Sunday, November 30, 2014

Benefit ရာသီရောက်ပြန်ခြေပြီ



အမေရိကနိုင်ငံတ၀ှမ်းနေထိုင်ကြသော မြန်မာများအပါအ၀င်လူတန်းစားမျိုးစုံကြီးငယ်မဟူအားလုံးတို့ မိမိအပါ အ၀င်မိသားစုဝင်များအတွက် အကျိုးခံစားခွင့်များ (benefits) တဖန်လျှောက်ထားရမည့်အချိန်ရောက်ပြန်ချေပြီ။ အမေရိကားတွင် မွေးပြီး၊ အမေရိကားတွင်ကြီးကြသူ လူမျိုးခြားများကိုယ်တိုင်ပင်၊ မိမိအသက်တမျှ အရေးကြီး လှသော ဤကိစ္စကြီး ကိုအချိန်ပေးစဉ်းစားသုံးသပ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းအလျင်းမရှိကြကြောင်း အံ့သြဘွယ် တွေ့ရ သည်။ သို့သော် နေ့တဓူဝစားသောက်နေထိုင်ရေးနှင့်၊ အထူးသဖြင့်ပျော်ပါးရေးကိစ္စတို့တွင်၊ အခလွတ် (free) (သို့မဟုတ်) လျှော့ဈေး (discount)ရရှိရေးတည်းဟူသောတန်ဘိုးနည်းပါးသည့်ကိစ္စမျိုးတွင်မူ အချိန်ပေးအရေးစိုက်ကြသည့်အလေ့အထကိုမယုံနိုင်ဘွယ်တွေ့ရသည်။ ခက်သည်ကား မိမိနှင့်ယဉ်ကျေးမှု ကွာခြားလှသော လူနေမှုစရိုက်ရှိသည်ဟုအဆိုရှိကြကုန်သော အမေရိကားရောက်မြန်မာများက၊ ယင်းဓလေ့ ကိုမူ၊ အချိန်တိုအတွင်းမိမိကိုယ်ပိုင်သမှုပြုကြလေကုန်သည်။ ငွေကုန်ကြေးကျရှိမည့်ကိစ္စတိုင်းအထူး စိစစ် တတ် သောအလေ့အထကားအတုယူဘွယ်ကောင်းသောကိစ္စဆိုသော်လည်း၊ ယင်းထက်အဆများစွာပိုမို အရေးကြီး ယုံမက၊ မိမိအသက်ရှင်နေထိုင်ရေးအတွက်ပင်အရေးထားသင့်သော benefits များနှစ်စဉ် လေ့လာသုံးသပ်ခြင်း၊ မိမိ မိသားစုနှင့်လိုက်ဖက်အသင့်ဆုံး plans/ programs များကိုရွေးချယ်ခြင်းတို့ကို အချိန်ပေးပြီး၊ သတ်မှတ်ခြင်း များစသည်တို့ကိုပိုမိုအလေးထားသင့်ပေသည်။
ကျန်မာရေးအာမခံ Medicare/Medicaid plans များ
စာရေးသူယခင်ကအဆိုရှိခဲ့သည့်စကားကိုပြန်ကောက်ရမည်ဆိုလျင်၊ အမေရိကနိုင်ငံတွင်အသက်ရှင် ရပ်တည် ရေးအတွက်မရှိမဖြစ်သော ကျန်းမာရေးအာမခံ (health insurance)သည်အဓိကအကျဆုံးသော လိုအပ်ချက် ကြီးတခုဖြစ်သည်။ Obamacare ဟုအမည်သညာတွင်သော Affordable Care Act အရ (၂၀၁၅) ခုနှစ်မှ စတင်ပြီး၊ အမေရိကနိုင်ငံတ၀ှမ်းမှီတင်းနေထိုင်ကြကုန်သောကြီးကြီးငယ်ငယ်ရွယ်ရွယ်အားလုံးတို့က၊ မိမိတို့ လက်ဝယ် ကျန်းမာရေးအာမခံရှိကြောင်းသက်သေမထူနိုင်လျင် (ချွင်းချက်အနည်းငယ်မှအပ) သက်ဆိုင်ရာ အခွန်ဌာနကြီး၏ဒဏ်ရိုက်ခြင်းကိုခံကြရမည်ဖြစ်သည်။ ယင်းဒါဏ်ရိုက်မှုမှကင်းလွတ်ခွင့်ရသော လုပ်နည်းအချို့ မှတပါး ”ရာ”ဂဏန်းမှသည်၊ နောင်နှစ်များတွင်ဆတိုး (double fine)များတပ်ခံရမည်ဖြစ်ပါသည်။ ကျန်းမာရေး ဟူသောကိစ္စမှာကြီးငယ်မရွေးလူမျိုးတိုင်းကို အချိန်အခါမရွေး၊ ကြိုတင်ဒုက္ခပေးတတ်သောသဘောရှိသည့် အတိုင်း၊ ဒုက္ခလှလှကြီးတွေ့ခါမှ မိသားစုချင်းပင်မကယ်နိုင်သော အခက်အခဲများကြုံတွေရတတ်သည် ဆိုသည် ကို၊ ရေရေလည်လည်သဘောပေါက်ကြရန်လိုပါသည်။ ဥပဒေအရ individual mandate ဟုဆိုထား သဖြင့်၊ ဤအာမခံလူတိုင်းမရှိမဖြစ်ရှိရမည်ဟုဆိုထားပါသည်။ နိုင်ငံရေးငြင်းခုန်မှုများမည်သို့ပင်ရှိစေကာမူ၊  ဤပြဌာန်း ချက်သည်ဥပဒေအဖြစ်အသက်ဝင်နေပြီဖြစ်ကြောင်းသိကြရန်လိုပါသည်။
(၁) ပြောင်းရွှေ့ခိုလှုံသူ refugee/asylee အပါအ၀င် Obamacare အရလက်ရှိ Medicaid ရရှိကြသူများအားလုံး လိုလိုတို့သည်၊ မိမိတို့ရှိရင်းစွဲ plans များနောင်(၂၀၁၅)ခုနှစ်အတွက် အလိုအလျောက်ဆက်လက်ရရှိကြမည်ဟု၊ အစိုးရက ကြေငြာထားသည်။ သို့သော်လည်း ယခုသတင်းစာဖတ်နေချိန်တွင်မိမိတို့ plan များကိုနောင်နှစ် သို့အပြောင်းအလဲမရှိဆက်လက်သယ်ယူသွားလိုကြောင်း’ထောင်ခံချက်’ကို၊ တင်သွင်းရန်တာဝန်ရှိသည် ဆိုသည့်အချက်ကို မျက်ခြေမပြတ်ကြဘို့လိုပါသည်။
(၂) ထိုနည်းတူ Medicare နှင့်ပါတ်သက်၍ Part (A) ခေါ်ဆေးရုံတက်ရောက်ခြင်းဆိုင်ရာလွှမ်းခြုံမှုပိုင်း နှင့် Part (B) ခေါ်ဆရာဝန်ဆေးခန်းပြသခြင်းအပိုင်း၊ Part (D) ခေါ် ဆေးဝါးစရိတ်များအပိုင်းတို့တွင်ရှင်းလင်းမှုရှိ နိုင် သော်လည်း၊ Part (C) ခေါ်ဖေါ်ပြပါလွှမ်းခြုံမှုများကိုများစွာအထောက်အပံ့ပေးနိုင်မည့် အပိုင်းတွင်plan အရွေး မမှားကြဘို့လိုပါသည်။ အဓိကအရေးကြီးသည်မှာ၊ ကြီးရင့်လာပြီဖြစ်သောအသက်အရွယ်အလိုက်၊ မိမိဝေဒနာ ခံစားရမှုကိုကောင်းစွာအထောက်အပံ့ပြုမည့် မိမိနေရင်းအရပ်ဒေသတွင်းလက်လှမ်းမှီမှီ လွှမ်းခြုံမှု ပေးနိုင်သော၊ plan မျိုးရွေးမိစေရန်အထူးလိုအပ်ပါသည်။
