Thursday, March 25, 2021

အဝေးကပေမဲ့…ရင်နင့်အောင်ခံစားကြရပါတယ်..

 ကိုယ့်အမိမြေ မှာမထင်မှတ်တဲ့အာဏာသိမ်းမှုကတစ်လစွန်းလို့ မတ်လထဲကူးသွားပါပြီ…။ ရင်ထဲကခံ စားရတဲ့ပေါက်ကွဲသံစဉ်တွေဟာ၊ ကျွန်တော်နဲ့အတူ အဝေးရောက်မြန်မာမိသားစုတွေရဲ့ အရှိုက်ကို ကိုင်လှုပ်ပေးယုံမက၊ ၀မ်းနည်းလို့မျက်ရည်ကျတက်ခေါက်ကြရတဲ့နေ့ရက်တွေက နေ့စဉ်နဲ့အမျှပါ။ မြန်မာပြည်တနံတလျားမှာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် နေ့စဉ်နဲ့အမျှ အံတုဆန့်ကျင်မှု တွေဟာ၊ ထောင်သောင်းဆိုတဲ့စကားကလေးကလားဖြစ်သွားပါပြီ။ သန်းဂဏန်းပါ။ ရွာကြီးသာသာ (မောင်မိုးညိုမြန်မာပြည်တွင်းနေထိုင်စဉ်က) မြို့တွေ၊ တောင်ပေါ်အေးချမ်းတဲ့တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ကြရာဒေသ (နိုင်ငံရေးအရောင်အသွေးကင်းမဲ့တဲ့ဒေသတွေမှာ)တောင် ထောင်သောင်းဂဏန်း ကပြေးမလွတ်ပါဘူး။

လက်ရှိအဖြစ်တွေ သုံးသပ်ကြည့်ကြရအောင်ပါ။

(က) မြန်မာပြည်သူတွေဟာ အားမတန်မာန်လျှော့လို့ စစ်တပ်အာဏာသိမ်းတာတွေနဲ့ယဉ်ပါးခဲ့ပါ တယ်။ ဒါပေမဲ့ ခုနောက်ပေါက်ကလေးတွေ (Generation Z)ကလွတ်လပ်မှုနဲ့ခေတ်ရှေ့ပြေးတိုးတက်မှု၊ ဆန်းသစ်တဲ့အတွေးအခေါ်နဲ့ဘ၀စကြသူတွေဖြစ်တဲ့အတိုင်း၊ အာဏာသိမ်းမှုကို သည်းခံသင့်တဲ့ကိစ္စလို့ မသတ်မှတ်ပါဘူး။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ဟာ အဲ့ဒီအချက်ကိုလျှော့တွက်ခဲ့ပုံ ရပါတယ်။ ထိုးထွင်းတဲ့အသိညဏ်၊ စည်းလုံးခိုင်မာမှု၊ ယိုင်းပင်းစာနာမှု၊ အမှန်တရားကိုတန်ဘိုးထားမှု နဲ့ “လောကပါလဆိုတဲ့” အသိတရားက၊ နေ့စဉ်ဆန္ဒပြပွဲတွေမှာ “လက်သုံးချောင်းထောင်” (3-finger sign)အမှတ်လက္ခာဏာဟာ ခုဆိုကမ္ဘာကျော်သွားပါတယ်။ ဒီအမှတ်လက္ခဏာဟာ သူတို့ပေးခဲ့ရတဲ့ သွေးချွေးတွေအတွက် သမိုင်းတွင်သွားတဲ့အချက်ဖြစ်သလို၊ နောင်လာနောင်သားတွေကိုပါလက်ဆင့် ကမ်းပေးတဲ့၊ တစ်ဗိုလ်တက်၊တစ်ဗိုလ်ဆင်း messageဖြစ်သွားပါပြီ။

