Thursday, October 27, 2016

အိမ်ရာပိုင်ဆိုင်မှုတည်းဟူသော ဘ၀အိပ်မက်



ကမ္ဘာဦးလူသားတို့ ရေသစ်မြေသစ်ရှာဖွေရင်း အရပ်ဒေသပြောင်းရွှေ့အခြေချခြင်းကို သဘာဝကျသော migration ဟုသမိုင်းပညာရှင်များကတညီတညွတ်တည်းအသိအမှတ်ပြုကြသည်။ သမိုင်းခေတ်ဦးကာလ ရာစုထောင်နှင်ချီရှိခဲ့သော လူသားပြောင်းရွှေ့အခြေချမှုကို သမိုင်းကအသိအမှတ်ပြုသော်လည်း၊ နေရင်းဒေသရှိ လူသားတို့၏တည်ငြိမ်အေးချမ်းသော၊ ပြီးပြည့်စုံသောဘ၀၊ အဆင့်မြင်သော လူနေမှုဘ၀ရှိသောဒေသခံတို့ သည်၊ မိမိတို့ထက်လူနေမှုအဆင့်အတန်းနိမ့်သောနိုင်ငံရပ်ခြားမှ ခိုးဝင်ကြသူအပါအ၀င်၊ ပြောင်းရွှေ့ကြမှုကို ယခုခေတ်အခါတွင် ဆန့်ကျင်နေကြပြီဖြစ်သည်။ အထူးသဖြင့် စစ်မက်ဖြစ်ပွားသောအရပ်ဒေသများသည်၊ နီးစပ်ရာအိမ်နီးချင်းနိုင်ငံများတွင်မိမိနှင့်မိသားစုတို့ဘ၀လုံခြုံမှုအလို့ငှာ၊ နယ်စပ်ဖြတ်ကျော်ချင်းနင်းခိုလှုံကြ ရသည်။
အမေရိကနိုင်ငံအ၀ှမ်းအပါအ၀င်၊ လူနေမှုတိုးတက်သောနိုင်ငံများ (စင်္ကာပူ စသည်တို့အပါအ၀င်)တို့တွင် မြန်မာတိုင်းရင်းသားပေါင်းစုံတို့မြောက်များစွာအခြေချနေကြပြီဖြစ်သည်။ မိမိတို့ဘ၀၊ သားသမီးများ၏ဘ၀ ပိုမိုအဆင့်မြင့်မားလာကြစေရေးအတွက်မိမိအစီအစဉ်ဖြင့် (ရှိရင်းစွဲသားချင်းများ၏ sponsors ဖြင့်)ပြောင်းရွှေ့ အခြေချကြသလို၊ မြန်မာနယ်စပ်တလျှောက်နေထိုင်ကြသောတိုင်းရင်းသားများနေထိုင်ရာရပ်ဝန်းများတွင်စစ်ရေး မတည်ငြိမ်မှုကြောင့်ပြေးလွှားပြောင်းရွှေ့ကြရသူဦးရေ (refugees) သည်လည်း၊ သန်းဂဏန်းဖြင့်ချီနေပြီဖြစ် သည်။
ထိုသို့ပြောင်းရွှေ့ကြသူတို့အထဲတွင်၊ အမေရိကသို့ပြောင်းရွှွေှ့ခြေချလာကြသူများထဲမှ အိမ်ရာပိုင်ဆိုင်ခွင့်တည်း ဟူသောဘ၀အိပ်မက် (American Dream) အကြောင်းအနည်းငယ်လှစ်ဟဆွေးနွေးလိုပါသည်။ ဤဆောင်းပါး ၏ရည်ရွယ်ရင်းကား၊ အမေရိကအပါအ၀င်တိုးတက်ဖွံ့ဖြိုးသောနိုင်ငံကြီးများတွင်အခြေချကြသူမြန်မာများ၏ အိမ်ရာ ပိုင်ဆိုင်မှုခရီးလမ်း (path to homeownership) နှင့် လက်ရှိမြန်မာနိုင်ငံအတွင်းဦးတည်လာသော၊ မိသားစုအိမ်ယာပိုင်ဆိုင်မှုစနစ်ကြီး၏ပြုပြင်ပြောင်းလဲမှုများကို၊ လေ့လာသုံးသပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ပညာရှင်တစ်ဦးကသုံးသပ်ခြင်းဆိုသောအချက်ထက်၊  မိသားစုအိမ်ရာပိုင်ဆိုင်မှုကိုလေ့လာသူတစ်ဦး ဟူသောရှုထောင့်မှတင်ပြထားခြင်းဖြစ်ပါသည်။ အမေရိကနိုင်ငံရောက် လက်တွေ့ဘ၀တွင်နေထိုင်ကြသူ မြန်မာ မိသားစုတို့အိမ်ယာပိုင်ဆိုင်မှုနှင့်  စက်တင်ဘာ (၂၁)၊ ၂၀၁၆ နေ့ထုတ်ဝေသောဆောင်းပါးရှင် သီသီမင်း၏ ”မြန်မာ့အလင်းသတင်းစာ” ပါ”အိမ်ယာပိုင်ဆိုင်ဖို့အရေးမျော်လင့်ချက်တို့ရောင်ခြည်သန်းလေပြီ”ဆောင်းပါး ကောက်နှုတ်ချက်များပေါ်တွင်အခြေပြုထားပါသည်။
ဂွယ်လ် နှင့် ဂျွိင်း တို့မိသားစု(၆)ဦးဝင်တို့သည် အမေရိကပြည်ထောင်စုတွင်ပြောင်းရွှေ့ခိုလှုံသူမိသားစုအဖြစ်၊ ရာပေါင်းများစွာသော မြန်မာနယ်စပ်နေကရင်တိုင်းရင်းသားများအဖြစ် (၂၀၀၆)ခုနှစ်မှစတင်၍ အလုံးအရင်းနှင့် အခြေချကြပါသည်။ နောက်(၅)နှစ်အကြာတွင်မိသားစုဝင်အားလုံးအမေရိကနိုင်ငံသားများအဖြစ်ကျမ်းသစ္စာ ကြိမ်ဆိုကြလျက်၊ ဒေသခံအမေရိကနိုင်ငံသားများနှင့်တန်းတူသောအခွင့်အရေးများရရှိကြလေသည်။ အိမ်ယာပိုင်ဆိုင်မှုကို အမေရိကဥပဒေတို့ကနိုင်ငံသားဖြစ်မှုမဖြစ်မှုပေါ်တွင်ကန့်သတ်သတ်ချုတ်ချယ်ခြင်း အလျင်းမရှိခြေ (အတိုးနှုန်းနှင်အစိုးရအထောက်အပံ့ပြုချေးငွေအစီအစဉ်များမှလွဲ၍)။ နိုင်ငံခြားသားများကို အိမ်ယာအဆောက်အအုံပိုင်ဆိုင်ခွင့်အပြည့်ပေးထားခြင်းကြောင့်၊ မြန်မာ နိုင်ငံတွင်းရှိငွေကြေးကြွယ်ဝကြသူများ ပင်၊ အမေရိကတ၀ှမ်းအိမ်ယာပိုင်ဆိုင်မှုများရှိနေကြပြီမှာ နှစ်ပရိစ္ဆေဒ ကြာပါပကော။
အိမ်ယာပိုင်ဆိုင်နိုင်သောအခွင့်အလမ်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ “ဆောက်လုပ်ရေး နှင့်အိမ်ယာဖွံ့ဖြိုးရေးဘဏ်” က ကနဦးခြေလှမ်းအဖြစ်စတင်ပြီဆိုသောသတင်းကားဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုရမည့် မင်္ဂလာသတင်းတခုပင်။ သို့သော် ဤခြေလှမ်းသည် လူများစုပြည်သူတို့အိမ်ယာပိုင်ဆိုင်ခွင့် ကိုတိုက်ရိုက်အကျိုးပြုမည့်နည်းလမ်းမဟုတ်ဆိုသည့်အချက်ကိုတော့ကောင်းစွာနားလည်ကြဘို့လိုပါသည်။ အထူးသဖြင့် ဆင်းရဲတွင်းမှလွတ်မြောက်ရေးကြိုးပမ်းနေသောမြန်မာကဲ့သိုနိုင်ငံများအနေဖြင့်၊ အိမ်ယာရံပုံငွေ (housing fund) တစ်ရပ်ထူထောင်ရေးမှာ၊ မရှိမဖြစ်လိုအပ်နေသောကိစ္စဖြစ်နေပါသည်။ ဤအချက်ကို