Wednesday, May 20, 2015

လုပ်ခွင်ပျော် မြန်မာများ အဖြစ်သို့ (အပိုင်း-ခ)

တိုးတက်လာသောလူမှုဆက်ဆံရေးကမ္ဘာကြီးတွင် Facebook မှအစလူတန်းစားပေါင်းစုံတို့၏လူမှုကွန်ယက်ကို အလုပ်ရှင်တို့မျက်စေ့ဒေါက်ထောက်ကြည့်သောအချိန်အခါရောက်နေပြီဖြစ်သည်။ အလုပ်လျှောက်ထားသူ တစ်ဦး၏နောက်ကြောင်းရာဇ၀င်ကိုပုဂ္ဂလိကမှတ်တမ်းများတွင်အလုပ်ရှင်တို့အလွယ်တကူဆွဲယူကြည့်နိုင်သော ခေတ်ဖြစ်သည်။ interview သည်အလုပ်ရှင်တို့ကအလုပ်လျှောက်ထားသူတို့ကိုလေ့လာအကဲခတ်သော ပင်မနေရာကြီးဖြစ်လာသည်။ မိမိအလုပ်အတွက်မည်မျှအသုံးဝင်၍၊ အလုပ်ကိုဇောက်ချလုပ်နိုင်ခြင်းရှိမရှိကို၊ စနစ်တကျလေ့လာနိုင်ကြသည်။
အခြားအရေးကြီးပြီးမျက်ခြေပြတ်လွယ်သောကိစ္စတခုကား မိမိလုပ်ကိုင်ရာအလုပ်ခွင်တွင်၊ အလုပ်အာရုံ စိုက်ကြရန်လိုအပ်သောအချက်ဖြစ်သည်။ မိမိနောက်အလုပ်သို့ပြောင်းရွှေ့မည့်အစီအစဉ်ရှိသည့်တိုင်အောင်၊ ရှိရင်းစွဲအလုပ်တွင်အာရုံစိုက်ပြီး၊ နောက်ဆုံးမိနစ်ပိုင်းတိုင်အောင်စေတနာရှေ့ထားလျက်အလုပ်လုပ်ကြရန် လိုပါသည်။ အလုပ်ကြိုးစားသည်ဟုကြွေးကြော်ရန်မလို။ ရိုးသားမှုနှင့်ကြိုးစားမှုတည်းဟူသောနှစ်ခုတည်းသော ဂုဏ်ဒြပ်ကိုအခြေပြု၍ အလုပ်ရှင်၏ကြိုက်နှစ်သက်မှုကိုရအောင်ယူရန်မြန်မာတို့ကြိုးစားကြရသည်။ ကိုယ့်အလုပ် ကိုယ်ရိုရိုသေသေအာရုံစိုက်လုပ်သည် ဆိုသော၊ အချက်ကိုစံနမူနာပြုလျက်ဂုဏ်ယူဝံ့ကြွားသင့်သည်။
အလုပ်များများပြောင်းကြသူ Job Hoppers များကိုအလုပ်ရှင်တို့ခန့်အပ်ရန်ဝန်လေးကြသည်။ ထစ်ကနဲရှိ “ပြုတ်ချင်ပြုတ်ပေ့စေ။”ဟူသောအာချောင်မှုပြုကြကုန်သောမြန်မာများစွာတွေ့ဘူးပါသည်။ ကိုယ်ကိုယ်တိုင်က အလုပ်လက်မဲ့ဘ၀နှင့်ရှင်သန်ရန်မည်သည့်နည်းနှင့်မျှမဖြစ်နိုင်ကြောင်းအထင်အရှားသိလျက်နှင့် ထိုအာချောင် ကြကုန်သော မြန်မာအမျိုးကောင်းသား/သမီးတို့ ကိုယ့်စကားကိုယ်ဘရိတ်အုတ်တတ်ကြဘို့အထူး လိုအပ်ပါ သည်။
အလုပ်ရရှိရေးအတွက်ကြိုးစားကြရာတွင် သိသင့်သောအချက်များကား -
