Tuesday, November 24, 2015

ရွေးကောက်ပွဲအလွန် မြန်မာ

ပြီးခဲ့သောနိုဝင်ဘာ (၈)ရက် နိုင်ငံတကာ၏စိတ်ဝင်တစားစောင့်ကြည့်လေ့မှုများစွာကြားမှ၊ လွတ်လပ်မှုအရှိဆုံးဟုယူဆဘွယ်ရှိသည့် အထွေထွေရွေးကောက်ပွဲကြီး မြန်မာနိုင်ငံတလွှား ကျင်းပပြီးစီးခဲ့ပါသည်။ ရွေးကောက်ပွဲတို့၏ဖြစ်လေ့ရှိသော၊ မဲရေတွက်ပုံမရိုးသားမှုအနည်းငယ် ရှိသည်မှအပ၊ အဓိကအတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးနှင့်တိုင်းရင်းသားပါတီ များက၊ရွေးကောက်ပွဲအနိုင်အရှုံးရလာဒ်ကိုလက်ခံနိုင်ကြကြောင်းဝမ်းမြောက်ဘွယ် တွေ့ရှိရ ပါသည်။ နိုင်ငံတကာနှင့်လူထုတစ်ရပ်လုံးက ရင်တထိပ်ထိပ်နှင့်စောင့်ကြည့်နေသော ကြိုတင်မဲ များကိစ္စကိုမဲဆန္ဒနယ်အချို့တွင်တွေ့ရသည်ဟုဆိုသည်။ သေခြာသည်ကား မဲအပြတ် အသတ် နှင့်အောင်နိုင်သွားသောအတိုက်အခံပါတီကြီး၏အနာဂါတ်နိုင်ငံရေးစီမံခွင့်မျက်နှာစာသစ်တွင်၊ ဤမဲမရိုးသားမှုသည် အမှန်တကယ်ဖြစ်ခဲ့ရိုးမှန်လျင် (ထိုမရိုးသားမှုကိုခုခံကာကွယ် နိုင်ခြင်းမရှိ ခဲ့လျင်) ထိုအရွေးကောက်ခံအမတ်မင်းများ အနေဖြင့် သက်ဇိုးရှည်ရန် များစွာခက်ခဲ သွားပါ လိမ့်မည်။
များစွာသောနိုင်ငံရေးလေ့လာသုံးသပ်သူများ၏မှတ်ချက်တခုကား၊ လူတန်းစေ့နေနိုင်၍သာယာ ၀ပြောသောမိသားစုလူနေမှုစနစ်ကိုရောက်နိုင်ရေးမှာ၊ ယခုအောင်နိုင်မှုက “အဦးဆုံးသော အစ” သာဖြစ်သည်ဆိုသောအချက်ကိုပင်။ ကဏ္ဍအသီးသီး၏မြန်မာ့အနာဂါတ်ဖန်တီးပုံရိပ်ချယ် နိုင်မှုကို လေ့လာကြပါစို့။
အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူထုအုပ်ချုပ်ရေးစနစ်နားလည်ကျွမ်းဝင်သောပါတီဝင်ပညာရှင်ချို့တဲ့ရုံမက၊ ရှိရင်းစွဲပါတီဝင်အ တော်များများမှာလည်းခေတ်ရေစီးကြောင်းနှင့်ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သူအတော်နည်းပါးသည်မို့၊ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးတွင်စိမ်ခေါ်ခံရမှုများမလွဲမသွေကြုံတွေ့ရပေမည်။ အထူး