Sunday, May 16, 2021

NUG အားကောင်းမောင်းသန်ရေး…..

 ဒီအဖွဲ့ကြီးပေါ်ပေါက်လာရတာဟာ များစွာသောအခက်အခဲရင်ဆိုင်ရမှုတွေ၊ အန္တရာယ်ပေါင်းစုံနဲ့နေ့စဉ် ရင်ဆိုင်နေကြရတဲ့အစိုးရအဖွဲ့ဝင်တွေရဲ့ မျက်နှာချင်းဆိုင် (online ပေါ်တောင်) လူစုံတွေ့ဘို့အနှောင့် အယှက်တွေကြားကဆိုတာ မြန်မာပြည်သူအများနဲ့နိုင်ငံတကာက ကောင်းစွာနားလည်ကြပါတယ်။ ပြီးခဲ့တဲ့ မတ်(၃၁)ရက်နေ့စွဲနဲ့ CRPH ကထုတ်ပြန်တဲ့ Federal Democracy Charter ပေါ်မှာအခြေခံ ပြီးမွေးဖွားသန့်စဉ်ခဲ့တဲ့ သမိုင်းဝင်ပေါ်ပေါက်လာရခြင်းပါ။ ဒီအဖွဲ့ပေါ်ပေါက်လာတဲ့အပေါ် ဝေဖန်ထောက် ပြမှုတွေကိုလည်းကြိုကြားတွေ့ရ ပါတယ်။ ဝေဖန်ဆန်းစစ်မှုနဲ့ပွင့်လင်းမြင်သာမှုဟာ နိုင်ငံရေးရေစီး ကြောင်းအပြောင်းအလဲတိုင်း အတွက် ပဓါနကျတဲ့ဒေါက်တိုင်တခုလို့သမိုင်းပညာရှင်တွေကဆိုထား ပါတယ်။ ဒါပေမဲ့ဒီလိုကြေငြာမှုတိုင်းဟာ အခက်အခဲကြီးမားနက်ရှိုင်းမှုအပေါ်မူတည်ပြီး၊ လျှို့ဝှက်ချက်၊ အားနည်းချက်တွေရှိစမြဲပါ။ ဒါတွေဟာ တကယ်တော့ ရှောင်လွှဲလို့မရတဲ့ (တနည်း) မရှောင်လွှဲလို့မဖြစ် နိုင်တဲ့အခြေအနေတွေရှိတတ်ကြပါတယ်။ 

ဒါတွေကိုကျွန်တော်တို့အားလုံးကရိုးသားစွာလက်ခံကြဘို့လိုပါတယ်။ ဥပမာအနေနဲ့ကြည့်ရင် (၁၉၄၇) ကရေးသားချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ဟာ မိမိလူမျိုးစုထဲမှာတောင် ဆန်ုကျင်မှုတွေရှိခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ လွတ်လပ်မျှတမှုနဲ့အပြည့်ဆုံး(လုံးဝမဟုတ်တောင်) လို့ အသိအမှတ်ပြုခဲ့တဲ့ ပြီးခဲ့တဲ့ (၅)နှစ် တာ NLD အစိုးရရဲ့အခြေအနေကိုမြင်အောင်ကြည့်တတ်ကြဘို့လိုပါတယ်။ တကယ်တော့ အဲ့ဒီ အစိုးရ ဟာ နှစ်ပေါင်း(၆၀)နီးပါးအမြစ်တွယ်ခဲ့တဲ့ အာဏာရှင်စနစ်ထဲမှာရုန်းကန်ခဲ့ရတာအမြင်သာကြီးပါ။ “NLD အစိုးရ” လို့လူသိများခဲ့တဲ့အစိုးရဟာ လုပ်ပိုင်ခွင့်တွေမရှိခဲ့ယုံမက၊ (လက်နက်အားကိုးတဲ့စစ်တပ် ရဲ့အရိပ်အောက်မှာ) လှုပ်ရှားနိုင်မှုအလျင်းမရှိခဲ့တဲ့ “ညွန့်ပေါင်းအစိုးရ”အဆင့်တောင်မရခဲ့ပါဘူး။ ပေမမှီဒေါက်မမှီတဲ့ (၂၀၀၈) အခြေခံဥပဒေရဲ့ မတရားချုတ်ချယ်မှုထဲမှာကျင်လည်ခဲ့ရတာပါ။

ဒီဆောင်းပါးကိုရေးရခြင်းကတော့ ပေါ်ပေါက်လာတဲ့ NUG အစိုးရကို နိုင်ငံတကာကလက်ခံရေး  (full and unconditional endorsement and acknowledgement) ထက်သာလွန်တဲ့၊ ခြွင်းချက်မဲ့တရား ၀င်ထောက်ခံမှုအပြည့်အ၀ကြေငြာပေးနိုင်ရေး (official recognition as legitimate government of Myanmar/Burma) ဘဲဖြစ်ပါတယ်။ ပိုအရေးကြီးတာက ပြည်တွင်းကထောက်ခံမှုထက်၊ ပြည်ပနေ မြန်မာလူမျိုးပေါင်းစုံနဲ့လူမှုအဖွဲ့အစည်းအားလုံးတို့ရဲ့ (လူမျိုးစုအားလုံးတို့ကပါ) တခဲနက်ထောက်ခံ မှုရရှိကြရေးပါ။

