“အနုပညာ”ဆိုတဲ့ဝေါဟာရကိုသုံးလိုက်တဲ့အတွက် ကျွန်တော့ကိုလွဲမှာတဲ့ ဝေါဟာရအသုံးလို့မထင် လိုက်ကြပါနဲ့။ မြေးများ ကို (အထူးသဖြင့် ဒီလိုနိုင်ငံတွေမှာရောက်ရှိနေထိုင်ကြတဲ့အဖိုးအဖွားတွေ) ထိမ်းသိမ်းစောင့်ရှောက်ကြရာမှာ သာမာန်သူတွေ အနေနဲ့ ကျွန်တော်တို့မွေးရပ်ကြီးပြင်းရာပြည်မြန်မာ ကကလေးထိန်းကြပုံကိုဘဲ ကွက်ပြီးမြင်လေ့ရှိကြပါတယ်။ အကြောင်း သိကိုယ်တိုင်ကြုံကြရသူ အဖိုး အဖွားများကတော့ အခြေအနေမှန်ကိုရိပ်စားမိကြမှာပါ။ တာဝန်ယူထိန်းရပုံချင်းမတူပါဘူး။ အမေရိကနိုင်ငံမှာနေထိုင်ကျင်လည်ကျက်စားကြရသမျှ ခံစား ရပိုင်ခွင့်နဲ့လူမှုဘဝလုံခြုံမှုရှိပေမဲ့ ကိုယ့် ကိစ္စကိုယ်ဆောင်ရွက် တာဝန်ယူကြရသလို၊ စောင့်ထိမ်းအပ်တဲ့ တာဝန်တွေရှိပါတယ်။ ဒါက ဒီဝန်း ကျင်ရဲ့ယဉ်ကျေးမှုနဲ့ လူနေမှုစနစ် (cultural background) နဲ့လည်း တိုက်ရိုက်ဆက်စပ်နေတာလည်း ပါပါတယ်။ ဆိုလိုတာက ကိုယ်ကကြည့်တဲ့ “မြန်မာတွေးမြန်မာ့ အမြင်မျိုး” နဲ့ ကလေးထိမ်းလို့မရပါဘူး။ တာဝန်ယူကြရတဲ့အပိုင်းရှိပါတယ်။ ပါးစပ်နဲ့မရပါဘူး။ ကိုယ်တိုင်လုပ်ကြ တာဝန် ယူကြရပါတယ်။ ကူမဲ့လက်အပိုမရှိပါဘူး။ ဆိုလိုတာက ကလေးထိမ်းခြင်းဟာ ခပ်ပေါ့ပေါ့ ကိစ္စမဟုတ်ဆိုတဲ့ကိစ္စပါ။ “ပညာ” တရပ်ဖြစ်သလို၊ အနုစိပ်ပါတယ်။ ဒါ့ကြောင့် “မြေးထိမ်းခြင်းအနု ပညာ” ဆိုတဲ့ ခေါင်းစဉ်တပ် ရတာပါလို့ ကနဦးရှင်းပြပါရ စေ။ ဒါကြောင့်ဒီဆောင်းပါးကိုရေးလိုတဲ့အာသီသဟာလွန်ခဲ့တဲ့နှစ်အနည်းငယ် ကျွန်တော်တို့ကိုယ်တိုင် အလုပ်အနားယူပြီး မြေးထိန်းလာတဲ့နှစ်ပေါက်ကာလတွေရောက်ပြီဆိုကတည်းက ရှိခဲ့ပါတယ်။ အဲ့ဒီ အတွက်လည်း လိုအပ်တဲ့လေ့လာဖတ်ရှုမှု တွေပေါ်အခြေခံပြီး ကျွန်တော်တို့ မြန်မာကွန်မြူနီတီအတွင်း မိသားစုတိုင်းလိုလိုမှာရှိနေကြတဲ့ အဖိုးအဖွားတို့ရဲ့ဘဝကို တစိပ်တပိုင်းအထောက်အကူရစေခြင်းငှာ ရေးသားလိုက်ရပါတယ်။
ကျွန်တော် ဒီစာကိုရေးရင်းနဲ့ “အဖိုးအဖွား”(“Grandparenting”) ဆိုတဲ့ဝေါဟာရဆိုတဲ့ဝေါဟာရ အဓိပ္ပါယ်ကိုကွန်ပြူတာမှာ ရှာဖွေတော့ မှားယွင်းတဲ့စာလုံးပေါင်းအဖြစ် ပေါ်လာတာကိုမယုံနိုင်ဘွယ် တွေ့ရပါတယ်။ ယနေ့ခေတ် အထူးသဖြင့် အမေ ရိကားမှာသာမကနေရာဒေသတိုင်းမှာ အဖိုးအဖွား များရဲ့ အခန်းကဏ္ဍဟာ မြေးမြစ်များရဲ့ဘဝအစိပ်အပိုင်းတွေမှာ သင့်လျော် တဲ့အနေအထားကနေထဲထဲ ဝင်ဝင်ရှိတဲ့အထိ မဖြစ်မနေပါဝင်ပါတ်သက်လို့နေပါတယ်။ တစ်နည်းဆိုရရင် အဖိုးအဖွားများရဲ့ အခန်းကဏ္ဍနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ ကွဲလွဲမှုများ ရှိနေပေမဲ့လည်း ခွဲမရတဲ့ကိစ္စတခုဖြစ်နေပါပြီ။
ကံကောင်းထောက်မစွာဘဲ အဲ့ဒီစကားလုံး (“Grandparenting”) ဟာ Merriam-Webster's Dictionary မှာတွေ့ရပါတယ်။ သို့တိုင်သော်လည်း ပေးထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ အလုပ်သဘော ဖော်ပြချက်ကတော့ သိပ်မရှင်းလင်းသေးတာတော့ အမှန်ပါ။
"အဖိုးအဘွားတစ်ဦး၏လုပ်ဆောင်ချက်"။ ဒါဆို အဖိုးအဖွားဆိုတာ ဘာကို ဆိုလိုတာလဲ?
