဗိုလ်ချုပ် နှင့်မိသားစုများက ပင်အချိန်ပေးတွေ့ဆုံသည်ဟုကြားသဖြင့် လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ယခင် လမ်းစဉ်ပါတီဝင်ဟောင်းကြီးများ နှင့် ယခင်က နှာခေါင်းရှုံ့ကြသူတို့ကလဲ ဒေါ်စု မှ ဒေါ်စုဖြစ်နေကြချိန်ပင်။

 မြန်မာပြည်သူတွေ နှင့် တက်သစ်စလူငယ်များ၏ အတွေးအခေါ်ရင့်ကျက်မြင့်မားလာမှုကား အံ့သြ ချီးကျူးဘွယ်ပင်။ တနေ့တခြားတိုးတက်နေသော သတင်းအချက်အလက်ဆက်သွယ်ပျံ့နှံ့သော လောကသို့ မြန်မာတို့အခြေတကျရောက်ရှိ နေရာယူထား ပြီးဖြစ်နေသောခေတ်ကာလသို့ ရောက်ရှိနေပြီ ဆိုသည်ကို အစိုးရအဖွဲ့ကကောင်းစွာသဘောပေါက်ထားသည်။ စာပေလောကတွင် စိစစ်ရေးသို့တင်ပြီးမှသာ တင်ပြီးမှထုတ်ဝေခွင့်ရသော (တင်/ထုတ်) စနစ်က မိမိအသိဖြင့်စာပေစည်းကမ်းများကို လိုက်နာပြီးထုတ်ဝေပြီး၊ လိုအပ်မှ တင်သွင်းစိစစ်ခွင့်ယူရသော (ထုတ်/တင်) စနစ်ကိုစနစ်တကျ ပြောင်းလဲမည့်အစီအစဉ်များ ကိုကြားရသည်။ ပြည်သူနှင့်အစိုးရတို့၏နားမျက်စိဟုဆိုအပ်သော အနုပညာရှင်များကို အစိုးရ၏ ရုပ်ရှင်အနုပညာဌာနကြီးများနှင့်ပူးပေါင်းလုပ်ခွင့်ပြုလာသည်။ အထူးသဖြင့် ဇာဂနာ၊ ကျော်သူ နှင့် အခြားအနုပညာရှင်များ ကိုလွတ်ငြိမ်းခွင့်ပေးယုံမက လွတ်လပ်သော အနုပညာပွဲတော်များပြုလုပ်ခွင့်ပေးခြင်းပင်။ ယုံကြည်ချက်များကြောင့် ကာလတာရှည်စွာ နိုင်ငံနှင့်ကင်းကွာနေသော အနုပညာရှင်များကို နိုင်ငံကနွေးထွေးစွာကြိုဆိုခြင်း၊ အသိအမှတ်ပြုခြင်းတို့ကား မင်္ဂလာသတင်းများပင်။ သို့သော် သတင်းသမားများက ရရှိလာသောအခွင့်အရေးပိုင်ခွင့်များကို လွဲမှားစွာမသုံးမိဘို့၊ သူ့စည်းကိုယ့်စည်းနားလည်ကြဘို့လိုသည်။ လွတ်လပ်သော မီဒီယာလောကသစ်ကားမြန်မာနိုင်ငံတွင် အခါလည်သားပင်မရှိသေးဆိုသည်ကို သတိချပ်ကြရန်လိုသည်။ အမှန်ဆိုရသော် ပြည်သူရှေ့မှောက်ရောက်နေသော စာပေအနုပညာရှင်များကို တကယ်စင်စစ်အကဲဖြတ်နေကြသူများကား ပြည့်သူတွေဖြစ်သည်ကို နားလည်လက်ခံတတ်ကြဖို့လိုပါသည်။

