Saturday, December 29, 2018

အရွယ်လွန်ဘ၀တွင် အမေရိကသို့ ပြောင်းရွှေ့အခြေချခြင်း

ကျွန်တော်အရင်ကဆောင်းပါးအတော်များများမှာ အသားပေးရေးသားလေ့ရှိတဲ့အချက်(၄) ချက်ကို ပြန်စမြုံပြန်ရင်း ဒီဆောင်းပါးကိုစပါရစေ။
(၁) “အိမ်” လို့ခေါ်တဲ့ အတည်တကျနေစရာရှိရပါမယ်။ (Must have a place you can call a home.)
(၂) ၀င်ငွေပုံမှန်ရှိတဲ့ အတည်တကျအလုပ်တခုရှိနေရပါမယ်။ (Must have a promising job that pay you regularly.)
(၃) ပြဌာန်းထားတဲ့ဥပဒေတွေနဲ့ကိုက်ညီတဲ့ အလုံးစုံလွှမ်းခြုံမှုရှိတဲ့ ကျန်းမာရေးအာမခံ ရှိရပါမယ်။ (Must have a health insurance that carries the standard comprehensive coverage.)
(၄) အမေရိကပြည်ထောင်စုရဲ့ ပြဌာန်းထားတဲ့ဥပဒေတွေ နဲ့ လူမှုဆက်ဆံရေးယဉ်ကျေးမှုစနစ်ကို လက်ခံယုံမက ကြိုက်နှစ်သက်လိုက်နာလိုမှုအပြည့်ရှိရပါမယ်။ (Must have a willingness to obey the laws and regulations and like the socio-cultural denominations.)
ထပ်လောင်း ပြောရရင် ဖေါ်ပြတဲ့အချက်(၄) ချက်စလုံးကို ရာနှုန်းပြည့်ပြည့်စုံပြီး၊ ကြိုက်နှစ်သက်မှု လည်းရှိရပါမယ်။ ဆိုလိုတာက အချက်(၄)ချက်မှာ(၃)ချက်တော့ပြည့်စုံယုံနဲ့ မလုံလောက်ကြောင်းပါ။ အဲ့ဒီအချက်(၄)ချက်လုံးကိုရာနှုန်းပြည့် မရှိနိုင်လို့ကတော့ ရှင်းပါတယ်၊ အမေရိကမှာအသက်ရှင် ရပ်တည် ဘို့အလွန်ခဲယဉ်းသွားပြီလို့ဆိုပါရစေ။ မဖြစ်သာလို့သာနေရတာ၊ နေ့ရှိသရွေ့ မြန်မာပြည် ကိုပြန်တမ်းတရင်း၊ ကြိတ်ပြီးမျက်ရေကျနေကြရမှာအမှန်ပါ။ ဆရာဝန်တွေ ကိုယ်ပိုင်စီးပွားရေးတွေ နဲ့ဝင်ငွေကောင်းတိုင်းလည်း၊ အဲ့ဒီအချက်(၄)ချက်စလုံးနဲ့မပြည့်စုံလို့ကတော့၊ ဘ၀ရှင်သန်ရပ်တည်ရေး ကတော့မလွယ်ရေးချမလွယ်ပါခင်ဗျား။ အဲ့ဒီအဖြစ်မျိုးရောက်နေသူမြန်မာများအတော်အတန်တွေ့နေရ တာစိတ်မချမ်းသာဘွယ်ပါ။ ပြောရရင် ဒီနိုင်ငံကိုရောက်အောင်နည်းမျိုးစုံအားထုတ်ကြိုးပမ်းကြရသူတွေ ချည့်ပါဘဲ။ အမေရိကနိုင်ငံကြီးကလာနေပါလို့ တကူတကဖိတ်ကြားပြီး ရောက်လာတဲ့သူတဦးမှမရှိပါ ဘူး။ ကိုယ်လမ်းကိုယ်ထွင်ပြီး ကြားကုတ်ကြားခဲရောက်လာကြရသူတွေချည့်ပါဘဲ။ မောင်မိုးညိုတို့ အပါအ၀င်ပေါ့။