ကိုယ်(အဖိုးအဖွားတို့)ပါဝင်ပတ်သက်ရမည့်အခန်းအခန်းကဏ္ဍ (role) ဟာ လူတိုင်းမဟုတ်သော် လည်း၊ ယဉ်ကျေးမှုနှင့် မိသားစုအလိုက် ကျယ်ပြန့်စွာ ကွဲလွဲမှုရှိနေနိုင်ပါတယ်။ ကိုယ့်မိသားစုမှာရှိနေ တဲ့ ကွဲပြားတဲ့သဘောကို ရှင်းလင်းစွာနားလည် ကြဘို့တာဝန်ရှိလာချိန်မှာ ကိုယ်က ဘာတာဝန်မျိုး လည်း ဆိုတဲ့တိကျပြတ်သားရှင်းလင်းတဲ့ (transparent and clear duties) “တာဝန်”ကို ပတ်သက် သူတိုင်းက ရေရေလည်လည်သိနားလည်ကြယုံမက လိုက်နာလာဘို့ဟာပဓါနကျလာပါ တယ်။ အဲ့ဒီ တာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ခြင်းသည်ပင်လျင် အဖိုးအဖွားဆိုတဲ့ဝေါဟာရကို ကောင်းစွာချယ် မှုန်းပြ သပါလိမ့်မယ်။ အောင်မြင်ထိရောက်တဲ့ကဏ္ဍကို မီးမောင်းထိုးပြပါလိမ့်မယ်။
သင်က ဘယ်လိုအဖိုးအဖွားအမျိုးအစားလဲ?
Cherlin နှင့် Furstenbergလို့အမည်ရှိကြတဲ့သုတေသီ(၂)ဦးဟာ အဖိုးအဖွားမိသားစုများနဲ့ပတ်သက် တဲ့ကိစ္စတွေကိုထဲထဲဝင် ဝင်လေ့လာကြသူတွေဖြစ်ကြပါတယ်။ သူတို့က အဖိုးအဖွားများရဲ့ အမျိုးအစား (သုံး)မျိုးကို အလေးပေးဖော်ပြခဲ့ကြပါ တယ်။
(၁) အဝေး (remote grandparents) မှ မြေးများကို တွေ့ရခဲတဲ့ဆက်ဆံမှုရှိတဲ့အဖိုးအဖွားမျိုး။ ဝေးဝေး နေနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာအရဆက်နွယ်မှုရှိနေနိုင်ပါတယ်။
(၂) အဖော် (companionate) - သူတို့မြေးတွေနဲ့ ပျော်စရာတွေ လုပ်ရတာကို နှစ်သက်ပေမယ့် သူတို့ ကို ပြုစုပျိုးထောင်ရာ မှာ တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာမျိုး မလုပ်ပါကြတဲ့အမျိုးအစား။
(၃) တက်ကြွစွာပါဝင်ပတ်သက်ကြသူများ (involved) - မြေးများနှင့် မကြာခဏ (ပုံမှန်သို့်မဟုတ်နီးပါး) ထိတွေ့ဆက်ဆံပြီး ၎င်းတို့၏ဘဝနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်တဲ့အဖိုးအဖွား မျိုး။
အကြောင်းရင်းခံများ
ကလေးများနဲ့ အဖိုးအဖွားတို့ရဲ့ထိတွေ့ဆက်ဆံမှုများဟာ ငွေရေးကြေးရေး/အလုပ်အကိုင်မအားလပ် အချိန်ပေးရမှုအခြေ အနေကတွန်းပို့သောအဖြစ်ကြောင့်က လေးထိန်းရခြင်း၊ မိဘများ၏ကွာရှင်းပြတ် စဲခြင်း (သို့မဟုတ်) မုဆိုးမ/ဖိုအခြေ အနေရောက်ရှိရခြင်းနှင့် ပါဝင်ပတ်သက်သူအားလုံး၏ ကျန်းမာ ရေးနှင့် ဖြစ်နိုင်ခြေရှိတဲ့ အခြားကန့်သတ်ချက်များပါဝင်နိုင် သလို ထည့်သွင်းစဉ်းစားရန်လည်း အရေး ကြီးလှပါတယ်။ မိသားစုများအတွင်း ရှုပ်ထွေးတဲ့အခြေအနေတွေပေါ်ပေါက်လာခဲ့ ရင်ပြီး လိုအပ်တဲ့ အပေါ်မူတည်ပြီးလည်း ပတ်သက်ကြရတဲ့ အခန်းကဏ္ဍ ပြောင်းလဲသွားနိုင်တယ်။
ဆက်ဆံရေးအနည်းအများသည် အဖိုးအဖွားများကို ကူညီပေးပါသလား?
