Monday, July 18, 2011

မိုးထိအောင်လှေခါးထောင်မဲ့ .....DEBT CEILING

ခုအချိန် အမေရိကန်ပြည်ထောင်စုတ၀ှမ်းမှာ ညံနေအောင်ကြားနေရပြီးဖြစ်တဲ့  Debt ceiling မြှင့်တင်ရေး(တနည်း - အစိုးရက အကြွေးကိုတို့းမြင့်ရယူရေး) ကိစ္စဟာ လူထုကြားထဲကိုဂယက်ရိုက်စပြုနေပါပြီ။ အလုပ်မှာဘဲကြည့်မလား၊ မိတ်ဆုံပါတီတွေမှာဘဲကြည့်မလား၊ နားလည်ကြသူတွေက နားလည်သလို ဆွဲပြောကြ ငြင်းကြခုန်ကြနဲ့ တချို့ဆိုအချင်းချင်းမခေါ်နိုင်မပြောနိုင်ဘ၀ကိုရောက်နေကြပါပြီ။

နိုင်ငံတိုင်းမှာ အစိုးရဟာ လူထုကပေးတဲ့ အခွန်အခပေါ်မှာနိုင်ငံတည်ဆောက်ရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေးကအစ လုပ်ပေးဘို့ကအစိုးရရဲ့ကြီးလေးလှတဲ့တာဝန်ပါ။ ဒီလိုစိမံခန့်ခွဲရေးကိစ္စလုပ်ရာမှာ နိုင်ငံဘဏ္ဍာကို ခွဲဝေသုံးစွဲရာမှာ သက်ဆိုင်ရာ လွှတ်တော်ရဲ့ သဘောတူညီချက်ဘောင်ထဲကသုံးကြရပါတယ်။ မလောက်ရင်အစိုးရရဲ့ ထုခွဲမရတဲ့ ပိုင်ဆိုင်မှု (တနည်း bond) တွေကို တန်ဘိုးပြပြီးထုခွဲရပါတယ်။ ဒီလိုထုခွဲရင်း တန်ဘိုးအလွန်ခိုင်မာတဲ့ bond တန်ဘိုးဟာ ကျဆင်းလေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ bond တွေဟာ နိုင်ငံတကာမှာဒီကနေ့အထိ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေသေးတာအမှန်ပါ။ မျက်စောင်းထိုးကြသူတွေ ဒုနဲ့ဒေးပါ။ ဒါသမိုင်းနဲ့ချီပြီးရှိတဲ့ အမေရိကန်အစိုးရရဲ့ ပိုင်ဆိုင်မှုတွေပါ။ ဒါကိုငွေစက္ကူအဖြစ်ပြောင်းလဲပြီး (ဒီမှာတော့ cash value) နဲ့ ပြောင်းပြီးတန်ဘိုးပြကြလေ့ရှိပါတယ်။ အဲ့ဒီငွေက တန်ဘိုးခိုင်မာတယ်လို့ဘယ်လိုဘဲပြောပြော၊ အသုံးများရင် တန်ဘိုးကျပါတယ်။ ဒီbond ကိုကြည့်ပြီး ကျန်ဘဏ်နဲ့တကွ၊ ငွေကြေးဆိုင်ရာအဖဲ့အစည်းအသီးသီးက သူတို့ရဲ့အတိုးနှုန်းတွေကိုအလျှော့အတင်းလုပ်လေ့ရှိကြပါတယ်။ ဆိုလိုတာက စံနှုန်းထိုးကြတာပါ။