ဒီလိုဆိုရင် ဘယ်အသက်အရွယ်ပိုင်းရောက်လာသူမြန်မာအများစုတွေမှာ ဆိုခဲ့တဲ့ ဒုက္ခတွေ သက်ရောက်သလဲဆိုတာလေ့လာရအောင်ပါ။ အများအားဖြင့်ကတော့ သက်ကြီးပိုင်း (မှီခို သူတွေ အဖြစ်နဲ့) ရောက်ရှိလာကြသူတွေပါ။ နေ့တဓူဝ မသွားတတ်၊ မပြောတတ်၊ စကားစမြည်ပြောစ ရာမရှိ၊ စနစ်ဆက်ဆံရေးနားမလည်တဲ့ နေ့၊လ၊နှစ်တွေကြာလာတော့၊ (အရင်ကအမေရိကနိုင်ငံကြီးမှာ သွား နေမယ်လို့ ဆွေမျိုးမိတ်သင်္ဂဟအလယ်မှာကြွားလာခဲ့သမျှ) ခုမှကြိတ်ပြီးဒူးနဲ့မျက်ရေသုတ်ရတဲ့ဘ၀ကို ဆိုက်မှန်းမသိဆိုက်လာကြရပါတယ်။ အဖေါ်အဖြစ်ရောက်လာကြသူတွေပါရင်တော့ တယောက်နဲ့ တယောက်သူ့ကြောင့် ငါ့ကြောင့်အပြစ်တွေပုံချကြတဲ့အချိန်တွေပေါ့။ သက်ကြီးပိုင်းတွေတင်လား ဆိုတော့ လူလတ်ပိုင်းရော လူငယ်ပိုင်းတွေပါ ပါကြပါတယ်။ မယုံမရှိကြပါနဲ့။ တကယ်အဖြစ်တွေပါ။
လက်ရှိအမေရိကနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ယဉ်ကျေးမှုရေစီးကြောင်းအနေ အထားကိုသုံး သပ်ကြည့်မယ်ဆိုရင် မိမိကိုယ်တိုင်က ပညာပိုင်းဆိုင်ရာ၊ ခေတ်ရေစီးကြောင်းပေါ်မှာ တပြေးညီ လိုက်နေနိုင်သူတွေဆိုရင်တော့၊ အမေရိကားမှာရှင်သန်ရပ်တည်ဘို့ အလားအလာကောင်းပါတယ်။ဒါမှမဟုတ်ရင်တော့ အခြေခံပညာရေးအလယ်အလတ်တန်းလောက်မှ စတင်ပြောင်းရွှေ့အခြချသူတွေ ဒီမှာအခက်အခဲစုံနဲ့ရင်ဆိုင်ရဘွယ်အများကြီးရှိသလို ရှင်သန်ရပ်တည်ဘို့နဲ့ လူဝင်ဆံ့ဘို့ အလွန်ခက်ခဲ မှာအသေအခြာဖြစ်ကြောင်းအသိပေးပါရစေ။နေ့ရှိသရွေ့ အမိမြေကိုလွမ်းဆွတ်ရင်းနဲ့၊ အပါတ်စဉ် စနေ၊ တနင်္ဂနွေလိုနေ့တွေလက်ချိုးရေရင်း မြန်မာမိတ်ဆွေသားချင်းများဆီသွားရောက်လည်ပါတ်ရေး၊ မြန်မာကွန်မြူနတီပွဲတွေမှာ အလွမ်းချရင်း၊ လူနေမှုစနစ်သစ်ရဲ့ခါးသီးတဲ့အတွေ့အကြုံတွေကို