Monday, July 18, 2011

မြန်မာပြောင်းရွှေ့ခိုလှုံသူ refugees များ နှင့် ပါတ်သက်၍… (မောင်မိုးညို မှစုဆောင်းတင်ပြပါသည်)

·         မှတ်တမ်းများအရ ပထမဦးဆုံးမြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်သူများ ထိုင်းနိုင်ငံနယ်စပ်သို ၁၉၈၄ ခုနှစ်တွင် စတင်ရောက်ရှိလာသည်ဟုသိရသည်။ မူလကရောက်ရှိခိုလှုံသူ (တသောင်း ခန့်) မှ စစ်အစိုးရ၏ အဆက်မပြတ်ထိုးစစ်ဆင်မှု၊ ရွာများရှိတိုင်းရင်းသားများကိုမောင်းထုတ်မှုများကြောင့် (၁၉၉၄) ခုနှစ်တွင် မြန်မာတိုင်းရင်းသားခိုလှုံသူ (ရှစ်သောင်း) အထိရှိလာသည်။

·         ထိုင်းမြန်မာနယ်စပ်ရှိ ထိုင်းနိုင်ငံဘက် ခရိုင်များဖြစ်သော ဇင်းမယ်၊ မဲဟောင်ဆုမ်း၊ တပ်၊ ကန်ချနာဘူရီ နှင့် ရပ်ချာဘူရီ စခန်းကြီး (၁၁) ခုတွင်ခိုလှုံသူ (တသိန်းလေးသောင်းခြောက်ထောင်) ကျော် နှင့် မြန်မာနိုင်ငံဘက် (နေရင်းဒေသမှအဓမ္မပြောင်းရွှေ့ခြင်းခံရသူ) ရှိစခန်းကြီး (၈) ခုတွင် (နှစ်သောင်းခန့်) ရှိကြောင်း၊ မတ်လ(၂၀၁၁) ထုတ် Thai-Burma Border Consortium ခေါ် ဦးဆောင်အဖွဲ့ကြီးက ထုတ်ပြန်သောစာရင်းအရသိရသည်။

·         International Organization of Migrant (IOM) ၏ ဒီဇင်ဘာ၊ ၂၀၁၀ ခန့်မှန်းချက်တွင် မြန်မာအစိုးရ၏ အဓမ္မထိုးစစ်ဆင်မှုကြောင့် နေရင်းအရပ်ဒေသများမှ ပြောင်းရွှေ့ခိုလှုံရသူ ဦးရေ ဆယ်စုနှစ်(သုံး)ခုအတွင်း စုစုပေါင်း(နှစ်သန်း) ခန့်ရှိမည်ဟုခန့်မှန်းသည်။ လက်ရှိမြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ (သုံးဆယ်ပုံ တစ်ပုံ) မှာ မိမိတို့၏အရပ်ဒေသများမှ အတင်းအဓမ္မပြောင်းရွှေ့ခံ ကြရသည့်အတွက်၊ မြန်မာနိုင်ငံ သည်ကမ္ဘာပေါ်တွင် ပြောင်းရွှေ့ခိုလှုံသော စုစုပေါင်း လူဦးရေတွင် ဦးရေအများဆုံး နိုင်ငံအဖြစ်ထိပ်ဆုံးနေရာတွင်နေရာယူနေပြီဖြစ်သည်။

·         (၂၀၀၆) ခုနှစ်မှစပြီး ၂၀၁၀ ကုန်အထိ တတိယနိုင်ငံများတွင် ပြောင်းရွှေခိုလှုံနေရာချထားပေးပြီးသူ ဦးရေ (၆၄၆၁၃ ဦး) ရှိသွားပြီဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုတခုထဲတွင် ( ၄၈၉၈၉ ဦး) နေရာချထားပြီးဖြစ်သည်။

