Friday, August 14, 2020

Public Charge နဲ့ ကင်းလို့မရတဲ့ အမေရိကရောက်မြန်မာတွေ

 Public Charge ကို မြန်မာအသိုက်အ၀န်းကသိကြသူအတော်နည်းပါတယ်။ ဒါပေမဲ့ ဒီကိစ္စကမြန်မာ ကွန်မြူနတီထဲ ထဲထဲဝင်ဝင်လာရိုက်ခတ်နေတာကို ခုနောက်ပိုင်းမှာလေ့လာတွေ့ရှိရပါတယ်။ ရာစုနှစ် တစ်ခုကျော်ကျော်ကတည်းက အတည်ဖြစ်ခဲ့တဲ့ Immigration Act of 1882 က အမေရိကနိုင်ငံ အတွင်းပြောင်းရွှေ့အခြေချနေထိုင်ကြမဲ့ immigrants တွေဟာ ကာလတခုအတွင်းမှာ အမေရိက အစိုးရဘဏ္ဍာတော်ကပံ့ပိုးပေးမှုတခုခုမှာ ခံစားနိုင်မဲ့ အလားအလာရှိနိုင်ဘွယ်ရှိသူ (liable to public assistance) လို့ယူဆရင် ၀င်ရောက်ခွင့်ကိုတားမြစ်ခွင့်ရှိကြောင်း အတိအလင်းပြဆိုထားပါတယ်။ အမေရိကနိုင်ငံပြည်ဝင်ခွင့်လို့ဆိုတဲ့အတွက်၊ တရားဝင်ပြောင်းရွှေ့အခြေချနေထိုင်မဲ့ (immigrant visa) တွေအားလုံးအကြုံးဝင်သလို၊ အလည်အပါတ်(သို့မဟုတ်)ပညာသင်(သို့မဟုတ်)အလုပ်ယာယီ လုပ်ကိုင်ခွင့် စတဲ့(non-immigrant visas)တွေလည်းအကြုံးဝင်တဲ့အတွက်၊ ဆိုင်ရာနိုင်ငံ (ရန်ကုန်မြို့ အခြေစိုက် အမေရိကကောင်စစ်ဝန်ချုပ်ရုံး)ကအဆိုပါ visas တွေကိုစိစစ်ရာမှာ အမေရိကနိုင်ငံ ကိုရောက်ရှိပြီး၊ မူရင်းမြန်မာနိုင်ငံကိုပြန်မလာကြတော့ဘဲ immigrant visaတခုခုအဖြစ် ဥပဒေလမ်း  ကြောင်းအရသော်၎င်း၊ နည်းတမျိုးမျိုးနဲ့ လုပ်ကြံဖန်တီးပြီး အသွင်ပြောင်းလျှောက်ထားကြတာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ စိစစ်မှုကိုပိုက်စိတ်တိုက်လုပ်လေ့ရှိတာကိုတွေ့ရပါတယ်။

ဆိုခဲ့တဲ့ဥပဒေအရ visas denial တွေကိုလေ့လာရာမှာ ထက်ဝက်ကျော်လောက်က Public Charge ကြောင့်ဆိုတာလို့ကိန်းဂဏန်းများကပြဆိုတဲ့အတွက်ကြောင့်၊ အမေရိကနိုင်ငံကိုလာရောက်နေထိုင်ခွင့် ရရှိရေးကြိုးစားကြသူတွေငွေထုပ်ပိုက်များပြားနေဆဲကာလမှာ သိသင့်တာလေးတွေ စုဆောင်းတင် ပြလိုပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီး လက်ရှိထရမ့်အစိုးရကပြင်းထန်တဲ့တင်းကြပ်မှုတွေ ကို ဇောက်ချ လုပ်လာတဲ့ အခုနှစ်နှစ်တာကာလအတွင်းမှာ “မြန်မာဂဇက်”ပရိသတ်ကိုဦးဦးဖြားဖြား အနေနဲ့ယခင်က လည်းရေးသားဖေါ်ပြခဲ့ဘူးပါတယ်။

