Wednesday, August 26, 2015

ရှေ့နေအားကိုးသော ပြည်ပရောက်မြန်မာများအကြောင်း

ပြစ်မှု၊ တရားမမှုမှစ၍ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခြင်းအပါအ၀င်၊ လုပ်ခွင်ကိစ္စများအထိရှေ့နေရှေ့ရပ်များကို အားကိုးလိုကြခြင်းသည်မြန်မာတို့၏မရိုးနိုင်သောလေ့အထတခုဖြစ်နေပါသည်။ ရုံးပြင်ကန္နားကိုမြန်မာတို့ ကြောက်ရွံ့ကြခြင်းမှာ၊ ရန်သူမျိုး(၅)ပါးတွင်အပါအ၀င်ဖြစ်သော အစိုးရမင်းတို့၏ရှုတ်ထွေးပွေလီသောဥပဒေသ ကိုမရင်ဆိုင်လိုကြခြင်း(၀ါ)ကြောက်ရွံ့ကြခြင်းအကြောင်းအရင်းခံကြောင့်ဖြစ်ပေသည်။
လက်ရှိမြန်မာနိုင်ငံအစိုးရက ပွင့်လင်းမြင်သာသောအစိုးရလုပ်ထုံးလုပ်နည်းကိုစတင်အသုံးပြုနေပါပြီ ဟုမည်သို့ ပင်ဝါဒဖြန်နေသော်လည်း၊ အဂတိလိုက်စားမှုကိုတိုက်ဖျက်မည်ဟု ကတိက၀တ်ပြုနေပါသော်လည်း၊ ရှင်းလင်း ပြတ်သားသောလုပ်နည်းလမ်းညွှန်ချက်မရှိသေးခြင်း၊ လာဘ်ပေးလာဘ်ယူမှုဆက်လည်တည်ရှိနေခြင်းတို့ကို၊ ရှေ့နေရှေ့ရပ်သာမက၊ “အဆက်အသွယ်”တည်းဟူသော ပွဲစားအမည်မခံယုံတမယ်၊ ကြားခံပုဂ္ဂိုလ်တို့၏ ၀င် ရောက်ဆောင်ရွက်အကြိုးဆောင်နိုင်မှုမရှိဘဲနှင့်၊ မည်သည့်ကိစ္စမျှမပြီးစီးနိုင်ဆိုသည်ကားထင်ရှားလျက်ရှိသည်။
ဤနေရာတွင် ရှေ့နေဆိုသောစကားအပြင် အဆက်အသွယ်ဟူသော connections များ၏အခန်းကဏ္ဍကလည်း လွန်စွာအရေးပါအရာရောက်လှပါ၏။ အမှုအခင်းတခုတွင်ကိုင်တွယ်ရသော ပြည်သူ့ရဲတပ်ဖွဲ့၊ တရားရေးဆိုင်ရာ စာရေးကလေးမှအစတရားသူကြီးအဆင့်အထိကို၊ အဆက်အသွယ်ရှာကြံကြ၍၊ မိမိတို့အမှုအခင်းကြီးရာမှ ငယ်ကြောင်း၊ ငယ်ရာမှ ဖြစ်နိုင်လျင်ကွင်းလုံးကျွတ်လွတ်မြောက်စေကြောင်းကို အကျိုးဆောင်ပေးကြသော၊ လမ်းကြောင်းတွင်၊ ရှေ့နေတစ်ဦး၏လျှောက်လဲမှုဆိုင်ရာအတွေ့အကြုံများထက်၊ ဆိုင်ရာတရားရုံးအပေါ် ဆက် သွယ်ဖြေရှင်းပေးနိုင်မှုက၊ အဆများစွာသာလို့ပင်အရေးကြီးနေကြောင်း၊ လက်ရှိမြန်မာအစိုးရလုပ်နည်းလုပ် ဟန်တွင်အတိုင်းသားမြင်နေရသည်။