(ခ) မြန်မာနိုင်ငံစစ်တပ်အကြီးအကဲတွေရဲ့ခေါင်းထဲမှာစွဲနေတဲ့၊ အလွန်မှားယွင်းခြင်းမကမှားယွင်းနေတဲ့ အယူအဆကတော့ သူတို့သာလျင် “နိုင်ငံတော်အာဏာရဲ့မူလပိုင်ရှင်အစစ်အမှန်” (Owner of the sovereign power) ဆိုတဲ့ကြောက်စရာ ကောင်းတဲ့အချက်ဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့အတူ မွေးဖွား လာတဲ့ရောင်စုံသူပုန်အရေအတွက်ဟာ၊ လျော့မသွားတဲ့အပြင် တိုးလာယုံမက၊ တချို့အဖွဲ့တွေဆိုရင် စစ်သည်နဲ့လက်နက်အင်အားပါကောင်းလာတာကိုကြည့်ပါ။ (ဥပမာ- Arakanese Army နဲ့ Wa Army) အဲ့ဒီအပေါ်မူတည်ပြီး “တပ်မတော်”ဟာနိုင်ငံကယ်တင်ရှင်အဖွဲ့အစည်းကြီးဖြစ်တယ် ဆိုပြီး၊ မြန်မာ့နိုင်ငံရေးမျက်နှာစာကထွက်ခွာဘို့၊ ငြင်းဆန်ခဲ့ပါတယ်။ နိုင်ငံရေးဦးဆောင်မှုကဏ္ဍတိုင်းမှာ “သမိုင်းပေးတာဝန်” အရဆိုတဲ့စကားကိုရေလဲနဲ့သုံးပြီး၊ ပလ္လင်ပေါ်ကမဆင်းပါဘူး။ သေသေခြာခြာ လေ့လာ ကြည့်ကြရင်၊ “ဗိုလ်မှူးကြီး”အဆင့်တစ်ဒါဇင်လောက်နဲ့ဦးစီးပြီးစတင်ခဲ့တဲ့ စစ်တပ်ဟာ၊ ခုချိန် မှာ “ဒုဗိုလ်ချုပ်ကြီး”၊ “ဗိုလ်ချုပ်” “ဗိုလ်မှူးချုပ်”အဆင့်တွေ နှစ်ရာလောက်(ပြီးခဲ့တဲ့နှစ်တပ်မတော်စိန်ရ တုဂုဏ်ထူးဆောင်ဘွဲ့စာရင်းမှာ မိမိကိုယ်ကို မိမိအတင်းပေးပြီးခပ်တည်တည်ရယူခဲ့တဲ့စာရင်းအရ)ရှိတဲ့ ရိုက်သတ်လို့မကုန်လောက်အောင်ရှိပေမဲ့၊ ငြိမ်းချမ်းရေးမရနိုင်သေးတာညံ့ဖျင်းလှတဲ့စစ်ရေးစွမ်းရည် ကြောင့်ဆိုတာငြင်းလို့မရပါဘူး။

(ဂ) လက်ရှိခြေဥဟာ နာဂစ်ကာလတစ်နိုင်ငံလုံးရဲ့ သုံးပုံတပုံ သဘာဝဘေးကျခံပြီး လူထုအတိဒုက္ခ တွေပင်လယ်ဝေချိန်မှာ၊ အတင်းအကြပ်ပြဌာန်းလိုက်ခဲ့ကြတာမှတ်မိကြပါလိမ့်မယ်။ အခြေခံအချက်က တော့စစ်တပ်ကို အချိန်မရွေးအာဏာသိမ်းခွင့်ပေးထားတဲ့အတွက်၊ လူထုကမကြိုက်ကြပေမဲ့ဘာမှ မလုပ်နိုင်ခဲ့ခင်တင်ဥပဒေဖြစ်သွားပါတယ်။ ဒီဥပဒေရဲ့ နိုင်ငံတော်အကြီးအကဲဆိုင်ရာအခန်းမှာ၊ သမ္မတ ကိုပြည်ထောင်စုလွှတ်တော်ကသာဖြုတ်ချခြင်းကိုအတည်ပြုနိုင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ကအဲ့ဒါကို မသိကျိုးကျွန်ခပ်တည်တည်လုပ်နေပါတယ်။ တခါ နိုင်ငံတော်အရေးပေါ်အခြေအနေဆိုင်ရာပြဌာန်း ချက်တိုင်ရာအခန်းမှာ၊ အရေးပေါ်ပြဌာန်းချက်ဆိုင်ရာကိစ္စအ၀၀ကို သမ္မတကသာလုပ်ပိုင်ခွင့်ရှိပါတယ်။ ယာယီသမ္မတဆိုတဲ့အချက် ဘယ်မှာမှမပါပါဘူး။ နောက်မလှိမ့်တပတ်တခုပါ။ တခါ အရေးပေါ်ဆောင် ရွက်ခြင်းကိစ္စကို သမ္မတကလွှတ်တော်ကိုတင်ပြရပါမယ်။ ပုံမှန်လွှတ်တော်မရှိရင် အရေးပေါ်ခေါ်ပေးရ ပါမယ်။ ဒါကိုလည်းနှာစေးနေပါတယ်။ လွှတ်တော်ကို အစဖျောက်ပြီးပြည်ဖုံးကားချလုပ်ထားပါတယ်။ ဒီလေ့လာသုံးသပ်ချက်တွေဟာ စာရေးသူရဲ့လေ့လာချက်ဆိုတာထက် ပြည်တွင်းပြည်ပဥပဒေပညာရှင် အားလုံးက တညီတညွတ်တည်းမှတ်ချက်ပြုထားတယ်ဆိုတာကို လူမှုကွန်ယက်တွေမှာပလူပျံနေ အောင်ဖေါ်ပြထားပါတယ်။ ကိုယ်ရေးထားတဲ့ဥပဒေ ကိုယ်ဖာသာကိုယ်ကျူးလွန်ဖေါက်ဖျက်တာထင်ရှား လှပါတယ်။