ဒီကိစ္စနဲ့ပညတ်ချက်တွေဟာ တကယ်တော့ အသစ်အဆန်းပြဌာန်းတဲ့တင်းကြပ်မှုတွေတော့မဟုတ်ဘူး ဆိုတာကို အရင်ဆုံးနားလည်ကြစေချင်ပါတယ်။ အရင်အစိုးရအဆက်ဆက်က ဥပဒေထဲပါပြဌာန်းချက်  တွေကိုတွန်းအား (enforce) မလုပ်သေးတာဘဲရှိပါတယ်။ ခုအစိုးရကတော့ ဥပဒေပါပြဌာန်းချက်  တွေကိုတွန်းအားပေးယုံသာမက၊ တည်ဆဲပြဌာန်းချက်တွေကို မိမိတို့လိုရာဆွဲယူအဓိပ္ပါယ်ဖွင့်ဆိုပြီး၊ ပြည်ဝင်ခွင့်တွေကို ပိတ်ပင်ဘို့ အစွမ်းကုန်ကြိုးစားနေတာကို အတိုင်းသားမြင်နေကြရပါတယ်။ အိမ်ဖြူတော်မှာ ဒီကိစ္စနဲ့ပါတ်သက်ပြီးလူမျိုးကြီးဝါဒီပြင်းထန်သူတွေကို အတိုင်ပင်ခံခန့်ပြီး ပြဌာန်းချက်  တွေ၊ အမိန့်ဒီကရီတွေ ထုတ်ပြန်နိုင်ဘို့၊ ဆိုင်ရာလွှတ်တော်တွေကိုကျော်လွှားပြီး၊ အာဏာသက်  ရောက်ရေးအစီအစဉ်တွေကို ဇောက်ချလုပ်နေတာအတော်ကြာပါပြီ။ ဒီကိစ္စနဲ့ပါတ်သက်ပြီးကိုင် တွယ်ရာမှာလက်သန်ပြောင်တဲ့သူတစ်ဦးအဖြစ်ထင်ရှားသူတစ်ဦးကတော့ Stephen Miller ဆိုသူဖြစ်  ပါတယ်။ လူမျိုးကြီးဝါဒလက်ကိုင်ပြုသူဖြစ်ပြီး အမေရိကနိုင်ငံရဲ့ လူအခွင့်အရေးပေတံစံနှုန်းကို ဥပက္ခာ ပြုထားသူတစ်ဦးလို့လဲလူသိများကြပါတယ်။

အဓိကအကြောင်းရင်းကတော့အမေရိကနိုင်ငံအတွင့်းပြောင်းရွှေ့အခြေချသူတော်တော်များများဟာ၊  ရောက်ခါစကာလမှာ အနည်းနဲ့အများဆိုသလို Public Charge ကကျခံတဲ့ အထောက်အပံ့တွေကို တနည်းမဟုတ်တနည်း ခံစားကြရပါတယ်။ Immigrant visa လျှောက်ထားချိန်မှာ ပူးတွဲလျှောက်ထား တင်ပြကြရတဲ့ပုံစံ I-864 ကိုစာဖတ်သူအချို့မှတ်မိကောင်းမှတ်မိ ပါလိမ့်မယ်။ အမေရိကကနေခေါ်ယူသူ sponsor ကပြည်ဝင်ခွင့်လျှောက်ထားခဲ့ကြစဉ်က အဲ့ဒီပုံစံ (Financial Responsibility Filing/Affidavit of Support) မှာ မိမိခေါ်ဆောင်သူ applicant/beneficiary ရဲ့နေရေးထိုင်ရေး  ငွေရေးကြေးရေးနဲ့ကျန်းမာရေးကအစ၊ အစစအရာရာကိုတာဝန်ယူကြပါမယ် ဆိုတဲ့အာမဘန္တေကိုပြု ပြီး လက်မှတ်ထိုးကြရပါတယ်။ အဲ့ဒီကတိက၀တ်အရ ခေါ်ယူခံရသူဟာ (ဥပဒေပညတ်ချက်အရ) အစိုးရရဲ့ဘဏ္ဍာကပံ့ပိုးမှုကို လက်ဖျားနဲ့တောင်ထိခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာ immigrants တိုင်းဟာ အမေရိကနိုင်ငံရောက်ကြတာနဲ့ အဲ့ဒီကိစ္စကိုမေ့လျော့ (အတော်များများ ကတော့ ရိုးရိုးသားသားပြောရရင် မသိနားမလည်ကြပါဘူး။) ပြီး ခံစားခွင့်တွေ ကိုရယူခဲ့ကြပါတယ်။ 

