Friday, August 30, 2019

အမေရိက ၀င်ပေါက်တံခါး တင်းကြပ်စပြုပြီလော

ပြီးခဲ့တဲ့ သြဂုတ် (၁၂)ရက်နေ့မှာ အမေရိကနိုင်ငံပြည်ဝင်ခွင့် ကိုကြပ်မတ်ကွပ်ကဲတဲ့ ဌာနကြီး (၂)ခုဖြစ်တဲ့ Department of Homeland Security (DHS) နဲ့ U.S. Citizenship and Immigration Services (USCIS)တို့ကနေ ပူးတွဲကြေငြာချက်တခုကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေငြာချက် (Final Notice လို့ကင်ပွန်တပ်ထားတဲ့) ဟာ ကမ္ဘာတ၀ှမ်းမှ အမေရိကသို့ဝင်ရောက်ဘို့ပြင်ဆင်ကြသူတွေ၊ အမေရိကနိုင်ငံသို့နည်းလမ်းစုံနဲ့ဝင်ရောက် ရောက်ရှိပြီး၊ အမေရိကနိုင်ငံအမြဲနေထိုင်ခွင့်ကိုအာမခံချက် အပြည့်ပေးတဲ Citizenship အခြေကိုရောက်ရှိရေးကြိုးပမ်းနေကြသူတွေရဲ့ အနေအထားတွေကို အကြီးအကျယ် ပြောင်းလဲစေမဲ့ ကြေငြာချက်ပါ။ လက်ရှိသမ္မတထရမ့်ရဲ့ရွေးကောက်ပွဲဝင်ကတိခံဝန် ချက်ကို လက်တွေ့သရုပ်ပြမဲ့ ဒီကြေငြာချက်ဟာ တည်ဆဲဥပဒေကြီးဖြစ်တဲ့ Immigration and Nationality Act (INA) ရဲ့အဓိကပြည်ဝင်ခွင့်ပြဌာန်းချက်ပုဒ်မကြီးဖြစ်တဲ့ Section 212(a)(4)ရဲ့ ကန့်သတ်မှု မြှော်မှန်းချက်ကြီးဖြစ်တဲ့ Inadmissibility Law ကိုပိုမိုလေးနက်အဓိပ္ပါယ်သက်ရောက်စေ မှာဖြစ်ကြောင်း ဆင်ခြေပေးရှင်းလင်းပါတယ်။ ဒီပြဌာန်းချက်ကြီး ကပင်မရည်ရွယ်ရင်းအချက်ကတော့ အမေရိကနိုင်ငံကို တရားဝင်ပြောင်းရွှေ့အခြေချသူများဟာ၊ အခွန်ထမ်းအမေရိကနိုင်ငံသားလုပ်သား ပြည်သူတွေနဲ့တည်ဆောက်ထားတဲ့ နိုင်ငံတော်ဘဏ္ဍာကနေ မိမိတို့အကျိုးအမြတ်ခံစားခွင့်ရရှိခံစားရေး ကိုမထိခိုက်စေလိုတဲ့အချက်ပါဘဲ။ ဒီသဘောအချက်ဟာ တကယ်တော့ လွန်ခဲ့တဲ့ သမ္မတဘုရှ် (သား-ဘုရှ်) လက်ထက်ကတည်းက အဓိကပြိုင်ဘက်နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ Democrats နဲ့ Republicans တွေကြားမှာ ယေဘူယျသဘောတူညီချက်ရပြီးသားအချက်(Bipartisan agreement) တွေပါဘဲ။ နိုင်ငံရေးအားပြိုင် မှုနဲ့ အခြားပင်မပြောင်းလဲမှုတွေကိုပြုလုပ်နိုင်မဲ့Overhaul immigration lawပြင်ဆင်မှုတွေနဲ့ဆက်စပ်  နေတာကြောင့်၊ မပြောင်းလဲနိုင်ရခြင်းဖြစ်တယ် ဆိုတာကို ကြားဖြတ်ဖေါ်ပြပါရစေ။ နိုင်ငံရေးပရောဂ ဘယ်လိုပါတယ်ဘဲပြောပြော၊ ဒီမဟာပြုပြင်ပြောင်းလဲရေး ဟာ၊ တနေ့မဟုတ်တနေ့ဖြစ်လာမှာဘဲ ဆိုတာကို ကြောင်းကြိုးသိကြသူ သုတေသီတွေက ကြိုတင် တွက်ချက်ခန့်မှန်းထားပြီးသားပါဘဲ။ ထိုနည်းတူ ဥပဒေကြောင်း အရတရားစွဲဆိုမှုတွေ၊ အပြန်အလှန် အပြစ်ဖို့မှုတွေဖြစ်မှာ မလွဲပါ။ သေခြာတာတခုကတော့ အမေရိကနိုင်ငံမှာ အပြီးအပိုင်ပြောင်းရွှေ့နေ ရာချဘို့ ကြိုးကုပ်နေကြတဲ့ ကျွန်တော်တို့ မြန်မာတွေကို အတော်လေးလွှမ်းမိုးအရိပ်ထိုးမယ်၊ များစွာ တင်းကြပ်လာမယ် ဆိုတာကတော့ မလွဲတော့ပါဘူး။
ကဲ- ဒီကြေငြာချက်ရဲ့ အဓိကပြောင်းလဲချက်တွေကိုကြည့်ကြရအောင်ပါ။
နောက်ကြောင်းခံ
ပြီးခဲ့တဲ့နှစ်(၂၀၁၈)အောက်တိုဘာ (၁၀)ရက်က ဒီPublic Charge နဲ့ပါတ်သက်ပြီး ထရမ့်အစိုးရအဖွဲ့က၊ ပိုမိုပြင်းထန်တင်းကြပ်တဲ့ လူဝင်မှုစနစ်ကို(Notice of Proposed Rulemaking NPRM)ကို ထူ  ထောင်မှာဖြစ်ကြောင်းကြေငြာပြီး၊ သူတို့ရဲ့သဘောထားကို ထင်ဟပ်တဲ့မူကြမ်းကိုချပြခဲ့ပါတယ်။ ဒီမူကြမ်းကိုသမ္မတရဲ့လက်ထောက်တစ်ဦးဖြစ်သူ၊ လူမျိုးကြီးဝါဒ ပြင်းထန်ပြီး၊ immigrant စနစ်ကို ဆန့်ကျင်သူ Stephan Miller ဆိုသူကနောက်ကြောကနေကြိုးကိုင် ပြီးရေးဆွဲခဲ့တယ်လို့လေ့လာ သုံးသပ်ကြသူတွေက တွက်ချက်ကြပါတယ်။ (၁၉၉၉) ခုနှစ် မေ(၂၆)ရက်မှာပြဌာန်းခဲ့တဲ့ Field Guidance on Deportability and Inadmissibility on Public Charge Ground ကိုအကြီးအ ကျယ်လွှမ်းမိုး  နေရာယူသွားမှာဖြစ်ပါတယ်။ 
ပြဌာန်းချက်ကို ဘယ်အဖွဲ့အစည်းကစီမံအုပ်ချုပ်မလဲ
Department of Homeland Security DHS ကအုပ်ချုပ်စီမံသွားမှာဖြစ်ပြီး၊ အဲ့ဒီအဖွဲ့ရဲ့ဆုံးဖြတ်ချက် ဟာ အတည်ဖြစ်သွားမှာဖြစ်ပါတယ်။