(က) မြန်မာကွန်မြူနတီးတို့စုစည်းရာ ဘုန်းကြီးကျောင်း/church/ဗလီဘုရားကျောင်းများတွင်ဝင်ထွက်သွား လာ၍မိတ်ဆွေများထံချဉ်းကပ်မေးမြန်းစုံစမ်းခြင်း၊
(ခ) မိမိတို့နေထိုင်ရာမြို့စာကြည့်တိုက်နှင့်သတင်းစာများကိုပုံမှန်သွားရောက်ခြင်း၊ ဖတ်ရှုခြင်း၊
(ဂ) မိမိသားသမီးများ (သို့မဟုတ်) ကွန်ပြူတာနားလည်သူတို့အကူအညီရယူလျက်၊ အလုပ်ရှာသော၊ အလုပ်လျှောက်ထားသောပုံစံများလေ့လာအသုံးချခြင်း၊ မျက်နှာချင်းဆိုင်လူတွေ့ interview မလုပ်မှီ၊ အင်တာနက်ပေါ်ကနဦးလျှောက်ထားရသောခေတ်သို့ရောက်လာပေပြီ။ အလုပ်ကြမ်းစသောအလုပ်များပင် internet-based job application များဖြင့်အစားထိုးပြီးတွင်ကျယ်စွာအသုံးချလာသောခေတ်ကြီးတွင်၊
သက်လတ်ပိုင်းနှင့်သက်ကြီးပိုင်းမြန်မာတို့ များစွာအခက်အခဲကြုံကြရသည်။ ထိုအခက်အခဲများကိုကောင်းစွာ ကျော်လွှားရန်အတွက် အင်တာနက်၏သဘောသဘာဝနှင့် လူတန်းစေ့သုံနိုင်သောနည်းပညာကိုဆည်းပူးကြရန် လိုပါပြီ။ လေ့လာစူးစမ်းလိုသောစိတ်နှင့် ကိုယ့်ဘ၀အခြေချရပ်တည်ရေးအတွက် လုံ့လစိုက်ကြရန်လိုပါပြီ။ နိုင်ငံခြားရောက်ပြီးကာမှ “ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြော” သောဘ၀နှင့်ဂုဏ်ယူတင်းတိမ်ခြင်းမပြုကြရန် လိုအပ်ပါပြီ။
(ဃ) မိမိအလုပ်လျှောက်သောနေရာသည် ပင်မအလုပ်တိုက်ရိုက်ခန့်သောကုမ္ပဏီ (သို့မဟုတ်) ဌာနလား၊ အလုပ်ရှာဖွေပေးသောပွဲစား agency လားဆိုသည်ကိုခွဲခြားလေ့လာတတ်နိုင်အောင်ကြိုးစားခြင်း၊
(င) မိမိလျှောက်ထားမည့်အလုပ်အကြောင်းအရာနှင့်ပါတ်သက်၍ကြိုတင်လေ့လာစုံစမ်းခြင်း၊
(စ) ထိုအလုပ်မှပေးနိုင်မည့် လစာ၊ ခံစားခွင့် (benefits) များနှင့်စတင်ခံစားခွင့်ရှိနိုင်မည့်အချိန်ကာလကိုသိရှိ အောင်ကြိုးစားရန်လိုအပ်ခြင်း၊
(ဆ) အလုပ်ခန့်သောကုမ္ပဏီမှ human resource (သို့မဟုတ်) agency ၏တိုက်ရိုက်ကိုင်တွယ်တာဝန် ယူသောပုဂ္ဂိုလ်၏ business card ကိုလက်ဝယ်ရှိအောင်တောင်းယူထားခြင်း၊