အချင်း ချင်း ဖလှယ်ကြရင်းစိတ်ဖြေကြရတဲ့ဘ၀ကိုရောက်မှန်းမသိရောက်သွားကြရပါတယ်။ မိမိမူရင်းအ လုပ်လုပ်ကိုင်ရာလုပ်ငန်ငန်းခွင်မှာ၊ လုပ်ခွင်ပါတ်ဝန်းကျင်ဆက်ဆံမှုကင်းဝေးလာပြီး၊ “လူ့ကန့်လန့်”ဘ၀ ကိုရောက်မှန်းမသိရောက်သွားကြပါတယ်။ အဲ့ဒါဟာကောင်းတဲ့လက္ခဏာတခုတော့မဟုတ်ပါဘူး။ လူဝင်ဆန့်ခြင်းဆိုတဲ့ဝေါဟာရဟာ အမေရိကမှာ ဂုဏ်ပကာသန၊ ငွေကြေးရာထူးရှိမှုပေါ်မှာမူတည် တယ်လို့အထင်ရှိရင်တက်တက်စင်အောင်မှားသွားပါလိမ့်မယ်။
အများအားဖြင့် တခြားနိုင်ငံသားတွေက အမေရိကအပေါ်မြင်တဲ့အမြင်ကိုပြောရရင်၊ (When it comes to the opportunity, sky is the limit!) ဆိုတဲ့ ဆိုရိုးစကားပါဘဲ။ ဟုတ်ပါတယ်။ အမေရိကနိုင်ငံဟာ မိမိဘ၀ထွန်းပြောင်တောက်ပရေးမှာ ရေခံမြေခံကောင်းတဲ့အခြေအနေတွေကို ဖန်တီးနိုင်အားရှိတဲ့ နိုင်ငံကြီးတခုဆိုတာအမှန်ပါ။ အဲ့ဒီအချက်က ကာယကံရှင်ဖြစ်တဲ့မိမိကိုယ်တိုင်ပေါ်မှာအများကြီး မုတည်နေပါတယ်။ ကိုယ့်ရဲ့လိုအင်ဆန္ဒဘယ်လောက်အတိုင်းအတာအထိရှိပြီး၊ ရင်ဆိုင်တွေ့ကြုံကြရမဲ့ အခက်အခဲတွေကို၊ ဘယ်နည်းဘယ်ပုံဖြေရှင်းနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်သလို၊ အမေရိကနိုင်ငံရဲ့ ယဉ်ကျေးမှု  “အထာ”  ကိုနားလည်လက်ခံနိုင်မှုအပေါ်မှာမူတည်ပါတယ်။
အဲ့ဒီ”အထာ”ကိစ္စ နဲနဲဆွေးနွေးကြည့်ကြရအောင်။ မောင်မိုးညိုတို့ အမေရိကနိုင်ငံရောက်ရှိနေထိုင်တဲ့ ဆယ်စုနှစ်များစွာအတွင်းအမေရိကနိုင်ငံရဲ့ယဉ်ကျေးမှုအထာ ကိုဘယ်လောက်နားလည်ပြီလဲလို့ မေးရရင် မကွယ်မထောက်ဝန်ခံရမဲ့ကိစ္စကတော့ ရေလည်တဲ့နားလည်မှုမရှိသေးကြောင်းပါလို့။ Our knowledge about American culture and society is still at the very tip of the iceberg ဘဲရှိနေပါသေးတယ်။ 