လေ့လာချက်များအရ မြေးများဟာ အဖိုးအဖွားများအတွက် အကာအကွယ်ဖြစ်စေနိုင်ပြီး ၊ ဆန့်ကျင် ဘက် စိတ်ဖိစီးမှုလည်း ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ အလယ်အလတ်အခြေအနေလောက်သာထိတွေ့ ဆက်ဆံ ထိန်းကြောင်းကြရတဲ့ အဖိုးအဖွား များအနေနဲ့ကတော့ သူတို့၏စိတ်ပိုင်းဆိုင်ရာသုခချမ်းသာ အပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုများရှိနိုင်ပြီး သိမြင်မှုဆိုင်ရာအကျိုးကျေးဇူးများ အထောက်အထားအချို့လည်းရရှိနိုင်ကြတယ်။ တာဝန်ပိုမိုကြီးမားလေးလံပြီး အချိန် ပြည့်တာဝန်ကို ထမ်းဆောင်တဲ့ အဖိုးအဖွားများ အနေနဲ့ကတော့ ဆိုခဲ့သော အကျိုးကျေးဇူးတွေ လျော့နည်းကောင်း လျော့ နည်းလာနိုင်တဲ့အပြင်၊ မလိုလားအပ်တဲ့ ပံ့ပိုးကူညီမှုမပေးပါတဲ့အတွက် အန္တရာယ်အချို့ အမှန် တကယ် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုအမျိုးအစားမှာ အခြားပံ့ပိုးကူညီမှုကို ရှာဖွေဘို့ အရေးကြီးပါ လိမ့်မယ်။
ဆက်ဆံရေးက မြေးတွေကိုကော ကူညီပေးသလား?
အဖိုးအဖွားနဲ့ မြေးတို့ရဲ့ကြီးမားတဲ့ရင်းနှီးဆက်ဆံတဲ့သံယောဇဉ်အတိုင်းအတာကတော့ အကောင်းဆုံး ရလာဒ်အဖြစ် မိဘ ရော၊ အဖိုးအဖွားတို့ကလိုလားတောင့်တကြမယ်ဆိုတာကတော့အမှန်ပါ။ အဲ့ဒီအ တွက်ကြောင့် လေ့လာမှုများက ကလေး တစ်ဦး၏ဘဝတွင် ပြုစုစောင့်ရှောက်ပေးတဲ့ အဖိုးအဖွားများ ရှိနေခြင်းဟာ အကာအကွယ်နှင့် ထပ်ပေါင်းခံစားခွင့်အခွင့် အရေးတိုးစေခြင်းဖြစ်စေတာကတော့ မဆန်း ပါဘူး။ တိကျတဲ့အချက်များအဖြစ် ထိုကလေးတွေအတွက် ဘဝဖြစ်ရပ်များ ကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းဆိုတဲ့ရလာဒ်ကောင်းတွေ ပါဝင်လာပါတယ်။ သို့တိုင်သော်လည်း အဖိုးအဖွား များဟာ အစွန်းရောက်အယူအဆနဲ့ မိဘတွေကြားကွဲလွဲမှုရှိနိုင်ခြေကို အထူးသတိထားကိုင်တွယ်ကြ ဘို့အထူးလိုပါတယ်။
အဖိုးအဖွားများ၏ မြေးများကို ပြုစုပျိုးထောင်ရာတွင် ရင်ဆိုင်ရလေ့ရှိသောစိမ်ခေါ်မှု အခက်အခဲများ နှင့် ဆောင်ရွက်လိုက် နာသည့်အချက်များ
(က) သူတို့်ခံစားချက်များကို နားလည်အသိအမှတ်ပြုပါ။
မြေးများကို ပြုစုပျိုးထောင်လိုတဲ့လိုအင်ဆန္ဒဟာ စိတ်ခံစားမှု အမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။ ချစ်ခြင်း မေတ္တာကဲ့သို့သော အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုမျိုးရရှိနိုင်သလို ကွဲလွဲတဲ့ဆန့်ကျင်ဘက်ခံစားရ မှုတွေလည်းရှိနိုင်ပါတယ်။ ဥပမာတွေကတော့ -
(၁) စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု
(၂) ဒေါသ (သို့မဟုတ်) နာကြည်းမှု
(၃) အပြစ်ရှိခြင်းလို့ခံယူမှု
(၄) ဝမ်းနည်းပူဆွေးမှု
