Tuesday, October 18, 2022

EV ခေါ် လျှပ်စစ်ကားဝယ်ဘို့စဉ်းစားကြမယ်ဆိုရင်

ဒီကိစ္စက လူတိုင်းပါးစပ်ဖျားမှာ ဆွေးနွေးနေရတဲ့အချိန်အခါရောက်ကြပြီမို့၊ မောင်မိုးညိုလည်းကိုယ့်ရဲ့ လေ့လာမှတ်သားချက်တွေနဲ့ ရှာဖွေစုဆောင်းတင်ပြလိုက်ပါတယ်။ သိကြတဲ့အတိုင်းဘဲ အမေရိနိုင်ငံ ကြီးမှာ Tesla အပါအဝင် လျှပ်စစ်ကားထုတ်လုပ်ရောင်းချတဲ့စက်ရုံကြီးတွေ နေ့ချင်းညချင်းတိုးပွား လာပြီး Elon Mask လိုကြွယ်ဝချမ်းသာသူတွေပေါ်ပေါက်လာတာ တကယ်တော့ဆယ်စုနှစ်တခု အတွင်းမှာပြောင်းလဲတိုးတက်လာတဲ့ကာလကြီးတခုဖြစ်နေပါပြီ။ သစ်လွင်ပြီး၊ ဆန်းသစ်တဲ့တီထွင်မှု တွေစုံလင်တဲ့အပြင်၊  လူတိုင်းကို ဆွဲဆောင်မှုအပြည့်ပေးနေတဲ့လျှပ်စစ်ကားတွေက လမး်တွေပေါ်ပ လူပျံလာတာ မျက်စေ့တဆုံးမို့လား။ အရင်က Tesla စီးနိုင်သူတွေဟာလက်တဆုပ်စာလူချမ်းသာများ ဆိုတဲ့ခေတ်ကနေ၊ ခုလေးငါးနှစ်အတွင်းမှာ၊ အိမ်နားချင်းတွေထဲမမှာတောင် သာမာန်လူတန်းစားကြား ထဲတိုးဝှေ့နေရာယူလို့နေပါပြီ။ အဓိကတွန်းအား ကတော့ Clean Energy ကိုတွန်းအားပေးတဲ့ ပါတ်ဝန်း ကျင်လေထုညစ်ညမ်းမှုကိုကာကွယ်တဲ့ တွန်းအားပေးမြှင့်တင်နေတဲ့ နိုင်ငံရေးရေစီးကြောင်း၊ စျေးကွက် ထဲအရောက်ပို့နိုင်တဲ့ယာဉ်တွေနဲ့ တရိပ်ရိပ်ကျဆင်း လာတဲ့ယာဉ်တန်ဘိုးတွေဟာ ဆွဲဆောင်မှုလက် နက်တွေပါဘဲ။ ပြိုင်ဆိုင်မှုကြီးမားတဲ့စျေးကွက်မှာ၊ ဖန်တီး သူပညာရှင်များရဲ့ဆန်းသစ်တဲ့အယူအဆနဲ့ နည်းပညာတွေဟာလဲ အရေးပါတဲ့မောင်းနှင်တံတွေဖြစ်လို့နေပါပြီ။ ခုဆောင်းပါးရေးချိန်မှာအဓိကစိမ်ခေါ်နေတဲ့အချက်(၂)ခုဖြစ်တဲ့ လျှပ်စစ်ကား များခရီးလမ်းမိုင် ပိုမိုရှည် လျားစွာမောင်းနိုင်မဲ့ဘက်ထရီအမျိုးအစားသစ်များပေါ်ထွက်လာရေးနဲ့ ၀ယ်ယူသူတွေလိုချင်တဲ့အချိန် မှာသင့်တင့်တဲ့စျေးနှုန်းနဲ့ဝယ်ယူနိုင်တဲ့ ယာဉ် inventory အဆင်သင့်ရှိနေဘို့ဆိုတဲ့ကိစ္စ ကြီးတွေဘဲ. ကျန်ပါတော့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဓါတ်ဆီ(စက်သုံးဆီ)ထဲ့ရတဲ့စရိတ်နဲ့အချိန် ကိုဖြေရှင်း ပေးနိုင်မဲ့အဖြေဟာ လျှပ်စစ်ယာဉ်များလို့ လူတွေစတင်လက်ခံလာကြပြီဆိုတဲ့အချက်ဖြစ်လို့နေပါတယ်။

