Friday, January 30, 2026

ကမ္ဘာ့ခေါင်မိုးထိပ်ဖျားနိုင်ငံ(“Roof of the World”) (ဝါ) တိဗက် သို့တခေါက်

 လူသူအပေါက်အရောက်နည်းတဲ့ဒေသတခုလို့ အရင်ကထင်ခဲ့ပေမဲ့ကိုယ်တိုင်ကိုယ်ကျသွားရောက် လည်ပတ်ကြည့်ခါမှ ထင်သလိုမဟုတ်လဲ ခရီးသွားလည်ပတ်သူ tourists ထူထပ်တဲ့နေရာတခုဖြစ် တာကိုအံ့သြမကုန်နိုင်မျက်ဝါးထင်ထင်မြင်ရ ပါတယ်။ နှစ်ပေါင်း(၁၃၀၀)ကျော်သမိုင်းကြောင်းရှိခဲ့ပြီး၊ ဘာသာရေးလွှမ်းမိုးတဲ့ယဉ်ကျေးမှုထွန်းကားရာဒေသကြီးဖြစ်ပါ တယ်။ Covid ကပ်ရောဂါကာလက တိဗက်ဒေသကိုသွားရောက်လည်ပတ်သူကမ္ဘာလှည့်တွေရှိခဲ့ပေမဲ့၊ ကပ်ရောဂါကာလ လွန်အချိန်မှာ တရုတ်ပြည်မကြီးရဲ့အာဏာပိုင်တွေက အဲ့ဒီဒေသကို ကမ္ဘာလှည့်ဝင်ရောက်တာကို တင်းကြပ်မှုအထပ် ထပ်က နေဖြေလျှော့ပေးခဲ့တာကိုကြားမိပါတယ်။ ခုချိန်မှာတော့ နေ့စဉ်ကမ္ဘာလှည့်ခရီးသည် ပျမ်းမျှ (၅,၀၀၀)ကျော်ရှိနေပါပြီ။ ကပ် ရောဂါမဖြစ်ခင်နှစ်များစွာက တိဗက်ကိုလည်ပတ်ချင်ပေမဲ့အိပ်မက်တခု အဖြစ်ဘဲ ကျနော့်မှာရှိခဲ့ပါတယ်။ တကြောင်းက ခရီးသွားလာခွင့်ကို Mainland China အစိုးရကတင်း ကြပ်လွန်းတာပါသလို၊ ခရီးစရိတ်နဲ့ဝန်ဆောင်ခအလွန်ကြီးမားတာကို လေ့လာတွေ့ရှိရတာကနောက် တကြောင်းပါ။ ဒီလိုခက်ခဲတဲ့ဒေသကို မောင်မိုးညိုသွားချင်တဲ့အာသီသဖြစ်တာနှစ်ပရိစ္ဆေဒ များစွာ က တည်းကပါ။ သွားရဘို့ခက်ခဲလေ၊ မဖြစ်မနေသွားချင်တာကများလေလို့ ဆိုပါရစေ။ အဲ့ဒီဒေသကိုသွား လိုတဲ့ ဆန္ဒပြင်းပြရခြင်းအကြောင်းရင်းတွေကျနော့မှာရှိနေပါတယ်။ (တစ်)ဗုဒ္̔ဓဘာသာ မဟာယနပေါ် ထွန်းကားရာဒေသဖြစ်သ လို၊ ဘုန်းကြီးဝတ်များအုပ်ချုပ်တဲ့နိုင်ငံ ဖြစ်လို့ (Vatican ကဲ့သို့သော ကက်သ လစ်ဘုန်းတော်ကြီးအုပ်ချုပ်ရာဒေသကို ရောက်ဖူးချင်သလို၊ ရောက်အောင်လည်းသွားခဲ့ဘူးပြီးပါပြီ။) ဗုဒ္ဓရဲ့အခြေခံတရားတော်များပျံ့နှံ့ပုံ၊ အဘိဓမ္မာတရားတော်ရဲ့ အကျင့်အကြံနဲ့ကျင့်သုံးနေထိုင်ကြပုံထဲထဲ ဝင်ဝင်ရှိမှုကိုသိလိုခြင်း၊ ထေရဝါဒရဲ့မူရင်းမြစ်ဖြားခံရာ အိန္ဒိယတိုင်း၊ နီပေါ၊ သီရိ လင်္ကာတို့နဲ့ ကွာဟနှိုင်း ယှဉ်လိုမှု၊ မည်သူကစတင်ခဲ့ပုံကိုသိလိုခြင်း၊ (နှစ်) ဒေသဆိုင် ရာအချက်အလက်များအရ မြန်မာနိုင်ငံ မြောက်ဖျားဖက် ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ တ(ဒ)ဟွန်းဒမ်ရွာဟာ မြန်မာပြည်ဖွား တိဗက် လူမျိုးတိုင်းရင်းသား များနေထိုင်အခြေချရာဒေသဆိုတဲ့ အချက်ကထင်ရှားစေပါတယ်။ အဲ့ဒီကျေးရွာ ပတ်ဝန်းကျင်လူဦးရေအားဖြင့်တိဗက်လူမျိုး (၃၀၀)ကျော်ရှိ ပြီး၊ ယနေ့တိုင် တိဗက်ရိုးရာထုံးတမ်းစဉ် လာနဲ့ဘာသာစကားကိုအသုံးပြုကြောင်းကြားသိရဖူးခြင်း (ပူတာအို ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ၂၀၂၃ ခုနှစ်မြို့နယ်မှတ်တမ်း) (သုံး) မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တဦးအနေနဲ့တိဗက် ပြည်ကိုသွား ရောက်လေ့လာလည်ပတ်ခြင်းဟာ ပြုလုပ်သင့်တဲ့အကြံမျှဝေလိုခြင်း နဲ့ (လေး) တူမချောရဲ့ မင်္ဂလာ ဆောင်ကို မရောက်ရောက်အောင်တက်လိုခြင်း၊ (တူမတို့လင် မယားနဲ့ ကျနော့ညီဖြစ်သူ့မိဘတွေကဥရောပမှာ အခြေချနေထိုင်ကြသူ သာဖြစ်ကြပြီး၊ တရုတ်နိုင်ငံထဲ မှာ မင်္ဂလာအခမ်းအနားကျင်းပလိုတဲ့ အာသီသဆန္ဒသက်သက်ရှိပုံရပါတယ်။) တို့ကြောင့်ပါ။