ခေတ်အဆက်ဆက်အုပ်ချုပ်သူအစိုးရက၊ အုပ်ချုပ်ခံအများလူထုအပေါ်နိုင်ချင်တိုင်းနိုင်ခွင့်ရခဲ့သော၊ ရနေသော စနစ် များကြောင့်၊ မတရားမှုမှန်သမျှကိုခါးဆီးခံနေကြသူတို့ကား၊ ဤမတရားမှုဟူသောခါးသီးသည့်အတွေ့အကြုံ ကို ယဉ်ပါးနေကြပြီဟုဆိုရလျင်၊ လွန်မည်မထင်။ “ငါတို့တသက်လုံး အနစ်နာခံကြရတာဘဲ” ဟူသောဖြေသိမ့်လို စိတ်ဝင်ရန်မြန်မာတို့ဝန်မလေးကြတော့။
ဖျောက်ဖျက်ခြင်းငှာလွန်စွာခက်ခဲလှပါသော၊ ဤဓလေ့ထုံးတမ်းကြီးကိုမြန်မာတို့၊ ပြည်ပနိုင်ငံအသီးသီးသို့၊ အရောက်ပါအောင်ခေါ်ဆောင်လာကြသည်ကို၊ စိတ်မချမ်းမွေ့ဘွယ်တွေ့နေရပါသည်။ အမေရိကလိုဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွင်၊ ရှေ့နေရှေ့ရပ်တို့ကို၊ မြန်မာနိုင်ငံတွင်ကျန်ရစ်ခဲ့ကြသော၊ မိမိတို့အားကိုးလောက်ဘွယ် ရှေ့နေများသဖွယ်ထင်မြင်ယူဆခြင်းက၊ ဒုတိယမ္ပိမဟာအမှားကြီးတခုဖြစ်ပြန်လေပြီ။
ဥပမာတခုဆောင်ပါအံ့။ မောင်မိုးညို၏မိတ်ဆွေကြီး (မြန်မာပြည်တွင်အစိုးရအရာရှိမင်းစာရင်းဝင်တစ်ဦးဖြစ်ခဲ့ ဘူးသော) “ကိုမြန်မာ” သည်အလုပ်မှအပြန်ကားမောင်းလာသောတနေ့တွင်၊ မထင်မှတ်ဘဲယာဉ်တိုက်မှု
ဖြစ်ပွားခဲ့ ပါသည်။ အခင်းဖြစ်စဉ်လူတို့၏ဘာဝအထတ်တလန့်ဖြစ်ပြီး၊ မိမိမှတ်သားခဲ့သောတဖက်ယာဉ် ပိုင်ရှင်အကြောင်း အရာကိစ္စအားလုံးတို့ဘယ်လောက်အထိမှတ်သားထားခဲ့သည် ဟူသည်ကိုဆန်းစစ်လေ့လာ ခြင်းအလျင်း မပြုနိုင်ဘဲ၊ အိမ်သို့ဖုံးဆက်ယင်းဇနီးကိုနားလည်မည်ဟုယူဆရသူတစ်ဦးထံမေးမြန်း ထားရန် ကြိုတင်အကြောင်း ကြားခဲ့ပါသည်။ မိမိ၏ပျက်စီးသွားသောကားကို ရဲမှစွန့်ပစ်နေရာသို့ပို့ဆောင်ပေးပြီး မြင်ကွင်းမှပျောက်သွား ပါသည်။ တဖက်ယာဉ်တိုက်သူကိုရဲက ticket ဟုယူဆရသောစာရွက်တခုပေးလိုက် သည်ကိုတော့မှတ်မှတ်ရရ၊ သတိထားမိလိုက်သည်။ မိမိကိုရောဘာကြောင့်စာရွက်မပေးသလဲဟုစောဒက တက်သော်လည်း၊ မိမိကိုမနားမလည်သလိုကြည့်လိုက်သောရဲ၏မျက်နှာ နှင့်မိမိအားပြောလိုက်သောစကား ကိုနားမလည်တ၀က်၊ လည်တ၀က် နှင့်အိမ်ပြန်ရောက်လာပါသည်။ အိမ်ဝတွင်ဆီးကြိုနေသောဇနီးဖြစ်သူ၏ စကားကား၊ အစစနားလည်ကျွမ်းဝင်သူ မိတ်ဆွေကြီး၏အကြံပြုချက်ကား၊ “ရှေ့နေငှားရမည်” ဟူဆိုသတတ်။ ထိုမိတ်ဆွေကြီး၏ထပ်ဆင့်လမ်းညွှန်ချက် ကားမိမိတွင်ယာဉ်တိုက်မှုကြောင့်ထိခိုက်နာကျဉ်သောဝေဒနာခံစား နေရကြောင်းအသိပေးရန်လိုကြောင်းပြော လိုက်သေးသည်။ မိမိအာမခံကုမ္ပဏီသို့ပင်အချိန်နှောင်းမှ ဖုံးဆက်၍ အကြောင်းကြားရသည်။ စိတ်မချသဖြင့်၊ မိမိအာမခံဝယ်ယူရာရုံးရှိမြန်မာစကားပြောတတ်သူစာရေးမလေး ထံဖုံးဆက်ရာ၊ ရှေ့နေငှားချင်လျင်လည်း ငှားနိုင်ကြောင်း၊သူမကပြောသည်ကိုအံ့အားသင့်ဘွယ်တွေ့ရသည်။ အမှုဖြစ်စဉ်ကိုလေ့လာရာတွင်၊ ကိုမြန်မာ ဘက်ကအမှန်ဖြစ်လျက်တဖက်ယာဉ်မောင်းကလမ်းစည်းကမ်းဖေါက် ဖျက်၍ယာဉ်တိုက်မှုဖြစ်ရခြင်းကြောင်း အမှုအသွားအလာကားရှင်းလင်းပြီးသားဖြစ်သည်။ သို့သော်ရှေ့နေပါဝင် လာသောဤကိစ္စတွင်အမှုအခင်းက မကြာသင့်ဘဲကြာသွားသည်မှာနှစ်ပေါက်ပင်ဟုဆိုကြပါစို့။ ဤအမေရိက နိုင်ငံရှိရှေ့နေတို့၏လုပ်နည်းလုပ်ဟန် ကား၊ စာအသွားအလာနှင့်သာအမှုရင်ဆိုင်ခြင်းဖြစ်သည်ကို ကိုမြန်မာ မသိရှာပါ။ မိမိအမှုအဘယ့်ကြောင့်အမှု ရှည်ကြာပြီး၊ မဆုံးနိုင်သော/နားလည်ရခက်လှစွာသော စာတိုစာ ရှည်တို့ရောက်ရှိလာခြင်းကို ကိုမြန်မာ သည်းမခံနိုင်တော့။ လူမောယုံမက၊ စိတ်လည်းမောရပြီ။ အမှုအပြီး မသတ်မချင်း မိမိရှေ့နေကလည်း၊ အမှုနိုင်ခြေကို အပြီးအပြတ်မပြော်ချင်းတို့ကြောင့်၊ “နှစ်ဖက်ခွစားနေသော ရှေ့နေလား” ဟုဗမာတွေးတွေးသော သံသယစိတ်များကြီးစိုး လာသည်။ လက်လှမ်းမှီရာတို့ကလည်း၊ ရှေ့နေပြောင်းကြည့်ပါလားဟူသော၊ လက်လွတ်စပယ်စကားကိုဆိုသူကဆိုကြသည်။ ဘယ်ရှေ့နေက ကောင်းလဲဟုအမေးရှိသည်ဆိုပါစို.။ အဖြေကား သတင်းစာ/အင်တာနက်တွင်ရှာကြည့်ပါလားဟုထပ်ဆင့် ကွန့်ကြသေး၏။ အံ့ဘွယ်ကောင်းသောမိတ်ဆွေစစ်ကြီး များပါပေ။