ဒီပြဌာန်းချက်ဟာ ပြည်ဝင်ခွင့်ငြင်းပယ်မှု (INA Inadmissibility law) ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်တဲ့ Public Charge (သို့မဟုတ်) Public Benefit ကိုပြင်ဆင်ထားပါတယ်။ဥပဒေက ပြည်ဝင် ခွင့်ငြင်း ပယ်ဘို့စိစစ်ရာမှာ လျှောက်ထားသူရဲ့ အသက်အရွယ်၊ ကျန်းမာရေး၊ မိသားစုအနေအထား၊ ပိုင်ဆိုင်မှု၊ ရရှိမဲ့အခွင့်အလမ်းများ၊ ငွေရေးကြေးရေးအခြေအနေ၊ ပညာရေးအဆင့်နဲ့အသက်မွေဝမ်း  ကြောင်းမှုနဲ့  ခေါ်ဆောင်မဲ့ Sponsor ရဲ့အခြေခံလိုအပ်ချက်တွေအားလုံကို အမှတ်ပေးစနစ်နဲ့ တွက်ချက် တယ်လို့ဆို ပါတယ်။ ဒီပြဌာန်းချက်ကတော့ပြည်ဝင်ခွင့်လျှောက်ထားသူ(Permanent Resident Applicant) (သို့မဟုတ်) နိုင်ငံသားဖြစ်ခွင့်ရရှိရေးလျှောက်ထားသူ (Change of Immigrant status or applicant for citizenship) ဟာ ပြည်သူ့ဘဏ္ဍာကရယူခံစားမှု(Public Charge) ဟာ တဆက်တစပ်တည်း (၁၂) လ ရှိပြီး၊ အဲ့ဒီခံစားမှုဟာ မည်သည့်(၃၆)လတာကာလအတွင်းရှိခဲ့ရင်၊ (သို့တည်းမဟုတ်) နောင်လာ မယ့်အနာဂါတ်မှာ၊ ရယူဘွယ်ရှိတယ်လို့ ခိုင်မာသောယူဆနိုင်ဘွယ်တခုခု ရှိခဲ့ရင်၊ အမေရိကနိုင်ငံတွင်း ပြည်ဝင်ခွင့်ဗီဇာငြင်းဆိုခြင်းမှစပြီး၊ အမေရိကနိုင်ငံသားဖြစ်ခွင့် (Naturalized citizenship) သာမက၊ ပြည်ပကိုနှင်ထုတ်တဲ့အထိဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီလိုခံစားခွင့်ရယူသူတစ်ဦးဟာ (ဥပမာ) ခံစားခွင့်(၂)မျိုးကိုရယူခဲ့ရင် (၂)လလို့သတ်မှတ်မယ်ဆိုတာကြိုတင်အသိပေးပါရစေ။ အဲ့ဒီအတွက် ခံစားခွင့်ကိုတဆက်တစပ်တည်း (၆)လလောက်ရယူနေတဲ့သူတစ်ဦးဟာ၊ အလိုအလျောက် (၁၂)လ တာခံစားခွင့်ရယူနေသူတစ်ဦးအဖြစ်ရောက်ရှိသွားပါလိမ့်မယ်။
ဘယ်သူတွေကို Public Charge ခံစားနေကြသူလို့သတ်မှတ်သလဲ။
Supplemental Social Security Income (SSI), Temporary Assistance to Needy Families (TANF) ခေါ် “Food Stamp”, SNAP, Medicaid, Section 8 Housing Assistance Voucher & Rental Assistance, and Subsidized Housing တို့ပါဝင်ပါတယ်။ ဒီခံစားခွင့်ကိုလက်ရှိခံစားနေကြပြီး citizen မဖြစ်ကြသေးသူတွေ ကိုတိုက်ရိုက်အကျိုးသက်ရောက်ပါမယ်။