တိဗက်လို့ဆိုရသော်ငြားလည်းဘဲ ကျနော်လည်ပတ်ရောက်ရှိခဲ့တဲ့ဒေသဟာ တိဗက်ဒေသရဲ့မြို့တော် Lhasa ကွက်ကွက်ကို သာဆိုလိုခြင်းဖြစ်တယ်ဆိုတာကို ကြိုအသိပေးပါရစေ။ ဒီကိစ္စဘာ့ကြောင့်ပြော ရလဲဆိုတော့၊ တိဗက်ဒေသဟာ တရုတ် ပြည်မကြီးရဲ့ အစိတ်အပိုင်းတခုသာဖြစ်ပြီး Special Autonomous Region (SAR)သာဖြစ်ပြီး၊ တရုတ်နိုင်ငံကြီးရဲ့ အုပ်ချုပ် မှုအောက်မှာရှိနေတာမို့ တိဗက် ကိုလည်ချင်ရင် တရုတ်ပြည်မကြီးရဲ့ စည်းမျဉ်းဥပဒေသက်ရောက်မှုနဲ့သွားရပါတယ်။ တိဗက်ကို တခြား နိုင်ငံတွေကိုသွားရောက်လည်ပါတ်သလိုတိုက်ရိုက်လည်ပါတ်လို့မရပါ။ လေယာဉ်တိုက်ရိုက်ခရီးစဉ် အချို့ ရှိပေမဲ့ တရုတ်နိုင်ငံအတွင်းသို့ဝင်ရောက်သလိုပြည်ဝင်ခွင့်တွေအထပ်ထပ်ကိုကျော်ဖြတ်ရပါတယ်။

တိဗက်နိုင်ငံဟာ ပင်လယ်ရေမြက်နှာပြင်အထက် (ပေ ၁၄,၀၀၀) တိဗက်ကုန်းပြင်မြင့်မှာရှိတာမို့ အေး မြတဲ့ရာသီဥတုပေမဲ့ Lhasa မြို့ပေါ်တဝိုက်မှာနှင်းဖုံးလွှမ်းတာမျိုးတော့မရှိပါဘူး။ အများကသိကြတဲ့ ဧဝရက် (Mount Everest) တည်ရှိရာနေရာ မှာတော့နှစ်လုံးပေါက်နှင်းလွှမ်းဖုံးပါတယ်။ (ပေ ၂၉,၀၀၀ ကျော်အထက်) မြင့်ပြီးသာမာန် တောင်တက်ကျွမ်းကျင်သူတွေ တောင် သက်လုံအလွန်ကောင်းမှ တောင်ထိပ်ရောက်နိုင်ပါတယ်။ ဒီအတွက် ကမ္ဘာကြီးရဲ့ခေါင်မိုးထိပ်” လို့အမည်တွင်သ ပေါ့။ သမိုင်း နောက်ကြောင်းခံက (၁၇)ရာစုမှာ တိဗက်အင်ပါယာက စတင်ခဲ့တယ်လို့ဆိုပြီး၊ Tibeto-Burmese ပင်မ လူမျိုးစုကြီးမြစ်ဖျားခံရာဖြစ်ပြီး၊ ဒီကနေ့မြန်မာနိုင်ငံတွင်းနေမြန်မာလူမျိုးစုရဲ့ပင်မ ethnic axis အဖြစ် သမိုင်းတို့ကပြဆိုတာ မို့ မောင်မိုးညိုတို့ DNA များမှာ တိဗက်မျိုးနွယ်စုရဲ့ မူရင်းမြစ်ဖျားခြေရာ ကောက်ကြည့်ရင် ပြန်တွေ့နိုင်ပါလိမ့်မယ်လို့ယူဆ စရာရှိနေပါတယ်။ DNA ကပြဆိုရင်လည်း (မောင်မိုး ညိုရဲ့ “23&Me” DNA ဆန်းစစ်ချက်က (၄၁.၉%)ဟာ ဒီ ethno-axis ancestry composition ပါတယ်လို့ အတိအကျဆိုထားပါတယ်။ တရုတ်ပြည်မကြီးတောင်ပိုင်း Guangdong/ကွမ်တုံပြည် နယ် က ၂၁% ပါဝင်ဆင်းသက်တယ်လို့ပြောထားပါကြောင်း။) အဲ့ဒီအတွက်မြန်မာပြည်မှာမွေးတဲ့ မြန်မာလူ မျိုးမှန်ရင် ဒီ axis စက်ကွင်းကမလွတ်တာတော့သေခြာသလောက်ပါ။

အခု အိန္ဒိယပြည်  Darussalam မှာအခြေစိုက်ရုံးထိုင်တဲ့ (၁၄)ဦးမြောက် ဒလိုင်းလားမား (The 14th Dalai Lama) ဟာ တိဗက်ရဲ့နောက်ဆုံး အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး၊ နိုင်ငံရေးရောဘာသာရေးအရပါ သြဇာကြီးမားနေသူတဦးဖြစ်ပါတယ်။ (၁၉၅၉)ခုနှစ် Lhasa မှာမအောင်မြင်တဲ့လူထုအုံကြွမှု အတွက် Darussalam မှာထွက်ပြေးခိုအောင်းနေရပါတယ်။ အဲ့ဒီအ တွက် တရုတ်အစိုးရရဲ့ လွှမ်းမိုးမှုနဲ့အတူ ဒလိုင်းလားမားအဆက်ဆက်တို့ရဲ့ပုံရိပ်နဲ့တကွ၊ အထိမ်းအမှတ်ပစ္စည်း သမိုင်း ကြောင်းတွေ တိဗက်ပြည် အပါအဝင်၊ တရုတ်နိုင်ငံမှာမှောင်ချထားတာဟာ ဝမ်းနည်းစရာကိစ္စတခုပါ။ ဒါပေမဲ့ တိဗက်ယဉ် ကျေးမှု နဲ့ရိုးရာပညာတွေ သမိုင်းအမွေအနှစ်တွေကိုတော့ အမြောက်အမြားကြည့်ရှုလေ့လာခွင့်ရှိသေးပါတယ်။ ကျနော် ရောက်ရှိစဉ်မှာ (၁၇)ရာစုကတည်းကစပြီး၊ သမိုင်းအမွေအနှစ်တွေအမြောက်အမြားတွေ့ရဆဲပါ။ ဒီအတွက် သမိုင်းအစ ဖျောက်မှုတွေသာမရှိခဲ့ရင် တိဗက်ဒေသရဲ့ ဟဉ်ကျေးမှုအမွေအနှစ်တွေဟာ အန တဂ္ဂမရှိနေမှာတော့အမှန်ပါဘဲ။ 

