Friday, May 31, 2019

ပွဲမ၀င်ခင် အပြင်ကကျင်းပ - Retirement

ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေအတွက် အငြိမ်းစားယူခြင်းဟာ ပေါင်းသင်းဆက်ဆံရေး လူမှုနယ်ပယ်က ဖယ်ခွာထွက်ပြီလို့ယူဆကြပေမဲ့ တိုးတက်တဲ့နိုင်ငံတွေ၊ အထူးသဖြင့် ကိုယ်စိတ် ဖိစီးမှုကြီးမားတဲ့ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတော့ ရတောင့်ရခဲလှတဲ့ သက်တော့်သက်သာ ဘ၀ (တနည်း) လွတ်လပ်တဲ့သက်တမ်းဘ၀ကိုရောက်ပြီဆိုပြီး တန်ဘိုးထား မြတ်နိုးကြပါတယ်။ ဒါဘာကြောင့်လဲလို့မေးစရာရှိပါတယ်။ I am waiting for the retirement day ဆိုတဲ့ဆိုစကားဟာ၊ အမေရိကအပါအ၀င် နိုင်ငံတကာမှာရောက်ရှိအခြေချကြသူတွေအတွက် မရိုးနိုင်တဲ့ တောင့်တမျှော် မှန်းချက်ကြီးပါ။ နေ့တဓူဝဇယ်စက်သလိုလှုပ်ရှားရုန်းကန်မှုတွေနဲ့ပြည့်နှက်နေတဲ့၊ ၀န်ထမ်းဘ၀ဟာ၊ ရရှိမှုနဲ့ညီမျှတဲ့ ပေးဆပ်မှုတွေရှိတယ်ဆိုတာ၊ ဒီလိုနိုင်ငံကြီးတွေမှာရောက်ရှိကြသူ ကျွန်တော်တို့မြန်မာ တိုင်းရင်းသားတွေနားလည်လက်ခံပြီးသားပါ။ မြန်မာနိုင်ငံတွင်းမှာနေစဉ် အလုပ်လုပ်ကိုင်ကြဘူးသူ မြန်မာ တိုင်းရင်းသားတွေအားလုံးကတော့၊ မိမိမွေးရပ်ကခွာပြီး၊ တစိမ်းတရံဒေသမှာအခြေချနေထိုင် ရင်း အသက်မွေးဝမ်းကြောင်းကြပြီ ဆိုတာနဲ့၊ ကွာခြားလှတဲ့ လုပ်ခွင်ဘ၀ကိုတဖြေးဖြေးသိလာကြပါ တယ်။ မြန်မာနိုင်ငံတွင်းနေထိုင်စဉ် အလုပ်ခွင်တွင်းမှာ ဘာမှမယ်မယ်ရရကိစ္စကြီးငယ်မရှိဘဲ၊ နေ့တဓူဝ ကုန်ဆုံးမှန်းမသိကုန်ဆုံးသွားကြတဲ့ ရက်တွေ မရေမတွက်နိုင်အောင်ပါ။ ဒါကလူတိုင်းမဟုတ်နိုင်ပေမဲ့ ဒီလိုဘ၀မှာနေထိုင်ခဲ့ဘူးကြတဲ့ မြန်မာတွေသတိတရရှိနေကြအုံးမယ်ထင်ပါတယ်။
သေခြာတဲ့ကျိုးကြောင်းဆက်စပ်မှုတခုကတော့၊ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ကြသူတွေ၊ ဘ၀ရဲ့ အာမခံချက်ကိုအားကိုးလောက်တဲ့လူမှုလုံခြုံမှုကိုရရှိခံစားကြရပါတယ်။ တနေကုန်လို့ကုန်မှန်း မသိဘဲ၊ မယ်မယ်ရရအလုပ်ပြစရာမရှိတဲ့အလုပ်မျိုးဆိုရင်တော့၊ ဆိုခဲ့တဲ့ လူမှုခံစားခွင့်ဆိုတဲ့ အာမခံချက်က မသေခြာမရေရာစရာပါ။
ခုအပါတ်မှာတော့ အမေရိကနိုင်ငံရဲ့အထင်ကရ သက်ကြီးတွေအတွက်အားကိုးအားထားလောက်တဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့ AARP ကြီးကပြုစုထုပ်ဝေတဲ့ “Countdown to Retirement” ဆောင်းပါးကို မှီငြမ်းပြီး၊ အမေရိကရောက်မြန်မာသက်လွန်များအတွက်အထောက်အကူဖြစ်စေခြင်းငှာ၊ အချက်အ လက်များကိုစုဆောင်းတင်ပြလိုက်ပါတယ်။

အငြိမ်းစားယူရန် (၅)နှစ်အလို ပြင်ဆင်သင့်တာတွေ
ဒီလို(၅)နှစ်လောက်ကတည်းကပြင်ဆင်ဘို့တကယ်ဘဲလိုသလားလို့မေးစရာရှိပါတယ်။ အကြောင်းရင်း ကတော့ အမေရိကနိုင်ငံဟာလွတ်လပ်သောလူနေမှုဆိုတာယုံမှားဘွယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည့်စုံတဲ့ လူမှုဘ၀အာမခံချက်တွေကို တင်းပြည့်ကြပ်ပြည့်ရရှိရေးဟာ မိမိကနေလိုက်နာစောင့် စည်းဆောင်ရွက်ရမဲ့တာဝန်ဝတ္တရားတွေအများကြီးရှိတယ် ဆိုတာကိုတော့ ကြိုတင်နားလည်ကြရပါ လိမ့်မယ်။ Freedom is not always free ဆိုတဲ့စကားကိုကြားဘူးကြပါလိမ့်မယ်။ 