(၃) လက်ရှိအလုပ်လုပ်ကိုင်ကြသူတိုင်းအတွက်အလုပ်ရှင်များကပံ့ပိုးပေးကြသော employer-sponsored group health plans များသည်၊ ယေဘူယျအားဖြင့်၊ မိမိအတွက်အကောင်းဆုံးဖြစ်သည် ဟူသောအချက် ကိုမမေ့ပါနှင့်။ Obamacare အရပေါ်ထွက်လာသော marketplace (insurance exchanges) များတွင် မိမိတို့အလုပ်ရှင်ကပံ့ပိုးသော plans များလောက်ရောဂါဖြစ်ရာတွင်ကုန်ကျစရိတ်ပိုင်းအားဖြင့်မကောင်းလှသည် ကို တွေ့ရသည်။ ဈေးသက်သာ သည်ဟူသောအချက်တခုတည်းကိုကြည့်ပြီး၊ မိမိအလုပ်ကပေးသော plan ကို မ၀ယ်ဘဲ၊ marketplace မှplan ကိုဝယ်မည်ဆိုပါက၊ အမှားကြီးတခုဖြစ်နိုင်ဘွယ်ရာရှိပါသည်။ အသေအခြာ နားလည်မှ marketplace မှဝယ်ပါ။
(၄) deductibles ဆိုသည့်ဝေါဟာရသည် မိမိကိုယ်တိုင်ရောဂါခံစားရပြီးဆေးကုသကာမှ နဖူးတွေ့ဒူးတွေ့ စတင်ဒုက္ခပေးတော့သည်။ ဥပမာ-ဆရာဝန်ပြချိန်တွင် deductible plan လက်ဝယ်ရှိသူအနေဖြင့် co-insurance ခေါ်မိမိခွဲတမ်းအရပေးရမည့်ပေးငွေအပြင်၊ မိမိအချိုးကျ အိပ်စိုက် deductible ကိုပေးရန် တာဝန်ရှိလာပါသည်။ Obamacare မှလူတိုင်းအတွက် ယခင်ကန့်သတ်ထားသောကျန်းမာရေးကုန်ကျစရိတ် ကန့်သတ်ချက်ကိုရုတ်သိမ်းလိုက်သော်လည်း၊ ဤ deductible ကိုအချိုးကျတောင်းခံခွင့်ကိုပေးထားသည်။ deductibles တွင် high နှင့်low (၂)မျိုးရှိရာ၊ high plan လက်ဝယ်ယူထားမိသူတို့ လစဉ်ကြေးပေးရ သော ပရိမီယံကြေးသက်သာသော်လည်း၊ အိပ်စိုက်ကြေးနင့်နေအောင်ပေးရမည်ဆိုသည်ကိုနားလည်ကြ ဘို့လိုပါသည်။
Obamacare နှင့် Exchange marketplace
(၂၀၁၃)ခုနှစ်မှစတင်၍ဤဥပဒေ၏ပင်မပြဌာန်းချက်ကြီးသက်ဝင်လာသည်နှင့်တပြိုင်နက်တည်း၊ အသက်အပိုင်း အခြားလူမျိုးမရွေးအာမခံဝယ်ယူခွင့်နှင့်သင့်တင့်လျောက်ပါတ်သောဈေးနှုန်းသတ်မှတ်ချက်များကြီကြပ်ဆောင်ရွက်နိုင်ရန်အလို့ငှာ၊ ပြည်နယ်တိုင်းတွင် health insurance market place/exchange များထူထောင်ထား ပေ သည်။ ပြည်နယ်ပေါင်းထက်ဝက်လောက်ကပြည်နယ်အစိုးရမှတိုက်ရိုက်ကြီးကြပ်သော စနစ်များထူထောင်ထား သော်လည်း၊ အချို့ပြည်နယ်များတွင်ဗဟိုအစိုးရမှယခုတိုင်တိုက်ရိုက်ကြိကြပ်နေရသော marketplace များရှိ နေဆဲဖြစ်သည်။
(၁) ကာလီဖိုးနီးယားပြည်နယ်နေမြန်မာမိသားစုများအတွက် www.coveredca.com ဟူသော website မှတက်ရောက်ဝယ်ယူနိုင်သလို၊ ဤ “မြန်မာ့ဂဇက်”ပါ insurance agent များမှသော်၎င်း၊ မိမိတို့နေထိုင်ရာ မြို့အသီးသီး၏၊ zip code များကိုအသုံးပြု၍ insurance agent များကိုရှာဖွေပြီးတိုက်ရိုက်တွေ့ဆုံကာ၊ ဆွေးနွေးမေးမြန်း ၀ယ်ယူခြင်းကပိုမိထိရောက်လွယ်ကူကြောင်းတွေ့ရပါသည်။ ထို agent များကို အစိုးရမှ အခကြေးငွေပေးထားပြီးဖြစ်သဖြင့် agency fee အခများပေးရန်မလိုအပ်တော့ပါ။