(ဃ) နောက်တခုက အာဏာသိမ်းရလောက်အောင်အဖြစ်ကိုရောက်ဘို့အချက်(၃)မှာ တခုခုနဲ့ငြိစွန်းရ ပါမယ်။ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး။”။ ဒါဟာ constitutional thresholds (၃) ခုဆိုပြီး၊ စစ်တပ်ကသူတို့ဖာသာသူတို့ချ ထားတဲ့စည်း(၃) ခုပါ။ အခုအာဏာသိမ်းတာဟာ မဲစာရင်းမရိုးသားမှုတွေရှာခွင့်မပေးလို့အကြောင်းပြ ပါတယ်။ စစ်တပ်ကမဲစာရင်းကြည့်ခွင့်မရတာနဲ့၊ ဒီ စည်း(၃)စည်းနဲ့ဘယ်လိုဆက်စပ်သွားပါလိမ့်ဆိုတာ၊ ပညာရှင်များခုထိဥနှောက်ခြောက်အောင်အဖြေရှာပေမဲ့၊ ခုထိ ဆက်စပ်မရသေးကြောင်းပါ။

(င) မဲစာရင်းစစ်ဆေးခွင့်မရ ဆိုတဲ့ကိစ္စက”မုန့်မရလို့စိတ်ကောက်တဲ့ကလေး” လိုအဖြစ်နဲ့သွားတူနေ ပါတယ်။ တကယ်တော့ရွေးကောက်ပွဲဥပဒေနဲ့နည်းဥပဒေတွေဟာလည်းစစ်တပ်စိတ်ကြိုက်ဆွဲခဲ့တဲ့ကိစ္စ ပါ။ အဲ့ဒီဥပဒေရော ခြေ/ဥ မှာ စစ်တပ်ကမဲစာရင်းစစ်ခွင့်ပေးဘို့တို့၊ မဲဆန္ဒရလာဒ်ကိုပြောင်းပြန်လှန်ဘို့ အခွင့်အာဏာပေးထားတာမရှိပါဘူး။ တည်ဆဲ့ရွေးကောက်ပွဲဥပဒေအရ ရွေး/ကော်လို့ခေါ်တဲ့ကော်မရှင် ကြီးရဲ့ အဆုံးအဖြတ်ဟာ အဆုံးပိတ် (final) ဖြစ်ပါတယ်။ ဆိုင်ရာဒေသအလိုက် မဲရလာဒ်ကိုဆိုင်ရာမဲ ဆန္ဒရှင်တွေနဲ့ရွေးကောက်ပွဲဝင်ပါတီတွေကမကြေနပ်ရင် ကန့်သတ်ရက်အတွင်း ကန့်ကွက်ခွင့်၊ စစ် ဆေးခွင့်ကိုအပြည့်ပေးထားပါတယ်။ ဒါကိုဆောင်ရွက်ဖို့ ဆိုင်ရာဒေသက အဆင့်ဆင့်သောကော်မရှင် အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်များပါဝင်တဲ့ ရွေးကောက်ပွဲဖြန်ဖြေညှိနှိုင်းရေးကော်မတီတွေ ကို “မြန်မာနိုင်ငံပြန်တမ်း”မှာ လူနံမယ်တွေနဲ့ အတိအကျထဲ့သွင်းကြေငြာပြီးစိစစ်တာပါ။ အဲ့ဒီအဆင့် တွေက ကြေလည်ပြီးအဆင့်ဆင့်အတည်ပြုပြီး (ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊တိုင်းဒေသကြီး) မှဗဟိုကော်မရှင်ကိုရောက်တာပါ။ ပြီးမှ ဗဟိုကော်မရှင်က သတင်းစာနဲ့ ပြန်တမ်းတွေမှာ တရားဝင် ထည့်သွင်းကြေငြာထားတာပါ။ ဒီမိုကရေစီစံနှုန်းကျင့်သုံးတဲ့နိုင်ငံတိုင်းမှာသုံးနေကျဝေါဟာရရှိပါတယ်။ “Certified” ဆိုတဲ့စကားနဲ့ကြေငြာပြီးရင် သိကြားမင်းဆင်းပြီးတောင်ပြင်လို့မရပါဘူး။ နောက်တခုက projection ပါ။ မဲထည့်တာက တနိုင်ငံလုံးထည့်ကြတာမဟုတ်ပါဘူး။ အသက်(၁၈)နှစ်အထက်ဥပဒေ အရမဲပေးခွင့် ရှိသူတွေကသာမိမိတို့ဆိုင်ရာဒေသနေမွေးစကလေးလူငယ်လူမမယ်တွေကို ကိုယ်စားပြု မဲပေးကြတာပါ။ အဲ့ဒီအတွက် မဲဆန္ဒရလာဒ်ဟာ projection ပါ။ “Project to win..” ဆိုတဲ့ဝေါဟာရ က ၀င်ယှဉ်ပြိုင်သူအနိုင်ရကြောင်းကြေငြာချက် တရားဝင်မှုတခုဆိုတာကို နားလည်ပါလေစ။

(စ) အံ့သြစရာဖြစ်ပေမဲ့ဖြစ်သွားရတဲ့အာဏာသိမ်းမှုကိုကြည့်မယ်ဆိုရင်၊ ဖေဖေါ်ဝါရီ (၁)ရက်မနက်လင်း အားကြီးအချိန်အထိဟာတနိုင်ငံလုံးငြိမ်းချမ်းသာယာပြီး၊ လူထုတရပ်လုံးက မိမိတို့ဘ၀နေ့စဉ်ဆောင် တာတွေကိုစိုးရိမ်ထိပ်လန့်မှုလုံးဝမရှိဘဲပျော်ရွှင်နေကြပါတယ်။ ဖေဖေါ်ဝါရီမနက် လွှတ်တော်နဲ့အစိုးရ သစ်စမဲ့အချိန်နာရီပိုင်းအလိုမှာ အာဏာသိမ်းပြီးမှ တနိုင်ငံလုံးအုံကြွအာခံတဲ့ကိစ္စပေါ်ပေါက်လာရခြင်း ပါ။ ခြေ/ဥအရပြောရရင်၊ စစ်တပ်ကအာဏာသိမ်းမှ သူတို့ပြောတဲ့ “ဒို့တာဝန်အရေး(၃)ပါး”ထိခိုက်ယို့ ယွင်းသွားတာမို့၊ တကယ်တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး၊ ပြည်ထောင်စုပြိုကွဲတော့မဲ့အခြေရောက်ရတာ စစ်တပ်ကြောင့်ဆိုရင်မမှားပါဘူး။ ဒီဟာငြင်းလို့မရတဲ့လက်တွေ့ဖြစ်နေတာပါ။ စစ်တပ်ကအကြောင်းပြ တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်များကို ပုဒ်ထီး၊ ပုဒ်မတွေတပ်တာဟာ၊ သူတို့အာ ဏာသိမ်းပြီးလုပ်တာဖြစ်တဲ့အတွက်ကြောင့် စွပ်စွဲတရားစွဲမှုတွေဟာ ရမယ်ရှာလုပ်ကြံမှုသက်သက်သာ ဖြစ်ပြီး၊ ရွေးကောက်ပွဲအနိုင်ရပါတီကိုထိုးနှက်ဖျောက်ဖျက်ဖို့အစီအမံတခုသာဖြစ်တယ်လို့၊ ပြည်တွင်း ရောပြည်ပကပါတညီတညွတ်တည်းမှတ်ချက်ပြုပါတယ်။ ဒီလိုမှမလုပ်လို့ နောင်ရွေးကောက်ပွဲကို (သူတို့ကတိပေးသလို) လွတ်လပ်မျှတစွာကျင်းပခဲ့ရင် NLDပါတီကသာ အပြတ်အသပ်နိုင်ဘို့ သေခြာ တယ်ဆိုတဲ့အချက်ကို စစ်တပ်နဲ့အပေါင်းအပါ(စစ်တပ်နွယ်ဝင် ကြံ့ဖွံ့ပါတီနှင့်အခြားအနားပြာပါတီများ) ကကြိုတင်တွက်ဆမိထားပါတယ်။