(က) အငြိမ်းစားယူချိန်မှာ မိမိလက်ရှိရရှိနေတဲ့လစဉ်ဝင်ငွေရဲ့ (၆)ဆမှ(၈)ဆအထိ၊ အပိုစုဆောင်း ရံပုံငွေရှိထားရပါမယ်။
(ခ) မိမိအလုပ်လုပ်ကိုင်စဉ်ထားရှိတဲ့ Pension, 401k/403(b) စသည်တို့ရဲ့စုဆောင်းမှုနည်းဗျူဟာကို စနစ်တကျသုံးသပ်လေ့လာပြီး၊ ထဲ့ဝင်ငွေနှုန်းထားနဲ့ထဲ့ဝင်ပုံ(Contribution rate & distribution/divestment strategy) တွေကိုပြောင်းလဲသင့်ကပြောင်းလဲသတ်မှတ်ကြရပါမယ်။
(ဂ) ခြွေတာပါ။ ဒါကတော့ရှင်းပါတယ်။ ပြောရလွယ်သလောက် လိုက်နာရခက်ခဲလှပါတယ်။ အသုံးအစွဲကြီးကြသူတွေ ဘရိတ်အုတ်ကြရမဲ့အချိန်ရောက်ပါပြီ။ Life style ပြောင်းကြရမဲ့အချိန်လို့ ဆိုပါရစေ။
(ဃ) အမေရိကမှာအငြိမ်းစားမယူမနေရအသက်ကန့်သတ်ချက်မရှိပါဘူး။ အငြိမ်းစားယူဘို့အချိန် ဆိုင်းငံ့နိုင်လေ၊ ကိုယ်အတွက်အကျိုးရှိလေပါဘဲ။ လက်ရှိအချိန်မှာ အသက်(၅၉ နှစ်ခွဲ)မှာ မိမိစုဆောင်းငွေ 401kကိုစတင်ထုတ်ယူနိုင်သလို၊ အသက်(၆၅)မှာ Medicare လို့ခေါ်တဲ့ ကျန်းမာရေး အာမခံစတင်ခံစားနိုင်ပါတယ်။ (၆၆ နှစ်ခွဲ) မှာ Social Security ခံစားခွင့်ရရှိနိုင်ပြီး၊ အသက်(၇၀)  လောက်မှ အဲ့ဒီခံစားခွင့်ကိုစောင့်ဆိုင်းထုတ်ယူရင်ရာနှုန်းပြည့်ခံစားခွင့်ရကြမှာပါ။
(င) ခုချိန်ကစပြီး၊ လစဉ် တစ်လ $၉၀ စီသီးသန့်စတင်စုဆောင်းပါလို့ဆိုပါတယ်။
(စ) 401k/403(b) (သို့မဟုတ်) IRA (Individual Retirement Account)ရှိကြသူတွေ Roth IRA စတင်စုဆောင်းကြဘို့လိုပြီလို့ ငွေကြေးပညာရှင်များကအဆိုပြုကြပါတယ်။ Roth IRA ရှိကြသူတွေ ဟာ ခုလိုအငြိမ်းစားမယူမှီမှာ 401k/403(b) ကနေထုတ်ယူသုံးစွဲတာမျိုး (ဥပမာ- အိမ်ပြင်ဆင်တာမျိုး) ထက် Roth IRA ကနေထုတ်ယူသုံးစွဲရင် အခွန်သက်သာကင်းလွတ်ခွင့်ရကြပါမယ်။ 
(ဆ) အိမ်ဖိုးငွေ (Mortgage)ကို ဦးစားပေးပြီး၊ အဲ့ဒီအကြွေးကနေကင်းအောင်အမြန်ကြီုး စားကြရ မဲ့အချိန်ပါ။ ကျွမ်းကျင်သူတွေအဆိုအရ လစဉ်ပေးသွင်းမဲ့အစား (၂)ပါတ်ခြားတခါပေးသွင်းငွေပမာဏ ရဲ့ထက်ဝက်စီပေးသွင်းသွားခြင်းဟာ (၁၃)လစာပေးသွင်းရတာနဲ့ညီမျှတဲ့အတွက် အဲ့ဒီနည်းကိုသုံးစွဲကြ ဘို့ တိုက်တွန်းကြပါတယ်။ Refinancing/home equity လို့ခေါ်တဲ့ mortgage ကိုအသစ်တဖန်ပြန် စတဲ့ သက်သာစရာလို့ယူဆနိုင်ဘွယ်ရှိတဲ့နည်းလမ်းတွေကိုရှောင်ရှားကြဘို့လည်းအကြံပြုကြပါတယ်။
(ဇ) Stockဟာ အမြတ်အကျိုးများပေမဲ့ ဒီအချိန်မှာ ပုံမှန်စုဆောင်းမှုပမာဏကို အာမခံတဲ့ bond ကိုဦးစားပေးရမဲ့အချိန်ပါ။ 401k/403(b) မှာ  bond ရဲ့ထဲ့ဝင်ပမာဏ အနည်းဆုံး (၆၀%)ရှိဘို့အကြံပြု ကြပါတယ်။ နောက်တနည်းကတော့ Target-fund တွေအဖြစ်မိမိစုဆောင်းငွေကိုအသွင်ပြောင်းကြဘို့ လိုပါလိမ့်မယ်။ အခြားစဉ်းစားစရာစုဆောင်းရံပုံငွေအမျိုးအစားတွေကတော့- High-grade corporate bonds, Money Market, US Government bond, Certificate of Deposit (CD)နဲ့ Series I (Inflation-protected saving bonds) တွေဟာ အကျိုးအမြတ်နည်းပေမဲ့ အာမခံချက်ရှိတဲ့ စုဆောင်းရေးနည်းဗျူဟာ အမျိုးအစားတွေပါ။