တိဗက်ဒေသရဲ့လေ့လာဘွယ်တွေကို internet မှာ အလွယ်တကူဖွေရှာနိုင်တာမို့ ဒီဆောင်းပါးမှာ မဖေါ် ပြတော့ပါ။ တိဗက် (Lhasa)ဒေသကိုသွားရောက်လည်ပတ်ဖို့စိတ်ကူးပေါ်ခဲ့ရင် ဆောင်ရန်/ရှောင်ရန်နဲ့ ကြိုတင်ပြင်ဆင်သင့်တာတွေကို ဦးစား ပေးဖေါ်ပြပါ့မယ်။ အထူးသဖြင့် မြန်မာလူမျိုးတဦးအနေနဲ့လေ့ လာပြင်ဆင်သင့်တာတွေကို လေးပေးဖေါ်ပြပါ့မယ်။ (သိလို ရင်လည်း မြန်မာဂဇက်အယ်ဒီတာကြီးထံ မှတဆင့် ကျနော့်ဆီတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်းပါလို့။)

 

လည်ပတ်လို့အကောင်းဆုံးအချိန်

မတ်လကစပြီးအောက်တိုဘာအထိအတွင်းပါ။ တရုတ်နှစ်ကူးကာလနဲ့ နောက်တိုဘာ(၁)ရက် လွတ် လပ်ရေးနေ့တို့ဟာ တရုတ်တနိုင်ငံလုံးခရီးသွားကြချိန်မို့ အဲ့ဒီရက်သတ္တပတ်တွေကိုတော့ရှောင်ပါ။

 

မြို့တော် Lhasa ကိုဘယ်လိုရောက်အောင်သွားမလဲ

(က) လေယာဉ်နဲ့သွားမယ်ဆိုရင်  နီပေါနိုင်ငံ Kathmandu လေဆိပ်ဟာတခုထဲသော တိုက်ရိုက် ပေါက် တဲ့ (non-stop flight) နိုင်ငံတကာလေဆိပ်ဖြစ်ပြီး၊ အမေရိကနဲ့ဥရောပအပါအဝင် အခြားနိုင်ငံများက ဆိုရင် တဆင့်ခရီးနဲ့သွားရပါမယ်။ Ghonggar Internation Airport ဟာ တခုတည်းသော အ ပြည် ပြည်ဆိုင်ရာလေဆိပ်ပါ။ Lhasa ကနေ (၁)နာရီကျော်ကား စီးမှရောက်ပါတယ်။

(ခ) ပြည်တွင်းလေယာဉ်ခရီးစဉ် (domestic flights)များရှိပါတယ်။ တရုတ်ပြည်တောင်ပိုင်း (Chengdu) လေဆိပ်ဟာဈေး အသက်သာဆုံးနဲ့ (၂နာရီခွဲ)သာကြာတာမို့ လေယာဉ်ခရီးစဉ်ကိုရွေးမယ် ဆိုရင် Chengdu ကနေသွားသင့်ပါတယ်။ ကြိုတင် သိသင့်တာကတော့ တောင်ပေါ်ခရီးစဉ်ကို ရုတ်ခြည်ပြောင်းတာမို့ altitude sickness ရနိုင်တာမို့၊ ခရီးသွားရာမှာ မလိုလား အပ်တဲ့ မူးနောက်ခေါင်း ကိုက်ဝေ ဒနာခံစားနိုင်တတ်တာမို့ အချိန်ပိုပေးနိုင်ရင်၊ လေယာဉ်နဲ့သွားတာကို အားမပေးကြပါ။

(ဂ) အကောင်းဆုံးနည်းလမ်းကတော့ Xining ဆိုတဲ့မြို့ကနေ ခရီးရှည်ညအိပ်ရထားစီးခြင်းက ပိုမို ကောင်းတယ်လို့ အများ ကသုံးကြပါတယ် (Qinghai-Lhasa Railways line - မိုင်ပေါင်း ၁,၂၁၅-မိုင်ဝေးပါတယ်။)။ တိဗက် Lhasa ဟာ ပင်လယ် မြက်နှာပြင်အထက်ပေ(၁၂,၀၀၀)အထက်မှာမို့High altitude sickness ကိုအကောင်းဆုံးဖြေလျှော့ကာကွယ်နိုင်ပါတယ်။ နာရီ(၂၀)ကျော်ရထားစီးရတာမို့ အိပ်စင်ပါတဲ့ရထားတွေနဲ့သွားရင် ဒေသအလှအပနဲ့ဗဟုသုတရနိုင်ပါတယ်။ အိပ်စင်မှာ(၂)မျိုး ရှိ(soft = ၄-ယောက်အိပ်ခန်း၊ အခန်းတံခါးရှိ။ hard sleepers = ၆/၈-ယောက်အိပ်ခန်း၊ အခန်းတံခါးမရှိ)ပါ တယ်။ Soft sleepers က လူကြိုက်များသလို (၆)လလောက်ကြိုလက်မှတ်ဝယ်ရပါတယ်။ ဈေးပိုကြီး ပေမဲ့ ($160)(ယခုဆောင်းပါး ရေးချိန်) မို့တွက်ခြေကိုက်သပေါ့။ သက်တောင့်သက်သာရှိလှသလို high altitude sickness ကိုကာကွယ်ဖို့ oxygen dispensers တွေအလိုအလျောက်ထုတ်ပေးတာမို့ အလွန် အဆင်ပြေလှပါတယ်။ Golmud မြို့မှာ မိနစ်(၂၀)လောက်ရထား ရပ်ချိန်မှာ ရထားပေါ်ကဆင်းပြီး ဒေသ အလှတောင်တန်းများရဲ့အလှအပခံစားရင်း ဓါတ်ပုံတွေရိုက်ကြ၊ ခြေလက်ဆန့်အ ညောင်းအညာဖြေနိုင် ကြောင်းပါ။ Tanggula ဘူတာဟာ ကမ္ဘာ့အမြင့်ဆုံးမှာတည်ရှိတဲ့ဘူတာ (ပင်လယ်ရေမျက်နှာပြင်အ ထက် ၁၆,၆၂၇-ပေ) ဖြစ်ပါတယ်။ New Guangjiao Tunnel ဟာ ကမ္ဘာ့ စတုတ္ထအရှည်ဆုံးဥမင်လှိုင် ခေါင်း (၂၀.၃-မိုင်ခန့်) ဖြစ်ပါတယ်။

(ဃ) အခြားမြို့ကြီးများကနေ ခရီးရှည် အမြန်ရထား (high-speed trains) တဆင့်စီးပြီးဘဲဖြစ်ဖြစ်၊ လေယာဉ်နဲ့ဘဲဖြစ်ဖြစ် ရောက်နိုင်ပေမဲ့ Chengdu မှတိုက်ရိုက်လေယာဉ်နဲ့ Xining မြို့ကရထားတွေက အဆင်အပြေဆုံးပါ။

