Wednesday, October 31, 2018

အမေရိကရောက်မြန်မာတို့ ဘ၀တစ်သက်တာပြင်ဆင်ကြဘို့ အစီအမံတွေ



တနှစ်တာကုန်ဆုံးဘို့တာစူပြီး နောက်နှစ်သစ်ကိုကူးပြောင်းတော့မဲ့အချိန်တွေမှာ အမေရိကနိုင်ငံတ၀ှမ်းလုံးနေ အလုပ်လုပ်ကိုင်ကြသူတွေရော၊ အလုပ်မရှိသူတွေပါ၊ မပျက်မကွက် လုပ်ကြရတဲ့အလုပ်ကတော့ Open Enrollment လို့ခေါ်တဲ့ တနှစ်တာကျန်းမာရေးကအစ၊ လွှမ်းခြုံကာကွယ်မှုအသီးသီးတို့အတွက်၊ စာရင်းပေး သွင်းခြင်း၊ အသစ်တဖန်သက်တမ်းတိုးခြင်းတို့ကိုလုပ်ကြရပါတယ်။ စာရေးသူပြောနေကြစကားပြောရရင်၊ အတော်များများက၊ ဒီကိစ္စတွေကိုပေါ့ပေါ့တန်တန်ပြီးရင်ပြီးရောလုပ်ကြလေ့ရှိပါတယ်။ အခွင့်အရေးနဲ့ ပါတ် သက်ရင်အမေရိကနိုင်ငံမှာတွင်ကျယ်တဲ့မြန်မာစကားပုံတခုကိုဥပမာပေးလိုပါတယ်။ ဘာတဲ့ - “မသိသူ ကျော်သွား၊ သိသူဖေါ်စား” ဆိုတာ။ အဲ့ဒီမြန်မာစကားပုံက အမေရိကမှာသွေးထွက်အောင်မှန်တယ်လို့ဖေါက် သယ်ချပါရစေ။ “အခွင့်အရေး”ဆိုတဲ့အချက်ဟာ မြန်မာပြည်ဖွားတွေအတွက်အခွင့်ထူးခံခွင့်ရှိမှရတယ် လို့အများ သဘောပေါက်ကြတာမှတ်မိမှာပါ။ ဒီနေရာမှာ Earned benefit လို့ခေါ်တဲ့မိမိလုပ်အားကပေါ်ထွက် လာတဲ့အ ကျိုးခံစားခွင့်ဟာ၊ အလုပ်လုပ်ကြသူတိုင်းရဲ့မွေးရာပါခံစားခွင့်ပါ။ ဒါပေမဲ့အဲ့ဒီခံစားခွင့်ကကိုယ့်အပေါ်အလိုအ လျောက်ရောက်မလာပါဘူး။ ရအောင်ယူရပါတယ်။ အမေရိကမှာရအောင်ယူနိုင်ဘို့ တရားဝင်နည်းလမ်းတွေကို တန်းတူရည်တူပေးထားပြီး၊ အလွယ်တကူရယူနိုင်အောင်လည်း၊ လမ်းထွင်ထားပြီးသားပါ။ ကိုယ်က ၀ါယမနဲနဲ တော့စိုက်ထုတ်ဘို့လိုပါတယ်။ အဲ Entitlement လို့ခေါ်တဲ့ခံစားခွင့်ကတော့ မိမိရဲ့ဘ၀အခြေအနေပေါ်မူ တည်ပြီး၊ ဥပဒေကခွင့်ပြုတဲ့နည်းလမ်းတွေအရ၊ ပြည်သူ့ဘဏ္ဍာကနေရရှိခံစားတဲ့အခွင့်အလမ်းပါဘဲ။ ဥပမာ လွယ်လွယ်ပေးရရင် Food Stamp လို့လူသိများတဲ့ ခံစားခွင့်ဆိုပါတော့။ အဲ့တာက Entitlement ပါ။