ဖေါ်ပြခဲ့တဲ့တဆက်တစပ်တည်း (၁၂)လရှိပြီး၊ အဲ့ဒီခံစားမှုဟာ ”မည်သည့်(၃၆)လတာကာလ အတွင်း”ဆိုတဲ့ကာလကန့်သတ်ချက် ဟာတရားဝင်အမိန့်အဖြစ် သြဂုတ်(၁၄)ရက်နေ့ကစပြီး၊  နောင်ရက်ပေါင်း (၆၀)အတွင်းအာဏာသက်ဝင်တော့မှာဖြစ်ပါတယ်။ (အောက်တိုဘာလလယ်  လောက်) အဲ့ဒီအာဏာသက်ဝင်မှုမရှိခင် အထိအတွင်းမှာ လက်ရှိခံစားခွင့်ရှိသူတွေ၊  လျှောက်ထားဆဲအခြေအနေမှာရှိသူတွေတော့ အကျုံးမ၀င် ဘူးလို့ဆိုထားပါတယ်။
ဘယ်သူတွေကင်းလွတ်ခွင့်ရကြမလဲ
လူသားချင်းစာနာစိတ်အရပြည်ဝင်ခွင့်ရရှိသူတွေဖြစ်တဲ့ refugees/asyleesများ၊ special immigrant juveniles, certain trafficking victims, victims of certain criminal activity or violence, တပ်မတော်တွင်အချိန်ပြည့်ထမ်းဆောင်ကြသူလက်နက်ကိုင်နှင့် အရံတပ်ဖွဲ့ဝင်များ၊ နေရင်းဒေသ  ပေါက်ဖွားသူtribal native indiansများ၊ အမေရိကနိုင်ငံသားများ၏တရားဝင်မွေးစားကလေးများ၊ ပါဝင်ကြပါတယ်။ ဒါ့အပြင် Medicaidအစီအစဉ်အရ အရေးပေါ်ကုသမှုများ၊ ကိုယ်ဝန်ဆောင်မိခင် နှင့်ကလေးများ၊  ကျောင်းနေရွယ်ကလေးများရဲ့ အဟာရအစီအစဉ်များ၊ ကိုယ်ခန္ဓာချို့ယွင်းမှုကြောင့် disability ရရှိနေသူများ၊ ကိုလည်းကင်းလွတ်ခွင့်အနေနဲ့ ထဲ့သွင်းစိစစ် ခြင်း၊ မှကင်းလွတ်ခွင့်ပြုမယ် လို့ဆိုထားပါတယ်။
ဘယ်လိုစိစစ်မလဲ
အဲ့ဒီလိုပြည်ဝင်ခွင့်အပါအ၀င်၊ နိုင်ငံသားအဖြစ်စိစစ်ရာမှာ နိုင်ငံသားဖြစ်ခွင့်ရှိရေးကိစ္စဆုံးဖြတ်ချက် ကိုအမှတ်ပေးစနစ်နဲ့တိုင်းတာသတ်မှတ်မှာမို့၊ ကောင်းကျိုးပေးတဲ့အားသာချက်များ (positive factor)  နဲ့ အမေရိကနိုင်ငံအတွက်ကောင်းကျိုးရရှိနိုင်ဘွယ်မရှိဘူးလို့ယူဆနိုင်တဲ့ အားနည်းချက်များ (negative factor)များကိုလည်း၊ သတ်မှတ်သွားမှာဖြစ်ပါတယ်။ ဖေါ်ပြခဲ့တဲ့ ခံစားခွင့်အားလုံး ကို ငွေသားစနစ်ကိုအခြေခံတဲ့ Monetized (ဥပမာ- housing assistance)နဲ့ Non-monetized (ဥပမာ-Medicaid)ဆိုပြီးခွဲခြားသတ်မှတ်မယ်ဆိုပါတယ်။ Negative factors များကတော့ အသက် (၁၈)နှစ်အောက်နဲ့ (၆၁)နှစ်အထက်များ၊ Public benefitကိုသတ်မှတ် ကာလ (၁၂)လဆက်တိုက်ကို (၃၆)လတာကာလအတွင်းတဆက်တစပ်တည်းရရှိထားကြသူများ၊ ပါဝင်ကြပါလိမ့်မယ်။ Positive Factors များအနေနဲ့ကတော့၊ အသက်(၁၈)နဲ့ (၆၀) အတွင်းများ၊ ထူးချွန်ပြောင်မြောက်တဲ့အတတ် ပညာနဲ့ဘွဲ့ရရှိကြသူများ၊ ကိုယ်ပိုင်ကျန်းမာရေးအာမခံလက်ဝယ်ရှိ ကြသူများ၊ မိမိတို့ရဲ့ကျွယ်ဝချမ်းသာ မှုကိုထင်ရှားပြနိုင်သူများ၊ မိမိကိုsponsorလုပ်သူများရဲ့ အခွန်ထမ်း ရာဇ၀င်နဲ့ အလုပ်အကိုင်ဝင်ငွေ တည်တန့်မှု၊ တို့အပေါ်မှာများစွာတည်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကြောင့်အမေရိကနိုင်ငံဝင်ခွင့် (သို့မဟုတ်)နိုင်ငံသားဖြစ်ခွင့်ရှောက်ထားကြသူတွေဟာ စည်းစိမ်သာမ ကပညာတတ်ကျွမ်းမှာရှိမှု၊ မရှိမှုပေါ်မှာချိန်ထို့းစိစစ်တော့မှာဖြစ်ပါတယ်။ ဒ့ါအပြင်မိမိကို sponser လုပ်သူတစ်ဦးချင်းအခွန်ထမ်းမှု ကိုစစိစစ်မှာဖြစ်ပါတယ်။ Sponsorလုပ်သူရဲ့ငွေကြေးပမာဏ (သို့မဟုတ်) ပိုင်ဆိုင်မှုစည်းစိမ် (သို့မဟုတ်) လုပ်ငန်းရင်းနှီးမြှုပ်နှံမှုမှာ (၅%) ထက်မနည်းကို၊ လျှောက်ထားသူကပိုင်ဆိုင်ခဲ့ရင် လည်း  ကောင်းမွန်တဲ့အားသာချက်အနေနဲ့သတ်မှတ် ပါလိမ့်မယ်။
လက်ရှိ ကျန်းမာရေးအာမခံဝယ်ထားကြသူတွေပေါ်မှာဘယ်လိုသက်ရောက်မှုရှိမှာလဲ
လက်ရှိအခြေအနေမှာ အလုပ်အကိုင်ကတဆင့်ကျန်းမာရေးအာမခံရရှိကြသူတွေ၊ ကိုယ်ငွေကြေးနဲ့ ကိုယ်ပိုင်အာမခံ (non-tax credit) နဲ့ (၁၀၀%) ၀ယ်ထားကြသူတွေ အတွက်ပြသနာမရှိပါဘူး။ ဒါပေမဲ့ Medicaid (သိုမဟုတ်) အခွန်သက်သာမှု(tax-credit)အရ (သို့မဟုတ်) Obamacareလို့ခေါ်တဲ့ Affordable Care Act အရအာမခံရရှိထားကြသူတွေကိုတော့ Negative factor အဖြစ်သတ်မှတ်ပြီး၊ ကြီးလေးစွာစိစစ်သွားခြင်းခံကြရတော့မှာဖြစ်ပါတယ်။
Caregiver ခေါ် သက်ကြီးစောင့်ရှောက်သူတွေ အတွက်ရော ဘယ်လိုသက်ရောက်မလဲ
သက်ကြီးစောင့်ရှောက်မှုကို ရာနှုန်းပြည့်နီးပါးလုပ်ပေးကြသူတွေ (သို့မဟုတ်) မိသားစုဝင်တွေကိုတော့ စိစစ်ခြင်းမှကင်းလွတ်ဖို့ရှိနေပါတယ်။
Public Benefit ကိုခုမယူဘဲနောင်မှယူခဲ့ရင်ကော ဘယ်လိုစိစစ်မလဲ