ဘာကြောင့် ဒီလိုနိုင်ငံတကာအသိုင်းအ၀န်းရဲ့တခဲနက်ထောက်ခံမှုလိုလဲဆိုတဲ့အချက်တွေကိုဆွေးနွေး ပါမယ်။ ဒါပေမဲ့ ဒီလိုလိုအပ်ရခြင်းအကြောင်းရင်းများစွာရှိတဲ့အထဲက အရေးအပါဆုံးကိစ္စကတော့ NUG ဟာ ပြည်တွင်းသာမက၊ ပြည်ပနေမြန်မာအားလုံးတို့နဲ့ကင်းကွာလို့မရတဲ့ တိုင်းရင်းသားအားလုံးတို့ရဲ့ အနာဂါတ်ကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်မဲ့ (လက်ရှိမှာ) တခုတည်းသောကြိုးစမျှင် ဆိုတာယုံကြည် လက်ခံကြဘို့လိုပါတယ်။ မျက်စေ့မှိတ်ပြီးအကြွင်းမဲ့ထောက်ခံကြပါလို့ တောင်းပန်ပါရစေ။

ကဲ..ပြည်ပနေမြန်မာပြည်ဖွားတွေအတွက် အရေးပါရခြင်းအကြောင်းရင်းတွေလေ့လာကြည့်ကြ ရအောင်…။

(က) မြန်မာနိုင်ငံအုပ်ချုပ်မှူသမိုင်းစဉ်ဆက်မှာ လူမျိုးစုငယ်အများဆုံးပါဝင်မှုဟာ မကြုံစဖူးတဲ့ညီညွတ်မှု ရရှိနေခြင်းကိုပြသနေပါတယ်။

ဒီကိစ္စကNUG ပေါ်ပေါက်လာရေးကိုတွန်းအားပေးနေတဲ့မောင်းနှင်တံပါ။ အခက်ခဲဆုံးနည်းနဲ့ရယူခဲ့ရပုံရှိ နေပါတယ်။ လက်ရှိအကြမ်းဖက်လက်နက်ကိုင်များရဲ့တရားဝင်မှုအလျင်းမရှိတဲ့ လူမျိုးစုကိုယ်စားလှယ် ပါဝင်မှုဟာ ဟန်ပြချွေးသိပ်မှုသက်သက်ဆိုတာကို မြန်မာတစ်နိုင်လုံးကကောင်းကောင်းကြီးသိသလို၊ အဲ့ဒီလူမျိုးစုခေါင်းဆောင်တွေဟာ၊ သူတို့ရဲ့နောက်ကွယ်ကရှိတဲ့နိုင်ငံရေးအုပ်စု/ပါတီရဲ့ထောက်ခံမှုကင်း မဲ့နေတယ်ဆိုတာကတော့ ထင်ရှားလှပါတယ်။ တကယ်တော့ NUG ဟာဒီလူမျိုးစုတွေအားလုံးရဲ့ (အထူးသဖြင့် ရှမ်း၊ ရခိုင်၊ ကရင်၊ ကချင်)နိုင်ငံရေးအထင်ကရခေါင်းဆောင်ကြီးတွေမပါသေးပါဘူး။ အဲ့ဒီခေါင်းဆောင်များဟာ NLD အပါအ၀င် လက်ရှိအစိုးရရဲ့ဆောင်ရွက်နိုင်မှုခြေလှမ်းကိုကြည့်နေသ လို၊ စစ်တပ်ရဲ့အလားအလာကိုလည်းတွက်ချက်နေပါတယ်။ ပိုပြီးထင်ရှားအောင်ပြရရင်၊ ပြည်နယ်နဲ့ လူမျိုးစုအားလုံးရဲ့ တောင့်တချက်အိပ်မက်ဖြစ်တဲ့ မိမိကံကြမ္မာမိမိဖန်တီးခွင့်ရာနှုန်းပြည့် (self-determination, autonomy and sovereign power)ကိုဘယ်သူကဘယ်လောက်ပေးနိုင်မလဲဆိုတဲ့ အချက်ကိုလေ့လာနေကြပါပြီ။ တခါအဲ့ဒီအချက်ဟာNUG အင်ပြည့်အားပြည့်ရှိလာရေးဆိုတဲ့ အချက် အပေါ်မှာများစွာတည်နေပါတယ်။ NUG ရဲ့ စစ်အုပ်စုအပေါ်အားသာမှု(leverage) ရှိပြီးသူတို့လိုလား ချက်အာမခံရတဲ့နေ့ဟာ အဲ့ဒီလူမျိုးစုအဖွဲ့ကြီးတွေရဲ့ပူးပေါင်းပါဝင်လာမှုရတဲ့ပွဲသိမ်းတဲ့နေ့လို့ဆိုပါရစေ။ ဒီနေရာမှာ (လေ့လာကြည့်ရသလောက်)သီးသန့်ပြည်ထောင်စုကခွဲထွက်ရေးဟာ၊ အဲ့ဒီအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေပေါ်မှာလုံးလုံးလျားလျားတည်နေပါတယ်။ သေခြာတာတော့ ယနေ့ကမ္ဘာကြီးဟာ အထီးကျန်နေလို့မရတော့ပါဘူး။ political alliance ရှိရပါတယ်။ နောက်စီးပွားရေးကူးလူးဆက်ဆံမှု အထီးကျန်လို့မရဘူးဆိုတဲ့အချက်ကိုတော့ အဲ့ဒီခေါင်းဆောင်တွေကောင်းကောင်းကြီး ရိပ်မိမယ်ဆို တာယုံမှားဘွယ်မရှိပါဘူး။ All inclusiveness ဆိုတဲ့ဝေါဟာရဟာအပြောမဟုတ်၊ အလုပ်နဲ့လက်တွေ့ပြ နိုင်မဲ့ အခြေအနေအခွင့်အလမ်းတခုဖန်တီးမိသွားပါပြီ။