(၂) ကျန်ပြည်နယ်များအတွက်မူ www.healthcare.gov ဟူသောwebsite မှတဆင့်တက်ရောက်ဝယ်ယူနိုင် ကြပါသည်။ မိမိတို့နေထိုင်ရာပြည်နယ်အစိုးရကတိုက်ရောက်ကြီးကြပ်ပါက၊ ထို website သို့အလွယ်တကူ ရောက်ရှိသွားနိုင်ပြီး၊ ၀ယ်ယူနိုင်ကြပါသည်။ မိမိတို့ပြည်နယ်အစိုးရကတိုက်ရိုက်ကြီးကြပ်ခြင်းမရှိပါကလည်း၊ ဗဟိုအစိုးရ၏ယင်း website မှပင် local agent များရှာဖွေကာ၊ ၎င်းတို့ထံသွားရောက်ပြီးအချိန်ယူဆွေးနွေး ၀ယ်ယူကြရန်အကြံပြုလိုပါသည်။ အများအားဖြင့် နိုဝင်ဘာ (၁၅) ရက်မှစတင်ဝယ်ယူနိုင်ကြပါမည်။
(၃) Marketplace တွင်ဝယ်ယူရာတွင် plan အတော်များများသည် deductibles များပါရှိသဖြင့်၊ ဈေးသက်သာ မှုတခုတည်းကိုကြည့်မ၀ယ်ဘဲ၊ တကယ်ဖြစ်လာပါက၊ မိမိအတွက်စရိတ်စကမှအစ၊ လက်တွေ့ကျကျအပ်စပ် မည့် plan မျိုးကိုဝယ်ယူကြရန်လိုပါသည်။
(၄) plan တိုင်းတွင်ပါဝင်သော services ခေါ်စောင့်ရှောက်မှုအမျိုးအစားသတ်မှတ်ချက်များသည်၊ ဥပဒေအရ တန်းတူဖြစ်ရမည်ဟူသောဥပဒေပြဌာန်းချက်ကြောင့်၊ ယခင်ကလို service ကွာခြားချက်များ မရှိမည်ကိုမပူရ တော့ပါ။ (သို့သော်- Catastrophic ခေါ်အရေးပေါ်ကုသမှုပိုင်းဆိုင်ရာ အာမခံစနစ်တွင်မူ၊ ကန့်သတ်သော လွှမ်းခြုံမှုသာရှိပါသည်။)
(၅) အသေးစိပ်လေ့လာရမည့်အပိုင်းကားdeductible မည်သို့ရှိသည်၊ မိမိနေထိုင်ရာဝန်းကျင်အတွင်းဆရာဝန် နှင့်ဆေးရုံမည်စာရင်းဝင်မှု၊ စသည်တို့ကိုအလေးထားရန်လိုအပ်လှပါသည်။
Open Enrollment များ
Medicare, Medicaid နှင့်လုပ်ခွင်များတွင်သာမက၊ ယမန်နှစ်မှစတင်၍ marketplace/exchange များတွင် နှစ်စဉ် စာရင်းသွင်းခွင့်ကာလများကို (နိုဝင်ဘာ) မှစတင်ကြပြီဖြစ်သည်။ မိမိတို့လုပ်ငန်းအကြီးအငယ်ပေါ် မူတည်၍ plan/programs များအမယ်စုံလင်အောင်အလုပ်ရှင် (employers) များက၊ သူ့ထက်ငါအပြိုင်ပံ့ပိုး လာကြသည်ကိုတွေ့ရသည်။ အကြောင်းမှာအခွန်အခကိစ္စကြောင့်ဖြစ်သလို၊ လုပ်ခွင်အတွင်းဝန်ထမ်းများအဆင် ပြေစွာဖြင့်အင်အားပြည့် (maximum production) ရရှိစေရေးအတွက်ဟုသုံးသပ်ကြသူများကဆိုကြသည်။
(၁) ဆိုခဲ့သည့်အတိုင်းအရေးကြီးဆုံးမှာ planများကိုအသေးစိပ်အချိန်ယူလေ့လာကြရန်အထူးတိုက်တွန်း လိုပါသည်။ ပြီးလျင်ပြီးရောဆိုလျင်၊ အခက်အခဲကြုံမှနောင်တရ ရမည့်အဖြစ်မျိုးကိုရှောင်ကြရန်လိုပါသည်။