နောက်အရေးကြီးတဲ့ရင်ဆိုင်ရတဲ့အချက်အခဲကြီးတခုကတော့ Cultural Shock လို့ခေါ်တဲ့ လူမှု ယဉ်ကျေးမှုဆက်ဆံရေးရဲ့ကွာခြားလွန်းလှတဲ့ အဆောက်အအုံကြီးပါ။ အမေရိကကိုနှစ်ပရိစ္ဆေများစွာ ထဲကရောက်ရှိနေကြသူမြန်မာတိုင်းရင်းသားတွေရဲ့ကြုံတွေ့ရင်ဆိုင်ခဲ့ကြရတဲ့ ဒုက္ခဟာ ကြီးမားလွန်းလှ တဲ့အချက်ကို၊ နောင်လာနောင်သားတွေ ကိုစကားလက်ဆင့်ပေးခဲ့တဲ့အတွေ့အကြုံတွေက ဖေါ်ကြူး
လှစ်ဟပြနေပါတယ်။ လူသားတို့ရဲ့ထုံးစံအတိုင်း ဒုက္ခဆိုတာဟာကျော်လွှားပြီးသွားရင် မေ့ပျောက်တတ် တဲ့သဘောရှိတဲ့အတိုင်း၊ မိမိတို့ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ဒုက္ခကိုသာဖေါ်ပြတတ်ကြပြီး၊ ဘယ်နည်းဘယ်ပုံ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ နည်းလမ်းတွေကို လက်ဆင့်ကမ်းပေးခြင်းအလျင်းမရှိခဲ့ကြပါဘူး။ “ငါတို့လည်း ဒီလိုဘဲခံခဲ့ရတာ။ မင်းတို့လည်ခါးဆည်းခံကြပေါ့”ဆိုတဲ့ လက်လွတ်စပါယ်စကားကိုဆိုတတ်ကြတာ ဟာ ၀မ်းနည်းဘွယ်ရာအချက်တခုပါ။ မြန်မာချင်းကူညီယိုင်းပင်းခြင်းဆိုတဲ့အလေ့အထ မြန်မာကွန်မြူ နတီမှာ ဆိတ်သုဉ်းနေခြင်းဟာ ကောင်းတဲ့လက္ခဏာမဟုတ်သလို၊ လူမျိုးခြားတို့ရဲ့အထင်အမြင်သေးရာ ကို ရောက်ရှိစေခြင်းအကြောင်းချင်းရာတခုပါ။
Discrimination လို့ခေါ်တဲ့ လူတန်းစားခွဲခြားမှုကောရှိလားဆိုရင်၊ ကမ္ဘာ့လူနေဆက်ဆံမှုနယ်ပယ်မှာ၊ အမေရိကနိုင်ငံတခုသာ တိကျပြီးတွန်းအားအပြည့်ပေးထားတဲ့ အာမခံရှိတဲ့ protection ရှိတဲ့နိုင်ငံဆို ရင်မမှားပါဘူး။ လူတန်းစားခွဲခြားမှုကိုတင်းကြပ်စွာတားမြစ်တယ်လို့ဆိုထားတဲ့အတွက်ကြောင့်၊ တားမြစ်ထားတယ်လို့ဘဲဆိုပါတယ်။ မရှိဘူးလို့ငြင်းမထားကြောင်းပါ။ လူတွေနေတဲ့နိုင်ငံဖြစ် တဲ့အတွက်ကြောင့်၊ လူ့သဘာဝအတိုင်း လူတန်းစားခွဲခြားတဲ့ညဉ်ဟာ တားလို့မရတဲ့သဘောပါ။ 
စာရေးသူရဲ့အတွေအကြုံနဲ့ ကွန်မြူနတီအတွင်းလေ့လာဆွေးနွေးမှုတွေအရဆိုရင်၊ အမေရိကနိုင် ငံအတွင်းပြောင်းရွှေ့အခြေချနေထိုင်မယ်လို့စိတ်ကူးရင်၊ ဒီနိုင်ငံကိုပဏာမ တစ်လတန်သည်ဖြစ်စေ၊ လာလည်ပြီးနေကြည့်ပါ။ ကိုယ်ကျင်လည်ရမဲ့အခြေအနေ၊ ကိုယ်နဲ့ပါလာမဲ့မိသားစုဝင်တို့ရဲ့အခြေအ နေ၊ တွေကို