သဖြင့် လက်ရှိဌာနဆိုင်ရာထိပ်ပိုင်းအုပ်ချုပ်သူ ညွှန်ကြားရေးမှူးချုပ်/ဦးဆောင်ညွှန်ကြား ရေးမှူး များနှင့်များစွာတစိမ်းဆံနေသေးသောဆက်ဆံရေးအနေအထားက၊ ပေါ်လစီပိုင်းဆိုင်ရာ ချမှတ် မှုများတွင်လွဲချော်မှုများ၊ အဆင်မပြေမှုများကြိမ်းသေပေါက်ပေါ်ပေါက်နိုင်ပေသည်။ ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်အား၊ လုပ်ငန်ဆိုင်ရာအကြံပြုနိုင်သော နိုင်ငံတကာထိပ် ထိပ် ကြဲပညာရှင်မြောက်များလှစွာတို့ဝန်းရံနေသော်လည်း၊ ထိုနိုင်ငံခြားသား(နှင့်မြန်မာ နိုင်ငံသား ပြည်ပပညာရှင်များအပါအ၀င်) ပညာရှင်များ ၏ ၀န်ထမ်းနှင့်ဌာနဆိုင်ရာလောက တွင်းချင်းနင်း ၀င်ရောက်လာနိုင်မှုအရှိန်အဟုန်ကို၊ လက်ရှိ ရှိရင်းစွဲဌာနဆိုင်ရာတာဝန်ရှိသူတို့က မည်မျှအ တိုင်းအတာအထိသည်းခံနိုင်မည်ဆိုသည့်အချက်အပေါ်မူတည်နေပါသည်။ NLD ပါတီမှတိုက် ရိုက်တာဝန်ယူရသော ပေါ်လစီပိုင်းဆိုင်ရာအကြီးအကဲများကိုယ်တိုင်၊ နားလည်လက်ခံ နိုင်မှု မည်မျှ ရှိနိုင်မည်ဆိုသည်တို့အပေါ်တွင်လည်းအတော်တည်မှီနေပါသည်။ အရွေးကောက်ခံများ အနေဖြင့် မဲဆန္ဒ ရှင်များကမိမိကိုကြိုက်နှစ်သက်သဖြင့်မဲထဲ့ခဲ့သည်ဟု တထစ်ချစိတ်ချယုံ ကြည်ခြင်းမပြုမိကြရန် အရေးအလွန်ကြီးပါသည်။ စစ်ဗိုလ်များအုပ်ချုပ်သောခေတ်ရှည်ကြီးကို
သည်းညီးမခံနိုင်တော့ သောလူထုကြီး၏၊ အတိုက်အခံဘယ်သူဖြစ်ဖြစ်တဖက်ကိုဘဲမဲပေး မည်ဟူသောစိတ်ဓါတ်လွှမ်း မိုးနေသောကာလဖြစ်သည်ကိုသတိရကြဘို့လိုပါသည်။ ဒေါ်စု၏ ဦးဆောင်မှုအောက်သို့ ရောက် လာသူမည်သူမဆိုကိုမျက်စေ့မှိတ်ပြီးလူထုကမဲထဲ့ခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ လက်ရှိလွှတ် တော် များတွင်အမတ်များအဖြစ်အစည်းအဝေးများတက်ရောက် နေကြသူတို့အနေဖြင့်၊ အခွင့် အလမ်း မသာသဖြင့်သော်၎င်း၊ မိမိတို့ကိုယ်တိုင်ကဥပဒေပြုမှု သဘောတရားကိုမကြေညက် သေးသောကြောင့်သော်၎င်း၊ လူထုအတွက်တိုက်ရိုက်အကြိုး ပြုသောဥပဒေတင်သွင်း ခြင်းများ ပြုလုပ်နိုင်ခြင်းမရှိသေးပါ။ “ကိုယ်စားပြုခြင်း”၏အနှစ်သာရ နှင့်အဂတိ/အလွဲသုံးစားမှုကင်းရှင်း နိုင်ရေး မှတ်ကျောက်အတင်ခံနိုင်ကြရန်လိုအပ်ပါသည်။ မဲရှုံးသောအာဏာရသို့မဟုတ်အခြား ပါတီတို့၏ ၀န်ခံအသိမှတ်ပြုမှုကိုလေးစားဂရုပြုခြင်း၊ လက်တွဲခေါ်ဆောင်ခြင်းပြုကြရန်လိုသည်။ ရာထူးမှ အလိုက်သိစွာဆင်းပေးသူအစိုးရအဖွဲ့ဝင် များနှင့်လက်အောက်ဝန်ထမ်းများ၏၊ အခြေအနေကို ကောင်းစွာစာနာစိတ်ထားရန်နှင့်၊ နောင်တချိန်မိမိ၏အလှည့်တွင်ဤနမူနာကို အတုယူနိုင် ကြရန်၊ ခုကတည်းကစိတ်မွေးကြ ဘို့လိုပါသည်။ မိမိအစိုးရတာဝန်ယူချိန်တွင်လူထု အပေါ်တွင် ၀န်ထုပ်ဝန်ပိုးမရှိနိုင်စေရေးနှင့်၊ မည်သည့်ကိစ္စမဆိုဝင်ရောက်ပါဝင်ခြင်း၊ အစိုးရလုပ် ငန်းကိုစီး ပွားရေးလုပ်ငန်းသဖွယ်ကိုယ် တိုင်ပါဝင်စီမံခြင်းစသည်တို့ကိုရှောင်ရှားမိကြ ရန်လို သည်။
ပါတီတွင်း(၁၉၈၈)မှစတင်၍မိမိကိုယ်တိုင်ဆင်းရဲဒုက္ခခံကြရခဲ့ယုံမက၊ မိသားစုပါအပြုံလိုက် ဒုက္ခရောက်ကြသူအနစ်နာခံများစွာတို့သည်၊ လက်ရှိရွေးကောက်ပွဲတွင်အကြောင်း အမျိုးမျိုး ကြောင့်ပါဝင်ခွင့်မရကြဘဲ၊ လမ်းဘေးရောက်ကြသူတွေဒုနှင့်ဒေးရှိနေကြသည်။ ထိုသူတို့၏ အခွင့်အလမ်းတောင်းခံလာမှုများ၊ မကြေနပ်မှုများရှိလာနိုင်ဘွယ်အခြေအနေများရှိနေပါသည်။ မည်သည့်နိုင်ငံရေးလောကတွင်မဆိုမြင်ရလေ့ရှိသောအတိုက်အခံဆိုသည့်သဘောအရ မိမိ တို့၏မကြေနပ်မှု၊ မနာလိုမှုအပေါ်အခြေခံ၍ပေါ်ပေါက်လာသောဆန့်ကျင်လိုသော စိတ်ဓါတ် မျိုးကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်တိုင်းတွင်မလွဲမသွေတွေ့နေရသည်။ ယခုအချိန်ခါသည်၊ တစ်နိုင်ငံ လုံးရင်ကြားစေ့၍ငြိမ်းချမ်းစွာအတူယှဉ်တွဲနိုင်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ဟုဆိုနိုင် သောလူ့အခြေခံအခွင့်အလမ်းများဖန်တီးရေးနှင့်အခြေခံအုတ်မြစ်ခိုင်ခိုင်ခံ့ခံ့တည် ဆောက်နိုင် ရေးပင်ဖြစ်သည်။ “အမျိုးသားရေး” ဟုကြွေးကြော်ရမည့် ခေတ်မဟုတ်တော့ပြီ။ နိုင်ငံချစ်စိတ် ရှိပါသည်ဟုတဖွဖွပြောနေရမည့်အချိန်မဟုတ်တော့။ ခေါင်းဆောင်ဖြစ်သောဒေါ် အောင်ဆန်း စုကြည်၏အရည်အသွေးကိုနိုင်ငံတကာကကောင်းကောင်းကြီးလက်ခံထားသလို၊ လူထုတစ် ရပ်လုံးကလည်းဝကွက်အပ်ထားသည်မှာထင်ရှားလှချေပြီ။ သို့သော်လည်း ပါတီကြီး၏ အရည် အသွေးပြည့်ခေါင်းဆောင်ကောင်းများ၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်း နိုင်သော ခေါင်းဆောင် ပညာရှင်များလိုအပ်နေမှုကို လူထုကရိပ်မိပုံပေါ်သည်။ ဤလိုအပ် ချက်ကိုစိုးရိမ်တကြီးစောင့် ကြည့်နေကြသည်။ နိုင်ငံတခုလုံး၏ပဲ့ကိုင်မည့်အခန်းကဏ္ဍတွင် နိုင်ငံချစ်ပါသည် ဟူသောကြွေး ကြော်ချက်တခုတည်းဖြစ်စခန်းသွား၍မရတော့သည်ကား အထင်အရှားပင်။ ကိုယ့်တပ်ကိုယ်နိုင်အောင်ထိန်းနိုင်သော၊ လူထုကစိတ်နှလုံးဒုံးဒုံးချနိုင်သော အုပ်ချုပ်နိုင်သော
စွမ်းပကားကိုလူထုကမျှော်လင့်နေပေပြီ။ လွှတ်တော်ကုလားထိုင်ကိုမျက်စေ့ကျ၍အခွင့်အရေးရပေါက်ရလမ်းကိုသာမြင်တတ်သော၊ ထင်ပေါ်ကျော်ကြားမှုကိုသာအလေးထားသော အမတ် မင်းများအဖြစ်လူထုကမမြင်လိုတော့ သည်မှာထင်ရှားသည်။ မိမိအနိုင်ရပြီဆိုသည်နှင့်တက်မထောင်လိုသော၊ ပလွှားလိုသောစိတ်၊ မိမိတို့နစ်နာခဲ့သော၊ လက်စားချေလိုသောစိတ်တို့ကိုအပြီးတိုင်သင်ပုန်းချေနိုင်သော အလေ့အ ကျင့်များယခု ကတည်းကမွေးမြူကြဘို့လိုလာပါပြီ။ ပညာတတ်အမတ်များကိုနေရာပေးနိုင်ရေး အတွက် သက်ကြားအိုနိုင်ငံရေးသမားများကလမ်းဖယ်ပေးရမည့်အချိန်ဆိုက်ပေပြီ။
လက်ရှိအာဏာရဦးသိန်းစိန်အစိုးရ
အတိုက်အခံပါတီNLD ၏ပွဲဆက်အောင်မြင်မှုကိုကြိုတင်ခန်းမှန်းမိခြင်းရှိမရှိကိုအာဏာရအစိုးရ မှမည်မျှအထိရိပ်မိခြင်းရှိမရှိကိုယနေ့အထိမသိရသေးပေ။ (၁၉၉၀)ခုနှစ်ရွေးကောက်ပွဲတွင်အ ပြတ်အသတ်အနိုင်ရသောယင်းပါတီ၏အောင်နိုင်မှုကို ထိုစဉ်စစ်အစိုးရကကြိုတင်တွက်ဆခဲ့ ခြင်းမရှိသည်ကတော့သေခြာထင်ရှားလှပေသည်။ သို့အတွက်ကြောင့် စစ်အစိုးရ၏တချက် လွှတ်အမိန့်ဖြင့်အာဏာလွှဲရန်ကိစ္စပါယ်ဖျက်ခြင်းအပါအ၀င် အနိုင်ရအတိုက်ခံများစွာတို့ကို အကျဉ်းချခြင်းစသည်တို့ကိုဇောက်ချလုပ်ခဲ့ခြင်းများဖြင့်၊ နှိမ်နင်းခဲ့သောသာဓကရှိခဲ့သည်။ ထို သာဓကကိုပြည်သူတစ်ရပ်လုံးသာမက၊ နိုင်ငံတကာကခုတစ်ချိန်တွင်စိုးရိမ်ပူပန်မှုများရှိခဲ့ သည်။ သမ္မတနှင့်တပ်မတော်အကြီးအကဲ၏ ရွေးကောက်ပွဲရလာဒ်ကိုလေးစားအသိအမှတ်ပြု မည်ဟူသောတရားဝင်ဖေါ်ပြချက်များမီဒီယာများတွင်ပလူပျံအောင်ထည့်သွင်းနေသော်လည်း၊ သံသယစိတ်များပပျောက်ခြင်းမရှိသေးကြောင်းတွေ့ရသည်။ ယနေ့တွင်ပင်ရန်ကုန်အခြေစိုက်အမေရိက၊ ဂျပန်နှင့်ဥရောပသံအမတ်ကြီးများကအစိုးရအဖွဲ့ အကြီးအကဲများနှင့်ကာကွယ်ရေးဦးစီးချုပ်တို့ထံသွားရောက်တွေ့ဆုံရင်းမျက်ရိပ်မျက်ကဲလေ့ လာကြပြီဆိုသည်ကိုအထင်အရှားမြင်ကြရပြီ။ အာဏာရပါတီတွင်းစစ်တပ်နှင့် အစိုးရအသိုင်း အ၀န်းအကြားရရှိနေသောအခွင့်ထူးခံစားနေရမှုများကိုခ၀ါချရမည်ကိုစိုးရိမ်ပူပန်မှုများရှိလာနိုင်သည်။ ဤအတွက်အထွက်ခက်သော ရာထူးလျှောဘ၀သို့ရောက်ကြရမည်ကို မလိုလားကြ။ ယင်းအတွက်သင့်တင့်သောအစီအမံအကာအကွယ်များရှာဖွေရင်း၊ အတိုက်အခံ များနေရာယူ လာကြသူတွေနှင့်ပဋိပက္ခမှုများကြိမ်းသေပေါက်ရှိလာနိုင်သည်။ ယနေ့ပင်လျင် သမ္မတဦးသိန်း စိန်မှအမေရိကသမ္မတဘာရက်အိုဘားမားနှင့်တိုက်ရိုက်ဖုံးစကားတွင်၊ အနိုင်ရပါတီအားချော မွေ့သောအာဏာလွှဲပြောင်းမှုပြုရန်ထပ်ဆင့်ကတိပြုခဲ့ကြောင်းကြားသိရသည်။
အနိုင်ရပါတီမှအစိုးရအုပ်ချုပ်ရေးယန္တရားတွင်နေရာယူလာသောအချိန်တွင်ဌာနဆိုင်ရာအကြီးအကဲအဆင့်ဆင့်တို့က၊စနစ်ဟောင်းကအကျင့်များဖြင့်လက်ဆော်တံစိုးပေးခြင်း၊ စိစစ်ခြင်း မရှိသောအကြောင်းအချက်တို့ကိုမျက်နှာရလိုခြင်းအကြောင်းပြုလျက်လီဆယ်တင်ပြထောက်ခံ ခြင်းမျိုးတို့ကိုရှောင်ရှားကြရန်လိုသည်။ အထက်ဖားအောက်ဖိကြိုးနီစနစ်ကိုခ၀ါချကြရန် လို သည်။ နိုင်ငံတကာတွင်ကဲ့သို့အစိုးရတဖွဲ့လဲတိုင်းဖြစ်နေကြဖြစ်ရပ်တခုဖြစ်သည့်၊ အစိုးရအဖွဲ့
ဝင်လက်အောက်ခံအစေအပါးအပါးများ၊ ၀န်ထမ်းနှင့်သက်ဆိုင်ကြသူများအားယခုအချိန်တွင်၊ အပြေးအလွှားနေရာများချခြင်း၊ ပြောင်းရွှေ့ခြင်း များပြုလုပ်နေချိန်ဖြစ်သည်။