(ဇ) အလုပ်တခုရရှိရေးတွင် လစာ/ရာထူးထက် ထိုအလုပ်ခွင်အတွင်းခြေတစ်လှမ်းအခြေချခွင့်ရရှိရေးကိုဦးစား ပေးပါ။ ပြီးမှ ဘေးတိုက်ဌာနတွင်း/ပြင် ပြောင်းကြရန်ကြိုးစားပါ။
မြန်မာတို့တပြည်ခြားရောက်သော်လည်း၊ ကိုယ့်အမိမြေကိုတမ်းတကြရသောအကြောင်းရင်းများစွာ တို့တွင် အလုပ်ခွင်အဆင်မပြေမှု၊ အလုပ်အကိုင်မတည်မြဲမှု စသောအလုပ်နှင့်ဆက်စပ်သောအကြောင်းသည်အချက် ကြီးတခုဖြစ်နေပါသည်။ အလုပ်ခွင်တွင်မိမိလုပ်ဖေါ်ခြင်း (co-workers) နှင့်ဆက်ဆံပြောဆိုမှုနည်းပါးသည့် အကြောင်းပေါ်အခြေခံ၍ အလုပ်အခြေမခိုင်မာမှုသည်မြန်မာတို့အတွက်များစွာစိမ်ခေါ်နေသေးသည်။ ရာစုနှင့် ချီခဲ့သောအင်္ဂလိပ်ဘာသာစကားကိုအလေ့အကျက်နည်းပါးခဲ့သောမြန်မာ့လူနေမှုစနစ်ဆိုးက ပြည်ပပြောင်းရွှေ့ အခြေချသူတို့အတွက်လက်ညှိုးထိုးစရာ၊ အပြစ်ဖို့စရာဟုဆိုရမည်လား။
အလုပ်ရပြီဆိုကြပါစို့…။ များစွာသော ဆောင်ရန်ရှောင်ရန်တို့သည်၊ (အထူးသဖြင့် အမေရိကသို့ရောက်ရှိ ခြေချခါစမြန်မာတို့) အလုပ်ဝင်ခါစတို့အတွက် အာရုံထွေပြားစရာဖြစ်နိုင်သည်။ အလုပ်သစ်၊လူသစ်တို့နှင့် ဆုံကြုံကြယုံ မက၊ လုပ်ဖေါ်ချင်းဆက်ဆံရသောယဉ်ကျေးမှုဝန်းကျင်အသစ်တခုသို့ ရုတ်ခြည်ရောက်ရှိသွား ခြင်းဖြစ်သဖြင့်၊ မြန်မာတို့နှုတ်ဆိတ်သောအကျင့်တခု မွေးယူပြီးသားဖြစ်သွားကြသည်။ ကိုယ်ပြောရင်မှားမည် လား။ ကိုယ်လုပ် ရင်မှားသွားမည်လား။ ကိုယ့်အပြောအဆို၊၀တ်စားပုံကိုကဲ့ရဲ့မည်လား - ဟူသော”လား”ပေါင်း များစွာ တို့သည် မိမိတို့ဘ၀များထဲသို့မဖိတ်မခေါ်ရောက်ရှိလာကြသည်။
အတွေ့အကြုံရှိကြသူအမေရိကတွင်မွေးအမေရိကတွင်ကြီးကြသူတွေက -လုပ်ခွင်ဆက်ဆံရေးနှင့်လုပ်ခွင်ပျော် မွေ့ရေး (workplace harmony) နှင့်ပါတ်သက်၍ကျမ်းကြီးကျမ်းငယ်ရာထောင်မကတို့ဖြင့် အသိပေးထားကြ သော်လည်း၊ ထိုအကြောင်းအချက်တို့သည် အလုပ်ဝင်ခါစမြန်မာတို့အတွက် များစွာအထောက်အကူမပြုလှပါ။ အဘယ်ကြောင့်နည်း။ ရှင်းပါသည် - အများနှင့်မတူသောဆက်ဆံပေါင်းသင်းရေးတံတိုင်းကြီးခြားနားနေမှု ကြောင့်ဖြစ်ပါသည်။ စကားများများပြောသော၊ တပြည်ခြားများနှင့်စကားနည်းသော