အသေအခြာလေ့လာကြည့်ပါ။ ရောက်ပြီးတစ်ပါတ်လောက်မှာအဖြေကောင်းကောင်း ထွက်ပါတယ်။ မယုံမရှိကြပါနဲ့။ အလည်ရောက်ပြီးနေထိုင်ကြည့်လို့မှ အဆင်ပြေပြီး၊  cultural shock ရဲ့အရှိန်အဟုန်ကိုမရင်ဆိုင်နိုင်ဘူးလို့ထင်လိုက်တာနဲ့အဖြေထွက်ပါတယ်။ သူများကိုညာလို့ရပေမဲ့ ကိုယ့်ကိုယ်ကို ညာလို့မရပါဘူး။ အဲ့ဒီကနဦးအဖြေဟာ ပြောင်းလဲလို့ရတဲ့အဖြေမဟုတ်သလို၊ အစား ထိုးလို့ရတဲ့ကိစ္စကြီးလဲမဟုတ်ပါဘူး။ 
အမေရိကဟာကမ္ဘာ့နိုင်ငံရေးလူမှုဆက်ဆံရေးနယ်ပယ်မှာအခြားနိုင်ငံများနည်းတူ၊ ပြောင်းလဲခြင်း မက ပြောင်းလဲမှုတွေရှိနေပါပြီ။ Freedom is not freeလို့ဆိုထားတဲ့အတွက်ကြောင့် လွတ်လပ်မှု၊ တရားမျှ တမှု၊စတဲ့လောကပါလတရားတွေခံစားစံစားနိုင်ခွင့်ရှိဘို့ဟာ၊ မိမိဘက်ကပေးဆပ်ရမဲ့ ၀တ္တရားတွေရဲ့ တာဝန်ကျေပွန်နိုင်မှုအတိုင်းအတာပေါ်မှာများစွာမူတည်နေပါတယ်။ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို သဟဇာတမျှစွာဘက်ညီစေမှုပေါ်များစွာတည်မှီနေပါတယ်။
အမေရိကကိုပြောင်းရွှေ့အခြေချမယ်ဆိုရင် သေသေခြာခြာစဉ်းစားပြီးမှဆုံးဖြတ်ကြရမယ့်ခေတ်ကြီး ထဲရောက်နေပါပြီဆိုတဲ့အကြောင်း၊ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်း အသိပေးပါရစေ……လို့။


Saturday, December 01, 2018

Social Security Benefits များဘက် တစေ့တစောင်း

အမေရိကနိုင်ငံသားတွေနည်းတူ၊ ကျွန်တော်တို့မြန်မာတွေ မျက်ခြေပြတ်ပြီး၊ အသိနည်းတဲ့ Social Security အကြောင်း၊ ဒီအပါတ်ဆွေးနွေးရအောင်ပါ။ ကျွန်တော်တို့အားလုံးထင်သာမြင်သာ၊ သိသာအောင် အချက်အလက်ကလေးတွေနဲ့ ချပြကြည့်ရအောင်ပါ။
(က) လာမဲ့(၂၀၁၉ )နှစ်သစ်မှာ နှစ်ပါတ်လည်ဝင်ငွေ (US$ ၁၃၂,၀၀၀) အထိဝင်ငွေရရှိသူတိုင်းဟာ မိမိဝင်ငွေရဲ့ (၁၄.၂%) ကိုအဲ့ဒီရံပုံငွေထဲကိုမဖြစ်မနေထဲ့ဝင်ကြရပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကြ သူအားလုံးတို့ဟာ အဲ့ဒီရနှုန်းသတ်အမှတ်ချက်ကိုအပြည့်ပေးသွင်းကြရမှာဖြစ်သလို၊ တပါးသူ လုပ်ငန်း မှာ ၀န်ထမ်းအဖြစ်လုပ်ကြသူတွေကတော့ မိမိလုပ်ငန်းရှင်များနဲ့အချိုးတူရာနှုန်း (၆.၂%) စီအသီး သီးထဲ့ဝင်ကြရပါလိမ့်မယ်။ ဒီထက်ဝင်ငွေများကြ သူတွေကတော့ ရာနှုန်းများပါလိမ့်မယ်။