(၂) လုပ်ငန်းရှင်တော်တော်များများက (အမှန်တကယ်အားဖြင့် အာမခံကုမ္ပဏီ insurance carriers များက) မိမိဝန်ထမ်းများ၏ကျန်းမာရေးအဆင့်အတန်းကိုဆန်းစစ်သည့် health norms ကိန်းဂဏန်းရရှိရေး အတွက်ဝန်ထမ်းများကို သွေးဖေါက်စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်နှင့်တကွ biometric အချက်အလက်များ စစ်တမ်းစစ်ကောက်ယူကြပါသည်။ ထို့အပြင်၊ ကျန်းမာရေးဆိုင်ရာမေးခွန်းများစွာတို့ကိုဖြေကြားစေပါသည်။ ထိုသို့ပါဝင်ဖြေဆိုကြသူ၊ အစစ်ဆေးခံကြသူတို့ကို ဆွဲဆောင်မှုတစိပ်တပိုင်းအဖြစ်၊ လစဉ်ကြေးပရီမီယံကိုမိမိ လစာများမှလျှော့ချဖြတ်ယူ(dicscount) ကြပါသည်။ ယင်းbiometric/questionnaire များတွင်ပါဝင်ဆောင်ရွက် ကြစေလိုပါသည်။
(၃) medical plans များအတွက်မိမိ မိသားစုဝင်များအားလုံး၏အမည်နှင့်ကိုယ်ရေးအချက်အလက်များကို အပြည့်အစုံထဲ့သွင်းကြရန်လိုအပ်ပါသည်။ အကြောင်းမှာ ကိစ္စတစုံတခုကြောင့်မိမိ မိသားစုတစ်ဦး  (ဇနီး သို့မဟုတ်ခင်ပွန်း)၏ ကျန်းမာရေးအာမခံဆုံးရှုံးမှူရှိခဲ့ပါက အချိန်မရွေးမိမိ plan အောက်သို့ ခုန်ကူးခွင့် ရရန် ဖြစ်ပါသည်။
(၄) အခြားplans မျိုးများဖြစ်သော dental, vision, Healthcare Saving Account (HSA), Flexible Spening Account (FSA), life insurance for dependents (including supplemental), accident, death, critical illness insurances, pet insurance, pension plans, vacation time saving/purchase plans, Legal consultation plan, etc. စသည် ဖြင့်မျိုးစုံရှိရာ မဖြစ်မနေထားရှိရမည့် Medical, Dental နှင့် Vision plans များကိုမူ၊ တင်ကြိုလေ့လာဝယ်ယူထားရမည်ဖြစ်ပါသည်။ အရေးကြီးသည့်အချက်ကား ကုသမှုခံယူချိန် တွင်ငွေအပြည့်ပေးပြီး နောက်မှreceipt ပြေစာပြန်တင်ပြပြီးကုန်ကျစရိတ်ကိုတောင်းယူသော စနစ် (reimbursement) သည်၊ အာမခံ စနစ်မဟုတ်ဆိုသည်ကိုခွဲခြားသိဘို့လိုပါသည်။