(ဆ) စစ်တပ်နဲ့ အပေါင်းအပါ ပါတီတွေ (ယခင် လမ်းစဉ်ပါတီတဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ အပါအ၀င်)အားလုံးဟာ ပြီးခဲ့တဲ့ (၁၉၉၀)၊ (၂၀၁၅) နဲ့ ခု(၂၀၂၀)ရွေးကောက်ပွဲတွေ မှာ သူတို့နိုင်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့ပါတယ်။ ဒါတွေဟာသူတို့အောက်ခြေကသူတွေရဲ့ အထက်ဆရာကြီး ကြိုက်မက်လုံးမှားယွင်းတဲ့အခါတော်ပေးမှုတွေကြောင့်အရှုံးကြီးရှုံးခဲ့ရပါတယ်။ လူထုက မအံ့သြတာ မဆန်းပါဘူး။ (၂၀၀၀)ရွေးကောက်ပွဲမှာ ဘယ်ကမှန်းမသိတဲ့ကြိုတင်မဲတွေကိုမဲစာရင်းရေတွက်ချိန်မှာ အတင်းထဲ့ရေတွက်စေခဲ့တဲ့အတွက်အနိုင်ရခဲ့တယ်ဆိုတဲ့အချက်ကိုလည်းလူထုကရိပ်မိပေမဲ့၊ စောဒက မတက်ခဲ့တဲ့အတွက်၊ စစ်တပ်ဟာ ရွေးကောက်ခံသမ္မတဦးသိန်းစိန်လက်ထက်မှာ အနောက်နိုင်ငံတွေရဲ့ ပြော့ပြောင်းလာတဲ့ ဆက်ဆံရေး၊ သမ္မတဦးသိန်းစိန်ရဲ့ ညင်သာတဲ့နိုင်ငံရေးလုပ်ကွက်တွေကြားမှာနစ် မြောပြီး၊ လူထုကစစ်တပ်အပေါ် အာဃာတမရှိတော့ဘူးလို့ထင်မှတ်ခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် (၂၀၁၅)မှာ ကြံ့ဖွံ့ပါတီဟာ အမျှော်လင့်ကြီးမျှော်လင့်ခဲ့ပါတယ်။ အနည်းဆုံး သူတို့ဘိုင်သေရထားတဲ့ (၂၅%)စစ်တပ်လွှမ်းမိုးတဲ့ လွှတ်တော်အရပ်ရပ်နဲ့ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့တွေအပြင်၊ ချယ်လှယ်ခွင့်ရတဲ့ အစိုးရဌာန တွေကို မောင်ပိုင်စီးနိုင်လိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူထုဟာ (၈၈)ကာလ ကိုမမေ့ ကြပါဘူး။ သူတို့ရဲ့ဆန္ဒအစစ်အမှန်ကို မဲဆန္ဒမှာထင်ဟပ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲ မှာ ကြံ့ဖွံ့ပါတီရဲ့အိပ်မက်ပြိုလဲခဲ့ရပါတယ်။ ဆောက်တည်ရာမရဖြစ်ပြီး၊ ရွေးကောက်ပွဲရလာဒ်ကို လက်ခံမယ်လို့လူသိရှင်ကြားပြောခဲ့တဲ့ ဗိုလ်မင်းအောင်လှိုင်ဆီပြေးကပ်ကြရပါ တယ်။ ဗိုလ်မင်းအောင်လှိုင် ကိုယ်တိုင်သူ့ကတိကိုသူကိုယ်တိုင်ဖျက်ဖို့ဝန်မလေးတဲ့ဘ၀ထိရောက်သွား ပါတယ်။ အဲ့ဒီမှာတင် စစ်တပ်ဟာ ရမယ်ရှာအမှုဆင်တဲ့အလုပ်ကိုဆင်ကြံကြံလုပ်ရပါတော့တယ်။ ဒါပေမဲ့သူတို့အတွက် လွှတ်တော်မတိုင်ခင် ကိစ္စရှင်းရမှာကိုသိထားတဲ့အတွက်ကြောင့်အရင်က ကြံ့ဖွံ့ ပါတီနဲ့အပေါင်းအပါတွေကလွှင့်တဲ့ အရပ်ထဲ မကြေနပ်တဲ့ မဲခိုးတယ်ဆိုတဲ့စကားကိုရေးကြီးခွင်ကျယ် လုပ်လာကြရပါတယ်။ အများပြည်သူကို “သို့လော၊ သို့လော” …ဖြစ်လေအောင်သွေးဆောင်မှုတွေလုပ် ပြီးဆွဲဆောင်လာပါတယ်။ NLD ထိပ်ပိုင်း ခေါင်းဆောင်တွေကို လံကြုပ်လုပ်ပြီး၊ ရာဇ၀တ်မှု၊ မသမာမှု၊ အဂတိလိုက်စားမှုနဲ့ထောင်ချောက်ဆင် ဖမ်းဘို့ကလည်း၊ သူတို့တတွေကတိုင်းသိပြည်သိ၊ ကမ္ဘာသိ ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်နေတော့၊ အကြောင်းရမယ်ရှာရေးကိစ္စက ဘဲဥအစရှာမရသလိုဖြစ်နေတာ ကလား။ ဖြစ်ပုံက။ နောက်ဆုံးတော့ အာဏာဦးအောင် သိမ်းပြီး၊ နောက်မှအမှုကြီးငယ်ခွင်ဆင်ဖမ်းလိုက်ခြင်းအားဖြင့်၊ အစိုးရအဖွဲ့နဲ့ပြည်နယ်/တိုင်း ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေ ရက်ပိုင်းအတွင်း ရာဇ၀တ်မှုတွေ (ကာယကံရှင်များတောင်ကိုယ်တိုင်မကြားဘူးတဲ့) တန်းစီသွားပါတယ်။ သေခြာတာကတော့ လူထုကဒေါသပုန်ထပြီး နိုင်ငံတကာရပ်ဝန်းမှာဟာသ ထုတ်ပြီး၊ ခွက်ထိုးခွက်လန်ရယ်စရာတွေဖြစ်သွားပါတယ်။ 