အငြိမ်းစားယူရန် (၃)နှစ်အလို ပြင်ဆင်သင့်တာတွေ
ဒီအချိန်မှာဆောင်ရန်ထက်ရှောင်သင့်တာလေးတွေ အရင်ဆွေးနွေးရအောင်ပါ။
(က) တန်ဘိုးကြီးဇိမ်ခံကားဝယ်ယူခြင်း၊
(ခ) သားသမီး မင်္ဂလာဆောင်တာဝန်ယူပြုလုပ်ပေးခြင်း၊
(ဂ) ကမ္ဘာပါတ်ပြီးဇိမ်ခံခရီးထွက်ခြင်း၊
(ဃ) အိမ်သစ်ဝယ်ရန်၊ ပြောင်းရန်ကြိုးစားခြင်း၊
(င) မိမိဆွေမျိုးသားချင်းအမျိုးများကို ပေးကမ်းစွန့်ကြဲ၊ သုံဖြုံးခြင်း၊
- ဒါတွေကိုတော့ စိတ်မကူးမိကြဘို့လိုပါတယ်။
ဒီအချိန်မှာ စတင်ဆောင်ရွက်သင့်တာလေးတွေကတော့-
(က) လစဉ်ပေးသွင်းရမဲ့၊ ကုန်ကျစရိတ်များကိုစာရင်းပြုစုပြီး၊ ချက်ချင်းလက်ငင်းအကျိုးပြုခြင်းမရှိတဲ့၊ တခဏတာ ပျော်ရွှင်မှုကိုဖန်တီးပေးမဲ့ ကုန်ကျစရိတ်တွေဖြတ်တောက်ကြဘို့ လိုပါပြီ။
(ခ) နှစ်စဉ် ပုံမှန် မိမိတို့ရဲ့Credit historyများကို စစ်ဆေးရပါမယ်။ www.annualcreditreport.comဟာအခမဲ့စစ်ဆေးရမဲ့နေရာပါ။
(ဂ) အကြွေးများ ရှိခဲ့ရင် ဖြေရှင်းဘို့စနစ်တကျပြင်ဆင်ရမဲ့အချိန်ပါ။ ကျွန်တော်တို့မြန်မာတွေထဲ အကြွေးထူသူရှားလှပေမဲ့၊ ရှိသူတွေရှိနေကြတာကတော့ အမှန်ပါဘဲ။ လူအထင်ကြီးအောင် ၀တ်စားပြီး၊ အိမ်မှာဘိုက်မှောက်နေကြရသူတွေလည်းတွေ့ဘူးပါတယ်။ ၀မ်းနည်းစရာပါ။
(ဃ) Social Security ခံစားခွင့်ဆွေစတင်စစ်ဆေးရမဲ့အချိန်ပါ။ နှစ်စဉ် statement တွေကို ssa .gov မှာအလွယ်တကူရယူနိုင်ကြပါတယ်။ အထက်မှာဆိုခဲ့သလို မိမိအငြိမ်းစားယူချိန်ကို တစ်နှစ်နောက် ဆုတ်လိုက်တိုင်း တနှစ်ကို (၈%) ၀င်ငွေတိုးလာနိုင်တာမို့ မက်လောက်ဘွယ်ပါ။ ဒါပေမဲ့ မိမိရဲ့ကျန်း မာရေးအခြေအနေနဲ့ အမေရိကနိုင်ငံမှာအလုပ်လုပ်တဲ့သက်တမ်းတွေပေါ်မှာမူတည်စဉ်းစားကြဘို့ အမေရိကရောက်မြန်မာများကို အကြံပြုလိုပါတယ်။

အငြိမ်းစားယူရန် (၁)နှစ်အလို ပြင်ဆင်သင့်တာတွေ
(က) မိမိအငြိမ်းစားတကယ်ယူချိန်မှာသုံးစွဲတဲ့ဝင်ငွေထွက်ငွေအချိုးအစားနည်းတူ၊ အသုံးစရိတ်တွေကို စတင်စမ်းသပ်သုံးစွဲကြည့်ကြဘို့အကြံပြုထားပါတယ်။ 
(ခ) ကျန်းမာရေးနဲ့ (အထူးသဖြင့်)သွားကျန်းမာရေးကိုစတင်စစ်ဆေးပြီး၊ ကုသသင့်တာတွေ စတင်လုပ်ဆောင်ရမဲ့အချိန်ပါ။ ခုထိက Medicare အနေနဲ့ သွားရောဂါကုသနိုင်တဲ့ လွှမ်းခြုံကာကွယ်တဲ့ အာမခံမှုမရှိပါဘူး။
(ဂ) အလုပ်ခွင်မှာဘေးကင်းရန်ကင်း၊ အပြောင်းအလဲများလုပ်တာတွေရပ်တန့်ုရတော့မဲ့အချိန်ပါ။ 
(ဃ) မိတ်ဆွေအသိုင်းအ၀န်းအဆက်အသွယ် တွေ စတင်ပျိုးထောင်ပြီး၊ ဗဟုသုတနဲ့ပြင်ပလောကကို ၀င်ဆန့်မဲ့ အသိုင်းအ၀န်းတွေစတင်ရှိကြဘို့လိုပါပြီ။ ပါတ်ဝန်းကျင်လောကနဲ့ အဖြစ်အပျက်တွေနဲ့ စိမ်းကားမနေကြဘို့လိုလာပါပြီ။
(င) မိမိကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စတွေ၊ ငွေရေးကြေးရေးနဲ့ ပိုင်ဆိုင်မှုတွေနဲ့ပါတ်သက်တဲ့အစီအမံ  တွေ၊ နည်းလမ်းတွေအခိုင်အမာ ချမှတ်ပြီး၊ မိမိနဲ့ နီးစပ်သူသွေးရင်းသားရင်းများကို အသိပေးတာတွေ၊ ဥပဒေကြောင်းဆိုင်ရာတွေချမှတ်ကြရပါတော့မယ် (Will, Revocable Living Trust, Advanced healthcare directive, Durable power of attorney, End of life Arrangement) စတာတွေပြုစုဖြန့်ဝေတာတို့ကိုလုပ်သင့်ပါပြီ။