(င) မျက်ချေပြတ်တတ်တဲ့ကိစ္စတခုကတော့ ပြည်တွင်းလေယာဉ်ခရီးစဉ်တွေမှာပေါင်ချိန်ကန့်သတ် ချက်ရှိတာမို့၊ ကိုယ်သယ် ဆောင်မဲ့ပစ္စည်းအလေးချိန်ဟာ ပြည်တွင်းရော နိုင်ငံတကာဖြတ်ကျော်လေ ယာဉ်ခရီးစဉ်တွေက သတ်မှတ်ချက်ထက်မ ကျော်လွန်ဘို့လိုပါတယ်။ နောက်တခုက (power bank) ဟာအသုံးပြုကြသူတွေများတဲ့အတွက် မိမိတို့သယ်ဆောင်တဲ့ power bank ဟာ (10,000 mAh) မပိုပါစေနဲ့။ (CCC) အသားတံဆိပ်ပါတဲ့ တရုတ်ပြည်လျှပ်စစ်ပစ္စည်းကန့်သတ်မှုကစိစစ် ခွင့်ပြုတဲ့အမျိုး အစားဖြစ်ပါစေ။ နို့မို့ဆိုရင် အသိမ်းခံရမှာသေခြာပါတယ်။

 

တိဗက်ဒေသဝင်ခွင့် ဗီဇာ (permit) ရယူခြင်း

(က) အထက်မှာဆိုခဲ့တဲ့အတိုင်း တိဗက်ဟာ တရုတ်ပြည်မကြီးရဲ့အုပ်ချုပ်မှုလက်အောက်ဒေသမို့ တရုတ်နိုင်ငံပြည်ဝင်ခွင့် ဗီဇာကို မဖြစ်မနေရယူရပါမယ်။ လက်ရှိမှာ ဗီဇာကြေးတစ်ဦးကို ($140)ရှိပြီး၊ တရုတ် consulate/embassy မှာ မိမိ passport ကိုonline လျှောက်လွှာ၊ ဓါတ်ပုံ(၂)ပုံစီနဲ့သွားပေးရပါ တယ်။ နေထိုင်လည်ပတ်ခွင့်ကို (၃)လကနေအထက်ပေးလေ့ ရှိပြီး၊ single/multiple trips ကို တရုတ် သံရုံးကဆုံးဖြတ်ပါတယ်။ တရုတ်နိုင်ငံအတွင်းကြာမဲ့အချိန်ကို ပွင့်ပွင့်လင်းလင်း လျှောက်လွှာထဲဖေါ်ပြပါ။ ဗီဇာကြေးက လည်ပါတ်ချိန်ကာလပေါ်အပြောင်းအလဲမရှိပါ။ တပါတ်အတွင်းမှာပြန်ရလေ့ရှိပြီး၊  passport/s သွားပေးချိန်မှာလာပြန်ယူရမဲ့ရက်ချိန်းပေးလိုက်မှာပါ။ အရေးကြီးတာက သွားယူရင်ကျန် မိသားစုဝင်ကိုယ် စားအတွက်လွှဲစာနဲ့  IDs တွေယူသွားပါ။ https://cova.mfa.gov.cn/qzCoCommonController.do?show&pageId=index&locale=en_US

(ခ) တိဗက်နိုင်ငံကို ဝင်ရောက်ခွင့် ကို permit ကို(ဒုတိယအဆင့်)အနေနဲ့ရယူရပါမယ်။ နားလည်ကြဘို့ က တိဗက်ဝင်ခွင့်ကို တရုတ်နိုင်ငံအစိုးရအသိအမှတ်ပြု tour companies များကနေတဆင့်သာ လျှောက်ထားရပါမယ်။ ဒါဟာတင်းကြပ်မှုတခု ပါ။ ကိုယ့်ဖာသာလျှောက်ယူမရပါ။ (တရုတ်နိုင်ငံအတွင်း ကာလကြာနေခွင့်ရပြီး ကာလရှည် permits ရရှိထားသူများမှအပ) အကောင်းဆုံးနဲ့အဲ့ဒီ permit ကို တာဝန်ယူပေးတဲ့ကုမ္ပဏီကတော့ (https://www.tibettravel.org/travel-agency/) ဖြစ်ပါတယ်။ အလွန်တိကျပြီးစိတ်တိုင်းကျဆောင်ရွက်ပေးပါတယ်။ မိမိတို့လိုချင်တဲ့ခရီးစဉ်အစအဆုံးကို သက်သာစွာ ဆောင်ရွက်ဝန်ဆောင်မှု (ရထား/လေယာဉ်၊ တည်းခိုဟိုတယ်၊ လေ့လာလည်ပတ်ရေးခရီးစဉ် အသေး စိပ်၊ ယာဉ်ကအစ) လိုလေသေးမရှိဆောင်ရွက်ပေးတဲ့ တိဗက်အခြေစိုက် tours ကုမ္ပဏီကြီးပါ။ အကျော်ကြားဆုံးဖြစ်သလို rating အလွန် ကောင်းပါတယ်။ မိမိတို့သိလိုစုံစမ်းလိုတာနဲ့အပြောင်းအလဲ ရှိခဲ့ရင်လည်း အဆင်ပြေဆုံးဆောင်ရွက်ပေးနိုင်တာမို့ A+ လို့ဆို ပါရစေ။

(ဂ) အရေးကြီးဆုံးက တရုတ်ပြည်ဝင်ခွင့်ဗီဇာကြီးလျှောက်ချိန်မှာ တိဗက်နိုင်ငံကိုသွားရောက်မဲ့ကိစ္စကို (မထဲ့သွင်း၊ မဖေါ်ပြ မိဘို့) အကြံပေးပါရစေ။ မလိုလားအပ်တဲ့ ဗီဇာကြန့်ကြာမှုဖြစ်လေ့ရှိပါတယ်။ tour companies တွေက အစကအဆုံးတာ ဝန်ယူမှာပါ။ 

(ဃ) တိဗက်ဝင်ခွင့်permits ကိုရထားမစီးခင်ရက်ပိုင်းအတွင်း ရထားလက်မှနဲ့ ခရီးစဉ်အသေးစိပ်နဲ့ အတူ permits များကို ကိုယ့်ရဲ့ email ကိုပို့ပါမယ်။ အဲ့ဒီemail ကိုကိုယ်တည်းခိုရာ ဟိုတယ်မှာ (print) ထုတ်ပြီး၊ ခရီးစဉ်တလျှောက် ကိုယ့် passports တွေနဲ့အတူကိုယ်နဲ့မကွာယူဆောင်ကြဘို့ပါဘဲ။ လေ ယာဉ်နဲ့ဆိုရင်လည်း ကိုယ်တည်းခိုရာဟိုတယ်တွေမှာ print ထုတ်ရယူနိုင်ကြပါတယ်။