(ဇ) နေ့စဉ်သတင်းစာတွေမှာလည်း “ဥပဒေနဲ့အညီ” ဆိုတဲ့ဝေါဟာရတွေရေလဲနဲ့သုံးလာတာတွေတွေ့ရ ပါပြီ။ အာဏာသိမ်းလက်နက်ကိုင်တွေရဲ့ mouthpieces တွေအနေနဲ့လက်ရှိမှာ ဌာန(၅)ခုတွေ့ရပါ တယ်။ “ကြေးမုံ”၊ “မြန်မာ့အလင်း”၊ “New Light of Myanmar” “မြ၀တီ”သတင်းဌာန နဲ့ “MRTV” တို့ဘဲရှိတော့၊ အဲ့ဒီမှာဘဲလှိမ့်တွေ့နေရတာတွေ လူထုကအော့နှလုံးနာနေကြပါပြီ။ “New Light of Myanmar” online သတင်းစာဟာ ရန်ကုန်သံတမန်အသိုင်းအ၀ိုင်းမှာခွက်ထိုးခွက်လှန်ရီစရာကြီး အဖြစ်ရောက်မှန်းမသိရောက်နေပါပြီ။ အချင်းချင်းလက်တို့လို့ပြုံးကြတဲ့သတင်းတွေနားနဲ့မဆန့်အောင် ကြားနေရပါပြီ။ တခါတခါတော့စဉ်းစားပါတယ်။ သူတို့ရေးတဲ့သတင်းစာ/တီဗွီသတင်းကြေငြာတွေကို သူတို့ဇနီးမယား၊ သားသမီးတောင် အချိန်ပေးဖတ်လား၊ နားထောင်ကြလားဆိုတာ သံသယဖြစ်စရာပါ။ မထင်ပါဘူး။