မြန်မာတို့ထိပ်တိုက်တွေ့ ကြသောယဉ်ကျေးမှုကြားခံကြီး (cultural gap) ၏ကွာဟမှုကြီးကြောင့်ဖြစ်ပါသည်။ ရဲရဲပြောနိုင်သူ၊ ၀င်ရော နိုင်သူမြန်မာတို့အတွက်ဤကွာဟမှုကြီးမြန်မြန်ဖယ်ရှားပေးနိုင်သော်လည်း၊ ၀င်ရောပြောဆိုရန်ဝန်လေးကြသူတို့၊ လုပ်ခွင်လောကတွင်ဘေးရောက်မှန်းမသိဘေးရောက်ကြရသောအဖြစ်တွေတွေ့ရသည်။ အချိန်ကာလကြာ ညောင်းသည်နှင့်အမျှ၊ ထိုမ၀ံ့ရဲမှုက တပါးသူအပေါ်သံသယစိတ်၊ မယုံကြည်စိတ်တွေကြီးထွားလာသည်။ discrimination ခေါ်လူတန်းစားခွဲခြားမှုကင်းပါသည်ဟုအပြတ်ပြောကြေငြာသောအမေရိကလိုနိုင်ငံတွင် ယင်း လူတန်းစားခွဲခြားမှုရှိပါသလား။ “သိပ်ရှိတာပေါ”့။ ပုထုစဉ်လူသားတွေမို့ ဤဒုက္ခသည် ယခင်ကလည်းရှိ၊ ခုလည်းရှိ၊ နောင်လည်းရှိနေဦးမည်မှာအမှန်။ zero tolerance on discrimination ဟုလုပ်ခွင်စည်းကမ်း များတွင် စာလုံး မဲကြီးများဖြင့်မည်သို့ပင်ပုံနှိပ်ထားစေကာမူ၊ ဤအဖြစ်အပျက်များက လုပ်ခွင်ရောက် မြန်မာ တို့အတွက် စဉ်ဆက်မပြတ်မေးစရာမေးခွန်းများအဖြစ်ဆက်လက်ရှိနေဦးမည်မှာအမှန်။
အကောင်းဆုံးအကြံပေးလိုသည်ကား -
(က) လုပ်ခွင်တွင်အခြားလူမျိုးခြား (အထူးသဖြင့် အာရှသားအချင်းချင်းပင်လျင်) တို့ကအထင်သေးမည့် အပြုအမူမျိုးကိုရှောင်ပါ။
(ခ) မြန်မာချင်းစည်းလုံးကြပါ။
(ဂ) အချင်းချင်းလက်တို့အသိပေးခြင်း၊ မိမိသိနားလည်သမျှတို့ကိုဖေါက်သယ်ချရှင်းလင်းပြခြင်း။
(ဃ) လူမျိုးခြားတို့ကိုဆက်ဆံရာတွင်သွားဖြဲဆက်ဆံနည်းပြီး၊ ကိုယ့်မြန်မာအချင်းချင်းကိုတော့ “ဒီကောင်က ဘာမို့လဲ” ဟုသောမာနစိတ်ခ၀ါချကြရန်လိုပါသည်။ တန်းတူဆက်ဆံပါ။
(င) လူမျိုးခြားတို့ပြောသည်ကိုယုံကြည်ပြီး၊ မိမိတို့မြန်မာချင်းအကြံပြုသည်ကို အထင်မကြီး၊ အလေးဂရု မပြုခြင်းသည်၊ အမှားကြီးတခုဟုနှလုံးသွင်းပါ။
(စ) မြန်မာပြည်တွင်အရိုးစွဲခဲ့သော အထက်ဖား၊ အောက်ဖိခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ ဂုန်းတိုက်ချင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊ လက်ဆောင်ပဏ္ဏာပေးကမ်းခြင်း၊ စသောအကျင့်ဆိုးများကိုခ၀ါများများချနိုင်အောင် အားထုတ်ကြပါ။