(ခ) မြေးလေးတွေကို ပြုစုပျိုးထောင်ဖို့ နေ့စဉ်လိုအပ်ချက်တွေနဲ့ နစ်မွန်းနေတဲ့အခါ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဘေးဖယ် ထားလိုက်ဖို့က လွယ်ပါတယ်။ ဒါပေမယ့် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အား အင်ကုန်ခန်းလာသောအခါတွေမျိုးမှာ ပြုစုစောင့်ရှောက်သူကောင်း မဖြစ်နိုင်တော့ပါဘူး။ စိတ်တည်ငြိမ် ဖို့ နဲ့ အာရုံစိုက်နေဖို့လိုပါတယ်။ ကိုယ့်စိတ်နဲ့ ရုပ်ပိုင်းဆိုင် ရာ ကျန်းမာရေးကို ဂရုစိုက်တာက အဲ့ဒီသ ဘောပါ။
(ဂ) ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ရင် မြေးတွေကို ဂရုစိုက်နိုင်မှာမဟုတ်ဘူး။ အာဟာရပြည့်ဝသောအစားအစာများစားဘို့၊ လေ့ကျင့်ခန်းပုံမှန်လုပ်ရန်နှင့် လုံလောက်သောအိပ်စက် ခြင်းကိုဦးစားပေးဘို့၊ ဆရာဝန်ရဲ့ ချိန်းဆိုမှုများ (သို့မဟုတ်) ဆေးဝါး ပြန်လည်ဖြည့်တင်းမှုများ မပျက်စေ ဘို့တာဝန်ဟာ အဖိုးအဖွားတို့ရဲ့ မပျက်မကွက်ထိန်းသိမ်းဆောင်ရွက်ရမဲ့ ကိစ္စတွေပါ။ ဝါသနာနှင့် အပန်း ဖြေခြင်းဟာ ဇိမ်ခံကိစ္စတွေမဟုတ်တော့ပါဘူး။ ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ရှောင်ရှား ဘို့ လိုအပ်တဲ့ အနားယူခြင်းနဲ့အပန်းဖြေခရီးထွက်ခြင်းတို့ကိုအလျင်းသင့်သလိုလုပ်ကြရပါမယ်။ တီဗွီ ရှေ့မှာအဆက်မ ပြတ်အချိန်ဖြုန်းမဲ့အစား အသက်ရှူနဲ့ကိုယ်ကာယလှုပ်ရှားမှုပုံမှန်လုပ်တဲ့အကျင့် တွေ မွေးမြူကြရပါမယ်။ Yoga (သို့မဟုတ်) တရားထိုင်ခြင်းကဲ့သို့ စိတ်ကို ပြေလျော့စေမည့် လှုပ်ရှားမှုများ ကို ရွေးချယ်လုပ်ကြပါ။
(ဃ) မြေးတွေရဲ့ အကူအညီအတွက် စာဖတ်တာဟာအလွန်တန်ဘိုးကြီးအကျိုးရှိတဲ့အပြင်ကလေးများ အတွက် ထက်မြက် တဲ့ စွမ်းရည်ပိုမိုရရှိစေပါမယ်။
ကလေးထိန်းအကူအညီအတွက် သင့်အသိုင်းအဝိုင်းအတွင်းမှတဆင့် ဆက်သွယ်ပါ။
Church (သို့မဟုတ်) အခြားဘာသာရေးအဖွဲ့အစည်း၊ စာကြည့်တိုက်၊ အင်တာနက် တစ်ခုခုထံက တဆင့်သော်၎င်း၊ အနီးနား အိမ်နီးရပ်ကွက်တွင်းမှာသော်၎င်း မေးမြန်းနိုင်ပါတယ်။
ကလေးများနှင့် မိဘများနှင့် ချိတ်ဆက်ပါ။ ကွာခြားတဲ့လူနေမှုတွေးခေါ်ခြင်းကိစ္စနဲ့ယဉ်ကျေးမှုစရိုက်တွေဟာ တခါတရံမှာ generational gap ရှိနိုင်ပါတယ်။ ဒါကိုလေ့လာပြီးအဲ့ဒီကွာခြားမှုကိုကျဉ်းနိုင်သမျှကျဉ်းပြီး ဖြစ်နိုင်ရင်ပျောက်သွားအောင် နည်းလမ်းရှာကြံကူညီဆောင်ရွက်ရပါမယ်။ ဒါကိုလည်း အဖိုးအဖွားများကမိမိတသက်တာအတွေ့ အကြုံပေါ်ကရလာတဲ့ သင်္ခန်းစာပေါ်အခြေခံတာမို့၊ ကိုယ့်ရဲ့ဗဟုသုတအမြှော်အမြင်ရှိမှုပေါ် မူတည် နေပါတယ်။
မင်းရဲ့မြေးလေးတွေမှာလည်း ခံစားချက်တွေ ရောထွေးနေမယ်ဆိုတာ သတိပြုပါ။