ဒါပေမဲ့လဲဒီကြီးမားတဲ့ဝယ်ယူသုံးစွဲကြမဲ့ consumers တွေကြားထဲမှာ မချင့်မရဲဖြစ်မှုတွေကတော့ရှိနေ ဆဲလို့စျေးကွက်လေ့လာသူသုတေသီတွေကဝန်ခံထားကြပါတယ်။ စက်သုံးဆီကိုအခြေခံတဲ့ယာဉ်ထုတ် လုပ်သူတွေရဲ့အနေအထား၊ နိုင်ငံရေးရေစီးကြောင်း၊ စီးပွားရေးကမောက်ကမဖြစ်မှု၊ အဆမတန်ကြီး မားလာတဲ့ကုန်စျေးနှုန်းနဲ့ supply-chain shortage၊ လျှပ်စစ်ယာဉ်များရဲ့ သုံးစွဲသူတွေအတွက်လက် တွေ့နေ့တဓူဝလိုအပ်ချက်တွေကိုဖြည့်စွမ်းပေးနိုင်မှုအလားအလာ စသည်တို့ဟာ ဒွိဟပွားစေတဲ့အချက် တွေပါ။ အမှန်ပြောရရင် မိမိတို့ရဲ့နှစ်ပရိစ္ဆေဒကြာအရိုးစွဲနေကြတဲ့ ဓါတ်ဆီကိုအခြေခံတဲ့ယာဉ်တွေကနေ လျှပ်စစ်သုံးယာဉ်တွေပြောင်းသုံးကြမယ်ဆိုရင် ကြိမ်းသေရင်ဆိုင်ရမဲ့ Lifestyle ပြောင်းလဲမှုဟာ မဖြစ် မနေရှိလာမှာဖြစ်ပါတယ်။ Tesla လိုယာဉ်လက်ထဲရောက်ပြီးမှ အကြောင်းကြောင်းကြောင့် ဓါတ်ဆီကို အခြေခံတဲ့ယာဉ်တွေနဲ့ပြန်လဲလှယ်ကြတဲ့အဖြစ်တွေလဲကြားဘူးလာရပါတယ်။


ကဲ မှတ်စုလေးတွေလေ့လာကြရအောင်ပါ။


EV ၀ယ်ယူသုံစွဲခြင်းအားဖြင့် အစိုးရထံက ရနိုင်မဲ့ rebates များ

သမ္မတဘိုင်ဒင်အစိုးရက. တလောကလက်မှတ်ရေးထိုးထုတ်ပြန်တဲ့  $၇၄၀ဘီလီယံတန်ဘိုးရှိတဲ့ Inflation Reduction Act က EV တွေအတွက်အခွန်ကြေးသက်သာရေးအစီအစဉ်တွေပါနေပါတယ်။ အဲ့ဒီဥပဒေက အခွန်သက်သာခွင့်အနေနဲ့ EV အသစ်ဆိုရင် $7,500၊ အဟောင်းဆိုရင် $4,000 အထိရမယ်လို့ဆိုပါတယ်။ လက်ရှိ 2023 Nissan Leafe EV ဟာ $27,800 ရှိပြီး၊ ဓါတ်ဆီနဲ့မောင်းရတဲ့ 2022 Nissan Sentra ဟာ $19,500 မို့စျေးပိုကြီးတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့  rebate အရဆိုရင်၊ စျေးတူတူနဲ့တင် အဆင့်မြင့်တဲ့ EV ကိုမောင်နှင်နိုင်ခွင့်ရကြပြီပေါ့။ ဒါပေမဲ့  ဓါတ်ဆီနဲ့လျှပ် စစ်တဝက်ဆီလောက်သုံးတဲ့ hybrid တွေကတော့အဲ့ဒီလောက် rebate မရနိုင်ကြပါဘူး။ ဒီအပြင် အဲ့ဒီ EVs တွေဟာမော်တော်ယာဉ်ထုတ်လုပ်မှုနောက်ဆုံအဆင့် (“final assembly”) အမေရိကပြည်တွင်း မှာဆင်တဲ့ယာဉ်များသာဖြစ်ရပါမယ်။ လက်ရှိ models (၃၁)ခုဘဲခွင့်ပြုပါတယ်။ ဆိုလိုတာက Tesla ဆိုတိုင်းခံစားခွင့်မရကြောင်းပါ။ အစီးရေရောင်းချမှုကန်ုသတ်ချက်လဲရှိတာမို့ “ဦးရာလူ”စနစ်လဲပါသေး ပါတယ်။ California ပြည်နယ်ကတော့ ပြည်နယ်အစိုးရအစီအမံနဲ့ $7,000 အထိကို ယာဉ်အမျိုးအစား EVs တွေအတွက် rebates ပေးဘို့အစီအစဉ်ရှိနေပါတယ်။ California Fuel Reward Program အရ $750 တော့ လျှပ်စစ်ကားဝယ်ယူသူတိုင်းလိုလိုက ရရှိကြမယ်လို့ဆိုထားပါတယ်။ Southern California Edison (SCE) လိုလျှပ်စစ်ဓါတ်အားပေးကုမ္ပဏီတွေကလည်း $1,000 ပေးဘို့ရှိနေပါ တယ်။ 