ဤသို့သောအမှုအခင်းမျိုးအပါအ၀င်၊ ရှေ့နေခေါ်”အကျိုးဆောင်များ” ကဆောင်ရွက်ပေးကြသောအခြားကိစ္စများ စွာကိုအမေရိကတွင်မြင်တွေ့ရသည်။ အိမ်အရောင်းအ၀ယ်၊ တရားမမှု၊ နိုင်ငံသားပြုမှု၊ ဖြစ်မှု၊ အာမခံဆောင် ကျဉ်းပေးမှု၊ သေတမ်းစာအပါအ၀င်၊ စီးပွားရေးဆိုင်ရာအပြောင်းအလဲကိစ္စများ၊ ရေစစ်စ်ထရီခေါ်ထောက်ခံစာ၊ ဘာသာပြန်ဆိုမှု၊ အခွန်ကြေငြာလွှာတင်သွင်းမှု၊ အစိုးရမှတ်ပုံတင်ခြင်း၊ အမည်ပြောင်းလဲခြင်းဆိုင်ရာ၊ အငြင်းပွား မှု၊ လက်ထပ်/ကွာရှင်းမှု၊ အမွေဆက်ခံမှု၊ ခွဲဝေမှု၊ မသန်မစွန်းမှု ကိစ္စဟူသဖြင့်များမြောင်လှစွာသော နယ်ပယ်တို့ တွင်ရှေ့နေ အကျိုးဆောင်များကတာဝန်ယူလုပ်ပေးကြသည်။ သို့သော်၊ ဆိုခဲ့သည့်အတိုင်း၊ ဤရှေ့နေများသည်
မိမိကိစ္စ ကိုစာရွက်စာတမ်းဖြည့်သွင်းပြီး၊ စာပေးစာယူစနစ်ဖြင့်သာသက်ဆိုင်ရာသို့တင်သွင်းခြင်း၊ စာပေးစာယူပြု လုပ်ခြင်းသာဖြစ်ပြီး၊ တရားရုံးတွင်လူကိုယ်တိုင်ရင်ဆိုင်ရမည့်ကိစ္စတွင်မူ ကြေးငွေထပ်မံပေးရန်လိုအပ် နိုင် ကြောင်း၊ သိထားရန်လိုသည်။
နောက်တချက်ကား အစိုးရနှင့်ပါတ်သက်၍လျှောက်ထားကြသောကိစ္စရပ်များတွင် လျှော့ဈေး (ခေါ်) Discount မရှိဆိုသည့်အချက်ကိုပင်။ အနည်းအပါးနားလည်ကြသူမိတ်ဆွေမြန်မာများကလည်း ဤကိစ္စများဆောင်ကျဉ်း ပေးကြရာတွင်၊ မိမိအိတ်ထဲအပါထဲ့နိုင်မည့်အကွက်အကွင်းအတွက်လက်မနှေးကြသည်ကိုမယုံနိုင်ဘွယ်တွေ့ရ ပြန်သည်။ ဇာတ်တူသားစားကြသူတွေဖြစ်မှန်းမသိဖြစ်နေကြရော့ထင်။ ၀င်ငွေချို့တဲ့သူများကိုအစိုးရကအခမဲ့ လျှောက်ထားခွင့်ပေးသည့်ကိစ္စတွင်၊ အစိုးရကလျှော့ယူပေးသည်ဟုအကြောင်းပြလျက်၊ တဖက်လှည့်နှင့် ကိုယ့်အိပ်ထဲထဲ့ကြသည်။ လက်မနှေးကြသော မြန်မာအကျိုးဆောင်များပါပေ။
ရှေ့နေငှားမည်ဆိုပါက ကြိုတင်မေးသင့်သောမေးခွန်းများ -
(၁) မိမိထိခိုက်နစ်နာမှု/ရလိုမှုကိစ္စဟူသောကိစ္စရပ်ကြီးတစ်ခုလုံးကို၊ အစ၊ အလယ်၊ အဆုံးလိုက်ပါနိုင်ခြင်းရှိမရှိ၊
(၂) မိမိအမှုနိုင်နိုင်ခြေရှိမရှိ၊
(၃) မနိုင်ခဲ့သော် ဖြစ်လာနိုင်မည့်အကျိုးဆက်၊