ဒီပံ့ပိုးမှု ဟာ အမေရိကနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ကြသူပြည်သူတရပ်လုံးကထည့်ဝင်ကြတဲ့အ ခွန်ဘဏ္ဍာထဲက ကျခံရတာပါ။ တခြားဘယ်ကမှမရပါဘူး။ Public Charge ဟာ အခွန်ထမ်းတွေရဲ့ အိပ်ထဲကလာတာမို့၊ အခွန်ထမ်းတွေကညိုညင်တာမဆန်းပါဘူး။ ညိုညင်ကြသူတွေထဲမှာကျွန်တော်တို့ မြန်မာတွေလဲ ဒုနဲ့ဒေးပါဘဲ။ မိမိတို့ကိုယ်တိုင်ရောက်ရှိကြစဉ်က ရယူခံစားခဲ့ကြတာတွေကိုလည်း  မေ့ကောင်းမေ့နိုင်ကြသလို၊ တချို့ကလည်းမေ့ချင်ယောင်ဆောင်ကြသူတွေလည်းရှိကြပါတယ်။ “ငါတို့ tax moneyတွေကိုသူတို့တတွေ၊ ရယူနေတာ မကြိုက်ဘူး”ယူဆသူတွေများလာပါတယ်။ လူဖြူကြီးစိုးရေးဝါဒီတွေကြားထဲမှာတော့ ဒီမကြေနပ်မှုတွေဟာ၊ ခုချိန်မှာမဖုံးနိုင်မဖိနိုင်အောင်ပါဘဲ။ “You Asians go back home!”ဆိုတာတွေနားနဲ့မဆန့်အောင်ပါဘဲ။ “China Virus” ဆိုတဲ့ သမုတ်ချက်တွေကြောင့် Asians တွေ လူသူကြားထဲဝင်ဘို့အထိတ်တလန့်ဖြစ်နေကြရချိန်ပါဘဲ။ လူကြားထဲအပြောခံကြရသူတွေ ထဲမှာ ဖက်ဒရယ်အစိုးရထိပ်ပိုင်းAsian အစိုးရအရာရှိကြီးတွေ၊ Asian လွှတ်တော်အမတ်တွေတောင်ပါ ပါတယ်။ ဖုံး၊စာ၊အီးမေးလ်တို့နဲ့ အသက်အန္တရာယ်ပြုမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ နားမဆန့်အောင်ပါ ဘဲ။ ဒီကြားထဲမှာ immigrant ဆန့်ကျင်ရေးသြဇာလွှမ်းမိုးခံရသူ မြန်မာတွေ (လက်ရှိထရမ့်အစိုးရကို အပြတ်ထောက်ခံကြသူတွေတောင်ပါဝင်ကြကြောင်းကြား သိနေရ။) ကိုတောင်အိမ်တိုင်ရာရောက် ခြိမ်း ခြောက်ကြတာတွေကြားနေရပါပြီ။ လူဖြူလူမျိုးကြီးဝါဒီစိတ်ပြင်းထန်သူတွေရဲ့မျက်စေ့ထဲမှာ၊ လူဖြူ မဟုတ်သူ (non-whites) တွေဟာ အဓိကပစ်မှတ်ထားနေတယ်ဆိုတဲ့အချက်ကို မြင်အောင်ကြည့်ကြ ဘို့လိုပါတယ်။

ဒီ racial disparity လူမျိုးရေးကိစ္စနဲ့ပါတ်သက်ပြီး အမေရိကနိုင်ငံတ၀ှမ်းမှာနေထိုင်ကြတဲ့ ဖိလစ်ပိုင်၊ တရုတ်၊အိန္ဒိယနိုင်ငံသားနဲ့အခြားAsians ကွန်မြူနတီတွေဟာ ခုချိန်မှာ community virtual meetings တွေနေရာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတာကို အားရဘွယ်တွေ့ရပါတယ်။ စာရေးသူ ကိုလည်းဖိတ်ကြားတာကြောင့် သူတို့ရဲ့ racial disparity response program နဲ့ guidelines တွေကို မြင်ရတော့ အတော်အံ့သြမိပါတယ်။ တက်ရောက်ကြသူတွေထဲမှာ ခေတ်မှီနည်းပညာကိုနားမလည် ကြသူ သက်ကြီးပိုင်းတွေပါဝင်ကြပြီး၊ တင်ပြပို့ချသူဆွေးနွေးကြသူတွေဟာ၊ grassroots campaigns တွေမှာ ထဲထဲဝင်ဝင်အောက်ခြေကျကျလုပ်ဆောင်နေကြသူ ခေတ်ပညာတတ် ဥပဒေပညာရှင်တွေ၊ လွှတ်တော်အမတ်တွေ၊ sociology ဆိုင်ရာကျွမ်းကျင်ကြသူတွေပါဝင်ကြပါတယ်။ ၀မ်းနည်းစရာကောင်းတာကတော့ ကျွန်တော်တို့ မြန်မာကွန်မြူနတီမှာ racial disparity ကိစ္စနဲ့ပါတ်သက်ပြီး advocacy လုပ်ကွက်ဟာကြက်ပျောက်ငှက်ပျောက်ဖြစ်နေတာပါဘဲ။ ပျော်ပွဲရွှင်ပွဲ၊ သင်္ကြန်ပွဲလိုကိစ္စတွေမှာ လူမှုကိစ္စဆောင်ရွက်ကြသူတွေ အလုအယက်မလုပ်ချင်ကြသူတွေများ  နေပေမဲ့လည်း၊ မြန်မာအချင်းချင်းဖေးမကြရမဲ့ အချိန်မှာ ဖေါ်ပြပါပုဂ္ဂိုလ်တွေ အိမ်အောင်းနေကြ ပါတယ်။ တချို့ ဆို ဒါကိုယ်နဲ့မဆိုင်ဘူးလို့ ကြုံးဝါးကြသူတွေလည်းရှိကြောင်းကြားရပါတယ်။ Covid-19 လိုအချိန်မှာ နေထိုင်စားသောက်ရေးသာမက၊ personal protection equipment ထောက်ပံ့တာတွေ၊ Covid-19ကြောင့် ဆုံးပါးကြရသူကျန်ရစ်သူမိသားစုအတိဒုက္ခရောက်တာကို ကူညီဖေးမတာတွေ ဆိုတဲ့ လူမှုရေးကွင်းဆက်တွေဟာ ပျောက်ချင်းမလှပျောက်နေပါတယ်။ ပျော်ကြရွှင်ကြဘို့ကိစ္စတွေမှာ အလုအယက်ပါဝင်ဘို့လက်မနှေးကြပေမဲ့၊ ကပ်ရောဂါ pandemic မှာ ကယ်သူမဲ့နေတဲ့ အမေရိက  ရောက်မြန်မာကွန်မြူနတီပါ။ Public Charge ကိစ္စကြောင့် မေးရမဲ့သူ၊ ဖြေရှင်းနိုင်တဲ့လမ်းကြောင်း  ပျောက်နေကြသူတွေကိစ္စပေါ်လာကြတော့ “ကိုယ်ဖြစ်ကိုယ်ခံ”လို့ပြောကြသူတွေရှိသလို၊ “ရှေ့နေငှားလိုက်” လို့ မျက်နှာလွှဲခဲပစ်ပြောကြသူတွေလည်းရှိနေပါတယ်။ counseling ဆိုတဲ့ ကွင်းဆက် ကမြန်မာကွန်မြူနတီထဲမှာ ပျောက်ချင်းမလှပျောက်နေပါတယ်။