(၅)  မိမိကျန်းမာရေးအနေအထားပေါ်မူတည်၍၎င်း၊ ခွဲစိတ်ကုသမှုကြိုတင်ပြင်ဆင်မှု (elective surgery) မျိုးများတွင် သုံးစွဲရန်၎င်း၊ အစီအစဉ်များရှိခဲ့ပါက HSA/FSA စသော စုဆောင်းငွေများသတ်မှတ်နိုင်ပါသည်။ အစိုးရ၏အခွန်ကင်းလွတ်ခွင့်ရသောကျန်းမာရေးနှင့်သီးသန့်လူမှုရေးအသုံးစရိတ်များအတွက်အလွန်ရေပန်းစားနေသော အစီအမံများဖြစ်ကြပါသည်။ ဤနေရာတွင် HSA နှင့် FSA accounts တို့၏အဓိကကွာခြားမှု ကိုသိရန်လိုပါသည်။ HSA account ရှိသူများအနေဖြင့်ယင်းစူဆောင်းငွေကိုရာသက်ပန်စုဆောင်းထားခွင့်ရှိပြီး၊ FSA ကိုမူပြက္ခဒိန်နှစ်အတွင်းကုန်အောင်သုံးရန်အရေးကြီးသည်ဟူသောကွာခြားချက်ကြီးပင်ဖြစ်ပါသည်။ ယင်းaccounts များကိုနှစ်စဉ်ပမာဏတိုးတက်စုဆောင်းခွင့်များပြုနေပြီဖြစ်ပါသည်။ ဤအစီအစဉ် plans များကို deductible health plans ၀ယ်ယူထားကြသူတွေမဖြစ်မနေအပိုဆောင်းထားသင့်ပါသည်။
(၆) အခြားအရေးကြီးသောအချက်မှာ အလုပ်ရှင်များမှ မိမိ၏   401-k ခေါ်အိုနာစာစုဆောင်းငွေစာရင်းတွင် matching မိမိထဲ့ဝင်ငွေတိုင်းအတွက်ယှဉ်တွဲထဲ့ဝင်မှုကိုရာနှုန်းအများဆုံးအထိထဲ့ဝင်စုဆောင်းကြရန်လိုပါသည်။ လူသိများသောခံစားခွင့်ဖြစ်သော်လည်း သတိမေ့လျော့၍ မထဲ့ဝင်ကြသူမျိုးများကိုစာရေးသူမှတွေ့ကြုံရဘူး ပါသည်။
Benefit/program လျှောက်ထားခြင်း
စာရွက်စာတမ်းအကြောက်ကြီးကြောက်ကြသော မြန်မာအများစုကြုံတွေ့ရသောအဓိကပြဿနာကား၊ မည်သူက ကူညီလျှောက်ထားပေးမည်လဲဟူသောမေးခွန်းပင်။ အမေရိကားလိုနိုင်ငံမှာမွေးပြီးကြီးပြင်းကြသူလူဖြူမျိုးများပင်၊ လက်ဖျားခါရသော ရှုတ်ထွေးနက်နဲလှသောလျှောက်လွှာတင်သွင်းခြင်းဆိုင်ရာကိစ္စများနှင့်ဖုံးဆက်ခေါ်ဆိုရ ခြင်း၊ ဖြေကြားရခြင်း၊ အင်တာနက်ဖြင့်စာရင်းသွင်းခြင်းစသည့် များမြောင်လှသော အဆင့်များကိုမြန်မာနိုင်ငံ သားများလက်လှမ်းမမှီရခြင်းမှာမထူးဆန်းလှ။ ယင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ကျွမ်းဝင်သောမြန်မာcommunity leaders များ၊ ကူညီလိုရင်းဆန္ဒစိတ်ရင်းအမှန်ရှိသူများ အလျှိုလျှိုပေါ်ထွန်းလာသည်။ (၂၀၀ရ) နှစ်မှစ၍မြန်မာ့ နိုင်ငံရေးမတည်ငြိမ်မှုပေါ်အခြေခံ၍ရွှေ့ပြောင်းခိုလှုံလာကြသူ refugees များ asylees များနှင့် နည်းမျိုးစုံးသုံး ရောက်ရှိအခြေချကြသူတွေကိုယင်းစေတနာရှင်များကလက်လှမ်းမှီသလောက်အတတ်နိုင်ဆုံးကူညီကြသည်ကိုဝမ်းမြောက်ဂုဏ်ယူဘွယ်တွေ့ရသည်။ ထူးသော်လည်းမဆန်းသောကိစ္စတစ်ရပ်ကား၊ ယင်းအလျှိုလျှိုသော စေတနာရှင်များကြားထဲမှ “လုပ်စားလိုသူ”လူတန်းစားတစ်မျိုးပေါ်ပေါက်လာသည်ကိုဝမ်းနည်းဘွယ်တွေ့ရ ပါသည်။ ထိုသူတို့မှာအစိုးရအသိအမှတ်ပြု လိုင်စင်ရများလည်းမဟုတ်ကြပေ။ နားလည်သလောက်ကူညီ လုပ်ကိုင်ရင်း၊ ၀င်ငွေမြက်မြက်ကလေးရနိုင်သော “လုပ်အားပေး” လုပ်ငန်းတခုသဖွယ်လက်ရဲဇက်ရဲ ဖြစ်လာကြသည်။ မိမိတို့ကိုယ်ကို ဒေသဆိုင်ရာအစိုးရနှင့် agency အဖွဲ့အစည်းများ၏အသိမှတ်ပြုဝန်ထမ်း များသဖွယ် သတင်းလွှင့် လုပ်ကိုင်လာကြသည်။ လာဘ်ပေးလာဘ်ယူခေတ်ရေစီးကြောင်းနှင့်ကောင်းစွာရင်ပါး ခဲ့သော ပြောင်းရွှေ့ခါစ မြန်မာများအနေဖြင့်၊ “ကိုယ်တသက်လုံးဆုံးရှုံးနစ်နာခဲ့တာဘဲ။ ခုမှတော့မထူးပါဘူး” ဟူသော “မထူး”ဖြေသိမ့် စကားဖြင့်ငွေကြေးပေးကြရသည်။ ဥပမာတခုပြရသော်- Green Card လျှောက်ထား ရာတွင်အစိုးရကိုပေးသွင်း ရမည့်၊ ကုန်ကျစရိတ် (လက်ရှိ ဒေါ်လာ ၁၀၇၀) အတွက်၊ လျှောက်ထားမည့်သူ refugee တစ်ဦးကို၊ ထိုပုဂ္ဂိုလ် မျိုးတို့က refugee ဖြစ်သည့်အတွက် လျှော့ပေးရန်သာလိုကြောင်းပြောပြီး (ဒေါ်လာ ၅၀၀) စီတောင်းပါသည်။ အမှန်စင်စစ်အားဖြင့် public assistant ရရှိခံစားနေဆဲဖြစ်သော ထို refugee များအတွက်သွင်းငွေကင်း လွတ်ခွင့် (fee waiver) အပြည့်ရှိသည် ဆိုသည်ကိုအသိလုံးဝမပေး ဘဲထားသည်။ မိသားစု(၅)ယောက်ရှိသော မိသားစုတခုထဲမှရလိုက်သည့်ငွေကိုတွက်ကြည့်ကြပါကုန်။ စာဖတ်သူအားလုံးတို့သိပြီးသည့်အတိုင်း အမေရိကနိုင်ငံတ၀ှမ်းတွင်အစိုးရအဆင့်ဆင့်ထံလျှောက်လွှာလျှောက် ထားရာတွင်လျှော့ဈေး discount ဆိုသည်မှာလုံးဝမရှိဆိုသည့်အချက်ကိုပင်။ သတ်မှတ်ကြေးအပြည့်သွင်း လျင်သွင်း(full stated amount) (သို့မဟုတ်) ပေးသွင်းငွေကင်းလွတ်ခွင့် (fee waive) (၂) မျိုးသာရှိပါသည်။ ထိုနည်းတူ မိသားစုအခြေအနေ ပေါ်မူတည်၍အဆင့်ဆင့်သောအစိုးရအဖွဲ့အစည်းများကပုံမှန် (သို့မဟုတ်) ရံပုံငွေပမာဏပေါ်မူတည်သော public assistance အမျိုးအမယ်များစွာပေါများပါသည်။ လုပ်အားခအနေဖြင့် တောင်းလိုပါကဗြောင်ဖွင့်တောင်းခြင်းသည်အကောင်းဆုံးသောအကူအညီပေးနည်းဟုသုံးသပ်မိပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့အဆက်အသွယ်ကောင်းပြီး လာဘ်ထိုးရန်မလိုဘဲ၊ အရည်အချင်းပြည့်မှီပါကခံစားခွင့် များရှိကြပါသည်။ ထိုခံစားခွင့်များတွင် SSI ခေါ် Supplemental Social Security payment, disability