ကွယ်လွန်သွားခဲ့သူ စင်္ကာပူနိုင်ငံ၏ဖခင်ကြီးလီကွမ်းယူ က သူ၏ Singapore Story စာအုပ်တွင်ဖွံ့ဖြိုးဆဲနိုင်ငံ အားလုံးတို့အတွက်ထောက်ပြသွားခဲ့သည်။ စင်္ကာပူနိုင်ငံတွင်အိမ်ယပိုင်ဆိုင်မှုအတွက် Central Provident Fund (CPF) ကိုကျောထောက်နောက်ခံပြုထားခြင်းက ယနေ့အိမ်ယာပိုင်ဆိုင်မှုအမြင့်မားဆုံးအဖြစ်ကမ္ဘာတွင် ၀ါကြွားနိုင်မှုက သာဓကထူနေပေပြီ။ Housing and Development Board ၏ CEO ဖြစ်သူ Dr Cheong က ယနေ့စင်္ကာပူနိုင်ငံတွင်အိမ်ယာပိုင်ဆိုင်မှု (၉၀%)ကျော်ရှိနေပြီဖြစ်ကြောင်းနှင့် သူမ၏ဌာနကြီးကဤအစီအမံကြီး က (၈၂%) မျှသောဝန်ကိုထမ်းလျက်အကျိုးပြုဆောင်ရွက်နေကြောင်းပြောဆိုသွားသည်။ ဤအစီအစဉ်ကြီး တရပ်လုံးကိုစင်္ကာပူနိုင်ငံအဖြစ်ထူထောင်ပြီး ဆယ်စုနှစ်တခုအလွန်လောက်တွင်စတင်ခဲ့ခြင်းကိုကြည့်ပါက၊ ယင်းအစီအစဉ်၏အောင်မြင်မှုကိုအံ့မခန်းမြင်တွေ့ရမည်ဖြစ်သည်။ သို့သော်အမေရိကနိုင်ငံ တွင်အိမ်ယာပိုင် ဆိုင်မှုအတွက် သီးသန့်ရံပုံငွေထူထောင်ထားခြင်းမရှိခြေ။ ယင်းအတွက် အမေရိကန်အစိုးရ၏ Department of Housing and Urban Development (HUD) ကြီးက၊ American Dream ဟူသောရည်မှန်းချက်ကြီးပေါက် မြောက်ရေး အတွက်၊ လွှတ်တော်နှင့်ပြည်နယ်အစိုးရတို့၏အကူအညီရယူကာ First Time Homebuyers Program ကိုစတင်ခဲ့သည်။ 
ဆိုလိုသည့်အချက်ကား အိမ်ယာပိုင်ဆိုင်မှုကို အမေရိကကဲ့သို့ဓနအင်အားတောင့်တင်းသောနိုင်ငံတွင်ထူ ထောင်နိုင်ရန်အတွက်များစွာရှုတ်ထွေးမှုမရှိဘဲ၊ ပုဂ္ဂလိကအိမ်ယာဆောက်လုပ်သူတို့၏စီးပွားအကွက်အကွင်းကို၊ အသုံးချကာ၊ ရှင်သန်နေသောဘဏ်နှင့်အာမခံစနစ်ပေါ်ခြေကုပ်ယူလျက်ထူထောင်နိုင်ခဲ့ပေသည်။ သို့သော် စင်္ကာပူကဲ့သို့သောဆင်းရဲတွင်းမှရုန်းထွက်ခဲ့ရသော သမိုင်းနောက်ခံရှိသော နိုင်ငံများအနေဖြင့် ရံပုံငွေစုဆောင်း မှုအပေါ်တွင်အခြေခံသောအိမ်ရာစနစ်ဖြင့်သာစတင်ကြရန်လိုသည်။ ရှင်းလင်းရသော် saving fund စနစ်ထူ ထောင်မှုသည်၊ ဘဏ်စုဆောင်းမှုစနစ်နှင့်ကွာခြားခြင်းမကကွာခြားလှပေသည်။ စင်္ကာပူနိုင်ငံ၏ CPF သည်အတိုး အရင်းပွားစေသော်လည်း၊ ယင်းရုံပုံငွေကိုအခြားငွေလည်ပါတ်မှုတွင်ပြောင်းလဲအသုံးပြုခွင့်မရှိခြေ။ ဘဏ်စနစ်နှင့် ရံပုံငွေစနစ်ကိုသီးသန့်ခွဲထားသည်။ အစိုးရကမည်သို့ပင်ကြီးကြပ်သည်ဆိုဦးတော့ ယင်းငွေကြေးရံပုံငွေကို၊ စုဆောင်းကြသူတွေကလွဲ၍မည်သူမျှထိခွင့်မရှိစေဘို့လိုပါသည်။ မြန်မာနိုင်ငံတွင်စတင်နေပြီဖြစ်သော “ဆောက် လုပ်ရေး နှင့်အိမ်ယာဖွံ့ဖြိုးရေးဘဏ်”၏စုဆောင်းငွေသည်မည်မျှအတိုင်းအတာအထိသောကာကွယ်မှုရှိ သနည်း ဟူသောအချက်ပေါ်တွင်မူတည်နေပါသည်။ Fund နှင့် Saving သည်ကွာခြားခြင်းမကကွာခြားလှသော ငွေကြေး ထူထောင်မှုစနစ်ဆိုသည်ကိုသတိမူပါလေ။ သို့သော်လည်း လက်ရှိမြန်မာနိုင်ငံအစိုးရတာဝန်ရှိသူ ပိုင်းတို့က၊ အားယူနေဆဲငွေကြေးလည်ပါတ်ရေးတည်ငြိမ်မှု (financial stability)၊ ငွေကြေးလည်ပါတ်မှု (ever-lasting cash flow)၊ ပြည်သူအများစု၏ဘဏ်စနစ်အသုံးပြုနိုင်မှုအင်အား (public banking system reliability)၊ အိမ်ယာထူထောင်မှုအနေအထား (concurrent housing development) နှင့် ၀ယ်လိုအားကိုမြှင့် တင်နိုင်သောအရည်အသွေး (measurement of credit worthiness based on buying power) တို့အပေါ် များစွာအားကိုးအချိန်ယူနေရဆဲဖြစ် နေသဖြင့်၊ ကနဦးခြေလှမ်းအဖြစ်ဤ “ဆောက်လုပ်ရေး နှင့်အိမ်ယာ ဖွံ့ဖြိုးရေးဘဏ်”စနစ်ကိုထူထောင်လိုက်ဟန်တူပေသည်။
အမေရိကပြည်ထောင်စုတွင်အိမ်ယာပိုင်ဆိုင်နိုင်ခွင့် (affordability) ကိုချိန်ထိုးရာတွင်အောက်ပါအခြေခံအချက် ကြီးများကိုအလေးထားပါသည်။
(က) မိမိ(သို့မဟုတ်)လင်မယားနှစ်ဦးလက်ရှိအလုပ်တွင်လုပ်ကိုင်နေသောသက်တမ်း၊ (length of employment in current job/s)
(ခ) အိမ်တန်ဘိုးနှင့်ချေးငွေအချိုး (loan-to-value ratio) အချိုးတန်ဘိုးများလေ၊ ဘဏ်များကချေးရမည့် ငွေပမာဏအပေါ်ရင်းနှီးရသောထည့်ဝင်ကြေးငွေထိခိုက်နိုင်ညွှန်းကိန်း (risk)များလေပင်။
(ဂ) ချေးယူမည့်အစီအစဉ်(loan type) အပေါ်မူတည်၍သက်တမ်း၊ အတိုး၊ နှင့် လစဉ်ပေးသွင်းရမည့်ငွေပမာဏ (monthly mortgage payment) ကွာခြားမှု၊
(ဃ) ကနဦးပေးခြေသောစရံငွေ (down payment)
(င) မိမိတို့၏ credit scores -တို့အပေါ်တွင်မူတည်ပါသည်။ Debt to Income Ratio ခေါ်ကြွေးမြီသုံးစွဲနေမှု ပေါ်တွင်တည်မှီနေပါသည်။ (၂၈% မှ ၃၆% ထက်မပိုသင့်ဟုဘဏ်များကအဆိုပြုပါသည်။)