အမေရိကန်နိုင်ငံမှာ ဒီလို debt ceiling မြှင့်တာ ခုမှမဟုတ်ပါဘူး။ ၁၉၂၀ ၀န်းကျင်ကတည်းကပါ။ တက်သမျှအစိုးရအသီးသီးဟာလဲ ရွေးကောက်ပွဲကာလမှာအသုံးစရိတ်ဘယ်လိုလျှော့မယ်ဘဲပြောပြော တကယ်လက်တွေ့ကျတော့ လျှောလို့မရတဲ့အခြေအနေတွေ အမြဲကြုံရလေ့ရှိပါတယ်။ ဘယ်ဌာနဘတ်ဂျက်ကမှ၊ သူတို့ ဘတ်ဂျက်ကိုအထိမခံချင်ကြပါဘူး။ သမ္မတလုပ်တဲ့သူဟာဒီနေရာမှာ ကြားဝင်ပြီး မျက်စေ့မှိတ်လုပ်ရတာတွေရှိသလို၊ တချို့ကိစ္စတွေမှာ နှာစေးရတာတွေရှိပါတယ်။ (အမြဲပါ) တဘက်ကလဲ အခွန်အခကိုတိုးကောက်ဖို့ အော်ကြသူတွေလဲရှိပါတယ်။

ဒီနေရာမှာ လက်ရှိအတိုက်အခံပါတီတွေရပ်တည်ချက်ကိုကြည့်ရအောင်။ ရီပတ်ဘလစ်ကန်ပါတီဟာ အခွန်တိုးကောက်ရေးကိုတစိုက်မတ်မတ် ကန့်ကွက်ခဲ့သူဖြစ်သလို၊ ခုချိန်မှာလဲ ဒီရပ်တည်ချက်ကိုမပြောင်းလဲပါဘူး။ ဘာ့ကြောင့်လဲ။ ရှင်းပါတယ်။ သူကိုကျောထောက်နောက်ခံလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ပိုက်ဆံအိပ်ကိုမထိခိုက်စေချင်လို့ပါ။ ဒီမိုကရက်ကကော။ သူတို့ကတော့ လက်ရှိလူထုအများစုကခံစားနေရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု။ ပညာရေး၊ ရဲ့ခံစားခွင့်တွေကိုကျားကန်ပေးထားတဲ့ အစိုးရရဲ့ အစီအစဉ်တွေကို မလျှော့ချ မပယ်ဖျက်စေချင်ပါဘူး။  

စီးပွားရေးလုပ်ငန်းရှင်များရဲ့အကျိုးစီးပွားကိုအထိခိုက်မခံနိုင်တဲ့ ရီပါတ်ဘလစ်ကန် နဲ့ ဆင်းရဲသားလူများစုရဲ့အကျိုးစီးပွားကို အပွန်းမခံနိုင်တဲ့ ဒီမိုကရက်တစ်အားလွန်ဆွဲကြတဲ့ပွဲပေါ့။ Debt ceiling မြှင့်ရတဲ့ အကြောင်းကဘတ်ဂျက်လိုငွေပြရာကမြစ်ဖျားခံပါတယ်။ လက်ရှိသမ္မတ အိုဘားမားဟာ သူ့သက်တမ်း စတဲ့နေ့ကစပြီး ဘတ်ဂျက်လိုငွေပြမှုကနေစရပါတယ်။ ဒါကိုလဲသူ့ကြောင့်ငါကြောင့်လို့လက်ညှိုးထိုးကြသလို၊ ဒိပြဿနာကိုမဖြေရှင်းနိုင်လို့၊ လက်ရှိအစိုးရကိုဝေဖန်မှုတွေတရစပ်ရှိလာပါတယ်။

ဘတ်ဂျက်လိုငွေပြမှုရဲ့မြစ်ဖျားခံရာကိုကြည့်ရအောင် -

-       သမ္မတဟောင်းဘုရှ်လက်ထက် ၂၀၀၁ မှ ၂၀၀၃ အထိ အခွန်ဖြတ်တောက်မှု ကြောင့် အစိုးရဘတ်ဂျက်လိုငွေ = ၁ ဒဿမ ၃ ထရီလီယံ

-       အဲ့ဒီအတွက် ချေးငှားခအတိုး တန်ဘိုး -=  ၁ ဒဿမ ၄ ထရီလံယံ

-       အီရတ် နဲ့ အာဖဂန်စစ်ပွဲ အသုံးစရိတ် = ၁ ဒဿမ ၃ ထရီလီယံ

-       သမ္မတ အိုဘားမား ရဲံ စီးပွားရေး နလံထစေရေး ပံ့ပိုးမှုအစီအစဉ် အသုံးစရိတ် = ဘီလီယံ ၈၀၀

