Saturday, April 04, 2020

CoVid-19, Social-distancing နဲ့ ပြည်ပရောက်မြန်မာတွေ

ရောဂန္တာရကပ်ကြီး မထင်မှတ်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးဖြစ်လာတော့၊ အမေရိကရောက် ကျွန်တော်တို့မြန်မာတွေရော၊ အတိုင်းတိုင်းအပြည်ပြည်မှာ အခြေချနေကြတဲ့မြန်မာတွေကြားထဲ ပြင်ဆင်ခြင်းအလျင်းမရှိကြတဲ့ကိစ္စတွေ၊ တခုပြီးတခု ဇယ်စက်သလိုကျရောက်လာပါပြီ။ ဒီဆောင်း ပါးရေးချိန်မှာကမ္ဘာတ၀ှမ်း ရောဂါဖြစ်ပွားသူလို့အတည်ပြုနိုင်သူ(၁)သန်းကျော်သွားပြီးသေဆုံးသူ(၇) သောင်း  ကျော်နေပါပြီ။ ဒီဖြစ်နှုန်းနဲ့သေဆုံးနှုန်းဟာတရိပ်ရိပ်တက်နေပြီဖြစ်ပြီး၊ တရုတ်နဲ့အရှေ့အာရှ လဲ နောက်တကြော့ ပြန်ဖြစ်လာမဲ့အရိပ်အရောင်တွေတွေ့နေရသလို ဥရောပနဲ့အမေရိကားမှာတော့ အလျင်အမြန်နဲ့တရိပ်ရိပ်တက်နေပါတယ်။ ပြည်သူအကြား စိုးရိမ် ပူပန် မှုတွေကိုတားဆီးဘို့တာဝန် ရှိတဲ့အစိုးရတွေကိုယ်တိုင်၊ မဖုံးနိုင်မဖိနိုင်တဲ့ စိုးရိမ်မှုနဲ့စီမံခန့် ခွဲဆိုင်ရာ တလွဲတချော်ဖြစ်တာတွေ မမြင်ချင်အဆုံးရှိနေပါပြီ။ တိုးတက်ထွန်းကားပါတယ်ဆိုတဲ့ အမေရိကလို နိုင်ငံမျိုးမှာတောင်၊ ရောဂါ ၊ ပျံ့နှံ့မှုနဲ့အစိုးရနဲ့ဆိုင်ရာကျန်းမာရေးဌာနများရဲ့အားပြိုင်လွန်ဆွဲမှု မှာ ရောဂါပျံ့နှံ့ မှုက အနိုင်ယူနေတဲ့ အနေအထားရှိနေတာကို အထင်းသားမြင်နေရချိန်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလဆန်းကဟောင်ကောင်အခြေစိုက် ကပ်ရောဂါဆိုင်ရာကျွမ်းကျင်သူပညာရှင်များရဲ့ ကြိုတင်တွက်ကိန်းအရ ကမ္ဘာ့လူဦးရေအားလုံးရဲ့ (၆၀)မှ(၇၀)ရာနှုန်းက ဒီရောဂါလက္ခံရရှိလိမ့်မယ် ဆိုတဲ့တွက်ကိန်း ထွက်ထားတာရှိနေပါတယ်။ ဒီဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။  မောင်မိုးညိုတို့နေထိုင်ရာကာလီဖိုးနီးယားပြည်နယ်မှာတော့ အုပ်ချုပ်သူGovernor ကလာမယ့် သီတင်း(၈)ပါတ်အတွင်း၊ ပြည်နယ်တခုလုံးရဲ့ (၅၆%) (၂၅.