မြန်မာနိုင်ငံတွင်စတင်နေပြီဖြစ်သော “ဆောက်လုပ်ရေး နှင့်အိမ်ယာဖွံ့ဖြိုးရေးဘဏ်”စုဆောင်းငွေအစီအစဉ်ကို လေ့လာကြည့်ပါက -
(၁) လစဉ်စုဆောင်းငွေပေးသွင်းမှုကိုပေးသွင်းခွင့်ရှိသည်ဟုအတည်ပြုခံရသူကပေးသွင်းရပါသည်။ အမေရိက နိုင်ငံတွင်မိမိဝယ်ရမည့်အိမ်အတွက်ကြိုတင်စုဆောင်းပေးသွင်းရခြင်းအလျင်းမရှိသော်လည်း၊ down payment နှင့် closing payment ဟူ၍ပေးသွင်းကြရပါသည်။
(၂) ငွေထုတ်ချေးရာတွင်ဦးစားပေးတန်းစီစာရင်းအရငွေထုတ်ချေးသည်ဟုဆိုပါသည်။ အမေရိကနိုင်ငံတွင် ဦးစားပေးစနစ်ဖြင့်ခွဲခြားထုတ်ချေးခွင့်ကိုတားမြစ်ထားပါသည်။ အရည်အသွေးပြည့်မှီသူမည်သူမဆို၊ လူတန်း စားမရွေးငွေထုတ်ချေးရမည့် (equal opportunity) စနစ်ကိုတိကျစွာပြဌာန်းထားပါသည်။
(၃) အိမ်ရာဝယ်ယူလိုသူတို့အနည်းဆုံးဝင်ငွေ (၃သိန်းခွဲ)ရှိရမည်ဟုဆိုပါသည်။ အမေရိကနိုင်ငံတွင် ၀င်ငွေကိုကြည့်သော်လည်း ၃၃% မှ ၄၃% ထက်မပိုသော အကြွေးတင်အချိုး Debt-to-income Ratio ရှိမှသာဘဏ်များကငွေထုတ်ချေးလိုကြ သည်။
(၄) စုဆောင်းငွေကို ၀ယ်ယူမည့်အိမ်တန်ဘိုး၏ အနည်းဆုံး (၃၀%) ထားရှိရမည်ဟုဆိုပါသည်။ ကျန် ၇၀%ကို ဘဏ်ကထုတ်ချေးမည်ဟုဆိုပါသည်။ အမေရိကနိုင်ငံတွင် မူလတင်သွင်းရမည့်ငွေ (downpayment) (၂၀%) ခန့်ဟုဆိုသော်လည်း၊ ချေးငွေပမာဏနှင့်အထက်ဖေါ်ပြပါအရည်အချင်းပြည့်မှီသူများအနေဖြင့်၊ အတိုးနှုန်းသက် သာသောငွေကိုထုတ်ချေးပါသည်။ စုဆောင်းငွေထားရှိရန်မလိုချေ။
(၅) အတိုးနှုန်းကို တစ်နှစ်လျင် (၁၂%) နှုန်းဖြင့်ဘဏ်မှထုတ်ချေးမည်ဟုဆိုပါသည်။ သို့အတွက် သိန်း(၁၀၀) တန်သာမာန်အိမ်တစ်လုံးဝယ်ရန်၊ သိန်း(၇၀) မိမိဘဏ်အတွင်းစုဆောင်းထားပြီးဖြစ်ရမည့်အပြင်၊ အိမ်ဝယ်ပြီး ပါက၊ တစ်လလျင် (၁သိန် ၂သောင်းခန့်) ကို(၈)နှစ်တာကာလအတွင်းပြန်လည်ပေးဆပ်ရမည့်သဘော ရှိနေ သည်။ သို့အတွက်ကြောင့် လစာ (၁သိန်းခွဲ)မျှသာရရှိသော လက်ထောက်ဆရာဝန်တစ်ဦးအနေဖြင့်၊ အိမ်ယာပိုင် ဆိုင်ရေးမှာ၊ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်စီးပွားရှာမှသာစိတ်ကူးယဉ်နိုင်မည့်သဘောရှိနေသည်။ အမေရိကနိုင်ငံ တွင် First Time Homebuyer အဖြစ်ယခင် (သို့မဟုတ်) (၃)နှစ်အတွင်းအိမ်ပိုင်ဆိုင်ခြင်းလုံးဝ မရှိသူတို့အနေ ဖြင့် အတိုး နှုန်း (၃.၅%)ဖြင့်အစိုးရ ပံ့ပိုးမှုဖြင့် ဘဏ်များကထုတ်ချေးနိုင်ပါသည်။ ပုံမှန်အတိုးနှုန်း သည်အချိန် ကာလနှင့် တပြေးညီပြောင်းလဲနေသော် လည်း၊ ယခုဆောင်းပါးရေးသားချိန်တွင် (၄.၂၇၅%) အတိုးနှုန်းရှိ ကြောင်းလေ့လာ သိရှိရသည်။