-       အိုဘားမားအစိုးရ နဲ့ ရီပါတ်ဘလစ်ကန်တွေကြားသဘောတူညီချက်အရ အခွန်လျှောချရေးသက်တမ်းတိုးမြှင့်ခြင်း၊ အလုပ်လက်မဲ့ ထောက်ပံ့ရေးအစီအစဉ် = ဘီလီယံ ၄၀၀

-       ပင်စင်စားသက်ကြီးများအတွက် Medicare ဆေးပါးအသုံးစရိတ် ထောက်ပံ့ကူညီရေး = ဘီလီယံ ၃၀၀

-       ငွေကြေး နှင့် ဘဏ်များအတွက်ငွေကြေးသွတ်သွင်းကျားကန်ပေးရေးအစီအစဉ် - ဘီလီယံ ၂၀၀

-       ဒီဇင်ဘာ ၂၀၀၇ နောက်ပိုင်း စီးပွားရေးပျကိကပ်ကြောင့် အခွန်လျောနဲရခြင်း

စသည်တို့ဟာ ဘတ်ဂျက်လိှုေုါပြမှုရဲ့ အကြောင်းရင်းခံတွေပါဘဲ။ အထက်ဖေါ်ပြပါ စာရင်းကိုလေ့လာကြည့်မယ်ဆိုရင် စီးပွားရေးပျက်ကပ်ကြောင့်ယခင်သမ္မတ ဟောင်းဘွရှ် လက်ထက်မှာသုံးခဲ့တဲ့ ငွေကြေးရင်းနှီးမှု ဟာ လက်ရှိသမ္မတ ထက်တောင်ပိုနေတာကိုအထင်အရှားတွေ့၇မှာ ဖြစ်ပါတယ်။

ထိုနည်းတူစွာဘဲ ဒီအသုံးစရိတ်တွေဟာ အမေရိကန်လူထုအတွက်မဖြစ်မနေ သုံးနေရတဲ့ အသုံးစရိတ်တွေဆိုတာ မြင်သာကြမယ်လို့ယူဆပါတယ်။

လက်ရှိ လိပ်ခဲတင်းလင်းဖြစ်နေတဲ့ အစိုးရနဲ့ လွှတ်တော်ကြားသဘောထားကွဲလွဲမှုတွေ ကိုလူထုကလည်းသည်းမခံနိုင်တော့ပါဘူး။ အမတ်များဆီက မယ်မယ်ရရမရှိလှတဲ့ စီးပွားရေးနလံထူရေးအစီအစဉ်တွေ ကိုသာမြင်ကြရလို့၊ အများကလည်း မကြေနပ်နိုင်ဖြစ်နေကြရပါပြီ။ သမ္မတ ရဲ့ စီမံကိုင်တွယ်မှု နဲ့ ဦးဆောင်နိုင်မှု ဟာဒီနေရာမှာ အခရာကျလာပါတယ်။ နှစ်ဖက်သဘောကွဲလွဲမှုတွေကို ရင်ကြားစေ့ပေးနိုင်ဘို့ နေ့ရက်တွေကိုတော့ ကျွန်တော်တို့ မြန်မာတွေ အပါအ၀င် ပြည်သူတွေအားလုံးကတော့ စောင့်ကြည့်ကြရမှာပါ။

မြန်မာပြောင်းရွှေ့ခိုလှုံသူ refugees များ နှင့် ပါတ်သက်၍… (မောင်မိုးညို မှစုဆောင်းတင်ပြပါသည်)