ပြဌာန်းချက်က “Likely to receive at anytime to become Public Charge” လို့ဆိုထားတဲ့အတွက် ကြောင့်၊ နောင်ယူခဲ့ဘွယ်အလားအလာတစုံတရာရှိခဲ့တယ် လို့ လူဝင်မှုကြိကြပ်စိစစ်သူတွေက ယူဆ ခဲ့ရင်၊ ဗီဇာငြင်းပယ်ခြင်းခံရသလို၊ နိုင်ငံသားဖြစ်ခွင့်ကိုပိတ်ပင်သွားနိုင်ပါတယ်။ ဒီအချက်ကိုတော့  ပေါ့ပေါ့မတွေးကြစေလိုပါဘူး၊ စိစစ်ချိန်မှာ စိစစ်သူအရာရှိရဲ့ထင်မြင်ယူဆချက်ဟာ အခရာကျလှတာမို့၊ သံသယဖြစ်ဖွယ်အကြောင်းအချက်တခုခုရှိခဲ့ရင် အခွင့်အရေးဆုံးရှုံးမှာဧကန်ပါဘဲ။
ဒီလိုမဖြစ်အောင်ဘယ်လိုပညတ်မလဲ
ပြည်ဝင်ခွင့်လျှောက်ချိန်မှာ Public Charge bondကိုတင်သွင်းကြရမှာဖြစ်ပါတယ်။ တစ်နှစ်စာသတ် မှတ်ချက်ကတော့ ($8,100)ဖြစ်မယ်လို့ဆိုထားပြီး၊ နှစ်အလိုက်အပြောင်းအလဲရှိသွားပါလိမ့်မယ်။ အဲ့ဒီ bond ဟာကတိက၀တ်ပြုကြေငြာလွှာဖြစ်တဲ့အတွက်ကြောင့်၊ မသိလို့ဘဲဖြစ်ဖြစ်၊ တမင်တကာဘဲဖြစ် ဖြစ်  ဖေါက်ဖျက်ခဲ့ရင်၊ (ပြစ်မှုဆိုင်ရာအရေးယူမှုမလုပ်ပေမဲ့၊) နောက်ကြောင်းပြန်ငွေကြေးပေးလျော် ရမဲ့အပြင်၊ ပြည်နှင်ဒါဏ်(deportation)ဖြစ်တဲ့အထိခံကြရပါလိမ့်မယ်။
ပြည်ဝင်ခွင့်စိစစ်ရာမှာ ကျန်းမာရေး စစ်ဆေးချက်တဲ့ဆောင်ရွက်ချက်တွေအပြောင်းအလဲရှိနိုင် ပါသလား
လက်ရှိစိစစ်သူဆရာဝန်များဟာ အစိုးရအသိအမှတ်ပြုများဖြစ်သော်လည်းဘဲ၊ အဲ့ဒီဆရာဝန်များရဲ့စိ စစ်မှုပြုရာမှာ လျှောက်ထားသူရဲ့ရောဂါနောက်ကြောင်းခံဟာ အမေရိကနိုင်ငံအတွက်ကြောက်မက်ဖွယ် ကူးစက်ရောဂါမျိုးတခုခုရှိခဲ့ရင်သော်၎င်း၊ အမေရိကနိုင်ငံရောက်ပြီးမှ ငွေကြေးအလွန်ကုန်ကျတဲ့ ဆေး ၀ါး ကုသမှုမျိုးပြုလုပ်ရန်လိုအပ်တဲ့အခြေနေမျိုးရှိခဲ့ရင်၊ လိုအပ်တဲ့ကုသမှုကိုပြီးပြည့်စုံအောင်ခံယူပြီးမှ၊ ဗီဇာချပေးတဲ့ ဆိုင်းငံ့မှုတွေပြုလုပ်မှာဖြစ်ပါတယ်။
ပြည်ဝင်ခွင့်အပါအ၀င်ဗီဇာမျိုးစုံတွေအပေါ်ဘယ်လိုအပြောင်းအလဲဖြစ်မလဲ။
ပညာသင်၊ ယာယီအလုပ်အကိုင်လုပ်ကိုင်ခွင့်ရရှိကြသူတွေကိုတော့၊ ဗီဇာတရားဝင်ထုတ်ပေးချိန်မှစပြီး၊ (၃၆)လတာကာလအတွင်း (၁၂)လဆက်တိုက်ခံစားခွင့်မယူခဲ့ဘူးဆိုတဲ့အချက်ကိုဘဲစိစစ်မှာဖြစ်ပြီး၊  နောင်အနာဂါတ်ကာလကိုထဲ့မတွက်ဘူးလို့ဆိုပါတယ်။ ဒါက Non-immigrant တွေအတွက်ပါ။ ဒါပေမဲ့ ပြည်ဝင်ခွင့်ပုံစံ I-485, I-129, I-129CW, I-539, I-912နဲ့ I-864တို့ကိုတိုက်ရိုက်အကျိုးသက် ရောက်မှုရှိမှာဖြစ်ပါတယ်။ ၀င်ငွေနည်းလို့ ဗီဇာကြေးကင်းလွတ်ခွင့်လျှောက်ထားချက်ကို အကြီးအ ကျယ်ကန့်သတ်ပြီး၊ ပုံစံI-864Wကိုဖျက်သိမ်းပါလိမ့်မယ်။ ပုံစံအသစ်များဖြစ်တဲ့ I-944 (Declaration of Self-sufficiency)မိမိကိုယ်ပေါ်မိမိရပ်တည်မည်ဖြစ်ကြောင်းခံဝန်ကတိကြေငြာလွှာ နဲ့ I-945 (Public Charge Bond)ငွေသားပမာဏတင်သွင်းလွှာ တို့ကိုလူတိုင်းဖြည့်သွင်းကြရပါတော့မယ်။ အဲ့ဒီ Public Charge Bond လည်းကာလ/ပမာဏအကန့်အသတ်မဲ့ထားရှိကြရမှာဖြစ်ပါတယ်။ ဆိုလိုတာက ကတိက၀တ်ပျက်ကွက်ခဲ့ရင်ဘဲဖြစ်ဖြစ်၊ ဖေါက်ဖျက်ခဲ့ရင်ဘဲဖြစ်ဖြစ်အစိုးရကပံ့ပိုးတဲ့ပမာဏကိုတွက် ချက်ပေးလျော်ရန်တောင်းဆိုတဲ့အခါမှာ အဲ့ဒီ Bond တန်ဘိုးမကရှိလိမ့်မယ်ဆိုတာကို ကြိုတင်သိထား ကြဘို့ပါ။
Public Charge Bond ပျက်ပြယ်ခြင်း (သို့မဟုတ်) ပါယ်ဖျက်ခြင်း
နိုင်ငံသားပြုခွင့်ရခြင်း(become a naturalized citizen)၊ အမေရိကမှအပြီးအပိုင်ထွက်ခွာခြင်း၊  သေဆုံးခြင်း၊ Greencardလက်ဝယ်ထားရှိပြီး တဆက်တစပ်တည်း(၅)နှစ်သက်တမ်းပြည့်သွားခြင်း၊ အခြား immigration အဖြစ်အသွင်ပြောင်းယူပြီး ခံစားခွင့်တစုံတရာမယူခြင်း၊ မယူခဲ့ခြင်း တို့ဆိုရင် ပျက်ပြယ်တယ်လို့ဆိုပါတယ်။
အမေရိကနိုင်ငံသားအဖြစ်ခံယူလိုသောဆန္ဒကြောင့် Public Charge ကိုရယူရန်ငြင်းပယ်ကြသူပေါ်   ပေါက်နိုင်ပါသလား။ အဲ့ဒါဆိုရင်အမေရိကနိုင်ငံရဲ့ပြည်သူ့ဘဏ္ဍာငွေဘယ်လောက်သက်သာမလဲ။
ဒီအချက်ဟာ အမေရိကနိုင်ငံရဲ့လက်ရှိပြည်ဝင်ခွင့်မူဝါဒကိုမေးခွန်းထုတ်ကြသူတွေမေးလေ့ရှိတဲ့မေးခွန်း ဖြစ်သလို၊ လက်ရှိအစိုးရရဲ့ဖြေရှင်းချက်ကို စောဒကတက်ကြမဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ၊ လူဝင်မှုကြိ ကြပ်ရေးအာမခံ နဲ့ခံစားချက်ကိုကာကွယ်ကြသူတွေရှိနေပါတယ်။ ဒီအစီအမံကြောင့် ပြည်သူ့ဘဏ္ဍာ ကနှစ်စဉ် ဒေါ်လာ(၃၅) သန်းကျော်ပိုမိုသုံးစွဲကြရမှာဖြစ်ပေမဲ့၊ Public Chargeကို ခံစားခွင့်ရှိသော်လည်း ဘဲရှောင်လွှဲမဲ့ အရိပ်အရောင်တွေရှိတာကြောင့် နှစ်စဉ် ဒေါ်လာ (၂၄၇၀)သန်းပြည်သူ့ဘဏ္ဍာကခြိုးခြံ ခွင့်ရမယ်လို့ဆိုထားပါတယ်။