benefit, စသည်တို့ကိုကိုယ်တိုင်ကတကယ်မခံစားရဘဲ၊ အစိုးရထံမှလိမ်လည် ရယူနေသောအခွင့်အရေးသမား များလည်းအလွန်ပေါများလှပေသည်။ ဤအထဲတွင်မြန်မာလူမျိုးပညာရှင် ဆရာဝန်၊ ရှေ့နေများပင်ပါဝင် ပါတ်သက်သောအဖြစ်များရှိနေကြောင်းဝမ်းနည်းဘွယ်ကြားရပါသည်။ အခြားသူတွေလည်းလုပ်နေတာဘဲ ဟူသော အကြောင်းပြချက်ဖြင့်မဖြစ်စလောက်ငွေယူပြီးပင်လုပ်ပေးခြင်း ကြောင့်အရေးယူပင်ခံရကြောင်း ရှက်ဖွယ်လိလိ ကြားရသည်။ အစိုးရခံစားခွင့် public assistance ကိုသပိတ်ဝင် အိတ်ဝင်တဖက်မှရယူခံစားရင်း အစိုးရမကောင်းကြောင်းရေရွတ်ကြသူတွေလည်းတွေ့ရဘူးပြီ။ ဘယ်သူတရား ပျက်ပျက်ကိုယ်မပျက်ရဘူး ဟူသောဆိုဆုံးမစကားကိုထိုဝင်ငွေကောင်းသောပညာရှင်များမေ့လျော်ကြရော့ထင်။
“ခံစားခွင့်”ဟူသည်မှာ “အခွင့်ထူး” မဟုတ်ဆိုသည်ကိုခံစားခွင့်ရရှိကြသူတွေလက်ခံဘို့လိုသလို၊ အမေရိက ပြည်ထူထောင်စဉ်က founding fathers ကြီးများ၏ မျှော်မှန်းချက်ကြီးဖြစ်သော လွတ်လပ်ရေးကြေငြာစာ တမ်းပါ “လူသားတို့ရှိအပ်သော မွေးရာပါအခွင့်အရေး ခံစားခွင့်ကြီးများရရှိခံစားခွင့်ရှိသောလူ့ဘောင်ဘ၀” ထူထောင်ရန်ဟူသောပဋိဥာဉ် ပြဌာန်းချက်အနှစ်သာရကို မြင်အောင်ကြည့်တတ်ကြဘို့လိုပါသည်။ ခံစားခွင့် များနှင့်အထောက်အပံ့မှန်သမျှသည်၊ ခံစားခွင့်ရကြသူတွေကလိုက်နာရမည့်နိုင်ငံသားတို့၏တာဝန်နှင့် ယှဉ်တွဲ လိုက်ပါသည်မို့၊ ခံစားခွင့်ရသည်နှင့်အူမြူးမနေကြရန်လိုသလို၊ လိုက်နာစောင့်ထိန်းရမည့်ကိစ္စတွေတပုံတပင် ရှိသည်ဆိုသည်ကိုမမေ့ကြပါနှင့်။ မိမိပေးဆောင်ရသောအခွန်ကို public assistance ခေါ်အစိုးရ ထောက်ပံ့ ကူညီကြသူများကအချောင်ရယူခံစား နေကြသည်ဟူသော မနာလို စိတ်များကို ခ၀ါချ ကြရန်လို ပါသည်။ ထိုပုဂ္ဂိုလ်များအနေဖြင့်မိမိတို့အသိနှင့် ယှဉ်လျက်မိမိတို့၏မှားယွင်း နေသောအယူအဆများပယ်ဖျောက်လျက်၊ မလုပ်အပ်သောလုပ်ရပ်များရပ်တန့် ခြင်းမရှိပါက၊ အသက်အရွယ်ရချိန်ရောက်ကာမှ၊ ဘ၀ပျက်သော အခြေသို့ တမဟုတ်ခြင်းရောက်နိုင်ကြောင်းကြိုတင်သတိပေးလိုပါသည်။ အခွင့်ရေးအချောင်လိုက်ကြသူတွေနှင့်အခွင့်အရေးဆောင်ကျဉ်းပေးမှုအပေါ်ခေါင်းပုံဖြတ်မှုကင်းသော ပြည်ပ ရောက်မြန်မာအသိုင်းအ၀န်းကြီတရပ်ထူထောင်ခြင်းဖြင့်လူမျိုးဂုဏ်ကိုမြှင့်တင်ကြပါစို့ဟူ၍။

No comments:

Post a Comment