(ဆ) ကိုယ်နှင့်အဆင့်တူ/ရာထူးတူသူတို့လုပ်နိုင်သောစွမ်းဆောင်ရည် (production) ထက်မနည်းသော အရည်အသွေးနှင့် အလုပ်ခွင်တွင် မှားယွင်းမှု(error) နည်းနိုင်သမျှနည်းအောင်၊ အလုပ်မှာအာရုံစိုက်ပါ။ အထက်က ကြီးကြပ်သူအဆင့်ဆင့်က အမြဲမျက်ချေမပြတ်ကြည့်နေသည်ကိုမြင်အောင်လေ့လာပါ။
(ဇ) အလုပ်လမ်းကြောနှင့်အတူပါအောင်လိုက်ပါ (follow the work-flow)
(ဈ) လုပ်ဖေါ်ချင်း အဆက်အသွယ်မပြတ်ရှိနိုင်သော လူမှူကွန်ယက်ဖွဲ့ပါ။ (social networking)
(ည) ကိုယ့်အထက်အရာရှိနှင့်အမြဲထိတွေ့နေပါစေ။ လူတိုင်းအမှားလုပ်တတ်ကြသောလောကကြီးတွင်၊ ကိုယ့်အမှားကို၊ မိမိအထက်အရာရှိထံချက်ချင်းအသိပေးခြင်းကိုအမေရိကန်လူမျိုးတို့အလေးထားကြသည်။ မိမိဘာလုပ်သည်၊ ဘာမှားသည်ကိုအမှန်အတိုင်းဖွင့်ပြောခြင်းကိုလိုလားသောနိုင်ငံဖြစ်သည်။ ဆိုလိုသည်မှာ ပွင့်လင်းမှုကိုဦးစားပေးသောနိုင်ငံဖြစ်သည်ကိုမမေ့ပါနှင့်။
(ဋ) work smart – not work hard! ပင်ပမ်းပြီးအရာမထင်အလုပ်မပြီးခြင်းကိုလည်း၊ အထက်အရာရှိများ ကမကြိုက်သည်မို့၊ ချင့်ချိန်ပြီးတိကျခြင်းကိုသက်သေပြပါ။
(ဌ) နိုင်ငံရေး၊ ဘာသာရေး၊ မိမိကိုယ်ပိုင်/မိသားစုအတွင်းရေးတို့တွင် ပါဝင်ပါတ်သက်ခြင်းမရှိပါစေနှင့်။
(ဍ) “ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်ပါစေနှင့်” - သူကဥပဒေချိုးဖေါက်လို့၊ ငါလဲလိုက်လုပ်မည်ဟု စိတ်မကူးပါနှင့်၊ ကိုယ့်အလှည့်ကျခါမှ စစ်ဆေးတွေ့ရှိပါကကိုယ်သာခံရမည်။ သူလဲ(ချိုးဖေါက်သည်) လုပ်သည်ဟုပြောသော်လည်းသက်သေမရှိက၊ ဘာမျှမတတ်နိုင်။ benefit of doubt ကိုအလေးထားသော လုပ်ခွင်လောကဖြစ်သည်။ အမှားကိုသက်သေမထူနိုင်သမျှ၊ ကိုယ်ပြောစကားကိုလက်ခံယူဆသောအခြေအနေ မျိုးဖြစ်သည်။ ရိုးသာ/ကြိုးစားမှု ကိုရောင်းချပြီးအလုပ်တည်မြဲရေးအတွက်ကြိုးစားနေရသော ဘ၀ဆိုသည် ကိုမမေ့အပ်ပါ။