၅သန်း)သောပြည်သူတို့ဟာ ဒီရောဂါကပ်ငြိ ခြင်းခံရမယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တဲ့အတွက်ကြောင့်၊ လူထုကြီးစိုးရိမ်ပူပန်မှုဟာ အဆမတန်ကြီး ထွား နေပါပြီ။ အမေရိကနိုင်ငံမှာ ဒီဆောင်းပါးရေးချိန်မှာဖြစ်ပွားသူ/ပိုးတွေ့သူ( ၃)သိန်းကျော်ရှိနေပြီး ၊ သေဆုံး သူ(၁)သောင်းနားကပ်သွားပါပြီ။ ဒါ စတင်စစ်ဆေးတာရက်သတ္တ(၂)ပါတ်ဘဲရှိပါသေးတယ်။ New York နဲ့ Los Angeles မြို့တွေဟာ အထိအနာဆုံးဖြစ် နေပါပြီ။ ရုံးအလုပ်ဌာနတွေမှာလုပ်ကိုင်  နေကြသူ(၉၀%)ဟာခုအချိန်မှာ အိမ်က နေတဆင့် အလုပ်လုပ်ကြရတဲ့ဘ၀ရောက်နေကြပါပြီ။ နိုင်ငံတိုင်းဟာစစ်တလင်းအသွင် ပြောင်းနေပါပြီ။ နေ့စဉ် အိမ်ပြင်မထွက်ရ အမိန့်တွေ အစိုးရတွေက အပြိုင်အဆိုင်ထုတ်ပြန်နေချိန် ဖြစ်ပါတယ်။  ကျောင်း တွေအပြိုင်အဆိုင်ပိတ်တဲ့ အချိန်ရောက်နေပါ တယ်။ လူ(၁၀)ထက်ပိုမစုရဆိုတဲ့ ကန့်သတ် ချက်တွေရှိနေပါပြီ။ ဒါတွေအားလုံးဟာ ဒီဆောင်းပါးရေး ချိန်မှာဖြစ်နေတဲ့ပကတိအခြေအနေတွေပါ။
လူကလူကိုတွေ့ရင် အထိတ်တလန့်ရှောင်ပြေးတဲ့ ခေတ်ပျက်ထဲရောက်နေပါတယ်။ ငွေတန်ဘိုးနဲ့ ကမ္ဘာ့ စီးပွားရေးကိုပင်မကျော်ရိုးသဖွယ်ထောက်ပံ့နေတဲ့ Stock share ဈေးကွက်ဟာ စီးပွားပျက်ကပ်ထဲကို ဆွဲသွင်းနေပါပြီ။ နေ့စဉ်နဲ့မျှအစိုးရရဲ့ငွေကြေးပံ့ပိုးမှုအစီအစဉ်တွေက ငွေကြေးကမောက်ကမဖြစ်မှု  တွေကိုအလျင်မှီအောင်မထိန်းချုပ်နိုင်တဲ့အနေအထားမှာရောက်နေပါပြီ။ အမေရိကအစိုးရရဲ့ Fed Reserve အဖွဲ့ကြီးရဲ့ထိရောက်တဲ့လက်နက်ကြီးဖြစ်တဲ့ အတိုးနှုန်းသတ်မှတ်မှုကို (သုည)နီးပါးအထိ ချထားလိုက်ပေမဲ့လည်း၊ ခုချိန်မှာ အချည်းနှီးဖြစ်နေပါပြီ။ အမေရိကအစိုးရက ပျက်ပြုံးစပြုနေတဲ့စီးပွားရေးကပ်ကိုကုစားဘို့ ဒေါ်လာ (၃) ထရီလီယံသွတ်သွင်းလိုက်ပေမဲ့ စီ့းါားရေးကျဆုံးနေတာတွေ၊ နေ့စဉ်သန်းနဲ့ချီတဲ့တိုးလာတဲ့ အလုပ်လက်မဲ့တွေနဲ့ ပိတ်သိမ်းတဲ့စီးပွားရေးတွေကိုကုစားနိုင်တဲ့အခြေအနေတွေမတွေ့ရပါဘူး။ ကုရာနတ္ထိဆေးမရှိတဲ့ ကပ်ရောဂါကြီးက ကမ္ဘာ့မြေပြင်ကိုမဖိတ်မခေါ်ရောက်ရှိပြီး အကျအနနေရာယူပြီးလူသားမျိုးနွယ် ကိုတိုက်ခိုက်နေရာယူ တဲ့အခြေရှိနေပါတယ်။