(က) ကလေးများဟာ မိဘများ နဲ့ ပုံမှန်အဆက်အသွယ် ပျက်ပြားမှု၊ ဆုံးရှုံးတခုခုနဲ့ကြုံသောအခါမှာ စိတ်ပိုင်းဆိုင်ရာထိခိုက် မှုခံစားရမှုတွေရှိတတ်ကြပါတယ်။ ဆန့်ကျင်အာခံမှုတွေဖြစ်တတ်ပြီး ခက်ခဲစွာ ပြုမူနိုင်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ လျစ် လျူရှုမှု၊ စိတ်ဒဏ်ရာ (သို့မဟုတ်) အလွဲသုံးစားပြုခံရမှုများ ကြောင့် ယင်းဒဏ်ရာများ ပျောက်ကွယ်သွားဘို့လွယ်ကူမှာ မဟုတ်ပါဘူး။ ကုစားဖို့ အချိန်လိုပါလိမ့် မယ်။
(ခ) မိဘများနဲ့ အခိုက်မသင့်စွာ ခွဲခွာနေရမှုအခြေအနေမျိုးတွေမှာအိမ်ကိုပြန်လာစရာ အကြောင်းရှိ တတ်ပါတယ်။ အိမ်ကိုပြန်လာချင်စိတ်လည်းရှိတတ်ကြပါတယ်။ ဒါကို ကိုယ်ကအရေးမယူပါနဲ့။ မိဘနဲ့ သားသမီး နှောင်ကြိုးက အား ကောင်းတတ်ကြပါတယ်။ ထိုနည်းတူစွာဘဲ နာကျည်းမှုစိတ်ဒါဏ်ရာ လည်းခံစားစွဲလမ်းတတ်ကြပြီး ခွင့်မလွှတ်တဲ့အခြေ အနေမျိုးရောက်တတ်ကြပါတယ်။ နားလည်နိုင် လောက်တဲ့အရွယ်မှာတောင် မိဘကို လွမ်းဆွတ်ပြီး စွန့်လွှတ်ရတဲ့ခံစားချက် တွေနဲ့ ရုန်းကန်နေရဆဲပါ။
ခံစားချက်များဟာ အပြုအမူအပါအဝင် ပုံစံအမျိုးမျိုးနဲ့ ထွက်ပေါ်လာနိုင်ပါတယ်ဆိုတာကိုနားလည်ကြ ဘို့လိုပါတယ်။
(ဂ) မိဘ အဖိုးအဖွားတွေရဲ့ နှစ်သိမ့်မှုနဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်ပါတယ်။ သူတို့ တွေ့ကြုံခဲ့ရတဲ့ အဖြစ် အပျက်တွေ၊ ရှုပ်ထွေး မှုတွေ၊ မယုံကြည်မှု၊ ကြောက်ရွံ့မှုတွေ ခံစားနေကြရတာကို ပုံဖော်ကြည့်ပါ။ ကိုယ်ချင်းစာစိတ်ပြသပါ။ တစ်ခါတလေ မချစ်ဘူး ဒါမှမဟုတ် တန်ဖိုးမထားသလို ခံစားရနိုင်ပေမယ့် သူတို့ရဲ့ အပြုအမူတွေက ကြောက်စရာကောင်းတဲ့ စိတ်ခံစား ချက်တွေကို ဖော်ပြဖို့ လုံလုံလောက် လောက် အကြောင်းရင်းခံတွေရှိတတ်ကြပါတယ်။
(ဃ) ရုန်းရင်းဆန်ခတ်ဖြစ်သွားတတ်ရင်လည်း သိပ်ပြီး စိတ်ဓာတ်မကျပါနဲ့။ အရင်ကပြောခဲ့သလိုပဲ၊ ဒါက သူတို့ရဲ့ခံစားချက် အစစ်အမှန်ကို ထုတ်ပြောဖို့ လုံလုံလောက်လောက် လုံခြုံတယ်လို့ ခံစားလာရ တဲ့ အခါမျိုးမှာ လှစ်ဟပြသတတ်တဲ့ လက္ခဏာတစ်ခုပါ။
လုပ်ရိုးလုပ်စဉ်တစ်ခုကို ထူထောင်ခြင်းနည်းနဲ့ အကျင့်စရိုက်ကိုတည့်မတ်ပေးပါ။
(က) လုပ်ရိုးလုပ်စဉ်များနှင့် အချိန်ဇယားများသည် ကလေး၏ကမ္ဘာကို လုံခြုံစေပါတယ်။ အစာစားချိန် နဲ့ အိပ်ချိန်များအ တွက် အချိန်ဇယားကို သတ်မှတ်ပါ။ စနေ၊ တနင်္ဂနွေတွေမှာ သင်နဲ့ သင့်မြေးတွေ မျှဝေနိုင်တဲ့ အထူးရိုးရာဓလေ့တွေကို ဖန်တီးပါ။
(ခ) မိမိတို့အိမ်ထဲမှာ မိသားစုဝင်တခုအဖြစ် ကလေးတွေကို ထည့်သွင်းလက်ခံယူဆစေခြင်းနည်းနဲ့ ဆက်ဆံရေးကိုဖန်တီးပါ ။ အသက်အရွယ်အလိုက် တတ်နိုင်သမျှ ၎င်းတို့ရဲ့ ဝန်ကိုမျှဝေကူညီဆောင် ရွက်ပေးပါ။