(ခ) ပညာရှင်အဆင့်နဲ့ကန့်သတ်ချုတ်ချယ်မှုကင်းတဲ့အလေ့အထကို NUG အစိုးရအနေနဲ့ကျင့်သုံးဘို့ ရဘို့ အခြေအနေဖန်တီးလာခြင်းဟာ နောင်အနာဂါတ်မြန်မာနိုင်ငံအတွက် နိုင်ငံရေးအခင်းအကျင်းသစ် တခု ဖန်တီးမှုတခုပါ။

NUG အစိုးရအဖွဲ့ဝင်တွေရဲ့အခြေခံလူတန်းစားများဦးဆောင်ပါဝင်မှုက အဲ့ဒီမောင်းနှင်အားကို ကောင်း စွာတွန်းပို့ပေးလိုက်ပါတယ်။ ဒီအစိုးရအဖွဲ့ဝင်တွေဟာ အန္တရာယ်ဆူးတွေကြားကအသက်နဲ့ရင်းတာဝန် ယူနေကြရသူ (တနည်း) စည်းစိမ်အခြွေအရံအာဏာနဲ့အလုပ်လုပ်နေကြရတာမဟုတ်ပါဘူး။ ယခင် အစိုးရအဆက်ဆက်မှာပညာရှင်အားလုံးလိုလိုဟာ ဘောင်ခတ်ထားတဲ့စနစ်ရဲ့လောင်းရိပ်ကြောင့်၊ မိမိတို့အစွမ်းအစတွေ အဟောသိကံဖြစ်ခဲ့ရပါတယ်။ NUG ဟာ လက်ရှိမှာအမှီအခိုကင်းမဲ့ပြီး လောင်း ရိပ်မဲ့တဲ့၊ မိမိတို့ယုံကြည်ရာကိုလွတ်လပ်စွာရှေ့တန်းတင်ဆွေးနွေးနိုင်ခွင့်အပြည့်ရှိတဲ့ platform တခု ဖြစ်မှန်းမသိဖြစ်သွားပါပြီ။ ဒီအစဉ်အလာဆက်သွားဘို့နဲ့လက်ဆင့်ကမ်းပေးဘို့ဘဲလိုပါတယ်။ အဲ့ဒီအ တွက်လည်း၊ ပြည်ပနေကျွန်တော်တို့မြန်မာအားလုံးကသံသယရှင်းစွာ ထောက်ခံအားပေးကြဘို့ အထူးလိုအပ်လာပါတယ်။

(ဂ) လူရိုသေရှင်ရိုသေများဦးဆောင်မှုရှိရေးအခြေအနေကောင်းများဖန်တီးလာခြင်း။

 NUG မှာပါဝင်ကြသူတွေဟာtechnocratsတွေကိုအနည်းဆုံး ဒုတိယတန်းစား (ဒုတိယ၀န်ကြီး အဆင့်) များသတ်မှတ်ပေးခန့်အပ်ခြင်းဟာထူးခြားမှုတခုဖြစ်လာပါတယ်။ တဖက်က ကျယ်ပြန့်တဲ့ ပါဝင်မှုကိုပြုလုပ်လာသလို၊ လက်တွေ့နယ်ပယ်မှာ ဇောက်ချလုပ်နေကြတဲ့grassroot ပညာရှင်များ ကိုနေရာပေးလာပါတယ်။ ဒီကိစ္စကအရေးကြီးပါတယ်။ နိုင်ငံပြန်လည်ထူထောင်ရေးမှာ နိုင်ငံရေး နယ်ပယ်တခုထဲကွက်လုပ်လို့မရပါဘူး။ စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှာ၊ လွတ် လပ်မှုမရသေးတဲ့ တံငါရွာသာသာကျွန်းကြီးပါ။ ဒီနေ့စင်္ကာပူဘယ်ရောက်နေလဲ။ မေးစရာမလိုပါဘူး။ ကျွန်တော်တို့ အရင်ကထားခဲ့တဲ့ပြည်တွင်းကသူကိုဘဲ နေရာပေးရမယ်ဆိုတဲ့၊ ခေတ်မမှီတော့တဲ့ အတွေးအခေါ်တွေကို ခုခေတ်လူငယ်တွေက မီးမောင်းထိုးပြနေပါပြီ။ အစိုးရထိပ်ပိုင်းတွေမှာ နိုင်ငံတ ကာအတွေ့အကြုံကောင်းပြီး၊ ဆိုင်ရာနယ်ပယ်မှာလူရိုသေရှင်ရိုသေတွေနေရာရလာဘို့လို ပါတယ်။ “အမျိုးချစ်”နေလို့ကတော့ ဆင်းရဲတွင်းကမတက်ရေးချမတက်ပါခင်ဗျား။

(ဃ) ပွင့်လင်းမြင်သာမှု၊ အခက်အခဲနဲ့လက်တွေ့ကျမှု၊ တာဝန်ခံမှု ကိုရှေ့တန်းတင်လုပ်တတ်တဲ့ကျင့် သားရှိတဲ့အစိုးရအဖြစ် အသွင်ပြောင်းလာနိုင်မယ်။

ဆိုခဲ့တဲ့အတိုင်း ယခင်ခေတ်အဆက်ဆက်ကအစိုးရတွေရဲ့ လှို့ဝှက်သိပ်သည်းပြီး၊ မိမိတို့အစိုးရအတွင်း တောင်ဗြောင်ဖွင့်မပြောရဲခဲ့တဲ့စနစ်ဆိုးကို သက်ဇိုးမရှေစေအောင်တွန်းအားပေးရာရောက်ပါမယ်။ အပွင့် လင်းဆုံးလို့အများကလက်ခံခဲ့တဲ့NLD အစိုးရလက်ထက်မှာတောင်လူထုမသိသေးတဲ့ကိစ္စတွေအများ ကြီးရှိခဲ့တာ  open secret ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုဂ္ဂိုလ်ရေးယုံကြည်မှုနဲ့ လူထုတစ်ရပ်လုံးက မျက်စေ့မှိတ်လိုက်နာခဲ့တဲ့ Covid-19 ကာလကသာဓကတခုပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးယုံကြည်မှုဟာ ဆည်းကပ်ကိုးကွယ်မှုအဖြစ်ပြောင်းလဲမသွားဘို့အရေးကြီးပါတယ်။ ကာယကံရှင်ကလက်မခံသည့် တိုင်တောင်တားမရတဲ့ကိစ္စအမူအကျင့်ပါ။ ဒါတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုလို့ခေါ်တဲ့ accountability နဲ့ ထိန်းကျောင်းကြဘို့လိုပါတယ်။ ယခင်အစိုးရအဆက်ဆက်မှာ အဲ့ဒီအုပ်ချုပ်မှုဟာ စာရွက်ထဲမှာဘဲရှိ ခဲ့ပါတယ်။ အခက်အခဲဒုက္ခတွေကင်းပြီး၊ ဝေဖန်ထောက်ပြမှုအလွန်နည်းခဲ့တဲ့ ၀န်ကြီးတွေဘ၀ကနေ နေ့စဉ် အသက်လုံခြုံမှုအတွက် ဦးစားပေးရတဲ့ ၀န်ကြီးဘ၀တွေမှာရှိနေပါတယ်။ ပွဲတက်ဝန်ကြီးတွေ ဘ၀ကိုပြန်မရောက်ရေး သင်ခန်းစာတွေဖြစ်သွားပါလိမ့်မယ်။ အဝေဖန်နာနာခံနိုင်ရည်ရှိတဲ့ ၀န်ကြီးမင်း များပေါ်ပေါက်လာရေးရှိနိုင်ပါမယ်။ အဲ့ဒီကြမ်းတမ်းတဲ့လမ်းခရီးဟာ အနာဂါတ်မြန်မာအစိုးရအနေနဲ့ လိုက်နာစောင့်စည်းအပ်တဲ့ အထိမ်းအကွပ်တွေ အဖြစ် ကောင်းစွာသတိပေးနေမဲ့ စောင့်ကြည့်မှုပေတံ တခုဖြစ်သွားပါလိမ့်မယ်။ ကိစ္စဆောင်ရွက်မှုတိုင်းဟာ အဲ့ဒီပေတံကိုလူထု ကပါအသုံးချလာပါလိမ့်မယ်။ အရင်ကလို “window-dressing”လူကြားကောင်းပြီးအထင်ကြီးယုံသက်သက်လုပ်လို့မရတော့ပါဘူး။ ဆွေးနွေးပွဲတွေအစည်းအဝေးတွေအလျှံပယ်လုပ်ပြီးဆုံးဖြတ်ချက်တွေ စာအုပ်ထဲမှာရှိတဲ့အဆင့်ကနေ ကျော်ဖြတ်နိုင်မဲ့အလားလာကောင်းတွေပေါ်ပေါက်လာစရာရှိနေပါတယ်။