တပ်မတော်၏နိုင်ငံရေးဦးဆောင်နေမှု
လက်ရှိအခြေခံဥပဒေနှင့်ရောက်ရှိနေသောနိုင်ငံရေးရေစီးကြောင်းက၊ မြန်မာ့နိုင်ငံရေးလောက တွင်စစ်တပ်၏ပါဝင်ပါတ်သက်နေမှုကဆက်လက်သက်ဇိုးရှေနိုင်မည့်အလားအလာကိုတွေ့နေရသည်။ အဆင့်ဆင့်သောလွှတ်တော်များ(၂၅%)သောအမတ်နေရာများတွင်စစ်ဗိုလ်များ၏ အလိုအလျောက်ပါဝင်ခွင့်ရှိနေမှုသာမက၊ သမ္မတဖြစ်နိုင်ခွင့်ကိုတစ်ချက်လွှတ်အာဏာပိုင်စိုး သောတပ်မတော်အကြီးအကဲ၏အခွင့်အာဏာ၊ ပြည်ထောင်စုအစိုးရ၏အဓိကရာထူးများ ဖြစ်သောကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာတာဝန်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏လုံခြုံရေးဆိုင်ရာဝန်ကြီးရာထူးများတွင်လည်းတွင်စစ်ဗိုလ်များသာဆက်လက်ရှိနေနိုင်ခွင့်တို့သည်အခြေခံဥပဒေ၏နိုင်ငံတကာစံနုန်းမကိုက်ညီမှုကိုမီးမောင်းထိုးပြရာရောက်နေသည်။ ကျဆင်းနေသောလူထုယုံကြည်ကိုးစားမှုကိုပြန်လည်အဖတ် ဆယ်နိုင်ရေးမှာတပ်မ တော်အကြီးအကဲအဆင့်ဆင့်တို့၏စိတ်ဓါတ်ရေးရာပိုင်းပြုပြင်ပြောင်းလဲနိုင်မှုအပေါ်များစွာတည်မှီနေပေသည်။ အမေရိကနှင့်ဥရောပနိုင်ငံများမှ စစ်မဟာဗျူဟာဆိုင်ရာကျွမ်းကျင်သောပညာ ရှင်များကယခုအချိန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့်စစ်ဦးစီးတက္ကသိုလ်တို့ တွင်အ ဆင့်မြင့်သောစစ်တပ်အဖြစ်အသွင်ပြောင်းနိုင်ရေးသင်ရိုးညွှန်းတမ်းများကိုဆွေးနွေးပို့ချလျက်ရှိကြောင်းဝမ်းမြောက်ဘွယ်ကြားသိရသည်။
အရေးကြီးသည့်အချက်ကား စစ်တပ်သည်သီးသန့်လူတန်းစား/အခွင့်ထူးခံလူတန်းစားဟူသော စိတ်ဓါတ်ကိုခ၀ါချကြရန်အထူးလိုအပ်သည်။ အရည်အသွေးပြည့်ဝ၍၊ လူထုက”သူရဲကောင်း” သဖွယ်မြင်ဆက်ဆံလာနိုင်မှသာပြည်တွင်းသာမကနိုင်ငံတကာက လေးစားလာမည်ဖြစ်သည်။ တသွေးတသံတမိန့်စနစ်သည်စစ်မြေပြင်တွင်ကောင်းစွာအထောက်အကူပြုသော်လည်း၊ အရပ် ဖက်အုပ်ချုပ်ရေးတွင်အရည်အသွေးပြည့်ဝသောစနစ်ထူထောင်နိုင်မည်မဟုတ်။ လူထုနှင့်တ သားတည်းဖြစ်နိုင်ရေးအတွင်မီဒီယာနှင့်သတင်းလောကတွင်သာရုပ်ပြကောင်းအောင်ဖေါ်ပြနေရသေးသရွေ့၊ စစ်တပ်အပေါ်အမြင်စောင်းမှုများဆက်လက်တည်နေဦးမည်သာ။ အရပ်ဖက်အုပ် ချုပ်ရေးတွင်စစ်ဗိုလ်/သားများဝင်ရောက်၍အချိန်မရွေးထမ်းဆောင်နိုင်သည်ဟူသောမှားယွင်း သောအယူအဆကိုဖျောက်ဖျက်ကြရန်လိုအပ်သည်။ ကိုယ်နှင့်ဆိုင်သောနိုင်ငံကာကွယ်ရေးကို နိုင်ငံအုပ်ချုပ်ရေးနှင့်ရောထွေးမပြစ်ရန်အရေးကြီးသည်။ “နိုင်ငံ့အန္တရာယ်ကိုထိမ်းသိမ်းရန် အလို့ငှာ” ဟူသောဓါတ်ပြားဟောင်းကိုဖွင့်ရတော့မည့်ခေတ်မဟုတ်ပေ။ ထိုနည်းတူ”မြန်မာ့ နိုင်ငံရေးရေစီးကြောင်းသည်အခြားနိုင်ငံများနှင့်မတူ”ဟူသောဆင်ခြေများကိုစွန့်လွှတ်နိုင်သော စစ်ခေါင်းဆောင်များအဖြစ်အသွင်ပြောင်းကြရမည့်ခေတ်သို့ရောက်ပေပြီ။ အဆုံးဆိုရလျင် ဥပ ဒေပြုမှုနှင့်အုပ်ချုပ်မှုယန္တရားများတွင်(၂၅%)ပါဝင်နေမှုကိုမိမိအစီအစဉ်ဖြင့်အဆင့်လိုက်လျှော့ ချသွားရန်အထူးလိုအပ်နေပေပြီ။
လူထုအပါအ၀င်ကျောင်းသားနှင့်သာဿနာဝင်များ
လူထုစိတ်ကြိုက်ရွေးချယ်ထားသောအမတ်များတန်းစီထွက်ပေါ်လာပြီမို့၊ ထိုအမတ်များမည်မျှ အတိုင်းအတာအထိမိမိနယ်မြေကိုကိုယ်စားပြုနိုင်သည်ကိုမျက်ချေမပြတ်ကြရန်လိုပေပြီ။ ထစ် ကနဲရှိဆန္ဒပြရန်မလိုသင့်တော့သောခေတ်ကိုကိုယ်ကတွန်းပို့ထားပြီးပြီမို့၊ ဥပဒေကပေးထား သောလမ်းကြောအတိုင်းမိမိဆန္ဒကိုပြုကြရန်သာရှိသည်။ ၀န်ထမ်းများသည်လည်းပြည်သူတွေမို့မိမိချွေးနည်းစာဖြင့်ရရှိသောဝင်ငွေထဲမှာအခွန်ထမ်းကျေပွန်ကြရန်အရေးတကြီးလိုအပ်လာပြီဖြစ်သည်။ ၀န်ထမ်းများတနေကုန်၍လုပ်ခွင်တွင်အကောင် အထည်ပြစရာတခုမျှမရှိသောခေတ်ကိုပြောင်းလဲကြရန်လိုပေပြီ။ တိုးတက်သောနိုင်ငံတိုင်းတွင် မိနစ်မဆိုင်းလုပ်ခွင်တွင်လုပ်အားပြည့်လုပ်နိုင်သည့်အတွက်မိမိတို့ဘ၀ဖူလုံကြရသည်ကိုအတုယူအားကျကြရန်လိုပေပြီ။ သင့်တင့်သောမိသားစုဘ၀အဆင့်ကိုရရှိရေးမှာလုပ်ခွင်တွင်ဝန်ထမ်း တိုင်းကရေသာခိုလိုစိတ်ကင်းကြရန်လိုပေပြီ။ မိမိတို့ရွေးကောက်တင်မြှောက်ထားသောအစိုးရ အဖွဲ့ နှင့် အမတ်များကိုသာလက်ညှိုးထိုး၍မရတော့ဟူသောအချက်ကိုမြင်အောင်ကြည့်တတ် ကြဘို့လိုပေပြီ။