(င) တိဗက်ဝင်ခွင့် permits များကိုခရိးစဉ်မတိုင်ခင် တပါတ်လောက်အလိုကျမှရတာပေမဲ့ China ဗီဇာရှိနေသမျှ ပူစရာမလို ပါ။ ဆိုင်ရာ tour companies တွေက တာဝန်ယူရအောင်ယူပေးပါတယ်။

 

Tours အမျိုးအစားများ

(က) Group tours: လူဦးရေအပြည့်ရမှ confirm ဖြစ်တာမို့၊ reserved လုပ်ပြီးငွေသွင်းပြီးတိုင်း မသေခြာပါ။ ဒါပေမဲ့ လူကြိုက်များတာမို့ လူဦးရေပြည့်လေ့ရှိပါတယ်။ ဈေးသက်သာလေ့ရှိပါတယ်။ ခရီးစဉ်ပုံသေသတ်မှတ်ထားပါတယ်။

(ခ) Min-group tours: လူဦးရေပါဝင်မှုသေးလေ့ရှိပါတယ်။ ဈေးအနည်းငယ်ပိုလေ့ရှိပါတယ်။

(ဂ) Private tours: လူပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ သေခြာပေါက် reservation ပါ။ ဥပမာ- လူဦးရေ(၅)ဦးလို့ သတ်မှတ်ထားရင် အဲ့ဒီဦးရေအပြည့်ကိုယ်ကတာဝန်ယူငွေပေးချေရင် သေခြာပါတယ်။ ဈေးကြီးပါတယ်။ ကိုယ်က (၂)ဦး လောက်ဘဲရှိရင် (၅)ဦးစာပေးရင်လည်းလက်ခံပါတယ်။ ခရီးစဉ်ကို ဆိုင်ရာ tour operator/guide နဲ့ညှိပြီး မိမိတို့စိတ် ဝင်စားရာနေရာတွေကို တောင်းဆိုနိုင် ပါတယ်။ 

(ဃ) Package tours: လေ့လာမဲ့နေရာဌာနအပါအဝင်၊ လေယာဉ်/ရထား/ယာဉ်၊ ခရီးစဉ်၊ ဟိုတယ်၊ အစားအသောက် ကအစ ပါဝင်ပါတယ်။ စရိတ်ငြိမ်းမို့ ပိုကြိုက်ကြပါတယ်။ ခေါ်တဲ့နောက်လိုက်ကြယုံပေါ့။ 

ဘယ်လို tours မျိုးမဆို U.S $ နဲ့တွက်ချက်ကြည့်ရင် စရိတ်သက်သာတာကတော့အမှန်ပါ။ အမေရိက နဲ့ဥရောပခရီးစဉ်တွေ ထက် များစွာသက်သာပါတယ်။ ဒီနေရာမှာ cancellation fees ရှိမရှိ၊ shopping လိုနေရာမျိုးမှာ အချိန်ကုန် အောင်ခေါ်သွား ခြင်းရှိမရှိ နဲ့ အခြားအသုံးစရိတ် (entrance fees and time spent on -sites)တွေ ဟာ အရေးကြီးပါတယ်။ ကိုယ်တိုင် ရောက်ပြီးမှ စိတ်အလိုမကျမှုတွေဖြစ်တတ် ပါတယ်။ ကြိုသိသင့်တဲ့ ကိစ္စကတော့ တရုတ်ပြည်မကြီး ဗီဇာလက်ဝယ်ရပြီးမှ စတင် reservation လုပ်လို့ရကြောင်းပါ။ ဒါပေမဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့သိချင် တာကို ဖေါ်ပြထားတဲ့ website တခုခုကနေ (chat)လုပ်မေးလို့ရပါတယ်။ ဒေသစံတော်ချိန်ပေါ်မူတည် ပြီး နာရီပိုင်းအတွင်းပြန်ဖြေကြားပါတယ်။ အလွန်အားထားဘွယ် tour companies တွေပါ။ တိကျရှင်း လင်းပါတယ်။ အခက်အခဲအပြောင်းအလဲ ကိုလည်း တတ်နိုင်သမျှ ကူ ညီဖြေရှင်းပေး ပါတယ်။ အရေးကြီး တာကတော့ ကိုယ်သွားမဲ့ နေ့ရက်အ ပေါ် reservation ကိုတင်သွင်းပြီးချက်ချင်းတထိုင်ထဲမသိရပါ ဘူး။ (၁-၂) ရက်လောက်ကြာမှ contract document နဲ့ အခြားအရေးကြီး ကိစ္စတွေနဲ့အတူ အကြောင်းပြန်ပါတယ်။ 

အောက်ပါ tour companies တွေဟာ လူတိုင်းစိတ်တိုင်းကျမှု reviews ကောင်းပါတယ်။

(၁) https://www.tibettravel.org/travel-agency/

(၂) https://www.travelchinaguide.com/tour/tibet/

 

လုံခြုံမှုရှိမရှိ၊ နိုင်ငံရေး၊ ဘာသာရေးကိစ္စများနဲ့ကင်းရှင်းစွာနေရေးနှင့် ဆွေးနွေးမေးမြန်းခြင်းမလုပ်မိ ကြဘို့

တရုတ်ပြည်မကြီးဟာ ခုချိန်မှာနိုင်ငံတကာကပြည်တွင်းကိုဝင်ရောက်လည်ပတ်ခွင့် အတော်များများ ဖြေလျှော့လိုက်ပါပြီ။ ကိုယ်တိုင်က နိုင်ငံရေး၊ ဘာသာရေးကိစ္စတွေစပ်စုမဲ့အကျင့်ကင်းသမျှ အလွန် လွတ်လပ်လုံခြုံစွာလည်ပါတ်နိုင်ပါတယ်။ နေ့ဘဲဖြစ်ဖြစ်၊ ညသန်းခေါင်ဘဲဖြစ်ဖြစ် လမ်းပေါ်သွားလို့ ကိုယ့်ကိုနှောင့်ယှက်လက်ဖျားနဲ့တို့သူမရှိပါ။ အမေရိကနဲ့ဥရောပ မြို့ကြီးများထက်အဆများစွာ လုံခြုံ စိတ်ချရတဲ့နိုင်ငံပါ။ သို့်သော်လည်း မလိုလားအပ်တဲ့ ရာဇဝတ်မှုနဲ့မကင်းတဲ့ကိစ္စတွေမှာ ပတ်သက်ခဲ့ရင်၊ ရဲအပါအဝင်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အရေးယူခံရနိုင်မှုဟာ မနှေးနဲ့အမြန်ဖြစ်နိုင်တယ်ဆိုတာသတိပေးပါရ စေ။ ဘာ့ကြောင့်လဲဆိုတော့ လမ်း၊ အဆောက်အဦနဲ့လူမြင်ကွင်းတိုင်းမှာ (အဆောက်အဦတွင်း အပါအဝင်) CCTV cameras တွေဟာပြေးမလွတ်ပါ။ နေရာဌာနနဲ့ဈေးဆိုင်ကြီးတွေ၊ ယာဉ်များပေါ်၊ ဘူတာရုံလေဆိပ်တွေမှာ၊ လေဆိပ်လို ခန္ဓာကိုယ်ရှာတဲ့ ဓါတ်မှန်နဲ့ ကိုယ်ထိလက်ရောက်စစ်ဆေးမှု အလွန်တင်းကြပ်ပါတယ်။  (1st class body search in the world and x-ray machines) အထင် ကရနေရာတွေဆိုရင် အထပ်ထပ်စစ်ဆေးပါတယ်။ လူပျောက်ရင်နာရီပိုင်းအတွင်းရှာတွေ့နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မကြီးဘယ်နေရာရောက်ရောက် (AI) ကဲ့သို့အဆင့်မြင့်ကိရိယာများ အကြွင်း မဲ့သုံးထားတာမို့ ပြေး မလွတ်ပါလို့ဆိုပါရစေ။ တိဗက်မှာလည်းထိုနည်းလည်းကောင်းပါ။