(င) လူမျိုးစုတွေရဲ့အာရုံစိုက်မှုပထမဆုံးရရှိလာခြင်း။

ဒီကိစ္စကတော့ရှင်းပါတယ်။ တစ်နိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန်၊ အကြမ်းဖက်စစ် တပ်ကဒုက္ခနည်းမျိုးစုံပေးခဲ့တဲ့အတွက်၊ လူတိုင်းက အားကိုးရာကိုမျှော်ကြရပါတယ်။ မူလကနိုင်ငံ တကာ (အမေရိကကဲ့သို့သောနိုင်ငံကြီးများအပါအ၀င်) နဲ့ ကုလသမဂ္ဂ (“R2P”အပါအ၀င်)တို့ရဲ့ အင်အားသုံးကြားဝင်ပေးနိုင်မှုအလားအလာဟာ တစတစပျောက်ကွယ်နေပြီဆိုတာကိုလူထုကရိပ် စားမိပုံရနေပါပြီ။ economic and trade sanctions နဲ့ arms embargo တို့ဟာ အများဆုံးပေးနိုင်မဲ့ အကူအညီဆိုတာကို အဖက်ဖက်ကရိပ်မိနေကြပါပြီ။ ပြီးခဲ့တဲ့ (၂၀၁၆/၂၀၁၇) အတွင်း ရိုဟင်ဂျာလူမျိုး  စုများအရေးမှာ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ NLD ပါတီရဲ့ စစ်တပ်အပေါ်အကာအကွယ်ပေး ခဲ့မှုဟာခုချိန်မှာ U.N. အပါအ၀င်အ ထင်ကရ အစိုးရအဖွဲ့အစည်းအားလုံးလိုလိုရဲ့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ရိုဟင်ဂျာဦးရေပေါင်းသောင်းချီဟာ(လပိုင်းအတွင်း)စစ်တပ်ရဲ့ရက်စက်စွာအကြမ်း ဖက်သတ်ဖြတ်မှုကြောင့်အသက်ဆုံးရှုံးခဲ့ ကြရပါတယ်။ ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ လူဦးရေ (၇)သိန်း ကျော်နိုင်ငံဖြတ်ကျော်ထွက်ပြေးခဲ့ရမှုဟာ (biggest migration in the modern days history of mankind) အဖြစ်တွေကြောင့်ပေါ်ပေါက်လာတဲ့သက်သေအထောက်ထားပေါင်းမြောက်မြားစွာတို့ဟာ ငြင်းလို့ဘယ်နည်းနဲ့မှမရနိုင်တော့တဲ့သာဓကတွေအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ခုချိန်မှာအဲ့ဒီအတိပ်ရဲ့ တစ္ဆေခြောက်မှုဟာ ကမ္ဘာ့အလယ်မှာ အကူအညီတခုတောင်းတိုင်း လက်ညှိုးထိုးမေးစရာကိစ္စအဖြစ်ဒွန် တွဲမေးခွန်းထုတ်စရာဖြစ်မှန်းမသိဖြစ်သွားပါပြီ။ ဒီကိစ္စကို မြင်တဲ့ဗိုလ်မင်းအောင်လှိုင်ဟာ ဒီစက်ကွင်းက လွတ်မြောက်ရေးအတွက် သူအာဏာသိမ်းယူ ပြီးနောက်တနေ့မှာဘဲ ရိုဟင်ဂျာတွေကိုတရားဝင်ပြန် လည်ခေါ်သွင်းပြီး၊ တရားဝင်လွတ်လပ်စွာနေထိုင်ခွင့်ပေးမယ်ဆိုတဲ့ကြေငြာချက်ကို ဆိုင်းမဆင့်ဗုံမပါ အကွက်မြင်စွာနဲ့ကမ္ဘာသိကြေငြာခဲ့တာက ထောက်အထားတခုပါ။ NUG ဟာ ထူးခြားမှုရှိပြီး (လူမျိုးစု အားလုံးကအစိုးရ၀င်အဖြစ်မပါဝင်သေးပေမဲ့) ရင်ထဲကထောက်ခံဘို့ ၀န်မလေးတော့တဲ့အဆင့်မှာရှိ နေပါတယ်။ ဒီထောက်ခံမှုကျယ်ပြန့်နက်ရှိုင်းလာရေးဟာ advocacy နဲ့ သတင်းအချက်အလက်မှန်မှန် ပျံ့နှံ့သွားဘို့လိုပါတယ်။  တခုဘဲရှိပါတယ်။ NUG လူမျိုးစုရေးတွေနဲ့ပါတ်သက်ပြီး ရပ်တည်ချက်ကို တရားဝင်ကြေငြာရပါတော့မယ်။ လက်ရှိ Federal Democracy Charter နဲ့မရပါဘူး။ စာချုပ်ချုပ်ရပါ့ မယ်။ အထင်ကရလူမျိုးစုခေါင်းဆောင်တွေNUG ပါလာရေးထက်၊ လူမျိုးရေး သဘောထားရပ်တည်မှု ဘုံသဘောတူညီချက်ပဋိညာဉ်ကြေငြာစာတမ်း (universal declaration) ကို ခေါင်းဆောင်အားလုံး ပါဝင်လက်မှတ်ရေးထိုးထုတ်ပြန်ရပါမယ်။

(စ) နိုင်ငံတကာနှင့်လူမှုဆက်ဆံမှုအားကောင်းလာပြီး၊ အရပ်ဖက်၊ အစိုးရချင်းကြားအားကောင်းတဲ့ exposure ရရှိလာနိုင်မည့်လက္ခဏာကောင်းများပေါ်ပေါက်လာခြင်း။