စာမျက်နှာပေါင်း (၈၃၇)မျက်နှာပါဝင်တဲ့ ကြေငြာချက်ဟာ လာမဲ့ အောက်တိုဘာလလယ်လောက်မှာ အာဏာသက်ဝင်တော့မှာဖြစ်ပါတယ်။ ဒီကြေငြာချက်ဟာ နိုင်ငံရေးအားပြိုင်မှုများစွာရှိတဲ့အတွက်၊ ဒီဆောင်းပါးကို စာဖတ်သူတို့ဖတ်ရှုနေချိန်မှာ၊ တမျိုးတမည်ပြောင်းကောင်းပြောင်းနိုင်ပါတယ်။ ဒါပေမဲ့အထက်ကဆိုခဲ့သလို အမေရိကနိုင်ငံသားအခွန်ထမ်းများရဲ့ ဘဏ္ဍာကနေဖဲ့ယူပေးနေရတာကို မနှစ်မြို့တဲ့ လူမျိုးကြီးဝါဒီလွှမ်းမိုးလာတဲ့ ခေတ်မှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို သတိချပ်ကြဘို့လိုပါ တယ်။
အမေရိကနိုင်ငံကိုလာဘို့ကြိုးစားကြသူတွေ၊ နိုင်ငံသားအဖြစ်ခံယူဘို့ ဟန်ပြင်နေကြသူတွေ၊ လက် မနှေး သင့်တဲ့ အချိန်ပါ။ လာမဲ့ အောက်တိုဘာလလယ်ပြီးမှ စတင်လျှောက်ထားကြမဲ့သူတိုင်းဟာ ဒီပြဌာန်းချက်ရဲ့ ကြီးစွာသော ကန့်သတ်ချက်များထဲအကြုံးဝင်သွားမယ်ဆိုတာကို ကြိုတင်သတိပေး ပါရစေ။ ကျွန်တော်တို့မြန်မာများဟာ အလုပ်အကိုင်ရရှိရေး နဲ့ပါတ်သက်ပြီး ပြောင်းရွှေ့ခါစအချိန်မှာ အခက်အခဲရှိတတ်ကြပေမဲ့၊ မကြာခင်မှာဘဲ အလုပ်ကိုယ်စီရကြလေ့ရှိပါတယ်။ အဓိကပြဿနာက သက်ကြီးပိုင်းတွေပါဘဲ။ စရိတ်စကကြီးလေးလှတဲ့ ဆေးကုသစရိတ်ကြောင့်Medicaid ကိုရယူကြရ ပါတယ်။ အောက်ပါအချက်ကြီး(၂)ချက်ကိုခုကတည်းကစဉ်းစားလမ်းရွေးကြရမဲ့အချိန်ပါ။
(က) Public Charge လို့ခေါ်တဲ့ အစိုးရအထောက်အပံ့ကိုလုံးဝမယူဘဲ၊ နိုင်ငံသားဖြစ်ရေးကိုဘဲဦး တည်တဲ့ လမ်းကိုရွေးမလား၊
(ခ) ဖေါ်ပြခဲ့တဲ့ အထောက်အပံ့တွေကိုရယူပြီး နိုင်ငံသားဖြစ်ရေးကို လက်လွှတ်ကြမလား၊
ဒါပေမဲ့ အဲ့ဒီလမ်းကြောင်းနှစ်ခုလုံးမှာ အားသာချက်တွေရှိသလို၊ အားနည်းချက်တွေလဲရှိနေပါတယ်။ အဲ့ဒီအားသာ/အားနဲချက်တွေကို မိမိတို့လမ်းရွေးချယ်ပြီးမှ သိရှိခွင့်ရကြမှာမို့၊ အမေရိကနိုင်ငံမှာ ရှင်သန်ရပ်တည်ရေးဟာ၊ နောင်အမေရိကသို့ပြောင်းရွှေ့အခြေချလိုသူတွေရဲ့ ဘ၀တည်ငြိမ်လုံခြုံရေး ကိုကြီးစွာစိမ်ခေါ်မှာအမှန်ဘဲဆိုတာကို ကြိုတင်တပ်လှန့် အသိပေးပါရစေ။ လာမဲ့အောက်တိုဘာနှစ် လယ်ကိုရောက်ရှိဘို့ နာရီစက်လည်နေပြီ ဆိုတာကို သတိချပ်ကြပါလို့။