EVs တွေအတွက်လိုအပ်မဲ့အိမ်တွင်း(ကားဂိုထောင်တွင်း)အပြင်အဆင်

EVအတော်များများဟာ လက်ရှိသုံးစွဲနေတဲ့ 110-volts လျှပ်စစ်ခုံမှာအားသွင်းနိုင်တယ်လို့ဆိုပါတယ်။ ဒါကို (Level 1) charging အားသွင်းစနစ်လို့ခေါ်ပြီး၊ နေ့တပိုင်းလောက်အနည်းဆုံးအားသွင်းရတာမို့ သိပ်အဆင်မပြေကြပါ။ အဲ့ဒီအတွက် Level 2 လို့ခေါ်တဲ့ 220-volts ကိုပြောင်းလဲတပ်ဆင်သုံးကြသူ များပါတယ်။ အဲ့ဒီအတွက် လျျှပ်စစ်ဓါတ်အားခတဟုန်ထိုးတက်သွားတာကို သုံးစွဲကြသူတွေက မျက် လုံးပြူးကြရပါတယ်။ တွက်ချက်ကြည့်ရင် တလကိုပျမ်းမျှအနည်းဆုံး $80 ပိုမိုကုန်ကျမှာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ပေါက်ရေရှည်ကိုကြည့်ရင် လက်ရှိဓါတ်ဆီစျေးအရ Nissan Sentra ပိုင်ရှင်တဦး ဟာ Nissan Leafe ပိုင်ရှင်ထက် ($1,100) ပိုကုန်တယ်လို့လဲဆိုထားပြန်ပါတယ်။ ဒါပျမ်းမျှသုံးစွဲကြသူတွေ ကိုလေ့လာကြည့်ရသလောက်ပါ။ အဲ့ဒီအတွက် အိမ်ပိုင်ရှင်တွေက Solar panels တွေပြောင်း လဲတပ် ဆင်ပြီး မိမိအိမ်လျှပ်စစ်သုံးစွဲမှုရေရှည်အတွက်ရော၊ ကိုယ့်ယာဉ်အတွက်လက်တွေကျစရိတ်ကာမိနိုင် မဲ့အစီအမံတွေလုပ်လာကြပါပြီ။ 


ပြင်ပအများသုံး public areas တွေမှာရှိတဲ့ charging stations တွေရဲ့အခြေအနေ

လက်ရှိ charging stations (California):