၂၁-ရာစုဟာ တမဟုတ်ချင်းသတင်းပြန့်နိုင်တဲ့ခေတ်ကာလပါ။ (၈၈)တုံးကလို ကိုယ်နေထိုင်ရာတမြို့ ထဲဖြစ်တာကို BBC/ VOA ကသတင်းနားထောင်ပြီးမှသိရတဲ့ခေတ်မဟုတ်ပါဘူး။ အဲ့ဒီအချက်ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကလျှော့ပေါ့တွက်ချက်ခဲ့ပုံရပါတယ်။ ပိုဆိုးတာက မဟုတ်မခံတတ်မှု နဲ့ခေတ်ရှေ့ရောက်တဲ့ GenZ တွေရဲ့အရှုံးမပေးကြံ့ကြံ့ခံနိုင်ရည်က သက်သေပြသွားပါတယ်။ အဲ့ဒီအ တွက် ဆူးကြားကလှုပ်ရှား နေရတဲ့ NUG လည်းကိစ္စတိုင်းကို ပေါ့သေးသေးလုပ်လို့မရတော့တဲ့ တစ် ကမ္ဘာလုံးက စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းခံနေရတဲ့ network ထဲရောက်နေပါပြီ။ ကိစ္စတိုင်းဟာ မိမိတို့သဘောထားကို တိုက်ရိုက်ရောင်ပြန်ဟပ်နိုင်တဲ့အပြင်၊ ဝေဖန်မှုတွေ၊ အဖြေရှာလမ်းကြောင်းမှု တွေ၊ မိနစ်စက္ကန့်တိုင်းရှိလာပါပြီ။ အဲ့ဒီအတွက် ခံနိုင်ရည်ကိုကြံဖန်မမွေးဘဲနေလို့မရတဲ့ international exposure ကောင်းကောင်းရနေပါတယ်။ အရေးကြီးတာကတော့ ကိစ္စတခုကို လျင်လျင်မြန်မြန် တာ ၀န်ယူ ဆောင်ရွက်နိုင်မှုတုံ့ပြန်ချက် (reaction to swift and bold action) ကိုကိစ္စတိုင်းအတွက် ကြို တင်တွက်ချက်နေကြရပါပြီ။ ဒါဟာ အုပ်ချုပ်မှုအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး challenge ကြုံရ တဲ့စိမ်ခေါ် မှုကြီးတခုဖြစ်သလို၊ ကောင်းမွန်ကျင့်သားရသွားစေမဲ့ ဒူပေဒါပေခံ အလေ့အထရသွားပါလိမ့် မယ်။ ၀န်ကြီးဆိုတဲ့ ရာထူးဟာ အာဏာလုပ်ပိုင်ခွင့်နဲ့အတူ ရောင်ပြန်ဟပ်အကျိုးသက်ရောက်မှုတွေ အဆက်မပြတ်ရှိနေပါလားဆိုတဲ့အချက်ကို ရာထူးကြီးရသူ/ရမဲ့သူတွေ မစဉ်းစားမဖြစ်စဉ်းစားကြ ရပါတော့မယ်။ ၀န်ကြီးဖြစ်လို့ ၀မ်းသာလုံးဆို့လို့မရတော့တဲ့အခြေအနေတခုဆီဦးတည်နေကြောင်းပါ။ ထိုနည်းတူ စွာဘဲ အရပ်ဖက်အဖွဲ့အစည်းတွေ NGO/INGO အပါအ၀င် အခြားပုဂ္ဂလိက service providers တွေနဲ့ ကြားဆက်ဆံရေးလမ်းကြောင်းတွေအပြောသက်သက်မဟုတ်တော့ပါဘူး။

(ဆ) အစိုးရသည်ပြည်သူအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ ဆိုတဲ့ အုပ်ချုပ်ပုံစနစ်ရှိရာကိုလမ်းကြောင်းပေး နိုင်မဲ့ အခွင့်အလမ်း လမ်းကြောင်းတခုကိုဖေါက်လုပ်လိုက်ရာကျသွားပါတယ်။

မြန်မာနိုင်ငံနေလူထုအပေါင်းဟာ ခေတ်အဆက်ဆက် တက်သမျှအစိုးရတွေနဲ့ကင်းအောင်နေရတဲ့ဘ၀ မရှိခဲ့ပါဘူး။ မွေးချိန်ကစပြီးသေတဲ့အချိန်ထိ၊ နေထိုင်စားသောက်ရေးကအစ၊ အစိုးရဌာန၀န်ထမ်းတွေရဲ့ လွှမ်းမိုးချုပ်ကိုင်ချယ်လှယ်မှုနဲ့မကင်းပါဘူး။ “အဆက်အသွယ်” (connection)ဟာ လူတိုင်းနဲ့ကင်းလို့ မရတာယဉ်ကျေးမှုတခုဖြစ်မှန်းမသိဖြစ်နေပါတယ်။ ဒီကိစ္စဟာ တရားမျှတမှုမရှိဆိုတဲ့အချက်ကိုတောင် လူတွေသိကြပုံမရပါဘူး။ တိုးတက်ပြီးဒီမိုကရေစီရှိပါတယ်ဆိုတဲ့နိုင်ငံကြီးတွေမှာရှိတဲ့ ပြည်သူတွေရဲ့ဘ၀ ကိုမေးရင် ရတဲ့အဖြေတခုက  “အစိုးရကလူထုအပေါ်အုပ်ချုပ်မှန်းလူထုကိုယ်တိုင်ကခံစားရခြင်းအ လျင်းမရှိခြင်း” ဟာဒီမိုကရေစီရဲ့အနှစ်သာရပါဘဲ။ (Government should not put a burden on its own citizens.) ပါ။  NUGဟာ ဒီလမ်းကိုဖေါက်ထွင်ပေးနိုင်ဘို့ အခြေအနေကောင်းတခုကို မိမိရရ ရရှိနေပါပြီ။ မြန်မာလူမျိုးစုတခုတိုင်းရဲ့ထောက်ခံမှုကြီးမားကျယ်ပြန့်လေ၊ အဲ့ဒီအခြေအနေ ကောင်းကို ဖန်တီးခွင့်များလာနိုင်လေပါဘဲ။ 