 

ဒေသခံများနှင့်ဆက်ဆံမှု

အလွန်ဖေါ်ရွေပါတယ်။ မိမိလိုအပ်ချက်သိလိုချက်ကို စိတ်ရှည်စွာကူညီပေးတတ်ကြပါတယ်။ တခုဘဲ ရှိပါတယ်။ တရုတ် နိုင်ငံတဝှမ်းမှာ၊ ဈေးဆိုင်၊ စားသောက်ဆိုင် တွေအားလုံးလိုလိုမှာရှိတဲ့ဝန်ထမ်းတွေ၊ လမ်းမှာတွေ့တဲ့ pedestrians တွေ အင်္ဂလိပ်စကားလုံးဝမပြောနိုင်ပါ။ အဲ့ဒီ communicationပြဿနာ ဟာအတော်ကြီးပါတယ်။ သိလိုတာကိုကြိုတင်သိ အောင်လုပ်မထားဘဲ၊ အနားကပ်မှလုပ်ရင် စိတ်ပျက် စရာကြုံနိုင်ပါတယ်။ ဥပမာ- taxi ကို ဟိုတယ်ဝန်ထမ်းကတဆင့် ခေါ်ဘို့အကူအညီတောင်းရင်တောင် အတော်အခက်တွေ့ပါတယ်။ taxi မောင်းသူတွေကလည်းအင်္ဂလိပ်စကား လုံးဝ မပြောပါ။ သူတို့အားလုံး က cell phone apps တွေသုံးကြပါတယ်။ (Baidu, WeChat, etc.) ဒါပေမဲ့ကိုယ်လိုချင်တာ ရတဲ့ အထိစိတ်ရှည်ရှည်နဲ့ကူကြပါတယ်။ 

ကိုယ့်ကိုတပတ်ရိုက်တတ်ခြင်းမျိုးမတွေ့ဖူးပါဘူး။ မန်နေဂျာအဆင့်လောက်ဆိုရင် နဲနဲပါးပါးပြောနိုင်ကြပါတယ်။ ကိုယ်နဲ့ဆိုင် တဲ့ tour guide ဟာ အကောင်းဆုံးအကူအညီပေးနိုင်သူပါ။ မေးချင်တာအားလုံး သူတို့ကတဆင့်မေးနိုင်ဘို့ စာရင်းတို့ ထားပါလို့။

 

တည်းခိုနေထိုင်ရာဟိုတယ်များရဲ့အခြေအနေ

အဆင့်မြင့်တယ်လို့အသိပေးပါရစေ။   (5)stars လို့ဆိုထားရင် အမေရိကနိုင်ငံတဝှမ်းက (5) stars ဟိုတယ်တွေထက် သာကြောင်းပါ။ breakfast ကအလိုအလျောက်ပါပြီးသားဖြစ်တဲ့အပြင်၊ တိဗက်ရိုး ရာ Yak အသားနဲ့အစာမျိုးစုံ၊ မုန့်မျိုးစုံ၊ အဖျော်ရမကာ (alcohol% အနည်းငယ်သာပါပါတယ်။) တွေ ကိုအမယ်စုံရနိုင်ပါတယ်။ နေ့စဉ် menu အပြောင်းအလဲရှိသမို့ မရိုးရပါ။ အနောက်တိုင်းနဲ့တရုတ်အစားအသောက်များကိုလည်းအလျှံပယ်နေ့စဉ်မရိုးရအောင် ပါဝင်ပါတယ်။ Las Vegas က buffets ထက်အဆင့်မနိမ့်ဘူးလို့ဆိုနိုင်ပါတယ်။ အခန်းတွေအလွန်ကျယ်ဝန်းပြီး၊ အသုံးအဆောင်ပစ္စည်းတွေက ခေတ်မှီ အသုံးအဆောင်တွေပါ။ bidet ကဲ့သို့အိမ်သာအဆင်အပြင်ကို အချို့ဟိုတယ်ကြီးတွေမှာတပ်ဆင်ထားပါတယ်။ ဝန်ထမ်းများကအလွန်ဖေါ်ရွေပြီး၊ ကူညီပေးဘို့ဝန် မလေးကြသူတွေပါ။ အင်္ဂလိပ်စကားပြောနိုင်သူရှားတာတော့အမှန်ပါ။ 

 

ငွေကြေးသုံးစွဲမှု

(က) တိဗက်အပါအဝင်တရုတ်တနိုင်ငံလုံးဟာ “cashless system” ကြီးပေါ်မှာတည်ဆောက်ထား ပါတယ်။ (AliPay နဲ့ WeChat) တို့ဟာအဓိကအသုံးပြုကြတဲ့ apps တွေပါ။ ယုတ်စွအဆုံးပိုက်ဆံ တောင်းတဲ့သူတောင်းစား (သူတောင်းစား အလွန်ရှားပါတယ်။ မတွေ့ရသလောက်ပါ။ တိဗက်အသွား ရထားစီးမဲ့ Xining မြို့မှာ တယောက်စနှစ်ယောက်စတော့ တွေ့ခဲ့ပါတယ်။) တောင် QR code ပါတဲ့ စက္ကူကတ်ပြားနဲ့ ပိုက်ဆံတောင်းပါတယ်။ 