ဒီကနေ့ဆွေးနွေးမဲ့ကိစ္စက ဆိုခဲ့တဲ့ နောက်နှစ်သစ်တခုတခုတည်းအတွက် မဟုတ်ပါဘူး။ ကိုယ်ဘ၀တစ် သက် တာလုံခြုံဖူလုံစေရေးအစီအမံပါ။ ကျွန်တော်တို့မြန်မာတွေကိုနားလည်အောင်လူပြိန်းစကားနဲ့ပြောရရင်၊ “သေတမ်းစာ” (Will) ဆိုပါစို့။ သေတမ်းစာလို့ဆိုတာနဲ့ ငါတို့ကတော့လူချမ်းသာလည်းမဟုတ်၊ တိုက်တာစီးပွား ရေးနဲ့လုပ်ငန်းတွေလည်းမရှိတာ၊ ဘာလုပ်ဖို့ သေတမ်းစာလိုမလည်းလို့ ဆိုလိုက်ရင် တက်တက်စင်အောင် လွဲတဲ့အယူအဆလို့ သတိပေးပါရစေ။
အမေရိကနိုင်ငံမှာနှစ်ပရိစ္ဆေဒအနေကြာကြသူတွေအပါအ၀င်၊ မနေ့တနေ့ကမှပြောင်းရွှေ့လာကြသူတိုင်း အတွက် ဖေါ်ပြမဲ့ဘ၀အစီအမံများဟာမရှိမဖြစ်လိုအပ်ချက်တွေပါ။ ပစ္စည်းဥစ္စာရှိတာမရှိတာနဲ့မဆိုင်ပါဘူး။ အမေရိက ရောက်ကျွန်တော်တို့မြန်မာတွေ စာရွက်စာတမ်း၊ လုပ်ထုံးလုပ်နည်း၊ ဆိုင်ရာတွေနဲ့ဆက်သွယ် ဆောင်ရွက်ရတဲ့ ဗာဟီရကိစ္စပေါ်ပေါက်တိုင်း၊ စိတ်အနှောင့်အရှက်ဖြစ်ကြရတာတွေ မှတ်မိကြမယ်ထင်ပါတယ်။ အဲ့ဒီသာဓကတွေ က ဘကိုပြသလဲဆိုတော့၊ ဖေါ်ပြမဲ့ဘ၀အစီအမံတွေ ကြိုတင်ပြင်ဆင်မှုကင်းမဲ့ခဲ့တာတွေ ကြောင့်ဆိုတာကို မြင်အောင်ကြည့်တတ်ကြပါ။ ဒီလိုအစီအမံတွေကိုကိုယ်တိုင်လုပ်ရင်းနဲ့ နားလည်အောင် လုပ်ကြရပါတယ်။ နားလည်ရင်းနဲ့မှ မိမိဘ၀ဖူလုံရေးကိစ္စတွေဖြစ်မြောက်ကြရတာပါ။
ကဲ - အဲ့ဒါဘာတွေလဲဆိုတာကြည့်ကြရအောင်။
(က) အရေးကြီးစာရွက်စာတမ်းများစုဆောင်း၍စနစ်တကျသိုမှီကြဘို့ - အိမ်ပိုင်ဆိုင်မှုစာချုပ်၊ နှစ်အလိုက်အခွန် ဆောင်မှု၊ ခရီးသွားပါတ်စပို့၊ အာမခံကြေငြာလွှာများ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်ပါတသက်သောစာရွက် စာတမ်းများ၊ လက်ရှိငွေရေး ကြေးရေးဆိုင်ရာအစီရင်ခံစာများ။
(ခ) မိမိ မိသားစု နှင့် သီးခြားလိပ်စာတွင်နေထိုင်သူ (မိမိ မိသားစုမှ ယုံကြည်စိတ်ချသည်ဟုယုံကြည်ရ လောက် သူ) ရဲ့အဆက်အသွယ်လိပ်စာနှင့်ဖုံးနံပါတ်၊ ဘဏ်နှင့်တကွငွေရေးကြေးရေးနှင့်အထက်ဖေါ်ပြပါအဖွဲ့အစည်းများ နဲ့ပါတ်သက်သော၊ account နံပါတ်နှင့်အဆက်အသွယ်များ၊