(စ) Medicare နဲ့ပါတ်သက်တဲ့ကြိုတင်လေ့လာမှု၊ အပြင်အဆင်အစီအမံတွေ လိုအပ်ရင် သက်ဆိုင်ရာထံသွားရောက်စုံစမ်းတာတွေ လုပ်ကြရပါမယ်။

ကျွန်တော်စုဆောင်းတင်ပြချက်တွေဟာ ပြည့်စုံလုံလောက်မှုရှိချင်မှရှိပေမဲ့ လဲ၊ သတိမမူဂူမမြင်ဆိုတဲ့ ဆိုရိုးစကားအတိုင်း၊ ကိုယ်ကသိသော်လည်းဘဲ ပြင်ဆင်ဘို့နေ့ရွှေ့ညရွှေ့လုပ်တတ်တဲ့ အကျင့်ပါသူတွေ အတော်များများကိုတွေ့ဘူးပါတယ်။ မလိုလားအပ်တဲ့ ကြီးမားတဲ့အချက်အခဲဖြေရှင်းရတာမျိုးအထိ  ရောက်သွားတတ်ကြတာတွေ ကြုံဘူးကြားဘူးရတာမို့၊ မဖြစ်သင့်တာတွေကိုကြိုတင်တားဆီးလိုတဲ့ ဆန္ဒရင်းနဲ့ ဒီဆောင်းပါးကိုပြုစုရခြင်းပါလို့။.        ။

Tuesday, April 30, 2019

အမေရိကပြည်တ၀ှမ်း (၂၀၂၀) သန်းခေါင်စာရင်းအကြို အခင်းအကျင်း နဲ့ “ONE MYANMAR”

မြန်မာဂေဇက် စာဖတ်ပရိသတ်ကြီး အနေနဲ့ ဒီဆောင်းပါးဖတ်ရှုချိန်ကစပြီး တစ်နှစ်တိတိ ဖြစ်တဲ့  (၂၀၂၀) ဧပြီ (၁)ရက်နေ့မှာ အမေရိကနိုင်ငံတ၀ှမ်း သန်းခေါင်စာရင်းကောက်ခံမှုကြီးကို ပြုလုပ် မှာဖြစ်ကြောင်း အသိပေးလိုပါတယ်။ အမေရိကနိုင်ငံ တနံတလျားမှ လွန်ခဲ့တဲ့ (၂၀၁၀) ဧပြီလ ကကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းမှာ အမေရိကအခြေစိုက်မြန်မာတို့ရဲ့ လူဦးရေဟာ ပြီးခဲ့တဲ့ (၁၀)စုနှစ်များကနဲ့မတူ ထူးခြားစွာ ပေါ်ထွက်ခဲ့တာ မြန်မာတိုင်းရင်းသားတို့ သတိပြုမိကြလိမ့် မယ်လို့ထင်ပါတယ်။ ထူးခြား ရတဲ့အကြောင်း ရင်းကတော့ သက္ကရာဇ် (၂၀၀၀)ပြည့်နှစ် သန်းခေါင် စာရင်းချုပ်ကြီးရဲ့ တရားဝင်မြန်မာလူဦးရေ (၁၈၃၈၆)ဦး ကနေ (၂၀၁၀)တရားဝင်စာရင်းချုပ်မှာ (၁၀၀၂၀၀)ဦးအထိ ခန့်မှန်းခြေ (၈၀%) တိုးတက်လာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဆယ်စုနှစ်တ ခုအတွင်းမှာ လူမျိုးစုလူဦးရေတခု ရုတ်ချည် တိုးပွားလာတာကို Population explosion လို့ခေါ်လို့ ရမလားဆိုတဲ့ တတ်ကျွမ်းမှုဆိုင်ရာ စဉ်းစားစရာတွေရှိလာပေမဲ့၊ အမေရိကပြည်ထောင်စုအနေနဲ့ ဒီဖြစ်စဉ်ဟာ ထူးခြားပေမဲ့သဘာဝ ကျတဲ့ဖြစ်စဉ် အနေနဲ့ဘဲယူဆထားပါတယ်။ ဖြစ်နိုင်ဘွယ် ယူဆချက်(၃)ခုကတော့ -
(က) ယခင်အဆက်ဆက် က အမေရိကပြောင်းရွှေ့အခြေချသူတွေက ဆယ်စုနှစ်တိုင်းက ဆိုင်ရာ သန်းခေါင်စာရင်းပြန်ကြားလွှာ (census survey returns)တွေကို ဖြည့်ဆည်းရန်ပျက်ကွက် ကြတာတွေ။
(ခ) (၁၉၈၈) နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေပြောင်းမြေပြောင်းတွေကြောင့် ထွက်ပြေးတိမ်း ရှောင်သူ Refugeesများကို အမေရိကန်အစိုးရက ဦးစားပေး Category A အဖြစ်ထိပ်တန်းစာရင်းဝင် သတ်မှတ်လက်ခံလိုက်တာတွေ။
(ဂ) (၂၀၁၀) သန်းခေါင်စာရင်းကောက်ခံရေးအမျိုးသားလှုပ်ရှားမှုကြီးမှာ အမေရိကနိုင်ငံမြို့ကြီးတွေမှာပေါ်ပေါက်ဖွဲ့စည်းလာတဲ့ Complete Count Committees များရဲ့လှုံ့ဆော် တိုက်တွန်းမှုများရဲ့ အားသာ ချက်တွေ။