(ခ) ဈေးသုံးသူအလွန်များပြီး ငွေသားပေးချေမှုမတွေ့သလောက်ပါ။ ဆိုင်ရှေ့မှာချိတ်ထားတဲ့  QR codes တွေဟာ ငွေပေး ချေစနစ်ပါ။ ကိုယ်ကသူ့ QR code ကိုဘဲ scan လုပ်ရင်ဖြစ်ဖြစ်၊ ရောင်းသူက ကိုယ့်ဖုံး ပေါ်က QR code ကို scan လုပ်တာ နဲ့ ငွေပေးခြေမှုဟာ စက္ကန့်မဆိုင်းပြီးပါတယ်။ ဒီလိုအချိန် မှာ ကိုယ်ကအမေရိကားကလာတာမို့ ဂုဏ်ယူစွာနဲ့ credit card ကိုအိပ်ထဲကထုတ်တာတွေ့ရင်၊ ဆိုင်ရှင်က ကိုယ့်ကိုအထင်သေးစွာနဲ့ကြည့်ခြင်းခံရမှာကသေခြာပါတယ်။ physical credit/debit cards ခေတ် ကာလဟာ တရုတ်ပြည်ကြီးများကျော်လွန်ခဲ့ပါပကော။ 

(ဂ) တရုတ်ငွေကြေးစနစ် (¥) Yuan (or) Renmibi (RMB)ဟာ ခိုင်မာပြီး လက်ရှိအကြမ်းဖျဉ်းငွေလဲ နှုန်းက (7¥ = 1US$) ပါ။ 

(ဃ) နိုင်ငံခြားငွေလဲလှည်မှုကို အစိုးရကအလွန်တင်းကြပ်ပါတယ်။ ဟောင်ကောင်နဲ့ Macau ကလွဲရင် ငွေလဲကောင်တာ မရှိပါ။ ဘဏ်များမှာသာအလဲအလှယ်လုပ်ပြီး၊ နေ့တဝက်ကုန်စောင့်ရပါတယ်။ အမေ ရိကန်ဒေါ်လာငွေစက္ကူအသစ် အဟောင်း၊ စုတ်ပြဲတာတွေကိုလည်းလက်မခံပါ။ ဖင်ပြန်ခေါင်းပြန်စစ်ပါ တယ်။ နောက်တခုကလေဆိပ်များမှာရှိပါတယ်။ ဒါပေမဲ့ငွေလဲနှုန်းဈေးကြီးပါတယ်။

(င) https://www.unitedmoney.com ဟာအကောင်းဆုံးပြင်ပ ငွေလဲကောင်တာဖြစ်သလို၊ ငွေလဲ နှုန်းအကောင်းဆုံးပါ။ ဒါပေမဲ့မြို့ကြီးတွေမှာသာရှိပြီး၊ မြေအောက်ရထားဘူတာရုံကြီးတွေမှာရှိတတ်ပါ တယ်။  ပြေစာလည်းပေးပြီး၊ ခရီးစဉ်ဆုံး ရင် RMBပိုငွေကိုပြေစာပြပြီး ဒေါ်လာပြန်လဲနိုင်ပါတယ်။ passports ပြဘို့တော့လိုကြောင်းပါ။

(စ) အဲ့ဒီအတွက် apps ကိုသုံးခြင်းကပိုပြီးအဆင်ပြေပါတယ်။ app မှာကိုယ့်ရဲ့ credit card နဲ့ passport info ကိုကြိုတင် ဖြည့်သွင်းထားပါ။ တခုတော့ရှိပါတယ်။ ဝယ်ယူအသုံးပြုမှုတကြိမ်မှာ Yuan (၂၀၀)အထက်ပိုသုံးမိရင် အပိုဆောင်းဝန် ဆောင်ခပေးရပါတယ်။

 

High altitude sickness အကာအကွယ်

ခရီးရှည်ရထားစီးဘို့ tours ကုမ္ပဏီများက အကြံပြုရခြင်းဟာ ဒီလိုမလိုလားအပ်တဲ့ ခံစားရမှုတွေကို ရှောင်ဖယ်စေချင်လို့ ပါ။ Lhasa ကိုရောက်ရှိနေရာချပြီးတာနဲ့ တည်းခိုရာဟိုတယ်မှာ (၂၄)နာရီလောက် အခန်းအောင်းနေဘို့နဲ့၊ ရေချိုးခြင်းမလုပ်ဖို့ က အဓိကအကြံပြုချက်တွေပါ။  Diamox ကဲ့သိုသောဆေး တွေကို (၄၈)ခရီးစဉ်မစတင်ခင်ကတည်းကကြိုတင်သောက် ထားသင့်ပါတယ်။ မိမိတို့ဆိုင်ရာ Primary care physician တွေဆီမှာတောင်းခံရင် prescription ရေးပေးပါတယ်။ တရုတ် ပြည်မကြီးကမြို့ကြီး တွေမှာရှိတဲ့ ဆေးဆိုင်တွေမှာတော့ ပိုပိုဈေးသက်သာပြီး ဆရာဝန်လက်မှတ်မလိုကြောင်းပါ။ ဒေသ ဆိုင်ရာကထွက်တဲ့ tea နဲ့ အခြားပရဆေးရှူဆေး၊ သောက်ဆေးများလည်းအလွယ်တကူရနိုင်ပါတယ်။ ဟိုတယ်တွေမှာ oxygen dispensers တွေအခန်းထဲမှာဖြန့်ပေးသလို၊ ခရီးသည်များ နှာခေါင်းပိုက်ရှူနိုင် တဲ့ အစီအမံတွေ သန့်သန့် ရှင်းရှင်းအဆင်သင့်ထားရှိထားပါတယ်။

 

ယူဆောင်လာသင့်သောကိုယ်ပိုင်ပစ္စည်းနဲ့ဆေးဝါးများ

(က) electronic adapters - ဟိုတယ်တွေမှာတောင်းယူနိုင်ပါတယ်။

(ခ) အိမ်သာသုံးစက္ကူအပါအဝင်များ။ လမ်းမှာအသုံးပြုတဲ့အိမ်သာများဟာ Squatting types ဖြစ်သ လို၊ သန့်စင်စက္ကူ မရှိပါ။ အိပ်ဆောင် napkins နဲ့ လက်ဆေးရည် ဆောင်သွားကြပါ။

(ဂ) ကိုယ်ပိုင်သုံးနေကျဆေးဝါးများ

(ဃ) ဟိုတယ်တွေမှာ အခမဲ့ self-laundry တွေဟာအလွန်ကောင်းမွန်သန့်ရှင်းပြီး detergents ကအစ အခမဲ့သုံနိုင်တာမို့၊ အိတ်ကြီးအိတ်ငယ်နဲ့ရှိသမျှအဝတ်အစားသယ်တာကို ရှောင်ပါ။ ဟိုတယ် တိုင်း လိုလိုမှာ ရှိကြပါတယ်။