(ဂ) အင်တာနက်အပါအ၀င် accounts များရဲ့ ချိတ်ဆက် User Names နဲ့ Passwords များ၊ (မြန်မာလိုရေးပြီး သိုမှီးနိုင်ကြပါတယ်။)
(ဃ) မိမိကွယ်လွန်ပြီးနောက်၊ မိမိ၏အကျိုးခံစားခွင့်ျားကိုဆက်ခံခွင့်ရှိသူများ သတ်မှတ်ရေး (Designation of beneficiary)
(င) Credit card အပါအ၀င် မိမိအိပ်ဆောင်တွင်အမြဲကိုင်စွဲသည့်ကတ်မျိုးစုံများဖြစ်သည့် ကျန်းမာရေးနှင့် ယာဉ်အာမခံကတ်များ၊ ယာဉ်မောင်းလိုင်စင်များ၊ နိုင်ငံသားပြုခြင်းဆိုင်ရာcertificates နှင့် Social Security Cards များကို Mediafire, Cloud စသည်တို့တွင်သိုလှောင်ခြင်း၊ အမြဲမပြတ် အချိန်နှင့်တပြေးညီ မှတ်တမ်း ပြုခြင်း၊ ထိန်းသိမ်းခြင်း၊ မိသားစုဝင်အတွင်းအသိပေးဖြန့်ဝေထားခြင်း။
(စ) Advance Directive ခေါ်မိမိနာမကျန်းဖြစ်ပြီး၊ သေလုမြောပါးအချိန်၊ မိမိကိုယ်ကိုမိမိမသိနိုင်လောက်သော အခြေအနေတွင်၊ မိမိကျန်းမာရေးဆေးကုသရေးနှင့်ပါတ်သက်သောအဆုံးအဖြတ်ကိုကြားမှဝင်ရောက် အဆုံး အဖြတ်ပေးမည့်စာရွက်စာတမ်းရေးဆွဲထားခြင်း။
(ဆ) Revocable Living Trust ခေါ် မိမိပိုင်ဆိုင်မှုအပါအ၀င်၊ မိမိလိုလားတောင့်တမျှော်မှန်း၍ဖြစ်စေလိုသော အကြောင်းချင်းရာတို့အတွက်အစီအမံစာတမ်းပြုစုထားခြင်း၊ Revocable ဟုဆိုထားသခြင့်အချိန်မရွေးပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းတွေပြုလုပ်နိုင်ခြင်း။
(ဇ) Durable Financial Power of Attorney မိမိ၏အသက်အာမခံအပါအ၀င်ခံစားခွင့်စာချုပ်များ၊စုဆောင်းငွေ များကိုတာဝန်ပိုင်းခြားပေးမည့် အစီအမံစာတမ်းပြုစုထားခြင်း။
(ဈ) Will ခေါ်သေတမ်းစာ မှာမိမိပိုင်ဆိုင်မှုကို မိမိရဲ့သားသမီး (သို့မဟုတ်) အမွေဆက်ခံခွင့်ပေးစေလိုသူတို့ကို ထိန်းချုပ်မည့်အစီအမံစာတမ်း။
(ည) မိမိသေဆုံးပါက ဆောင်ရွက်စေလိုသော အစီအမံ Funeral plan
(ဋ) မိမိကွယ်လွန်ပါက လစဉ်အပါအ၀င် ပုံမှန်ပြန်ပေးသွင်းရမဲ့ လစဉ်/နှစ်စဉ်ကြေးများ မည်သို့မည်ပုံပေးရ မည်ဆိုသော အစီအမံ။