- စတာတွေဟာ ဖြစ်နိုင်ဘွယ်အကြောင်းချင်းရာတွေလို့ သုံးသပ်မိပါတယ်။
ဒါဆိုရင်ပြီးခဲ့တဲ့ (၂၀၁၀)တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာလူဦးရေစုစုပေါင်း (တစ်သိန်းပိုပို)  လေးဟာတိကျတဲ့ အမေရိကတ၀ှန်းရောက်ရှိအခြေစိုက်တဲ့မြန်မာ လူဦးရေ အကုန်ဘဲလားဆိုတဲ့  မေးခွန်းမေးစရာရှိလာပါတယ်။ယခုစာဖတ်ကြသူတွေအနေနဲ့ စိတ်ဝင်စားမယ်ဆိုရင် https://factifinder.census.gov ရဲ့ Advance search မှာ ကိုယ်နေထိုင်ရာမြို့နဲ့ပြည်နယ်နဲ့ “Burmese” လို့တင်ပြီး ၀င်ကြည့်မယ်ဆိုရင် ကိုယ်နေထိုင်ရာမြို့နေ မြန်မာလူဦးရေ တရားဝင်စာရင်းကို  ရှာတွေ့ပါလိမ့်မယ်။ ဥပမာ - Fullerton City, California ရဲ့ (၂၀၁၀) တရားဝင်လူဦးရေ ဟာ (၆၇)ဦး လို့ စာရင်းချုပ်ထားပေမဲ့၊ အမှန်တကယ်နေထိုင်သူမြန်မာဦးရေဟာ အနည်းဆုံး (၁၅၀)ခန့်ရှိ မယ်လို့ head-count လုပ်ကြည့်ကြတဲ့ မြို့ခံများရဲ့အဆိုအရ လေ့လာမှတ်သားမိပါတယ်။ အဲ့ဒီဥပမာကိုကြည့်ရင် ကျွန်တော်တို့ မြန်မာလူဦးရေဟာလည်း (၂၀၁၀) သန်းခေါင်စာရင်းမှာ underreporting ရှိခဲ့တယ် ဆိုတာ ယုံမှားဘွယ်မရှိပါဘူး။ ဖြစ်နိုင်ဘွယ်အကြောင်းချင်းရာများစွာထဲက အဖြစ်နိုင်ဆုံးအချက် ကတော့ မြန်မာနိုင်ငံအတွင်းမှရောက်ရှိနေထိုင်ကြသူ မြန်မာပြည်ဖွား လူမျိုးခြားနဲ့ တိုင်းရင်း သားတွေ ကအကြောင်းကြောင်းတွေကြောင့် Burmese လို့ ထဲ့သွင်းအကြောင်း ပြန်ဘို့ ငြင်းဆန်တာ(သို့မဟုတ်) ကင်းကင်းနေချင်တဲ့ကိုယ်ရေးကိုယ်တာအကြောင်းတွေကြောင့်ဘဲ လို့ဆိုရပါမယ်။
ဒါပေမဲ့ (၂၀၁၂-၂၀၁၆) ဆယ်စုနှစ်လယ် American Community Survey 5-Tear (ACS-5) Estimate ရဲ့ ခန့်မှန်း တွက်ချက်မှုက အမေရိကနိုင်ငံတ၀ှမ်း မြန်မာလူဦးရေစုစုပေါင်းဟာ (၁၅၀၀၈၇) ရှိရမယ်လို့ဆိုထားပါပြီ။ ဒါဟာ မြန်မာလူမျိုးစုလူဦးရေပြောင်းလဲမှုဟာ သိသာထင်ရှားတဲ့ လူဦးရေ ညွှန်ပြကိန်း တွက်ချက်မှုမှာ မျက်စေ့ကျစရာ population dynamic တခုဖြစ်သွားပါပြီ။

ဒီဆောင်းပါးရေးရခြင်း အကြောင်းရင်းခံကတော့ အမေရိကနိုင်ငံတနံတလျားမှာ ပြောင်းရွှေ့အခြေချ ကြသူ မြန်မာတိုင်းရင်းသားပေါင်းစုံနဲ့မြန်မာပြည်ဖွား လူမျိုးခြားပေါင်းစုံတို့ဟာ  “Burmese”ဆိုတဲ့ အမေရိကသန်းခေါင်းစာရင်းခေါင်းစဉ်အောက်မှာ တစုတစည်းတည်းကျရောက်ကြဘို့အချိန် တန်နေ ပါပြီ ဆိုတဲ့ အချက်ပါဘဲ။ဒီအချက်နဲ့ ပါတ်သက်ပြီး (၂၀၁၁) ဇန္န၀ါရီမှမတ်လထုတ် မြန်မာဂေဇက် မှာအခန်းဆက်ဆောင်းပါးတွေအနေနဲ့ အသေးစိပ်ဖေါ်ပြထားခဲ့ပါတယ်။ အဓိက မီးမောင်းထိုးပြ လိုတဲ့အချက် (၀ါ) Burmese လို့စာရင်းတင်သွင်းဖေါ်ပြခြင်းအားဖြင့် ရရှိလာမဲ့ အကျိုးထူးကတော့ ခေတ်အဆက်ဆက် အမေရိကနိုင်ငံတ၀ှမ်းမှာရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေသာမက မိမိအကျိုးခံစားခွင့် နယ်ပယ်တွေမှာ အစိုးရအဆင့်ဆင့်က အာရုံထားပြီး ခံစားခွင့်တွေ၊ အရေးစိုက်  ထောက်ပံ့မှုတွေ ရရှိလာယုံမက တိုးပွားလာစရာရှိပါတယ်။ ဒီအကျိုးအမြတ်များနဲ့ခံစားခွင့်များ ရှိနိုင်မှု အတိုင်းအတာကို