·         မှတ်တမ်းများအရ ပထမဦးဆုံးမြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်သူများ ထိုင်းနိုင်ငံနယ်စပ်သို ၁၉၈၄ ခုနှစ်တွင် စတင်ရောက်ရှိလာသည်ဟုသိရသည်။ မူလကရောက်ရှိခိုလှုံသူ (တသောင်း ခန့်) မှ စစ်အစိုးရ၏ အဆက်မပြတ်ထိုးစစ်ဆင်မှု၊ ရွာများရှိတိုင်းရင်းသားများကိုမောင်းထုတ်မှုများကြောင့် (၁၉၉၄) ခုနှစ်တွင် မြန်မာတိုင်းရင်းသားခိုလှုံသူ (ရှစ်သောင်း) အထိရှိလာသည်။

·         ထိုင်းမြန်မာနယ်စပ်ရှိ ထိုင်းနိုင်ငံဘက် ခရိုင်များဖြစ်သော ဇင်းမယ်၊ မဲဟောင်ဆုမ်း၊ တပ်၊ ကန်ချနာဘူရီ နှင့် ရပ်ချာဘူရီ စခန်းကြီး (၁၁) ခုတွင်ခိုလှုံသူ (တသိန်းလေးသောင်းခြောက်ထောင်) ကျော် နှင့် မြန်မာနိုင်ငံဘက် (နေရင်းဒေသမှအဓမ္မပြောင်းရွှေ့ခြင်းခံရသူ) ရှိစခန်းကြီး (၈) ခုတွင် (နှစ်သောင်းခန့်) ရှိကြောင်း၊ မတ်လ(၂၀၁၁) ထုတ် Thai-Burma Border Consortium ခေါ် ဦးဆောင်အဖွဲ့ကြီးက ထုတ်ပြန်သောစာရင်းအရသိရသည်။

·         International Organization of Migrant (IOM) ၏ ဒီဇင်ဘာ၊ ၂၀၁၀ ခန့်မှန်းချက်တွင် မြန်မာအစိုးရ၏ အဓမ္မထိုးစစ်ဆင်မှုကြောင့် နေရင်းအရပ်ဒေသများမှ ပြောင်းရွှေ့ခိုလှုံရသူ ဦးရေ ဆယ်စုနှစ်(သုံး)ခုအတွင်း စုစုပေါင်း(နှစ်သန်း) ခန့်ရှိမည်ဟုခန့်မှန်းသည်။ လက်ရှိမြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ (သုံးဆယ်ပုံ တစ်ပုံ) မှာ မိမိတို့၏အရပ်ဒေသများမှ အတင်းအဓမ္မပြောင်းရွှေ့ခံ ကြရသည့်အတွက်၊ မြန်မာနိုင်ငံ သည်ကမ္ဘာပေါ်တွင် ပြောင်းရွှေ့ခိုလှုံသော စုစုပေါင်း လူဦးရေတွင် ဦးရေအများဆုံး နိုင်ငံအဖြစ်ထိပ်ဆုံးနေရာတွင်နေရာယူနေပြီဖြစ်သည်။

·         (၂၀၀၆) ခုနှစ်မှစပြီး ၂၀၁၀ ကုန်အထိ တတိယနိုင်ငံများတွင် ပြောင်းရွှေခိုလှုံနေရာချထားပေးပြီးသူ ဦးရေ (၆၄၆၁၃ ဦး) ရှိသွားပြီဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုတခုထဲတွင် ( ၄၈၉၈၉ ဦး) နေရာချထားပြီးဖြစ်သည်။

·         အမေရိကန်အစိုးရ Health and Human Services ကိန်းဂဏန်းများအရ၊ (၂၀၀၆)ခုနှစ်တွင် မြန်မာ refugee  (၁၃၂၃) သာလက်ခံခဲ့သော်လည်း၊ ပိုမိုအရှိန်မြှင့်ထိုးစစ်ဆင်လာသော  မြန်မာအစိုးရ၏ထိုးစစ်များကြောင့် မြန်မာ refugee လက်ခံမှုအနေအထားကို ပထမဦးစားပေးအဖြစ်သတ်မှတ်ခဲ့သည်။ (၂၀၀၇) ခုနှစ်တွင် (၉၇၇၆)ဦး၊ (၂၀၀၈) တွင် (၁၂၈၅၂) ဦး၊ နှင့် (၂၀၀၉) တွင် (၁၁၂၇၈) ဦးရှိခဲ့သည်။ သို့အတွက်ကြောင့် ကမ္ဘာတ၀ှမ်းမှ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိပြောင်းခိုလာသူ refugee စုစုပေါင်းဦးရေအသီးသီးတို့တွင် အီရတ်နိုင်ငံသားများ (၂၅%)ပြီးလျင်၊ မြန်မာ ပြောင်းခိုသူ refugeeဦးရေသည်ဒုတိယအများဆုံး (၂၄%) ဖြစ်လာသည်။