(ဂ) သူတို့နေထိုင်မဲ့ဝန်းကျင်ကိုသူတို့စိတ်ဝင်စားမဲ့စိတ်ကြိုက်နေရာအဖြစ်ဖန်တီးပေးခြင်းနည်းနဲ့ဆွဲ ဆောင်ပါ။
(ဃ) အသက်အရွယ်အလိုက် အိမ်စည်းကမ်းများကို သတ်မှတ်ပြီး ၎င်းတို့ကို တသမတ်တည်း လိုက် နာပါ။ ကလေးတွေက သူတို့မျှော်လင့်ထားတဲ့အရာကို သိတဲ့အခါ ပိုလုံခြုံတယ်လို့ ခံစားရတတ်ပါ တယ်။ မေတ္တာပါသော နယ်နိမိတ်များဟာ ကလေးကို ဘေးကင်းပြီး ကာကွယ်ထားကြောင်း ဖေါ်ပြ ပေးရာရောက်ပါတယ်။ သူတို့ရဲ့ပိုင်နက်နယ်မြေဆိုတဲ့အယူအဆ မျိုး၊ စိတ်ဓါတ်မျိုးရရှိခံစားနိုင်ပါစေ။ နေ့စဉ်အစမှာ ကျောင်းကနေ အိမ်ပြန်လာချိန်၊ အိပ်ရာမဝင်ခင်မှာ သူတို့နဲ့ အပြန်အလှန် ဆက်ဆံဖို့ အချိန်ပေးပါ။
ပွင့်လင်းရိုးသားစွာ ပြောဆိုဆက်ဆံမှုကို အားပေးပါ။
(က) မြေးများနဲ့ ပွင့်ပွင့်လင်းလင်း ရိုးသားစွာ ပြောဆိုဆက်ဆံခြင်းဟာ သူတို့ရဲ့ အခြေအနေသစ်ကို ရင်ဆိုင်ဖြေရှင်းနိုင်စေရန် သင်လုပ်ဆောင်နိုင်သည့် အကောင်းဆုံးအရာများထဲမှ တစ်ခုဖြစ်ပါတယ်။ သူတို့စကားတွေကို တကယ်နားထောင်ဖို့ အချိန် ပေးဖို့က အထူးအရေးကြီးပါတယ်။ ဒီလိုခက်ခဲတဲ့ အချိန်မျိုးမှာ သူတို့ရဲ့မေးခွန်းတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ခံစားချက်တွေကို လိုက်လျောနိုင်တဲ့ အရွယ် ရောက်ပြီးသားတစ်ယောက်လိုအပ်ပါတယ်။
(ခ) တီဗီ၊ ဖုန်း၊ ဂိမ်းများနှင့် အခြားအနှောက်အယှက်များ ကင်းစင်ပြီး ထိုင်စကားပြောတဲ့အခါ ပုံမှန် အချိန်များကို စီစဉ်ပါ။
(ဂ) သင့်မြေးများကို ၎င်းတို့၏ ခံစားချက်များကို အကောင်းရော အဆိုးပါ ပြောပြရန် အားပေးပါ။ သူတို့ရဲ့ခံစားချက်တွေကို အကဲမဖြတ်ဘဲ နားထောင်ဖို့ကြိုးစားပါ။
(ဃ) သင့်ကလေးငယ်များအား ၎င်းတို့၏ စိတ်ခံစားမှုများကို သိရှိနိုင်စေရန် ကူညီပေးပါ။ ဥပမာ၊ မင်းရဲ့မြေးလေး စိတ်ဆိုးနေ ပုံပေါ်ရင် "မင်း စိတ်မကောင်းဖြစ်ပုံရတယ်။ မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတာလား။" စသဖြင့် လမ်းကြောင်းပေးတဲ့ အမူအကျင့်ရှိစေရပါမယ်။
(င) ကလေးများကို ကစားခြင်းဖြင့် ဆက်သွယ်ကြပါ။ ငယ်ရွယ်တဲကလေးများ သူတို့ခံစားရပုံကို နှုတ်ဖြင့် မပြောနိုင်သော် လည်းတို့၏ ကစားပုံမှတစ်ဆင့် ၎င်းတို့ကိုယ်တိုင် ဖော်ပြတတ်ကြပါတယ်။ မြင်အောင် လေ့လာပါ။
(စ) “မသိဘူး” လို့ ပြောလို့ လွယ်ပါတယ်။ အရာရာတိုင်းအတွက် အဖြေရှိရန်မလိုပါ။ ဥပမာ-“မေမေ အိမ်ပြန်ရောက်တဲ့ အခါ” ဆိုတဲ့အချက်ကိုမသိရင်မသိကြောင်း ရိုးရိုးသားသားပြောပါ။ မလိမ်ပါနဲ့။
မြေးတွေကို အခြေအနေအချိန်အခါပေါ်မူတည်ပြီး ဘယ်လောက်ပြောပြသင့်လဲ။
(က) သင့်မြေးတွေကို အခြေအနေအကြောင်း ဘာပြောရမလဲ ဆုံးဖြတ်တဲ့အခါ သူတို့ရဲ့ အသက် အရွယ်နဲ့ ဖွံ့ဖြိုးမှုစွမ်းရည် ကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။