သိသာထင်ရှားစွာခံစားကြရသူတွေကတော့ (၂၀၀၇)ခုနောက်ပိုင်းမှာ အမေရိက အစိုးရရဲ့ Refugee အစီအမံတွေရဲ့ Targeted population group ဖြစ်တဲ့ Arizona, Indiana, Texas နဲ့ California မှာရောက်ရှိနေကြသူတွေပါဘဲ။ အဲ့ဒီဒေသမှာနေထိုင်ကြသူမြန်မာတိုင်းရင်းသားတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ ပညာရေးတို့ကို refugee ခံစားခွင့် ကာလသက်တမ်းအတွင်း ခံစားမှု  တွေ ရရှိကြသလို၊ ကာလသက်တမ်းကုန်ဆုံးပြီးသည့်နောက်ပိုင်းမှာတောင်၊ citizenship နိုင်ငံသား ရရှိခွင့်၊ ပညာဆက်လက်သင်ကြားခွင့်ရရှိရေး၊ ကျန်းမာရေးအာမခံ နဲ့ လုပ်ငန်းခွင်အတတ် သင်ပညာ သက်မွေးဝမ်းကြောင်းမှု ဆိုင်ရာပံ့ပိုးမှုတွေ ဆက်လက်ရရှိနေကြတာကို ထင်ရှားစွာတွေ့မြင် ကြရပါ မယ်။ ဒါဟာ underprivilege လူမျိုးစုအများနေထိုင်ရာဒေသအတွက် အမေရိကအစိုးရရဲ့ အာရုံ စိုက်မှုဆိုင်ရာမူဝါဒရဲ့အစိတ်အပိုင်းတခုလို့ဆိုရင်လည်းမမှားပါဘူး။
လက်ရှိ အမေရိကအစိုးရရဲ့ အမေရိကမှာအခြေစိုက်နေထိုင်ကြသူ (တရားဝင်ရော၊ တရားမ၀င်တွေပါ) လူမျိုးစုတွေကို သန်းခေါင်စာရင်း လူမျိုးစု အုပ်စုကြီး(၄)ခု (Four & Forty-Two Group Classification of Language Spoken at Home အရ Burmese ဟာ အုပ်စုကြီး (၄)ခုရဲ့အောက် ထဲက “Asian & Pacific Island Language” Group ရဲအောက်ထဲမှာရှိတဲ့ “Other Language of Asia”  ထဲမှာပါဝင်ပါတယ်။ Burmese  ဆိုတဲ့ လူမျိုးစုဟာ အမေရိကနိုင်ငံတ၀ှမ်းရှိကြတဲ့ နိုင်ငံ သားလူမျိုးစု မျိုးကွဲများကြားမှာ ပျောက်ခြင်းမကပျောက်နေပါတယ်။ ဆိုလိုတာက ကိုယ်ရဲ့ မူရင်းတိုင်း ရင်းသားမျိုးနွယ်စုကိုဖြည့်သွင်းခြင်းဟာ မိမိ၊ မိမိမိသားစုနဲ့ မိမိကိုယ်စားပြုရာ မူရင်းတိုင်းရင်း သား မျိုးနွယ်စုရဲ့ အကျိုးအမြတ် တစုံတရာအရာထင်မလာပါဘူး။ ကိုယ်ဖြည့်သွင်းတဲ့ပုံစံနဲ့အတူ ကိုယ့်ရဲ့အ ကျိုးရလာဒ်ခံစားခွင့်ဟာ စာရင်းချုပ်ပေါ်ထွက်လာချိန်မှာ ပျောက်ခြင်းမလှပျောက်ကွယ်သွားမှာ ကြိမ်းသေပေါက်ဖြစ်နေပါတယ်။ ဒါကိုမြင်အောင်ကြည့်ပြီး သင်ခန်းစာယူဘို့အချိန်တန်ပါပြီ။
[4 & 42 Group] –> {Asian & Pacific Island Language} –> (Other Language of Asia) –> Burmese, Karen, Turkish & Uzbek
နောက်တချက်က Burma, Burmese နဲ့ “မြန်မာ”ဆိုတဲ့ဝေါဟာရပိုင်းပါ။ အမေရိကနိုင်ငံအစိုးရနဲ့ တရားဝင်ပြဌာန်းထားတဲ့ မှတ်တမ်း၊ တရားဝင်ကိစ္စတွေအားလုံးမှာ Burmese ဟာ ဒီနေ့အထိ တရား ၀င်သုံးနှုန်းနေတဲ့ ဝေါဟာရတွေဖြစ်ပါတယ်။ အမေရိကနိုင်ငံမှာနေထိုင်နေသေးသရွေ့၊ အမေရိကနိုင်ငံရဲ့ တရားဝင်သုံးစွဲနေတဲ့ သတ်မှတ်ပြဌာန်းချက်တွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာ ကြဘို့ တာဝန်သည်၊ စာဖတ်သူအပါဝင် ကျွန်တော်တို့မြန်မာတွေအားလုံးရဲ့ ထားရှိရမဲ့ (မဖြစ်မနေ) စိတ်ထားဖြစ်ပါတယ်။ ဒီမြေဒီဒေသကိုကြိုက်လှပါချည်ရဲ့ဆိုပြီး၊ ငွေကြေးဘ၀မြှုပ်နှံရောက်လာကြတဲ့ မြန်မာတိုင်းရင်းသားတွေဖြစ်ပါတယ်။ အမေရိကအစိုးရက “ဒါး”မိုးခေါ်ယူတာမဟုတ်တဲ့ အတွက် ကြောင့်၊ သူ့နိုင်ငံမှာနေရင် သူ့စည်းကမ်းကိုလိုက်နာရမဲ့ဝတ္တရား ဟာ ကိုယ့်ရဲ့ဝတ္တရားဖြစ်ကြောင်းပါ။ အတိပ်ကလူမျိုးရေးကိစ္စတွေကို အတိပ်မှာ ထားခဲ့ကြပါ။ အမေရိကားစတင်ရောက်ရှိအခြေချချိန်မှာ လူတိုင်း”သုည” ဘ၀ကစကြရပါတယ်။ ကိုယ့်ဘ၀မှာကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အနိဌာရုံတွေကိုပြည်ဖုံး ကားချပြီး ဘ၀သစ်ကိုစကြပါ။