ပြီးခဲ့သော နှစ်ပါတ်လည်လွှတ်တော်အစည်းအဝေးကြီးတွင်သမ္မတဦးသိန်းစိန်၏ (အထူးသဖြင့်) ပြည့်ပမှ နိုင်ငံအပေါ် ထင်မြင်နေမှု တစ်ရပ်ဖြစ်သည့် Burma Spring ကိစ္စကိုကာကွယ်ပြောဆိုသွားသလို ယင်းထင်မြင်ယူဆချက်များမဟုတ်မှန်ကြောင်း နှင့် ယင်းအမြင်မျိုးများ ပျောက်ကွယ်သွားစေရန် ဆက်လက်ကြိုးပမ်းရန်လိုအပ်ကြောင်း ပြောရင်းမသိမသာ ၀န်ခံသွားသည့် အချက်များကိုလည်းတွေ့ရသည်။

ABSDF ကဲ့သို့ (၈၈) ကာလလွန် စစ်အစိုးရ၏ ထိန်းသိမ်းအရေးယူ ညှင်းပမ်းနှိပ်စက်မှုများကြောင့် တိမ်းရှောင်ထွက်ပြေးကြသော ကျောင်းသားကြီးငယ်တို့ ကို မကြာမှီတွင် ပြည့်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးသူဦးဆောင်အဖွဲ့ များနှင့် ဆွေးနွေးမည့် သတင်းကား မင်္ဂလာရှိသော သတင်းထူးဆိုလျင်မှားမည်မထင်ပါ။ မိမိတို့ယုံကြည့်ချက်များကြောင့် အရွယ်မရောက်မှီ စာသင်ကျောင်းကိုစွန်ခွာကြသော ထိုထိုကျောင်းသား(ယခုအရွယ်လွန်များ) အတွက် အစိုးရမှ အသက်မလွန်သူများကို ဆက်လက်ပညာသင်ကြားခွင့်အခွင့်အလမ်းများဖန်တီးနိုင်ရေး။ အသက်လွန်ကြသူတွေကိုလည်း သက်မွေးဝမ်းကြောင်းဆိုင်ရာ အခြေအနေကောင်းများဖန်တီးခြင်း၊ အလုပ်အကိုင်နေရာချထားပေးခြင်းများ လုပ်နိုင်မည်ဆိုပါက၊ မိဘပြည့်သူအပေါင်းက ကြိမ်းသေ သာဓုခေါ်မည်မှာအမှန်ပင်။ All inclusive political process ၏သမိုင်းတွင်လာဘွယ်ရာနမိတ်လက္ခဏာများ ကို ပြည်သူအားလုံးက စိတ်ချယုံကြည်ရန်ကား၊ ပါဝင်ပါတ်သက်သူ တိုင်းရင်းသားပေါင်းစုံ၏ လူမျိုးရေးရှေ့တန်းတင်လွန်းသော တရားသေ၀ါဒ မည်မျှ ခ၀ါချနိုင်မည်၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် ကိုဘယ်အတိုင်းအတာအထိ အစိုးရက လွှတ်ပေးနိုင်မည်၊ ပြည်ထောင်စုကြီးမှ ခွဲထွက်ခြင်းဝါဒကို မည်မျှအတိုင်းအတာအထိ ကြံ့ကြံ့ ခံနိုင်မည်တို့အပေါ်များစွာမူတည်နေပါသည်။