Level 1 – (၆၂၉)ခု

Level 2 – (၇၁၂၃၆)ခု

Level 3 – (၇၁၅၈)ခု ရှိနေပါတယ်။

Super chargers တွေကိုတော့ Level 3 stations (DC Fast Chargers  480 volts) တွေလို့ခေါ် ထားကြပါတယ်။ စျေးကြီးပေမဲ့တဖြေးဖြေးလျော့နညး် သွားမယ်လို့မျှော်မှန်းကြပါတယ်။ အချိန်အနေနဲ့ နာရီဝက်အတွင်းအားအပြည့်ဖြည့်နိုင်တယ်လို့ဆိုထားပါတယ်။ လက်ရှိအခြေအနေမှာ ဒီ Super-charger တွေဟာ $16 လောက်ပေးမှ အားအပြည့်ဖြည့်နိုင်ပါမယ်။ အချို့နေရာတွေမှာ၊ shopping centers တွေ (Amazon Centers) တွေ၊ ရုံးတွေမှာ အခမဲ့လို့ ဆိုကြပါတယ်။ ဒီ့အပြင် မိမိတို့သွားမဲ့. ခရီးစဉ်လမ်းကြောပေါ်မှာရှိနိုင်မဲ့ အားသွင်း charging stations တွေရဲ့တည်နေရာတွေကို navigations တွေမှာစတွေ့နေကြရပါပြီ။ 

California ပြည်နယ်အတွင်းမှာ charging stations (၈)သောငး်ဘဲရှိနေပေမဲ့ (၂၀၃၀)မှာ (၇)သိန်းခွဲ အထိတိုးချဲ့ဘို့ရှိနေပါတယ်။ (၂၀၃၅)မှာတော့ (၁.၂)သန်းအထိရှိလာနိုင်ပါလိမ့်မယ်။


လက်ရှိ EVs တန်ဘိုးများ (Kelly Blue Book အရ)

ပျမ်းမျှအနေနဲ့ ($66,997) ပါ။

Tesla - $75,000

Nissan Leaf - $28,495

Chevy Bolt - $32,495

VW ID.4 - $42,525


EVs ယာဉ်တွေအတွက် maintenance, ပြင်ဆင်မှုနဲ့ အာမခံ insurance

EVs တွေဟာ တည်ဆောက်ပုံရှင်းလင်းတဲ့အတွက် ပြင်ဆင်မှုဆိုတာထက် အဆင့်မြှင်မှု update/upgrades လို့ဆိုရင်ပိုမှန်လိမ့်မယ်လို့ ပညာရှင်များကဆိုကြပါတယ်။ မိမိတို့ရဲ့ cell phones များကို update လုပ်ကြရတဲ့သဘောပါ။ လျှပ်စစ်အိုးဘက်ထရိများရဲ့သက်တမ်းဟာခုချိန်မှာ (၁၀)နှစ် လောက်အထိကောင်းကောင်းသုံးနိုင်နေကြပါပြီ။ အရွယ်အစားပိုသေးတဲ့ဘက်ဖထရီအိုးမျိုးသုတေသန ပြုထုတ်ဖို့ အစီအစဉ်အတော်ခရီးရောက်နေပြီလို့ဆိုကြပါတယ်။ 

အာမခံပရိမီယံကြေးကတော့ သာမာန်ဓါတ်ဆီကိုအခြေခံတဲ့ယာဉ်ထက် $100 ပိုမိုကုန်ကျနေကြောင်း ဆိုထားပါတယ်။ စတင်ပေါ်ပေါက်စဉ်က အဆမတန်စျေးကြီးပေမဲ့ ခုချိန်မှာတော့ ပရီမီယံနှုန်းထားတွေ တရိပ်ရိပ်ကျဆင်းလာတာကိုဝမ်းမြောက်ဘွယ်တွေ့နေရပါပြီ။


ဒါဆို EV လက်ဝယ်ရှိတဲ့အတွက်ရေရှည်မှာ ဘယ်ယာဉ်ကပိုမိုခြိုးခြံချွေတာရာရောက် မလဲ?