(ဇ) အာဏာသိမ်းကာလအတွင်းလူထုအပေါ်ဖိနှိပ်မှုပေါင်းစုံ၊ အကြမ်းဖက်သတ်ဖြတ်မှုပေါင်းစုံတို့ကို နိုင်ငံတကာစံနှုန်းမှီဥပဒေနည်းလမ်းတကျ တန်ပြန်အရေးယူဆောင်ရွက်နိုင်ရေးအတွက် အစီအမံများ စနစ်တကျချမှတ်ဆောက်ရွက်နိုင်သသော mechanism တခုကို ထူထောင် အကောင်အထည်ဖေါ်နိုင် ရေးကိစ္စ။

အားလုံးသိပြီးကြတဲ့အတိုင်းဘဲ၊ အာဏာသိမ်းအကြမ်းဖက်များရဲ့ လက်လွတ်စပါယ်သတ်ဖြတ်မှုအရေး ယူမှုတွေအားလုံးကိုအချက်အလက်အတိအကျမှတ်တမ်းတင်ထားတဲ့ IIMM (Independent Investigative Mechanism for Myanmar) နဲ့ AAPP (Assistance Association for Political Prisoners (Burma) တွေကကောင်းစာံအထောက်အကူပြုပါမယ်။ (၁၉၆၂)နောက်ပိုင်းပေါ်ပေါက်ခဲ့တဲ့ atrocities တွေအားလုံးနောက်ထပ်မပေါ်ပေါက်ရေး၊ လူမျိုးတုံးသတ်ဖြတ်မှုမျိုးစုံကျူးလွန်ခဲ့တဲ့ စစ်တပ် နဲ့ရဲကို အသွင်ပြောင်းဖွဲ့စည်းရေးနဲ့၊ မော်ကွန်းတိုက် (Mausoleum) ပေါ်ထွန်းလာရေးဟာ နောင်လာ နောက်သားတွေအတွက်အရေးကြီးပါတယ်။ အာဏာသိမ်းမှုတွေရဲ့ဆိုးကျိုးတွေကိုသမိုင်းမှာ တင်ကျန် ရစ်စေမဲ့အထိမ်းအမှတ်များထူထောင်ရပါမယ်။ ကျန်းရစ်သူအသတ်အဖြတ်ခံများရဲ့ မိသားစုနဲ့ဘ၀ ပျောက်ခဲ့ရတဲ့ လူငယ်တွေ၊ CDM ကြောင့်အလုပ်လက်မဲ့တွေ အလုပ်နေရာပြန်ချထားရေး၊ recovery programs တွေကိုလုပ်ဘို့ဥပဒေတွေရှိလာပါတယ်။ ဒါတွေအားလုံးရဲ့အဖြေကို NUG ကဦးဆောင်ချ မှတ်ပေးရမှာပါ။