ကဲ- Public Charge ပြဌာန်းချက်တွေရဲ့နောက်ဆုံးအခြေအနေလေးတွေ လေ့လာကြရအောင်ပါ။

(က) မြန်မာအပါအ၀င် နိုင်ငံပေါင်း(၆)နိုင်ငံကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၂)ရက်ကစတင်ပြီး၊  immigrant visa ကိုပိတ်လိုက်ပါတယ်။ ယခင်ကလျှောက်ထားဆဲတန်းလန်းဖြစ်နေကြသူတွေ ရန်ကုန်မြို့ကောင် စစ်ဝန်ရုံးမှာဆက်သွယ်လုပ်ဆောင်နေကြရပါတယ်။ မြန်မာအစိုးရအနေနဲ့ identity-management နဲ့ information-sharing မှာ ပူးပေါင်းမှုအားနဲတယ်ဆိုတဲ့ပြဆိုချက်နဲ့ အာရှတိုက်တခုလုံးမှာ မြန်မာနဲ့ မြောက်ကိုရီးယား(၂)နိုင်ငံသာ ထူးထူးခြားခြားပိတ်ပင်ခြင်းခံရတာဒီနေ့အထိပါ။

(ခ) ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၄)ရက်ကစပြီး တရာလွှတ်တော်ချုပ်ရဲ့ ကင်းလွတ်ခွင့်အရ immigrant visa ဆိုင်ရာနောက်ဆုံးပိတ်ပြဌာန်းချက်တွေနဲ့အတူ၊ ပုံစံအသစ်များ၊ ပညတ်ချက်အသစ်များပြဌာန်းခဲ့ပါ တယ်။ အဲ့ဒီ ပြဌာန်းချက်ကိုတရားဝင်အနေနဲ့ The DHS Inadmissibility on Public Charge Grounds (Final Rule) လို့ဆိုပါတယ်။ 

(ဂ) Immigrant visa ကျပြီး Green Card လို့ခေါ်တဲ့ Alien Immigrant ရပြီးအမေရိကနိုင်ငံ အတွင်းရောက်ရှိနေထိုင်ယုံနဲ့ စိတ်မချရသေးပါဘူး။ (၃၆)လတာကာလအတွင်းတဆက်တစပ်တည်း (၁၂)လတိတိ အစိုးရအထောက်အပံ့ရကြသူတွေဟာ၊ မိမိတို့ခံစားခွင့်စရိတ်အားလုံးကို ပြန်လည်ပေး သွင်းရနိုင်ခြေရှိနေပါတယ်။ ဘယ်လိုပြန်ရအောင်တောင်းမလဲဆိုတဲ့အချက်ကတော့ ခုထိ တိတိ ကျကျရှိသေးပုံမပေါ်ပေမဲ့၊ (ဘယ်လိုဘဲအစိုးရပြောင်းပြောင်း) ဒီအကြွေးဟာ မိမိနောက်က  နောက်  ယောင်ခံပါနေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် အစိုးရအထောက်အပံ့ကိုရယူဘို့ အချို့သော immigrant တွေကလက်တွန့်နေကြပါတယ်။

(ဃ) သို့သော်လည်းစတင် အရေးယူဆောင်ရွက်ချိန်ရောက်ချိန်မှာ citizen ဖြစ်သွားသူတွေ၊  refugees/asylees တွေနဲ့ ကွန်ဂရက်က ကင်းလွတ်ခွင့်သီးခြားပြုသူတွေတော့ အဲ့ဒီ ၀ါးလုံးရှည်ထဲက ကင်းလွတ်ခွင့်ရကြပါလိမ့်မယ်။ လက်ရှိ Green Cards ကိုင်ဆောင်ထားကြသူတွေ citizens ဖြစ်အောင်ကြိုးစားကြပါကုန်။