(ဎ) ခွင့်ယူခြင်း။ နာမကျန်ခွင့်ဟူသည်ရှောင်တခင်ဖြစ်တတ်သော နာမကျန်းအတွက်သာလုံးလုံးလျားလျား သက်ဆိုင်သဖြင့်၊ အလုပ်သွားရန်ပျင်းရိခြင်းကြောင့် နာမကျန်းသည်ဟုအကြောင်းပြဖုံးခေါ်ခွင့်တောင်းခြင်းကို ရှောင်ပါ။ အလုပ်ရှင်တို့မိမိအပေါ်အထင်သေးယုံမက လခလစာနှင့်ရာထူးတိုးပေးရေးကိစ္စတို့နှောင့်နှေးသွား နိုင်သည်ကိုသတိပြုပါလေ။
(ဏ) email ခေါ်လုပ်ခွင်းတွင်း(သို့မဟုတ်)ပြင်ပသို့အပြန်အလှန်ဆက်သွယ်ရာတွင်၊ မိနစ်မဆိုင်း ပြန်လှန် ဆက်သွယ်ခြင်းလုပ်ပါ။ email protocol ခေါ်လိုက်နာသင့်သော စည်းမျဉ်းကိုနားလည်ပါ။
(တ) ဖုံးပေါ်တွင်၎င်း၊ ကိုယ်တိုင်ဆက်သွယ်စကားပြောရာတွင်၎င်း၊ မိမိမကြေနပ်ချက်ကိုသူတပါးမသိပါစေနှင့်၊ မိမိအထက်လူကြီးဆီချက်ချင်းအကြောင်းကြားပါ။ တဖက်မှမကျေနပ်ချက်/ရင့်သီးသောအပြောအဆိုများကိုဗွေ မယူမိပါစေနှင့်။ (don’t take them personal)
(ထ)အရေးကြီး၍မျက်ချေပြတ်တတ်သောကိစ္စကြီးတခုကား။ အလုပ်ချိန်ကိုလေးစားပါ။ သူများအချိန်ခိုသည် ကိုကြည့်ကိုယ်ပါလိုက်မပျက်စီးပါစေနှင့်။
(ဒ) ပြင်ပပညာရေးထက်၊ လုပ်ခွင်နှင့်တိုက်ရိုက်စပ်ဆိုင်သော လုပ်ခွင်တွင်းသင်တန်းကိုဦးစားပိုပေးပါ။
(ဓ) မိမိလုပ်ခွင်ဝန်းကျင်အတွင်းလိုက်လျော်ညီထွေရှိကြပါစေ။ “Happy New Year/Merry Christmas” ဟုအပြန်အလှန်နှုန်ခွန်းဆက်ကြသောအချိန်ခါမျိုးတွင်၊ “I am not Christian” ဟူသော အူကြောင်ကြောင် နိုင်သော အပြုအမူမျိုးကိုဆင်ခြင်ပါ။ ဘာသာလူမျိုးခြားတို့မိမိတို့နိုင်ငံတွင်နှစ်ကူးသင်္ကြံန်ချိန်ခါတွင် အတူပါဝင် ဆင်နွှဲနိုင်ကြလျင် ကိုယ်ကကော အထက်ကဆိုခဲ့သည့်၊ ပဋိသန္ဓာရစကားကိုဆိုရန် နှုတ်အ,နေမည်နည်း။ “လူကြား” ထဲတွင် ”လူကြောင်”မဖြစ်စေရန်သတိပြုကြပါ။