·         ပြည်နယ်များအလိုက်လက်ခံနိုင်မှု -

တက္ကဆက်စ်ပြည်နယ်                                        - ၁၇ %

နယူးယောက်                                                     - ၉ %

အင်ဒီယားနား                                                    - ၆%

အာရီဇိုးနား၊ ဂျော်ဂျိယာ နှင့် မြောက်ကယ်ရိုလိုင်နား            - ၅% စီ

ဝါရှင်တန်                                                           - ၄ %

နယူးဂျာစီ၊ ဖလော်ရီဒါ၊ အီလီနွိုင်၊ မီရှီဂင် နှင့် ကင်တာကီ     - ၃ % စီ

ကာလီဖိုးနီးယား နှင့် ကျန်ပြည်နယ်အများစု           - ၂ % စီ

·         Refugee ဟူသောဝေါဟာရကို “ဒုက္ခသည်” ဟုမည်သူကမည်သည့် အချိန်ကအဓိပ္ပါယ်ပြန်ဆိုခဲ့ကြောင်းသာဓကမတွေ့ရသော်လည်း မှားယွင်းအဓိပ္ပါယ်ပြန်ဆိုမှုဟုဆိုရပေမည်။ အမှန်ကား သူတို့တတွေသည် နိုင်ငံမဲ (stateless people)့  နိုင်ငံသားများအဖြစ်အတင်းအဓမ္မသတ်မှတ်ခြင်းခံရသော မြန်မာနိုင်ငံသားများသာဖြစ်ပါသည်။

·         သူတို့တတွေ အတွက်စာနာထောက်ထားမှုအပြည့်အ၀ဖြင့် ငွေကြေး/ပစ္စည်းများထောက်ပံ့ပေးကြသော ပြည်ပရောက် မြန်မာလူမျိုးများ၏စိတ်ဓါတ်ကားချီးကြူးဘွယ်ရာပင်။ သူတို့တတွေအားလုံးအတွက် ပိုမို၍ အရေးတကြီးလိုအပ်သောအချက်များကား၊ မိမိ၏မိသားစုသဖွယ်ဂရုတစိုက်မှု ဟုခေါ်သော CARING နှင့် ရင်းနှီးခင်မင်နားလည်မှုအပြည့်အ၀ရှိမှုဟုခေါ်ဆိုနိုင်သော LOVE တို့ပင်ဖြစ်ကြောင်း နှိုးဆော်သိစေအပ်ပါသည်။

(အမေရိကန်ပြည်ထောင်စုနှင့်ကမ္ဘာတ၀ှမ်းတို့တွင် ရောက်လာမစဲကြသော ပြောင်းရွှေ့ခိုလှုံလာသူ မြန်မာ refugee များ၏ စားဝတ်နေရေး၊ အခြေချနေထိုင်ရေး တို့အတွက် နေ့စဉ်နှင့်အမျှ ကိုယ်စွမ်းရှိသမျှ ကူညီဆောင်ရွက်ကြသော၊ ပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံးတို့အား ယခုလာမည့် ဇွန်(၂၀) ရက်နေ့တွင်ကျရောက်မည့် World Refugee Day အတွက် ဂုဏ်ပြုကြိုဆိုလျက်။)
မေ-ဇွန် ၂၀၁၁ ထုတ် "ရတနာပုံနေပြည်တော်သတင်းစာ" တွင်ဖေါ်ပြပါရှိပြီးဖြစ်ပါသည်။