(ခ) ကလေးကို အလွန်အကျွံပြောခြင်းမှ ရှောင်ကြဉ်ပါ။ ကလေးအများစုဟာ ဖြစ်ရပ်အခြေအနေ တစ်ခု လုံးကို နားလည်ရန် ငယ်လွန်းပါတယ်။ အချက်အလက်များ အလွန်အကျွံပေးခြင်းမျိုးဟာ ကလေးအ တွက် ရှုပ်ထွေးခြင်း၊ ကြောက်စရာကောင်း စိတ် လွှမ်းမိုးသွားနိုင်ပါတယ်။
(ဂ) ကလေးကို နည်းနည်းလေးဖြစ်ဖြစ် ဘာမှမပြောဘဲ ကွယ်ဝှက်ပြောခြင်းကိုလည်းရှောင်ပါ။ စိတ်ထိ ခိုက်ခံစားရခြင်း၊ လှည့်စားခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ ဖြစ်နိုင်ပါတယ်။
(ဃ) အချို့သောအကြောင်းအရာများသည် "အကန့်အသတ်မရှိ" ဟုထင်စရာရှိပေမဲ့ မေးခွန်းများမေး ခြင်း (သို့မဟုတ်) အခြားအရေးကြီးသောစိုးရိမ်မှုများအကြောင်း ပြောဆိုခြင်းကို ရှောင်ကြဉ်ကြရပါလိမ့် မယ်။
(င) အဖြစ်မှန်ကို ဘယ်တော့မှ မလိမ်ညာပါနဲ့။ ငယ်ရွယ်သောကလေးများပင်လျှင် အမှန်တရားနှင့် လိမ်ညာခြင်းရဲ့ ခြားနား ချက်ကို သိတတ်ကြပါတယ်။ အမှန်တရားအကြောင်း ပြောရန် ကြောက်တတ် ကြပါတယ်။ အချို့ကတော့ ကလေးကိုကာ ကွယ်ရန် ကြိုးပမ်းတဲ့အနေနဲ့ အဖြစ်မှန်များကို လှည့်စား တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီချဉ်းကပ်မှုမျိုးက မကြာခဏဆိုသ လို ပိုဆိုးစေတတ်ပါတယ်။ အ ကောင်းဆုံးနည်းဗျူဟာကတော့ နားလည်မှုရှိတဲ့အဆင့်အသက်အရွယ်မှာ ရိုးသားရန်ဖြစ်ပါ တယ်။
(စ) ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုနှင့် ရိုးသားမှုရဲ့ အရေးပါမှုကို သိရှိလာအောင်အလေ့အကျင့် ပြုပေးပါ။
မိဘများနှင့် ဆက်သွယ်ရန် အားပေးပါ။
ဒီကိစ္စကတော့မြန်မာမိသားစုဝင်တွေထဲမှာတွေ့ကြုံလေ့မရှိတဲ့ကိစ္စတခုဆိုပေမဲ့ ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ (ကမ္ဘာကြီးရဲ့ အနောက်ခြမ်းမှာမွေးဖွားကြီးပြင်းကြသူမြန်မာမိသားစုဝင်များကြားထဲ) တွေ့ကြုံရတတ်တဲ့ မိသား စုပုံစံမျိုးပါ။ အဲ့ဒီအတွက် သိသင့်တဲ့ကိစ္စတခုဖြစ်လာပါတယ်။ Disintegrated or estranged families မျိုးတွေပါ။
(က) ကလေးများဟာ သူတို့ရဲ့မိဘများနဲ့ အဆက်အသွယ်ရှိနေရန် အမြဲတမ်းမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မိဘနဲ့သားသမီးများပုံ မှန်အဆက်အသွယ်ပြုမှုတခုထူထောင်မိထားစေဘို့အရေးကြီးပါတယ်။ လူ ကိုယ်တိုင်တွေ့ဆုံရန် မဖြစ်နိုင်ပါက၊ ဖုန်းခေါ်ဆိုမှု၊ ဗီဒီယိုချတ်များ၊ ကတ်များနှင့် စာများ၊ နှင့် အီးမေးလ် များ အပါအဝင် အခြားနည်းလမ်းများဖြင့် ဆက်သွယ်ရန် တိုက်တွန်းနိုင် ပါတယ်။
(ခ) မြေးတွေရှေ့မှာ မိဘနှင့်ပတ်သက်တဲ့ အရေးကြီးတဲ့အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုခြင်း မှ ရှောင်ကြဉ်ပါ။