(င) လက်ရှိ immigrant visa လျှောက်ထားကြသူတွေ ဆိုင်ရာသံရုံး/ကောင်စစ်ဝန်ရုံးတို့ကအတည်ပြု ရင် bond amount ကတိက၀တ်ငွေကြေးခံဝန်လွှာ  အနည်းဆုံး ($8,100) (ယခုလောလောဆယ် သတ်မှတ်ချက်။ နှစ်စဉ်ပြောင်းလဲမည်။)ကိုတင်သွင်းကြရပါမယ်။

(စ) အောက်ပါအမျိုးအစားခံစားခွင့်ရခဲ့သူတွေ/ရရှိနေဆဲသူတွေ Public Charge မှာအကြုံးဝင်ပါတယ်။

         - Supplemental Security Income (SSI)

         - Temporary Assistance for needy Families

         - Cash Assistance

         - Supplemental Nutritional Assistant Program

         - Section 8 Housing Assistance/Rental Assistance

         - Medicaid programs (exempt for emergency care)

         - Affordable Care Act (ACA) (“Obamacare”)

သားသမီးများက အလုပ်အကိုင်ကောင်းနဲ့ဆရာဝန်/အင်ဂျင်နီယာများပင်ဖြစ်လင့်ကစား၊ မြန်မာမိသားစု အတော်များများဟာမိမိတို့သားချင်း၊ သို့မဟုတ် မိဘများကိုခေါ်ယူပြီးတာနဲ့နောက်ရက်များအတွင်းမှာ (အနည်းဆုံး) Medicaid ကိုလျှောက်ကြရပါတယ်။ ရုတ်တရက်မကျန်းမမာဖြစ်ရင်ဘယ်သူမှမကယ် နိုင်တဲ့ကိစ္စမို့ပါ။ ဇာတ်လမ်းကအဲ့ဒီကစပါတယ်။ 

အမေရိကနိုင်ငံကိုပြောင်းရွှေ့အခြေချနေထိုင်မဲ့သူတိုင်းအတွက် နိုင်ငံနဲ့တည်ဆဲဥပဒေရဲ့ အဓိကရည်မှန်း ချက်ကတော့၊ ၀င်ရောက်လာကြသူတိုင်းဟာ မိမိခြေထောက်ပေါ်မှာမိမိအမှိအခိုကင်းမဲ့စွာနေထိုင်နိုင်  ရေး (Self-sufficiency) ဆိုတဲ့အချက်ကြီးပါဘဲ။ ဒီအချက်ဟာ ပြောင်းရွှေ့အခြေချသူမြန်မာများအ တွက်သာမက ခေါ်ယူပေးသူ Sponsors များကိုစိမ်ခေါ်နေအုံးမှာဖြစ်ပါတယ်။ အမေရိကကိုရောက်ရှိ လာရေးဟာ မိမိတို့ရဲ့ဘ၀စိတ်ကူးယဉ်အိပ်မက်ကိုနိုးထစေနိုင်ခြင်းရှိမရှိဆိုတဲ့အချက်ဟာ ကာယကံရှင် တို့ရဲ့ နိုင်ငံတွင်းရှင်သန်ရပ်တည်နိုင်ရေးအားထုတ်မှုပေါ်မှာလုံးလုံးလျားလျားတည်မှီနေပါတယ်။ အရာရာ သောကိစတွေကို အစိုးရနဲ့ဥပဒေတွေကတန်းတူအခွင့်အရေးပေးထားပြီးလွတ်လပ်စွာ ရယူ သုံးစွဲခွင့်တွေရှိကြပေမဲ့၊ အဲ့ဒီအခွင့်အလမ်းအိပ်မက်ကို ဘယ်လိုရယူမလဲဆိုတဲ့ စိတ်ကူးစိတ်သန်း ထက်သန်မှုပေါ်များစွာတည်နေကြောင်းပါ။              ။