(ခ) (၂၀၁၇) ကိန်ဂဏန်းများအရ စုစုပေါင်းထဲ့ဝင်ကြသူဦးရေ (၁၇၄)သန်းရှိတယ်လို့ဆိုပြီး၊ အဲ့ဒီ တနှစ်ထဲမှာ ($၉၉၆.၆ သန်း)ရရှိတယ်လို့ဆိုပါတယ်။ ဒီကနေ့မှာ နှစ်များစွာအတည်းကစုဆောင်း လာတဲ့ရံပုံငွေ ဟာ (သန်းထောင်ပေါင်း $၂.၈၉ )ရရှိနေပြီလို့ဆိုပါတယ်။
(ဂ) အဲ့ဒီစုဆောင်းငွေဟာ အမေရိကဗဟိုအစိုးရရဲ့ trust fund ဖြစ်တဲ့ Treasurry Securityထဲမှာ ရှိပါတယ်။ အသက်(၆၂)နှစ်မှာဥပဒေအရထုတ်ယူခံစားခွင့်ရှီိတယ်လို့ဆိုပေမဲ့ အသက်(၇၀)အထိစောင့် ပြီးမှာထုတ်ယူရင် ခံစားခွင့်အပြည့်ရရှိနိုင်မယ်လို့ဆိုပါတယ်။ ဒီကနေ့မှာ (၆၃) သန်းသောခံစားခွင့် ရှိသူတွေဟာ အဲ့ဒီရံပုံငွေထဲကနေထုတ်ယူခံစားနေ ပါတယ်။ 
(ဃ) နှစ်စဉ်ထုတ်ယူခံစားသူတွေတိုးပွားလာတာမို့ လာမဲ့(၂၀၃၄)ခုနှစ်မှာအဲ့ဒီ fund ဟာဒေ၀ါလီခံ ရဖွယ်ရှိတယ်လို့တွက်ကိန်းထုတ်ကြပေမဲ့၊ ကျွမ်းကျင်နားလည်ကြသူစာရင်းအင်းပညာရှင်များ ရဲ့ တွက်ကိန်းအရ၊ ဒေ၀ါလီခံရမယ် (bankruptcy)ဆိုတဲ့အချက်ကိုလက်မခံကြပါဘူး။ fund ရံပုံငွေ ယုတ်လျော့မှု (exhaustion)တော့ဖြစ်နိုင်ပါလိမ့်မယ်လို့ဆိုပါတယ်။ သူတို့ရဲ့အကြောင်းပြချက်ကတော့၊ နှစ်အလိုက်မွေးဖွားမှုဟာအမေရိကမှာသိသိသာသာကြီးကျဆင်းလာတာရယ်၊ သက်တမ်းစေ့တာနဲ့အဲ့ ဒီခံစားခွင့်ကိုစတင်ထုတ်ယူကြသူတွေရှိလာတာရယ်ကြောင်းလို့ဆိုကြပါတယ်။ ဒါပေမဲ့ ဒီအတိုင်းဆက် သွားရင်တော့ trust fund ရဲ့အနာဂါတ်ဟာမတည်ငြိမ်ဘွယ်ဖြစ်လာနိုင်ပါတယ်။