(ဈ) အုပ်ချုပ်ရေးအာဏာပြန်လည်ရယူခြင်း

ဒီကိစ္စကနောက်ဆုံးတင်ပြတာဆိုပေမဲ့ အရေးကြီးဆုံးထဲမှာပါပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းဘို့ ကြေငြာလိုက်တဲ့ (Federal Defense Force)ထူထောင်ခြင်းဟာ ယခင် NCA ရာသက်ပန်အပစ်အခတ် ရပ်စဲရေးဘုံသဘောတူညီချက်ရဲ့ မှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးပါဘဲ။ လက်ရှိ အာဏာသိမ်းအကြမ်းဖက်အုပ်စုရဲ့လက်နက်ကိုင်စစ်တပ်နဲ့ရဲဟာ လူထုထောက်ခံမှုလုံးဝဆုံးရှုံးသွားပါပြီ။ အဆက်ဆက်သောမြန်မာ့နိုင်ငံရေးကံကြမ္မာကိုထိန်းကျောင်းတဲ့အစဉ်အလာဆိုးကြီးကို အမြစ်ဖြုတ်ဖို့ ဟာ လူထုတစ်ရပ်လုံးရဲ့ ဖုံးကွယ်လို့မရတဲ့တောင့်တချက်တစ်ရပ်ပါဘဲ။ အနာဂတ်မြန်မာ့ကာကွယ်ရေး တပ်မတော်ဟာအာဏာကိုရယူခြင်းအစဉ်အလာကိုသုံးခွင့်မရှိဘဲနိုင်ငံကာကွယ်ရေးသက်သက်ကိုသာ ဆောင်ရွက်ပေးရပါမယ်။ လူထုကိုဒုက္ခပေးတဲ့စစ်တပ်အဖြစ်လူထုတစ်ရပ်လုံးကမမြင်ချင်တော့ပါဘူး။ ဒီအချက်တွေကိုဖေါ်ဆောင်ပေးဘို့ NUG အစိုးရရဲ့အုပ်ချုပ်မှုနယ်ပါယ်ပြန်လည်ဖေါ်ထုတ်ထူထောင်ရေး မှာ မြို့ရွာတွေတခုပြီးတခု လူထုလက်ထဲပြန်ရောက်ဖို့လိုပါတယ်။ အဲ့ဒီခရီးကပိုပြီးကြမ်းတမ်းဘွယ်ရှိပြီး၊ ရင်းနှီးမှုကြီးပါလိမ့်မယ်။ အချိန်လည်းယူဘို့များပါတယ်။ NUG နဲ့ သူ့ roadmap ကိုလူထုတစ်ရပ်လုံးက လက်သင့်ခံထောက်ခံတာယုံမှားဘွယ်မရှိပါဘူး။ ဒါပေမဲ့ သူ့မျှော်မှန်းချက်တွေအကောင်အထည် ဖေါ်ရေးကိစ္စတွေမှာ NUG အောက်ကိုမြို့ရွာနဲ့ဒေသန္တရအုပ်ချုပ်ရေးတွေပြန်လည်ရောက်ရှိဘို့လိုပါတယ်။ CDMရဲ့ အားဟာ လက်ရှိအာဏာသိမ်းတွေကိုအင်အားများစွာချိနဲ့စေတာအထင်အရှားပါ။ အုပ်ချုပ်သူ လို့ မိမိတို့ကိုယ်ကိုသတ်မှတ်တဲ့ စစ်အာဏာသိမ်းအစိုးရဟာ(ဦးခေါင်းသာရှိပြီးခန္ဓာကိုယ်မရှိတဲ့) အစိုး ရသာဖြစ်ပြီးပြည်သူလူထုမဲ့တဲ့ အဖြစ်ကိုရောက်နေပါပြီ။ ခုချိန်ဟာ အခွင့်အရေးကောင်းယူနိုင်ဘို့အ ကောင်းဆုံးအချိန်ကောင်းပါ။ ဒါပေမဲ့ နိုင်ငံတကာရဲ့အကူအညီဟာ အခရာအကျဆုံးဖြစ်နေပါတယ်။ နိုင်ငံတကာရောက်မြန်မာ့ရေးဆောင်ရွက်ကြသူကွန်မြူနတီများရဲ့ဝိုင်းဝန်းပံ့ပိုးအားပေးထောက်ခံမှုတွေ ကောင်းကောင်းလိုနေပါတယ်။

 

အထက်မှာဖေါ်ပြခဲ့တဲ့အချက်တွေအားလုံးက NUG ဟာမြန်မာလူမျိုးအားလုံးတို့ရဲ့မျှော်လင့်ချက်ကို အ ကောင်အထည်ဖေါ်ပေးနိုင်မဲ့ တရားဝင်အစိုးရတခုဖြစ်တယ်ဆိုတာကိုပြဆိုနေပါပြီ။ ကျွန်တော်တို့နိုင်ငံ တကာရောက် မြန်မာတွေက ပြည်တွင်းမှာ နေ့တဓူဝဒုက္ခသုက္ခပေါင်းစုံခံစားနိုင်ရေးကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မဲ့ NUG အင်ပြည့်အားပြည့်အသက်ဝင်ရှင်သန်ကြီးထွားခိုင်မာလာရေးအတွက်၊ မဆုတ် မနစ်ဆောင်ရွက်ကြဘို့ သမိုင်းပေးတာဝန်ရှိလာပါပြီ။ အဓမ္မ၀ါဒီအာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ တခုသောနေ့မှာ ချုတ်ငြိမ်းသွားမှာသေခြာပါတယ်။ ဒါပေမဲ့ အဲ့ဒီဇီဝိန်ချုတ်မဲ့နေ့ကို ထိုင်စောင့်လို့မရ ပါဘူး။ ကျွန်တော်တို့ အားလုံး နိုင်ငံတကာမှာ မကြောင့်မကြနေကြရတဲ့ဘ၀တွေနဲ့ “လောကပါလ”ဆို တဲ့ဗြဟ္မစိုရ်တရားရဲ့အရသာခံစားစံစားနေချိန်မှာ မြန်မာပြည်သူတွေဟာ နေ့စဉ်အသက်ကိုဖက်နဲ့ထုပ် နေကြရပါတယ်။ “ဘယ်နေ့င့ါအလှည့်လဲ???” ဆိုတာတွေကိုအမြန်ဆုံးနည်းနဲ့ချုတ်ငြိမ်းဘို့၊ နေ့စဉ်လိမ် လည်မှုအပေါင်း နဲ့ပြီးပြည့်စုံနေတဲ့ ဒီအဓမ္မ၀ါဒီမြန်မာပြည်မြေပုံကပပျောက်ဘို့က ပြည်ပရောက်မြန်မာ တွေရဲ့ လက်ရှိ အန္တိမဘုံရည်မှန်းချက်မဟုတ်ပါလားခင်ဗျား။                 ။