သမိုင်းတွင်သော အကျဉ်းသာ (အထူးသဖြင့်နိုင်ငံရေးအကျဉ်းသားများ) လွှတ်ပေးခြင်းကား ထူးခြားလေးနက်သော အပြောင်းအလဲတခုဖြစ်လာယုံမက၊ လွတ်မြောက်လာသူ များကို ရဲရဲဝံ့ဝံ့ လက်တွဲလာအောင်ဖိတ်ခေါ်လာခြင်း ကား ဒီမိုကရေစီ အညွန့်အဖူးများ ပေါက်ဖွားလာမည့် မြန်မာ နိုင်ငံပြည့်သူ နှင့် အစိုးရ နှစ်ရပ်လုံးအတွက် မဟာခြေလှမ်းများပင်။ “လက်နက်ကိုင်သော လက်များမှ လက်ပ်တော့ ကိုင်လိုသော လက်များသို့” ဟူသော စိုးရိမ်ကြောင့်ကြမှုကြားမှ လိုလားတောင့်တသော မျှော်လင့်ချက်ကို ဖေါ်ထုတ်ပေးနိုင်မည့် အစီအမံမျာ ကား စကားအရာသာမဟုတ် လက်တွေ့ဖြစ်လာရေးကား ပွဲပြီးမီးသေမဖြစ်ရေးဟူသော အချက်ပေါ်များစွာတည်မှီနေပေသည်။ သမ္မတ၏ဆိုစကားအရ နောက်ဆုံးအဆင့် လက်နက်ကိုင်းတိုင်းရင်းသားအဖွဲ့အစည်းအားလုံးသဘောတူလက်မှတ်ရေးထိုးပွဲ ကိုလွှတ်တော်ရှေ့တွင် တခန်းတနားပြုလုပ်မည်ဟုဆိုထားသဖြင့်၊ လက်မှတ်ထိုးပြီး နောက်တနေ့ ထိုးစစ်ဆင်ခြင်း၊ လက်နက်ပြန်ကိုင်းစွဲခြင်းများမဖြစ်ပေါ် နိုင်မည့်၊ ရာသက်ပန် ငြိမ်းချမ်းရေးပန်းတိုင်ကို သာ လူထုကမြင်ချင်ကြသည်။ ယခင်က ဗိုလ်နေ၀င်းလက်ထက် မြေပေါ်မြေအောက် (၃၃)ဦးဆွေးနွေးပွဲ ပြီး နိုင်ငံရေးခေါင်းဆောင်ကြီးများ ကျောခိုင်း၍ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြသည့် မအောင်မြင်မှု များမှ စ၍၊ အခြားမြောက်မြားလှစွာသော အဖြေမပေါ်သည့် ဆွေးနွေးပွဲများ၏ ခါးသီးသော ဒါဏ်ကို (အထူးသဖြင့်) တိုင်းရင်းသားလူနည်းစုများက ခါးစည်းခံခဲ့ကြရသည်မဟုတ်ပါလား။

ဇိမ်ခံပစ္စည်းအဖြစ်သာ တည်ရှိခဲ့သော မိုဘိုင်းဖုံးနှင့် မော်တော်ကားများ သာမာန်လူထု ကိုင်စွဲအသုံးပြုလိုသော ဆန္ဒကိုအစိုးရက အသိအမှတ်ပြုလိုက်ခြင်းကား၊ လူထု၏လူနေမှုအဆင့်အတန်းကို အထင်သေး၍မရတော့ကြောင်းလှစ်ဟပြလိုက်သည့်နှယ်မဟုတ်ပါလား။

အစိုးရအဖွဲ့အတွင်း ခေါင်းမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ ကွဲပြားမှုမရှိဘဲ တစ်စိတ်တစ်ဝမ်းထဲရှိကြောင်း၊ ပြည်တွင်းပြည်ပမှဝေဖန်မှုအားလုံးကို သမ္မတမှ ပယ်ချလိုက်သဖြင့်၊ ဤဂိုဏ်းဂဏကွဲဝါဒရှိများ ရှိနေမလားဟူသော စိုးရိမ်စိတ်က မောင်မိုညိုအား ပိုမိုလွှမ်းမိုးလာပါသည်။  ဒီမိုကရေစီစနစ်ကိုကူးပြောင်းသော အစိုးရတိုင်းမလွဲမသွေဖြတ်သန်းကြရသော အမြင်မတူညီမှုများ၊ မိမိတို့၏ခံစားရရှိထားသော အခွင့်အာဏာကို လက်လွတ်ဆုံးရှုံးမည့်အရေးမှ ကာကွယ်လိုကြသူများဟူသည်ကား ရှိကြစမြဲပင်။ မရှိပါဘူးဟု အတင်းငြင်းနေရသဖြင့် ရှိများရှိနေလေမလားဟူသော ဆန့်ကျင်ဘက်သံသယစိတ်က လွှမ်းမိုးတတ်သည့်သဘောပင်။ လေ့လာကြည့်ရသလောက်၊ ခုထိသိသိသာသာထင်ထင်ရှားရှား ခွာပြဲမှုတွေ မတွေ့ရသည့်အတွက်၊ ၀မ်းမြောက်ဘွယ်ပင်။ ၀န်ထမ်းများအတွက်လစာတိုးမြှင့်ရေး ကိစ္စကို လွှတ်တော်နှင့် အစိုးရအကြား လွန်ဆွဲမှုများ ကား ဒီမိုကရေစီရေးကျင့်စဉ်နည်းကျသော ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စများပင်။ အချိုသောဝေဖန်သူများက အာဏာလွန်ဆွဲမှုဟုဝေဖန်ချင်ကြသော်လည်း၊ ယနေ့နိုင်ငံကြီးများတွင်တွေ့မြင်နေကျဖြစ်သော bipartisanship ၏ရှေ့ပြေးအရိပ်အယောင်များပင်။ အစိုးရ၏ချုတ်ကိုင်မှုကိုလျှော့ချရေးကား ဒီမိုကရေစီကျင့်စဉ်သဘာဝကျသော အခြားကျင့်စဉ်တခုပင်။ ပညာသင်တက္ကသိုလ်များ၏ အနာဂါတ်စီမံခန့်ခွဲမှုများကိုအာမခံပေးမည့် လွတ်လပ်သော အဖွဲ့အစည်းများအဖြစ်ရှေ့ပြေးထွက်ပေါ်လာဘွယ်ရှိသည်။