(ဈ) စစ်တပ်ဟာ ဖေါ်ပြခဲ့တဲ့သတင်းoutlets တွေကလွဲရင် “သူရိယနေ၀န်း”သတင်းစာကဲ့သို့ ဌာန တစ်ခုနှစ်ခုလောက်သာ ဘက်လိုက်ရေးသားမှုရှိပေမဲ့အဲ့ဒီဌာနတွေဟာ ပထမဆုံးသတင်းစာရှင်းလင်း ပွဲနောက်ပိုင်းမှာအလကားပေးဖတ်ရင်တောင်လှည့်ကြည့်မဲ့သူမရှိသလောက်ဖြစ်သွားပါပြီ။ မီဒီယာ ကောင်စီကလည်းနှုတ်ထွက်ကြသူတွေနဲ့အစိုးရကရုံခါလိုက်တာပေါင်းပြီး၊ နောက်အသစ်ဖွဲ့တာကိုစိတ် ၀င်စားတဲ့သူမရှိတော့ ဖွဲ့ခဲ့ရင်တောင်ဟန်လောက်ဘဲရှိပါမယ်။ လက်ရှိ “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်”ကဲ့သို့ဘဲ၊ တနိုင်ငံလုံးအသေအပျောက်သောက်သောက်လဲဖြစ်နေချိန်မှာ နှာစေးပြီး ကော်မရှင်ရာထူးကထွက်ဖို့စိတ်မကူးကြသေးတဲ့ရှက်စရာအဖြစ်အပျက်တွေနဲ့သဏ္ဍာန်တူသွားမှာပါ။ လက်ရှိ ယုံကြည်စိတ်ချရလောက်ပြီး၊ ကွဲလွဲချက်အနည်းငယ်ကရှိတာကလွဲပြီး ဒီကနေ့လူသုံးများတဲ့ web-page တွေကတော့ -

(a)   https://www.heroesofmyanmar.com/#/

(b)  https://www.socialpunishment.com/search?category=All

(c)   https://www.myanmar-now.org/mm

(d)  http://www.mizzimaburmese.com

(e)   https://burma.irrawaddy.com

(f)    App “waywaynay” 

(ည) ဒီဆောင်းပါးရေးချိန်မှာ ရဲနဲ့စစ်တပ်ရဲ့ယုတ်မာပြီး၊ ဥပဒေကိုချိုးဖေါက်တဲ့ အိမ်ပေါ်ထိတက်ရောက် သတ်ဖြတ်၊ လုယက်မှု၊ အိမ်တွင်းဆိုင်ပေါ်ပစ္စည်းများအတင်းအကြပ်လုယူမှု၊ အမျိုးသမီးများကိုကာမအ ကြမ်းဖက်ဖျက်ဆီးမှု၊ automatic assault weapons များ၊ အဝေးချိန်သေနတ်များဖြင့်ဦးခေါင်းကိုရွေး ချယ်ပစ်ခတ်မှု၊ air-power အသုံးချ၍မျက် ရေယိုဗုံးနှင့်အသံဗုံးများကြဲချမှု၊ ညအချိန်အိမ်တံခါးရိုက်ချိုး ဖျက်ဆီးပြီးဝရမ်းမဲ့ဝင်ရောက်မှုတွေနိုင်ငံတ၀ှမ်း တောရောမြို့ပါမကျန် ကျယ်ကျယ်ပြန့်ပြန့်ဇောက်ချလုပ် နေပါပြီ။ ဖမ်းဆီးခေါ်ဆောင်သွားသူတွေကိုညှင်းပမ်းနှိပ်စက်ယုံမကသတ်ဖြတ်မှုတွေဖြစ်ပြီးရင်၊ နောက် တနေ့ကို အလောင်းလာယူဘို့ကာယကံရှင်မိသားစုကိုအကြောင်းကြားခြင်းနည်းတွေနဲ့ထိတ်လန့် ကြောက်ရွံအောင်လုပ်နေပါပြီ။ ဖမ်းဆီးခံရသူ ထဲလူမမယ်များတောင်ပါဝင်ပြီး၊ မိဘများဘယ်လိုက်ရ မှန်းမသိလို့ Facebook လိုနေရာတွေမှာတင်ပြီးစုံစမ်းပြီး၊ အားကိုးရာမဲ့တဲ့အဖြစ်တွေဒေသအနှံ့ ဖြစ်နေပါပြီ။  သေဆုံးပြီးသူတွေရဲ့အလောင်းကိုပြန်တောင်းတာတောင်မရတော့တဲ့သူတွေများလာ တဲ့အတွက်၊ ခုစာရေးချိန်မှာ၊ ကျည်ကြောင့် အသက်ပြန်ရှင်စရာလမ်းမရှိရင်၊ ဆေးကုမခံတော့ဘဲ၊ ရရာနည်းနဲ့ အိမ်ကိုပြန်သယ်ပြီး၊ လက်လှမ်းမှီရာနည်းနဲ့ ပြဿနာကိုဖြေရှင်းရတဲ့အဖြစ်တွေရောက်နေပါ ပြီ။ အင်တာနက်နဲ့လျှပ်စစ်မီး ဖြတ်တောက်မှုတွေဟာ ပုံမှန်ဖြစ်နေပါပြီ။ အထင်ကရမီဒီယာတွေကို လည်း ထုတ်ဝေခွင့်ပိတ်သိမ်းလိုက်ပါပြီ။ 