·         အမေရိကန်အစိုးရ Health and Human Services ကိန်းဂဏန်းများအရ၊ (၂၀၀၆)ခုနှစ်တွင် မြန်မာ refugee  (၁၃၂၃) သာလက်ခံခဲ့သော်လည်း၊ ပိုမိုအရှိန်မြှင့်ထိုးစစ်ဆင်လာသော  မြန်မာအစိုးရ၏ထိုးစစ်များကြောင့် မြန်မာ refugee လက်ခံမှုအနေအထားကို ပထမဦးစားပေးအဖြစ်သတ်မှတ်ခဲ့သည်။ (၂၀၀၇) ခုနှစ်တွင် (၉၇၇၆)ဦး၊ (၂၀၀၈) တွင် (၁၂၈၅၂) ဦး၊ နှင့် (၂၀၀၉) တွင် (၁၁၂၇၈) ဦးရှိခဲ့သည်။ သို့အတွက်ကြောင့် ကမ္ဘာတ၀ှမ်းမှ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိပြောင်းခိုလာသူ refugee စုစုပေါင်းဦးရေအသီးသီးတို့တွင် အီရတ်နိုင်ငံသားများ (၂၅%)ပြီးလျင်၊ မြန်မာ ပြောင်းခိုသူ refugeeဦးရေသည်ဒုတိယအများဆုံး (၂၄%) ဖြစ်လာသည်။

·         ပြည်နယ်များအလိုက်လက်ခံနိုင်မှု -

တက္ကဆက်စ်ပြည်နယ်                                        - ၁၇ %

နယူးယောက်                                                     - ၉ %

အင်ဒီယားနား                                                    - ၆%

အာရီဇိုးနား၊ ဂျော်ဂျိယာ နှင့် မြောက်ကယ်ရိုလိုင်နား            - ၅% စီ

ဝါရှင်တန်                                                           - ၄ %

နယူးဂျာစီ၊ ဖလော်ရီဒါ၊ အီလီနွိုင်၊ မီရှီဂင် နှင့် ကင်တာကီ     - ၃ % စီ

ကာလီဖိုးနီးယား နှင့် ကျန်ပြည်နယ်အများစု           - ၂ % စီ

·         Refugee ဟူသောဝေါဟာရကို “ဒုက္ခသည်” ဟုမည်သူကမည်သည့် အချိန်ကအဓိပ္ပါယ်ပြန်ဆိုခဲ့ကြောင်းသာဓကမတွေ့ရသော်လည်း မှားယွင်းအဓိပ္ပါယ်ပြန်ဆိုမှုဟုဆိုရပေမည်။ အမှန်ကား သူတို့တတွေသည် နိုင်ငံမဲ (stateless people)့  နိုင်ငံသားများအဖြစ်အတင်းအဓမ္မသတ်မှတ်ခြင်းခံရသော မြန်မာနိုင်ငံသားများသာဖြစ်ပါသည်။

·         သူတို့တတွေ အတွက်စာနာထောက်ထားမှုအပြည့်အ၀ဖြင့် ငွေကြေး/ပစ္စည်းများထောက်ပံ့ပေးကြသော ပြည်ပရောက် မြန်မာလူမျိုးများ၏စိတ်ဓါတ်ကားချီးကြူးဘွယ်ရာပင်။ သူတို့တတွေအားလုံးအတွက် ပိုမို၍ အရေးတကြီးလိုအပ်သောအချက်များကား၊ မိမိ၏မိသားစုသဖွယ်ဂရုတစိုက်မှု ဟုခေါ်သော CARING နှင့် ရင်းနှီးခင်မင်နားလည်မှုအပြည့်အ၀ရှိမှုဟုခေါ်ဆိုနိုင်သော LOVE တို့ပင်ဖြစ်ကြောင်း နှိုးဆော်သိစေအပ်ပါသည်။

(အမေရိကန်ပြည်ထောင်စုနှင့်ကမ္ဘာတ၀ှမ်းတို့တွင် ရောက်လာမစဲကြသော ပြောင်းရွှေ့ခိုလှုံလာသူ မြန်မာ refugee များ၏ စားဝတ်နေရေး၊ အခြေချနေထိုင်ရေး တို့အတွက် နေ့စဉ်နှင့်အမျှ ကိုယ်စွမ်းရှိသမျှ ကူညီဆောင်ရွက်ကြသော၊ ပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံးတို့အား ယခုလာမည့် ဇွန်(၂၀) ရက်နေ့တွင်ကျရောက်မည့် World Refugee Day အတွက် ဂုဏ်ပြုကြိုဆိုလျက်။)
မေ-ဇွန် ၂၀၁၁ ထုတ် "ရတနာပုံနေပြည်တော်သတင်းစာ" တွင်ဖေါ်ပြပါရှိပြီးဖြစ်ပါသည်။

No comments:

Post a Comment