လူထုအတွက် တိုက်ရိုက်အကျိုးပြုမည့် ဆွေးနွေးတင်ပြချက် တခုကို အမတ်တစ်ဦးဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုးက တင်သွင်းသွားခဲ့သည်။ ပြည်သူတရပ်လုံကိုလွှမ်းခြုံအကာအကွယ်ပြုနိုင်မည့် Universal Healthcare insurance ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ် ပေါ်ထွန်းလာရေးအဆိုတင်သွင်းချက်ပင် ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုရာနှုန်းမြင့်မားသော မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများတွင် ဤသို့သော အစီအမံများရှိနေရေးကားအစိုးရတွင်တာဝန်ရှိသလို၊ တာဝန်ရှိကြောင်းကိုလည်း အစိုးရတာဝန်ယူရသူတို့ကလက်သင့်ခံရန်အထူးလိုအပ်ပါသည်။ ယင်းအဆို တိမ်မြုပ်သွားသော်လည်း၊ နောင်အခွင့်အခါသင့်ပါက ပြန်လည်အသက်ဝင်လာနိုင်ဘွယ်ရှိနိုင်ပါသည်။

ကမ္ဘာလောကကြီးနှင့် မြက်ခြေပြတ်လျက်ခေတ်နောက်ကျ ကျန်ရစ်သောဘ၀ကိုပြန်အဖတ်ဆယ်ရမည့် အခြေအနေကိုလည်း ၀န်ခံရင်း၊ ဘိုးဘွားဘီဘင်အဆက်ဆက်ထိန်းသိမ်းလာသော ဓလေ့ထုံးတမ်းစဉ်လာများကိုလဲ ဟန်ချက်ညီညီ ရှိစေရန်သတိပေးခဲ့သည်။
အချုပ်ဆိုရသော် တစ်နှစ်သား မျှသာရှိသေးသော အစိုးရနှင့်မြန်မာပြည်သူတို့သညိ နိုင်ငံသမိုင်းစာမျာနှာအသစ်သို့ အရှိန်ဖြင့်ချင်းနင်းဝင်ရောက်နေချိန်ဖြစ်သည် ဆိုသညိကိုကား မချွင်းမချန် ဆိုရမည်ဖြစ်ပါသည်။

(ဤဆောင်းပါး ကို နှစ်ပိုင်းခွဲ၍ "ရတနာပုံနေပြည်တော်သတင်းစာ တွင် ဇန္န၀ါရီ နှင့် ဧပြီ ၂၀၁၂ ထုတ် တို့တွင်ထည့်သွင်းဖေါ်ပြပြီး၊ မြန်မာအစိုးရ၏ ပထမဆုံးသော တရားဝင်ကိုယ်စားလှယ်အဖွဲ့၏ ဧပြီ၊ ၂၀၁၂ ခရီးစဉ်တွင် ပေးအပ်ခဲ့ကြောင်းမှတ်တမ်းတင်ပါသည်။)"

No comments:

Post a Comment