(င) ဒီ trust fund နဲ့ပါတ်သက်တဲ့ပြင်ဆင်မှုကြီးများလုပ်ဖို့ကို၊ အစိုးရနဲ့ကွန်ဂရက်တိုင်းက အဆိုပြု မှုတွေရှိကြပေမဲ့ဒီနေ့အထိတော့တုပ်တုပ်တောင်လှုပ်ကြပုံမရှိသေးပါဘူး။ ဆွေးနွေဘို့ဇာတ်လမ်း စကြတိုင်း၊ အစိုးရရဲ့ဘယ်လုပ်ငန်းအစီအစဉ်တွေမှာ ဘတ်ဂျက်ဖြတ်တောက်မလဲဆိုတဲ့ငြင်းခုံ မှုတွေကြောင့်၊ ညီညွတ်တဲ့အဖြေထွက်မလာသေးတာကိုဝမ်းနည်းဘွယ်တွေ့ရပါတယ်။ ဒါဟာ Social Security benefits တွေအတွက်ကောင်းလှတဲ့အလားအလာတွေတော့မဟုတ်ပါဘူး။ အလားအလာ ရှိတဲ့အဆိုပြုချက်တခုကတော့ ၀င်ငွေရှိသူတိုင်းအချိုးကျမဖြစ်မနေရံပုံငွေထဲ့ဝင်ရေးပါဘဲ။ ဒီအပြင် ထဲ့ဝင်တဲ့ရာနှုန်းတိုးမြှင့်ရေးနဲ့ ရာနှုန်းပြည့်ခံစားခွင့်သက်တမ်းမြှင့်တင်ရေးပါဘဲ။
(ဆ) နောက်တခုကတော့ Social Security trust fund ထဲကနေအစိုးရကထုတ်ယူသုံးစွဲနေ တဲ့ကိစ္စ ပါဘဲ။ အဲ့ဒါကတော့အသိအမှတ်အမှတ်မှားယွင်းမှုပါ။ အဲ့ဒီငွေဟာအစိုးရဘတ်ဂျက်မှာထဲ့သွင်း အသုံးပြုလို့ရတဲ့ငွေမဟုတ်ပါဘူး။ trust fund လို့ဆိုထားတဲ့အတွက်ကြောင့် ရံပုံငွေအနေနဲ့ဘဲ၊ ဘယ်သူကမှထိလို့မရပါဘူး။
(ဇ) Social Security အငြိမ်းစားငွေရယူသူရဲ့ဝင်ငွေဟာ တနှစ်ကို($၃၄,၀၀၀ - တစ်ဦးတည်း အတွက်) နဲ့ ($၄၄,၀၀၀-နှစ်ဦးပေါင်းအတွက်)နှစ်စဉ်အခွန်ကြေငြာလွှာတင်သွင်းခဲ့မယ်ဆိုရင်အဲ့ဒီဝင်ငွေ ရဲ့ (၈၅ %) ဟာ အခွန်ဖြတ်တောက်မှုမှာထဲ့သွင်းတွက်ချက်ခြင်းခံရဖွယ်ရှိတယ်ဆိုတာကိုပါ။
(ဈ) Social Security ခံစားခွင့်ဟာ လူတိုင်းအတွက်တခုတည်းသောအငြိမ်းစားဝင်ငွေအဖြစ်၊ သတ်မှတ်မယ်ဆိုရင်တော့၊ အဲ့ဒီပုဂ္ဂိုလ်/မိသားစုအတွက်ဝင်ငွေနည်းမှာကြိမ်းသေပါတယ်။ အခြားနည်း နဲ့ဝင်ငွေရနိုင်တဲ့ အစီအစဉ်ကြိုတင်ပြင်ဆင်မှုရှိကြဘို့လိုပါတယ်။ ပင်စင်စနစ်ပပျောက်လုနီးပါးဖြစ်ေ နတဲ့အမေရိကမှာနောက်အားကိုးဘွယ်ဝင်ငွေအစီအစဉ်ကတော့ (401k) လို့ခေါ်တဲ့အငြိမ်းစား စုဆောင်းငွေပါ။
(ည) Social Security ခံစားခွင့်မှာအငြိမ်းစားလစဉ်ခံစားခွင့်အပြင်၊ မသန်စွမ်းနာခံစားခွင့် (disability benefit)လည်းရှိပါတယ်။ ဒါပေမဲ့အဲ့ဒီခံစားခွင့်ကိုရရှိရေးမှာတင်းကြပ်တဲ့ စိစစ်မှုလုပ်တယ်ဆိုတာ အသိပေးပါရစေ။ အခြားခံစားခွင့်များကတော့ မှီခိုသူ (dependant) နဲ့ တခုလပ် (survivor) တွေအတွက်ပါဘဲ။