(ဂ) သင့်မြေး၏မိဘများနှင့် ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ပါ။ ဆက်ဆံရေးချောမွေ့စေရန်နှင့် မိဘကို ကလေးဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားစေရန် သင်တတ်နိုင်သမျှလုပ်ဆောင်ပါ။
(ဃ) ကလေး၏ကျောင်း၊ ဝါသနာနှင့် သူငယ်ချင်းများအကြောင်း အချက်အလက်များကို မျှဝေပါ။
(င) မိဘတွင် ကလေး၏ အချိန်ဇယားနှင့် ဆက်သွယ်ရန် အချက်အလက် ရှိကြောင်း သေချာပါစေ။
(စ) သင့်မြေး၏ ပုံမှန်လည်ပတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပါစေ။ ဖြစ်နိုင်ရင် လည်ပတ်ဖို့ ကြိုတင်စီစဉ် ထားပြီး ပုံမှန်အချိန်ဇ ယားအတိုင်းထားပါ။
(ဆ) မိဘနှင့် အချိန်မနှောင်းမီ ဆွေးနွေးပါ၊ လာရောက်လည်ပတ်မှုအတွက် လူတိုင်း၏မျှော်လင့်ချက် ထားတတ်ကြမှာထင် ရှားပါတယ်။ မိဘနှစ်ပါး ဘိုးဘွားနှစ်ဦးလုံးက တူညီသောစည်းကမ်းများကို လိုက် နာပါက အကောင်းဆုံးဖြစ်ပါတယ်။
(ဇ) သင့်မြေး၏ ခံစားချက်ကို သတိထားပါ။ သင့်မြေးများနှင့် မိဘများဆက်သွယ်မှုအပေါ် မည်ကဲ့သို့ ခံစားရကြောင်း ပြော ဆိုရန် အရေးကြီးပါတယ်။ ကလေးတွေက အလည်အပတ် ဒါမှမဟုတ် ဖုန်းခေါ်ဖို့ စောင့်မျှော်နေချိန်မှာတောင် မသေချာ မရေရာမှုတွေနဲ့ ကြောက်ရွံ့မှုတွေ အပါအဝင် ခံစားချက်များစွာကို သယ်ဆောင်လာနိုင်ပါတယ်။ ကလေးတွေက သူတို့ရဲ့မိဘ က သူတို့ကို မချစ်တော့တာ ဒါမှမဟုတ် သူတို့မှာ ပြောစရာမရှိတော့မှာကို စိုးရိမ်နေနိုင်တတ်ပါတယ်။ သူတို့ကို စိတ်ချမ်းသာ အောင်နေပါစေ။
(ဈ) မြေးရှေ့မှာ မိဘနဲ့ပတ်သက်တဲ့ ဒေါသ သို့မဟုတ် နာကျင်စေမည့်အရာများကို ပြောရန် သွေး ဆောင်မှုကို ရှောင်ကြဉ်ပါ။ အဲဒီအစား သင့်မြေးကို ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လို ခံစားရကြောင်း ပြောပြပါ။
မြန်မာမိသားစုဝင်များထဲ ပါးစပ်ကထုတ်ဖေါ်ပြောတတ်ပြီး ကိုယ့်မိသားစုအရေးကို အိမ်ပြင်မရောက် အောင် လျှို့ဝှက်တတ် တဲ့ဓလေ့ကြီးစိုးပါတယ်။ ကိုယ့်သားသမီးမြေးမြစ်များကို တစိမ်းက ဝေဖန်တာ (judging from strangers and even friends) ဟာဒီကနေ့ခေတ်မှာအထိရှိနေဆဲပါ။ ဒီအတွက် လည်းမလိုလားအပ်တဲ့ ဆိုးရွားမှုဘက်ကိုတွန်းပို့တတ်တဲ့သဘော ရှိတဲ့အတွက် လမ်းမှားပေါ်ရောက်တဲ့ ကလေးသူငယ်များရဲ့ ဘဝကိုကြားဖူးကြမှာပါ။ မြန်မာတွေထဲရှားပါတယ်လို့ ဆင်ခြေ ရှာရတဲ့ခေတ် မဟုတ်တော့ပါဘူး။ “ဗိုင်းကောင်းကျောက်ဖိ” သားစဉ်မြေးဆက်အကြောက်တရားနဲ့ မြေတောင် မြှောက်တဲ့ ခေတ်မဟုတ်တော့ပါဘူး။ အထူးသဖြင့် ဒီလိုအနောက်နိုင်ငံမျိုးတွေမှာ အထင်အရှားပါ။
မြင်အောင်ကြည့်ပြီး လမ်းမှန်ရှာဖွေလျှောက်လှမ်းနိုင်တဲ့ မြန်မာကွန်မြူနီတီကြီးကိုရည်မျှော်လျက်…။