(ဌ) ကျန်ရစ်သူဇနီးခင်ပွန်းနှင့်သားသမီးအပါအ၀င်၊ အတူနေများအတူမနေညီအကိုမောင်နှစ်မ၊ သားခြင်းအရင်း အခြာများအတွက်မှာတမ်းစာ၊ အသိပေးစာများပြုစုထားရှိခြင်း။
ဆိုခဲ့တဲ့ အချက်တွေဟာတန်းစီချပြပြီးရေးရရင်လွယ်သလောက်တကယ်လက်တွေ့ပြင်ဆင်ရာမှာအခက်အခဲများ စွာရှိနိုင်ပါတယ်။ အချို့စာရွက်စာတမ်းများဟာ၊ မိမိဖာသာပြုစုပြီးထားနိုင်သော်လည်းဘဲ၊ အချို့စာရွက်စာတမ်းမျိုး တွေဟာ ဆိုင်ရာရုံတွေမှာ Notarize လုပ်ဘို့လိုပါတယ်။ ဒီ့အပြင် နေထိုင်ရာအမေရိကနိုင်ငံရဲ့ဒေသပြည်နယ်များ ရဲ့ တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ညီညွတ်ကြဘို့လိုပါတယ်။ ဒီလိုလုပ်ထုံးလုပ်နည်းရှုတ်ထွေးပွေလီလို့၊ နေ့ရွှေ့ညရွှေ့လုပ်လို့မရပါဘူး။ မဖြစ်မနေလုပ်ရမဲ့ကိစ္စကြီးပါ။ ခုရှုပ်မှနောင်ရှင်းမဲ့ကိစ္စတွေပါ။ ကျွန်တော်တို့မြန်မာ နိုင်ငံမှာ ဒီနေ့အထိကြုံတွေ့နေကြရတဲ့  အမွေကိစ္စကြောင့်မောင်နှမချင်း၊ သားအမိချင်း မခေါ်နိုင်မပြောနိုင်ဖြစ် ကြရတဲ့သာဓကတွေအများကြီးပါ။ အဲ့ဒါဘာကြောင့်လဲလို့မေးရရင် ဒီနေ့အထိသပွတ်အူလည်နေပြီး၊ နိုင်ရာဆွဲယူ တဲ့ မခိုင်မာတဲ့ဥပဒေကြောင့်ရယ်၊ ဖေါ်ပြခဲ့တဲ့ စာရွက်စာတမ်းမှတ်တမ်းပြုစု၊ ထိန်းသိမ်း၊ အသုံးချတဲ့စနစ်ကင်း မဲ့မှု၊ နားနည်းမှုတွေကြောင့်ပါဘဲ။
အမေရိကနိုင်ငံမှာတော့ လုပ်ထုံးလုပ်နည်းဥပဒေနဲ့ လုပ်ကိုင်ရမဲ့နည်းလမ်းတွေက အဆင်သင့်ရှိပြီးသားပါ။ အဲ့ဒါတွေကိုအလွယ်တကူရယူသုံးစွဲကြဘို့နဲ့၊ မှန်မှန်ကန်ကန်အသုံးချတ်ဘို့ဘဲလိုပါတယ်။
ကိုယ်မရှိတော့တဲ့နောက်မှာဘဲကိုယ့်ရှေ့မှောက်သက်ရှိထင်ရှားဘ၀မှာဘဲဖြစ်ဖြစ်၊ မိမိနဲ့မိမိရဲ့မိသားစုဝင်တွေ၊ တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံပြီး၊ စိတ်ချလက်ချနေရတဲ့ဘ၀ကိုတည်ဆောက် နိုင်ကြဘို့ ကျွန်တော်တို့မြန်မာအားလုံးကလိုလားတောင့်တကြမယ်ဆိုတာယုံကြည်ပါတယ်။
လုံခြုံပြည့်ဝစိတ်ချရသော ဘ၀အစီအမံများစတင်ထူထောင်ခြင်းနဲ့သာယာဝပြောတဲ့ အမေရိကရောက်မြန်မာ မိသားစု များ ပေါ်ထွန်းလာရေးကိုမျှော်မှန်းလျက်။