(ဋ) စိတ်ဝင်စားစရာအချက်တခုကတော့ Social Securityဟာမိမိထဲ့ဝင်ငွေထက်ခံစားခွင့် ကပိုမိုရရှိ ကြောင်းဆိုတဲ့အချက်ပါဘဲ။
(ဌ) နောက်တခုက ခံစားခွင့်ကို အမျိုးစား(၂)မျိုးတပြိုင်တည်းခံစားခွင့်မရှိပါဘူး။ ဆိုလိုတာက မိမိခံစားခွင့်နဲ့ မိမိခင်ပွန်း/ဇနီး(ကွယ်လွန်သူ)ရဲ့ခံစားခွင့်တပြိုင်တည်းထုတ်ယူနေကြောင်းသိခဲ့ရင်၊ ဒါဏ်ကြေးနဲ့ကတကွ၊ အတိုးပါပြန်ပေးသွင်းခြင်းခံရနိုင်ကြောင်းပါ။ ထိုနည်းတူ မသန်စွမ်းနာခံစား ခွင့်နဲ့ပုံမှန် အငြိမ်းစားခံစားခွင့်တပြိုင်တည်းထုတ်ယူခွင့်မရှိပါ။
(ဍ) အသက်(၆၂)မှစတင်ထုတ်ယူခွင့်ရှိသော်လည်း၊ အသက်(၇၀)အထိစောင်းဆိုင်းနိုင်ကြသူတွေ၊ တစ်နှစ်ကို (၈ %) တိုးတက်ခံစားခွင့်ရှိကြောင်းပါ။
(ဎ) မိမိအသက်(၆၂)နှစ်ပြည့်ချိန်မှာ၊ မိမိကွယ်လွန်သူ ခင်ပွန်း(သိုမဟုတ်)ဇနီးရဲ့ခံစားခွင့်ကိုထုတ်ယူခွင့် ရှိပြီး၊ မိမိခံစားခွင့်ကိုနောင်အသက်(၇၀)ပြည့်မှထုတ်ယူနိုင်ပါတယ်။ တပြိုင်တည်းမှာတော့(၂)ခုလုံး ခံစားခွင့်မရှိပါဘူး။
(ဏ) အသက်(၅၀)ကျော်ဝန်းကျင်မှာအငြိမ်းစားယူကြသူတွေအတွက်ကတော့၊ ၀င်ငွေလျော့နည်း ရမလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေကိုသိစေချင်တာကတော့၊ မိမိလုပ်သက်(၃၅)ရဲ့အများဆုံးဝင်ငွေရရှိ ခဲ့မှုပေါ်မှာတွက်ချက်တာမို့၊ စိုးရိမ်စရာသိပ်မရှိပါဘူး။ နှစ်စဉ်လူတိုင်းအတွက်ထုတ်ပြန်တဲ့ Social Security Statement တွေမှာ လွန်ခဲ့တဲ့(၂)နှစ်တာကာလကတွက်ချက်တဲ့အကြမ်းဖျဉ်းရရှိခံစားနိုင်မဲ့ ၀င်ငွေကိုပြန်လေ့လာသင့်ပါတယ်။
အလုပ်လုပ်ပြီးအခွန်ထမ်းကြသူအမေရိကရောက်အခြေချနေထိုင်ကြသူ မြန်မာတိုင်းမဖြစ်မေ နဆောင်ရွက်သင့်တဲ့ကိစ္စတခုကတော့၊ (ssa.gov/myaccount) မှာ မိမိနဲ့ပါတ်သက်တဲ့ account များဖွင့်ပြီးနှစ်စဉ်လေ့လာကြဘို့တိုက်တွန်းပါရစေ။
အမေရိကရောက်မြန်မာများ လုံခြုံသောလူမှုဘ၀များတည်ဆောက်နိုင်စေရေးသို့။     ။