သေဆုံးသူ၊ အဖမ်းဆီးခံရပြီးဘယ်ရောက်မှန်းမသိတဲ့ဦးရေဟာ အချိန်တိုးများလာတဲ့အတွက် track လုပ်ရအတော်ခက်ခဲလာပါပြီ။ ဒီထဲမှာ စာရင်းပျောက်နေတာတွေ၊ မြို့စွန်မြို့ဖျားနဲ့တောင်ပေါ်ဒေသ တွေမှာ လူမသိသူမသိကျဆုံးကြရသူတွေ၊ ကယ်သူမဲ့လူပျောက်ဦးရေဟာ မှန်းဆရခက်ခဲတဲ့အခြေကို ရောက်မှန်းမသိရောက်နေပါပြီ။

Flicker of Democracyဆိုတဲ့ လူ့အခြေခံအခွင့်အရေးကိုလှစ်ဟရရှိခံစားခွင့်ရလိုက်တဲ့မြန်မာပြည်သူ တွေရဲ့ ကုန်ဆုံးခဲ့တဲ့ (၅)နှစ်နီးပါးကာလဟာ ရုတ်ချည်ပျောက်ဆုံးခဲ့ပါတယ်။ သန်းပေါင်းများစွာသော လူငယ်လူရွယ်တွေရဲ့အနာဂါတ်ဟာ စစ်ဘိနပ်တွေအောက်ကိုရောက်သွားပါပြီ။ နောင်လာမဲ့ (၂၀၂၂) မှာ မြန်မာနိုင်ငံစစ်အာဏာရှင်အောက်ရောက်ရှိခြင်းဟာ နှစ်(၆၀)တင်းတင်းပြည့်ပါပြီ။ ကမ္ဘာမပြောနဲ့ အိမ်နီးချင်းနိုင်ငံကြားမှာတောင်အောက်ဆုံးစာရင်းရောက်အောင်အဖက်ဖက်ကကျဆင်းနေတဲ့ လူနေမှု စနစ်ရောက်နေယုံမက ပြည်သူတွေရဲ့ “လူ”ဆိုတဲ့ အခြေခံ ခံစားခွင့်ရရှိရေးအဆင့်ကတောင်မတက်နိုင် သေးပါဘူး။ ရာပေါင်းများစွာသော ဗိုလ်ချုပ်တွေရဲ့ သားသမီးဆွေမျိုးအားလုံးလိုလိုတို့ရဲ့ နိုင်ငံတကာမှာ ကြွကြွရွရွနဲ့ လူ့စည်းစိမ်ကို အလျှံပယ်ခံစားနေချိန်မှာ ပြည်သူတွေဟာ နက်မှောင်တဲ့အမိုက်တောထဲပြန် ရောက်သွားပါပကော…..ဆိုတဲ့ အဖြစ်ကိုမြင်တိုင်း၊ တွေးမိတိုင်း ရင်ထဲမှာ နင့်နေအောင်ခံစားရကြောင်း ပါ………………………………….။