CoVid-19 ရဲ့ သဘာဝ
ကျွမ်းကျင်သူဇီဝသိပ္ပံပညာရှင်များရဲ့ရှာဖွေတွေ့ရှိချက်တခုကတော့ဗိုင်းရပ်စ်ပိုးဟာ လေထဲကကူးစက်နိုင် ခြင်း(airborne) မရှိသလို၊  အရည်စက်မှတဆင့်ကူးစက်နိုင်ခြင်း(droplet-borne)ထက်မကရှိနေ တယ်လို့ဆိုကြပါတယ်။ Aerosolလို့ခေါ်တဲ့အရည်ငွေစက်ပျံရည်ကနေပျံ့နှံ့နိုင်တာမို့၊ လူ(၂)  ယောက်  လောက်ရှိတဲ့အခန်းထဲမှာ တစ်ဦးသောသူက ပိုးရှိနေရင် (ရောဂါလက္ခဏာမရှိသည့်တိုင်) ကူးစက်နိုင်  ခြေအလွန်များတယ် ဆိုတဲ့ကောက်ချက်ကိုဆွဲထားကြပါတယ်။ ရောဂါပိုးဟာ ပလပ်စ တစ်နဲ့သတ္တု  တွေပေါ်မှာ(၇၂)နာရီကြာ၊ ကတ်ထူပြားပေါ်မှာ (၂၄)နာရီကြာအသက်ရှင်နေနိုင်ပြီး၊ အထက်မှာဆိုခဲ့ တဲ့အငွေ့ပျံရည် (aerosol) မှာ မိနစ်(၁၈၀)ကြာအသက်ရှင်နိုင်တယ်လို့သုတေသန ပြုတွေ့ရှိထား ပါတယ်။
ပြည်ပရောက်မြန်မာများပြင်ဆင်ရမည့်အချက်များ
ကပ်ရောဂါကြီးတော့ကျရောက်လာပါပြီ။ ဘာတွေပြင်ဆင်ကြရမလဲ။ အရေးကြီးဆုံးနားလည်ရမဲ့ကိစ္စ ကတော့ (ကြိုက်ကြသည်ဖြစ်စေ၊ မကြိုက်ကြသည်ဖြစ်စေ) မိမိတို့ကျင်လည်ခဲ့တဲ့ နေ့တဓူဝဘ၀တွေ ကိုပြောင်းလဲကြရမဲ့အချိန် (အနည်းဆုံးခုရောဂါဖြစ်ပွားချိန်ကာလအတွင်း) (Life-style changes) လုပ် ကြရပါတော့မယ်။
(က) အိမ်ပြင်မထွက်ကြပါနဲ့။ အိမ်ပြင်ထွက်ဘို့စဉ်းစားတိုင်း တကယ်လိုအပ်လား၊ တခြားကိစ္စတွေနဲ့  ပေါင်းလုပ်လို့ဖြစ်မလားဆိုတာတွေကို ပြန်စဉ်းစားကြပါ။
(ခ) မိသားစုဝင်များတနေရာစီနေကြရင်၊ နေ့နဓူဝမကုန်ခင် ဖုံးဆက်ပါ။ FaceTimeလုပ်ကြပါ။ Google-Duo ဟာအလွန်အသုံးဝင်ထိရောက်တဲ့မိသားစုတက်သွယ်ရေးနဲ့ ကပ်ရောဂါကာလမှာ၊ နွေးထွေးတဲ့ မိသားစုဘ၀ကိုတည်ဆောက်ပေးနိုင်တဲ့ Google App တခုပါ။ မိသားစုဝင်အားလုံးတိုင်းdownload အသုံးပြုကြပါ။
(ဂ) လိုအပ်တဲ့သုံးနေကျ ဆေးဝါးများ(prescription medicine)များမပြတ်ခင်ကြိုမှာယူပါ။ သုံးနေကျ Pharmacy လမ်းဖြတ်ကူးနေရာမှာရှိနေတာတောင်၊ စာတိုက်မှမှာယူပါ။