(၂၀၁၀) သန်းခေါင်စာရင်းအရ မြန်မာလူမျိုး (Burmese)လူဦးရေ ဟာ တနိုင်ငံလုံးလူဦးရေ (၃၁၂) သန်းကျော် ရဲ့ (၀.၃၂%) ဖြစ်ပြီး၊ စုစုပေါင်းအာရှလူမျိုးရဲ့ (၂.၉၆%) လို့ပြဆိုထားပါတယ်။
လာမဲ့ (၂၀၂၀) သန်းခေါင်စာရင်းနဲ့ပါတ်သက်ပြီး စာဖတ်သူတို့ မိမိကိုယ်ကိုမိမိ ဆန်းစစ်သင့်တဲ့အချက် အလက်တွေကို လေ့လာကြရအောင်ပါ။
(၁) (၂၀၁၀)သန်းခေါင်စာရင်းရဲ့ရလာဒ် တရားဝင်မြန်မာလူဦးရေစာရင်းချုပ်အရ (၁၀၀၂၀၀) ဆိုတာကို အမှန်တကယ်လို့ သဘောတူပါသလား?
(၂) သန်းခေါင်စာရင်းကောက်ခံခြင်းဟာ စာဖတ်သူတို့ရဲ့ မိသားစုကိုယ်ရေးကိုယ်တာအတွင်းရေးကို အစိုးရက အတင်းအကျပ်မေးခွန်းထုတ်တယ်လို့ထင်ပါသလား?
(၃) သန်းခေါင်စာရင်းကောက်ခံခြင်ဟာ မိမိရဲ့ လူဝင်မှုကြိကြပ်ရေးအခြေအနေကို စိစစ်နေတာလား (immigration status – legal or illegal)?
(၄) မိမိကိုယ်ကိုမိမိ မြန်မာတိုင်းရင်းသားမျိုးနွယ်စုတခုခု (minority ethnic) (သို့မဟုတ်) မြန်မာပြည် ဖွားလူမျိုးခြား တရုတ်/ကုလား လူမျိုးလို့သတ်မှတ်ပါသလား?
(၅) မြန်မာပြည်ဖွားဖြစ်ယုံသာဖြစ်ပြီး၊ အမေရိကနိုင်ငံတွင်ကြီးပြင်းလာရသူတယောက်ဖြစ်တဲ့အတွက် မိမိကိုယ်ကိုမိမိ American or American Asian (Amerasian) လို့ ဘေးကင်းရန်ကင်း၊ အရှုပ်အရှင်း ကင်းကင်း၊ စကားနည်းရန်စဲ သတ်မှတ်ထားပါသလား?
(၆) ဆယ်စုနှစ်တခုတင်းတင်းပြည့်တဲ့ ဧပြီ(၁)ရက်ကစပြီး အမေရိကနိုင်ငံတ၀ှမ်း နေထိုင်ကြသူ အားလုံးက The Constitution, Article I, Section 2 အရ သန်းခေါင်စာရင်းပြန်ကြားရန် တာဝန်ရှိ တယ်ဆိုတဲ့အချက်ကို သိရှိပါရဲ့လား?
(၇) မိမိနေထိုင်ရာအရပ်ဖြစ်ပြီး မိမိနေအိမ် (a place that you call home)ကနေ လူဦးရေစာရင်း အစီရင်ခံပြန်ကြားရမယ် ဆိုတဲ့အချက်ကို သိရှိပါရဲ့လား?
(၈) ဥပဒေအရ သန်းခေါင်စာရင်းပြန်ကြားသူ ရဲ့ ကိုယ်ရေးအချက်အလက်အားလုံးကို စတင်ပြန်ကြား ချိန်ကစတင်ပြီး နောင်နှစ်ပေါင်း (၇၂)နှစ်တိုင်တိုင် လူသိရှင်ကြား(public record)အဖြစ်၊ မထုတ်ပြန်ဘို့ အစိုးရမှာ တာဝန်ရှိကြောင်း ဥပဒေကပညတ်ထားတာကို သိပါရဲ့လား?
(၉ ) ဥပဒေအရ သန်းခေါင်စာရင်းပြန်ကြားသူ ရဲ့ ကိုယ်ရေးအချက်အလက်အားလုံးကို အသုံးချပြီး၊ ပြန်ကြားသူပြည်သူတစ်ဦးတယောက်၊ မိသားစုရဲ့ လက်ရှိအခြေအနေကိုပျက်ပြားအောင်၊ အစိုးရအ ပါအ၀င်၊ မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်တစ်ဦးတယောက်က အရေးယူအပြစ်ပေးခြင်း၊ ဖျက်ဆီး ခြင်း၊ ပြောင်းလဲခြင်း၊ အခြားအတင်းအဓမ္မနည်းတခုခုကို အသုံးပြုခြင်းမပြုရ ဆိုတဲ့ပညတ်ချက် ကိုသိပါရဲ့လား?