ဒါဟာဖြေရခက်တဲ့မေးခွန်းပါ။ ဒါပေမဲ့ AAA ရဲ့တွက်ချက်ပြမှုကတော့ Nissan Leafe EV ပိုင်ရှင်တ ယောက်အနေနဲ့ (၅)နှစ်တာကာလအတွက် အထွေထွေကုန်ကျစရိတ်ပေါင်း ($40,754) ရှိပြီး၊ Nissan Sentra ပိုင်ရှင်ကတော့ ($52,868) ကုန်မယ်လို့တွက်ချက်ပြထားပါတယ်။ 


EVs များထုတ်လုပ်တည်ဆောက်နိုင်မဲ့အလားအလာ

California ပြည်နယ်က (၂၀၃၅)နောက်ပိုင်းလျှပ်စစ်ယာဉ်များသာထုတ်လုပ်ရေးဥပဒေသက်ရောက်မှု ဟာလူတိုင်းကိုမျက်စေ့လည်စေနေပါတယ်။ အဲ့ဒီဥပဒေက (၂၀၃၅)နောက်ပိုင်းထုတ်လုပ်ရောင်းချမဲ့ ယာဉ်အသစ်များနဲ့သာသီးသန့်ဆိုင်ပါတယ်။ လက်ရှိဓါတ်ဆီကိုအခြေခံတဲ့ယာဉ်ပိုင်ရှင်တွေစိုးရိမ်စရာ မလိုပါ။ ဆက်သုံးစွဲနိုင်သေးတယ်ဆိုပါတယ။် ဒါပေမဲ့လမ်းပေါ်မှာ ဓါတ်ဆီသုံးယာဉ်တွေစောနိုင်သမျှ စောစီးစွာပျောက်ကွယ်သွားရေးဟာ အစိုးရကဦးတည်နေတဲ့လမ်းကြောင်းဆိုတာကို သတိပြုမိကြရပါ မယ်။ အဲ့ဒီအတွက်လက်ရှိဓါတ်ဆီအခြေခံတဲ့ယာဉ်ပိုင်ရှင်များကလည်းအနှေးနဲ့အမြန်ဆိုသလို သူတို့ပိုင် ယာဉ်တွေကိုရောင်းချကြမယ်လို့တွက်ချက်ရပါတယ်။ California ပြည်နယ်နညး်တူ အခြားပြည်နယ်အ တော်များများကလည်းလိုက်လုပ်ကြဘို့အလားအလာများပါတယ်။ (၂၀၂၆)နောက်ပိုင်းယာဉ်အသစ်ထုတ် လုပ်တဲ့ကုမ္ပဏီများဟာ (၃၅%)သောယာဉ်အသစ်များဟာ လျှပ်စစ်ယာဉ်မျာဖြစ်ကြရပါမယ်။ နှစ်အလိုက် အဲ့ဒီ%ကတိုးသွားပါလိမ့်မယ်။ အဲ့ဒီမျှော်မှန်းချက်တွေအ တွက်လည်းဆုပေးဒါဏ်ပေးစနစ်ရှိမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ယာဉ်ပိုင်ရှင်များကိုတော့ဒါဏ်မရိုက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့အဲ့ဒီဥပဒေတွေဟာ မော်တော်ဆိုက်ကယ်နဲ့ထရပ်အသေးစားတွေ (motorcycles & semi-trucks) တွေနဲ့မသက်ဆိုင်ပါဘူး။ ရာသီဥတု Climate change ကိစ္စက သွားလေသူသမ္မတ Ronald Reagan လက်ထက်ကတည်းက စတွန်းအားပေးတဲ့ကိစ္စပါ။ Clean energy/ renewable energy ဆိုတဲ့ကိစ္စတွေကအဲ့ဒီအတည်းက အစပျိုးခဲ့ကြတာပါ။


အဲ့ဒီမျှော်မှန်းချက်ကို မော်တော်ယာဉ်ထုတ်လုပ်သူတွေမှီနိုင်ပါ့မလား?