(ဃ) Stock တွေအကြီးအကျယ်ကျဆင်းနေချိန်ပါ။ ကောလာဟဠကြောင့် အထိတ်တလန့်ပြောင်းလဲ စရာမလိုပါ။ stock တို့ရဲ့သဘောသဘာဝအတိုင်းဈေးကျချိန်ကိုစောင့်ပြီးအပြိုင်အဆိုင်ဝယ်တဲ့သူတွေ ရှိနေတာမို့ ကိုယ့်ရဲ့stock ဈေးပြန်တက်လာပါမယ်။
(င) သင့်တင့်တဲ့ ငွေသားသက်သက်လက်ထဲမှာထားဘို့ ဘဏ်မှအမြန်ထုတ်ယူကြပါ။ အကုန်လုံးထုတ် ရန်မလိုပါ။ ဘဏ်တွေအားလုံးဟာ Federally protected မို့စိုးရိမ်စရာမလိုပါ။
(စ) ကြိုတင်ငွေပေးပြီးပြင်ဆင်ထားတဲ့ ခရီးသွားစရာလေယာဉ်အပါအ၀င် cruise၊ ဟိုတယ်တည်း ခိုစရာ၊ မင်္ဂလာဆောင်အပါအ၀င် အခမ်းအနားကြိုတင်ငွေပေးထားတာရှိခဲ့ရင်၊ ဆိုင်ရာwebsite တွေ၊ စာတိုက်မှရောက်ရှိလာနိုင်မဲ့အကြောင်းကြားစာ၊  email စသည်တို့ကတဆင့်အကြောင်းကြားလာတာ  တွေကို မျက်ခြေမပြတ်ကြည့်ရှုနေကြပါ။ မိမိဆိုင်ရာသတ်မှတ်ရက်နားနီးရင် (အနဲဆုံးတလ အလိုလောက်မှာ) ဆိုင်ရာတွေကအကြောင်းကြားလာနိုင်ကြပါတယ်။ ဒီနေရာမှာ cancellation policy တွေရဲ့သဘောကို မြန်မာတွေနားလည်သင့်ပါတယ်။ ကိုယ်ကစစပြီး cancelလုပ်ရင် မူလ သဘောတူညီချက်ကို မိမိကစတင်ချိုးဖေါက်တာမို့(ဥပမာ-အခမ်းအနားကျင်းပချိန်ဟာ လူမစုရအခမ်း နားမပြုရလို့အစိုးရကပညတ်ကန့်သတ်သည့်တိုင်အောင်၊ ယင်းအခမ်းအနားကျင်းပချိန်ဟာကန့် သတ်ချိန်အတွင်းကျရောက်သည်မှအပ) မိမိကပေးလျော်ကျခံရဖွယ်များပါတယ်။  လေယာဉ်လက်မှတ် ကြိုတင်ဝယ်ထားပြီး၊ သွားရောက်မဲ့နိုင်ငံက ခရီးဝင်ခွင့်ပိတ်ထားတဲ့ကန့်သတ်ရက် အတွင်းကျရောက်  နေလို့ကတော့ လေယာဉ်ကုမ္ပဏီက ခရီးစဉ်ပြောင်းရွှေ့တာတို့ ပြန်အမ်းငွေထုတ်  ပေးတာတို့လုပ်ပေး ရပါမယ်။ ဒါပေမဲ့ ကန့်သတ်ရက်အတွင်းမရှိဘဲ (မကျရောက်သေးဘဲ) မိမိက စတင်ဖုံးခေါ်ယူပြီး cancelလုပ်ရင်တော့ ဒါဏ်ကြေးရှိပါလိမ့်မယ်။ အခုအချိန်မှာ ဆိုင်ရာတွေက ကန့်သတ် ကာလအပေါ် အခြေခံပြီး ကြိုတင်ငွေပေး reserveလုပ်ကြသူတွေကို က့န့်သတ်ရက် အလိုက်ကိုင်တွယ်   နေကြတာ မို့ ဆိုင်ရာတွေရဲ့သတိပေးချက်တွေကိုမျက်ခြေမပြတ်ကြဘို့ပါ။  နောက်တခုက ရက်ပြောင်း လဲမလား၊ ပြန်အမ်းငွေယူမလားဆိုတဲ့ကိစ္စပါ။ အများအားဖြင့် ပြန်အမ်းငွေယူချင်ကြတာသဘာဝကျပါ တယ်။ ဒါပေမဲ့စီးပွားရေးလုပ်ငန်းရှင်များဘက်ကကြည့်တော့ သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေကို တတ်နိုင် သမျှ ကာကွယ်ချင်ကြတာကိုထဲ့တွက်ကြရပါမယ်။ အဲ့ဒီအ တွက်ရက်ပြောင်းလဲခဲ့ရင်ကော (မိမိကိုယ် တိုင်ကလည်းစိတ်ဆန္ဒရှိနေရင်) လက်ရှိဈေးအတိုင်း မပြောင်းလဲဘဲပေးနိုင်မလားဆိုတဲ့မေးခွန်း ဟာမေးသင့်တဲ့ကိစ္စပါ။ ဖြစ်နိုင်ရင်ကိုယ်လိုချင်တဲ့ပုံစံ နဲ့ရက်စွဲကိုပါရခဲ့ရင်ပေါ့။
(ဆ) ဒီရောဂါကပ်ကြီးဟာ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ လက်ရှိ ၀င်ရောက်လာတဲ့သတင်းတွေအရတော့ အမေရိကဗဟိုအစိုးရက ဘဏ္ဍာရေးဆိုင်ရာဖြေလျှော့ မှုအပါအ၀င်၊ ငွေကြေးပံ့ပိုးမှုကြီးများကို ခုမတ်လကစပြီး နောက် (၁၈)လစာ တွက်ချက်လုပ်ထား ကြပါတယ်။ စာသင်ကျောင်းများကို အချို့သော ကျောင်းအုပ်စု (school districts) တွေမှာ ခုစာသင် နှစ်အကုန်အထိ ပြန်မဖွင့်ဘို့ကြေငြာထားပါပြီ။ မေနဲ့ဂျွန်လကစတင်မဲ့ ဘွဲ့နှင်းသဘင်တွေအားလုံးကို ဖျက်သိမ်းထားပါတယ်။ ခုစာရေးသားချိန်မှာ အိမ်တွေကနေတဆင့် အလုပ်လုပ်ကြတဲ့ (home-bound/remote workplace)တွေအားလုံးလိုလိုက ဧပြီလကုန်အထိလို့ဆိုထားကြပေမဲ့၊ ဒီထက်မက လများစွာအထိကြာမဲ့အရိပ်အယောင်တွေတွေ့နေရပါတယ်။ အစိုးရတွေရဲ့ ကန့်သတ်ချက်ကိုကြည့်နေ ကြပါတယ်။ အမေရိကလိုနိုင်ငံကြီးတွေမှာ အလုပ်ခွင်မှာလုပ်ကိုင်ရင်း ဖျားနာမှုတွေကိုအထူးအလေး ထားကြပါတယ်။ အလုပ်ကြောင့်၊ အလုပ်ထဲမှာလုပ်လို့မကျန်းမမာဖြစ်ခဲ့ရင် ပေါ်ပေါက်လာနိုင်တဲ့ (liability) ကိုအကြောက်ဆုံးပါဘဲ။ ဘယ်သူကမှစပြီးတာဝန်ယူပြီး၊ ရောဂါကင်းစင်ပါပြီ၊ အန္တရာယ် လုံးဝကင်းစင်ပါပြီ ဆိုပြီး အာမဘန္တေမခံရဲကြပါဘူး။ အဲ့ဒီအချက်က စာသင်ကျောင်းတွေမှာလဲအလား တူမို့ မိမိတို့သားသမီးများ မလေလွင့်စေရေး အထူးအရေးပေးကြပါ။ Online class-roomနဲ့ဆိုင်တဲ့ သင်္ခန်းစာများ ပေါ်ထွက်လာပါပြီ။ ဆိုင်ရာကျောင်းများနဲ့ ဆက်သွယ်ပြီး မိမိတို့ သားသမီးများအတွက် စတင်အကောင်အထည်ဖေါ်ကြပါ။
(ဇ) ဖျားနာခဲ့ရင်ရောဂါပိုးရှိမရှိအစစ်ဆေးခံရရေးမခံရရေးဟာ သိပ်အရေးမကြီးဘူးဆိုတာကို နှလုံးသွင်းကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါပိုးကိုကုစားနိုင်တဲ့ ပဋိဇီဝဆေးမပေါ်သေးသလို၊ ပေါ်ဘို့လဲမလွယ်ပါ။ (ထိန်းသိမ်းပေးယုံသက်သက်လောက်သာရှိပါတယ်)။ အိမ်မှာနေပါ။ မိမိအခန်း ကမထွက်ပါနဲ့။ အပြောလွယ်သလောက် အင်မတန်ခက်ပါတယ်။ စိတ်ကိုထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီထက်ကောင်းတဲ့နည်းလမ်းမရှိပါ။
(ဈ) မြန်မာမိသားစုတိုင်း နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုရှိနေပါစေ။ ဂျင်း၊ကြက်သွန်ဖြူ၊ ဆား၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ သံပရာတို့ဟာ အစွမ်းထက်တဲ့ immune-boostersတွေပါ။
(ည) နောက်ဆုံးရရှိတဲ့သတင်းအရ မြန်မာနိုင်ငံတွင်းအလည်အဖြစ်သော်၎င်း၊ စီးပွားရေးလုပ်ငန်းလုပ် ကိုင်ကြသူအမေရိကန်နိုင်ငံသားများ၊ မြန်မာ အမေရိကန်များဟာ၊ ရောဂါပိုးတွေ့ရှိသူဆယ်ဂဏန်း သာရှိသေးတယ်လို့ကြေငြာထားတဲ့ မြန်မာနိုင်ငံထဲကရောဂါပိုးထူပြောတဲ့မိမိတို့နေရင်းနိုင်ငံတွေကို အပြေးအလွှားပြန် ကြတာတွေကိုကြားသိရပါတယ်။ ဖြစ်နိုင်ဘွယ်ရှိတာကတော့ တိကျတဲ့ဆေးစစ်မှု (testing) မရှိသေးတာနဲ့တင်းကြပ်တိကျတဲ့ကုထုံးများချို့တည့်တဲ့အကြောင်းရင်းခံတွေဆိုတာကို ၀မ်းနည်းဘွယ်ဖေါ်ပြ ရပါမယ်။ သေခြာတာတခု ကတော့ အစိုးရနဲ့ဆိုင်ရာကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက သူတို့တတ်နိုင်တဲ့အင်အားပေါ်အခြေခံ ပြီး၊ လူထုအသိပညာပေးမှုတွေအပါအ၀င်၊ တားဆီးကာကွယ်မှုတွေ ချီးမွန်းဘွယ်ကောင်းလောက် အောင် နေ့ညမအားကြိုးစားနေကြတာကတော့ အထင်သားအမြင်သားပါဘဲ။ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံအတွင်းဝင်ရောက်ရန်ရှိကြသူ အမေရိကနဲ့နိုင်ငံအတော်များများမှပြည်ဝင်ခရီးသည်များဟာ ခရီးမထွက်မှီဆိုင်ရာရောဂါကင်းစင်  ကြောင်းကျန်းမာရေးထောက်ခံစာ (ပုံစံသတ်မှတ်ပြီး ဆိုင်ရာသံရုံး websitesများတွင်ရယူကြိုတင်ဖြည့် စွက်ပြီး) တပါတည်းယူဆောင်သွားကြဘို့အထူးလိုအပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းအိမ်တွင်း ကအိမ်ပြင်မထွက်ဘဲ ၁၄-ရက်နေကြရမယ် ဆိုတဲ့အချက် ကို နားလည်ကြရပါမယ်။ ပြန်လာရင်လည်း မိမိနေထိုင်ရာအိမ်မှာအိမ်ထဲကမထွက်ဘဲself-quarantine လုပ်ကြရဘို့လိုနေတယ် ဆိုတာကိုလည်း ထဲ့တွက်ကြရပါမယ်။
(ဋ)  ကိုယ့်မှာ travel insurance ၀ယ်ထားရင်ကော အဲ့ဒါကိုသုံးပြီး မိမိခရီးစဉ်ကို cancelလုပ်လို့ရ သလားလို့မေးစရာရှိပါတယ်။ မရပါ။ မိမိဖာသာမိမိ ကြောက်ရွံ့စိုးရိမ်မှုကြောင့် မိမိကစတင်ပြီး cancel လုပ်တာအတွက် အကြုံးမ၀င်ကြောင်းအသိပေးပါရစေ။ ဒီကိစ္စအတွက်အကာအကွယ်ပေးနိုင်တဲ့ ခရီးသွားအာမခံအမျိုးအစားကတော့ (Cancel for any reason Travel Insurance – CFAR) ပါဘဲ။ ဒါကလဲဝယ်ယူတဲ့ကာလပေါ်မှာမူတည်နေပါတယ်။ ဈေးကလဲအလွန်ကြီးလေးကြောင်းပါ။
(ဌ) နောက်တချက်က လူတွေစိုးရိမ်ထိတ်လန့်မှုတွေရှိလာရင်၊ အခွင့်ရေးယူတတ်သူတွေရှိတတ်ပါ တယ်။ ဖုံး/စာ၊ အင်တာနက်တို့မှမိမိတို့တောင့်တလိုအပ်ချက်တွေရောင်းချတာ၊ အခမဲ့ကူညီတာတွေ ကို မသိကြိုးကျွံပြုကြပါ။ ထောင်ချောက်ထဲမ၀င်မိပါစေနဲ့။
(ဍ) စီးပွားပျက်ကပ်ပါနောက်ကကပ်ပါလာဘွယ်အလားအလာတွေမြင်နေရပါတယ်။ အလုပ်လက်မဲ့ (layoff/reduced work hours) ဖြစ်ခဲ့ရင်၊ မိမိကိုယ်ပိုင်စီးပွားရေးပိတ်သိမ်းခံရရင်။ ဖြစ်ပြီဆိုတာ နဲ့ (အလုပ်ကသင့်တင့်သည့်လစာပေးခဲ့သည့်တိုင်အောင်) နေ့မကူးခင် ဆိုင်ရာပြည်နယ်/ဒေသဆိုင်ရာ websites တွေကနေအဆင့် အလုပ်လက်မဲ့ ခံစားခွင့် ကိုချက်ချင်းလျှောက်ထားကြပါ။ အလုပ်လက်မဲ့ ဖြစ်ကြောင်းဆိုင်ရာတရားဝင်စာကိုလက်မှာအသင့်ကိုင် ထားပါ။ နောက်တဆင့်က၊ မိမိခင်ပွန်း/ဇနီးတို့ရဲ့ အလုပ်ကပေးတဲ့  ကျန်းမာရေးအာမခံ(healthcare plan) မှာအမြန်ဆုံးစာရင်းပေးသွင်းပါ။ တကိုယ် တည်းသမားဖြစ်ခဲ့ရင် ဆိုင်ရာပြည်နယ်ရဲ့ Medicaid အစီအမံမှာ အမြန်စာရင်းသွင်းပါ။
(ဎ) အရေးကြီးဆုံးကတော့Social-distancing ပါဘဲ။ ဒါနဲ့ပါတ်သက်ပြီး၊ မီဒီယာတွေမှာအလျှံပယ်ဖေါ် ပြပြီးသားမို့အကျယ်မချဲ့လိုပါ။ မီးမောင်းထိုးပြလိုတဲ့အချက်ကတော့ အဆောက်အဦတခု(indoor building) ထဲဝင်ရင်နှာခေါင်းပိတ်(mask) တပ်ပါ။ ရောဂါ/ဖျားနာမှုမရှိရင်တပ်စရာမလိုလို့ဆိုကြပေမဲ့၊ တပ်ဖြစ်အောင်တပ်ကြပါ။ လက်အိပ်လဲစွပ်ပါ။ ကိုယ်နေထိုင်ရာအိမ်မှာတော့ ဒါတွေမလိုပေမဲ့ ဖျားနာသူတစ်ဦးရှိခဲ့ရင် တော့မိသားစုဝင်တိုင်းတပ်ဆင်ကြရပါမယ်။ တစ်ဦးနဲ့တစ်ဦးအနည်းဆုံး(၆) ပေကွာ ဆိုတဲ့အချက်ဟာ(outdoor)မှာဆိုလိုတာဖြစ်ပြီး၊ indoor ၀င်ရင် ရောဂါပိုးရှိသူတစ်ဦးရှိခဲ့ရင် ကိုယ့်ဆီကို အဲ့ဒီပိုးပျံ့နှံ့ကူးစက်ခံရဘို့ အလားအလာအလွန်များတယ်ဆိုတာကို အမြဲသတိပြုကြပါ။
CoVid-19 ဟာ ဘယ်ကာလထိကြာအောင် ခရီးဆန့်မလဲဆိုတာဘယ်သူမှတပ်အပ်မပြောနိုင်ပါ။ တရုတ်နိုင်ငံမှာ (၃)(၄)လနဲ့တည်ငြိမ်သွားပေမဲ့၊ တရုတ်အစိုးရက ပြင်းထန်တဲ့နည်းစနစ်ကိုသုံးယုံမက အပြတ်ရှင်းတဲ့ဗျူဟာကိုသုံးခဲ့တာတောင်၊ နောက်တကြော့ပြန်ဝင်လာမလာ ဘယ်သူမှတပ်အပ်မပြော နိုင်သေးပါဘူး။ ကမ္ဘာမီးလောင်၊ သားကောင်ချနင်းဖြစ်နေချိန်ပါ။ ပိုဆိုးတာက ဆိုင်ရာအစိုးရတွေကိုယ် တိုင်အိနြေ္ဒမဆောင်နိုင်လောက်အောင် ကြောက်ရွံ့နေချိန်ဆိုတာကိုသိကြဘို့လိုပါတယ်။ ပြည်ပရောက် မြန်မာတစ်ဦးချင်းက မိမိကိုယ်ကို မိမိတာဝန်ယူကြရမဲ့အချိန်ပါ။
CoVid-19 ကပ်ရောဂါကြီးမှ ကမ္ဘာသူကမ္ဘာသားများအားလုံး အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ ကျော်ဖြတ် နိုင်ကြပါစေ။