 

လိုအပ်တဲ့အခြားစာရွက်စာတမ်းနှင့်ကြိုတင်ဆောင်ရွက်သင့်တာတွေ

(က) VPN - ကြိုတင် download လုပ်ထားပါ။ တရုတ်နိုင်ငံက firewall က မိမိတို့သုံးနေကျ Google, Facebook စသည် တို့အပြင် အခြား apps တွေကို တားဆီးထားတာမို့ VPN က အခရာကျပါတယ်။ “Estrill VPN” ကနံမယ်ကြီးပြီး လူသုံးများ ပါတယ်။ တရုတ်ပြည်ရောက်မှ download မလုပ်ပါနဲ့။

(ခ) eSIM - တရုတ်ပြည်တွင်းက eSIMs/physical SIMS ကိုသုံးပါ။ အရေးကြီးတာက WeChat နဲ့ AliPay တို့အတွက် တရုတ်ပြည်မကြီးက (ဖုံးနံပါတ်)ရှိတဲ့/ပါတဲ့ SIM ဖြစ်ပါစေ။ နို့မဟုတ်ရင် ဈေးသုံး ချိန်မှာ မကြာခန verification လုပ်တာ မှာဒုက္ခတွေ့နိုင်ပါတယ်။ ကိုယ်နေထိုင်ရာနိုင်ငံကဖုံးနံပါတ်က တရုတ်ပြည်အတွင်းအကန့်အသတ်မဲ့ဆိုရင်တော့တမျိုးပေါ့။ ကိုယ့်ရဲ့ carrier ကိုသုံးရင် overseas charge က အဆမတန်ဈေးကြီးတာတော့ အမှန်ပါ။ တရက်ကို (1GB နှုန်းလောက် ဆိုရင် WiFi ဖေါဖေါသီ သီသုံးနိုင်ကြောင်းပါ။

(ဂ) travel medical insurance - https://medical.travelinsurance.com  မှာ မိမိတို့နဲ့သင့်တော်မဲ့ အကာအကွယ် ကိုကြိုဝယ်ပါ။ U.S. based မို့ မိမိတို့ကျန်းမာရေးအတွက်သုံးရတဲ့စရိတ်ကို ကိုယ့်အိမ် ပြန်ရောက်ရင် အလွယ်တကူ reimburse ပြန်တောင်းလို့ရပါတယ်။

(ဃ) မိမိနိုင်ငံသံရုံးသို့ခရီးစဉ်နဲ့ပတ်သက်တဲ့အကြောင်းကြားမှု - https://mytravel.state.gov/s/step မှာခရီးသွားကြ သူတဦးချင်းတိုင်းက မှတ်ပုံတင်ပါ။ ဒါဟာအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ရေးအချက် အ လက်ဟာ ဆိုင်ရာနိုင်ငံရဲ့ ကွန်ပြူ တာကွန်ယက်မှာအဆင်သင့်ရှိပြီမို့၊ အခက်အခဲပြဿနာတစုံတခုဖြစ် ခဲ့ရင် ဖြေရှင်းရလွယ်ပါတယ်။

(င)  credit card  - CostCo VISA  card (သို့) free international transactions ရှိတဲ့ cards တွေ။

(စ) မိမိဖုံးတွင်ကြိုတင်ထဲ့ထားသင့်သော apps များ - trip.com, Amap (GoogleMap ထက်ပိုတိကျ ပါတယ်။), AliPay, WeChat, {Google Translator နဲ့ FB အပါအဝင် အခြား apps အားလုံးက VPN ကြားခံထားမှသုံးလို့ရမှာကိုသတိပြုပါ။}

 

ဒေသထွက်အစားအသောက်များ

နံမယ်ကြီးဒေသရိုးရာအစားအသောက်တွေ - Tsampa  (cookies ကဲ့သို့), Tibetan Noodles, Momo (Tibetan dumplings အစာ), Tibetan yogurt (Yak နွားများကထုတ်ယူသော), and Yak meat. Tibetan butter tea, Tibetan sweet tea, and Tibetan barley wine တို့ဟာလည်းလူ ကြိုက်များပါတယ်။ ဟိုတယ်ကနေ့စဉ်ကြွေးတဲ့ buffet နံနက် စာတိုင်းမှာလိုလိုပါပါတယ်။ စားဖြစ် အောင်စားကြပါ။ 

 

စိတ်ဝင်စားဘွယ်သမိုင်းဝင်အထင်ကရနေရာ၊အဆောက်အဦ နှင့် ပြတိုက်များ

(က) Potala Palace (ဒလိုင်လားမားရဲ့ရုံးစိုက်ခဲ့ရာအခန်းပေါင်းထောင်ချီရှိတဲ့ အထင်ကရသမိုင်းဝင် အဆောက်အဦကြီးပါ), Jokhang Temple (ရွှေသားခေါင်မိုးများနဲ့ပြည့်နှက်နေတဲ့ စကြာမုနိဗုဒ္ဓသာ ဿနာပေါ်ထွန်းရာ သမိုင်းဝင်ကျောင်းတော် ကြီး), Sera Monastery (နေ့စဉ်နေ့လည်တိုင်း စာသင်ရ ဟန်းတော်များရဲ့ ဗုဒ္ဓအယူဝါဒများအပြန်အလှန်စကားစစ်ထိုးရာ မြင်ကွင်းများ၊ ဗုဒ္ဓပေစာပုရပိုဒ်များသိုမှီ ရာစာကြည့်တိုက်ကြီး), Drepung Monastery (အကြီးဆုံးစာသင်တိုက်ကြီးဖြစ်ပြီး ခရီးသွားအဝေးစာ သင်သားများတည်းခိုရာကျောင်းတော်ကြီး) & Barkhor Street (တိဗက်ရိုးရာအသုံးအဆောင်၊ လက် ဆောင်ပစ္စည်းနှင့်စားသောက်ဖွယ်များရောင်းရာ အစည်ကားဆုံးဒလမ်းမကြီး) တို့ဟာ ခရီးစဉ် tours တိုင်းမှာပါသလို၊ မဖြစ်မနေရောက်သင့်တဲ့နေရာတွေပါ။

(ခ) အချိန်ပေးပြီးသက်လုံကျန်းမာရေးကောင်းရင်တော့ မြို့ ပြင် Shegatse, Gyangtse, Namtso Lake နဲ့ Mount Everest Base Camp တွေဟာ အလွန်စိတ်ဝင်စားဘွယ်ကောင်းတဲ့နေရာတွေပါ။