(၁၀) ဖေါ်ပြခဲ့တဲ့အချက်တွေကို လက်ခံပြီးရင်လာမဲ့ (၂၀၂၀) လူဦးရေသန်းခေါင်စာရင်းကော်ခံမှု အမျိုးသားရေးလှုပ်ရှားမှုကြီးမှာ မိမိကိုယ်တိုင်လဲပါဝင်၊ အခြားမြန်မာမိသားစုတွေကို တိုက်တွန်းလို တဲ့ဆန္ဒ အပြည့်အ၀ သင့်မှာရှိနေပြီလား?
-      ဆိုတဲ့ ဆန်းစစ်မေးခွန်းထုတ် တာတွေ စတင်ပြုလုပ်ကြဘို့အချိန် တန်ပါပြီ။ 
(၂၀၂၀) သန်းခေါင်စာရင်းရဲ့ အခင်းအကျင်းကြိုတင်ပြင်ဆင်ထားမှုတွေရဲ့ ထူးခြားချက်တွေကိုလေ့ လာကြည့်ကြရအောင်။
(က) စာတိုက်ကတဆင့်ပေးပို့တဲ့ ပြန်ကြားလွှာ Survey Form များနဲ့ သန်းခေါင်းစာရင်းကောက်ခံသူ စာရင်းကောက်များအပြင်၊ အင်တာနက်Online မှတဆင့်လုံခြုံစိတ်ချစွာနဲ့ ပြန်ကြားတင်သွင်းနိုင် ပါမယ်။ အဲ့ဒီအတွက်ကြောင့် မိသားစုအိမ်ထောင်တိုင်း(အနည်းဆုံး ၉၅%ဟာ) အဲ့ဒီ အခွင့်အရေး ကိုရရှိကြပါလိမ့်မယ်။ ကျန်(၅%) ဖြစ်တဲ့လိပ်စာမသေခြာသော၊ လူသူအရောက်အပေါက် မရှိသောနေရာဒေသတွေ ကို စားရင်းကောက်များသွားရောက်ကောက်ခံကြပါလိမ့်မယ်။
(ခ) ယခင်အကြိမ်က စာရင်းကောက်များကသာကောက်ခံခြင်းမျိုးမဟုတ်ဘဲ Community-based partnership အဖွဲ့အစည်းတွေက လူစည်ကားရာနေရာတွေမှာ ရုံးဖွင့်ပြီးကောက်ခံသွားဘို့ရှိတယ် လို့ဆိုပါတယ်။
(ဂ) ပြန်ကြားလွှာမှာ Social Security, bank and credit card information, money or donation နဲ့ မိမိတို့နှစ်သက်ရာ/ပါတ်သက်ရာနိုင်ငံရေးပါတီအမျိုးအမည်တို့ကိုနိုင်ငံရေးပါ တီများကိုယ်စားပြု ပြီးတောင်းခံမှာမဟုတ်ဘူး ဆိုတဲ့ အာမခံချက်တွေကိုပေးထားပါတယ်။ ဒါပေမဲ့ လက်ရှိအမေရိက သမ္မတ ကတော့ ပါတီဆက်နွယ်မှုကို စာရင်းဖြည့်သွင်းဘို့စောဒကတက်အတင်းအကြပ် ပါဝင်စေလိုမှု အနေနဲ့ တရားလွှတ်တော်ချုပ်အထိတင်ပြတောင်းခံသွားမယ်လို့ ကြိမ်းဝါးနေပါတယ်။ ဒီအချက်ဟာ မြန်မာမိသားစုတွေအပေါ်သက်ရောက်မှုတစုံတရာရှိဘွယ်မမြင်ပါဘူး။
အမေရိကနိုင်ငံတလွှားနေကွန်မြူနီတီခေါင်းဆောင်များ အနေနဲ့ Complete Count Committee များ အခိုင်အခန့်ဖွဲ့စည်းကြဘို့ အချိန်တန်ပါပြီ။ မြန်မာတိုင်းရင်းသားအားလုံးတို့က လှည်းနေ  လှေအောင်း မြင်းဇောင်းမကျန်၊ လာမဲ့ (၂၀၂၀) ဧပြီ (၁) ရက်မှာ စတင်ကောက်ခံမဲ့ သန်းခေါင်စာရင်း လှုပ်ရှားမှု မှာ “ONE BURMESE” ဆိုတဲ့ ရည်မှန်းချက်ရောက်ရှိရေး၊ မိမိနဲ့ မိမိတို့ မိသားစုလူမှုဘ၀ အခြေတင့်အဆင့် မြင့်ရေး ကိစ္စမှာ အားတက်သရော်ပါဝင်ကြပါလို့။     
(ဤဆောင်းပါးနှင့်ပါတ်သက်၍ ဆွေးနွေးလိုသည့်အချက်များရှိပါကလည်း စာရေးသူထံ “မြန်မာဂေဇက်”အယ်ဒီတာမှတဆင့် ဆက်သွယ်နိုင်ကြပါသည်။)

Complete Count Committee များဖွဲ့စည်းကြရေးဆက်သွယ်ရန်- 
Atlanta - Phone: 404-889-6520 E-mail: Atlanta.rcc.partnership@2020census.gov 
Chicago - Phone: 312-579-1605 E-mail: Chicago.rcc.partnership@2020census.gov 
Dallas - Phone: 972-510-1800 E-mail: Dallas.rcc.partnership@2020census.gov 
Los Angeles - Phone: 213-314-6500 E-mail: Los.Angeles.rcc.partnership@2020census.gov 
New York - Phone: 212-882-2130 E-mail: New.York.rcc.partnership@2020census.gov 
Philadelphia - Phone: 267-780-2530 E-mail: Philadelphia.rcc.partnership@2020census.gov