အမှန်တကယ်အားဖြင့်ကတော့ မော်တော်ယာဉ်ထုတ်လုပ်သူတွေကိုယ်တိုင် လျှပ်စစ်ယာဉ်ထုတ်လုပ် ရေးကိုစိတ်အားထက်သန်ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ပင်မကုမ္ပဏီကြီးများဖြစ်တဲ့ General Motors နဲ့ Ford တို့ကအင်တိုက်အားတိုက်လုပ်နေကြပါပြီ။ လက်ရှိမှာ models အမျိုးအစားပေါင်း (၁၂၂)ခုထိတောင်ရှိနေတာကိုကြည့်ကြပါ။ California ပြည်နယ်မှာယာဉ်ပိုင်ရှင်(၆)ဦးမှာ(၁)ဦးဟာ EVပိုင်ရှင်တွေဖြစ်နေပါပြီ။ လာမဲ့ (၂၀၃၅)မှာတနှစ်ကို ယာဉ်အစီးရေ(၂)သန်းထုတ်လုပ်ဖို့မျှော်မှန်း ပါတယ်။

Canada နိုင်ငံဟာလည်းလာမဲ့ (၂၀၃၅) နဲ့ Mexico ကလည်း (၂၀၄၀)မှာ လျှပ်စစ်ကားများကိုသာ ထုတ်လုပ်ရောင်းချဘို့အစီအမံတွေရှိနေပါပြီ။ ဓါတ်ဆီဆိုင်တွေရဲ့အရေအတွက်ကိုလည်းလျှပ်စစ် charging stations တွေကဝင်ရောက်နေရာယူလာပါလိမ့်မယ်။


 EVs ယာဉ်များဟာ နည်းပညာတိုးတက်ရေးအနာဂါတ်အိပ်မက်ကမ္ဘာရဲ့ ပြယုဂ်တွေပါ။ စက္ကန့်နဲ့အမျှ တိုးတက်ထွန်းကားနေတဲ့ IT နည်းပညာရဲ့အခြေခံအုတ်မြစ်ကိုလည်းရယူထားပါတယ်။ ကိုယ်စီးနေ တဲ့ယာဉ်နဲ့ပါတ်သက်ပြီး၊ အပြောင်းအလဲ၊ မိုင်နှုန်း၊ မောင်းနှင်မှု behavior တို့ဟာဆိုင်ရာ ကားထုတ် လုပ်တဲ့ကုမ္ပဏီအဆောက်အအုံမှာ စက္ကန့်မပြတ်မှတ်တမ်းတွေရေးသွင်းနေပါပြီ။ ကိုယ့်ရဲ့ယာဉ် မိုင် ဘယ်လောက်မောင်းထားလဲဆိုတဲ့မှတ်တမ်းကစလို့၊ ကားဘယ်နေရာမှာရပ်ထားခဲ့သလဲ၊ ဘက်ထ ရီနဲ့လိုအပ်တဲ့အင်ဂျင်တွေရဲ့ကျန်းမာရေး (vehicle health status) တွေဟာ ကိုယ်တိုင်မသိရခင်မှာ တင်မှတ်တမ်းအဖြစ်ထိမ်းသိမ်းထားနိုင်ပါပြီ။ မိမိရဲ့ကိုယ်ရေးအချက်အလက်နဲ့မောင်နှင်မှုဆိုင်ရာ ရာဇဝင်(driving history) တို့တောင်မှတ်တမ်းဝင်နိုင်တဲ့အတွက်၊ လုံခြုံမှုနဲ့ ကိုယ်ရေးကိုယ်တာကိစ္စ (personal data) တွေရဲ့ privacy ကိုကာကွယ်နိုင်ရန်အလို့ငှာ၊ မှတ်တမ်း tracking မလုပ်တာကို ကြည့်ရင် နည်းပညာအံ့မခန်းမှုကို ဘရိတ်အုတ်နေကြရတဲ့ကာလထဲရောက်နေပါပြီ။ မောင်းသူမဲ့ (driverless) ယာဉ်ဟာလက်တကမ်းမှာသာလိုတော့တဲ့အပြင်၊ အများသုံးလမ်းအန္တရယ်ဘယ်လောက် ကင်းနိုင်လဲဆိုတဲ့မေးခွန်းသာဖြေဘို့လိုပါတော့တယ်။ ဥပဒေကြောင်းကနောက်ကလိုက်နေရပါတယ်။

မြန်မာတွေ EV လျှပ်စစ်ယာဉ်ဝယ်ယူရာမှာ မိမိတို့ lifestyle နဲ့လိုက်လျောညီထွေလိုရင်းသက်သက်ပါ။