အိမ်ယာဝယ်ယူလိုသူတို့အတွက် အမေရိကတွင် ဘဏ်မှချေးယူသော mortgage စနစ်ဖြင့်တွန်းအား ပေးခဲ့သည့်ကာလဆယ်စုနှစ် လေးခုမျှတိုင်ခဲ့ပေပြီ။
အထက်တွင်ဖေါ်ပြခဲ့သော အမေရိကသို့ပြောင်းရွှေ့အခြေချသူ ဂွယ်လ် နှင့် ဂျွိင်း တို့မိသားစု(၆)ဦး၏အိမ်ယာ ပိုင်ဆိုင်မှုကိုလေ့လာပါက -
-       အိမ်တည်နေရာ - အင်ဒီယားနားပြည်နယ်
-       အိမ်တန်ဘိုး (၈၁၅၀၀ ဒေါ်လာ) တန် အိပ်ခန်း(၃) ခန်း၊ အိမ်သာ (၂) ခန်း၊ မီးဖို၊ဧည့်ခန်း၊ ထမင်းစားခန်း၊ စာကြည့်ခန်း တို့ပါလုံးချင်းအိမ်ယာသစ်၊
-       အတိုးနှုန်း (၃.၇၅%) နှင့် နှစ်(၃၀)လစဉ်ပေးချေရမည့်လစဉ်ပေးငွေပမာဏကား မိသားစုလစဉ် ၀င်ငွေ၏ (၂၄.၇%)
-       ကနဦး down payment မှာ အိမ်တန်ဘိုး၏ (၆.၇%)
ဂွယ်လ် နှင့် ဂျွိင်း တို့ဇနီးမောင်နှံသည် စက်ရုံတစ်ခုတွင် ပျမ်းမျှတစ်ပါတ် နာရီ(၄၀) အလုပ်လုပ်ကြသော အလုပ်ကြမ်းသမားများသာဖြစ်ပါသည်။ သူတို့မိသားစုအတွက် ၆.၇%သော ကနဦးပေးငွေပမာဏရရှိရန်၊ နှစ်အနည်းငယ်သာခြွေတာစုဆောင်းခဲ့ကြရပြီး၊ ယင်းစုဆောင်းငွေ၊ မိမိတို့၏အလုပ်ရာထူးတည်တံ့မှု၊ လစဉ် ကြွေးမြီများပြေလည်အောင်ပုံမှန်ပေးဆပ်နိုင်မှုနှင့် ကြွေးမြီ credit တည်တံ့ခိုင်မြဲမှုကိုအခြေခံရယူကာ၊ အိမ်ပိုင်ဆိုင်သော ဘ၀များသို့ရောက်ရှိသွားကြသည်။ မြောက်မြားလှစွာသော အမေရိကန်နိုင်ငံသားများသည်၊ ပုံမှန်ဝင်ငွေနှင့်တကွအထက်ဖေါ်ပြပါလိုက်နာထိမ်းသိမ်းရသော၊ အိမ်ပိုင်ဆိုင်ခွင့်အရည်အသွေးများကြောင့် အိမ်ပိုင်ရာပိုင်ဘ၀များသို့ရောက်ရှိသွားကြပေသည်။
ဤအိမ်ယာပိုင်ဆိုင်မှုအစီအမံများကို စင်္ကာပူကဲ့သို့သော အိမ်နီးချင်းနိုင်ငံများတွင်ပင် ဆယ်စုနှစ်တစ်ခုမရှိတရှိ အတွင်းမှာပင်အောင်မြင်ဦးမော့အောင်ဆောင်ရွက်နိုင်စွမ်းရှိနေပါလျင်၊ ဤအတုယူသောနည်းနာများကိုရယူ လျက်၊ မြန်မာအစိုးရမှ ပြည်သူအများအိမ်ယာပိုင်ဆိုင်ခွင့်အစီအမံများကိုယခုထက်ပိုမိုတိုးတက်ဖေါ် ထုတ်မပေး နိုင်စရာအကြောင်းမမြင်ကြောင်းဖေါ်ပြလိုက်ရပါသည်။