လူတို့၏ကျွမ်းကျင်လိမ္မာရာဗဟုသုတတို့ပျံ့နှံ့စေချင်းကား၊ လူလူချင်းပေါင်းသင်းဆက်ဆံမှုနှင့် ကူညီလိုစိတ်ထက် သန်မှုအပေါ်များစွာတည်နေပေသည်။ တတ်နိုင်သူ၊ နားလည်သူတို့ကကျွမ်းကျင်ရာကဏ္ဍအလိုက်ဖေါက်သယ် ချနိုင်သလောက်၊ အားနည်းချက်များကိုတယောက်နှင့်တယောက်ပံ့ပိုးကူညီနိုင်ကြရပါမည်။ ဤအလုပ်အကိုင်လို အပ်ချက်စိမ်ခေါ်မှုများကို၊ မြန်မာတို့ကမိမိတို့နီးစပ်ရာ၊ တယောက်စကားတယောက်ကြားစနစ်ဖြင့်၊ မိမိနှင့် သိကျွမ်းမှဟူသောအတားအဆီးကိုဘေးချိတ်လျက်၊ မြန်မာကွန်မြူးနတီးအတွင်း အချင်းချင်းကူညီနေကြ သည်ကိုဝမ်းမြောက်ဘွယ်တွေ့ကြရသည်။ ထိုသို့အကူညီရရှိကြသူတို့ကလည်းအလုပ်ခွင်အတွင်း မိမိတို့ကို အကူအညီပေးကြသူများ၏မျက်နှာပျက်ခြင်းကိုရောက်ရှိစေနိုင်မည့် (တနည်း) မိမိတို့မြန်မာများသိက္ခာ ကျစေ နိုင်မည့်အပြုအမူ၊ အပြောအဆို၊ ဆက်ဆံရေးတို့ကိုအထူးအလေးထားရှောင်ကျဉ်ကြရန်လိုအပ်ပါသည်။ ပညာ တတ်ပေါများ၍ငယ်ရွယ်ဖြတ်လတ်ကြသူများကြားတွင်မြန်မာတို့မျက်နှာရနိုင်သောအချက်တခု (တနည်း) အခြား လူမျိုးခြားများအတွင်းငွေပေး၍မရနိုင်သော ဂုဏ်ဒြပ်တခုကား အလုပ်လေးစားမှနှင့်ရိုးသားမှု ဟူသော honesty and loyalty ပင်ဖြစ်ပေသည်။ ဤလက်မထောင်နိုင်သောဂုဏ်ဒြပ်သည်မိမိတို့မြန်မာတို့၏ အဓိကရောင်းကုန် ပင်မဟုတ်ပါလား။
အရေးကြီးတကာ့အကြီးဆုံးကား စာဖတ်ပရိသတ်မြန်မာတို့ ကျန်းမာနေထိုင်တတ်ကြရန်ပင်။ ကျန်းမာခြင်း ကြောင့်အလုပ်လုပ်နိုင်ကြသလို၊ အလုပ်ကပေးသောကျန်မာရေးခံစားခွင့်အာမခံနှင့်အခြားအခြားသော၊ ခံစားခွင့်ကြီးများကား မိမိတို့မြန်မာများအတွက် အသက်တမျှအရေးကြီးသည်မဟုတ်ပါလား။
ဤဆောင်းပါးတွဲသည်၊ မြန်မာပြည်တွင်မွေးဖွားကြီးပြင်းပြီးမှ၊ အမေရိကား (သို့မဟုတ်) ပြည်ပသို့ပြောင်းရွှေ့ အခြေချသူမြန်မာလူလတ်/လူကြီးပိုင်းတို့ကိုရည်ညွှန်းရေးသားသည် ဟူသောအချက်ကို၊ စာဖတ်သူတို့နားလည် သဘောပေါက်ကြမည်ဟုယူဆမိပါသည်။ လုပ်ခွင်ပျော်မြန်မာများဖြစ်စေရေး နှင့် အမေရိကရောက်မြန်မာတို့၏ လူနေမှုဘ၀ကအခြေခိုင်စေရန်၊ မြင့်မားနိုင်သမျှမြင့်မားစေရန်အသိပညာများ၊ တတ်နိုင်သမျှဖြန့်ဖြူးပေးနေသော ဤ “မြန်မာဂဇက်”ကြီးမှလည်း ကလောင်တာဝန်ကိုထမ်းနေဆဲဆက်လက်ထမ်းရွက်နေဦးမည်သာဖြစ်ပါ ကြောင်း။

No comments:

Post a Comment