လူမျိုးရေး/ဘာသာရေးကိုခုတုံးလုပ်ခြင်း၊ လူမျိုးရေး/ဘာသာရေးခွဲခြားမှု၊ ဘာသာရေး၊လူမျိုး ရေး အစွန်းရောက်အယူသီးမှုများသည်၊ မျက်မှောက်တိုးတက်ထွန်းကားသောနိုင်ငံကြီးများတွင် အရာဝင်သောကိစ္စများမဟုတ်တော့။ နိုင်ငံ၏ဦးတည်ရာလမ်းကြောင်းသည် ကမ္ဘာနှင့်ရင် ဘောင်တန်းနိုင်သော၊ နိုင်ငံတကာတွင်လူဝင်ဆန့်သောအဆင့်သို့ချီတက်နေချိန်မို့ယင်းသေး သိမ်သောအတွေးအမြင်များရှိနေသေးသရွေ့၊ မိမိအိမ်နီးချင်းဒေသတွင်းပင်အထင်သေးခံ နေရဦးမည်ဖြစ်သည်။။ သာဿနာဝင်ရဟန်းသံဃာများနှင့်အခြားဘာသာဝင် များကလည်း နိုင်ငံ့အရေးအရာကိစ္စများတွင်ချယ်လှယ်ပါဝင်ခြင်း၊ မိသားစုချင်း၊ဒေသ/လူမျိုး ချင်း မုန်းတီး ရေးဝါဒဖြန့်လုပ်ငန်းများ ရပ်တန်းကရန်ကြရန်လိုပေပြီ။နူးညံ့သိမ်မွေ့သော ဗုဒ္ဓအယူဝါဒထွန်း ကားရာမြန်မာနိုင်ငံမှဗုဒ္ဓဘာအစွန်းရောက်တယူသန်များပေါ်ထွက်လာသည်ဆိုသောအဖြစမျိုးကိုတားဆီးရမည့်အချိန်ရောက်ပေပြီ။ ကမ္ဘာ့မိသားစုဝင်များအဖြစ်နိုင်ငံတကာလှည့်လည် သွားလာနေကြချိန်တွင်၊ ကိုယ့်နိုင်ငံတံခါးကိုပိတ်လျက်ခေတ်နောက်ပြန်ဆွဲသောအဖြစ်ကို ခေတ်မြန်မာလူငယ်တို့ရွံရှာနေကြပေပြီ။
အချုပ်ဆိုရသော် အနိုင်ရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ကြီးနှင့်ယင်း၏လောင်းရိပ်အောက်မှ အနိုင်ရကြကုန်သော တိုင်းရင်းသားပါတီများမှအနိုင်ရအမတ်လောင်းများ၏ “ဟန်းနီးမွန်း” ကာလသည်တိုတောင်းယုံမကရှိချင်မှပင်ရှိတော့မည်ဖြစ်သည်။ မိမိတို့တာဝန်ယူရန်အခွင့် အလမ်းသည်ရလာသည်နှင်တစ်ပြိုင်နက်မြောက်မြားလှစွာသောစိမ်ခေါ်မှုကြီးငယ်တို့သည်၊ အလုံးအရင်းနှင့်ဝင်ရောက်မည်မှာမလဲမသွေ။ ထိုနည်းတူအာဏာရအစိုးရမှရာထူးလွှဲပြောင်း အပြီး၊ အနားယူကြချိန်တွင်အထွက်ကောင်းလှကြဘို့၊ သိက္ခာရှိသောနမူနာကောင်းကိုကမ္ဘာ ကိုပြရန်အထူးလိုပြီဟု၍သာ။ ။

No comments:

Post a Comment