(၄) အထက်ရုံးသို့ကြားနာစစ်ဆေးခြင်းတက်ရန်လိုနိုင်သောအခြေအနေရှိမရှိ၊
(၅) မိမိအိပ်စိုက်ငွေအလုံးစုံပမာဏအတိုင်းအတာဘယ်မျှလောက်ရှိနိုင်မည်။
(၆) မိမိတရားနိုင်ပါက၊ မိမိခံစားခွင့်ထဲမှဘယ်လောက်သောအတိုင်းအတာ% ကိုရှေ့နေအားပေးရန်လိုအပ်ခြင်း၊
(၇) “အခမဲ့” ဟုဆိုပါကလည်းမည်မျှအတိုင်းအတာအထိအခမဲ့လည်း ဆိုသည်ကိုရှင်းလင်းပြရန်လိုသည်။
အစိုးရကိစ္စနှင့်ပါတ်သက်သောကိစ္စရပ်အားလုံးလိုလိုကို၊ ယနေ့ခေတ်တွင် အင်တာနက် တရားဝင် စာမျက်နှာ တွင်မည်သူမဆိုဝင်ရောက်လေ့လာနိုင်သောခေတ်သို့ရောက်ပါသည်။ မည်သည့်ကိစ္စမဆို ယင်းအင်တာနက် (တရားဝင်ဖြစ်ရန်တော့လိုပါသည်) တွင်အရင်ဝင်ရောက်ကြည့်ရှုပြီးမှ၊ ရှေ့နေငှားရမ်းရန်သင့်မသင့်စဉ်းစားသင့် သည်။ အစိုးရဌာနကြီးများ၏အင်တာနက်စာမျက်နှာများတွင်ဖေါ်ပြထားသောလိုက်နာရမည့်လမ်းညွှန်ချက် များသည်၊ အများသူငါနားလည်အောင်ရှင်းလင်းထားခြင်းဖြစ်သဖြင့်၊ နားလည်ရန်မခက်ခဲလှပါ။
ဥပမာပေးနိုင်သောကိစ္စရပ်များကား -
- Green card, citizenship and immigration petition processes
- Annual credit report request every 12 months
- Insurances
- Federal & State business filing
- Tax filing (အိမ်ပိုင်ဆိုင်မှုမရှိပါက)
- Simple will, asset management
တိုးတက်လာသောအင်တာနက်ခေတ်ကြီးတွင်၊ မိမိတို့ကိုယ်တိုင်လျှောက်ထားခြင်း၊ လျှောက်ထားသောကိစ္စရပ် တခု၏တိုးတက်ပြောင်းလဲမှုအခြေအနေ (status)ကိုစစ်ဆေးခြင်း၊ စသည်တို့သည် အချိန်ကုန်သက်သာ၍ တွင်ကျယ်လှသောလုပ်နည်းလုပ်ဟန်များဖြစ်လာပါသည်။
အချုပ်ဆိုရသော် - “ဒီကိစ္စရှေ့နေငှားမှဖြစ်မယ်” ဟူသောအဖြေကို၊ မိမိနှင့်မိမိ မိသားစုအတွက်လွယ်လွယ် အဆုံးဖြတ်ပေးရန်ခက်ခဲသလို၊ တပါးသူအား လွယ်လွယ်အဖြေပေးသောအဖြစ်မျိုးကို၊ ပြည်ပရောက်မြန်မာ အချင်းချင်းတို့ ရှောင်ရှားကြရန်လိုပါသည်ဟူ၍သာတိုက်တွန်းလိုက်ရပါကြောင်း။

No comments:

Post a Comment